အခန်း (၂၁၆၃-၂၁၆၄)
Vol. 157 Ch. 2163-2164
အခန်း(၂၁၆၃)
ကျန်းချန်၏ အလွန်အမင်း မောက်မာသော စကားများက ကျန်းဝူနတ်ဂိုဏ်းမှ လူများကို ချက်ချင်းပင် ဒေါသထွက်စေခဲ့သည်။
“ဟမ့်.. မြေကြီးအရှင်အဆင့် ကောင်လေးတစ်ယောက်က ငါ့ရဲ့ကျန်းဝူနတ်ဂိုဏ်းမှာ လာပြီး သောင်းကျန်းရဲတယ်လား.. မင်းကို ကြည့်ရတာ အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ်”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို နံဘေးရှိ လူလတ်ပိုင်းအရွယ် ကောင်းကင်အရှင်တစ်ဦးက ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး.. မင်းအခု ဒူးထောက်ပြီး အသနားခံမယ်ဆိုရင် ငါက နတ်ဘုရင်ဆီမှာ မင်းကို မသတ်ဖို့ အသနားခံပေးမယ်”
“ကောင်းပြီလေ.. မင်းတို့က ကျန်းဝူနတ်ဘုရင်ကို ထွက်လာခိုင်းဖို့ ငြင်းဆန်နေမှတော့ သူထွက်လာချင်စိတ် ပေါက်လာတဲ့အထိ မင်းတို့ ကျန်းဝူနတ်ဂိုဏ်းကို ငါသုတ်သင်ပစ်မယ်”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ပေ။
ရှေးဟောင်း ရွှေရောင်ဓားသည် သူ၏ လက်ထဲတွင် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါသည် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းဝူကောင်းကင်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် လွှမ်းခြုံသွားခဲ့သည်။
“ဒီကောင်လေးကို သတ်ကြစမ်း”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို၏ မျက်နှာသည် အလွန်တရာပင် အေးစက်သွားခဲ့သည်။
သူ၏ အမိန့်ပေးမှုနှင့်အတူ ကျန်းဝူနတ်ဂိုဏ်းမှ နယ်မြေနတ်ဘုရား ဆယ်ပါးကျော်သည် ပြင်းထန်သော စွမ်းအားများဖြင့် ကျန်းချန်ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
ကျန်းချန်က အေးစက်စက် အမူအရာဖြင့်ပင် သူ၏လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
ခမ်းနားလှသော ရွှေရောင် ဓားစွမ်းအင်များသည် ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာခဲ့ပြီး အကန့်အသတ်မဲ့စွမ်းအားများဖြင့် နယ်မြေနတ်ဘုရား ဆယ်ပါးကျော်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
“ရွှစ်.. ရွှစ်.. ရွှစ်..”
ကျန်းချန် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကျန်းဝူနတ်ဂိုဏ်းမှ နယ်မြေနတ်ဘုရား ဆယ်ပါးကျော်တို့သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ဓားသည် ရွှေရောင်ဓားစွမ်းအင်၏ အောက်တွင် ချက်ချင်းဆိုသလိုပင် အစအနပင် မကျန် ပျောက်ကွယ်သွားခဲ့သည်။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဤမြင်ကွင်းကြောင့် ကျန်းဝူနတ်ဂိုဏ်းဝင် တပည့်များစွာသည် တစ္ဆေခြောက်ခံရသကဲ့သို့ ဖြစ်သွားခဲ့ပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြသည်။
မြေကြီးအရှင်အဆင့် ကျင့်ကြံသူတစ်ဦး အပါအဝင် နယ်မြေနတ်ဘုရားဆယ်ပါးကျော် တို့သည် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ပေါ့ပါးသော တိုက်ခိုက်မှုအောက်တွင် အားလုံးချေမှုန်းခံလိုက်ရသည်။
ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦး ဆိုလျှင်ပင် ထိုမျှ အထိ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်အရှင်အဆင့်နှင့်ပင် ယှဥ်နိုင်သော ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားပါသလော။
သိထားရမည့်အချက်မှာ ကျန်းဝူနတ်ဂိုဏ်းတွင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကနေ ကြယ်နှစ်ပွင့်အရှင်သခင် အဖြစ် ထိုးဖောက်နိုင်ခဲ့သော သူတို့၏ နတ်ဘုရားသားတော် တစ်ဦးတည်းသာလျှင် ကောင်းကင်အရှင်အဆင့်နှင့် ယှဥ်နိုင်သော အစွမ်းရှိခြင်း ဖြစ်သည်။
သို့ဆိုလျှင် ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့၏ နတ်ဘုရားသားတော်ထက် မနိမ့်ကျသော ပါရမီရှင်တစ်ဦး ဖြစ်နေပါသလော။
“ကောင်လေး.. မင်း သေချင်နေတာပဲ”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုနှင့် ကောင်းကင်အရှင် သုံးပါးတို့သည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ကြသည်။
သူတို့က ချက်ချင်းဆိုသလိုပင် အံ့ဩထိတ်လန့်သွားခဲ့ကြ၏။
ကျန်းဝူနတ်ဂိုဏ်းတွင် နယ်မြေနတ်ဘုရားများစွာ ရှိသော်လည်း ဓားချက် တစ်ချက်တည်းဖြင့် နယ်မြေနတ်ဘုရားဆယ်ပါးကျော် အသတ်ခံလိုက်ရခြင်းသည် သူတို့ ကျန်းဝူနတ်ဂိုဏ်းအတွက် အနည်းငယ်မျှသော ဆုံးရှုံးမှု မဟုတ်ချေ။
“အကြီးအကဲတို့ မစိုးရိမ်ပါနဲ့.. ဒီနတ်ဘုရားသားတော်က ဒီကောင်လေးကို ဖြေရှင်းပေးတဲ့အထိ စောင့်ပေးကြပါ”
ထိုအခိုက်အတန့်မှာပင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသော ပုံရိပ်တစ်ခုသည် ကျန်းဝူနတ်ဂိုဏ်း ဆီကနေ ကောင်းကင်ယံထက်သို့ ရုတ်တရက် ပျံတက်လာခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်သည် ခမ်းနားလှသော ရွှေရောင်ပုံရိပ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။
ထိုလူငယ်က ရွှေရောင်ဆံပင်ကို ပိုင်ဆိုင်ထားပြီး မောက်မာသော အသွင်အပြင် ရှိသည်။
ထူးခြားချက်မှာ လူငယ်၏ နဖူးအလယ်တွင် ဒေါင်လိုက်မျက်လုံးတစ်လုံးရှိပြီး ထိုမျက်လုံးသည် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ နေရာလွတ်ကိုပင် ဆွဲဖြဲပစ်နိုင်လောက်သော အလင်းတန်းများ လင်းလက်နေခဲ့သည်။
ထိုလူငယ်က ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဝူရှန့်ယန်ပင် ဖြစ်သည်။
ဝူရှန့်ယန်သည် အထွတ်အထိပ်နတ်ဘုရား အဆင့်ကို ရောက်ရှိခဲ့ပြီး ကျန်းဝူနတ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
ယခုအခါတွင် ကြယ်နှစ်ပွင့် အရှင်သခင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်အရှင်အဆင့်နှင့်ပင် ယှဥ်နိုင်စွမ်းရှိ၏။
“နတ်ဘုရားသားတော် ကိုယ်တိုင် တိုက်ခိုက်တော့မယ်.. နတ်ဘုရားသားတော်ရဲ့ လက်ရှိခွန်အားက ကောင်းကင်အရှင်အဆင့်နဲ့တောင် ယှဥ်နိုင်နေပြီ ဆိုတော့ အဲဒီကောင်လေး သေမှာ သေချာသလောက်ပဲ”
“.............”
နတ်ဘုရားသားတော် ဝူရှန့်ယန် ကိုယ်တိုင် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရလျှင် ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များစွာ၏ မျက်နှာထက်တွင် အေးစက်စက် အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။
“နတ်ဘုရားသားတော် သတိထားပါ.. ဒီကောင်လေးက အနည်းဆုံး ကြယ်တစ်ပွင့်မြေကြီးအရှင် အဆင့်မှာ ရှိပုံရတယ်”
ဝူရှန့်ယန် တိုက်ခိုက်တော့မည်ကို မြင်လျှင် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက အလျင်အမြန်ပင် သတိပေးလိုက်သည်။
နတ်ဘုရားသားတော်၏ လက်ရှိခွန်အားသည် ကောင်းကင်အရှင်အဆင့်နှင့်ပင် ယှဥ်နိုင်သည် ဆိုသော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သာမန် မဟုတ်သည်မှာ သေချာ၏။
ဝူရှန့်ယန်သည် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ကောင်လေး.. မင်းက ကျန်းဝူနတ်ဂိုဏ်းရဲ့ နယ်မြေထဲမှာ ငါ့ရဲ့လူတွေကိုတောင် သတ်ရဲတယ်.. ငါတို့ဂိုဏ်းရဲ့ သမိုင်းမှာ ဒီလိုကျူးကျော်ဝံ့တာ မင်း ပထမဆုံးပဲ”
“မင်းက ကျန်းဝူနတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော်လား”
ကျန်းချန်က ဝူရှန့်ယန်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်ပြီး အထင်သေးသော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“မင်းက ငါ သိပ်မကြာခင်က တွေ့ခဲ့ဖူးသမျှ နတ်ဘုရားသားတော်တွေထဲမှာ အားအနည်းဆုံးပဲ”
သူ၏ရှေ့မှ ဝူရှန့်ယန်သည် ကျန်းဝူကောင်းကင်နယ်မြေတွင် အထွတ်အထိပ် ပါရမီရှင်တစ်ဦး အဖြစ် သတ်မှတ်ခံရနိုင်သော်လည်း နတ်ကုန်းမြေတိုက်ရှိ တကယ့်ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင် ဘာမှ မဟုတ်တော့ပေ။
ဆိုရလျှင် ဝူရှန့်ယန်၏ အဆင့်သည် တောင်ဘက်ပင်မခန်းမ၏ ပါရမီရှင်များနှင့်သာ ယှဥ်နိုင်စွမ်း ရှိသည်။
နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသရှိ အင်အားစုများမှ နတ်ဘုရားသားတော်များနှင့် နှိုင်းယှဥ်လျှင်ပင် တစ်ဆင့်နိမ့်ကျနေပါသေး၏။
“ဟမ့်.. မင်းက လေလုံးတော့ အတော်ထွားသားပဲ.. ကောင်းပြီလေ.. ဒီနတ်ဘုရားသားတော်က မင်းမှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိသလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
ဝူရှန့်ယန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ယင်းနောက်တွင် သူ၏ မျက်ခုံးနှစ်ခု ကြားရှိ တတိယမြောက်မျက်လုံး ဖြစ်သော ဒေါင်လိုက် မျက်လုံးသည် ရုတ်တရက် ပွင့်လာခဲ့ပြီး နေမင်း ကဲ့သို့ တောက်ပသော ရွှေရောင် အလင်းတန်းများသည် ပေါက်ကွဲထွက်လာခဲ့၏။
“ဝုန်း..”
ထိုတောက်ပသော ရွှေရောင် အလင်းတန်းများသည် ရွှေရောင်နတ်ဓား တစ်လက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်နတ်ဓားထံမှ နေမင်း ကဲ့သို့ ကြောက်မက်ဖွယ်ပူပြင်းလှသည့် စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
“အစစ်အမှန် သူရိန်မျက်လုံး တိုက်ကွက်”
ဤတိုက်ကွက်ကို ဝူရှန့်ယန်သည် သူ၏ ကိုယ်ပိုင် သွေးစွမ်းအားနှင့် ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့် နည်းစနစ်တို့ကို ပေါင်းစပ်ကာ ဖန်တီးထားခြင်း ဖြစ်သည်။
ထိုတိုက်ကွက်၏ စွမ်းအားသည် ကောင်းကင်အရှင် အဆင့်ကျင့်ကြံသူများကိုပင် အနိုင်ယူရန် လုံလောက်၏။
ဝူရှန့်ယန်သည် သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ထူးခြားသော လူတစ်ယောက် ဖြစ်မှန်း သိသဖြင့် အစစ်အမှန်သူရိန်မျက်လုံး တိုက်ကွက်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
“မင်းရဲ့တိုက်ကွက်က မဆိုးပါဘူး.. ဒါပေမဲ့ မင်းက အရမ်းကို အားနည်းလွန်းနေတယ်”
ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ဓားကိုမြှောက်ကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ရှေ့မှ လေထုသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် နှစ်ခြမ်း ကွဲထွက်သွားခဲ့ပြီး ဓားအလင်းသည် ဝူရှန့်ယန် ဖန်တီးထားသော ရွှေရောင်နတ်ဓားပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဖူး..”
ဝူရှန့်ယန်၏ ခန္ဓာကိုယ် တစ်ခုလုံးကလည်း တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
သူ တုံ့ပြန်ရန် အချိန်မရသေးမီမှာပင် ရွှေရောင်နတ်ဓားကို ပိုင်းဖြတ်လိုက်သော ကျန်းချန်၏ ဓားအလင်းသည် နေရာလွတ်ကို ထိုးဖောက်ကာ သူ၏ ခန္ဓာကိုယ် ပေါ်သို့ သက်ရောက်လာခဲ့၏။
“ဝုန်း..”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ဝူရှန့်ယန်သည် ပေရာချီ အကွာအဝေး အထိ နောက်ပြန် လွင့်စင်ထွက်သွားခဲ့သည်။
အကယ်၍ သူသာ ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် မဟုတ်ဘဲ သူ၏ ကိုယ်ပေါ်တွင် နတ်ဘုရင်အဆင့် သံချပ်ဝတ်စုံ ရှိမနေခဲ့လျှင် ဝူရှန့်ယန်သည် ကျန်းချန်၏ ဤဓားချက်အောက်တွင် အသက်ပျောက်သွားလောက်ချေပြီ။
“နတ်ဘုရားသားတော်”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုနှင့် အခြားသူများသည် ထိတ်လန့်သွားခဲ့ကြသည်။
အောက်ဘက်ကနေ ကြည့်ရှုနေကြသော ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များစွာသည်လည်း မှင်တက်သွားခဲ့ကြပြီး ကြောက်ရွံ့နေခဲ့ကြ၏။
တိုက်ခိုက်ရေးစွမ်းရည်တွင် ကောင်းကင်အရှင် အဆင့်နှင့်ပင် ယှဥ်နိုင်သော သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရားသားတော်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရပြီ မဟုတ်ပါလော။
“မင်း.. မင်းက ငါတို့ ကျန်းဝူနတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော်ကို ထိခိုက်အောင် လုပ်ရဲတယ်လား.. သေဖို့သာ ပြင်ထားလိုက်တော့”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်သော လူသတ်ငွေ့များဖြင့် ပြည့်နှက်သွားခဲ့သည်။
သူက လေထုထဲတွင် လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ရွှေရောင်ကောင်းကင်ဓား တစ်စင်းသည် ကောင်းကင်ယံကို ဖြတ်ကျော်၍ ပေါ်လာခဲ့သည်။
ထိုဓားသည် ကျန်းချန်နှင့် ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို ပိုင်းဖြတ်တော့မည့် အလား ဖြစ်နေခဲ့၏။
“ကြယ်တစ်ပွင့် ကောင်းကင်အရှင် အဆင့်ကများ ငါ့ကို သတ်ချင်နေသေးတယ်လား.. ကောင်းပြီလေ မင်းက အခြေအနေကို နားမလည်မှတော့ မင်းကို အရင်ဆုံး သတ်ပစ်ပြီးမှ ကျန်းဝူနတ်ဘုရင်ကို ရှာပြီး စာရင်းရှင်းရတော့မှာပေါ့”
စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို ထံသို့ ခုတ်ပိုင်းလိုက်သည်။
အခန်း(၂၁၆၃)ပြီး၏။
အခန်း(၂၁၆၄)
ကြောက်မက်ဖွယ်ဓားအလင်းသည် တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ပင် ရွှေရောင်ကောင်းကင်ဓားကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။
ဓားအလင်းက ရွှေရောင်ကောင်းကင်ဓားကို ချေမှုန်းဖျက်ဆီးပြီးနောက်တွင် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို ဆီသို့ သက်ရောက်သွားခဲ့သည်။
“ဖူး..”
ကျန်းဝူနတ်ဂိုဏ်း၏ ကြယ်တစ်ပွင့်ကောင်းကင်အရှင် ဖြစ်သည့် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုသည် ပါးစပ်ကနေသွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကျန်းချန်၏ ဓားချက်အောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။
အကယ်၍ သူသာ အလျင်အမြန် တုံ့ပြန်ခြင်း မပြုဘဲ ဓားအလင်းက ခန္ဓာကိုယ်ကို ထိမှန်သည့် အခိုက်အတန့်တွင် ဝိညာဥ်ကို ခန္ဓာကိုယ်မှ စွန့်ခွာရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချနိုင်ခဲ့လျှင် ဤအချိန်လောက်၌ သူ၏ ဝိညာဥ်ပါမကျန် ဓားအလင်းအောက်တွင် ဖျက်ဆီးခံရမည်မှာ သေချာ၏။
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
မရေမတွက်နိုင်သော ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များသည် မမြင်ရသော လက်တစ်စုံဖြင့် လည်ပင်းညှစ်ခံထားရသကဲ့သို့ အချိန်အတော်ကြာအောင်ပင် စကားမပြောနိုင်ဘဲ မှင်တက်နေခဲ့ကြသည်။
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုသည် သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်ပြီး ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူလည်း ဖြစ်သည်။
ဆိုရလျှင် ၎င်းသည် ကျန်းဝူကောင်းကင်နယ်မြေ၏ ကောင်းကင်အရှင်သခင် ဆယ်ပါးထဲတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသလို နတ်ဘုရင်အဆင့်အောက်တွင် နံပါတ်တစ်ပုဂ္ဂိုလ်လည်း ဖြစ်၏။
ဤမျှအစွမ်းထက်သော ကောင်းကင်အရှင်ပင်လျှင် လေထုထဲမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက်တစ်ချက်အောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရ၏။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီကောင်လေးက ဒဏ္ဍာရီလာ ကြယ်သုံးပွင့် မြေကြီးအရှင်ပဲ.. မြန်မြန်ဂိုဏ်းထဲကို ပြန်ဆုတ်ကြ”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုသည် အလွန်အမင်း ထိတ်လန့်စွာ ရေရွတ်လိုက်သည်။
သူ၏ ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ်ခွန်အားဖြင့်ပင် ပြိုင်ဘက်၏ ဓားချက်တစ်ချက်ကို မတားဆီးနိုင်ခဲ့ပေ။
မြေကြီးအရှင်အဆင့်ဖြင့် ဤမျှလောက် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်မှာ ဒဏ္ဍာရီလာ ကြယ်သုံးပွင့် မြေကြီးအရှင် အဆင့်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။
ကြယ်သုံးပွင့် မြေကြီးအရှင်သည် အနည်းဆုံး ကြယ်နှစ်ပွင့်ကောင်းကင်အရှင်နှင့် ယှဥ်နိုင်သော စွမ်းအားရှိသည် မဟုတ်ပါလော။
ထိုအဆင့်ပုဂ္ဂိုလ်ကို သူတို့ ကျန်းဝူနတ်ဂိုဏ်းတွင် ကျန်းဝူနတ်ဘုရင်မှလွဲ၍ မည်သူမျှ ယှဥ်နိုင်မည် မဟုတ်ပေ။
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို၏ စကားကို ကြားသည်နှင့် ကျန်းဝူနတ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများသည် ထိတ်လန့်တကြား ဖြစ်ကာ ကျန်းဝူနတ်ဂိုဏ်း အတွင်းသို့ အလန့်တကြား ဆုတ်ခွာသွားခဲ့ကြသည်။
ကျန်းဝူနတ်ဂိုဏ်းတွင် ကျန်းဝူနတ်ဘုရင် ပြီးလျှင် နံပါတ်တစ်ကျင့်ကြံသူဖြစ်သော ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုပင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်ဖြစ်ရာ သူတို့အနေဖြင့် ဤနေရာတွင် ဆက်နေလျှင်လည်း ဘာမှ ထူးခြားလာမည်မဟုတ်ဘဲ အသေခံသကဲ့သို့သာ ဖြစ်လာပေလိမ့်မည်မဟုတ်ပေ။
ကျန်းဝူနတ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူအားလုံး ဂိုဏ်းအတွင်းသို့ ဆုတ်ခွာပြီးနောက်တွင် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုသည် ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
နောက်ထပ်တစ်ခဏမှာပင် ကျန်းဝူနတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် အကာအကွယ်အလွှာများ ထွက်ပေါ်လာခဲ့၏။
ထိုအကာအကွယ် အလွှာတွင် လျှပ်စီးစွမ်းအားများလည်း ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
သာမန် နယ်မြေနတ်ဘုရား တစ်ပါး ပင်လျှင် ထိုစွမ်းအားနှင့် ထိတွေ့မိလျှင် ချက်ချင်း ဆိုသလိုပင် အငွေ့ပျံ ပျောက်ကွယ်သွားနိုင်၏။
ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်များကို အမြင့်ဆုံးအဆင့်အထိ အသက်သွင်းပြီးနောက်မှသာ ရွှေရောင်မျက်ဝန်း ပိုင်ရှင် အဘိုးအိုသည် သက်ပြင်းချနိုင်ခဲ့သည်။
ကျန်းဝူနတ်ဂိုဏ်း၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သော ဤဂိုဏ်းကာကွယ်ရေး အစီအရင်သည် ပြိုင်ဘက်ကင်း နတ်အစီအရင် ဖြစ်ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ပင်လျှင် အလွယ်တကူ ချေမှုန်းနိုင်မည် မဟုတ်ပေ။
သူ၏ ရှေ့မှ အနက်ရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်သည် ဒဏ္ဍာရီလာကြယ်သုံးပွင့် မြေကြီးအရှင်သခင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေသော်လည်း ကျန်းဝူနတ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုမူ တုန်လှုပ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေထုထဲရှိ ကျန်းချန်ကို ဝိညာဥ်ခန္ဓာကိုယ်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“မင်းက ကျန်းဝူကောင်းကင်နယ်မြေကလူ မဟုတ်ဘူး မဟုတ်လား.. မင်းနဲ့ ငါတို့ ကျန်းဝူနတ်ဂိုဏ်းရဲ့ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိဘူး.. ဘာဖြစ်လို့ ငါတို့ ကျန်းဝူနတ်ဂိုဏ်းကို လာပြီး ပြဿနာလာရှာနေရတာလဲ”
ကျန်းဝူနတ်ဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်၍ ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံး၏ အကြောင်းများကို သိရှိထားခဲ့သည်။
ထို့ကြောင့် ရွှေရောင်မျက်ဝန်းပိုင်ရှင် အကြီးအကဲသည် ကျန်းဝူနယ်မြေတွင် ဤကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်မျိုး တစ်ခါမှ မရှိခဲ့ဖူးကြောင်း တပ်အပ် ပြောနိုင်ခဲ့သည်။
သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းဝူကောင်းကင်နယ်မြေ၏ အပြင်ဘက်ကနေ ရောက်လာသည်မှာ ထင်ရှားနေခဲ့၏။
ထိုလူငယ်သည် နတ်ကုန်းမြေတိုက်ကြီးမှ အလွန်တရာ ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်နိုင်ရန် အလားအလာ အလွန်များသည်။
သို့သော်လည်း သူတို့ ကျန်းဝူနတ်ဂိုဏ်းက ထိုနတ်ကုန်းမြေတိုက်မှ ပါရမီရှင်ကို မည်သည့်အချိန်က ရန်သွားစမိမှန်း ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
“ဟုတ်တယ်.. ငါက ကျန်းဝူကောင်းကင်နယ်မြေက မဟုတ်ဘူး.. ဒါပေမဲ့ ငါ့နာမည်ကိုတော့ မင်းကြားဖူးလောက်မှာပါ”
ကျန်းချန်က အောက်ဘက်ရှိ ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုကို ငုံကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ငါက ကျန်းချန်ပဲ”
“ကျန်းချန်လား”
ရင်းနှီးသောနာမည်ကို ကြားလိုက်ရလျှင် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
မကြာမီမှာပင် သူက တစ်စုံတစ်ရာကို အလျင်အမြန် စဥ်းစားမိသွားပြီး သူ၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
“မင်း.. မင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကုဟွမ်တောင်မှာ နာမည်ကျော်ကြားခဲ့တဲ့ ကျန်းချန်လား”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အကြီးအကဲ ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းဝူနတ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများစွာသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ကျန်းချန် အမည်ရှိ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင် တစ်ဦးသည် ကျန်းဝူကောင်းကင်နယ်မြေတွင် ပေါ်ထွက်လာခဲ့သည်။
ထိုပါရမီရှင်သည် ကုဟွမ်တောင် တိုက်ပွဲတွင် ကောင်းကင်နတ်ဘုရားအဆင့်ဖြင့်ပင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အစွမ်းထက် ကောင်းကင်အရှင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး နာမည်တစ်ဟုန်ထိုး ကျော်ကြားသွားခဲ့သည်။
နောက်ပိုင်းတွင် ကျန်းချန်သည် ယွမ်ဝူမြို့တွင် ပေါ်လာခဲ့ပြီး ကျန်းဝူနတ်ဂိုဏ်းမှ ဝူရှန့်ကျဲနှင့် ဟွမ်ယွင် ကောင်းကင်အရှင်တို့ကို သတ်ဖြတ်ခဲ့သည်။
ထိုတိုက်ပွဲတွင် ကျန်းဝူနတ်ဘုရင်၏ ကိုယ်ပွား ရောက်ရှိလာသည့်တိုင် အဆုံးသတ်တွင် ကျန်းချန်ကို မတားဆီးနိုင်ခဲ့ပေ။
ကျန်းဝူ ကောင်းကင်နယ်မြေကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော ထိုလူငယ်သည် ရုတ်တရက် ကျန်းဝူကောင်းကင်နယ်မြေသို့ ပြန်ရောက်လာရုံသာမက ကျန်းဝူနတ်ဂိုဏ်းကိုပင် လာရောက် သောင်းကျန်းနေလိမ့်မည်ဟု ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ယင်းအချိန်က ထိုလူငယ်သည် ကောင်းကင်နတ်ဘုရားအဆင့်တွင်သာ ရှိနေသေးသော်လည်း အစွမ်းထက် ကောင်းကင် အရှင်သခင်ကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ကိုယ်ပွားကိုပင် နောက်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့သည်။
ယခုအခါတွင် ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် မြေကြီးအရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ထိုလူငယ်၏ အစွမ်းအစက မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသောအဆင့်သို့ ရောက်ရှိနေမည်မှာ တွေးနေစရာပင် မလိုတော့ပေ။
“ကျန်းချန် မင်းအရင်က ကျန်းဝူနတ်ဂိုဏ်းရဲ့ မဟာကောင်းကင်နတ်ဘုရား တစ်ပါးနဲ့ ကောင်းကင်အရှင် တစ်ပါးကို သတ်ဖြတ်ခဲ့ပေမဲ့ ကျန်းဝူနတ်ဘုရင်က ဒီကိစ္စကို အရေးမယူခဲ့ဘူး.. ဒါက မင်းကို မျက်နှာသာပေးခဲ့တာပဲ.. အခုတော့ မင်းက ကျန်းဝူနတ်ဂိုဏ်း အထိ လာပြီး စိတ်ရှိလက်ရှိ လူသတ်ရဲတယ်လား.. ဘာလဲ ငါတို့ ကျန်းဝူနတ်ဂိုဏ်းက အနိုင်ကျင့်ဖို့လွယ်ကူတယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
“အဲဒီနှစ်က ငါထွက်မသွားခင်မှာ မင်းတို့ ကျန်းဝူနတ်ဘုရင်ကို လောင်မီးဂိုဏ်းကို သွားမထိဖို့ ငါသတိပေးခဲ့တယ်.. ဒါပေမဲ့ မင်းတို့တွေ ကတိမတည်ခဲ့ဘူး”
ကျန်းချန်၏ စကားကိုကြားလျှင် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ ရှေ့မှ ကျန်းချန်သည် လောင်မီးဂိုဏ်း အတွက် ရောက်လာသည်မှာ ထင်ရှား၏။
“ကျန်းချန်.. လောင်မီးဂိုဏ်းက ကျန်းဝူကောင်းကင်နယ်မြေရဲ့ တားမြစ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်.. ဒါကြောင့် ငါတို့ ကျန်းဝူနတ်ဂိုဏ်းက သူတို့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး.. ဒီကိစ္စက ငါတို့ ကျန်းဝူကောင်းကင်နယ်မြေရဲ့ ကိစ္စပဲ.. မင်းအနေနဲ့ ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို ပြောလိုက်သည်။
“ဘာတားမြစ်စည်းကမ်းလဲ.. မင်းတို့တွေ ဟော်ထျန်းယန်ကို ကြောက်နေလို့ အကြောင်းပြချက် တစ်ခု ကောက်ရှာလိုက်တာမဟုတ်လား”
ကျန်းချန်က မထီမဲ့မြင်ပြုံးလိုက်ပြီး သတ်ဖြတ်လိုသော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်.. လောင်မီးဂိုဏ်းက လူတွေကို အခု ချက်ချင်းလွှတ်ပေးပြီး ကျန်းဝူနတ်ဘုရင်ကို ထွက်လာခိုင်းလိုက်.. မဟုတ်ရင်တော့ ဒီနေ့ မင်းတို့ ကျန်းဝူနတ်ဂိုဏ်းကို ငါ မြေလှန်ပစ်ရလိမ့်မယ်”
“ကျန်းချန် မင်းသိပ်မမောက်မာနဲ့.. မင်းရဲ့ပါရမီက သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာ ငါဝန်ခံတယ်.. ဒါပေမဲ့ မင်းရဲ့လက်ရှိ ခွန်အားလောက်နဲ့တော့ ကျန်းဝူနတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို စိန်ခေါ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက အထင်သေးစွာ ပြုံး၍ ပြောလိုက်သည်။
ကျန်းဝူနတ်ဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေကို နှစ်ပေါင်း သန်းတစ်ထောင် နီးပါး အုပ်စိုးလာခဲ့သော နတ်ဘုရင်အင်အားစုဖြစ်၍ နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိရုံသာမက နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ အင်အားဖြင့်ဆိုလျှင် ဒဏ္ဍာရီလာကြယ်သုံးပွင့် မြေကြီးအရှင်သခင် ဖြစ်နေလျှင်ပင် အနည်းငယ်မျှ တုန်လှုပ်အောင် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
“ကြည့်ရတာ မင်းတို့ ကျန်းဝူနတ်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အတော်လေး ယုံကြည်ချက်ရှိနေပုံပဲ.. ငါက မင်းတို့ကို ဂိုဏ်းကာကွယ်ရေး အစီအရင် ဖွင့်လှစ်စေခဲ့မှတော့ မင်းတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ငါက ဘာလို့ မျက်စိထဲ ထည့်နေရမှာလဲ”
စကားဆုံးသည်နှင့် ကျန်းချန်သည် နတ်ဘုရင်အဆင့်နည်းစနစ် ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
အခန်း(၂၁၆၄)ပြီး၏။