← Chapters

ကလဲ့စားချေပြီးပြီ

Vol. 24 Ch. 232

ကလဲ့စားချေပြီးပြီ

Vol. 24 Ch. 232

(၁၁) မနက် ၄နာရီ ၃၅မိနစ်။ လီချင်းရန်သည် စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်ဖြည့်ရန် လျှပ်စီးပိုက် ရတနာကို အသုံးပြုခဲ့ပြီး ကျန်းဟန်ရှောင်နှင့် ရှောင်ယိဖုန်းတို့ကို သတ်လိုက်သည်။

“ကောင်းတယ်။ အသေသတ်လိုက်တာ မှန်တယ်...”

ချန်ဟွိုက်အန်က ယန်ဝိညာဉ်ကြေးမုံမှတစ်ဆင့် အဖြစ်အပျက်များကို ကြည့်ရှုရင်း မှတ်တမ်းကို ဖတ်ကာ ခေါင်းကို တရစပ် ညိတ်နေမိသည်။

ထိုကိရိယာနှစ်ခု ရှိနေသည်က တကယ့်ကို အဆင်ပြေလှ၏။ အထူးသဖြင့် ဝိညာဉ်ကြေးမုံကြောင့် အရာအားလုံးကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်သည်။ အလုပ်ရှုပ်နေချိန် သူ့တပည့်လေး ဘာတွေလုပ်နေမလဲဆိုပြီး စိုးရိမ်နေစရာ မလိုတော့။

ချင်းယွန်ဂိုဏ်းက ထိုတိရစ္ဆာန်လေးကောင်မှာ သူ၏ အသတ်ခံရမည့် စာရင်းထဲ ရှိနေသည်မှာ ကြာလှပြီ ဖြစ်သည်။

ထိုစဉ်က သူ အင်အားမရှိသေးသလို ချင်းယွန်ဂိုဏ်းအတွင်းရှိ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ အမြောက်အမြားနှင့် ဝိညာဉ်ဖြစ်တည်မှုအဆင့် အကြီးအကဲ တစ်ဦးကိုပါ ထည့်တွက်ခဲ့ရသည်။ ထို့ကြောင့် သူက သဘောထားကြီးဟန် ဆောင်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခုတွင် လီချင်းရန်က သူကိုယ်တိုင် ကလဲ့စားချေနိုင်ခဲ့ပြီဖြစ်ရာ ချန်ဟွိုက်အန်၏ ရင်ထဲမှ ဆူးတစ်ချောင်းကို နှုတ်ပစ်လိုက်သလို ခံစားရသည်။ ၎င်းက သူ၏ ကျင့်ကြံမှုကို အထောက်အကူပြုစေမည်ဖြစ်ပြီး စိတ်နှလုံးမှာလည်း အာဃာတများ ကင်းစင်ကာ ငြိမ်းချမ်း၍ သွားပေလိမ့်မည်။

ကောင်းတယ်။ သိပ်ကို ကောင်းတယ်။ ဒါက မင်္ဂလာရှိတဲ့ အချက်ပဲ...

(၁၂) မနက် ၄နာရီ ၃၆မိနစ်။ ဆရာ့အကြောင်းကို နှစ်ကြိမ် တွေးမိသည်။ ဆရာ့ထံမှ ချစ်ခြင်း မေတ္တာကို ခံစားလိုက်ရသည်။ နှစ်သက်မှု +၅။ လက်ရှိ နှစ်သက်မှုအဆင့် ♡၄၇။

ချန်ဟွိုက်အန် - “အမ်...”

နေပါဦး။ ငါ ဘာမှတောင် မလုပ်ရသေးဘူးလေ...

သူက ဘယ်လိုဖြစ်ပြီးတော့ ငါ့ဆီက အချစ်တွေကို ရုတ်တရက် ခံစားမိသွားတာလဲ။

ဒီကောင်မလေး တစ်နေ့ကုန် ဘာတွေ လျှောက်စိတ်ကူးယဉ်နေတာပါလိမ့်...

(၁၃) မနက် ၄နာရီ ၃၇မိနစ်။ မုပိုင်ရွှမ်၏ ကိုယ်ပွား ဝင်ရောက်ပူးကပ်ခြင်း ခံထားရသော လုချန်ထျန်းနှင့် ဆုံတွေ့ခဲ့သည်။ လုချန်ထျန်းက ယွင်ကျိမိုကို စွမ်းအင်သန့်စင် ဝါးမျိုနေသည်ကို မြင်တွေ့ခဲ့ရပြီး ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ ဆရာ့အကြောင်းကို တွေးမိသည်။

...

“သြော်...”

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်၏။

မုပိုင်ရွှမ်လား... အဲဒါ ဘယ်သူပါလိမ့်။

အိုး။ ဟုတ်သားပဲ...

ချင်းယွန်ဂိုဏ်းထဲမှာ ပုန်းအောင်းနေတဲ့ အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူပဲ...

မူလက သူ့ကို ချင်းယွန်ဂိုဏ်းတွင် ပြဿနာရှာရန် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လီချင်းရန်ကို ခေါ်ထုတ်လာပြီးနောက် ချင်းယွန်ဂိုဏ်းနှင့် ထပ်မံပတ်သက်စရာ မရှိတော့သဖြင့် တဖြည်းဖြည်း မေ့လျော့နေခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ အခုတော့ မုပိုင်ရွှမ်က ထပ်ပြီး ဝင်နှောင့်ယှက်နေပြန်ပြီလား...

“ကိုယ်ပွား ဟုတ်လား... ငါ့မှတ်မိသလောက် မုပိုင်ရွှမ်က လျို့ဝှက်နယ်မြေထဲ ဝင်မသွားခဲ့ပါဘူး။”

ချန်ဟွိုက်အန်က ချင်းယွန်ဂိုဏ်းရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူတို့၏ ဘိုးဘေး ရုံချင်းယွန်က သူ၏ အကြည့်ကို အာရုံခံမိပုံရပြီး ချက်ချင်းပင် လှည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

ချန်ဟွိုက်အန်က ရင်ထဲမှ မနှစ်မြို့မှုကို အောင့်ထားရင်း အသံလှိုင်းဖြင့် လှမ်းမေးလိုက်သည်။

“တာအိုမိတ်ဆွေ ရုံချင်းယွန်။ မင်းတို့ဂိုဏ်းမှာ မုပိုင်ရွှမ်ဆိုတဲ့ တပည့်တစ်ယောက် ရှိလား။ သူ အခု ဘယ်မှာလဲ။”

“မုပိုင်ရွှမ်...”

ရုံချင်းယွန်၏ စိတ်ထဲတွင် နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတပည့်လေး၏ ပုံရိပ် ပေါ်လာသည်။

သူ၏မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့၏။

ချန်ဟွိုက်အန်က မိမိ၏ တပည့်အကြောင်း မည်သည်ကြောင့် မေးရကြောင်းကို ပြန်မေး ချင်သော်လည်း စစ်မေးပိုင်ခွင့်မရှိမှန်း သူ သတိရသွားသည်။

သူက စိတ်တိုမှုကို မျိုသိပ်ရင်း ပြန်ဖြေလိုက်သည်။ “တာအိုမိတ်ဆွေချန်။ ခဏစောင့်ပါဦး။ ကျွန်မ စုံစမ်းကြည့်လိုက်ပါ့မယ်။”

ပြောပြီးသည်နှင့် သူက ချီရှောင်းတောင်ထွတ်ထွတ်ဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။

“ချင်းရွှမ်း။ အမြီးကို မပြီး ဒီကို ချက်ချင်းလာခဲ့စမ်း...”

...

ချင်းရွှမ်းကို စစ်မေးပြီးနောက် ချန်ဟွိုက်အန် အဖြေရသွားသည်။

မုပိုင်ရွှမ်သည် လျို့ဝှက်နယ်မြေထဲသို့ အမှန်တကယ် ဝင်မသွားခဲ့ပေ။

သူ ဘယ်ရောက်နေကြောင်းကိုတော့ ဘယ်သူမှ မသိကြပေ။ ချင်းရွှမ်း ပြောပြသည်မှာ သူသည် မကြာသေးမီက ကျင့်ကြံခြင်းကို စိတ်ကုန်နေရာ လူသားမြို့တစ်မြို့သို့ အနားယူရန် သွားကောင်း သွားနိုင်သည်ဟု ဆိုသည်။

ချန်ဟွိုက်အန်မှာ ဆွံ့အသွားရသည်။

ဒီချင်းရွှမ်းကတော့ တကယ့် လူထူးလူဆန်းပဲ။ ကိုယ့်တပည့် ဘယ်ရောက်နေမှန်းတောင် မသိတဲ့ ဆရာ။ လုံးဝကို အရည်အချင်းမရှိတဲ့သူပဲ။

မုပိုင်ရွှမ်မှာ အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဖြစ်နေသဖြင့် လျို့ဝှက်နယ်မြေ၏ အပြင်ဘက်မှနေ၍ လုချန်ထျန်းကို တစ်နည်းနည်းဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။

အဲဒီလိုဆိုရင်တော့...

“ကောင်းကင်နက္ခတ်တွက်ချက်ခြင်း... ငါ့အတွက် မုပိုင်ရွှမ်ရဲ့ ခန္ဓာအစစ်ကို ရှာပေးစမ်း...”

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း စတင်နေပါသည်... ]

ချင်းယွန်ဘုံ၏ လေထုမှာ ပြောင်းလဲသွားသော်လည်း ယခုတစ်ကြိမ်တွင် ရွှေရောင်မျက်လုံးကြီး ပေါ်မလာခဲ့ပေ။

ပစ်မှတ်၏ အစွမ်းနှင့် နောက်ခံမှာ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း၏ စွမ်းအားအပြည့်ကို သုံးရန် မလိုအပ်ဟု ထင်ရသည်။

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ။ ပစ်မှတ်၏ တည်နေရာကို မြေပုံပေါ်တွင် မှတ်သားပေးထားပါသည်... ]

ချန်ဟွိုက်အန်က မြေပုံကို ကြည့်လိုက်သည်။

သူက ကျောင်းဆောင်၏ ကြမ်းပြင်ကို ညာခြေဖြင့် အားပြုကာ ကောင်းကင်ယံသို့ မြှားတစ်စင်း အလား ပျံတက်သွားတော့သည်။

...

“လီချင်းရန်။ နင့်ရဲ့ဆရာက အစွမ်းထက်သလို နင်လည်း အစွမ်းထက်သားပဲ။”

“နင့်ဆရာက မိစ္ဆာအရှင်သခင်ကို အလွယ်တကူ သတ်နိုင်လောက်အောင် အင်အားကြီးခဲ့တယ်။ ဒါပေမဲ့ အခုတော့...”

မုပိုင်ရွှမ်သည် ယွင်ကျိမို၏ဓားကို ကောက်ကိုင်ကာ လီချင်းရန်ထံသို့ ချိန်ရွယ်လိုက်သည်။

“ငါက ရွှေရောင်အနှစ်သာရ နှောင်းပိုင်းအဆင့်မှာ ရှိနေတာ။ နင်ကတော့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ နင့်မှာ စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်ဖြည့်ပေးတဲ့ ရတနာ ရှိနေရင်ကော ဘာဖြစ်လဲ။ ငါ နင့်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ရင် နင် ပြန်ဖြည့်ဖို့တောင် အချိန်ရမှာ မဟုတ်ဘူး...”

“ဒါဆို ချီရှောင်းတောင်ထွတ်ရဲ့ ပုပ်သိုးမှုတွေအားလုံးက နင့်ရဲ့ လက်ချက်ပေါ့။”

လီချင်းရန်သည် မုပိုင်ရွှမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ အရင်ကတည်းက သံသယရှိခဲ့သော်လည်း ခိုင်လုံသော အထောက်အထား မရှိခဲ့ပေ။

မုပိုင်ရွှမ်မှာ လှည့်ဖြားခြင်းတွင် ဆရာကျလှပြီး သူ၏ စီနီယာအစ်ကို လေးဦးစလုံး၏ စိတ်နေ စိတ်ထားများ ရုတ်တရက် ပြောင်းလဲသွားမှုများကြောင့် သူ စုံစမ်းရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူ၏ဆရာက သူ့ကို ချီရှောင်းတောင်ထွတ်၏ အညစ်အကြေးများကြားမှ ခေါ်ထုတ်သွားခဲ့သည်။

ထိုလေးယောက် မည်သည်ကြောင့် ထိုသို့ ဖြစ်သွားသလဲဆိုတာကို သူ ဂရုမစိုက်တော့ပေ။

ရွှေရောင်အနှစ်သာရ နှောင်းပိုင်းအဆင့် ရန်သူကို ရင်ဆိုင်ရသည်မှာ ခက်ခဲမည်ဖြစ်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သူကို အနိုင်ယူရန် မလိုအပ်ပေ။ လျို့ဝှက်နယ်မြေထွက်ပေါက် ပွင့်လာသည်အထိ အချိန်ဆွဲ ထားနိုင်လျှင် ရလေပြီ။

သူ၏ဆရာ ရောက်လာသည်နှင့် သူ ဘေးကင်းသွားမည် ဖြစ်သည်။

မုပိုင်ရွှမ်မှာ သူ၏စွပ်စွဲချက်ကို ဝန်လည်းမခံသလို ငြင်းလည်းမငြင်းပေ။

“စကားတွေ အများကြီး ပြောမနေနဲ့။ သေဖို့သာ ပြင်ထားတော့...”

သူက လီချင်းရန်ကို မည်သို့သတ်မည်ဟု စီစဉ်ပြီးသားဖြစ်သည်။

လီချင်းရန်၏ ဓားသိုင်းမှာ ခန့်မှန်းရခက်ပြီး လျင်မြန်လှသည်။

ထို့ကြောင့် သူ့ကို မိစ္ဆာလှောင်အိမ်ဖြင့် ပိတ်လှောင်ကာ လှည့်စားမှု ပုံရိပ်ယောင်များဖြင့် အာရုံလွှဲမည်။ ထို့နောက် မိစ္ဆာခြေလှမ်းကို သုံး၍ နောက်ကျောဘက် ရုတ်တရက် ရောက်သွားကာ နှလုံးသားကို တစ်ချက်တည်းနှင့် ထိုးဖောက်မည်။

သွေးများ ပန်းထွက်လာမည့်ပုံကို သူ မြင်ယောင်နေမိလေပြီ...

ဇွတ်...

မုပိုင်ရွှမ်၏ မျက်ဆံများ ကျုံ့သွား၏။

သူ၏နှုတ်ခမ်းထောင့်မှ သွေးစအနလေးတစ်ခု စီးကျလာသည်။

စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်ရာ ဓားတစ်လက်၏ ပုံရိပ်ယောင်မှာ ရင်ဘတ်ကို ထိုးဖောက်သွားသည်ကို တွေ့လိုက်ရသည်။

ဓားအရှိန်အဝါ၏ အေးစက်သော ခံစားချက်မှာ သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ဝိညာဉ်ကိုပင် အေးခဲသွားစေသည်။

မုပိုင်ရွှမ် မှင်တက်သွား၏။

တစ်ယောက်ယောက် နောက်ကနေ ချောင်းမြောင်း တိုက်ခိုက်လိုက်တာလား။

မဟုတ်ဘူး။

ဒါ မဖြစ်နိုင်ဘူး။

သူက ကိုယ်ပွား တစ်ခုသာ ဖြစ်ပြီး လုချန်ထျန်း၏ ခန္ဓာကိုယ်ကို မိစ္ဆာအတတ်ဖြင့် ဝင်ရောက် ပူးကပ်ထားခြင်း ဖြစ်သည်။

နာကျင်မှုအားလုံးမှာ လုချန်ထျန်းဆီသို့သာ ရောက်ရပေမည်။

၎င်းမှာ ကောင်းကင်မိစ္ဆာကျင့်စဉ်၏ စွမ်းအားပင်။ လုချန်ထျန်း သေသွားလျှင်ပင် သူ၏ ကိုယ်ပွား အစစ်မှာ မည်သည်မျှ ထိခိုက်မည် မဟုတ်ပေ။

ဒါဆိုရင်...

ဒီနာကျင်မှုက... လျို့ဝှက်နယ်မြေရဲ့ အပြင်ဘက်ကနေ လာနေတာပဲ။

ခန္ဓာအစစ် တိုက်ခိုက်ခံလိုက်ရပြီ...

သူ၏ကိုယ်ပွား ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ပျက်စီးနေသော ခန္ဓာကိုယ်အတွင်းမှ ဖိနှိပ်ခံထားရသော အသိစိတ်တစ်ခု နိုးထလာ၏။

လုချန်ထျန်း၏ဒူးနှစ်ဖက်မှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားသည်။

လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားသော်လည်း သွေးများ စီးကျလာခြင်းကို မတားဆီးနိုင်ပေ။

ဓားအသိများက ဒဏ်ရာအတွင်း၌ သောင်းကျန်းနေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများ၊ အကြောများနှင့် ဒန်တျန်တို့ကို အမှုန့်ချေနေတော့သည်။

သူ၏ နားထဲတွင် သာယာသော ကလင်ကလင်သံလေးတစ်ခု ပဲ့တင်ထပ်နေသည်။

သူ အားနည်းစွာ ခေါင်းမော့ကြည့်လိုက်၏။

လီချင်းရန်မှာ မြက်ခင်းပေါ်တွင် အဖြူရောင်စကတ်လေး လွင့်နေလျက် ခြေကျင်းဝတ်မှ ငွေရောင်ခေါင်းလောင်းလေးများ လှုပ်ခါနေရင်း တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။

သူ၏ အကြည့်များက လီချင်းရန်ကို လိုက်ကြည့်နေမိသည်။

ထိုလှပသော မျက်နှာလေး...

“ကယ်...ကယ်ပါဦး။ ငါ... ငါ တောင်းပန်ပါတယ်... အဟွတ်... ဟွတ်...”

သို့သော် မိန်းကလေးမှာမူ သူ့ဘေးမှ ဖြတ်ကျော်သွားရုံသာ ရှိတော့သည်။ သူ ချန်ထားခဲ့သည်မှာ မွှေးပျံ့သော ရနံ့လေးတစ်ခုမျှသာ။

“ဆရာ...”

လီချင်းရန်၏ ပျော်ရွှင်သောအသံကို သူ နောက်မှ ကြားလိုက်ရသည်။

တစ်ချိန်က လီချင်းရန်သည် သူ့ကိုလည်း ထိုကဲ့သို့ ပျော်ရွှင်သောအသံဖြင့် စီနီယာအစ်ကိုဟု ခေါ်ခဲ့ဖူးသည် မဟုတ်ပါလား။

သူ ထိုနေရာမှာပင် ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။

ထို့နောက် သူ့မျက်လုံးထဲမှ နောက်ဆုံး အလင်းစက်လေးမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ကွယ်ပျောက်သွားတော့သည်။

သူ၏ ဝိညာဉ်မှာလည်း ဓားအသိကြောင့် ကြေမွသွားခဲ့ပြီ ဖြစ်သည်။

လုချန်ထျန်း၏ နောက်ကွယ်တွင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အကြေးခွံနက်များပါသော ဓားကို ကိုင်ဆောင်ထားသည့် ဓားသမား ပုံရိပ်ယောင်တစ်ခု ရှိနေသည်။

သူက ဓားကို ဖြည်းဖြည်းချင်း ပြန်သွင်းလိုက်သည်။

လီချင်းရန် ထိုပုံရိပ်ကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ သူ၏ ဆရာပင်။

သို့သော် ထိုပုံရိပ်ယောင်မှာ သူ၏ခေါ်သံကို ပြန်မထူးပေ။

လုချန်ထျန်း၏ ထူးဆန်းသော အပြုအမူနှင့် မုပိုင်ရွှမ်၏ ရုတ်တရက် ပြိုလဲသွားမှုတို့ကို ပြန်လည် စဉ်းစားကြည့်ရင်း သူ အခြေအနေကို ချက်ချင်း နားလည်သွားသည်။

သူ၏ဆရာက မုပိုင်ရွှမ်၏ ကိုယ်ပွားအစစ်ကို ရှာတွေ့သွားခဲ့ခြင်း ဖြစ်ရပေမည်။

မဟုတ်လျှင် မုပိုင်ရွှမ်က လုချန်ထျန်း၏ ခန္ဓာကိုယ်ကို ထိုမျှမြန်မြန် စွန့်ခွာသွားမည် မဟုတ်ပေ။

“ဆရာက ငါ့ကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ...”

လီချင်းရန်က ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရင်ထဲတွင် နွေးထွေးမှုများ ဖြစ်ပေါ်လာသည်။

“အား... သေစမ်း။ နာလိုက်တာ..”

အနီးအနားရှိ မြက်ပင်များကြားမှ သနားစရာကောင်းသော ညည်းညူသံလေး ထွက်ပေါ်လာ၏။

လီချင်းရန် အသိပြန်ဝင်လာသည်။

“အာ... သွားပြီ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးကို ငါ မေ့နေတာပဲ...”

သူ၏ နဖူးကို ရိုက်ရင်း မြက်ပင်များကြားတွင် အလျင်အမြန် ရှာဖွေလိုက်သည်။

ရှုပ်ထွေးလှသော တိုက်ပွဲအတွင်းမှာ သူက ထိုမိန်းကလေးကို အလျင်အမြန် ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။

သူ မတော်တဆ ထိခိုက်ဒဏ်ရာ မရစေရန်အတွက် အဝေးကြီးကို ပစ်လိုက်မိခြင်းပင်။

...

All Chapters