အခန်း (၂၁၆၅-၂၁၆၆)
Vol. 157 Ch. 2165-2166
အခန်း(၂၁၆၅)
တောက်ပသော ကြယ်တာရာ အလင်းတန်းများသည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံထားသည့် ခုနစ်စဥ်ကြယ်အဖြစ် စုစည်းသွားခဲ့သည်။
“ဝုန်း..”
ကျန်းချန်က လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ခုနစ်စဥ်ကြယ်၏ စွမ်းအားများကို စုစည်းထားသော ဧရာမ ကြယ်တာရာဓားကြီးသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ပြီး ကျန်းဝူနတ်ဂိုဏ်း၏ အကာအကွယ်အလွှာ ပေါ်သို့ သက်ရောက်လာခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်တွင် ကျန်းဝူနတ်ဂိုဏ်း၏ ပထမ အကာအကွယ်အလွှာသည် ဧရာမ ကြယ်တာရာဓားကြီး၏ စွမ်းအားအောက်တွင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
အကာအကွယ် အစီအရင်ပေါ်ရှိ လျှပ်စီးစွမ်းအားများသည်လည်း ဧရာမ ကြယ်တာရာဓား၏ အရှိန်အဝါကြောင့် ငြိမ်းသတ်ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းဝူနတ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်သည် အားကောင်းသော်လည်း နတ်ဘုရင် ပထမအဆင့်၏ တိုက်ခိုက်မှုကိုသာ ခုခံနိုင်စွမ်း ရှိသည်။
ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်လျှင် သာမန် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူပင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ကျန်းဝူနတ်ဂိုဏ်း၏ အကာအကွယ် အစီအရင်သည် မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။
ပထမ အကာအကွယ်အလွှာကို ဖြတ်တောက်ပြီးနောက်တွင် ကြယ်တာရာဓားကြီးသည် ဒုတိယ အကာအကွယ်အလွှာ ပေါ်သို့ လျင်မြန်စွာ ကျရောက်သွားခဲ့သည်။
နတ်ဘုရင် ပထမအဆင့်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော ဂိုဏ်းကာကွယ်ရေး အစီအရင်သည် ကျန်းချန်၏ ဧရာမ ကြယ်တာရာဓားကြီး အောက်တွင် စက္ကူစများ ကဲ့သို့ ထိလိုက်သည်နှင့်ပင် ပြိုကွဲ ပျက်စီးသွားခဲ့သည်။
စက္ကန့်အနည်းငယ်မျှပင် မကြာလိုက်ဘဲ ဧရာမ ကြယ်တာရာဓားကြီးသည် ဝါးလုံးကို ထိုးခွဲလိုက်သကဲ့သို့ပင် ကျန်းဝူနတ်ဂိုဏ်း၏ အစီအရင် အကာအကွယ် သုံးလွှာစလုံးကို ဆက်တိုက်ဆိုသလို ချေမှုန်းပစ်လိုက်၏။
ဤအခိုက်အတန့်တွင် ကျန်းဝူနတ်ဂိုဏ်း တစ်ဂိုဏ်းလုံးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ရွှေရောင်မျက်ဝန်းပိုင်ရှင် အကြီးအကဲဖြစ်စေ၊ အခြားသောအဆင့်မြင့် အကြီးအကဲများဖြစ်စေ၊ အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းဝင် တပည့်များဖြစ်စေ၊ အားလုံးသည် မှင်တက်နေခဲ့ကြပြီး သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။
ဤအစီအရင်သည် နတ်ဘုရင် ပထမအဆင့်၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသည့် ဘိုးဘေးများ ချန်ထားပေးခဲ့သော ဂိုဏ်းကာကွယ်ရေး အစီအရင် ဖြစ်သည်။
သို့သော်လည်း ဤမျှ အစွမ်းထက်သော အစီအရင်သည် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့ရ၏။
“ဒါ.. ဒါ ဘယ်လိုလုပ်နိုင်ဖြစ်မှာလဲ”
ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် အကာအကွယ်အလွှာကို ဖျက်ဆီးပြီးနောက်တွင် ကျန်းဝူနတ်ဂိုဏ်းမှ လူများ၏ ထိတ်လန့် တုန်လှုပ်နေသော အကြည့်များအောက်မှာပင် ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
“ကျန်းချန်.. မင်းက တကယ်ပဲ ငါတို့ ကျန်းဝူနတ်ဂိုဏ်းနဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်ချင်လို့လား”
ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသော ကျန်းချန်ကို ကြည့်ကာ ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုသည် အဆုံးသတ်တွင် ထိတ်လန့်သွားခဲ့သည်။
ထိုလူငယ်သည် ကျန်းဝူနတ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုပင် ဓားချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည်ဖြစ်ရာ နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်လောက်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်မှာ သေချာသလာက် ဖြစ်၏။
သို့ဖြစ်ရာ ယခု ကျန်းဝူနတ်ဘုရင် ပြန်မရောက်သေးချိန်တွင် သူတို့အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
“သူသေကိုယ်သေ တိုက်ပွဲဝင်မယ် ဟုတ်လား.. မင်းတို့ ကျန်းဝူနတ်ဂိုဏ်းရဲ့ ခွန်အားလောက်နဲ့ ဒီစကားကို ပြောဖို့ အရည်အချင်း မရှိသေးဘူး”
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“လောင်မီးဂိုဏ်းက လူတွေကို လွှဲပေးဖို့ မင်းကို အမွှေးတိုင်တစ်တိုင်းထွန်းစာ အချိန်ပေးမယ်.. မဟုတ်ရင်တော့ မင်းတို့ ကျန်းဝူနတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ငါသုတ်သင်ပစ်မယ်”
“ကျန်းချန် မင်းအနိုင်ကျင့်လှချည်လား.. ငါတို့ရဲ့ ကျန်းဝူနတ်ဘုရင်က သိပ်မကြာခင် ပြန်လာတော့မှာပဲ.. မင်း ငါတို့ကို ထိရဲရင် မင်းအတွက် အခြေအနေတွေ ဆိုးရွားသွားလိမ့်မယ် ဆိုတာ ငါအာမခံတယ်”
ရွှေရောင်မျက်ဝန်းပိုင်ရှင် အကြီးအကဲ၏ နံဘေးရှိ အခြားသော ကောင်းကင်အရှင်အဆင့် အကြီးအကဲ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက အရမ်းကို စကားများတာပဲ”
စကားဆုံးသည်နှင့် ကျန်းချန်က သူ၏လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
နောက်ထပ် တစ်စက္ကန့်တွင် အနှိုင်းမဲ့ဓားအလင်းတစ်ခုသည် အချိန်နှင့်နေရာလွတ်ကို လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့ပြီး ထိုကောင်းကင်အရှင်အဆင့် အကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။
“ဝုန်း..”
ထိုကောင်းကင်အရှင်အဆင့် အကြီးအကဲ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ပြီး ကောင်းကင်ယံထက်တွင် သွေးမှုန်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ကျန်းချန်က ဓားချက်တစ်ချက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် ကောင်းကင်အရှင်အဆင့် အကြီးအကဲ တစ်ဦးအား သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် ကျန်းဝူနတ်ဂိုဏ်း၏ အကြီးအကဲများစွာ၏ စိတ်နှလုံးထဲ၌ ဖော်မပြနိုင်လောက်အောင် အေးစိမ့်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်လုံးကို သေခြင်းတရား၏ အရိပ်အငွေ့က လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ကျန်းချန်.. မင်း လောင်မီးဂိုဏ်းက လူတွေကို မကယ်ချင်ဘူးလား.. မင်းသာ ငါတို့ကျန်းဝူနတ်ဂိုဏ်းက လူတွေကို ထိရဲရင် လောင်မီးဂိုဏ်းက လူတွေကို ဒီလောကကြီးကနေ လုံးဝပျောက်ကွယ်သွားအောင် ငါလုပ်ပစ်မယ်”
ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဝူရှန့်ယန်သည် ကျန်းချန်ကို ကောက်ကျစ်စွာ စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်လာခဲ့၏။
“မင်းလိုကောင်ကများ လောင်မီးဂိုဏ်းက လူတွေရဲ့အသက်ကို အသုံးပြုပြီး ငါ့ကို ခြိမ်းခြောက်ရဲတယ်လား”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဓားအလင်း တစ်ခုသည် ဝူရှန့်ယန်၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားခဲ့ပြီး ဝူရှန့်ယန်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
ယင်းနောက်တွင် သူက ပေပေါင်းရာချီ ဝေးရာသို့ ထွက်ပြေးသွားခဲ့သည့် ဝူရှန့်ယန်၏ ထိတ်လန့်နေသော ဝိညာဥ်ကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“လောင်မီးဂိုဏ်းက လူတွေကို ထိရဲတာနဲ့ မင်းတို့ ကျန်းဝူနတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို သူတို့နဲ့ အတူ မြှုပ်နှံပေးဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး”
သို့ရာတွင် ကျန်းချန်၏ စကားအဆုံးသတ်မှာပင် မဟာလမ်းစဥ်စွမ်းအားများ ပါဝင်နေသည့် အေးစက်စက်အသံ တစ်သံသည် မိုင်ပေါင်း သန်းချီ အကွာအဝေးကို ထိုးဖောက်လာသကဲ့သို့ ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့သည်။
“ဟမ့်.. ကျန်းဝူနတ်ဂိုဏ်းကို မြှုပ်နှံပေးဖို့အထိ မင်းမှာ အရည်အချင်းရှိလို့လား”
ရုတ်တရက် ထွက်ပေါ်လာသော အေးစက်စက် စကားသံကြောင့် ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုသည် အလွန်လျင်မြန်စွာပင် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက်ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်သည် မိုင်ပေါင်း တစ်သိန်း အကွာအဝေးတွင် ရှိနေဆဲဖြစ်သော်လည်း ၎င်း၏ အသံကမူ ကျန်းဝူနတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။
ရောက်ရှိလာသူမှာ ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် သရဖူကို ဆောင်းထားသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုလူ၏ ရွှေရောင်ဝတ်ရုံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်သင်္ကေတ များစွာကို ရေးဆွဲထား၏။
ခန္ဓာကိုယ် တစ်ခုလုံးကနေလည်း မြင့်မြတ်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေခဲ့သည်။
“နတ်ဘုရင်.. ငါတို့ ကျန်းဝူနတ်ဘုရင် ပြန်လာပြီ”
ကျန်းဝူနတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ရုတ်တရက် ရောက်ရှိလာသော ရွှေရောင်ပုံရိပ်ကို မြင်လျှင် အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များစွာသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ရွှေရောင်မျက်ဝန်းပိုင်ရှင်နှင့် အခြားသူများ၏ မျက်နှာထက်ပင်ပင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ကျန်းဝူနတ်ဘုရင်သည် အဆုံးသတ်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ့ရှေ့တွင် ပေါ်လာသော ကျန်းဝူနတ်ဘုရင်ကို ကြည့်ရင်း ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏။
“ကျန်းဝူနတ်ဘုရင်.. မင်းနောက်ဆုံးတော့ ပေါ်လာပြီကိုး”
“ကျန်းချန် နောက်ဆုံး တစ်ခေါက်တုန်းက မင်းကို ကျန်းဝူနယ်မြေကနေ ထွက်သွားခွင့်ပေးခဲ့တာတောင် မင်းက ပြန်လာရဲတဲ့အပြင် ငါ့ရဲ့ ကျန်းဝူနတ်ဂိုဏ်းကိုပါ သောင်းကျန်းရဲတယ်လား.. ဒီကို ရောက်လာမှတော့ မင်းအတွက် သေလမ်းတစ်လမ်းပဲ ရှိတယ်”
ကျန်းဝူနတ်ဘုရင်၏ အေးစက်စက် အသံသည် ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ပင် မိုင်ပေါင်း ထောင်ချီနေရာလွတ်ကို တုန်လှုပ်သွားစေခဲ့ပြီး ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် လွင့်စင်သွားစေခဲ့သည်။
ကျန်းဝူနတ်ဘုရင်၏ စကားသံသည် မဟာလမ်းစဥ်စွမ်းအားများ ပါဝင်သော်လည်း ကျန်းချန်သည် ကျန်းဝူနတ်ဘုရင်၏ မဟာလမ်းစဥ် စွမ်းအားကြောင့် မည်သို့မျှ မထိခိုက်ခဲ့ပေ။
သူက ကျန်းဝူနတ်ဘုရင်ကို အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် တွေ့ကြတုန်းက လောင်မီးဂိုဏ်းကို ဘာပြဿနာမှ မရှာပါနဲ့လို့ ငါမှာခဲ့တယ်.. အခုတော့ မင်းက အမှားကြီးကို ကျူးလွန်မိခဲ့ပြီ”
“ငါအမှားလုပ်ခဲ့တယ် ဆိုရင်တောင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ.. ငါက ကျန်းဝူကောင်းကင်နယ်မြေရဲ့ တစ်ဦးတည်သော နတ်ဘုရင်တစ်ပါး ဖြစ်သလို ဒီနယ်မြေရဲ့အရှင်သခင်လည်းဖြစ်တယ် ငါလုပ်ချင်တဲ့အရာကို ဘယ်သူကမှ တားဆီးနိုင်မှာမဟုတ်ဘူး..ကောင်းပြီလေ မင်းက သေလမ်းကိုမှ ရွေးချယ်ချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ကျန်းဝူနတ်ဘုရင်သည် ကောင်းကင်ကိုယ်စား ကျန်းချန်ကို သေဒဏ်စီရင်တော့မည့် အလား အလွန်အမင်း မောက်မာနေခဲ့သည်။
သူစကားပြောနေစဥ်မှာပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် မြင့်မြတ်သောရွှေရောင်အလင်းတန်းများ အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး သူ၏ ညာဘက်လက်သီး ပေါ်တွင် စုစည်းသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် စကြဝဠာ၊ နေ၊ လနှင့် ကြယ်တာရာများသည် ကျန်းဝူနတ်ဘုရင်၏ ကျောဘက်တွင် ပေါ်ထွက်လာခဲ့ပြီး ကျန်းဝူနတ်ဘုရင်ကို ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး အလား ထင်မှတ်မှားစေလောက်၏။
“ကျန်းဝူနတ်လက်သီးသိုင်း”
ကျန်းဝူနတ်ဘုရင်က လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ရာ ထိုလက်သီး သွားရာလမ်း တစ်လျှောက်တွင် ဘာမှ မကျန်ရှိတော့သည်အထိ ပျက်စီးသွားခဲ့သည်။
“ကျန်းဝူနတ်ဘုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကသာ မင်းရဲ့ မူလခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါမင်းရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. နှမြောစရာကောင်းတာက မင်းအနေနဲ့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ခဲ့မိတာပဲ.. အခုမင်းက နတ်ဘုရင်ဒုတိယအဆင့် ခွန်အား ရှိနေပေမဲ့ ငါ့ရှေ့မှာတော့ ပုရွက်ဆိတ် တစ်ကောင်နဲ့ ဘာမှ မခြားဘူး.. မင်းကို ငါ ကြက်သတ်သလို အေးအေးဆေးဆေး သတ်ဖြတ်နိုင်တယ်.. မင်းက ငါ့ရှေ့မှာ ဘာအရည်အချင်းနဲ့ အသံထွက်ရဲတာလဲ”
ကျန်းချန်က မထီမဲ့မြင် ပြုံး၍ ဝင့်ကြွားစွာ ရေရွတ်လိုက်သည်။
ယင်းနောက်တွင် သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကနေ ထိတ်လန့်ဖွယ်ရာကောင်းသော အရောင်ဆယ်မျိုးပါ ဓားအလင်းသည် ပျံ့နှံ့သွားခဲ့သည်။
အခန်း(၂၁၆၅)ပြီး၏။
အခန်း(၂၁၆၆)
“ခုတ်ပိုင်းစမ်း”
“ဝုန်း..”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
အလွန်တောက်ပသော အရောင်ဆယ်မျိုးပါ ဓားအလင်းသည် တစ်ကမ္ဘာလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။
ထိုဓားအလင်းသည် လောကကိုပင် ဖိနှိပ်နိုင်လောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
လူတိုင်း၏ စိတ်နှလုံးထဲတွင် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။
အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများပင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မမြင်ရသော စွမ်းအားတစ်ခု၏ ချုပ်နှောင်မှုကို ခံထားရသကဲ့သို့ လက်ချောင်း တစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ပေ။
အကယ်၍ ဤဓားချက်၏ ပစ်မှတ်သာ သူတို့ ဖြစ်ခဲ့လျှင် သူတို့အနေဖြင့် မည်သည့် ခုခံမှုမျှ ပြုလုပ်နိုင်မည် lမဟုတ်ဘဲ ဓားချက်အောက်တွင် အသက်ပျောက်သွားရမည်မှာ သေချာသလောက်ပင်။
လူတိုင်းက ကျန်းချန်၏ ဓားချက်ကြောင့် တုန်လှုပ်နေစဥ်မှာပင် လေထုကို ထိုးခွင်းလာသော အရောင်ဆယ်မျိုးပါ ဓားအလင်းသည် ကျန်းဝူနတ်လက်သီးနဲ့ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး အရောင်ဆယ်မျိုးပါ ဓားအလင်းသည် ကျန်းဝူနတ်လက်သီးကို နှစ်ခြမ်းခွဲပစ်လိုက်ကာ ကျန်းဝူနတ်ဘုရင် ထံသို့ သက်ရောက်လာခဲ့သည်။
“ဖူး..”
ထိုအချင်းအရာကိုမြင်လျှင် ကျန်းဝူနတ်ဘုရင်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့ပြီး ပေပေါင်းနှစ်သောင်း အရှည်ရှိသော နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်ကာ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်စွမ်းအားဖြင့် အရောင်ဆယ်မျိုးပါ ဓားအလင်းကို ရင်ဆိုင်လိုက်၏။
အရောင်ဆယ်မျိုးပါ ဓားအလင်းသည် နတ်ဘုရင်လမ်းစဥ်ကို ဖြတ်တောက်သွားခဲ့ရာ ကျန်းဝူနတ်ဘုရင်၏ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်ထွက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းဝူနတ်ဘုရင်သည် ကျန်းချန်ကို ဖြူဖျော့သော မျက်နှာဖြင့် ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့၏။
ကျန်းချန်က လမ်းစဥ်ဆယ်မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ကျန်းဝူနတ်ဘုရင် သိထားခဲ့သည်။
ထိုအကြောင်းကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်က ယွမ်ဝူမြို့တွင် ကိုယ်ပွားအဖြစ် ပေါ်လာခဲ့စဥ်တွင် သူ့အနေဖြင့် ကျန်းချန်ကို ရင်ဆိုင်ရန် မသေချာခဲ့ပေ။
သူ၏ မူလခန္ဓာကိုယ်က အဆင့်တက်ရန် အရေးကြီးသော အချိန် ဖြစ်နေ၍ ကျန်းချန်ကို လွှတ်ပေးရန်သာ ရွေးချယ်နိုင်ခဲ့သည်။
ယခု ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေမည်မှန်း ကျန်းဝူနတ်ဘုရင် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သူက မူလကတည်းကပင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပို၍ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဆိုရလျှင် ယခုအခါတွင် ကျန်းဝူနတ်ဘုရင်သည် နတ်ဘုရင်ပထမအဆင့်ကနေ ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။
သူ၏ နတ်ဘုရင် ဒုတိယအဆင့် ခွန်အားဖြင့်သာ ဆိုလျှင် မြေကြီးအရှင်အဆင့်သာ ရှိသော ကျန်းချန်ကို လုံးဝကြောက်စရာမလိုဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့ရာတွင် သူ မမျှော်လင့်ခဲ့သည်မှာ နယ်မြေနတ်ဘုရား အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ စိတ်ကူးထားသည်ထက် လုံးဝကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်၏။
ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သော ဓားချက် တစ်ချက်သည်ပင် နတ်ဘုရင် ဒုတိယအဆင့်ရှိ ကျင့်ကြံသူ ဖြစ်သော သူ့ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် သူ၏ ခုခံနိုင်စွမ်းထက် လုံးဝကို ကျော်လွန်နေခဲ့ချေပြီ။
လေထုထဲရှိ မြင်ကွင်းကို ကြည့်ရင်း အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းမှ လူပေါင်းများစွာ၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းဝူကောင်းကင်နယ်မြေတွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်ခံထားရသော ကျန်းဝူနတ်ဘုရင်သည် ကျန်းချန်၏ ဓားချက်တစ်ချက်ကိုပင် မတားဆီးနိုင်မည်ဟု သူတို့တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ဤတစ်ကြိမ်တွင် ကျန်းဝူနတ်ဂိုဏ်းသည် လုံးဝရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
“ကျန်းချန်.. မင်း ဒီနေရာမှာတင်ရပ်ပြီး ငါတို့ ကျန်းဝူနတ်ဂိုဏ်းနဲ့ ရန်သူမလုပ်ဘဲ ငြိမ်းချမ်းရေးယူမယ် ဆိုရင် လောင်မီးဂိုဏ်းက လူတွေကို လွှတ်ပေးမယ်.. ဘယ်လိုသဘောရလဲ”
ကျန်းဝူနတ်ဘုရင်က သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ကာ ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
ဤလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းလှ၍ ကျန်းဝူနတ်ဘုရင် အနေဖြင့် ခေါင်းငုံ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းရန်သာ ရှိတော့သည်။
သို့မဟုတ်လျှင် ယနေ့တွင် ကျန်းဝူနတ်ဂိုဏ်းသည် အမှန်တကယ်ပင် ပျက်စီးသွားနိုင်ပေသည်။
“နောက်ကျသွားပြီ”
ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတစ်ခေါက်က ငါ မင်းကို အခွင့်အရေးပေးခဲ့တယ်.. ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းက အဲဒီအခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး”
ကျန်းချန်က အေးစက်စက်ကြုံးဝါးပြီးနောက်တွင် နောက်ထပ်ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ရန် ပြင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းဝူနတ်ဘုရင်သည် မျက်နှာပျက်ယွင်းသွားခဲ့သည်။
“ကျန်းချန်.. ငါ့ရဲ့ ကျန်းဝူနတ်ဂိုဏ်းက ကျန်းဝူကောင်းကင်နယ်မြေမှာ နှစ်ပေါင်း သန်းတစ်ထောင်နီးပါး တည်တံ့လာခဲ့တဲ့ အင်အားစုပဲ.. မင်းလို မလောက်လေး မလောက်စားကောင်လေးတစ်ယောက်က ငါတို့ဂိုဏ်းကို ဖျက်ဆီးနိုင်မယ်လို့များ ထင်နေလား.. မင်းဒီလောက်အထိ သေချင်နေမှတော့ ငါတို့ကျန်းဝူနတ်ဂိုဏ်းရဲ့ ဝှက်ဖဲတွေကို ထုတ်ပြရတော့မှာပေါ့”
ကျန်းဝူနတ်ဘုရင်က မထီမဲ့မြင် ပြုံးကာ ပြောဆိုလိုက်ပြီးနောက်တွင် လက်ဟန်များကို ပြုလုပ်လိုက်သည်။
“အမိုက်အမဲ မြေးတပည့် ဝူချင်းက ဘိုးဘေးတွေကို ပင့်ဖိတ်ပါတယ်”
“ဝုန်း..”
ကျန်းဝူနတ်ဘုရင် စကားအဆုံးမှာပင် ရှေးခေတ်ကာလမှ လာသည်ဟု ထင်ရသော ကြီးမြတ်လှသည့် စွမ်းအား တစ်ခုသည် အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းထံကနေ ရုတ်တရက် မြင့်တက်လာခဲ့သည်။
ကျန်းဝူနတ်ဂိုဏ်းမှ ထိုကြီးမြတ်လှသော စွမ်းအားကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းဝူနတ်ဂိုဏ်းတွင် ကျန်းဝူနတ်ဘုရင်ထက်ပင် ပို၍ အစွမ်းထက်သော နတ်ဘုရင်များ ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျန်းဝူနတ်ဂိုဏ်းအတွင်းရှိ မရေမတွက်နိုင်သော တပည့်များ၏ မျက်ဝန်းများတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ ကျန်းဝူနတ်ဂိုဏ်းတွင် နတ်ဘုရင်အဆင့် ဘိုးဘေးများ အမှန်တကယ် ရှိနေသေးလျှင် ယနေ့ သူတို့သည် ကယ်တင်ခံရလိမ့်မည် မဟုတ်ပါလော။
လူတိုင်း၏ အကြည့်အောက်မှာပင် ကျန်းဝူနတ်ဂိုဏ်း၏ တားမြစ်နယ်မြေကနေ ရွှေရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ရွှေရောင်ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်ပုံရိပ်သည် ရွှေရောင်ဆံပင်ရှည်များ ရှိကာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကနေ မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။
ပုံရိပ်ယောင်သည် စတင်ထွက်ပေါ်လာချိန်တွင် အနည်းငယ် ခပ်ရေးရေး ဖြစ်နေခဲ့ပြီး မျက်ဝန်းများသည်လည်း ခပ်ထွေထွေ ဖြစ်နေခဲ့သည်။
တဖြည်းဖြည်းနှင့် ပုံရိပ်ယောင်သည် ရှင်းလင်း ပြတ်သားလာခဲ့၏။
ထို့နောက်တွင် သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ကျန်းဝူနတ်ဘုရင်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် သူ၏ အကြည့်ကို ကျန်းချန်ထံ လွှဲလိုက်၏။
“မင်းက ကျန်းဝူနတ်ဂိုဏ်းက ဘိုးဘေးရဲ့ကိုယ်ပွားလား”
ကျန်းချန်က သူ၏ရှေ့မှ ရွှေရောင်ပုံရိပ်ယောင်ကို အကဲခတ်ကြည့်နေခဲ့သည်။
သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
သူ၏ရှေ့မှ ရွှေရောင် ပုံရိပ်ယောင်သည် ထိုအချိန်က ကျီမျိုးနွယ်စုတွင် ပေါ်လာခဲ့သော ဆရာသခင်စန်းမင် ကဲ့သို့ပင် မဟာလမ်းစဥ်စွမ်းအားဖြင့် စုစည်းထားသော စွမ်းအင်ကိုယ်ပွားဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
“ကိုယ်ပွား မဟုတ်ပါဘူး.. ငါက သေဆုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ...ဒါက ငါ့ရဲ့ စိတ်အာရုံ အကြွင်းအကျန်လေးပါပဲ.. ဒီစိတ်အာရုံ အကြွင်းအကျန်ကို ကျန်းဝူနတ်ဂိုဏ်း အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် အကူအညီပေးနိုင်အောင် ချန်ထားရစ်ခဲ့တာပါ”
ရွှေရောင်ပုံရိပ်ယောင်က ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“ကောင်လေး.. မင်းက မြေကြီးအရှင်အဆင့်နဲ့တောင် နတ်ဘုရင်ဒုတိယအဆင့်ကို အနိုင်ယူနိုင်တယ်.. ဒီလိုပါရမီရှင်မျိုးက ငါတို့ခေတ်မှာတောင် ရှားရှားပါးပါးပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“အပိုစကားတွေ ပြောမနေဘဲ ငါတို့ တိုက်ခိုက်ကြစို့.. ကျန်းဝူနတ်ဘုရင်က မင်းကို ဆင့်ခေါ်လိုက်တာ ငါနဲ့ စကားစမြည်ပြောဖို့ မဟုတ်ဘူး ထင်တယ်”
ကျန်းချန်၏ စကားကို ကြားလျှင် ရွှေရောင်ပုံရိပ်ယောင်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ကျန်းဝူနတ်ဂိုဏ်းက မင်းကို ဘာအတွက်နဲ့ ရန်စခဲ့လဲ ဆိုတာ ငါမသိပေမဲ့ ငါ့ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို ဒီမှာတင် ရပ်တန့်ပေးလိုက်လို့ရမလား”
သူက သေဆုံးခဲ့ပြီးပြီ ဖြစ်သော်လည်း သူ၏ အထွတ်အထိပ်ကာလတွင် နတ်ဘုရင်ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့၍ သူ၏ မြင်နိုင်စွမ်းသည် သဘာဝကျစွာပင် ထူးကဲလှ၏။
ဆိုရလျှင် သူ၏ လက်ရှိ စိတ်အာရုံ အကြွင်းအကျန်ဖြင့် စုစည်းထားသော စွမ်းအင်ခန္ဓာကိုယ်ဖြင့် ဆိုလျှင် ထိုကောင်လေးကို ရင်ဆိုင်နိုင်ရန်မှာ မသေချာပေ။
ကျန်းချန်က ရွှေရောင်ပုံရိပ်ရောင်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ မင်းသာ အသက်ရှင်နေသေးတယ် ဆိုရင် မင်းရဲ့ တောင်းဆိုချက်ကို ငါစဥ်းစားပေးကောင်း စဥ်းစားပေးနိုင်လိမ့်မယ်...အခုတော့ မင်းမှာ ငါ့ကို မျက်နှာသာပေးခိုင်းဖို့ အတွက် အရည်အချင်း မရှိတော့ဘူး”
ထိုစကားကိုကြားလျှင် ရွှေရောင်ပုံရိပ်ယောင်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ကျန်းချန်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ထိုလက်သီးတိုက်ကွက်သည် အစောပိုင်းက ကျန်းဝူနတ်ဘုရင် ထုတ်ဖော်ခဲ့သော ကျန်းဝူနတ်လက်သီး တိုက်ကွက်ပင်ဖြစ်သည်။
သို့သော်လည်း ရွှေရောင်ပုံရိပ်ယောင် ထုတ်ဖော်လိုက်သော လက်သီးချက်သည် ကျန်းဝူနတ်ဘုရင် ထုတ်ဖော်လိုက်သော လက်သီးချက်ထက် အဆပေါင်းများစွာ ပိုမို၍ အစွမ်းထက်နေခဲ့၏။
ကမ္ဘာကြီးက ပြိုလဲမတတ် ဖြစ်နေခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
မဟာလမ်းစဥ်၏ ကြီးမြတ်သော စွမ်းအားများ ကိန်းအောင်းနေသည့် ရွှေရောင်လက်သီးချက်သည် ကောင်းကင်ယံကို ဖြတ်ကျော်သွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီး ကြားတွင် သူရိန်နေမင်းထက်ပင် ပိုမိုတောက်ပသော လက်သီးချက် တစ်ခုတည်းသာ ကျန်ရှိနေတော့သည့် အလား ဖြစ်နေခဲ့၏။
ရွှေရောင်ပုံရိပ်ယောင် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်လက်သီးချက်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့သည်။
ဤရွှေရောင်ပုံရိပ်သည် ကျန်းဝူနတ်ဂိုဏ်း၏ ဘိုးဘေးဟု မပြောရပေ။
စိတ်အာရုံ အကြွင်းအကျန်ဖြင့် စုစည်းထားသည့် စွမ်းအင် ခန္ဓာကိုယ် တစ်ခုမျှသာ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် ဟင်းလင်းပြင် သွေးနတ်ဆိုးမျိုးနွယ်စု၏ တတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်နှင့်ပင် ယှဥ်နိုင်စွမ်း ရှိနေခဲ့သည်။
အခန်း(၂၁၆၆)ပြီး၏။