← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

အခုတော့ သူ အဲ့ဒီအတိုင်း ထူးထူးဆန်းဆန်းလိုက်ဆိုနေသည်။

“အချိန်... နောက်ပြန်... လှည့်”

အသံနေအသံထားက မတည်ငြိမ်ဘဲ နားထောင်လို့မကောင်းတဲ့အပြင် အဲ့ဒါကို ခြောက်ကြိမ်တတိုင် ထပ်ခါတလဲလဲဆိုနေပါသေးသည်။

စုရှင်းချန်ကမူ နောင်မှာဂါထာအမည်တွေကို သေချာမှန်မှန်ကန်ကန်ရွတ်ဆိုတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ထိုအချိန်တွင် လင်းယုန်ကြီးပေါ်ရှိကျန်ရှိနေသူများအားလုံးမှာလည်း စုကျိုကိုသာ အာရုံစိုက်ကာစိုက်ကြည့်နေကြသည်။

သူမ မျက်လုံးကိုမှိတ်လိုက်၊ ပြန်ဖွင့်လိုက်နှင့် ခုနစ်ကြိမ်တိုင်တိုင်အိပ်စက်ခဲ့သည့်အလား သူတို့မြင်နေရသည်။

နောက်ဆုံးတစ်ကြိမ်တွင်မူ စုကျိုသည် တစ်စုံတစ်ခုပူးကပ်သွားသည့်အလား နောက်သို့အနည်းငယ်လန်သွားပြီး မျက်လုံးပြန်ပွင့်လာချိန်တွင် သူ့မျက်ဝန်း၌ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များပေါ်လွင်နေသည်။

လဲ့အော်အားကြည့်လိုက်သော သူ့အကြည့်မှာ သူစိမ်းတစ်ယောက်ကိုကြည့်နေသကဲ့သို့ပင်။

သူမသည် လွန်ခဲ့သော ခုနစ်ရက်ကအခြေအနေ (သူ့ကိုမသိသေးသော အခြေအနေ) သို့ အမှန်တကယ် ပြန်ရောက်သွားခြင်းဖြစ်သည်။

လဲ့အော် : “!”

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

စုကျီကျီနှင့် စုရှင်းချန်တို့ကမူ စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးလာကာ “ကျဲ၊ ကျွန်တော်တို့ကို မှတ်မိသေးလား? ကျွန်တော်တို့ ရွှေနက်ရွာ မစ်ရှင်ကို လာလုပ်နေတာလေ”

“အင်း ?”

စုကျို၏ ဗလာဖြစ်နေသော မျက်နှာအမူအရာမှာ ခဏသာကြာလိုက်ပြီး သူ့ အသိစိတ်များမှာ လျင်မြန်စွာပြန်လည်ကြည်လင်လာသည်။

“တော်သေးတာပေါ့! ကျဲ မှတ်မိနေသေးတယ်!” စုကျီကျီ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သို့သော် စုကျို ချက်ချင်းခေါင်းခါပြလိုက်ကာ “မမှတ်မိဘူး” ဟု ဆိုလာသည်။

“!”

“...”

သူ လွန်ခဲ့သောခုနစ်ရက်ခန့်က အခြေအနေသို့ အမှန်တကယ်ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။ သူမသည် ခုနစ်ရက်စာ ပြန်လည်နုပျိုသွားသော် လည်း ထိုခုနစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှ မှတ်ဉာဏ်များအားလုံးမှာ ပျောက်ဆုံးသွားခဲ့ချေပြီ။

စုရှင်းချန် မျက်နှာမှာ ဖြူလျော့သွားပြီး “ဒီအချိန်ခရီးသွား ပါရမီက တကယ်လျှောက်သုံးလို့မရဘူးပဲ” ဟု ရေရွတ်လိုက်သည်။

သို့သော် မကြာမီမှာပင် ဝတ်ရုံနီနှင့် မိစ္ဆာလူငယ်လေးက သူ့ခါးတွင် ချိတ်ထားသောဝိညာဉ်အိတ်အိုလေးကိုဖွင့်ကာ မှတ်တမ်းတင်ကျောက်တုံး ခုနစ်တုံးကိုထုတ်လိုက်သည်။

သူမ ဝါးရုံလက်အင်္ကျီအတွင်း၌ တိတ်တဆိတ်ဝှက်ထားခဲ့သော မှတ်တမ်းတင်ကျောက်တုံးကိုလည်း သူ ရှာဖွေတွေ့ရှိသွားသည်။

ထို့နောက် ထိုကျောက်တုံးအားလုံး စုကျိုထံသို့ကမ်းပေးလိုက်သည်။

စုကျို ထိုကျောက်တုံးများအား ချက်ချင်းလက်ခံလိုက်ပြီး သူ့ ဝိညာဉ်အာရုံကို အရှိန်အဟုန်ဖြင့်မြှင့်တင်ကာ ကျောက်တုံးများပေါ်ရှိလွန်ခဲ့သော ခုနစ်ရက်စာ မှတ်တမ်းများအားလုံးကိုအမြန်ဖတ်ရှုလိုက်သည်။

“ဪ... ဒီလိုကိုး”

စုကျို သူ့ မေးစေ့ကိုလက်ဖြင့်ထောက်လိုက်ရင်း “ငါ လွန်ခဲ့တဲ့ ခုနစ်ရက်ကို ပြန်ရောက်သွားတာပဲ၊ အင်း... အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တာပဲနော်”

“!”

“!!”

ချွေးပြန်နေသော စုရှင်းချန်အားကြည့်ကာ စုကျို ပြုံးပြလိုက်သည်။

“အခု အဆင်ပြေသွားပါပြီ၊ ဒါတွေ ဖတ်ပြီးတာနဲ့ ငါ အကုန်သိသွားပြီ”

“အခု ငါ့ရဲ့အသိဉာဏ်က ဒီနေ့ဆီ ပြန်ရောက်လာပြီ၊ ငါ့ရဲ့ခန္ဓာကိုယ်ပဲ လွန်ခဲ့တဲ့ ခုနစ်ရက်ကအတိုင်း ဖြစ်နေတာ”

“...”

လဲ့အော်သည် မယုံနိုင်စရာကောင်းလှသော အဖြစ်အပျက်ကြောင့် အသိပြန်ဝင်လာပြီး စုကျိုလက်ထဲမှ မှတ်တမ်းတင်ကျောက်တုံးကိုကြည့်ကာ

“ဒီခုနစ်ရက်စာမှတ်တမ်းတွေ အားလုံးကို နင်ဘယ်လိုလုပ် အကုန်မှတ်တမ်းတင်ထားနိုင်တာလဲ? ဒါတွေကိုကြိုတင်ပြီး အကွက်ချ စီစဉ်ထားတာ လား?”

“ဟုတ်တယ်”

စုကျို ဂရုမစိုက်သလို ပြုံးလိုက်သည်။

“လွန်ခဲ့တဲ့ ရှစ်ရက်က ကျင်းချန်ကို ငါ ပထမဆုံးတိုက်ခိုက်ခဲ့တုန်းက၊ ငါ့ရဲ့အနာဂတ်ကိုယ်တိုင်က ဒီ ‘ခုနစ်ရက်မှာ တစ်ကြိမ်ပဲ အမြတ် ထုတ်လို့ရတဲ့’ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့လိမ့်မယ်လို့ ငါတွေးထားခဲ့တာ”

ကျင်းကန်းပေါင်နှင့်ရင်းမြောင်တို့ တစ်ဦးကိုတစ်ဦးလှမ်းကြည့်လိုက်ကြသည်။ သူမ နည်းစနစ်မှာ ခုနစ်ရက်စာကန့်သတ်ချက်ရှိသည့် အားနည်း ချက်ကြီးရှိနေသည်ကိုး!

သို့သော် အခုမူ... ထိုအားနည်းချက်က ပျောက်ကွယ်သွားပြီဖြစ်သလို သူလည်း ယခုမှ အဲ့ဒါကိုထုတ်ပြောခြင်းဖြစ်သည်။

သူတို့နှစ်ယောက်စလုံး ငိုချင်သလို မျက်နှာများဖြစ်သွားကြသည်။ မူလကတော့ ထိုခုနစ်ရက်အတွင်းမှာ သူမကိုကြောက်စရာမလိုဟု ထင်ခဲ့ကြသော်လည်း ယခုတော့ မဟုတ်တော့ပေ။

“ငါကတော့ နည်းလမ်းနှစ်ခုပဲ စဉ်းစားလို့ရတယ်”

စုကျို သူ့ညာဘက်လက်ချောင်း နှစ်ချောင်းကိုထောင်ပြလိုက်ရာ အားလုံးဘေးသို့ အလိုအလျောက်အနည်းငယ်ဆုတ်သွားကြသည်။

“ပထမနည်းလမ်းက ငါ့ရဲ့ ပါရမီစွမ်းရည် တိုးတက်လာပြီး ခုနစ်ရက် ကန့်သတ်ချက်အလိုအလျောက်ပျောက်ကွယ်သွားဖို့ မျှော်လင့်တာ၊ နောက်တစ်နည်းကတော့ အချိန်ကိုထိန်းချုပ်နိုင်တဲ့ လှည့်ကွက်တစ်ခုကိုရှာတွေ့လိုက်တာပဲ”

စုကျို ပြုံးစစဖြင့် ဆက်ပြောလာသည်။

“အဲ့ဒါကတော့ လွန်ခဲ့တဲ့ ခုနစ်ရက်ကိုပြန်သွားတာ ဒါမှမဟုတ် အနာဂတ် ခုနစ်ရက်ဆီကို သွားလိုက်တာပဲ”

“ဒါပေမဲ့ ငါက အသက်ရှင်နေတဲ့ လူသားတစ်ယောက်ပဲလေ၊ ငါ့မှာလည်း ကိုယ်ကျိုးဆန္ဒလေးတွေရှိတာပေါ့၊ ငါ့ဘာသာ ငါ အလိုအလျောက် အိုမင်းသွားတာမျိုးတော့ မဖြစ်ချင်ဘူး”

စုကျို သက်ပြင်းချလိုက်ပြီးနောက် ထူးဆန်းစွာရယ်မောလိုက်သည်။

“အဲ့ဒီတော့ အချိန်ထိန်းချုပ်တဲ့ နည်းစနစ်ကိုတတ်မြောက်သွားတာနဲ့ ငါကတော့ အတိတ်ကိုပြန်သွားဖို့ပဲ သေချာပေါက်ရွေးချယ်မှာပေါ့”

“ဟဲဟဲ... ဒါကြောင့် လွန်ခဲ့တဲ့ခုနစ်ရက်ကတည်းက ငါ မှတ်တမ်းတင်ကျောက်တုံးတွေ အများကြီးဝယ်ထားပြီး အားယွမ်ကို ငါ့ရဲ့စကားပြော၊ အပြုအမူ၊ နေ့စဉ်လုပ်ဆောင်မှုတွေနဲ့ ပတ်ဝန်းကျင်က အပြောင်းအလဲတွေ အကုန်လုံးကိုမှတ်တမ်းတင်ခိုင်းထားတာ”

စုကျို ကျေနပ်သွားသည့်အမူအရာဖြင့် ပြုံးလိုက်ပြီး ပုံရိပ်ယောင်ကျောက်တုံးခုနစ်တုံးကို ချန်ယွမ်ထံပြန်ပေးလိုက်သည်။

“အားယွမ်၊ ငါ့အတွက် ဆက်ပြီး မှတ်တမ်းတင်ပေးဦးနော်”

ချန်ယွမ် မျက်ဝန်းအရောင်များပြောင်းလဲသွားပြီး စိမ်းပြာရောင်ဖျော့ဖျော့လေးမှာ တဖြည်းဖြည်းရင့်လာသည်။

သူမက သူ့ကို ‘အားယွမ်’ လို့ ခေါ်လိုက်တာပဲ...

ချန်ယွမ် မျက်လုံးထောင့်မှ ငွေပြာရောင်အကြေးခွံလေးများသည် လှုပ်ခတ်နေသည့်အလား နူးညံ့စွာတောက်ပလာသည်။

စုကျို ပျင်းကြောဆန့်လိုက်သည်။

“ဟေး၊ ဒါတကယ့်ကောင်းတာပဲ! ငါ ခုနစ်ရက်စာ ပြန်နုပျိုသွားပြီ!”

“ပြီးတော့ ငါ့မှာ အကျိုးရှိတဲ့ ခုနစ်ရက်စာအတွေ့အကြုံတွေလည်း ရှိနေတုန်းပဲ”

“...”

“အဲ့ဒီခုနစ်ရက်အတွင်း ငါ သင်ယူခဲ့တဲ့ ကျင့်စဉ်တွေအားလုံးကို ငါ့ရဲ့မှတ်စုစာအုပ်ထဲကနေ အမြန်ကြည့်လိုက်ရုံနဲ့ တစ်ခဏချင်းမှာတင် ပြန်တတ်သွားပြီ၊ ဟားဟားဟား!”

စုကျို အလွန်အမင်း ဝမ်းသာအားရဖြစ်နေပြီး ချန်ယွမ်ဆီမှ ဝိညာဉ်စွမ်းအင် သိုလှောင်ကျောက်တုံးနှစ်တုံးကို ထပ်ယူလိုက်သည်။

သူ ထိုစွမ်းအင်တွေကို ချက်ချင်းစုပ်ယူလိုက်သည်။

ထိုအခါမှသာ သူမ ကျင့်ကြံခြင်းအဆင့်သည် အဆင့်တစ်ခုလျော့ကျသွားခဲ့သည်ကို အားလုံးသတိထားမိလိုက်ကြသည်။

အမှန်စင်စစ် သူမသည် အချိန်နောက်ပြန်မလှည့်မီက ထိုခုနစ်ရက်အတွင်းကျင့်ကြံရရှိခဲ့သည့် ဝိညာဉ်စွမ်းအင်အားလုံးကို ပုံဆောင်ခဲများထဲတွင် ကြိုတင်သိုလှောင်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ထိုစွမ်းအင်များကိုပြန်လည်ထုတ်ယူလိုက်သောအခါ သူမသည် ခုနစ်ရက်စာကျင့်ကြံပြီးသား စုကျိုအဖြစ်သို့ ပြန်လည်ရောက်ရှိသွား ပြန်သည်။

သူမ ဘာတစ်ခုမှ ဆုံးရှုံးသွားခြင်းမရှိဘဲ ခုနစ်ရက်စာပြန်လည်နုပျိုသွားသည့်အပြင်၊ ယနေ့တွင် သူမ မိတ္တူကူးပြီးသားသူကိုလည်း အကန့်အသတ်မရှိ ထပ်မံမိတ္တူကူးနိုင်ခွင့်ရရှိသွားတော့သည်။

သူမ၏အသေးစိတ်ကျလှသော အကွက်ချစီစဉ်မှုနှင့် ထင်ပေါ်ကျော်ကြားလှသည့် လုပ်ဆောင်ချက်များကြောင့် လူတိုင်းမှင်သက်သွားကြရသည်။

ထို့နောက် အားလုံး၏အထင်ကြီးလေးစားနေသော အကြည့်များအောက်မှာပင် စုကျိုသည် ချန်ယွမ်ကမ်းပေးလာသည့် ဝိညာဉ်အိတ်ကို ယူလိုက်ပြီး ရွှေရောင်အချက်ပြဂါထာစာရွက်တစ်ရွက်ကိုထုတ်ကာ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ရှေ့သို့ ပစ်ပေးလိုက်သည်။

“နင်တို့ထဲက ဘယ်သူ သူ့ကိုခေါ်မှာလဲ?”

“...!”

“နင်တို့နှစ်ယောက် ငါ့ကိုစိန်ခေါ်ခဲ့တာ၊ စော်ကားခဲ့တာ၊ ပြီးတော့ ငါ့ကို ကိုးကြိမ်တိုင်တိုင် ထိုးကြိတ်ခဲ့လို့ ငါ့ရဲ့ ရွှေလက်ချောင်းလေးခုနဲ့ လူစားထိုး ရုပ်သေးရုပ်လေးခု ဖြုန်းတီးခဲ့ရတာတွေကို ငါ မမေ့သေးဘူးနော်”

“နင်တို့တစ်ယောက်ချင်းစီက ငါ့ကို ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင်စီ အကြွေးတင်နေတယ်”

“ကဲ... နင်တို့ဘာသာ နင်တို့ သူ့ကို ရှာမလား၊ ဒါမှမဟုတ် ငါက နင်တို့ရဲ့ ဦးခေါင်းခွံတွေကို သုံးပြီး...”

သေချာပေါက်ပင် သူမသည် အရာအားလုံးကိုမှတ်မိနေခဲ့သည်။

“!!!”

“ကျွန်တော် သွားပါ့မယ်!”

“ကျွန်တော် သွားပါရစေ!”

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် အခွင့်အရေးရရန်အတွက် ခဏမျှအသည်းအသန်လုယက်ကြပြီးနောက်၊ ရွှေရောင်အလင်းတန်းများဆီသို့ ဦးတည်သည့် ဗီဒီယိုအချက်ပြဂါထာကို အသက်သွင်းရန်အပြိုင်အဆိုင်ကြိုးစားကြတော့သည်။

All Chapters