အခန်း (၉၉)
Vol. 10 Ch. 99
“အစ်ကိုကျင်းချန်၊ ကျွန်တော် သေချာစဉ်းစားပြီးပြီ၊ အစ်ကိုက အသန်မာဆုံးပါပဲ၊ ရှေ့လျှောက် အစ်ကို့နောက်ပဲ လိုက်တော့မယ်နော်~” ရင်းမြောင် ဆုတ်ခွာရင်းပြောလိုက်သည်။
“ကျွန်တော် အခုချက်ချင်း ခေါင်းဆောင်လဲ့ကိုသွားပြီး ဆုံးမလိုက်ပါ့မယ်! သူက အစ်ကို့အပေါ် ဘယ်လိုတောင် မလေးမစားလုပ်ရဲတာလဲ!”
ကျင်းကန်းပေါင် အချက်ပြဆက်သွယ်မှုကိုအမြန်ဖြတ်တောက်လိုက်သည်။
“အစ်ကို နောက်ရက်မှပြန်ဆက်သွယ်လိုက်မယ်၊ ကျွန်တော်တို့ အခု ကျင့်ကြံခြင်းစခန်းဝင်တော့မလို့”
ပုံရိပ်ယောင်ထဲမှ ကျင်းချန် သံသယဝင်သွားပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသော်လည်း ပုံရိပ်ယောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်!
ကျင်းချန် : “???”
ဒါဘာသဘောလဲ?
အဲ့ဒီ အသုံးမကျတဲ့နှစ်ယောက်ရဲ့ ပိတ်ပင်ခြင်းကို သူ နောက်တစ်ကြိမ် ခံလိုက်ရပြန်ပြီလား?
ကျင်းချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ ခန္ဓာကိုယ်အောက်ပိုင်းကို စစ်ဆေးရန်အမြန်ငုံ့ကြည့်လိုက်သည်။ ခုနက တစ်စုံတစ်ခုက သူ၏ ခြေထောက်များကိုထိတွေ့သွားသလို ထူးထူးဆန်းဆန်းခံစားလိုက်ရသောကြောင့်ပင်!
မပျောက်ပျက်သေးတဲ့ လဲ့အော်ရဲ့ လှံရှည်အရှိန်အဝါကြောင့်လား?
ပြီးခဲ့တဲ့တစ်ခါကလည်း သူ့ကျောပြင်ကို တစ်ခုခုထိတွေ့သွားသလို ခံစားခဲ့ရပြီး မကြာခင်မှာပင် သူကွင်းပြင်အလယ်မှာ ထိုင်ချလိုက်ရတဲ့ အရှက်ရဖွယ်မြင်ကွင်းဖြစ်ပျက်ခဲ့သည်။
ဒီနေ့တော့ သူ့ခြေထောက်တွေထပ်ပြီးခံစားလိုက်ရပြန်ပြီ...
ကျင်းချန်သည် လက်ထဲမှ ‘ဆေးကျမ်း’ ကို စိုက်ကြည့်လိုက်သည်။
‘အတွင်းပိုင်းတွင် ဖြစ်ပွားပြီး အပ်စိုက်ခြင်း၊ ဆေးတိုက်ခြင်းတို့ဖြင့် ကုသ၍မရသော ရောဂါများအတွက် ဦးစွာ မေ့ဆေးမှုန့်ကို အရက်နှင့် ရောစပ်၍ တိုက်ကျွေးပါ၊ လူနာ မူးဝေသွားပါက မည်သည့်အရာကိုမျှ ခံစားရတော့မည် မဟုတ်ပါ...’
“တစ်ယောက်ယောက်... အထပ် ၃၅ တစ်ခုလုံးကို သေချာနှံ့နှံ့စပ်စပ်ရှာစမ်း!”
“ဒီမှာ မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံနေတဲ့သူ ရှိနေတာလား?”
“ပြီးတော့ လုံကျင်းချန် ဘယ်မှာလဲ ? သူ့ကို ခေါ်လာခဲ့စမ်း”
ပြီးခဲ့တဲ့တစ်ခါက သူ အဲ့ဒီမှာ ရှိနေတာပဲ။
ကျင်းချန်သည် အံ့သြတုန်လှုပ်မှု၊ မသေချာမှုများဖြင့် ပြန်ထိုင်လိုက်သည်။
“ခန္ဓာကိုယ်ကို ထုံကျဉ်စေတဲ့ ဆေးလုံးကိုလည်း ထပ်ရှာကြည့်ဦး”
သူ့ ခန္ဓာကိုယ်သည် ပိုပိုထူးဆန်းလာပြီး ထိန်းချုပ်မရသော ပြဿနာများကိုပြသလာသည်။
သို့သော် သူ ဒါကို ဘယ်သူ့ကိုမှ ပြောပြ၍မရပေ။
ကျင်မိသားစုမှာပဲဖြစ်ဖြစ်၊ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အခြေခံအဆင့် အထွတ်အထိပ်အဖွဲ့မှာပဲဖြစ်ဖြစ် သူ့ကို နေရာဖယ်ပေးဖို့ စောင့်ကြည့်နေတဲ့ သူတွေ အများကြီးရှိနေသည်။
သူ့မှာ အားနည်းချက်ရှိလို့မဖြစ်ဘူး။
လုံးဝမဖြစ်ဘူး။
ကျင်မိသားစု၏ မွေးစားသားတစ်ယောက်အနေနဲ့ ဒီအဆင့်ထိ ရောက်လာဖို့၊ မိသားစုခေါင်းဆောင်ထံမှ သားရင်းလိုမျိုး ဂရုစိုက်မှုခံရဖို့ သူ အများ ကြီးပေးဆပ်ခဲ့ရပြီးပြီ။
သူ နောက်ဆုတ်လို့မရသလို၊ အမှားအယွင်းလည်း အဖြစ်မခံနိုင်ပေ။
သူသာ တစ်ချက်ကလေးပြိုလဲသွားရင် ဘယ်သူမှ ဂရုမစိုက်တဲ့ အတိတ်နေ့ရက်တွေဆီ ပြန်ရောက်သွားလိမ့်မယ်...
ကျင်းချန်သည် ပုံရိပ်ယောင်ထဲတွင် သူပြသခဲ့သော လဲ့အော်ကိုမြားသုံးစင်းဖြင့် နှိမ်နင်းခဲ့သည့် သူရဲကောင်းဆန်သော လှုပ်ရှားမှုများကို ပြန်လည် သုံးသပ်လိုက်သည်။
“အဆင်ပြေမှာပါ”
“ဘယ်ဘက်ကပဲ ကြည့်ကြည့် တကယ်ခန့်ညားပြီး သွက်လက်တဲ့ လှုပ်ရှားမှုတွေပဲ”
“အင်း... အရမ်းကောင်းတယ်”
အထပ်သုံးဆယ်၏အဝင်ဝတွင်မူ လူတိုင်းသည် စုကျိအားဝိုင်းအုံနေကြပြီဖြစ်သည်။
တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်ရင်းဖြင့် လူအုပ်ကြီးက တိုးဝှေ့နေကြသည်။
“ညီမလေး စုကျို၊ နင်က တကယ်ပဲ ဝိညာဉ်သန့်စင်ခြင်း အဆင့်ရဲ့နောက်ဆုံးပိုင်းမှာပဲ ရှိသေးတာလား? အိုး... အထွတ်အထိပ် ရောက်ခါနီးနေပြီပဲ!”
“မစ်ရှင်တွေ ထွက်တာက တကယ် အဆင့်တက်တာ မြန်တာပဲနော်”
“နင့်ရဲ့ ပါရမီကအမှန်က ဘာကြီးလဲ?”
“နင်ရလာတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ပုံစံကို ငါတို့ကို ပြလို့ရမလား?”
“နင် တကယ်ပဲ ကျင်းကန်းပေါင်ရဲ့ခေါင်းနောက်စေ့ကို ရခဲ့တာလား?”
“ရင်းမြောင်ရဲ့လည်ပင်းကရော...”
“နင်တို့က ဘာသိလို့လဲ? ကျင်းချန်ရဲ့တင်ပါးကမှ ကြည့်ရတာ ပိုတန်ဖိုးရှိတာ!”
“မတွန်းကြနဲ့လေ၊ ငါ ညီမလေးစုနဲ့ စကားပြောပါရစေဦး!”
“ညီမလေးစု၊ ငါတို့အဖွဲ့ထဲ လာခဲ့ပါလား!”
“ဒီကိုလာပါ၊ အဖွဲ့ ၁၀ ကို!”
“အဖွဲ့ ၃ က ဒီမှာပါ!”
စုကျိုနောက်ကွယ်မှ အထပ် ၃၀ ၏အမာခံတပည့်နှင့် အဖွဲ့ ၁ ၏ခေါင်းဆောင်ဖြစ်သူ လဲ့အော်မှာမူ လူအုပ်ကြားထဲတွင် အကြိမ်ပေါင်းများစွာ အနင်းခံလိုက်ရသည်။
လဲ့အော်သည် တဖျတ်ဖျတ်မြည်လာပြီး လျှပ်စီးများပင်ပစ်ချတော့မည့် အခြေအနေသို့ရောက်နေသည်။
သို့သော် ဤလူများထဲမှ မည်သူမျှ သူ့အားမကြောက်ကြပေ။
“ခေါင်းဆောင်လဲ့၊ ခင်ဗျားက ခေါင်းဆောင်ဖြစ်နေပြီပဲ၊ ညီမလေးစုနဲ့စကားပြောဖို့ အခွင့်အရေးကို ကျွန်တော်တို့နဲ့ လာမလုပါနဲ့ဗျာ”
“ဟုတ်ပ၊ ခေါင်းဆောင်လဲ့တို့က ညီမလေးစုနဲ့အတူ မိစ္ဆာနှိမ်နင်းရေး မစ်ရှင်တွေတောင် အတူတူသွားဖူးပြီး သူရလာတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ ပုံရိပ်ကိုလည်း မြင်ဖူးနေတာပဲ၊ ကျွန်တော်တို့ကတော့ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှမမြင်ဖူးသေးဘူး”
အခြေခံအဆင့်ကျင့်ကြံသူ တပည့်တစ်ရာကျော်မှာ လဲ့အော်အား ဆယ်လှမ်းခန့်ဝေးသွားအောင် တွန်းထုတ်လိုက်ကြသည်။
စုကျိကျိနှင့် စုရှင်းချိန်တို့မှာလည်း ဆွံ့အလျက် “ကျွန်မ ကျဲကို အတင်းမဆွဲကြပါနဲ့! သူက ကျွန်တော်တို့ရဲ့ ‘အောက်ခြေအဖွဲ့’ ထဲကပါ!”
“အိုး... ဒုတိယအစ်ကို၊ အစ်ကို့ရဲ့အချိန်ထိန်းချုပ်တဲ့ပါရမီသာ အခုသုံးလို့ရသေးရင် ကောင်းမှာပဲ!”
“ဒါဆိုရင် အခုကနေ နောက်ထပ်တစ်နာရီကြာတဲ့အချိန်ဆီကို တိုက်ရိုက်သွားလိုက်လို့ ရတာပေါ့...”
ကလေးနှစ်ယောက်မှာလည်း လူအုပ်ကြီးကြားထဲတွင် ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိအောင် တွန်းထုတ်ခြင်းခံလိုက်ရသည်။
“သူမ ဘယ်မှာလဲ!?”
“ညီမလေးစု ဘယ်ရောက်သွားတာလဲ?”
လူတိုင်းက စုကျိုအားရှာဖွေရန် သူတို့လည်ပင်းများကို ဆန့်ထုတ်ကာ ကြည့်နေကြသည်။
ပျောက်ကွယ်သွားသော စုကျိုမှာမူ ချန်ယွမ်၏ရင်ခွင်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူသည် အဆင့် ၃၀ ရှိ တပည့်အချို့၏ပုခုံးများကို နင်းကာ ဘေးဘက်ရှိ အမိုးပေါ်သို့ ခုန်တက်ပြီး ‘အောက်ခြေခြံဝင်း’ ဆီသို့ လျင်မြန်စွာပြေးဝင်သွားသည်။
ချက်ချင်းဆိုသလိုလူတိုင်းက ‘အောက်ခြေခြံဝင်း’ ဆီသို့ အပြေးအလွှား လိုက်လာကြတော့သည်။
“စိတ်အေးအေးထားကြပါ” မစ်ရှင်မှ ပြန်ရောက်လာသော ကျူးပိုင်ယွီကမူ ဝင်ပေါက်တွင် စနစ်တကျရှိစေရန် ထိန်းသိမ်းပေးနေသည်။
ယင်းလီသည် သူ့ ညာဘက်ခြေထောက်တွင်စိုက်နေသော ပါးလွှာသည့် ဓားမြှောင်လေးစင်းကိုဆွဲထုတ်လိုက်ပြီး ဝင်းတံခါးတိုင်တွင် ‘ဒုန်း’ ခနဲ မြည်အောင်စိုက်ပစ်လိုက်သည်။
“ဘယ်သူမဆို အတင်းဝင်ဖို့ ကြိုးစားရင် သူတို့ရဲ့လျှို့ဝှက်ချက်တွေကို အကုန်ဖော်ထုတ်ပစ်မယ်”
“...”
လူတိုင်းက အားနာစွာဖြင့် ရပ်တန့်သွားကြသည်။
သို့သော် ခဏအကြာတွင် သူတို့သည်အော်ဟစ်အားပေးရင်း အတင်းတိုးဝင်လာကြရာ ယင်းလီနှင့် ကျူးပိုင်ယွီတို့ပင် လွင့်ထွက်သွားကြတော့ သည်။
“ညီအစ်ကိုတို့၊ မကြောက်ကြနဲ့! ငါတို့လူတွေ အများကြီးရှိတာပဲ၊ ယင်းလီက လျှို့ဝှက်ချက်တွေ အကုန်လုံးကိုဖော်ထုတ်နိုင်ပါ့မလား?”
“လျှို့ဝှက်ချက် ဟုတ်လား? ကျင့်ကြံသူတွေက သေခြင်းတရားကိုတောင်မကြောက်တာ၊ အိပ်ရာထဲဆီးသွားမိတဲ့ အရှက်ကွဲမှုလောက်ကို ငါ ဘာလို့ ကြောက်နေရမှာလဲ?”
“တောက်... ငါက ဒီမနက်တင် ‘ရှီရှန်ခန်းမ’ က ပြန်လာတာ! ငါ့မှာ စိတ်မိစ္ဆာတွေမရှိဘူး၊ မကြောက်ဘူး!”
ယင်းလီ : “...”
သူမ သက်ပြင်းချလိုက်ပြီး ညာဘက်အစွန်ဆုံး အခန်းထဲရှိ စုကျိုကိုလှမ်းခေါ်လိုက်သည်။
“ရှောင်ကျို၊ ငါ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ တကယ်တားမရတော့ဘူး”
ကျင့်ကြံသူများသည် များသောအားဖြင့် မျက်နှာသိပ်မငယ်တတ်ကြပေ။
အထူးသဖြင့် ဝိညာဉ်ပိုးဖလံဂေဟာမှ လူများသည် ကျင့်ကြံရန်နှင့် ပိုမိုသန်မာလာစေရန် ဝိညာဉ်ကျောက်တုံးများ စုဆောင်းကာ ပိုးကောင်များ မွေးမြူနေကြသူများဖြစ်ရာ၊ ၎င်းတို့၏လျှို့ဝှက်ချက်များ ပေါ်သွားခြင်းက ဘာအရေးပါမည်နည်း!
ဟူး...
ယင်းလီသည် တစ်နေ့တွင် စုကျိုပါရမီကို လူတိုင်း သိသွားကြလိမ့်မည်ဟု ကြိုတင်တွက်ထားခဲ့သည်။
သူမသည် အထပ်သုံးဆယ်ရှိ အဖွဲ့အားလုံးက အသည်းအသန်လုယူရမည့် အဖွဲ့ဝင်တစ်ဦးဖြစ်လာတော့မည်မှာ သေချာသည်။
သူမ၏ကောင်းကင်အား ဖီဆန်နိုင်သောစွမ်းရည်မှာ တကယ်တန်ဖိုးဖြတ်မရနိုင်ပေ။
“ရပါတယ်၊ ဝင်ချင်တဲ့သူတွေ အကုန်ဝင်လာခွင့်ပေးလိုက်ပါ”
ချန်ယွမ်ထံမှ ရရှိထားသည့် မိစ္ဆာတစ်ဦး၏အနီရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားသော စုကျိုသည် အခန်းထဲမှလမ်းလျှောက်ထွက်လာသည်။
ဝတ်ရုံကြီးကြောင့် သူမ လက်မောင်းများကို တစ်ခါတစ်ရံမြင်ရလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။
မူလက ဝါဖျော့ဖျော့ရှိသော အင်္ကျီလက်စများသည် ယခုအခါပြင်းထန်သော ပေါက်ကွဲမှုတစ်ခုကို ဖြတ်သန်းလာရသကဲ့သို့ စုတ်ပြတ်သတ်နေ သည်။
“စုကျို—”
စုကျို လူတိုင်းကို ခဏရပ်ရန်လက်ပြလိုက်သည်။
“အားလုံးပဲ၊ ကျွန်မမှာ လုယူတိုက်ခိုက်စရာတစ်ခုရှိနေလို့ အခုချက်ချင်း လူတိုင်းကို ဧည့်မခံနိုင်သေးတာ ခွင့်လွှတ်ပါ၊ ခဏလောက် စောင့်ပေးကြပါဦး၊ အချိန်ကလည်း ကွက်တိပါပဲ၊ ကျွန်မ ဒီနေ့ ဘယ်သူနဲ့မှ ယှဉ်ပြိုင်တိုက်ခိုက်ရသေးတာ မဟုတ်ဘူး”
လူတိုင်း : “?”
သူမ လက်ဖျောက်တစ်ချက် တီးလိုက်ရာ၊ အလွန်ချောမောသောလူငယ်လေး ယောင်ချန်ယွမ်သည် ကိုယ်ထည်တစ်ဝက်က အမည်း၊ တစ်ဝက်က အဖြူရောင်ရှိပြီး ခန္ဓာကိုယ်မှ ခုနစ်ရောင်ခြယ်အလင်းတန်းများ ထွက်ပေါ်နေသော ခွေးကြီးတစ်ကောင်ကို ချီပိုးလျက်ပေါ်လာသည်။
အထပ်သုံးဆယ်မှ လူများအားလုံး နောက်သို့တစ်လှမ်းဆုတ်လိုက်ကြသည်။
စုကျို ပြုံးလိုက်ရင်း— “ကျွန်မကို ရှင်တို့အဖွဲ့ထဲ ပါစေချင်ရင်လည်းရတယ်၊ ကျွန်မကို အနိုင်တိုက်နိုင်သရွေ့ပေါ့၊ ဒီနေ့ ကျွန်မ ယှဉ်ပြိုင်မယ့် အရာကတော့— ‘ဝိညာဉ်ပိုးချည်မျှင်ရဲ့မိစ္ဆာဓာတ် တိုက်စားမှုကို ခံနိုင်ရည်ရှိမှု’ ပဲ ဖြစ်တယ်”
“!!!”
[ စုကျို၏ ဝိညာဉ်ပိုးကောင်]
[ အလေးချိန်: ★★★★★★★★★★★ ]
[ ကြံ့ခိုင်မှု: ★★★★★★★★★★★★ ]
[ မိစ္ဆာဓာတ် ခံနိုင်ရည်: ★★★★★★★★★★★★ ]
“???”
ချက်ချင်းဆိုသလိုပင် အနီရောင်ဝတ်ရုံအားခြုံထားသော စုကျို လက်ချောင်းထိပ်များမှ မရေမတွက်နိုင်သော စိန်ခေါ်စာများပျံထွက်လာသည်။
ထိုစာများသည် ဝင်းအတွင်းသို့ မိမိသဘောဖြင့် ဝင်လာသူတိုင်းကိုလွှမ်းခြုံသွားတော့သည်။
“ကယ်ကြပါဦး!”
မိစ္ဆာစွမ်းအင်များကိုခုခံရန်အတွက် မိစ္ဆာပုံဆောင်ခဲ မြောက်မြားစွာကို ဝါးမြိုထားသော ပိုးကောင်ခွေးကြီးနှင့် ယှဉ်ပြိုင်နေရသဖြင့် လူတိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။
စုကျိုကမူ ဝတ်ရုံကိုဝတ်ဆင်ထားဆဲဖြစ်ပြီး ဝင်းဘေးရှိ ဝိညာဉ်စုဆောင်းခြင်း အစီအရင်ရှိရာ ဟင်းလင်းပြင်တွင် နေရာတစ်ခုသတ်မှတ်လိုက် ကာ၊ မည်သူမျှ အနားမကပ်စေရန်နှင့် ပျက်စီးမှုမရှိစေရန် စောင့်ကြည့်ပေးဖို့ ချန်ယွမ်ကို တောင်းဆိုလိုက်သည်။
ထို့နောက် သူမသည် တစ်စုံတစ်ခုကို စတင်တပ်ဆင်တော့သည်။
‘ဖြူဖွေးသောခွေး’ ၏အားနည်းသူများကို အနိုင်ကျင့်သည့် လုပ်ရပ်တွင် ပါဝင်ခြင်းမရှိသည့် ‘အောက်ခြေအဖွဲ့’ ဝင်များနှင့်အတူ လဲ့အော်၊ ကျင်းကန်းပေါင်၊ ရင်းမြောင်တို့သည် ချန်ယွမ်မှ [နီရဲရွှေရောင် လှံရှည်အတု] ဖြင့် ဆွဲထားသည့် စက်ဝိုင်းအပြင်ဘက်တွင် စုရုံးကာ ဝိုင်းအုံကြည့်နေ ကြသည်။
မကြာမီမှာပင် စုကျိုသည် ကျင်းချန်အရပ်အမောင်းအတိုင်းရှိသော [ရွှေရောင်ဝင်းပသော လှုပ်ရှားပုံရိပ်ယောင်] တစ်ခုကို သူ့ ဝိညာဉ်အိတ်ထဲမှ ထုတ်ယူကာ သူမ ညာဘက်မြေပြင်ပေါ်တွင် ချထားလိုက်သည်။
“ဒါက...”
လဲ့အော် နှာခေါင်းရှုံ့လိုက်သည်။ ထိုအရာထဲ မည်သည့် စွမ်းအားမျိုးကိုမျှ သူ ခံစားရခြင်းမရှိပေ။
စုကျို မျက်ခုံးပင့်လိုက်ပြီး— “ဒါ စွမ်းအားမရှိဘူး၊ ဒါက ပဟေဠိပုံစံကားချပ်လေ”
“?”