← Chapters

အခန်း (၂၁၆၁-၂၁၆၂)

Vol. 157 Ch. 2161-2162

အခန်း (၂၁၆၁-၂၁၆၂)

Vol. 157 Ch. 2161-2162

အခန်း(၂၁၆၁)

ယွမ်ဝူမြို့သည် ကျန်းဝူကောင်းကင်နယ်မြေ၏ အကြီးဆုံးဗဟိုမြို့တော် ဖြစ်သည့်အလျောက် ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးတွင် အစည်းကားဆုံးသော မြို့များထဲမှ တစ်မြို့ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ကျင့်ကြံသူများစွာသည် ယွမ်ဝူမြို့ကို နေ့စဥ်နေ့တိုင်း အဆက်မပြတ် ဝင်ထွက် သွားလာနေခဲ့ကြသည်။

ကျန်းချန်သည် ယွမ်ဝူမြို့သို့ ဦးတည်သော လမ်းမကြီးပေါ်တွင် မြို့တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းနေ၏။

ကျန်းဝူကောင်းကင်နယ်မြေ၏ ကောင်းကင်ဥပဒေသများသည် နတ်ကုန်းမြေတိုက်ကြီးထက်ပို၍ များစွာ အားနည်းသည်။

နတ်ဘုရင် တတိယအဆင့်နှင့်ပင် ယှဥ်နိုင်သော ကျန်းချန်၏ လက်ရှိခွန်အားဖြင့်သာဆိုလျှင် အတွေးတစ်ချက်ဖြင့်ပင် ကျန်းဝူကောင်းကင်နယ်မြေ အတွင်း မိုင်ပေါင်းသန်းချီ ခရီးဆန့်နိုင်၏။

ထို့ကြောင့် ကျန်းဝူကောင်းကင်နယ်မြေ၏ မြောက်ဖက်အစွန်အဖျားကနေ ယွမ်ဝူမြို့သို့ ရောက်ရှိရန် ကျန်းချန်အတွက် နာရီဝက်ပင် မလိုအပ်ခဲ့ပေ။

သူ ယွမ်ဝူမြို့သို့ လာရောက်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းမှာ ရွမ်ဝူမြို့တွင် ကျန်းဝူကောင်းကင်နယ်မြေ အတွင်းရှိ ထာဝရဘုရားကျောင်းတော်၏ အကြီးဆုံး အခြေစိုက်စခန်း ရှိနေသောကြောင့်ပင်။

ဤနေရာတွင် ပတ်ဝန်းကျင်ရှိ ထာဝရကျောင်းတော်၏ ဌာနခွဲများစွာနှင့် ချိတ်ဆက်ထားသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိနေ၍ ကျန်းချန်အတွက် သွားလို့သည့်နေရာကို စိတ်ကြိုက် ရွေးချယ်နိုင်သည် မဟုတ်ပါလား။

မကြာမီမှာပင် ကျန်းချန်သည် များပြားလှသော လူအုပ်ကြီးနောက်ကနေ လိုက်ပါလာရင်း ယွမ်ဝူဝူမြို့၏ ဂိတ်တံခါး ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ ယွမ်ဝူမြို့၏ လုံခြုံရေးသည် သူပထမဆုံးအကြိမ်ရောက်လာစဥ်ကထက် များစွာ ပို၍ တင်းကျပ်နေသည်ကို ချက်ချင်းဆိုသလို သတိပြုမိလိုက်၏။

ယွမ်ဝူမြို့ထဲသို့ ဝင်ရောက်မည့် ကျင့်ကြံသူတိုင်းကို မြို့တံခါးစောင့်များသည် စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြသည်။

ထိုအတွက်ကြောင့် မြို့တံခါးဝတွင် ကီလိုမီတာ ရာချီရှည်လျားသော လူတန်းရှည်ကြီး ဖြစ်ပေါ်နေခဲ့ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ စုပြုံနေခဲ့ကြသည်။

“ဒီကအစ်ကို ကျွန်တော်မှတ်မိသလောက် နောက်ဆုံးတစ်ခေါက် ယွမ်ဝူမြို့ကို လာစဥ်က မြို့ထဲဝင်ဖို့ ဒီလိုမျိုး စစ်ဆေးနေတာမျိုးတွေ မရှိပါဘူး.. ယွမ်ဝူမြို့ရဲ့ လုံခြုံရေးက ဘယ်ကတည်းကစပြီး ဒီလောက်အထိ တင်းကျပ်သွားတာလဲ”

ကျန်းချန်က ဇဝေဇဝါဖြစ်သွားခဲ့ပြီး သူ့ရှေ့ရှိ လူလတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးကို မေးမြန်းလိုက်သည်။

“လောင်မီးဂိုဏ်းရဲ့ သခင်လေး ဟော်ထျန်းယန်က ကျန်းဝူနတ်ဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ကျန်းဝူနတ်ဂိုဏ်းရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့တော့ ကြားတာပဲ.. အဲဒါကြောင့် ယွမ်ဝူမြို့တစ်မြို့လုံးကို အမြင့်ဆုံးအဆင့် အထိ လုံခြုံရေး တိုးမြှင့်ထားတာပေါ့”

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခပ်တိုးတိုး ပြောပြလိုက်သည်။

ဟော်ထျန်းယန်၏ အကြောင်းကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“လောင်မီးဂိုဏ်းရဲ့ သခင်လေး ဟော်ထျန်းယန်လား.. သူက ဘယ်လိုဖြစ်ပြီး ကျန်းဝူနတ်ဂိုဏ်းရဲ့ ဖမ်းဝရမ်း ထုတ်တာကို ခံလိုက်ရတာလဲ”

နောက်ဆုံးတစ်ခေါက် ယွမ်ဝူမြို့သို့ ရောက်လာစဥ်က ကျန်းချန်သည် ဟော်ထျန်းယန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ရင်းနှီးခဲ့ဖူးသည်။

ကျန်းဝူနတ်ဂိုဏ်းမှ နတ်ဘုရင်၏ကိုယ်ပွားနှင့် ရင်ဆိုင်နေရစဥ် ဟော်ထျန်းယန်သည် သူ့ဘက်ကနေ မယိမ်းမယိုင် ရပ်တည်ပေးခဲ့သူ ဖြစ်ရာ ကျန်းချန်အနေဖြင့် လောင်မီးဂိုဏ်း၏ သခင်လေးအပေါ်တွင် အလွန်တရာ ကောင်းမွန်သော အမြင်မျိုးရှိခဲ့သည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက်ပင်မခန်းမသို့ အတူတူ သွားရောက်ခဲ့ကြသည်။

ဆိုရလျှင် ဟော်ထျန်းယန်သည် ကျန်းချန် နတ်ဘုရားနယ်မြေသို့ ရောက်ရှိပြီးနောက်ပိုင်းတွင် ကျန်းချန် ခင်မင်ခဲ့သော သူငယ်ချင်း အနည်းငယ်ထဲမှ တစ်ဦး ဖြစ်၏။

ယခု တစ်ခေါက် ကျန်းဝူကောင်းကင်နယ်မြေသို့ ပြန်ရောက်လာချိန်တွင် ဟော်ထျန်းယန်သည် ကျန်းဝူနတ်ဂိုဏ်း၏ ဖမ်းဝရမ်းထုတ်ခြင်းကို ခံလိုက်ရသည် ဟူသော သတင်းအား ကြားရလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

နောက်ဆုံးတစ်ခေါက် ကျန်းဝူကောင်းကင်နယ်မြေက သူထွက်ခွာလာစဥ်တွင် ကျန်းဝူနတ်ဂိုဏ်းမှ နတ်ဘုရင်ကို လောင်မီးဂိုဏ်းအား ဒုက္ခမပေးရန် သတိပေးခဲ့သည်။

ကြည့်ရသည်မှာ ကျန်းဝူနတ်ဘုရင်သည် သူ၏ စကားကို နားထဲတွင် လေတိုးသ‌လောက်ပင် အမှုမထားခဲ့ပုံပင်။

ကျန်းချန်၏ မျက်ဝန်းများက အလွန်အမင်း အေးစက်သွားခဲ့သည်။

သူက ဟော်ထျန်းယွမ်နှင့် ပတ်သက်ပြီး ထပ်မံ မေးမြန်းလိုသော်လည်း လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရားအဆင့်သာ ဖြစ်၍ ၎င်းသိထားသည်မှာ အကန့်အသတ် ရှိနေခဲ့သည်။

တခြားသူများ၏ သတိထားမှုကို မခံရစေရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် ကျန်းချန်သည် အခြားသူများကို ဆက်လက်မေးမြန်းရန် ရည်ရွယ်ချက်မရှိတော့ပေ။

တစ်ခဏမျှ စဥ်းစားပြီးနောက်တွင် ကျန်းချန်သည် ယွမ်ဝူမြို့ကနေ ထွက်ခွာလာခဲ့သည်။

ယခုကိစ္စသည် သူ့ကြောင့်သာလျှင် ဖြစ်နိုင်ခြေများ၏။

သူက ဟော်ထျန်းယန်နှင့် သူငယ်ချင်းများ ဖြစ်ကြရာ ကျန်းချန်အနေဖြင့် ဤအတိုင်း လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။

ယွမ်ဝူမြို့မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် လေထုထဲကို တိုက်ရိုက် ခြေလှမ်း လှမ်းလိုက်ရာ နောက်ထပ် တစ်စက္ကန့်မှာပင် မိုင်ပေါင်းသောင်းချီ အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။

ဟော်ထျန်းယန်နှင့် အတူ ရှိစဥ်က ဟော်ထျန်းယန်သည် လောင်မီးဂိုဏ်း၏ တည်နေရာကို ကျန်းချန်အား ပြောပြခဲ့ဖူး၏။

ကျန်းချန်၏ လက်ရှိ အရှိန်အဟုန်ကြောင့် မိနစ် အနည်းငယ်အတွင်းမှာပင် လောင်မီးဂိုဏ်း တည်ရှိရာ ဖန်ယန်တောင်တန်းသို့ ရောက်ရှိသွားခဲ့သည်။

ထိုအခါ ဖန်ယန်တောင်တန်း၏ အခြေအနေကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး မျက်ဝန်းထဲကနေ အေးစက်သော အလင်းတန်းများပင် ပေါက်ကွဲထွက်လာခဲ့သည်။

လောင်မီးဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေရှိ ထိပ်တန်းနယ်မြေနတ်ဘုရား အင်အားစုများထဲမှ တစ်စု ဖြစ်ပြီး အလွန်စည်ကားသော နေရာတစ်ခုလည်း ဖြစ်သည်။

ဖန်ယန်တောင်သည် ကျန်းဝူနတ်ဂိုဏ်း၏ ကျန်းဝူနတ်တောင်နှင့် မယှဥ်နိုင်သော်လည်း ကျန်းဝူကောင်းကင်နယ်မြေ၏ ကျင့်ကြံရန် အကောင်းဆုံးသော နေရာ အနည်းငယ်ထဲမှ တစ်ခု ဖြစ်၏။

သို့သော်လည်း ယခုအခါတွင်မူ ဖန်ယန်တောင်သည် ခြောက်ကပ်နေခဲ့ပြီး ဆိတ်ငြိမ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ကျန်းချန်သည် ဖန်ယန်တောင်၏ နေရာအနှံ့အပြားတွင် ပျက်စီးနေသော တံတိုင်း အကြွင်းအကျန်များကို မြင်နေရပြီး ဖန်ယန်တောင်ရှိ မြင့်မားသော တောင်ထိပ်အချို့ဆိုလျှင် ကြီးမားလှသော အင်အားတစ်ခုခုကြောင့် မြေလှန်ဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရသည်။

ပြင်းထန်သော သွေးညှီနံ့များသည်လည်း ဖန်ယန်တောင်တွင် ပျံ့လွင့်နေခဲ့သည်။

မကြာသေးမီက ဤနေရာတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ထင်ရှားနေခဲ့၏။

ကျန်းဝူကောင်းကင်နယ်မြေ၏ နယ်မြေနတ်ဘုရားဂိုဏ်း အနည်းငယ်ထဲမှ တစ်ဂိုဏ်းဖြစ်သော လောင်မီးဂိုဏ်းသည် ထိုတိုက်ပွဲတွင် သိသိသာသာ ချေမှုန်းဖျက်ဆီးခံလိုက်ရပုံပင်။

လောင်မီးဂိုဏ်းကို ဖျက်ဆီးခဲ့သော တရားခံသည် ကျန်းဝူကောင်းကင်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည့် ကျန်းဝူနတ်ဂိုဏ်း ဖြစ်မှန်း ကျန်းချန်အနေဖြင့် စဥ်းစားနေစရာပင် မလိုအပ်ပေ။

ကျန်းဝူနတ်ဂိုဏ်းမှ လွဲ၍ ဤကျန်းဝူကောင်းကင်နယ်မြေတွင် မည်သူက လောင်မီးဂိုဏ်းကို ဤမျှအခြေအနေအထိ အမြစ်ပြတ် သုတ်သင်နိုင်ပါမည်နည်း။

“ကျန်းဝူနတ်ဘုရင်.. မင်းက ငါ့စကားကို နားမထောင်ခဲ့ဘူးပဲ.. မင်းဒီလောက်တောင် သေချင်နေမှတော့ ဒီကျန်းဝူကောင်းကင်နယ်မြေရဲ့ သခင်ကို ပြောင်းလဲပစ်ဖို့ ငါဝန်မလေးတော့ဘူး”

ကျန်းချန်၏ ရင်ထဲတွင် ဒေါသစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

သူ၏ မျက်ဝန်းများကနေ အေးစက်သော လူသတ်ငွေ့များ ပေါက်ကွဲထွက်လာခဲ့၏။

ထို့နောက်တွင် ကျန်းချန်သည် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ရာ ဖန်ယန်တောင်၏ အတွင်းပိုင်း ထဲသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

လောင်မီးဂိုဏ်းကို ဖျက်ဆီးခဲ့သော လက်သည်တရားခံကို သူခန့်မှန်းမိသော်လည်း ကျန်းဝူနတ်ဂိုဏ်းသို့ သွားကာ စာရင်းရှင်းရန် သူ မလောခဲ့ပေ။

ကျန်းဝူနတ်ဂိုဏ်းသည် ဟော်ထျန်းယန်ကို ရှာဖွေနေဆဲ ဖြစ်ရာ ယင်းသည် လောင်မီးဂိုဏ်း၏ တိုက်ပွဲအတွင်း ဟော်ထျန်းယန်မသေသေးကြောင်း သက်သေပြနေသည် မဟုတ်ပါလော။

ဟော်ထျန်းယန်နှင့် ပတ်သက်သော သတင်းများကို ရှာဖွေရန်အတွက် လောင်မီးဂိုဏ်းတွင် သဲလွန်စ ရှာဖွေရန် သူဆုံးဖြတ်ခဲ့သည်။

ကျန်းချန်၏ မျက်နှာထားက ရေခဲကဲ့သို့ အေးစက်နေခဲ့ပြီး သူ၏ အစွမ်းထက်သော အာရုံခံနိုင်စွမ်းဖြင့် ဖန်ယန်တောင်တစ်ခုလုံးကို လျင်မြန်စွာ အာရုံခံလိုက်သည်။

ခဏအကြာတွင် ကျန်းချန်သည် တစ်စုံတစ်ရာကို အာရုံခံလိုက်မိပြီး ပျက်စီးနေသော ခန်းမတစ်ခု၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

ခန်းမ၏ အဝင်ဝတွင် သွေးအိုင်ထဲ၌ လဲလျောင်းနေသော အနီရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးကို သူတွေ့လိုက်ရ၏။

သူက ချက်ချင်းပင် ဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ ထိုအဘိုးအို၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်း၍ သန့်စင်သော စွမ်းအားတချို့ကို အနီ‌ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ပင် စီးဝင်စေခဲ့၏။

မကြာမီမှာပင် အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး အဆုံးသတ်တွင် သတိပြန်လည်လာခဲ့သည်။

သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် အဘိုးအိုသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါဘယ်နေရာလဲ.. ငါသေသွားပြီ မဟုတ်ဘူးလား”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“မင်းရဲ့ ဒဏ်ရာတွေက အရမ်းကို ပြင်းထန်တယ်.. အခု နောက်ဆုံးထွက်သက်ပဲ ကျန်တော့တယ်.. မင်းကို ငါ ကိစ္စတချို့မေးချင်လို့ ခဏတဖြုတ် သတိပြန်လည်လာအောင် ကုသလိုက်တာပဲ”

အနီရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို သတိကြီးစွာထား၍ ကြည့်လိုက်သည်။

“မင်းက ကျန်းဝူနတ်ဂိုဏ်းက လူလား”

“စိတ်မပူပါနဲ့.. ကျွန်တော်နဲ့ ကျန်းဝူနတ်ဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူး”

ကျန်းချန်က‌ ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က လောင်မီးဂိုဏ်းရဲ့သခင်လေး ဟော်ထျန်းယန်ရဲ့ သူငယ်ချင်းပါ.. ကျွန်တော် ကျန်းဝူကောင်းကင်နယ်မြေကို ပြန်လာလာချင်း ကျန်းဝူနတ်ဂိုဏ်းရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဟော်ထျန်းယန် သတင်းကို ကြားလို့ လောင်မီးဂိုဏ်းကို လာခဲ့တာပါ.. လောင်မီးဂိုဏ်းက ဒီအခြေအနေ အထိ ချေမှုန်းခံရလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး"

"မင်း.. မင်းက ငါတို့သခင်လေးရဲ့ သူငယ်ချင်းလား”

ကျန်းချန်၏ စကားကိုကြားလျှင် အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ မှုန်မှိုင်းနေသော မျက်ဝန်းထဲတွင် ဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက စိုးရိမ်တကြီးဖြင့် ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။

“သခင်လေး.. မင်းက ငါတို့ သခင်လေးရဲ့ သူငယ်ချင်း ဆိုမှတော့ သူ့ကို အမြန်ဆုံးရှာပေးဖို့ မျှော်လင့်ပါတယ်.. သူ့ကို ကျန်းဝူနတ်ဂိုဏ်းဆီသွားပြီး အသေမခံစေနဲ့”

အခန်း(၂၁၆၁)ပြီး၏။

အခန်း(၂၁၆၂)

“ဟော်ထျန်းယန်ကို ကျန်းဝူနတ်ဂိုဏ်းဆီသွားပြီး အသေမခံခိုင်းဖို့ ကျွန်တော့်ကို တားခိုင်းတာလား”

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါ”

ကျန်းဝူနတ်ဂိုဏ်းသည် ယခုအခါတွင် ဟော်ထျန်းယန်ကို အသေအလဲ ရှာဖွေနေခဲ့သည်။

အနီ‌ရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားအရ ဟော်ထျန်းယန်သည် ကျန်းဝူနတ်ဂိုဏ်းဆီ သွားပြီး အသေခံတော့မည့်ပုံ ပေါ်နေခဲ့၏။

ကျန်းချန်သည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုပင် ရေရေရာရာ နားမလည်နိုင် ဖြစ်နေခဲ့သည်။

အနီရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ့တွင် အချိန်များစွာ မကျန်ရှိတော့ကြောင်း သိသဖြင့် လောင်မီးဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အလျင်အမြန် ပြောပြခဲ့သည်။

ဤကိစ္စသည် ထာဝရဘုရားကျောင်းတော်၏ တောင်ဘက်ပင်မခန်းမကနေ ဟော်ထျန်းယန် ပြန်ရောက်လာချိန်က စ၍ အစပြုခဲ့ခြင်း ဖြစ်သည်။

ဟော်ထျန်းယန်သည် ထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မခန်းမမှ ပြန်ရောက်လာပြီးနောက်တွင် သူနှင့် နတ်ကုန်းမြေတိုက်မှ ထိပ်တန်း ပါရမီရှင်တို့ကြားမှ ကွာဟချက်ကို နက်နက်ရှိုင်းရှိုင်းပင် သတိပြုမိသွားခဲ့သည်။

ထို့ကြောင့် ဟော်ထျန်းယန်သည် ရဲတင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့၏။

သူတို့‌ လောင်မီးဂိုဏ်း၏ ဘိုးဘေးသည် တစ်ချိန်က ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုကို ဖွင့်လှစ်နိုင်သည့် သော့တစ်ချောင်းအား ရရှိခဲ့ဖူးသည်။

သူ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ကာ စမ်းသပ်မှုများကို အောင်မြင်ခဲ့လျှင် ရှေးဟောင်း နတ်ဘုရင်၏ အမွေအနှစ်ကို ရရှိနိုင်မည် ဖြစ်၏။

သို့သော်လည်း ရှေးဟောင်းနတ်ဘုရင်၏ အမွေအနှစ်စမ်းသပ်မှုသည် အလွန်တရာပင် ခဲယဥ်းလွန်းလှ၏။

လွန်ခဲ့သော နှစ်များ တစ်လျှောက်တွင် လောင်မီးဂိုဏ်းသည် ပါရမီရှင်များစွာကို ထိုလျှို့ဝှက်နယ်မြေသို့ စေလွှတ်ခဲ့သော်လည်း အဆုံးသတ်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ပြန်ထွက်မလာနိုင်ခဲ့ဘဲ လျှို့ဝှက်နယ်မြေထဲတွင်သာ ကျဆုံးသွားခဲ့ကြသည်။

ဆိုရလျှင် ရှေးဟောင်းနတ်ဘုရင်၏ လျှို့ဝှက်နယ်မြေသည် လောင်မီးဂိုဏ်း၏ အခြေခံ အုတ်မြစ်ကို များစွာ ထိခိုက်စေခဲ့သည်။

နောက်ပိုင်းတွင် လောင်မီးဂိုဏ်းသည် လျှို့ဝှက်နယ်မြေ၏ သော့ကို သိမ်းဆည်းထားခဲ့ပြီး ထိုနေရာကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်လိုက်တော့သည်။

ဟော်ထျန်းယန်သည် ဂိုဏ်း၏ ခွင့်ပြုချက်မရဘဲ လျှို့ဝှက်နယ်မြေသော့ကို ခိုးယူကာ ရှေးဟောင်းနတ်ဘုရင်၏ လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့သည်။

လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားကတည်းကပင် ဟော်ထျန်းယန်ထံမှ မည်သည့်သတင်းမှ မကြားရတော့ပေ။

မူလက လောင်မီးဂိုဏ်းမှ လူတိုင်းသည် ဟော်ထျန်းယန် တစ်ယောက် လျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း လွန်ခဲ့သော လအနည်းငယ်ခန့်က ဟော်ထျန်းယန်သည် လျှို့ဝှက်နယ်မြေကနေ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။

လျှို့ဝှက်နယ်မြေထဲတွင် နှစ်အနည်းငယ်ကြာနေထိုင်ပြီးနောက်တွင် ဟော်ထျန်းယန်သည် ရှေးဟောင်းနတ်ဘုရင်၏ အမွေအနှစ်ကို ရရှိခဲ့ရုံသာမက သူတော်စင် ကောင်းကင်နတ်ဘုရား အဖြစ်သို့ပါ ကူးပြောင်းနိုင်ခဲ့ပြီး ကြယ်သုံးပွင့် အရှင်သခင် အဖြစ်သို့ ထိုးဖောက်နိုင်ခဲ့သည်။

ဟော်ထျန်းယန် ထိုကဲ့သို့ အခွင့်အရေးမျိုး ရရှိခဲ့ခြင်းသည် မီးတောက်ဂိုဏ်းကို အတိုင်းမသိ ဝမ်းသာပိတိ ဖြစ်စေခဲ့သည်။

သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ကြယ်သုံးပွင့်အရှင်သခင် ဖြစ်လာခြင်းသည် ကျန်းဝူကောင်းကင်နယ်မြေတွင် တစ်ခါမှ မပေါ်ပေါက်ဖူးသော တည်ရှိမှုမျိုးပင် မဟုတ်ပါလော။

ကျန်းဝူကောင်းကင်နယ်မြေတွင် နာမည်ကျော်ကြားလှသော ကျန်းဝူနတ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ပင်လျှင် ဟော်ထျန်းယန်နှင့် နှိုင်းယှဥ်လျှင် များစွာ ကွာဟနေတော့မည် ဖြစ်သည်။

ဤနောက်ပိုင်းတွင် လောင်မီးဂိုဏ်းသည် ကျန်းဝူနတ်ဂိုဏ်း၏ အာရုံစိုက်မှုကို မခံရစေရန်အတွက်‌ ဟော်ထျန်းယန်က ရှေးဟောင်းအမွေအနှစ်ကို ဆက်ခံရရှိထားသည့် သတင်းအား ထုတ်ပြန်ခြင်း မပြုဘဲ လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း လောင်မီးဂိုဏ်းက မည်မျှပင် ဖုံးကွယ်ထားစေကာမူ ဟော်ထျန်းယန်သည် ရှေးဟောင်းနတ်ဘုရင်၏ အမွေအနှစ်ကို ရရှိကာ ကြယ်သုံးပွင့် အရှင်သခင် အဖြစ်သို့ ထိုးဖောက်သွားသည့် သတင်းသည် ပေါက်ကြားသွားခဲ့သည်။

ဤကဲ့သို့ ရှေးဟောင်း အမွေအနှစ်ကို ရရှိထားသော ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ပေါ်ထွက်လာခြင်းသည် ကျန်းဝူနတ်ဂိုဏ်းကို သဘာဝကျစွာပင် ထိတ်လန့်သွားစေခဲ့သည်။

ဟော်ထျန်းယန် ကြီးထွားလာလျှင် သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ အဆင့်အတန်းကို ခြိမ်းခြောက်လာမည်အား စိုးရိမ်သဖြင့် ကျန်းဝူနတ်ဂိုဏ်းသည် ဟော်ထျန်းယန်ကို အမြစ်ပြတ် သုတ်သင်ရန် စတင် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း လောင်မီးဂိုဏ်းသည် ဟော်ထျန်းယန်ကို အလွန် ကောင်းမွန်စွာ ဝှက်ထားသဖြင့် ကျန်းဝူနတ်ဂိုဏ်းသည် ဟော်ထျန်းယန်၏ သဲလွန်စကို ရှာမတွေ့ခဲ့ပေ။

အချိန်အတန်ကြာ ရှာဖွေခဲ့သော်လည်း အကျိုးမထူးသဖြင့် ကျန်းဝူနတ်ဂိုဏ်းသည် ဒီအတိုင်း ထိုင်ကြည့် မနေနိုင်တော့ချေ။

သူတို့က အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် လောင်မီးဂိုဏ်းကို ပေါ်ပေါ်ထင်ထင်ပင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး လောင်မီးဂိုဏ်းကို ဖျက်ဆီးကာ ဂိုဏ်းချုပ်အပါအဝင် အဆင့်မြင့် အကြီးအကဲ များစွာကို ဖမ်းခေါ်သွားခဲ့သည်။

ထိုသို့ ဖမ်းခေါ်သွားရခြင်းမှာ ဟော်ထျန်းယန်ကို ကျန်းဝူနတ်ဂိုဏ်းကို လာရောက်ရန် အတင်းအကျပ် ဖိအားပေးလိုခြင်းကြောင့်ပင်။

အကယ်၍ ဟော်ထျန်းယန်သာ စိတ်မထိန်းနိုင်ဘဲ ကျန်းဝူနတ်ဂိုဏ်းဆီသို့ သွားရောက်ခဲ့မည်ဆိုလျှင် ကျန်းဝူနတ်ဘုရင်၏ လက်ထဲတွင် မုချသေဆုံးရလိမ့်မည် မဟုတ်ပါလား။

“သခင်လေး ငါတို့သခင်လေးကို ကျန်းဝူကောင်းကင်နယ်မြေကနေ ခေါ်ထုတ်သွားပေးပါ.. သူ့ကို ကျန်းဝူနတ်ဂိုဏ်းဆီ သွားပြီး အသေမခံစေပါနဲ့”

ထိုစကားကို ပြောဆိုပြီးသည့်နောက်တွင် အနီရောင်ဝတ်စုံအဘိုးအို၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံးလက်ကျန် သက်စောင့်ခွန်အားသည် လုံးဝကို ကုန်ခမ်းသွားခဲ့သည်။

“စိတ်မပူပါနဲ့ ငါကျန်းချန်ရဲ့သူငယ်ချင်းကို ဘယ်သူမှ မထိနိုင်စေရဘူး.. ကျန်းဝူနတ်ဂိုဏ်းကသာ ဟော်ထျန်းယန်ရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်ရဲရင် ကျန်းဝူနတ်တောင်ကို ငါ့ရဲ့‌ခြေဖဝါးအောက်မှာ နင်းချေပြီး ကျန်းဝူနတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ငါသုတ်သင်ပစ်မယ်”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လျှပ်တစ်ပြက်ပျောက်ကွယ်သွားခဲ့သည်။

ဖန်ယန်တောင်မှ ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် အနီရောင်ဝတ်စုံဝတ် အဘိုးအို ပြောပြခဲ့သည့် ဟော်ထျန်းယန် ပုန်းအောင်နေသည့် နေရာသို့ သွားမရှာခဲ့ပေ။

လောင်မီးဂိုဏ်းက ဟော်ထျန်းယန် အတွက် ပြင်ဆင်ပေးထားသော ပုန်းအောင်းသည့် နေရာသည် အလွန်ပင် လျှို့ဝှက်လှသဖြင့် ကျန်းဝူကောင်းကင်နယ်မြေရှိ ကျန်းဝူနတ်ဂိုဏ်း၏ အင်အားဖြင့်ပင် ရှာမတွေ့နိုင်ခဲ့ချေ။

ဟော်ထျန်းယန်သာ ထိုနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် သဘာဝကျစွာပင် ဘေးကင်းလိမ့်မည် ဖြစ်၏။

သို့သော်လည်း သူသိထားသော ဟော်ထျန်းယန်၏ စရိုက်အရ လောင်မီးဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိရှိသွားပြီးနောက်တွင် ဆက်လက် ပုန်းအောင်းနေမည်မဟုတ်လောက်ချေ။

ထို့ကြောင့် သူ ယခုလုပ်ဆောင်ရသော အရာမှာ ကျန်းဝူနတ်ဂိုဏ်းသို့ အရင်ဦးစွာ သွားရောက်ပြီး ဟော်ထျန်းယန် ထိုနေရာသို့ မရောက်မီ လောင်မီးဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများကို ကယ်တင်ရန်ပင် ဖြစ်သည်။

ကျန်းချန်၏ ခြေတစ်လှမ်းသည် မိုင်ပေါင်းသန်းချီ ခရီးနှင်နိုင်သောကြောင့် အမွှေးတိုင် တစ်တိုင်ထွန်းစာ မကုန်မီ အချိန်အတွင်းမှာပင် မိုင်ပေါင်းသန်းရာချီ ခရီးကို ဖြတ်ကျော်ခဲ့ပြီး ကျန်းဝူကောင်းကင်နယ်မြေ၏ အမြင့်မြတ်ဆုံးနေရာ ဖြစ်သော ကျန်းဝူနတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

သူ၏ စူးရှသော အကြည့်သည် ကျန်းဝူနတ်ဂိုဏ်း၏ အစီအရင်များကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ကျန်းဝူနတ်ဘုရင် မြန်မြန်ထွက်လာပြီး အသေလာခံစမ်း”

ကျန်းချန်၏ အသံက မိုးခြိမ်းသံကဲ့သို့ပင် ပတ်ဝန်းကျင်တွင်ပဲ့တင်ထပ်သွားခဲ့ပြီး ကျန်းဝူကောင်းကင်နယ်မြေ၏ အထက်ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျန်းဝူနတ်ဂိုဏ်းအတွင်းရှိ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် ထွန်းလင်းနေသော နေမင်းကြီးကဲ့သို့ပင် ကျန်းဝူနတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို တွေ့လိုက်ရသည်။

“အဲဒီ ကောင်လေးက ဘယ်သူလဲ.. ငါတို့ ကျန်းဝူနတ်ဂိုဏ်းကိုတောင် လာပြီး သောင်းကျန်းရဲတယ်လား.. ကျန်းဝူနတ်ဂိုဏ်းက ကျန်းဝူကောင်းကင်နယ်မြေမှာ ရပ်တည်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. ဘယ်သူမှ ဒီလောက်အထိ အတင့်ရဲပြီး ပြဿနာမရှာရဲဘူး.. ဒီကောင်လေး ကြည့်ရတာ သေချင်နေပြီထင်တယ်”

“............”

ကျန်းဝူကောင်းကင်နယ်မြေ အတွင်းရှိ တပည့်များစွာသည် ကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်ကာ လှောင်ပြုံး ပြုံး၍ ရေရွတ်လိုက်ကြသည်။

သူတို့ ကျန်းဝူနတ်ဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်ပြီး ကျန်းဝူနယ်မြေ တစ်ခုလုံးကို စိုးမိုးထားသော ဂိုဏ်းကြီးတစ်ဂိုဏ်းလည်း ဖြစ်သည်။

ကျန်းဝူနတ်ဂိုဏ်းဆီ ရောက်လာပြီး သောင်းကျန်းရဲသည့်သူ မည်သူမဆို ထိုအတွက် ခါးသီးသော အဖိုးအခကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။

“ဝုန်း..”

ကျန်းချန်၏အသံက ကျန်းဝူနတ်ဂိုဏ်း အထက်တွင် ပဲ့တင်ထပ်နေစဥ်မှာပင် ကြောက်မက်ဖွယ်အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်များစွာသည် အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းဆီကနေ ကောင်းကင်ယံသို့ ပျံတက်လာခဲ့ကြသည်။

ထိုပုံရိပ်များသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့ကြသည်။

၎င်းတို့ တစ်ဦးချင်းစီတိုင်းတွင် နယ်မြေနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

အဆုံးသတ်တွင် ကောင်းကင်အရှင်အဆင့် အရှိန်အဝါများကို ထုတ်လွှတ်နေသော အကြီးအကဲ သုံးပါးသည် ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာခဲ့ကြသည်။

ရွှေရောင်မျက်ဝန်း ပိုင်ရှင် အဘိုးအိုက ကျန်းချန်ကို စူးစိုက်ကြည့်ကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။

“ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ကျန်းဝူနတ်ဂိုဏ်းကို လာပြီး သောင်းကျန်းနေတာလဲ”

ရွှေရောင်မျက်ဝန်းပိုင်ရှင် ထိုစကားကို ပြောလိုက်ချိန်တွင် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်အထိ တုန်ခါသွားခဲ့၏။

ကျန်းချန်က ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုကို မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

“ဒီနေ့ငါလာတာ ကျန်းဝူနတ်ဘုရင်နဲ့ စာရင်းရှင်းဖို့ပဲ.. ငါ လူမသတ်ချင်ဘူး.. မင်းတို့တွေ မသေချင်ရင် ကျန်းဝူနတ်ဘုရင်ကို ထွက်လာပြီး ငါနဲ့ လာတွေ့ခိုင်းလိုက်”

အခန်း(၂၁၆၂)ပြီး၏။

All Chapters