← Chapters

အခန်း (၉၈)

Vol. 10 Ch. 98

အခန်း (၉၈)

Vol. 10 Ch. 98

လင်းယုန်ကြီးသည် နှစ်နာရီမပြည့်မီအချိန်အတွင်း ပျံသန်းလာခဲ့ပြီး ဝိညာဉ်ပိုးဖလံဂေဟာ၏အထပ်သုံးဆယ်သို့ဆိုက်ရောက်လာခဲ့ သည်။

ဖြောင်း ဖြောင်း ဖြောင်း—

အချင်းချင်းလုယက်နေကြသည့် ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် နောက်ဆုံးတွင် အနိုင်အရှုံးပေါ်သွားပြီး အချက်ပြဂါထာကိုအတူတကွ အသက်သွင်းလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် နတ်သမီးစု”

“အားလုံးကို ကျေးဇူးတင်ပါတယ်”

ရွှေနက်ရွာမှ အဖိုးအိုနှင့်မြေးမလေးတို့သည် စုကျိုနှင့် အခြားသူများကိုနှုတ်ဆက်စကားဆိုကြသည်။

ထိုအချိန်တွင် ကောင်းကင်ယံထက်၌ ရွှေရောင်လွှမ်းသော အချက်ပြပုံရိပ်ယောင်တစ်ခုပေါ်ထွက်လာနေပြီဖြစ်သည်။

ရွှေနက်ရွာမှ အဖိုးအိုမှာလည်း စပ်စုချင်စိတ်ဖြင့် တစ်ချက်လှည့်ကြည့်မိသွားသည်။

မစ်ရှင်မှပြန်လာကြသော သို့မဟုတ် မထွက်ခွာရသေးဘဲ ဝိညာဉ်မြူများဝိုင်းဖွဲ့နေသည့် အထပ်သုံးဆယ်ဝင်ပေါက်၌ စကားစမြည် ပြောနေကြ သောတပည့်များသည် ကျင်းချန်၊ စုကျိုနှင့် အခြားသူများကို မမြင်ဘဲမနေနိုင်ကြတော့ပေ!

အထပ် ၃၅ ၏အမာခံတပည့်ဖြစ်သူ ကျင်းချန်အချက်ပြပုံရိပ် ဤနေရာတွင်ပေါ်လာခြင်းကြောင့်ဖြစ်စေ၊ ထူးဆန်းသောလုပ်ရပ်များရှိသည့် ကျင့်ကြံသူမလေး စုကျိုကြောင့်ဖြစ်စေ လူတိုင်းမှာ စကားပြောရာမှရပ်တန့်သွားကြပြီး သူတို့ကို ခိုးကြည့်မိကြတော့သည်။

“ကျင်းချန်ရဲ့ တင်ပါးကိုသုံးခဲ့တဲ့ စုကျို... ပြန်လာပြီဟ...”

“အထပ် ၃၀ အဝင်ဝကို မြန်မြန်သွားကြ...”

“မြန်မြန်လာ၊ ကျင်းချန်လည်း ဒီမှာရှိနေတယ်!”

လူတိုင်းက သူတို့၏ သူငယ်ချင်းများထံ သတင်းပေးပို့ကြရာ အထပ် ၃၀ အဝင်ဝတွင် တပည့်များချက်ချင်းတိုးဝှေ့သွားကြသည်။

သူတို့ထဲမှ အများစုမှာ စုကျိုကို ပုံရိပ်ယောင်များထဲတွင်သာ မြင်ဖူးကြသော်လည်း ယနေ့တွင်မူ လူကိုယ်တိုင် မြင်တွေ့ခွင့်ရကြခြင်းဖြစ်သည်။

ထို့ပြင် သူမ၏ထူးထူးခြားခြားလုပ်ရပ်များကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံဆုံရတော့မည်။

အချက်ပြမျက်နှာပြင်ပေါ်တွင် ပေါ်လာသော ကျင်းချန်သည် စာကြည့်ခန်းအတွင်းရှိကျယ်ဝန်းသော စားပွဲတစ်ခု၏ နောက်တွင် ထိုင်နေပြီး လက်ထဲတွင် ‘ဆေးကျမ်း’ တစ်အုပ်ကိုကိုင်ထားသည်။

အချက်ပြ ဆက်သွယ်မှုရသည်နှင့် ကျင်းချန်သည် ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ကို မကြည်လင်သောအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

“ငါ့ကို ပြောစရာရှိတာ သေချာပါစေ”

“ဉာဏ်မရှိတဲ့ အလုပ်တွေ မလုပ်နဲ့”

ကျင်းချန်သည် ယနေ့တွင် အလွန်စိတ်တိုနေပြီး စိတ်အခြေအနေမကောင်းဖြစ်နေသည်မှာ သိသာလှသည်။

စုကျို ဘေးနားတွင်ရပ်ပြီး သူတို့စကားပြောနေသည်ကိုကြည့်နေသည့် လဲ့အော်မှာမူ ပုံရိပ်ယောင်ထဲမှ ကျင်းချန်တင်ပါးဆီသို့ မငုံ့ကြည့်မိ အောင်အတင်းအောင့်ထားရသည်...

သေချာတာပေါ့၊ သူ ဘာမှမမြင်ရပါဘူး။

လဲ့အော် အမြန်တစ်ချက်ကြည့်လိုက်ရာ ကျင်းချန်သည် ခန္ဓာကိုယ်အောက်ပိုင်းကိုစားပွဲဖြင့် ကွယ်ပြီးထိုင်နေခြင်းကြောင့် ပုံရိပ်ယောင်ထဲတွင် မြင်ရခြင်းမရှိပေ။

“အစ်ကိုကျင်းချန်... ကျွန်တော်တို့ ပြောစရာရှိလို့ပါ...”

ကျင်းကန်းပေါင် ရင်းမြောင်အား တွန်းလိုက်ရာ၊ ရင်းမြောင်လည်း သူ့ကိုပြန်တွန်းသည်။

“ပြောလိုက်လေ”

“မင်းပဲ ပြောလိုက်”

“မင်း သူ့ကို ပြောစရာရှိတာလေ”

“မင်း စပြောတာ သိသာနေတာကို...”

ပုံရိပ်ယောင်ထဲမှ ကျင်းချန်သည် အချင်းချင်းတွန်းထိုးနေကြသည့် အူကြောင်ကြောင်နှစ်ယောက်ကို သူ့ဆေးကျမ်းပေါ်မှ မျက်နှာလွှဲကာ ကြည့်လိုက်ပြီး “ငါ သုံးအထိပဲ ရေမယ်...”

“ဒီလိုပါ အစ်ကိုကျင်းချန်၊ ဒီအထပ်က လဲ့အော်ကပြောတယ်— သူ အစ်ကို့ကို စိန်ခေါ်ချင်လို့တဲ့!”

ကျင်းကန်းပေါင်သည် ဘေးနားတွင် ပွဲကြည့်နေသည့် လဲ့အော်အား ရှေ့သို့တွန်းထုတ်လိုက်သည်။

လဲ့အော်: “?”

“သူက အစ်ကို့ကို အသုံးမကျတဲ့ကောင်လို့ခေါ်တယ်၊ ကျင်းချန်ဆိုတဲ့ လူအ၊ အသုံးမကျတဲ့ကောင်၊ အထပ် ၃၅ က အကောင်ကြီး၊ အစ်ကို့က သူ့အစ်ကိုအရင်းဖြစ်တဲ့ အထပ် ၄၀ က လဲ့ကျယ်ကို ဘယ်လိုများအမိန့်ပေးရဲတာလဲ တဲ့!”

ကျင်းကန်းပေါင်က တတွတ်တွတ်ဆဲဆိုတော့သည်။

“ကျင်းချန်၊ မင်းက မထိုက်တန်ဘူး!”

လဲ့အော် : “...”

“လေ့ကျင့်ခန်းမှာ အမှားအယွင်းဖြစ်လို့ တခြားသူတွေ အကုန်လုံးစင်ပေါ်မှာ မတ်တပ်ရပ်နေရချိန်မှာ မင်းကတော့ မြေပြင်ပေါ်မှာ ထိုင်နေရ တယ်၊ အားးးးးးးး၊ စင်ပေါ်က ဆင်းလိုက်တော့!”

ကျင်းကန်းပေါင်က လက်ဝါးနှစ်ဖက်ကိုဖြန့်ပြကာ “ငတုံး” ဟု ဆိုလိုက်သည်။

ပုံရိပ်ယောင်ထဲမှ စားပွဲနောက်ရှိ ကျင်းချန် : “???”

သူ့ မျက်နှာမှာ တဖြည်းဖြည်းမည်းမှောင်လာရသည်။

အထပ်သုံးဆယ်မှ ဇာတ်လမ်းကြည့်နေကြသော တပည့်များမှာလည်း ဆွံ့အသွားကြသည်။

“ကျင်းချန်၊ ဝိညာဉ်ပိုးဖလံဂေဟာကို ကိုယ်စားပြုတဲ့ အခြေခံအဆင့်အထွတ်အထိပ်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် လဲ့မိသားစုရဲ့ အစ်ကိုကြီး လဲ့ကျယ်ကို အမိန့်ပေးဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ?!”

“မင်းရဲ့ ပေါင်ကြီးကိုပဲ ထုတ်ပြ ထုတ်ပြ၊ လဲ့အော်ရဲ့အစ်ကိုကြီး လဲ့ကျယ်ရဲ့လက်ချောင်းတစ်ချောင်းလောက်တောင် မသန်မာပါဘူး— ဪ၊ ဒါ ကျနော်တို့ရဲ့ ခေါင်းဆောင်လဲ့အော် စဉ်းစားနေတဲ့ အချက်ပေါ့” ဟု ကျင်းကန်းပေါင် ထပ်လောင်းပြောကြားလိုက်သည်။

လဲ့အော် : “...”

သူ့ အမူအရာပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ တဖျတ်ဖျတ်ထွက်ပေါ်လာကာ အချိန်မရွေးပေါက်ကွဲထွက်တော့မည့်ပုံ ပေါက်နေသည်။

သို့သော် ကျင်းကန်းပေါင် စကားကို သူ မချေပနိုင်ပေ။

သူ အမှန်တကယ်ပင် ထိုသို့တွေးခဲ့မိသည် မဟုတ်ပါလား ? ထို့ကြောင့် ဘာတတ်နိုင်မည်နည်း။

လဲ့အော်သည် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ခေါင်းနောက်စေ့ကိုကုတ်လိုက်သည်။

သူ လဲ့အော်သည် အထပ်သုံးဆယ်အတွင်း၌ မိမိကိုယ်ကိုယ် အနိုင်မရနိုင်သူ မရှိဟု မှတ်ယူထားသည်။

ကောင်းပြီ၊ ညီမလေးစုကျိုကလွဲရင်ပေါ့။

အခုတော့ သူမကို သူ မရိုက်ရဲတော့ပေ။

ဒါကို ဖယ်လိုက်လျှင် လဲ့အော်သည် မည်သူ့ကိုမျှမကြောက်ဖူးပေ။

သို့သော် သူထိုမာန်မာနကို သူ့အစ်ကိုကြီးဖြစ်သူ လဲ့ကျယ်မှ ငယ်စဉ်ကတည်းကပင် လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် နှိမ်နင်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့အစ်ကိုကြီးလဲ့ကျယ်မှာ ဝိညာဉ်ပိုးဖလံဂေဟာ၏အမာခံတပည့်ဖြစ်ပြီး အထပ်လေးဆယ်ရှိတပည့်တစ်ထောင်တွင် ပထမအဆင့် ချိတ်ထား သူဖြစ်သည့်အပြင်၊ လဲ့မိသားစုတွင်လည်း သစ်သားနှင့် လျှပ်စီး ဝိညာဉ်အမြုတေ နှစ်မျိုးစလုံး၌ အသန်မာဆုံးသူဖြစ်သည်။

သူ ဂေဟာသို့ စတင်ဝင်ရောက်ကတည်းက တစ်ဦးချင်းတိုက်ပွဲတွင် တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်းမရှိပေ!

ကျင်းချန်မှာ အထပ် ၃၅ တွင်သာရှိသေးသည်၊ သူ၏အစ်ကိုကြီးထက်သာလွန်ပြီး အစ်ကိုကြီး၏အဖွဲ့ခေါင်းဆောင်ဖြစ်နေရအောင် သူက ဘာအခွင့်အရေးရှိလို့လဲ?

တောက်!

လဲ့အော် ပထမဆုံးကန့်ကွက်သူဖြစ်သည်။

“ညီလေးလဲ့အော်” ပုံရိပ်ယောင်ထဲမှ ကျင်းချန် သူ့ကို ဟန်ဆောင်အပြုံးဖြင့်ကြည့်လိုက်သည်။

“မင်း တကယ်ပဲ အဲ့ဒီလို ထင်နေတာလား?”

လဲ့အော် သက်ပြင်းချလိုက်ပြီး ရိုးသားစွာဖြင့် ရှေ့သို့ တစ်လှမ်းတက်လာသည်။

“ဟုတ်တယ်”

“ခေါင်းဆောင်လဲ့အော်၊ ကျွန်တော်တို့ကို ကူညီပါဦး၊ ဟုတ်တယ်လို့ပဲ ပြောလိုက်ပါ... ဟင် ?”

ရင်းမြောင် တိုးတိုးလေး ကပ်ပြောလိုက်သည်။

လဲ့အော် သူတို့နှင့် ဤမျှအလွယ်တကူ ပူးပေါင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျင်းကန်းပေါင်လည်း အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

လဲ့အော်ပြုံးလိုက်ရင်း ခရမ်းရောင် လျှပ်စီးကြောင်းများ လက်ခနဲဖြစ်သွားသော သူ့ မျက်ဝန်းနက်များကို မြှင့်ကြည့်လိုက်ပြီး၊ ချက်ချင်းဆိုသလိုပင် သူ့နီရဲရွှေရောင် လှံရှည်ကြီးဖြင့် ပုံရိပ်ယောင်ထဲမှ ကျင်းချန်ကိုချိန်ရွယ်လိုက်သည်။

“ခေါင်းဆောင်ကျင်း၊ ကျွန်တော့်ကို သင်ကြားပေးဖို့အချိန်ရှိလား?”

ကျင်းကန်းပေါင်၊ ရင်းမြောင် : “!”

စုကျိုသည် လဲ့အော်ကိုမကြည့်ဘဲမနေနိုင်တော့ပေ၊ သူ့ မျက်နှာအမူအရာမှာ အလွန်တည်ကြည်နေသည်ကို တွေ့လိုက်ရသည်။

လဲ့အော်သည် အနည်းငယ်တုန်ယင်နေပြီး တင်းမာနေကာ ကြောက်ရွံ့နေသော်လည်း စိတ်လှုပ်ရှားနေသည်မှာသိသာလှသည်!

“ခေါင်းဆောင်ကျင်းချန်က ငါ့အစ်ကိုကြီးလိုပဲ ရွှေရောင်အမြုတေအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ အဆင့်ကို ရောက်နေပြီလို့ ငါ ကြားဖူးတာ ကြာပါပြီ”

“ငါ လဲ့အော်ကတော့ အခု အခြေခံအဆင့်ရဲ့ကိုးဆင့်မြောက်မှာပဲ ရှိသေးတယ်၊ ပုံမှန်ဆိုရင် ငါ့အစ်ကိုကြီးက ငါ့ရဲ့ လှံရှည်တိုက်ခိုက်မှုကို လက်ဝါးတစ်ချက်တည်းနဲ့ ခုခံနိုင်တယ်၊ ဒါကြောင့် မေးပါရစေ—”

“ခေါင်းဆောင်ကျင်းချန်၊ မင်း ရရဲ့လား?”

ပုံရိပ်ယောင်ထဲမှကျင်းချန် ဒေါသအလွန်အမင်းထွက်ပြီး ရယ်ချင်နေသည့်အသံမျိုးဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူ မော့ကြည့်လိုက်ပြီး လဲ့အော်အားစိုက်ကြည့်လိုက်သောအခါ၊ သူတို့ အချက်ပြဆက်သွယ်နေသည့် နေရာမှာ အထပ်သုံးဆယ်မှ တပည့်များ စုဝေးနေသည့် စည်ကားရာနေရာဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

သူ ကျင်းချန်သည် ကျင်မိသားစု၏ဂုဏ်သိက္ခာကို ကိုယ်စားပြုထားသူဖြစ်ရာ ငြင်းပယ်၍မရပေ။

ထို့ပြင် သူသည် မကြာမီမှာပင် ဝိညာဉ်ပိုးဖလံဂေဟာရှိ အခြေခံအဆင့်တပည့်အားလုံးကို ကိုယ်စားပြုပြီး ‘ကမ္ဘာ့ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲ’ တွင် လူငါးဦးပါ အဖွဲ့ကို ဦးဆောင်ရတော့မည် မဟုတ်ပါလား ?

“ကောင်းပြီလေ”

“မင်း ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်”

ပုံရိပ်ယောင်ထဲမှ ကျင်းချန်သည် လက်ဖြင့် တံဆိပ်ခတ်နှိပ်လိုက်ရာ၊ အဆင့်မြင့် ခေါင်းဆောင်များသာသိရှိသည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး အထပ် ၃၅ မှ အထပ် ၃၀ သို့ ယာယီလမ်းကြောင်းကို ချက်ချင်းဖွင့်လှစ်လိုက်သည်။

ခဏချင်းမှာပင် အထပ်သုံးဆယ်တွင် ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခုပေါ်လာပြီး၊ လက်ဝါးအရွယ်အစားမှသည် လူတစ်ဝက်ခန့် အမြင့်အထိ ကျယ်ပြန့်လာတော့သည်!

သို့သော် ပုံရိပ်ယောင်ထဲမှ ကျင်းချန်က မတ်တပ်ပင်မရပ်ပေ။

လဲ့အော်သည် သူ့အစွမ်းကုန်ထုတ်သုံးရန် မထိုက်တန်သည့်အလားပြုမူနေခြင်းဖြစ်သည်။

“ညီလေး မင်းက လဲ့ကျယ်ရဲ့အမျိုးပဲ၊ သူ့ရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ငါ မင်းကို မတိုက်ခိုက်သင့်ဘူး၊ ဒါပေမဲ့ ဒီနေ့တော့ မင်းက အထပ် ၃၀ က တပည့်တွေကို အကုန်ခေါ်ပြီး ကြည့်ခိုင်းနေတာကိုး”

“ငါ ကျင်းချန်သာ မတိုက်ခိုက်ဘူးဆိုရင်၊ အထပ် ၃၀ ရဲ့ ထိပ်သီးတပည့်ဆိုတဲ့ မင်းရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေရာရောက်မှာပေါ့?”

ကျင်းချန် ဟန်ဆောင်အပြုံးဖြင့် လက်ကိုဆန့်ထုတ်လိုက်ပြီး၊ ပုံရိပ်ယောင်အတွင်း၌ ဘေးမှ အစေခံတစ်ဦးထံမှ တတိယအဆင့် ဝိညာဉ်အမှတ် အသားများ တောက်ပနေသည့် မီးတောက်လေးရှည်ကြီးကို ယူလိုက်သည်။

သူ လဲ့အော်ကို ငုံ့ကြည့်လိုက်သည့်အလား သက်ပြင်းတစ်ချက်ကို တိုးတိုးလေးချလိုက်သည်။

“လာခဲ့လေ”

ခဏချင်းမှာပင် အထပ်သုံးဆယ်ရှိ တပည့်အားလုံးစိုက်ကြည့်နေသော အကြည့်များအောက်၌ လဲ့အော်ညာဘက်လက်တွင် လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး၊ သူ့ရှေ့ရှိ ဟင်းလင်းပြင်တွင် ပွင့်နေသော ဝိညာဉ်စွမ်းအင် ဝဲဂယက်ဆီသို့ အားကုန်ပြေးဝင်သွားတော့သည်။

“ဒါကို ခံယူလိုက်စမ်း!”

ဒိုင်း!

မြားသုံးစင်းပစ်ထွက်လာပြီး သူ့ လှံရှည်တိုက်ခိုက်မှုကို လုံးဝချေဖျက်ပစ်လိုက်သည်။

သို့သော် လဲ့အော်မှာလည်း ခေသူမဟုတ်ပေ၊ သူသည် နောက်သို့ သုံးလှမ်းခန့် ယိမ်းယိုင်သွားသော်လည်း သူ့ လှံရှည်ကို မြေပြင်တွင် အားပြုပြီး နောက်ဆုတ်နေမှုကို ရပ်တန့်လိုက်နိုင်သည်။

ပုံရိပ်ယောင်အတွင်း၌ ကျင်းချန်မှာ အတင်းအောင့်ထားရသည့် ကျေနပ်ဂုဏ်ယူသော အမူအရာကိုပြသလိုက်သည်။

“ဘယ်လိုလဲ? ငါ့ရဲ့ ခြေထောက်က မင်းအစ်ကိုကြီးရဲ့...”

သူ စကားမှာ တစ်ဝက်မှာပင် ရပ်တန့်သွားသည်။

အထပ်သုံးဆယ်ရှိတပည့်အားလုံးမှာ ထူးဆန်းသော အမူအရာများဖြင့် ပြုံးစိစိဖြစ်သွားကြသည်။

လဲ့အော်ဘေးနားတွင် ရပ်နေသော စုကျိုသည် ကျင်းချန် လေးပစ်ရန်အာရုံစိုက်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ၊ ဝိညာဉ်စွမ်းအင် လမ်းကြောင်းဘေးသို့ လျင်မြန်စွာ ငုံ့လျှိုးဝင်ရောက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရခြင်းကြောင့်ပင်!

ကျင်းချန် မြားသုံးစင်းကိုတစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ချိန်မှာပင် သူမသည် ဝိညာဉ်စွမ်းအင် ဝဲဂယက်အတွင်းသို့ ချက်ချင်းပျောက်ကွယ် သွားတော့သည်!

ပုံရိပ်ယောင်ထဲမှ ကျင်းချန်သည် ငုံ့ကြည့်လိုက်သော်လည်း ရှေ့ရှိစားပွဲကြီးက သူ့အမြင်ကို ပိတ်ဆို့ထားသည်။

နောက်ကျသွားပြီ!

စုကျိုသည် စားပွဲအောက်ရှိ သူ့ခြေထောက်ကို ချက်ချင်းထိတွေ့လိုက်ပြီဖြစ်သည်။

သူ့ မျက်နှာအမူအရာ အကြီးအကျယ်ပျက်ယွင်းသွားပြီး "ဒုန်း" ခနဲ မြည်အောင် မတ်တပ်ရပ်လိုက်ချိန်မှာတော့ စုကျိုသည် ဝိညာဉ်စွမ်းအင် ဝဲဂယက်ထဲမှ လျင်မြန်စွာပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် ပုံရိပ်ယောင်ထဲမှ ကျင်းချန်သည် စားပွဲအောက်သို့ငုံ့ကြည့်လိုက်သော်လည်း ဘာမှမရှိတော့ပေ။

အထပ်သုံးဆယ်ရှိတပည့်များသည် စုကျို၏ကျွမ်းကျင်လှသော ဆုတ်ခွာမှုကိုကြည့်ကာ ရှုပ်ထွေးသောအမူအရာများဖြစ်နေကြသည်။

“ပြီးပြီလား...?” ကျင်းကန်းပေါင်က စုကျိုကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

စုကျို လက်မထောင်ပြလိုက်သည်။

ကြည့်နေကြသည့် အထပ်သုံးဆယ်မှ တပည့်များ : “!”

ကျင်းကန်းပေါင် : “!”

“ဒါပဲလေ! ခေါင်းဆောင်လဲ့၊ သွားကြစို့”

ကျင်းကန်းပေါင် လဲ့အော်အား အမြန်ဆွဲကာထွက်သွားပြီး ကျင်းချန်ကိုလည်း လက်ပြနှုတ်ဆက်လိုက်သည်။

All Chapters