← Chapters

အခန်း (၉၅)

Vol. 10 Ch. 95

အခန်း (၉၅)

Vol. 10 Ch. 95

ချန်ယွမ် သူ့အား နောက်ကနံရံနှင့် ကပ်သွားအောင် တစ်ခဏချင်းမှာပင် ဆောင့်တွန်းလိုက်သည်။

စုကျို ခဏမျှ ကြောင်အသွားပြီးမှ တဟားဟားရယ်လိုက်ပြီး ရင်ဘတ်များတဒိန်းဒိန်းခုန်နေသည့် မိစ္ဆာလူငယ်လေး၏ကျောပြင်ကျယ်ကြီးကို လှမ်းဖက်လိုက်သည်။

“ငါ ဒီရုပ်ကြီးနဲ့တောင် နင်က မှတ်မိနေသေးတာပဲ”

“အင်း”

မိစ္ဆာလူငယ်လေး၏လည်ချောင်းသံတို့မှာ တုန်ခါသွားသည်။

စုကျို သူ့ ခေါင်းနောက်စေ့ကို ပုတ်ပေးလိုက်ပြီးမှ သူ့ပခုံးပေါ်မှ အံ့သြတုန်လှုပ်နေသည့် ကလေးနှစ်ယောက်ဘက်သို့လှည့်လိုက်သည်။

“အူကြောင်ကြောင်လေးတွေ၊ ငါပါဟ”

စုကျီကျီနှင့် စုရှင်းချန်တို့က ဝမ်းသာအားရဖြစ်သွားကြသည်။

“ကျဲ! ဒီတစ်ခါရော ဘယ်သူ့မျက်နှာကို ကူးထားပြန်တာလဲ?”

“ရွှေနက်ရွာက အခုဘယ်လိုနေပြီလဲ! ဒဏ်ရာရသေးလား?”

စုကျီကျီ စိုးရိမ်တကြီး မေးလိုက်သည်။

စုကျိုကမူ အခန်းထောင့်တွင် အိပ်ပျော်နေသည့် မိစ္ဆာကျင့်ကြံသူထံညွှန်ပြလိုက်ပြီး “ဘာမှမဖြစ်ဘူး၊ အကုန်အဆင်ပြေသွားပြီ”

သော့လေးခုအား မည်သို့မည်ပုံရခဲ့ကြောင်း အကျဉ်းချုပ်ရှင်းပြပြီးနောက်၊ စုကျို ၎င်းတို့ဝတ်ရန်အတွက် မိစ္ဆာကျင့်ကြံသူ ဝတ်ရုံလေးထည် ထုတ်ပေးလိုက်သည်။

သူတို့ အခန်းထဲမှထွက်လာသည့်အခါတွင်မူ လဲ့အော်တို့ သုံးယောက်နှင့် မြန်မြန်ဆန်ဆန်ပင် ဆုံမိကြသည်။

လဲ့အော်နှင့် သူ့အဖော်နှစ်ယောက် : “?”

စုကျီကျီနှင့် စုရှင်းချန် : “???”

မိစ္ဆာဝတ်ရုံများဝတ်ထားပြီး ရုပ်ချင်းတူနေသည့် မျက်နှာလေးခုနှင့်၊ မိစ္ဆာဝတ်ရုံများပင် ဝတ်ထားပြီး ရုပ်ချင်းတူနေသည့် မျက်နှာသုံးခုတို့ ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်။

ခဏလောက်တော့ သူတို့ကိုယ်တိုင်ပင် ဘယ်သူက ဘယ်သူမှန်းဆိုသည်ကို မခွဲခြားနိုင်တော့ပေ။

ဒါတကယ် ထိတ်လန့်စရာကောင်းလှသည်။

“ကိစ္စမရှိပါဘူး၊ ငါတို့အားလုံး တစ်ဖွဲ့တည်းသားတွေပဲ”

“သွား... သော့ဖွင့်ကြရအောင်”

စုကျို အနီရောင်ပုတီးစေ့ကိုထုတ်လိုက်ပြီး လဲ့အော်တို့ထံမှ အဖြူ၊ အစိမ်းနှင့် အဝါရောင် ပုတီးစေ့များနှင့် အမြန်ပေါင်းစပ်လိုက်သည်။

ရွှေနက်ရွာမွန်းတည့်ချိန် အပူရှိန်အောက်တွင် သံထည်များထုလုပ်ရင်း မောဟိုက်နေကြသည့် ရွာသားများသည် ဝူအာနှင့် ရုပ်ချင်းတူသည့် မိစ္ဆာကျင့်ကြံသူ ခုနစ်ယောက်မှ ၎င်းတို့ချည်နှောင်ခံထားရသည့် သော့အားလာဖွင့်ပေးနေသည့်ဖြစ်ရပ်ကို အံ့အားသင့်စွာစိုက်ကြည့်နေကြသည်။

ရွာသားများ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။

“အဖိုး၊ ဒါ ကျွန်မတို့ပါ”

“ကျင်းယွီထန်မြို့က ဒုတိယအဆင့်ဆံထိုးလေးကို အဖိုးမှတ်မိသေးလား?”

စုကျီကျီ ရင်းနှီးနေသည့် အဖိုးအိုကို တိတ်တဆိတ်ဘေးသို့ဆွဲခေါ်သွားပြီး ဘေးနားမှမိန်းကလေးငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။

စုကျီကျီသည် ‘မိစ္ဆာမျိုးနွယ်အသွင်’ ဝတ်ထားခြင်းကြောင့် ဝူအာကဲ့သို့ပင် အရပ်ရှည်နေသည်။

ရွှေနက်ရွာမှ အဖိုးအိုသည် သူ့ရှေ့ရှိမိစ္ဆာကျင့်ကြံသူကို မျက်လုံးပြူးပြီးစိုက်ကြည့်နေသည်။

“ဒါ... ဒါက နတ်သမီးလေးလား?”

“ဟုတ်ကဲ့၊ ကျွန်မ ကျဲလည်း ဒီမှာရှိတယ်”

အဖိုးအိုမှာ မှင်သက်သွားရသည်။ သူ လုံးဝရုပ်ချင်းဆင်တူနေသည့် ကျန်သည့် ‘ဝူအာ’ ခြောက်ယောက်ကိုလှမ်းကြည့်လိုက်သည်။

စုကျီကျီနှင့် စုရှင်းချန်တို့က ရွှေနက်ရွာသားအားလုံးကို အချုပ်အနှောင်မှလွှတ်ပေးလိုက်ပြီး အမိန့်နာခံရန်အတွက် စုကျိုဘေးနားသို့ အမြန်ပြန်လာကြသည်။

ဘေးနားတွင် ရပ်နေသည့် လဲ့အော်ကမူ အလွန်သိချင်နေသည်။ စုကျို သူတို့ကို ဘယ်လိုများခွဲခြားမှတ်မိနေသနည်း?

သူကမူ ယခုအချိန်တွင် သူ့ကိုယ်သူသာ ခွဲခြားနိုင်တော့သည်။

“ကဲ... ကောင်းပြီ”

စုကျို နောက်ဆုံးတွင် စကားပြောလိုက်ပြီး ရွှေနက်ရွာသားများကိုကြည့်ကာ တိုးတိုးလေးဆိုသည်။

“အားလုံးပဲ၊ ရွာထဲက လူကြီးတွေနဲ့ ကလေးတွေကိုကာကွယ်ပြီး အရင်ဆုံးထွက်ပြေးကြပါ”

“ကျွန်မတို့ ဝိညာဉ်ပိုးဖလံဂေဟာက လူတွေက ဒီမှာနေခဲ့ပြီး ကျန်တဲ့မိစ္ဆာကျင့်ကြံသူတွေကို အပြတ်ရှင်းပစ်မယ်”

အဲ့ဒီတော့မှ ရွှေနက်ရွာသားများက ဒီခုနစ်ယောက်သည် ဝိညာဉ်ပိုးဖလံဂေဟာမှ ဝိညာဉ်ကျင့်ကြံသူများဖြစ်သည်ဟု သိသွားကြသည်။

သူတို့ကို ကယ်တင်ရန်လာခဲ့ကြသည်မှာ ဝိညာဉ်ပိုးဖလံဂေဟာမှ ဝိညာဉ်ကျင့်ကြံသူများဖြစ်နေခြင်းပင်။

“ကျနော်တို့လည်း ကူညီပါရစေ!”

“မှန်ပါတယ် လူကြီးမင်းတို့၊ ကျွန်ုပ်တို့လည်း တတ်နိုင်တာ ကူညီနိုင်ပါတယ်”

သန်မာသည့် ရွှေနက်ရွာသား လူငယ်အချို့က တက်တက်ကြွကြွနှင့်ပူးပေါင်းလာကြသည်။

စုကျို ငြင်းပယ်ခြင်းမရှိဘဲ လဲ့အော်တို့ထံသို့ လူအချို့ခွဲပေးလိုက်ပြီး သူမ ကိုယ်တိုင်ကမူ အိပ်ပျော်နေသည့် မိစ္ဆာကျင့်ကြံသူများကို သစ်သားအိမ်တစ်ခုထဲသို့ဆွဲခေါ်သွားသည်။

မကြာခင်မှာပင် ဖဲကစားနေသည့်၊ တစ်ရေးအိပ်နေသည့်ကျန်ရှိသည့် မိစ္ဆာကျင့်ကြံသူများသည် မမျှော်လင့်ဘဲအဖမ်းခံရပြီး အသတ်ခံလိုက်ရသည်။

“ဟင် ? မကောင်းတော့ဘူး! သူတော်စင်တွေ ရောက်နေပြီ!”

“ရန်သူ့တိုက်ခိုက်မှု!”

ရေချိုးပြီး၍ ပျော်ပျော်ရွှင်ရွှင်နှင့်ပြန်လာကြသည့် မိစ္ဆာကျင့်ကြံသူလေးဦးသည် လန်းလန်းဆန်းဆန်းနှင့် နောက်ဆုံးတော့ ပြန်ရောက်လာ ကြသည်။

ရွှေနက်ရွာသို့ ပြန်ရောက်လာသည့်အခါတွင်မူ မြေပြင်ပေါ်တွင်ပြန့်ကျဲနေသည့် မိစ္ဆာကျင့်ကြံသူ အလောင်းများနှင့် မိစ္ဆာပုံဆောင်ခဲများ မရှိတော့သည့် စားပွဲကိုမြင်ပြီး သူတို့မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုနှင့်ပြူးကျယ်သွားကြသည်။

“ပြေးကြ!!”

ပြန်ရောက်လာသည့် မိစ္ဆာကျင့်ကြံသူလေးဦးသည် နောက်လှည့်ပြီး ထွက်ပြေးကြတော့သည်။

“ဟေး? ဘယ်ကို ပြေးမလို့လဲ!” လဲ့အော်က သူ့လှံကို ကိုင်ပြီးလိုက်လံတိုက်ခိုက်သည်။

မိစ္ဆာကျင့်ကြံသူလေးဦးသည် ပိုလို့အသည်းအသန်ထွက်ပြေးကြတော့သည်။

စုကျို မတတ်နိုင်သလိုခေါင်းခါလိုက်ပြီး သူ့ လည်ပင်းကို ချက်ချင်းလက်နှင့်အုပ်ကာ အော်ပြောလိုက်သည်။

“ဟေး၊ ဒီကိုလာခဲ့ကြ၊ ငါတို့က တစ်ဖက်တည်းသားတွေပါ”

“ဝူအာ၊ ငါက မင်းနဲ့ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မင်းရဲ့အစ်ကို ဝူစန်းပါ”

“...”

“ငါ မင်းတို့ကို ကယ်ဖို့လာတာ၊ ငါနဲ့အတူ မြန်မြန် လိုက်ခဲ့ကြ”

ထွက်ပြေးနေကြသော မိစ္ဆာကျင့်ကြံသူလေးဦးစလုံးမှာ မှင်သက်သွားကြသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရွှမ်းထျယ်ကျေးရွာ၏ ကျဉ်းမြောင်းသောလမ်းကြားတစ်ခုတွင် ‘ဝူအာ’ နှင့် တစ်ပုံစံတည်းတူသော မိစ္ဆာကျင့်ကြံသူတစ်ဦးက သူတို့ကိုပြုံးပြလျက် လက်ယမ်းပြနေ သည်ကို မြင်လိုက်ရသည်။

သတ္တဝါမှန်သမျှမှာတူညီသော သဘောရှိကြသည်; ဘေးဒုက္ခမှ ထွက်ပြေးနေရချိန်တွင် မိမိတို့နှင့် မျိုးနွယ်တူတစ်ဦးကို မြင်လိုက်ရခြင်းမှာ ကယ်တင်ခြင်းခံလိုက်ရပြီဟု ထင်မှတ်မှားစေတတ်သည်။

မိစ္ဆာကျင့်ကြံသူ ခေါင်းဆောင်လဲ့းဦးမှာ အလွန်ဝမ်းသာသွားကြပြီး ‘ဝူစန်း’ ရှိရာသို့ အပြေးအလွှားလာခဲ့ကြသည်။

စုကျိုကမူ ပြုံးစိစိဖြင့် “လာကြ၊ ငါမိတ်ဆက်ပေးပါရစေ၊ ဒါတွေက ငါ့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့ ဝူစစ်၊ ဝူဝူနဲ့ ဝူလျိုပဲ”

“!”

စုကျီကျီနှင့် စုရှင်းချန်တို့သည် သစ်ကိုင်းအိုများကို အသုံးပြု၍ သူတို့ကိုလျှို့ဝှက်လမ်းကြောင်းထဲသို့ အမြန်ဆွဲသွင်းလိုက်ကြသည်။

ရွှေနက်ရွာသားတစ်စုကလည်း ထိုမိစ္ဆာကျင့်ကြံသူသုံးဦးကို ချက်ချင်းဝိုင်းဝန်းခုတ်ပိုင်းပစ်လိုက်ကြသည်။

အပြင်ဘက်တွင်မူ ဝူအာသည် လမ်းကြားထဲ၌ မိမိနှင့်တစ်ပုံစံတည်းတူနေသော မျက်နှာသုံးခုကို ကြောင်ကြည့်နေစဉ်မှာပင်၊ နောက်ဘက်မှ လဲ့အော်၏လှံရှည်ဖြင့် မြေပြင်ပေါ်သို့ ရိုက်နှက်ခြင်းခံလိုက်ရတော့သည်။

[ရွှမ်းထျယ်ကျေးရွာ မစ်ရှင်အောင်မြင်စွာ ပြီးဆုံးပါပြီ!]

[စုကျိုနှင့်လဲ့အော်တို့အား ဂုဏ်ပြုပါသည်။]

[ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့အား ဂုဏ်ပြုပါသည်။]

ခဏချင်းမှာပင် ခန့်ညားထည်ဝါသော ဝတ်စုံကိုဝတ်ဆင်ထားသည့် အုပ်အုပ်ရေးမှုးရူယွီသည် သူတို့ရှေ့ရှိကောင်းကင်ထက်တွင် ပေါ်လာသည်။

သူမ၏လှပသောမျက်နှာမှာ စုကျိုနှင့်အခြားသူများကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေသည်။ အားလုံးမှာ မိစ္ဆာကျင့်ကြံသူများနှင့် တစ်ပုံစံတည်းတူနေခြင်းကြောင့် သူ့ နှုတ်ခမ်းများမှာတွန့်သွားရသည်။

“မစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ”

“ဝိညာဉ်ပိုးဖလံဂေဟာကို ချက်ချင်းပြန်ကြပါ”

“စုကျို၊ နင်ကတော့ နင့်ရဲ့ ပါရမီနဲ့ ဝိညာဉ်စွမ်းအင်ကို ပြန်စစ်ဆေးဖို့ သခင်တစ်ရာခန်းမကို လာခဲ့ပါ”

အုပ်ရေးမှုးရူယွီ သူ့ မျက်လုံးများကို မှိတ်ထားရင်းပြောလိုက်သည်။

မျက်လုံးမှိတ်ထားမှသာ လူမှားခေါ်မိခြင်းမှကင်းဝေးမည်ဖြစ်သည်။ သူ့အနေဖြင့် မည်သူမှာ စုကျိုဖြစ်သည်ကို လုံးဝ ခွဲခြား၍မရနိုင်တော့ပေ!

“ဟင်?”

စုကျို အပြစ်ကင်းစင်သောအမူအရာဖြင့် နောက်သို့ အနည်းငယ်လန်သွားသည်။

“ဘာလို့ ပြန်စစ်ရမှာလဲ ? ကျမ လေးဆသော ထုတ်လုပ်နိုင်စွမ်းကိုထုတ်ပေးခဲ့တာပဲ၊ အဲ့ဒါ မှန်ပါတယ်”

ကောင်းကင်ထက်မှ ရူယွီသည် ခဏမျှမျက်လုံးပြူးသွားသည်။

ထို့နောက် သူမ ယိမ်းယိုင်သွားပြီး ပျောက်ကွယ်သွားတော့သည်။

[တောက်ရန်၊ ဒီနေ့တပည့်တွေနဲ့ လုပ်ခဲ့တဲ့ မစ်ရှင်ကပြီးဆုံးသွားပြီ၊ အထပ် ၃၀ မှာရှိတဲ့ သခင်တစ်ရာခန်းမကို ပြန်လာခဲ့ပါ။]

[စုကျိုအတွက် မင်း စမ်းသပ်ခဲ့တဲ့ ပါရမီနဲ့ဝိညာဉ်စွမ်းအင်က မှားနေတယ်။]

【—အုပ်ချုပ်ရေးမှူး: ရူယွီ】

တပည့်များနှင့်အတူ မိစ္ဆာနှိမ်နင်းရေး မစ်ရှင်လုပ်ဆောင်နေသည့် တောက်ရန်သည် စန်းယဲ့စာကိုမြင်သောအခါ မှင်သက်သွားရသည်။

ဘယ်လိုလုပ် အမှားအယွင်းရှိနိုင်မှာလဲ?

“ဟေး၊ ဒါက တကယ်ခက်ခဲလွန်းတယ်၊ ငါ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ဝိညာဉ်စွမ်းအင် စမ်းသပ်ပွဲမှာ ရိုးရိုးသားသားပဲပါဝင်လိုက်တော့မယ်”

စုကျိုသည် ရွှမ်းထျယ်ကျေးရွာရှိ အဖိုးအိုနှင့် မြေးမလေး၏အခန်းထဲတွင် ထိုင်နေရင်း၊ မိစ္ဆာကျင့်ကြံသူ ဝတ်စုံများကိုချွတ်ကာ အထပ် ၃၀ ၏ ခေါင်းဆောင်လဲ့အော်အား အကျိုးသင့်အကြောင်းသင့်ပြောနေသည်။

“အုပ်ချုပ်ရေးမှူးတောက်ရန်က အရမ်းတာဝန်ကျေပါတယ်၊ အဲ့ဒီနေ့က စမ်းသပ်မှုတွေလည်း ရှိခဲ့တာပဲ...”

စုကျို စကားကို ခေတ္တရပ်လိုက်ရာ စုကျီကျီ ချက်ချင်းဝင်ဖြည့်ပေးလိုက်သည်။

“ပိုးချည်စမ်းသပ်တဲ့ အထပ်ရယ်၊ ပြီးတော့ ‘နွေဦးပိုးကောင်ဟာ သေဆုံးတဲ့အထိ ပိုးချည်ငင်တယ်’ ဆိုတဲ့ ဝိညာဉ်တိုင်းတာရေး စက္ကူလိပ် စမ်းသပ်မှုတွေလည်း ရှိခဲ့တာလေ”

“အေး၊ အဲ့ဒါလေ” စုကျို လဲ့အော်ကိုညည်းတွားပြလိုက်သည်။

“ဒီတစ်ခါ မစ်ရှင်ကို နင်တို့အားလုံး ကိုယ်တိုင်မြင်ခဲ့ကြတာပဲ၊ ငါ ဘုရားမှာ ကျိန်ရဲပါတယ်”

သူ စကားပြောနေရင်း သူ့လက်ထဲမှ ပိုနေသည့် ၅ ချောင်းမြောက်မှ ၉ ချောင်းမြောက်အထိ နီရဲရွှေရောင်လှံရှည်များကိုပြန်ယူကာ သူ့ ကိုယ်ပိုင် ဝိညာဉ်အိတ်ထဲသို့ ထည့်လိုက်သည်။

“ငါလေးဆသော ထုတ်လုပ်နိုင်စွမ်းကို ထုတ်ပေးနေတာ မဟုတ်ဘူးလား?”

သူ စားပွဲကိုလက်ဖြင့်ပုတ်လိုက်ပြီး ယခု သူတို့ပိုင်ဆိုင်ထားသည့် လှံလေးချောင်းကိုညွှန်ပြလိုက်သည်။

လဲ့အော် : “...အဲ့လိုတော့ မဟုတ်လောက်ဘူး ထင်တယ်...”

စုကျို ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ဘက်သို့လှည့်ကြည့်ကာ လက်မထောင်ပြလိုက်ရင်း “သူ့ကို စကားပြောတတ်အောင် သင်ပေးလိုက်ပါဦး”

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လဲ့အော်ကိုအမြန်လှည့်ကြည့်လိုက်ကြသည်။ ကြိုတင်ပြင် ဆင်စရာမလိုဘဲ သူတို့၏ဖျောင်းဖျစကားများမှာ တရစပ်ထွက်ပေါ်လာတော့သည်။

“ခေါင်းဆောင်၊ ခေါင်းဆောင် ဝေဝါးနေတာလား? ခေါင်းဆောင်ရဲ့ဝမ်းဗိုက်ကြွက်သား ၉ ခုနဲ့ ဝိညာဉ်အမြုတေက သူ့ ဆီမှာ ရှိနေတာကို မေ့သွားပြီလား!? သတိထားဦးလေ!”

လဲ့အော် : “!”

စုကျို မျက်လုံးများကို မှိတ်လိုက်ပြီးမှပြန်ဖွင့်လိုက်သည်။

“ဒါဆိုရင်? ငါ့မှာ ဘယ်လို ပါရမီရှိလဲဆိုတာ နင်တို့ မြင်ပြီးပြီလား?”

“လေးဆ ထွက်နှုန်း! လေးဆ ထွက်နှုန်း!” ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အသည်းအသန်ဖြေကြားရင်း ခေါင်းကို တရစပ်ငြိမ့်ပြကြသည်။

စုကျို သူတို့အားကျေနပ်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ ဖီးနစ်မျက်လုံးများက လဲ့အော်ဆီသို့ဦးတည်သွားသည်။

“ခေါင်းဆောင်လဲ့... နင်လည်း လဲ့မိသားစုရဲ့ကျင့်စဉ်ကို မြန်ဆန်စေတယ်ဆိုတဲ့ အဲ့ဒီဒဏ္ဍာရီလာ လျှို့ဝှက်နည်းလမ်းကိုလိုချင်နေတာလား? အားးးးးးးး”

ရင်းမြောင် တကယ်အထင်ကြီးသွားပုံဖြင့် သူ့ တင်ပါးများဖြင့် မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ဆောင့်ကျပြသည့် အမူအရာကိုလုပ်ပြလိုက်လေသည်။

လဲ့အော် မျက်နှာတစ်ခုလုံး နီမြန်းလျက် ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး “ငါ... စုကျို၊ ငါ ဘာမှမသိဘူး”

စုကျို နောက်ဆုံးတွင် ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့ ဝါဂွမ်းရောင် ဝတ်ရုံစများလွင့်ပျံသွားအောင် လက်နှစ်ဖက်ကို နောက်ပစ်ကာထရပ်လိုက်သည်။

“ဒါဆိုရင် နင် ငါ့ရဲ့... ကို ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ ?”

လဲ့အော် အသက်ပြင်းပြင်းရှူလိုက်ပြီး “ဝမ်းဗိုက်ကြွက်သား” ဆိုသည့် စကားလုံးကိုမျိုချလိုက်ရသည်။ သူသည် သူ့လောင်းကြေးအတွက် အကျိုးဆက်ကို လက်ခံရမည်သာ။ မစ်ရှင်ဆိုသည်မှာ တိုက်ပွဲတစ်ခုနှင့်တူသည်မဟုတ်ပါလား။

ပြိုင်ဘက်၏လှည့်ကွက်များကို သူ မခုခံနိုင်ခဲ့ခြင်းကြောင့် သူမထံမှ ကရုဏာတရားကို သူ မည်သို့မျှော်လင့်နိုင်မည်နည်း။

သူ့ဝမ်းဗိုက်ကြွက်သားများကို သူမ ရရှိသွားခြင်းမှာ သူ ခုခံကာကွယ်မှု အားနည်းခဲ့ခြင်းကြောင့်သာ!

သူ့ ကျင့်ကြံခြင်းအဆင့် မမီခဲ့ခြင်းကြောင့်ပင်!

ဟူး...

သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိတော့ပေ။ သူမသည် ထိုဝမ်းဗိုက်ကြွက်သားများကို မည်သို့ကိုင်တွယ်မည်ဆိုသည်မှာ စုကျို သဘောသာဖြစ်ပေလိမ့်မည်။

လဲ့အော်သည် မျက်လုံးများကို မှိတ်လိုက်ပြီးမှ ခဲယဉ်းစွာ ပြန်ဖွင့်ကာ စုကျို၏တောက်ပနေသော ပုံရိပ်ကိုကြည့်လိုက်သည်။ ထို့နောက် အဖိုးအို၏ အိမ်တွင် ချည်နှောင်ထားသည့် အိပ်ပျော်နေသော မိစ္ဆာကျင့်ကြံသူဘက်သို့လှည့်ကြည့်လိုက်သည်။

“စုကျို၊ ဒီမိစ္ဆာကျင့်ကြံသူကို နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ? သူ့ကို အသက်ချမ်းသာပေးပြီး အုပ်ချုပ်ရေးမှုးစစ်ဆေးမေးမြန်းနိုင်အောင် ဝိညာဉ်ပိုးဖလံဂေဟာကို ပြန်ခေါ်သွားမလို့လား?”

သူမ ဘာကြောင့် ၎င်းအား အုပ်ချုပ်ရေးမှုးရူယွီထံ စောစောစီးစီးအပ်မနှံခဲ့ရသနည်း?

သူတို့သည် ဤမိစ္ဆာကျင့်ကြံသူကြောင့် ဘေးဒုက္ခမကြုံခဲ့ရသော်လည်း၊ သူ့ကို ဝိညာဉ်ပိုးဖလံဂေဟာထဲ ခေါ်ဆောင်သွားမည်ဆိုပါက သတင်းပို့ရန် လိုအပ်သည်။

“ဒါဆိုရင် ငါ သခင်တစ်ရာခန်းမကို အရင်ဆုံးသတင်းပို့လိုက်မယ်၊ သူတို့ကို—”

လဲ့အော် စကားမဆုံးသေးမီမှာပင် စုကျို လက်ယမ်းပြလိုက်သည်။

“မလိုပါဘူး၊ အုပ်ချုပ်ရေးမှူးရူယွီက သူ့ကိုစစ်ဆေးပြီးပြီ၊ သူက သိပ်ပြီးတန်ဖိုးမရှိပါဘူး”

စုကျို တည်ငြိမ်စွာဆိုသည်။

“ငါက ဝိညာဉ်စွမ်းအင်တွေ ပြန်ပြည့်လာအောင်စောင့်ပြီး သူ့ရဲ့ ‘အချိန်နောက်ပြန်လှည့်ခြင်း’ ကို မိတ္တူကူးဖို့စောင့်နေတာ”

“!”

လဲ့အော်နှင့် အခြားသူများမှာ မည်သည့်အချက်ကို အရင်ဆုံးအံ့သြရမည်မှန်း မသိတော့ပေ။

“အုပ်ချုပ်ရေးမှူးရူယွီ သူ့ကို ဘယ်တုန်းက စစ်ဆေးသွားတာလဲ? ငါတို့ ဘာလို့ သတိမထားမိတာလဲ?”

“ဘာ... စုကျို မဟုတ်ဘူး၊ စုဝူတိ” ကျင်းကန်းပေါင် မျက်လုံးများပြူးကျယ်သွားသည်။

“နင့်ရဲ့မိတ္တူကူးတာက၊ အဟမ်း၊ လေးဆ ထွက်နှုန်းက မိစ္ဆာကျင့်ကြံသူ သုံးတဲ့နည်းစနစ်တွေကိုတောင် ကိုးကြိမ်အထိ... မိတ္တူကူးလို့ ရတာလား ?”

စုကျီကျီနှင့် စုရှင်းချန်တို့လည်း အနည်းငယ်ထိတ်လန့်သွားကြသည်။

All Chapters