သုံးထောင်သော အတိဒုက္ခ၊ ဒီဓားထဲ ကိန်းအောင်းစေ
Vol. 24 Ch. 235
ဂိုဏ်းမှ ထွက်ခွာတော့မည်ဟူသော ချန်ဟွိုက်အန်၏ ကြေညာချက်ကို ကြားလိုက်ရပြီးနောက် ဓားကျောင်းတော် တပည့်များမှာ တုန်လှုပ်ခြောက်ခြားရာမှ နောက်ဆုံးတွင် သတိပြန်ဝင် လာကြသည်။
“ဘိုးဘေး။ ဒီလိုတော့ မလုပ်ပါနဲ့။ ဓားကျောင်းတော်မှာ ဘိုးဘေး မရှိလို့ မဖြစ်ပါဘူး...”
“ဘိုးဘေး။ ဒါ တစ်ခုခု မှားနေတာ ဖြစ်ရမယ်။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ ပြန်လာတဲ့အထိ စောင့်ပြီးမှ ဒါကို သေချာဆွေးနွေးကြရအောင်ပါ...”
ချန်ဟွိုက်အန်က ဓားကျောင်းတော် တည်ရှိရာဘက်သို့ ခပ်စောင်းစောင်း ကြည့်လိုက်သည်။ “ဒါဆို မင်းတို့ အားလုံးကလည်း ငါ့တပည့်ကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ လက်ခံထားတဲ့ အပြစ်သားလို့ ထင်နေကြတာလား။”
“မဟုတ်ပါဘူး ဘိုးဘေး။ ကျွန်တော်တို့ ဂျူနီယာညီမလေးကို ယုံကြည်ပါတယ်...”
“ဂျူနီယာညီမလေး ကျွန်တော်တို့အပေါ် ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ အားလုံး မြင်ဖူးတာပဲ။ ကျွန်တော် သူ့ကို ယုံပါတယ်။”
“မဟာမြင့်မြတ်နယ်မြေ သုံးခုက တကယ်ပဲ သံသယဖြစ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ စီနီယာအစ်ကို၊ အစ်မတွေဆီက အခုထိ သတင်းအစအနတောင် မရသေးဘူး။ သူတို့လည်း မြင့်မြတ်နယ်မြေတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတာ ဖြစ်နိုင်တယ်...”
စုရုံးနေသော ကျင့်ကြံသူအားလုံးထဲတွင် ဓားကျောင်းတော် တပည့်များသာ လီချင်းရန်၏ စကားကို ယုံကြည်နေကြဆဲပင်။
ဓားကျောင်းတော်က အခြားဂိုဏ်းများနှင့် အမြဲ ကွဲပြားနေခဲ့၏။ သူတို့က မြင့်မြတ်နယ်မြေများကို မျက်စိမှိတ် ကြည်ညိုနေသူများ မဟုတ်ကြပေ။
ရိုးရှင်းစွာပြောရလျှင် ဓားကျောင်းတော်က ဆင်းရဲကောင်း ဆင်းရဲလိမ့်မည်။ သို့သော် သူတို့၏ တပည့်များအတွက် ဆိုလျှင် အရာအားလုံးကို စတေးရန် အသင့်ရှိကြသည်။ ခေါင်းပုံဖြတ်ခြင်း မရှိ၊ အကွက်ဆင်ခြင်း မရှိကြပေ။ သူတို့တွင် တူညီသော ပန်းတိုင်တစ်ခုသာ ရှိကြလေသည်။ ၎င်းမှာ ဓားလမ်းစဉ်ပေါ်တွင် ပို၍ဝေးဝေး လျှောက်လှမ်းနိုင်ရန်ပင်။
ချန်ဟွိုက်အန်၏ အကြည့်များမှာ နူးညံ့သွား၏။ “ကောင်းပြီလေ။ ငါ မင်းတို့ကို အလဟဿ လေ့ကျင့်ပေးခဲ့တာ မဟုတ်ဘူးပဲ။ ဟိုကောင်လေး စုချီနျန်ကို ပြောလိုက်ပါ။”
“ငါ ဓားကျောင်းတော်ကို တကယ် မြတ်နိုးတယ်လို့။”
“မင်းတို့လိုတပည့်တွေ ရှိနေသရွေ့ ဓားကျောင်းတော်ဟာ ထာဝရ တည်တံ့နေလိမ့်မယ်။”
သူက အကြည့်ကို လွှဲလိုက်သည်။
ဓားကျောင်းတော်က အလွန်တန်ဖိုးရှိသောကြောင့်ပင် သူ ကာကွယ်ပေးရမည် ဖြစ်သည်။
လူသိရှင်ကြား ပတ်သက်မှု ဖြတ်တောက်လိုက်ခြင်းဖြင့် ဖန်ကျင်း မြင့်မြတ်နယ်မြေအနေနှင့် ဓားကျောင်းတော်အပေါ် အတိအလင်း ကလဲ့စားမချေနိုင်အောင် သူ အာမခံချက် ပေးလိုက်ခြင်း ဖြစ်သည်။
ထို့အပြင်...
သူက လူသတ်တော့မည် မဟုတ်ပါလား။
ဆရာတော် ဖန်ရှင်းသည် ချန်ဟွိုက်အန်၏ မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုသော အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ကျောရိုးထဲမှ စိမ့်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရ၏။
“မင်းက ဒီလမ်းကိုပဲ ဆက်လျှောက်မယ်ဆိုရင်တော့ အဓိကလျို့ဝှက်နယ်မြေ ပိတ်တဲ့အထိ စောင့်ကြတာပေါ့။ မြင့်မြတ်နယ်မြေတွေရဲ့ စစ်မှန်တဲ့ အရှင်သခင်တွေက ကိုယ်တိုင် ဆုံးဖြတ်ပေးလိမ့်မယ်။”
“စောင့်မယ် ဟုတ်လား။”
ဓားဟိန်းသံ ထွက်ပေါ်လာသည်။ အစိမ်းရောင်အလင်းတန်းက ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်၏။
“မင်းက ငါ့တပည့်ကို ဗုဒ္ဓအလင်းနဲ့ ချုပ်နှောင်ရဲတယ်ပေါ့။ ဒါဆိုရင် ဒီနေ့ မင်းရဲ့ အလင်းတန်းတွေ ထဲမှာ ငါ့ဓားကို ဆေးကြောရတာပေါ့...”
သူ၏ စကားသံနှင့်အတူ ချန်ဟွိုက်အန် ပျောက်ကွယ်သွား၏။
မိန်းကလေးနှစ်ဦးကို ကာကွယ်ပေးထားသော ဓားအခင်းအကျင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ဆရာကြီး ဖန်ရှင်း၏ နဖူးမှာ ပူထူလာသည်။ သူ မော့ကြည့်လိုက်ရာ ဝတ်ရုံနက်ဝတ် ဓားသမားမှာ သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုမျက်လုံးများအတွင်းမှ သတ်ဖြတ်လိုသောဆန္ဒမှာ ငွေရောင်ဆံနွယ်များ၏ အရိပ်အောက်တွင် ပုန်းအောင်းနေသော အေးစက်သည့် ကြယ်တာရာနှစ်စင်းကဲ့သို့ တောက်ပနေတော့သည်။
“ပညာပါရမီ ဗုဒ္ဓ... မဟာစွမ်းအားရှင် ကောင်းကင်နဂါးချိပ်ပိတ်...”
တွန့်ဆုတ်မနေဘဲ ဖန်ရှင်းက သူ၏ အစွမ်းထက်ဆုံးသော နတ်ဘုရားအတတ်ကို ထုတ်ဖော်ကာ တိုက်ကွက်ကို တန်ပြန်ရန် ကြိုးစားလိုက်သည်။
သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့်မှာသာ ရှိသေးသော်လည်း ထိုအမျိုးသားမှာ သူ့ထက် များစွာ သာလွန်နေကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
သူ အစွမ်းကုန် ကြိုးစားရပေမည်။
သို့သော် သူ၏ အရဟံရွှေရောင်ကိုယ်ထည် အပြည့်အဝ မပေါ်လာမီမှာပင် သူ၏ လည်ပင်း၌ ပါးလွှာသော သွေးစင်းကြောင်းလေးတစ်ခု ပေါ်ပေါက်လာသည်။
“အဆုံးမဲ့တဲ့ ကောင်းကင်ယံကြီး... အမာရွတ်တစ်ခုအဖြစ် နိမ့်ကျသွားပြီ။”
ချန်ဟွိုက်အန်က အရဟံကိုယ်ထည်၏ ပခုံးပေါ် ရပ်နေပြီး ၏ဓားကို အလှပြဝှေ့ယမ်းလိုက်သည်။
အရဟံရွှေကိုယ်ထည်မှာ ဖုန်မှုန့်များအဖြစ် ကြေမွသွားတော့သည်။
ပျက်စီးနေသော သက္ကတစာလုံးများကြားတွင် ဖန်ရှင်း၏ ကိုယ်ပွားအစစ် ပေါ်ထွက်လာသည်။ သူက ကြီးမားလှသော နွားခေါင်းရှိသည့် သားရဲကြီး၏ ဦးခေါင်းပေါ်တွင် ရပ်နေပြီး ခန္ဓာကိုယ်မှ ဖန်ချက်ဗုဒ္ဓအလင်းများ ဖြာထွက်နေသည်။
သူ၏ လည်ပင်းတွင် ကြီးမားသော ဓားဒဏ်ရာတစ်ခု ရှိနေ၏။
ချန်ဟွိုက်အန်၏ အကြည့်က သူ့ထံသို့ ကျရောက်လာသောအခါ ဖန်ရှင်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
“ကိုယ်ပွားတွေ များလှပေမဲ့... အားလုံးက အသုံးမကျတာချည်းပဲ။”
“အသုံးကျသလား၊ မကျဘူးလားဆိုတာ မင်းရဲ့တပည့်ကို စမ်းသပ်ခိုင်းကြည့်တာပေါ့။”
သူက ချန်ဟွိုက်အန်ကို မယှဉ်နိုင်မှန်း သိသဖြင့် ဖန်ရှင်းသည် လီချင်းရန်ကို ဓားစာခံအဖြစ် ဖမ်းဆီးရန် ဓားအခင်းအကျင်းဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားခဲ့သည်။
သို့သော် ဓားမှာ သူ၏လက်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။
ရွှတ်ခနဲ သူ၏ ဗုဒ္ဓလက်ဝါး ပြတ်တောက်သွားတော့သည်။
ချန်ဟွိုက်အန်၏ မျက်နှာမှာ အေးစက်သွား၏။ “ဒါက ဖန်ကျင်း မြင့်မြတ်နယ်မြေကဆိုတဲ့ ဆရာတော်တွေ သုံးတဲ့ နည်းလမ်းလား။”
သူ၏ သတ်ဖြတ်လိုသောဆန္ဒမှာ ပိုမိုမြင့်တက်လာသည်။
“သုံးထောင်သောအတိဒုက္ခ၊ ဒီဓားထဲ ကိန်းအောင်းစေ။”
ကြာစိမ်းဓားသိုင်းကျမ်း၊ နဝမမြောက် ဓားပုံစံ ... ပျော်ရွှင်ခြင်းအဆုံးသတ်။
ထိုစကားလုံးများနှင့်အတူ ကမ္ဘာကြီးမှာ ပုံပျက်သွား၏။
ဖန်ရှင်းသည် အရပ်မျက်နှာအားလုံးမှ သူ့ကို ဝိုင်းထားသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး မှိန်ဖျော့သွားပြီး ကောင်းကင်နှင့် မြေကြီးမှာ အရောင်အသွေး ကင်းမဲ့သွားတော့သည်။
ကျန်ရစ်သည်မှာ မည်းမှောင်နေသော ဟင်းလင်းပြင်အလယ်တွင် တောက်ပစွာ ရပ်နေသော တစ်ကိုယ်တော် ဓားသမားသာ။
မှောင်မိုက်သော တိမ်တိုက်များအောက်တွင် ငွေရောင်အလင်းတန်းများ မိုးရွာသကဲ့သို့ ကျဆင်း၍ လာခဲ့သည်။
ဓားသမားက လှုပ်ခါသွားပြီး သူ၏ ပုံရိပ်မှာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ အဖြစ်သို့ ကွဲထွက်သွားကာ အဆုံးမဲ့ ကခုန်နေသော ဓားသွားများ၏ စီးဆင်းမှုအဖြစ် ပြောင်းလဲသွား၏။
“ဝိုင်အိုး စောင်းသွားတဲ့အခါ ဖယောင်းတိုင်အလင်းတွေ လွင့်ပျံ့သွားတယ်။ ဓားမလှုပ်ရှားခင်မှာပဲ နှင်းခဲတွေ ကျဆင်းနှင့်နေပြီ။ ဆောင်းဦးမုန်တိုင်းက မှန်သားပြင်ပေါ် ပုံရိပ်တွေ ထင်ဟပ်စေတယ်။ ကြယ်တွေပြည့်နေတဲ့ မျက်လုံးတွေနဲ့ မူးရူးနေတဲ့ အရူးတစ်ယောက်ကို ဖော်ပြနေသလိုပဲ။”
နောက်ဆုံးစကားလုံးနှင့်အတူ ချန်ဟွိုက်အန် ရှေ့သို့ လှမ်းလိုက်သည်။
ခြေဖဝါးအောက်မှ လရောင်မှာ ကြေမွသွား၏။
အဆုံးမဲ့သော ဓားရိပ်များမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။
သူက ဓားကို ပြောင်းပြန်ကိုင်လိုက်သည်။
လေတိုက်သဖြင့် ငွေရောင်ဆံနွယ်များ လွင့်တက်သွားစဉ်မှာပင် သူ၏ မျက်လုံးများ ပွင့်လာသည်။
ချွမ်း...
ဖြူဖျော့သော မြွေတစ်ကောင်ကဲ့သို့ ဓားအလင်းတန်းက ကောင်းကင်ယံကို ထိုးခွဲသွား၏။
တားဆီး၍မရ။
ရှောင်တိမ်း၍မရပေ။
ဖန်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
လေပြေတစ်ချက် ဝှေ့ယမ်းသွားပြီး သူ၏ နဖူးအလယ်တွင် ပါးလွှာသော သွေးစင်းကြောင်းလေး တစ်ခု ပေါ်လာသည်။
သူ၏ ရွှေကိုယ်ထည် ကြေမွသွား၏။ သူ၏ ပျက်စီးနေသော ခန္ဓာကိုယ် ပြုတ်ကျသွား၏။
သူ၏ဝိညာဉ်ပင် ဓားချီများကြောင့် ကြေမွသွားခဲ့လေပြီ။
ချန်ဟွိုက်အန်က ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်သောအခါမှသာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ သူ၏ တိုက်ကွက်သံကို ကြားလိုက်ရတော့သည်။
သူတို့၏ အမြင်တွင်မူ ချန်ဟွိုက်အန်သည် ဖန်ရှင်း၏ ဘေးမှ လမ်းလျှောက်သွားရုံသာ ရှိသေးသယောင် ထင်ရသည်။
“ဘဝတစ်လျှောက်လုံး ရမ်းကားခဲ့သမျှ ပျော်ရွှင်မှုတွေလည်း အခုတော့ ကုန်ဆုံးသွားခဲ့ပြီ။ နှလုံးသားရဲ့ သတ္တိတစ်ဝက်ကိုတော့ ဓားရဲ့ အေးစက်တဲ့ အသွားပေါ်မှာ တင်ထားလိုက်မယ်။”
ချန်ဟွိုက်အန် တိုးတိုးလေး ရေရွတ်ရင်း ဓားနှောင့်ကို လက်ချောင်းများဖြင့် ပွတ်သပ်နေသည်။
ဖန်ရှင်းနှင့် ပူးပေါင်းရန် ပြင်နေကြသော ဖန်ကျင်းမြင့်မြတ်နယ်မြေမှ အကြီးအကဲများ ချက်ချင်း နောက်သို့ သုံးလှမ်း ဆုတ်လိုက်ကြသည်။
အဓိပ္ပာယ်မရှိလိုက်တာ။
မြင့်မြတ်နယ်မြေ အကြီးအကဲတစ်ယောက် အသတ်ခံလိုက်ရပြီ။
လျို့ဝှက်နယ်မြေထဲက သူရဲ့ကိုယ်ပွားလည်း အသတ်ခံလိုက်ရပြီ။
အနည်းဆုံးတော့ အရင်းအမြစ်များကို ဖန်ကျင်း တပည့်သုံးဦးက လုံခြုံစွာ ဝှက်သိမ်းပြီး ယူဆောင်လာနိုင်ခဲ့သည်။
သူတို့ စောင့်နေရုံသာ ရှိတော့သည်။ သူတို့ အထဲမှ တစ်ယောက်ယောက်က နောက်ထပ် ဗုဒ္ဓသားတော် ဖြစ်လာပေလိမ့်မည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ဓားပညာရှင်နှင့် တိုက်ခိုက်နေရန် မလိုပေ။
ဘာလို့ တိုက်ရမှာလဲ။
အဓိကလျို့ဝှက်နယ်မြေ ပွင့်လာတာနဲ့ ဆရာတော် ဖန်ယဲ့ ထွက်ပေါ်လာပြီးတော့ အဲဒီထောင်လွှားနေတဲ့ ဓားသမားကို နှိမ်နင်းလိမ့်မယ်။
ချန်ဟွိုက်အန်၏ အသက်ရှူကျပ်မတတ် ပြင်းထန်လှသော အရှိန်အဝါအောက်တွင် လျို့ဝှက်နယ်မြေ၏ ထွက်ပေါက်မှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။
လီချင်းရန်မှာ ဓားအခင်းအကျင်းအတွင်းမှာပင် ရှိနေဆဲ ဖြစ်ပြီး သူ၏ဆရာ ထိခိုက်ဒဏ်ရာ ရမည်ကို စိုးရိမ်သဖြင့် မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
ထိုစဉ်မှာပင် သူ၏ ခါးရှိ ဆက်သွယ်ရေး အဆောင်လေးမှာ လင်းလက်လာ၏။
“စီနီယာအစ်မ...”
ယွဲ့ချန်ချီက ဓားကျောင်းတော် တပည့် သုံးဦးကို ကယ်တင်ပြီးသွားပြီလား။
သူ အဆောင်ကို အလျင်အမြန် ထုတ်ကြည့်လိုက်ရာ စာတစ်ကြောင်းကို တွေ့လိုက်ရသည်။
[ စုန့်ချီယွဲ့ကို အခုချက်ချင်း သတ်ပစ်... ]
စုန့်ချီယွဲ့ကို သတ်ရမယ်...
လီချင်းရန် လူအုပ်ကို လှမ်းကြည့်လိုက်သော်လည်း သူ၏ အရိပ်အယောင်ကို မတွေ့ရပေ။
သို့သော် မိစ္ဆာအခင်းအကျင်းမှာ မြင့်မြတ်နယ်မြေ သုံးခု၏ လက်ချက်သာ ဖြစ်ပါက ယောင်ချီ မြင့်မြတ်နယ်မြေ၏ နတ်မိမယ်လေးမှာလည်း သေချာပေါက် ပတ်သက်နေပေလိမ့်မည်။
ပျောက်ဆုံးနေသော ဓားကျောင်းတော် တပည့်သုံးဦးမှာလည်း သူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်။
“ဆရာ... စုန့်ချီယွဲ့ကို သတ်ပေးပါ...” လီချင်းရန်က လက်နှစ်ဖက်ကို ပါးစပ်တွင်ကပ်ကာ သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်ကို သုံး၍ အသံကို ကျယ်လောင်အောင် လုပ်ပြီး အော်ဟစ်လိုက်သည်။
“နားလည်ပြီ။”
ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။
လျို့ဝှက်နယ်မြေထဲကို စဝင်တုန်းက စုန့်ချီယွဲ့၏ အရှိန်အဝါကို သူ မှတ်သားထားခဲ့သည်။
ယခုအခါ သူ၏ ဟင်းလင်းပြင်သန့်စင်ခြင်း ပဉ္စမအဆင့် နတ်ဘုရားအာရုံဖြင့် ရှာဖွေရသည်မှာ အလွန် လွယ်ကူလှသည်။
သို့သော် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ပြီးနောက် ဘယ်နေရာမှ မတွေ့ရပေ။
သူ့ကို ရှာဖွေရန် နက္ခတ်တွက်ချက်ခြင်းကို သုံးရန် ပြင်လိုက်စဉ်မှာပင်...
ဖန်ရှင်း၏ အလောင်းအနီး တည်နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းတစ်ခု လင်းလက်လာ၏။
စုန့်ချီယွဲ့က ယောင်ချီတပည့် သုံးဦးနှင့်အတူ ထွက်ပေါ်လာပြီး တည်နေရာရွှေ့ပြောင်းမှုကြောင့် ခဏမျှ ကြောင်တောင်တောင် ဖြစ်နေသည်။
နောက်တစ်စက္ကန့်တွင်မူ အေးစက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်လှိုင်းတစ်ခု သူ့ထံသို့ ကျရောက်လာသည်။
“မင်း အတင့်ရဲလှချည်လား...”
ယောင်ချီမြင့်မြတ်နယ်မြေ၏ စင်မြင့်ပေါ်မှ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အကြီးအကဲ သုံးဦးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ဖန်ရှင်းကို သတ်လိုက်ခြင်းက တစ်ပိုင်းပင်။ ဖန်ကျင်းနှင့် ယောင်ချီမြင့်မြတ်နယ်မြေတို့မှာ မဟာမိတ်ဖြစ်သလို ပြိုင်ဘက်များလည်း ဖြစ်ကြသည်။
သူ သေဆုံးသွားခြင်းက သူတို့အတွက် အကျိုးရှိသည်။
သို့သော် သူတို့၏ နတ်မိမယ်လေးကို ပစ်မှတ်ထားမည်ဆိုလျှင်တော့...
ခွင့်မလွှတ်နိုင်စရာပင်...
ချန်ဟွိုက်အန် ဘာမှ မပြောပေ။
ဓားသုံးချက် ဝင်းခနဲ ဖြစ်သွားပြီး အကြီးအကဲများကို နောက်သို့ ဆုတ်သွားစေသည်။
စတုတ္ထမြောက် ဓားကွက် ကျဆင်းလာ၏။
ဒွါဒသမမြောက် ဓားပုံစံ ... ကြယ်စင်စုကြွေလွင့်ခြင်း။
ကောင်းကင်ယံမှ ကြယ်စင်မြစ်ကြီး တစ်ခုလုံး ပြောင်းပြန်စီးဆင်းလာသကဲ့သို့ ဟင်းလင်းပြင်ထဲမှ ဝုန်းခနဲ ကျဆင်းလာတော့သည်။
ဝုန်း...
ငွေဖြူရောင် ဓားအကာအကွယ် ကုလားကာကြီးတစ်ခု မြေပြင်ပေါ်သို့ ဝှေ့ယမ်းသွားသည်။
၎င်း ဖြတ်သန်းသွားသော လမ်းကြောင်းတွင် တောင်တန်းတစ်သောင်း၌ အောက်ခြေမမြင်ရသော ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ယောင်ချီနတ်မိမယ်လေးနှင့် သူ၏ တပည့်သုံးဦးမှာမူ ဖုန်မှုန့်များအဖြစ် ကြေမွသွားခဲ့ပြီ ဖြစ်သည်။
...