← Chapters

လျို့ဝှက်နယ်မြေ ပွင့်ပြီ

Vol. 24 Ch. 233

လျို့ဝှက်နယ်မြေ ပွင့်ပြီ

Vol. 24 Ch. 233

တောင်တန်းတစ်သောင်း၏ နက်ရှိုင်းရာအရပ်၊ မိစ္ဆာအခင်းအကျင်းပျက်များ၏ အနီးတွင်...

သွေးအိုင်ထဲ၌ ဒူးထောက်နေသော မုပိုင်ရွှမ်မှာ အသက်ကို လုရှူနေရပြီး ချန်ဟွိုက်အန်ကမူ ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။

“အဟွတ်... ဟွတ်... ဓားကျောင်းတော် ဘိုးဘေးလား။ ရှင် ကျွန်မကို ဘယ်လိုရှာတွေ့တာလဲ...”

သူက သူ၏ တည်ရှိမှုကို ဖုံးကွယ်ရန် အကာအကွယ် အခင်းအကျင်း ငါးထပ်အထိ ပြင်ဆင်ထားပြီး အစွမ်းကုန် သတိထားခဲ့သည်။ သို့သော် ယခုအခါ ထိုအခင်းအကျင်းများမှာ ကြေမွပျက်စီးနေပြီး ၎င်းတို့၏ ဗဟိုချက်များတွင် ဓားအသိအကြွင်းအကျန်များမှာ ပျံ့လွင့်နေဆဲ ဖြစ်၏။

“မင်းကို ရှာတာလား။ ဘာမှ မခက်ခဲပါဘူး။ နည်းနည်း တွက်ချက်ကြည့်လိုက်ရုံပါပဲ။ မင်းကိုယ်မင်း ဟိုအဘွားကြီး လင်းဖူလို့ ထင်နေတာလား။”

မုပိုင်ရွှမ်၏ မျက်ဆံများမှာ သိသိသာသာ ကျုံ့သွားပြီး ချန်ဟွိုက်အန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ “လင်းဖူ... ရှင် လင်းဖူကို သတ်လိုက်တာလား။”

“အမှန်ပဲ...” ချန်ဟွိုက်အန် ခေါင်းညိတ်ပြလိုက်သည်။ “ခွေးအိုကြီးတစ်ကောင်ကို သတ်ရတာ... လွယ်လွယ်လေးပါ။”

မုပိုင်ရွှမ်မှာ ခဏမျှ မှင်တက်သွား၏။ လင်းဖူ သေဆုံးသွားပြီဖြစ်ကြောင်း သူ သိထားသည်။

တောင်တန်းတစ်သောင်း၏ နက်ရှိုင်းရာ အရပ်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ သူ၏ အားနည်းလှသော ကျင့်ကြံမှုအဆင့်ဖြင့် ထိုနေရာအနားသို့ မချဉ်းကပ်ရဲခဲ့ပေ။ တိုက်ပွဲအပြီးတွင် လင်းဖူ၏ အငွေ့အသက်များ လုံးဝကွယ်ပျောက်သွားခဲ့ကြောင်းသာ သူ သိရှိခဲ့၏။

ထိုစဉ်က လောကအတွင်း ဓားအသိအစအနလေးများ ကျန်ရစ်ခဲ့သဖြင့် လင်းဖူသည် ကျန့်ဝူ မြင့်မြတ်နယ်မြေမှ ဓားပညာရှင်ကြီး တစ်ဦး၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်မည်ဟု သူ ယူဆခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူ အမှန်တရားကို သူ သိလိုက်ရလေပြီ။

ချန်ဟွိုက်အန်တွင် မည်မျှအထိ မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိနေသနည်း။

သူ ထုတ်ဖော်ပြသနေသော အရှိန်အဝါမှာ အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်မျှသာ ရှိသေးသော်လည်း...

သူက မြေခွေးအိုကြီးတစ်ကောင်လို သူ၏ စွမ်းအားအစစ်အမှန်ကို တမင်ဖုံးကွယ်ထားခြင်းပင်။

အခင်းအကျင်းများက သူ့ကို မတားဆီးနိုင်ဘဲ တစ်ချက်တည်းနှင့် အပိုင်းပိုင်း ပြတ်သွားသည်မှာ မဆန်းတော့ပေ။ သူ့ကို အနည်းငယ်မျှ ခုခံနိုင်စွမ်းမရှိသည်မှာလည်း မဆန်းတော့ပေ။

လျို့ဝှက်နယ်မြေပွင့်ချိန် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို အခွင့်ကောင်းယူကာ သူ ချောင်းမြောင်း တိုက်ခိုက်ရန် ကြံစည်ခဲ့မိသည်ကို ပြန်တွေးမိလိုက်မိသည်။

“နောက်ဆုံး ပြောချင်တာ ရှိလား။” ချန်ဟွိုက်အန်က အသက်ဓာတ် တဖြည်းဖြည်း ကုန်ခမ်း နေသော မုပိုင်ရွှမ်ကို ကြည့်ကာ မေးလိုက်သည်။

သူ၏ ခုနက တိုက်ကွက်မှာ သူ၏ နှလုံးသွေးကြောများကို ထိုးဖောက်သွားခဲ့ပြီး ဓားအသိများက အကြောများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုလုံးကို အစိမ်းလိုက် ဝါးမျို၍ ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။

အပြင်ပန်းတွင် ဓားဒဏ်ရာ တစ်ချက်သာ ရှိသော်လည်း အတွင်း၌မူ သူ၏ ခန္ဓာကိုယ်မှာ အမှုန့်ဖြစ်နေလေပြီ။

ထိုတိုက်ကွက်မှာ ကြာစိမ်းဓားသိုင်းကျမ်း၏ ဒဿမမြောက် ပုံစံဖြစ်သော “ထျန်ရှန်းတောင်မှ လမင်း” ပင်။

ယနေ့ခေတ် အတွေးအခေါ်နှင့် ပြောရလျှင် ၎င်းမှာ ပြောင်းဖူးပေါက်ပေါက် ဖောက်သလိုမျိုး တစ်ကိုယ်လုံးကို အတွင်းကနေ ပေါက်ကွဲစေခြင်းပင်။

“ဓားကျောင်းတော် ဘိုးဘေးလား။ အဟက်... သိပ်ပြီး ဘဝင်မမြင့်ပါနဲ့ဦး။” မုပိုင်ရွှမ်က သွေးများ အန်ထုတ်လိုက်ပြီး သွေးစွန်းနေသော လက်ချောင်းများဖြင့် မြေကြီးကို ကုပ်ခြစ်နေသည်။ သူ၏ စကားလုံးတိုင်းမှာ အေးစက်သော အငွေ့အသက်များ ပါဝင်နေ၏။ “ရှင် ဘယ်လောက်ပဲ အနှိုင်းမဲ့တဲ့ စွမ်းအားရှိနေပါစေ... ဘာဖြစ်လဲ။”

“သူတို့ရဲ့ မျက်လုံးထဲမှာတော့... ရှင်က... နောက်ထပ်... နယ်ရုပ်... တစ်ရုပ်ပဲ။”

နောက်ဆုံးစကားလုံးမှာ သူ၏ အလင်းမှိန်သွားသော မျက်ဆံများထဲ၌ပင် အေးခဲသွားတော့သည်။

သူက သွေးအိုင်ထဲသို့ ရှေ့သို့ မှောက်လျက် လဲကျသွား၏။ မိစ္ဆာသခင်လေး၏ ပျက်စီးနေသော ကျောက်စာတိုင်ဆီသို့ လက်လှမ်းနေသော်လည်း နောက်ဆုံးတွင်တော့ သူ မမီလိုက်ပေ။

“နယ်ရုပ်တစ်ရုပ် ဟုတ်လား။” ချန်ဟွိုက်အန်က မုပိုင်ရွှမ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။

ကျင့်ကြံခြင်းလောက၌ သက်ရှိအားလုံးကို နယ်ရုပ်များအဖြစ် သဘောထားခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်။

သို့သော် နယ်ရုပ်လေး တစ်ရုပ်ကပင် စစ်တုရင်ကွက်ထဲမှ လွတ်မြောက်နိုင်သည်။ သို့မဟုတ် စစ်တုရင်တစ်ခုလုံးကို မှောက်လှန်ပစ်နိုင်သည် မဟုတ်ပါလား။

“ငါ့ကို နယ်ရုပ်အဖြစ် သုံးရဲတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့။” ချန်ဟွိုက်အန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရာ ဓားအရှိန်အဝါ တစ်ချက်က ပတ်ဝန်းကျင်မှ အပျက်အစီးများကို အမှုန့်ချေပစ်လိုက်သည်။ ထို့နောက် သူက ဓားပျံစီးကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။ သူ၏ နောက်တွင် ကျောက်တုံးကြီးများ ပြိုကျလာပြီး မုပိုင်ရွှမ်နှင့် မိစ္ဆာသခင်လေးတို့အတွက် အုတ်ဂူတစ်ခု ဖြစ်သွားတော့သည်။

[ မိစ္ဆာကျင့်စဉ် အပိုင်းအစ တစ်ခု၊ သေဆုံးနေသော ဝိညာဉ်ဝါးမျိုပိုး အပွားတစ်ကောင် ရရှိ ]

ရှန့်ရွှမ်းပေါ်တွင် ထိုင်ရင်း ချန်ဟွိုက်အန် စောင့်ဆိုင်းနေလေသည်။ နောက် ၁၅မိနစ်ဆိုလျှင် အရန်လျို့ဝှက်နယ်မြေ၏ ထွက်ပေါက် ပွင့်ပေတော့မည်။

(၁၅) မနက် ၅နာရီ ၄၅မိနစ်။ လီချင်းရန်သည် ဓားကျောင်းတော် အဓိကအဖွဲ့နှင့် ပြန်လည် ပူးပေါင်းလိုက်ပြီး လျို့ဝှက်နယ်မြေထွက်ပေါက်ဆီသို့ ဦးတည်နေသည်။

အဖွဲ့ထဲမှ ထွက်ခွာရန် အကြောင်းပြချက်တစ်ခု ရှာတွေ့ခဲ့ပြီး ယခုအခါ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးနှင့်အတူ လျို့ဝှက်နယ်မြေအနီးတွင် စောင့်ဆိုင်းနေသည်။

ဆရာ့အကြောင်းကို တွေးနေသည်။

...

“မဆိုးဘူး။ ဓားကျောင်းတော်ကို ပြဿနာမပတ်အောင် ဘယ်လိုလုပ်ရမလဲ သူ သိသားပဲ။”

ချန်ဟွိုက်အန်က မှတ်တမ်းကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လျို့ဝှက်နယ်မြေ ပွင့်လာလျှင် ကျင့်ကြံသူ အမြောက်အမြား ထွက်လာလိမ့်မည်။ လီချင်းရန်သာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ဦးနှင့်အတူ လျို့ဝှက်နယ်မြေမှ ထွက်လာခဲ့လျှင် မလိုလားအပ်သော အာရုံစိုက်မှုများကို ရရှိပေလိမ့်မည်။ သူ့ကို တခြားတစ်နေရာသို့ ပို့ဆောင်ရန် ခွဲထွက်သွားခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင်။

အကယ်၍ သူ တကယ် မဖြေရှင်းနိုင်တော့လျှင် သူ၏ဆရာ ချန်ဟွိုက်အန်ဆီတွင် အကူအညီ တောင်းရန်က အမြဲပင် ရွေးချယ်စရာတစ်ခု မဟုတ်ပါလား။

ဒါပေမဲ့ လီချင်းရန်က ဘာလို့ ငါ့ကို အကူအညီ မတောင်းတာလဲ။

ငါ့ကို မယုံလို့လား။

ဆရာနဲ့တပည့်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် သံသယဝင်နေတာက အဆိုးဆုံးပဲ။

ချန်ဟွိုက်အန်က ရရှိထားသော သေဆုံးနေသည့်ပိုးကောင်ကို ထုတ်ယူကာ အာရုံပြောင်း လိုက်သည်။

[ ဝိညာဉ်ဝါးမျိုပိုး - အပွား - ပင်မပိုးကောင်ကို ပိုင်ဆိုင်သူက ပိုးကောင်အပွား ရှိနေသူကို လုံးဝ ထိန်းချုပ်နိုင်သည်။ အကယ်၍ ပင်မပိုးကောင် သေဆုံးပါက ပိုးကောင်အပွားမှာ တစ်ပတ်သာ အသက်ရှင်နိုင်သည်။ အကယ်၍ ပိုးကောင်အပွား သေဆုံးပါက လက်ခံဆောင်ရွက်သူလည်း သေဆုံးမည် ]

“တောက်... မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကတော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေပါပဲ။ ယုတ်မာတဲ့ လှည့်ကွက်တွေကလွဲရင် ဘာမှမရှိဘူး။”

ချန်ဟွိုက်အန် တောက်တစ်ချက်ခေါက်ကာ ခေါင်းခါလိုက်၏။

မုပိုင်ရွှမ်က မိစ္ဆာသခင်လေးအတွက် ကလဲ့စားချေရန် စိတ်စွဲလန်းနေခဲ့သော်လည်း သူက မိမိကို ကိရိယာတစ်ခုလိုသာ သဘောထားခဲ့သည်ကို တစ်ခါမှ မသိရှိခဲ့ပေ။

ဒါမှမဟုတ်... သိနေသော်လည်း သူ၏နယ်ရုပ်အဖြစ် စိတ်လိုလက်ရ ကစားပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

တကယ့်ကို အချစ်ရူးမလေးပဲ။

သနားစရာကောင်းလိုက်တာ။

အချစ်ရူး ဖြစ်တာက ဒုက္ခကလွဲပြီးတော့ ဘာမှမရဘူး။

တစ်ယောက်ယောက်ဆီက သင်ယူမယ်ဆိုရင် ဓားကျောင်းတော်သခင် စုချီနျန်ဆီကပဲ သင်ယူ။ အဲဒီလူက အချစ်ရူးမဟုတ်ဘူး။ တကယ့် စစ်သည်တော်ပဲ။

၁၅မိနစ်ဟူသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

ချန်ဟွိုက်အန်က ရှန့်ရွှမ်းပေါ် မျှော်လင့်တကြီးဖြင့် ကိုယ်ဟန်အနေအထားကို ပြင်လိုက်သည်။

ဝုန်း...

လျို့ဝှက်နယ်မြေ ထွက်ပေါက်မှ နက်ရှိုင်းသော ဟိန်းသံကြီး ထွက်ပေါ်လာပြီး ရောက်ရှိနေသော ဂိုဏ်းပေါင်းစုံနှင့် ကျင့်ကြံသူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။

လျို့ဝှက်နယ်မြေ ပွင့်လာသောအခါ ကျင့်ကြံသူများကို အပြင်သို့ ပို့ဆောင်ရန် တည်နေရာ ရွှေ့ပြောင်းခြင်း အခင်းအကျင်း အမြောက်အမြား အသက်ဝင်လာလိမ့်မည်။

သို့သော် တည်နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းများက ထွက်ပေါက် တစ်ခုတည်းမှာတင် ရှိသည်မဟုတ်ဘဲ နယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့နေခြင်း ဖြစ်သည်။ ထွက်ပေါက်တွင်မူ ပိုမို၍ သိပ်သည်းခြင်းမျှသာ ရှိသည်။

ရလဒ်အနေဖြင့် လျို့ဝှက်နယ်မြေပွင့်တိုင်း ရှားပါးရတနာများမှာလည်း မတော်တဆ အပြင်သို့ လွင့်ထွက်လာတတ်သည်။

၎င်းမှာ ကျင့်ကြံသူများ စောင့်မျှော်နေသော အချိန်ပင်။

နယ်မြေထဲ မဝင်ခဲ့ရရလျှင်ပင် အပြင်ကို လွင့်ထွက်လာသမျှကို သူတို့ ကောက်ယူနိုင်သေးသည် မဟုတ်ပါလား။

“ငါတို့ စီနီယာတွေ အပြင်ကို ထွက်လာတော့မယ်။ ဒီနှစ်တော့ ငါတို့တွေ အဆင်သင့် ပြင်ဆင်လာတယ်။ အရင်းအမြစ်တွေ အများကြီး ရမှာ သေချာတယ်...”

“ငါ့အစ်ကိုကြီးက ငါ့အတွက် အတားအဆီးဖောက်ဖျက်ဆေးလုံး ရှာပေးမယ်လို့ ကတိ ပေးထားတယ်။ အဲဒါရပြီဆိုရင် ငါ အခြေခံအုတ်မြစ်ကို နောက်ဆုံးတော့ တည်ဆောက်နိုင်ပြီ...”

ဂိုဏ်းတပည့်များစွာနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေကြသည်။

လျို့ဝှက်နယ်မြေ ထွက်ပေါက်မှ တတိယအကြိမ် ဟိန်းသံထွက်လာသောအခါ ကောင်းကင်ယံတွင် ကြီးမားလှသော အာကာသ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာပြီး လျှပ်စီးများ လက်လာသည်။ ယခင် နှစ်များထက် ပိုမိုကြီးမားသော လှုပ်ခတ်မှုပင်။

သို့သော် ယခင် အတွေ့အကြုံများအရ ကျင့်ကြံသူအချို့မှာ အခုလောက်ဆိုလျှင် စတင် ထွက်ပေါ် လာသင့်နေပြီ ဖြစ်သည်။

သို့သော် စက္ကန့်အနည်းငယ် ကြာသည်အထိ ဘာမှ ဖြစ်မလာပေ။

နောက်ဆုံးတွင်တော့....

အက်ကွဲကြောင်းကြီးထဲမှ ပျက်စီးနေသော အလောင်းတစ်လောင်းမှာ အရှိန်ဖြင့် ပြုတ်ကျလာပြီး ဂိုဏ်းတစ်ခု၏ ကွင်းပြင်ထဲ ဘုန်းခနဲ အသံနှင့်အတူ ကျရောက်သွားရာ သွေးများနှင့် အသားစများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။

အချက်ပြမီးတစ်ခုလိုပင် ပထမဆုံးအလောင်းနောက်သို့ မရေမတွက်နိုင်သော အလောင်းပေါင်း များစွာက တရစပ် ပြုတ်ကျလာတော့သည်။

အလောင်းများက တောအုပ်များ၊ ဂိုဏ်းဝင်းများ၊ မြင့်မြတ်နယ်မြေများထဲသို့ မုန့်လုံးရေပေါ်များ ပစ်ချသလို တဖွဲဖွဲ ကျဆင်းလာရာ မည်သူမှ မလွတ်မြောက်ခဲ့ပေ။

“ဘယ်...ဘယ်လိုဖြစ်လို့ အလောင်းတွေ ဒီလောက်တောင် များနေရတာလဲ...”

“ငါလည်း မသိဘူး။ အရင်ကလည်း အလောင်းတွေ ရှိဖူးပေမဲ့ ဒီလောက် မများခဲ့ဘူး...”

“ငါ့စီနီယာအစ်ကိုကို မြင်ရပြီ။ ဟိုမှာ သူ...”

ဂိုဏ်းတပည့်များက ကောင်းကင်သို့ ပျံကာ ကျဆင်းလာသော အလောင်းများကို သွားရောက် ဆယ်ယူကြသည်။

သူတို့၏ ကျဆုံးသွားသော ရဲဘော်ရဲဘက်များကို ပြန်လည်ရရှိသောအခါ ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းသွားတော့သည်။

အလောင်းတိုင်းမှာ ပုံပျက်ပန်းပျက် ပျက်စီးနေပြီး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ၏ လက်ချက်ဖြင့် အသတ်ခံထားရကြောင်း သိသာထင်ရှားနေသည်။

ချန်ဟွိုက်အန်ပင် ခဏမျှ မှင်တက်သွား၏။

သူက ယန်ဝိညာဉ်ကြေးမုံကို အလျင်အမြန် စစ်ဆေးလိုက်ရာ လီချင်းရန်က ဓားပျံကို စီးနင်းလျက် ပျံသန်းနေဆဲပင်။

သူ၏ အသက်ရှင်သန်နိုင်ခြေကိုလည်း ထပ်မံစစ်ဆေးကြည့်သည်။ ၁၀၀%ပင်။ ဘာပြဿနာမှ မရှိပေ။

ဖြစ်နိုင်ခြေရှိသော အမှားများကို ဖယ်ထုတ်ပြီးနောက် သူသည် တည်ငြိမ်စွာဖြင့် စောင့်ဆိုင်း နေလိုက်သည်။

မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သော ပထမဆုံး တပည့်အုပ်စုမှာ တည်နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းများမှ ထွက်ပေါ်လာသည်။

ချန်ဟွိုက်အန်က လူအုပ်ကို လှမ်းကြည့်လိုက်ရာ ဓားကျောင်းတော် တပည့်များကို ချက်ချင်း မြင်လိုက်ရသည်။

သူတို့၏ မျက်နှာများမှာ ဖြူဖျော့ကာ ထိတ်လန့်နေကြ၏။ သူတို့မှာ အိပ်မက်ဆိုးကြီး တစ်ခုမှ လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

ထို့နောက်တွင်တော့ သူ၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။

လေးယောက် ပျောက်ဆုံးနေ၏။

ကျန့်ဟယ်၊ တွမ်ဖုန်း၊ ရှုအန်နှင့် ယွဲ့ချန်ချီ။ သူတို့ တစ်ယောက်ကိုမှ မတွေ့ရပေ။

သူက ရှန့်ရွှမ်းကို ရှေ့သို့တိုးကာ ပြန်လာသော တပည့်များကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်...

ဖန်ကျင်းမြင့်မြတ်နယ်မြေဘက်မှ မိုးကြိုးထစ်ချုန်းသံကဲ့သို့ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။

“ဓားကျောင်းတော် တပည့်တွေ မိစ္ဆာဂိုဏ်း ကျင့်ကြံသူတွေကို လက်ခံထားတယ်။ သက်သေတွေ ခိုင်လုံနေပြီ။ ငါတို့ရဲ့ ဗုဒ္ဓသားတော် အသက်ကို ပြန်ပေးစမ်း...”

...

All Chapters