ငါးကြီးက ငါးသေးကို စားခြင်း
Vol. 24 Ch. 240
လျို့ဝှက်နယ်မြေ၏ အဝင်ဝတွင် လုံးဝကို ဖရိုဖရဲ ဖြစ်နေ၏။
ချန်ဟွိုက်အန်၏ ဓားအောက်တွင် ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူ အမြောက်အမြား သတ်ဖြတ် ခံခဲ့ရသည်။ အချို့မှာ အကြီးအကဲ သို့မဟုတ် တပည့်လေးများမှာ အရိုးပင်ကောက်စရာမရှိအောင် အသားပုံများအဖြစ် ပြောင်းလဲသွားပြီး ဘာဖြစ်သွားမှန်းပင် မသိလိုက်ကြချေ။
“တောက်... ဓားကျောင်းတော်... ငါ့ရဲ့ ယွင်လန်ဂိုဏ်းက မင်းတို့နဲ့ တစ်မိုးအောက်တည်းမှာ မနေဘူးကွ...”
“ဒါပေမဲ့ အဲဒီစီနီယာက ဓားကျောင်းတော်က မဟုတ်တော့ဘူးလေ...”
“ဒါဆိုရင်ရော ဘာဖြစ်လဲ။ သူက တစ်ချိန်က ဓားကျောင်းတော်ကပဲလေ။ ဒီကိစ္စက သူတို့မှာ တာဝန်ရှိတယ်...”
သောကရောက်ကာ ငိုယိုသံများကြားတွင် ထိုကဲ့သို့သော ပြင်းထန်သည့် စကားလုံးများမှာ ခဏခဏ ပဲ့တင်ထပ်နေ၏။
သို့သော်လည်း ချန်ဟွိုက်အန်ကို သွားရောက်ရန်စမည်ဟု မည်သူမျှ မပြောရဲကြပေ။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်။ ထိုအဆင့်သည် ချင်းယွန်ဘုံ တစ်ခုလုံး၏ ကျင့်ကြံမှု အထွတ်အထိပ်ပင် ဖြစ်သည်။ အဓိကဂိုဏ်းကြီးများမှ မဟာအကြီးအကဲများပင်လျှင် ထိုကဲ့သို့ နက်ရှိုင်းသော ကျင့်ကြံမှုကို မော့ကြည့်ရုံသာ တတ်နိုင်သည်။
၎င်းအပြင် ထိုသူမှာ သာမန် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပေ။ သူက ယနေ့တွင်တင် သူနှင့်အဆင့်တူသူ ၁၀ဦးနီးပါးကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အသတ်ခံရခြင်းမှာ ရှားပါးလှသော်လည်း ထိုလူ့၏ လက်ထဲတွင်မူ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် ခွေးတစ်ကောင်ကဲ့သို့ အသတ်ခံနေရသည်။
“ငါတို့ဂိုဏ်းက အင်အားနည်းနေတာ။ အခုလည်း တပည့်တွေ အများကြီး ဆုံးရှုံးသွားပြီ။ ငါတို့ ဓားကျောင်းတော်ကို မယှဉ်နိုင်ဘူး။ ပြီးတော့ ငါတို့ လုပ်နေစရာ မလိုပါဘူး။ အခု ယောင်ရှီနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေတွေရဲ့ စခန်းတွေ ပျက်စီးသွားပြီဆိုတော့ အစစ်အမှန်သူတော်စင် နှစ်ပါးက ငြိမ်နေမှာ မဟုတ်ဘူး...”
“မှန်တယ်။ မဟာလျို့ဝှက်နယ်မြေ ပွင့်လာတဲ့အခါ ငါတို့ ဓားကျောင်းတော် တပည့်တွေကို အရင်ဆုံး ဝိုင်းထားရမယ်...”
ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများက ဓားကျောင်းတော်တပည့်များကို စိုက်ကြည့်ကာ လျို့ဝှက် ကြံစည်နေကြစဉ် အချိန်အတော်ကြာ တိတ်ဆိတ်နေသော မဟာလျို့ဝှက်နယ်မြေ၏ အဝင်ဝမှ ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ဟိန်းသံကြီး ထွက်ပေါ်လာသည်။
လျို့ဝှက်နယ်မြေ အငယ်စားလေး အသက်ဝင်စဉ်ကကဲ့သို့ပင် ကြီးမားသော တံခါးဝအနီးတွင် တည်နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းတစ်ခု ဝင်းလက်လာသည်။
မကြာမီမှာပင် ဟင်းလင်းပြင်ထဲမှ ပုံရိပ်များ ထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ ဂိုဏ်းအသီးသီးမှ အကြီးအကဲများပင်။ သို့သော် သူတို့ အပြင်သို့ ထွက်လာာပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်နှင့် အကုန်လုံး မှင်တက်သွားကြတော့သည်။
“အကြီးအကဲလီ... ကောင်းကင်ကြီးက ဘာလို့ ဒီလောက်တောင် ဟာလာဟင်းလင်း ဖြစ်နေရတာလဲ။”
“အဲဒါ... ယောင်ချီနဲ့ ဖန်ကျင်းရဲ့ စခန်းကြီးတွေ... ပျောက်သွားတာလား။”
“အကြီးအကဲဝမ်... လေထဲမှာ ဘာလို့ သွေးညှီနံ့တွေ ဒီလောက်တောင် ပြင်းနေရတာလဲ။ ငါတို့ရဲ့ သတ်ဖြတ်လိုစိတ်တွေကပဲ သိပ်ပြင်းနေလို့လား...”
လျို့ဝှက်နယ်မြေအောက်ရှိ တောင်တန်းများကို ငုံ့ကြည့်လိုက်သောအခါ တောင်ထိပ်များမှာ သွေးရောင်လွှမ်းနေသည်ကို မြင်လိုက်ရသည်။ ရေကန်တစ်ခုကပင် ဖျော့တော့သော အနီရောင်သို့ ပြောင်းလဲနေ၏။
မရေမတွက်နိုင်သော ဂိုဏ်းတပည့်များနှင့် လေလွင့်ကျင့်ကြံသူများမှာ တောင်တန်းများကြား ပြေးလွှားနေကြပြီး အရပ်မျက်နှာ အသီးသီးမှ တိုက်ပွဲသံများနှင့် ငိုကြွေးမြည်တမ်းသံများ ပဲ့တင်ထပ်နေသည်။
“မကောင်းတော့ဘူး။ တစ်ခုခု ဖြစ်နေပြီ...”
ဂိုဏ်းအကြီးအကဲတစ်ဦးသည် သူ၏ဂိုဏ်းဝင်းသို့ အပြေးအလွှား သွားကြည့်ရာ တပည့်များမှာ သရဲတစ္ဆေကဲ့သို့ ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။ ဆယ်ပုံတစ်ပုံပင် အသက်မရှင်တော့ပေ။
“ဘယ်သူလဲ။ဘယ်သူလုပ်တာလဲ။ ငါ့ဂိုဏ်းရဲ့ တပည့်တွေကို ဘယ်သူက သတ်ရဲတာလဲ...”
“အဲဒါ... အဲဒါ ဓားကျောင်းတော်ရဲ့ ဘိုးဘေးပါ...” တပည့်တစ်ဦးက တုန်တုန်ရီရီဖြင့် ဗလုံးဗထွေး ပြောလိုက်သည်၏။
“ကောင်းတယ်... သိပ်ကောင်းတဲ့ ဓားကျောင်းတော်ပဲ...” ထိုအကြီးအကဲမှာ အသေးစိတ်ကိုပင် မမေးတော့ဘဲ ချက်ချင်းပင် ဓားကျောင်းတော်နယ်မြေဆီသို့ ပျံသန်းသွားတော့သည်။
ဂိုဏ်းအတော်များများတွင်လည်း ထိုမြင်ကွင်းမျိုးပင် ဖြစ်ပျက်နေသည်။
မကြာမီမှာပင် ဓားကျောင်းတော်၏ စခန်းမှာ အရပ်မျက်နှာအသီးသီးမှ ဂိုဏ်းအကြီးအကဲများနှင့် ခေါင်းဆောင်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
“ဓားကျောင်းတော် ဘိုးဘေး ဘယ်မှာလဲ။ ငါတို့တပည့်တွေကို သတ်ရဲတယ်ပေါ့။... ဒီနေ့ မင်းတို့ကို အစအနမကျန် သတ်ပစ်မယ်...”
သူ၏ ရည်ရွယ်ချက်ကို ကြေညာပြီးနောက် ထိုအကြီးအကဲက သူ၏တပည့်ဘက်သို့ ခိုးကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ “ဒါနဲ့ နေဦး... ဓားကျောင်းတော်ဘိုးဘေးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။”
တပည့်ဖြစ်သူက သူ့ကို တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ မသဲမကွဲ ပြောလိုက်သည်။ “ဟင်း...ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ပါ...”
“ဘာ။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဟုတ်လား...”
ထိုအကြီးအကဲ၏ ကျောပြင်မှာ တောင့်တင်းသွားပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ “ဘာလို့ ခုနက မပြောတာလဲ။”
“အကြီးအကဲမှ မမေးတာ...”
ထိုအကြီးအကဲက တံတွေးကို ခက်ခက်ခဲခဲ မျိုချပြီး ဓားကျောင်းတော်ဘက်သို့ ပြန်လှည့်လိုက်ရာ သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ချောင်းတစ်ချက်ဟန့်ကာ ပိုမိုနူးညံ့သော အသံဖြင့် ပြောလိုက်၏။
“အဟမ်း... ဒီမှာ တစ်ခုခု နားလည်မှုလွဲနေတာ ဖြစ်ရမယ်။ ကျုပ်ဂိုဏ်းရဲ့ တပည့်တွေက စီနီယာအပေါ် ဘယ်လိုမျိုး ပြစ်မှုတွေ ကျူးလွန်ခဲ့လဲဆိုတာ ဆွေးနွေးလို့ ရမလား။ တကယ်လို့ စီနီယာက တွေ့ဖို့ ဆန္ဒမရှိရင်လည်း ရပါတယ်။ သင့်တော်တဲ့ လျော်ကြေးကိစ္စကို ညှိနှိုင်းလို့ ရပါတယ်...”
ရန်သွားစရမယ့် သူတွေထဲမှာမှ ဘာလို့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ရှိတဲ့ ထိပ်တန်း မိစ္ဆာအိုကြီး ဖြစ်နေရတာလဲ...
သူ စိတ်ကူးထားပြီးသား ဖြစ်သည်။ ထိုကိစ္စပြီးသည်နှင့် ဂိုဏ်းမှ ချက်ချင်း နုတ်ထွက်မည်။ ၎င်းက ကြောက်စရာကောင်းလွန်းသည်။ သူ လူသူကင်းဝေးရာနေရာတွင် ဆယ်စုနှစ် အနည်းငယ်ခန့် ပုန်းနေပြီးမှ ပြန်ထွက်လာရပေမည်...
“မိတ်ဆွေကျင့်ကြံသူတို့... ဒီလို သွေးချောင်းစီးတဲ့ကိစ္စမှာ အကြောင်းရင်းတစ်ခု ရှိရပါမယ်။ ဆုံးဖြတ်ချက် မချခင် အချက်အလက်တွေကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိရအောင် လုပ်ရအောင်လား။” လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
အားလုံး လှည့်ကြည့်လိုက်သောအခါ စကားပြောသူမှာ လင်းရှီးတောင်ကြား၏ သခင်မ ယွန်ပိုင်ယွီ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ချက်ချင်းပင် လူအုပ်ကြီးက သူ့အတွက် လမ်းဖယ် ပေးလိုက်ကြသည်။
လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းတို့မှာ ချင်းယွန်ဘုံတွင် ဆေးပညာ၌ နာမည်ကြီး ကြသော်လည်း လင်းရှီးတောင်ကြားက ပို၍ နာမည်ကောင်းရှိသည်။
အဂ္ဂိရတ်ဂိုဏ်းက ပိုက်ဆံရရန်ကိုသာ အဓိကထားသည်။ ဝိညာဉ်ကျောက်တုံး အလုံအလောက် ရှိသူ မည်သူမဆို သူတို့တပည့်များထံမှ အကောင်းဆုံး ကုသမှုကို ဝယ်ယူနိုင်သည်။ တစ်ဖက်တွင်မူ လင်းရှီးတောင်ကြား တပည့်များမှာ လူနာများကို ငွေမျက်နှာ တစ်ခုတည်းသာ မကြည့်ဘဲ ကုသပေးတတ်ကြသည်။
အခြားသူတစ်ဦးသာ ပြောခဲ့လျှင် ဂိုဏ်းခေါင်းဆောင်များနှင့် အကြီးအကဲများက အဓိပ္ပာယ်မရှိဟု ပယ်ချကြမည်ဖြစ်သည်။ သို့သော် လင်းရှီးတောင်ကြားသခင်မ ဖြစ်နေသောကြောင့် သေချာ စဉ်းစားရန် ထိုက်တန်ပေသည်။
၎င်းက ဓားကျောင်းတော်ဘိုးဘေးက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ကျွမ်းကျင်သူဖြစ်နေခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။
“မိတ်ဆွေယွန် ပြောတာ မှန်တယ်။ အပြစ်တင်ဖို့ မလုပ်ခင် ဒီကိစ္စရဲ့ အခြေခံအကြောင်းရင်းကို အရင် သိအောင် လုပ်သင့်တယ်။”
ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်ကြသည်။ အမှန်တကယ်မှာ မည်သူမျှ တာဝန် မယူချင်ကြခြင်းသာ ဖြစ်သည်။
မာနရှိသော ဂိုဏ်းအနည်းငယ်မှာမူ အရှက်ရမှုကို တိတ်တိတ်ဆိတ်ဆိတ် ခံယူလိုက်ကြသည်။
တကယ်တမ်း လုပ်ရဲသူများမှာ လုပ်ပြီးသားဖြစ်သည်။ သူတို့က ဓားကျောင်းတော်ထံမှ ရှင်းလင်းချက် တောင်းရန် ထိုနေရာသို့ ပြေးမလာကြပေ။
မလုပ်ရသေးသူများမှာမူ သင့်တော်သော အချိန်ကိုသာ ချောင်းမြောင်းနေကြခြင်း ဖြစ်သည်။
သူတို့၏ တပည့်များကို မေးမြန်းပြီးနောက် ဂိုဏ်းအကြီးအကဲများနှင့် ခေါင်းဆောင်များမှာ ချက်ချင်းပင် မှင်တက်သွားကြတော့သည်။
အမှန်တရားမှာ ဓားကျောင်းတော်ဘိုးဘေးက သူ၏တပည့်ကို ကာကွယ်ရန် ဓားအခင်းအကျင်း တစ်ခုကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂိုဏ်းပေါင်းစုံမှ တပည့်များသည် ဖန်ကျင်းမြင့်မြတ်နယ်မြေမှ အကြီးအကဲတစ်ဦး၏ သွေးထိုးမှုကြောင့် အခင်းအကျင်းကို ဖျက်ဆီးရန် ဝိုင်းတိုက်ခဲ့ကြသည်။ ဓားကျောင်းတော်ဘိုးဘေး ပြန်ရောက်လာချိန်တွင် သူ၏ တပည့်ကို တိုက်ခိုက်နေသည်ကို မြင်သောအခါ အားလုံးကို နေရာတင် အပြတ်ရှင်းလိုက်ခြင်းပင်။
တပည့်ဖြစ်သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို ခိုလှုံခွင့်ပေးထားခြင်း ရှိမရှိက အရေးမကြီးပေ။
ဓားကျောင်းတော်က ချင်းယွန်ဘုံတွင် မိမိလူကို အစွန်းရောက် ကာကွယ်တတ်ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ဓားကျောင်းတော် အကြီးအကဲတစ်ဦး၏ တပည့်ကို ဗြောင်ကျကျ တိုက်ခိုက်တာလား။ အသတ် ခံရတာက သဘာဝကျတဲ့ နောက်ဆက်တွဲ မဟုတ်ဘူးလား။
တရားမျှတမှု၊ ဖြောင့်မတ်မှု ဟုတ်လား။
အင်အားရှိခြင်းကသာ တရားမျှတမှု၊ အင်အားရှိခြင်းကသာ ဖြောင့်မတ်မှုပဲ။
“ဟူး... ဒီကိစ္စကတော့ ရှုပ်ကုန်ပြီ။ ဒါက ငါတို့ဂိုဏ်းနဲ့ ဓားကျောင်းတော်ကြားက ဆက်ဆံရေးကို ထိခိုက်စေတယ်။”
“ဟုတ်တယ်၊ အမှန်ပဲ။ ဒီကလေးတွေက ဘာလို့ မြင့်မြတ်နယ်မြေတွေနဲ့ ဓားကျောင်းတော် ကြားက ရန်ငြိုးထဲ သွားပါမိကြတာလဲ။”
အမှန်ကို သိလိုက်ရသောအခါ ဂိုဏ်းခေါင်းဆောင် အများစုမှာ နောက်ဆုတ်ရန် ကြံရွယ်နေကြပြီ။
“ဒါနဲ့... ဖန်ကျင်းနဲ့ ယောင်ချီမြင့်မြတ်နယ်မြေက လူတွေ ဘယ်မှာလဲ။” တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
“သူတို့... သူတို့ကို ဓားကျောင်းတော်ဘိုးဘေးက ဓားနှစ်ချက်တည်းနဲ့ ခုတ်သတ်ပစ်လိုက်တယ်။ သူက မြင့်မြတ်နယ်မြေတွေက အကြီးအကဲတွေနဲ့ တပည့်တွေ အများကြီးကိုလည်း သတ်ပစ်ခဲ့တယ်...”
ထိုစကားကြောင့် လေထုမှာ သေလောက်အောင် တိတ်ဆိတ်သွား၏။
ထိုမြေခွေးအိုကြီးများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ယွန်ပိုင်ယွီက အခြေအနေ မကောင်းတော့ကြောင်း သိလိုက်သည်။
ရုတ်တရက် အမည်မသိဂိုဏ်းတစ်ခုမှ ကျင့်ကြံသူတစ်ဦး ရှေ့သို့ ထွက်လာကာ ဖြောင့်မှန်သူ ဟန်ဆောင်ပြီး ပြောလိုက်သည်။ “ငါတို့ ဖြောင့်မှန်တဲ့ ကျင့်ကြံသူတွေဟာ မိစ္ဆာကျင့်ကြံသူတွေကို ဆန့်ကျင်ရမယ်။ ငါတို့တပည့်တွေဟာ မြင့်မြတ်နယ်မြေတွေကို ကူညီပြီး ဓားအခင်းအကျင်းကို တိုက်ခိုက်ခဲ့တာက တရားမျှတတဲ့ လုပ်ရပ်ပဲ။ ဒါပေမဲ့ သူတို့ကို ဓားကျောင်းတော်ဘိုးဘေးက သတ်ပစ်ခဲ့တယ်။ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါတို့က သူ့ကို ဦးညွှတ်ရမှာလား။ မဟုတ်ဘူး။ ငါတို့ တရားမျှတမှုကို ရှာရမယ်။ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ မြင့်မြတ်နယ်မြေတွေက အစစ်အမှန်သူတော်စင်တွေက ငါတို့အတွက် သေချာပေါက် ကလဲ့စား ချေပေးလိမ့်မယ်...”
ထိုခဏတွင်ပင် မဟာလျို့ဝှက်နယ်မြေမှ အခုတင်ထွက်လာသော အကြီးအကဲများနှင့် အပြင်ဘက်တွင် ဓားကျောင်းတော်ကို ဝိုင်းရန် ကြံစည်ထားသူများမှာ သဘောထားချင်း ထပ်တူကျသွားကြသည်။
ငါးကြီးက ငါးသေးကို စားသည်။ ငါးသေးက ပုစွန်ကို စားသည်။
“ဟုတ်တယ်... ငါတို့ အနောက်မှာ အစစ်အမှန်သူတော်စင်တွေ ရှိနေမှတော့ ဘာမှကြောက်စရာ မလိုဘူး...”
“ဒီနေ့ ငါတို့ ဆုံးရှုံးသွားတဲ့ တပည့်တွေအတွက် ကလဲ့စားချေကြမယ်...”
ဓားကျောင်းတော် တပည့်များမှာလည်း ဓားများကို ဆွဲထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင် လိုက်သဖြင့် အခြေအနေမှာ တင်းမာလာသည်။
ထိုစဉ် ဓားဟိန်းသံများစွာ ကောင်းကင်ယံကို ဖြတ်သန်းသွား၏။
အားလုံး မော့ကြည့်လိုက်ရာ ပျံသန်းနေသော ဓား၅လက် သူတို့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုဓားများပေါ်တွင် ရပ်နေသူများမှာ အခြားသူမဟုတ်ဘဲ ဓားကျောင်းတော်၏ ဂိုဏ်းချုပ် စုချီနျန်နှင့် မဟာဓားတောင်ထိပ် အကြီးအကဲ ၄ဦးတို့ပင် ဖြစ်သည်။
နောက်ဆုံးတွင် ဓားကျောင်းတော် အကြီးအကဲများက မဟာလျို့ဝှက်နယ်မြေမှ ပြန်လည် ရောက်ရှိလာကြလေပြီ။
...