← Chapters

အခန်း (၂၁၆၇-၂၁၆၈)

Vol. 157 Ch. 2167-2168

အခန်း (၂၁၆၇-၂၁၆၈)

Vol. 157 Ch. 2167-2168

အခန်း(၂၁၆၇)

“သေစမ်း”

ရွှေရောင်ပုံရိပ်ယောင်၏ ကောင်းကင်ကိုပင် တုန်ဟည်းစေမည့် လက်သီးချက်နှင့် ရင်ဆိုင်ရာတွင် ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

သူက ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ ရွှေရောင်ပုံရိပ်ယောင်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ရပ်သည် လေထုထဲတွင် အဆက်မပြတ် ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး လောကတစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးသည် ထိုနှစ်ယောက်၏ တိုက်ပွဲမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားများကို ခံနိုင်ရည် မရှိတော့သည်အလား နေ၊ လနှင့် ကြယ်တာရာများပင် ဗြောင်းဆန်ကုန်ကြသည်။

သို့ရာတွင် ဤရွှေရောင်ပုံရိပ်ယောင်သည် အစွမ်းထက်သည်ဆိုသော်လည်း အဆုံးသတ်၌ ၎င်းသည် စိတ်အာရုံအကြွင်းအကျန်မျှဖြင့် စုစည်းထားသော စွမ်းအင်ခန္ဓာကိုယ်မျှသာ ဖြစ်သည်။

ထို့ကြောင့် တိုက်ကွက်တစ်ကွက် ထုတ်ဖော်တိုင်းတွင် သူ၏ စွမ်းအားသည် တစ်ဆင့်ချင်းစီ အားနည်းသွားလိမ့်မည် ဖြစ်၏။

အစပိုင်းတွင် ရွှေရောင်ပုံရိပ်ယောင်သည် ကျန်းချန်ကို အနည်းငယ် အသာစီးရနေခဲ့သေးသည်။

သို့သော်လည်း တိုက်ကွက် အနည်းငယ်အကြာတွင် ရွှေရောင်ပုံရိပ်ယောင်သည် သိသိသာသာပင် အားနည်းသွားခဲ့ပြီး အရောင် တဖြည်းဖြည်း မှိန်သွားခဲ့သည်။

“အင်း.. ကျန်းဝူနတ်ဂိုဏ်းက ရန်မစသင့်တဲ့လူကို သွားပြီး ရန်စမိတာပဲ...ပျက်စီးဖို့အချိန်တန်ပြီထင်ပါရဲ့”

အဆုံးသတ်တွင်မူ ရွှေရောင်ပုံရိပ်ယောင်သည် သက်ပြင်းချရုံသာ တတ်နိုင်တော့ပြီး ဤလောကထဲကနေ လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။

ကျန်းဝူနတ်ဘုရင်သည် သူ၏ ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

ဤရွှေရောင်ပုံရိပ်ယောင်သည် ကျန်းဝူနတ်ဂိုဏ်း၏ ဘိုးဘေးဖြစ်၏။

ဘိုးဘေး၏ စိတ်အာရုံအကြွင်းအကျန်ကို ဆင့်ခေါ်ပြီး ကျန်းဝူနတ်ဂိုဏ်း၏ နောက်ဆုံးဝှက်ဖဲကို စတေးခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် ချေမှုန်းခံလိုက်ရမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် ကျန်းဝူနတ်ဘုရင်သည် ထိတ်လန့် ကြေက်ရွံသွားခဲ့သည်။

သူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အလျင်အမြန်ပင် အော်ဟစ်လိုက်၏။

“ကျန်း.. ကျန်းချန်.. ငါ ကျန်းဝူနတ်ဂိုဏ်းကို ဦးဆောင်ပြီး မင်းဆီမှာ အညံ့ခံဖို့ အသင့်ပါပဲ...ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးက မင်းကို ရိုသေလေးစားလာရစေမယ်”

“စိတ်မရှိပါနဲ့...ငါက မင်းတို့ ကျန်းဝူနတ်ဂိုဏ်းရော ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးကိုရော စိတ်မဝင်စားဘူး”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်ကာ ဓားချက်တစ်ချက်ကို ထုတ်‌ဖော်၍ ကျန်းဝူနတ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။

“မလုပ်ပါနဲ့”

ကျန်းချန် ဓားကွက်ထုတ်လိုက်သည့် အခိုက်အတန့်မှာပင် ကျန်းဝူနတ်ဘုရင်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချက်ချင်းဆိုသလို ထွက်ပြေးလိုက်သည်။

သို့ရာတွင် ကျန်းဝူနတ်ဘုရင်၏ အရှိန်အဟုန်က မြန်ဆန်သော်လည်း ကျန်းချန်၏ ဓားအလင်းက ပို၍ပင် မြန်ဆန်နေခဲ့၏။

တစ်ခဏအတွင်းမှာပင် ဓားအလင်းသည် အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး မိုင်ပေါင်းထောင်ချီအဝေးတွင်ရှိသော ကျန်းဝူနတ်ဘုရင်ကို ထိမှန်သွားခဲ့ကာ ကျန်းဝူနတ်ဘုရင်၏ ခန္ဓာကိုယ် အသွေးအသားနှင့် စိတ်ဝိညာဥ်အားလုံးကို ဓားချက် တစ်ချက်တည်းဖြင့်ပင် လုံးဝ ချေမှုန်းပစ်လိုက်သည်။

“နတ်ဘုရင် ကျဆုံးသွားပြီလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူတို့၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ကျန်းဝူနတ်ဂိုဏ်းအတွင်းရှိ ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုဦးဆောင်သော ကျင့်ကြံသူ အားလုံးသည် ယခုအခါတွင် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ကြသည်။

“ကျန်းချန်.. မင်း ငါတို့နတ်ဘုရင်ကို သတ်ပြီး ငါတို့ ကျန်းဝူနတ်ဂိုဏ်းကို ဖျက်ဆီးခဲ့တယ်”

ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက ရူးသွပ်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ဝိညာဥ်ခန္ဓာကိုယ်သည် လေမှုတ်သွင်းထားသော ပူဖောင်းတစ်လုံး ကဲ့သို့ လျင်မြန်စွာ ဖောင်းကာလာခဲ့ပြီး ကျန်းချန်ထံသို့ ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း ရွှေရောင်မျက်ဝန်းပိုင်ရှင် အကြီးအကဲသည် ကြယ်တစ်ပွင့် ကောင်းကင်အရှင်မျှသာ ဖြစ်ရာ ၎င်း၏ ဝိညာဥ်ကို ဖောက်ခွဲလိုက်လျှင်ပင် ကျန်းချန်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိပေ။

ကျန်းချန်က ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရုံဖြင့်ပင် ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအို၏ ဝိညာဥ်ကို ဝါးမျိုပစ်လိုက်၏။

“အရှင်.. ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”

ရွှေရောင်မျက်ဝန်းပိုင်ရှင် အဘိုးအိုက ကျန်းချန်၏ လက်ချက်ဖြင့် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျန်းဝူနတ်ဂိုဏ်း၏ နောက်ဆုံးကျန်ရှိသော ကောင်းကင်အရှင်သည် ထိတ်လန့်သွားခဲ့သည်။

သူက ကျန်းချန်ကို အသနားခံရင်း ကောင်းကင်ယံသို့ ထိတ်လန့်တကြား ပျံသန်းကာ ထွက်ပြေးသွားခဲ့သည်။

သို့သော်လည်း မိုင်တစ်ရာခန့် မရောက်သေးမီမှာပင် သူ၏ နောက်သို့ လိုက်ပါလာသော ရွှေရောင်ဓားအလင်းဖြင့် ထိမှန် ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးမြူများ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုကောင်းကင်အရှင်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းရွှေရောင်ဓားဖြင့် နတ်ဘုရားသားတော် ဝူရှန့်ယန်နှင့် ကျန်းဝူနတ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲ အများအပြားကို ခေါင်းဖြတ် သတ်ဖြတ်လိုက်သည်။

“အရှင်.. ချမ်းသာပေးပါ.. လောင်မီးဂိုဏ်းရဲ့ကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး.. ကျွန်တော်တို့ ကျန်းဝူနတ်ဂိုဏ်းကနေ ချက်ချင်း နှုတ်ထွက်ပါ့မယ်”

သတ်ဖြတ်ခြင်းနတ်ဘုရား တစ်ပါး ကဲ့သို့ သတ်ဖြတ်နေသော ကျန်းချန်ကို ကြည့်ကာ မရေမတွက်နိုင်သော ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များသည် ထိတ်လန့် တုန်လှုပ်သွားကြပြီး မြေပြင်ပေါ်တွင် ဝပ်ဆင်း၍ ကျန်းချန်ကို အသနားခံခဲ့ကြသည်။

“ဒီနေ့ နောက်ပိုင်းကစပြီး ဒီလောကကြီးထဲမှာ ကျန်းဝူနတ်ဂိုဏ်းဆိုတာ မရှိတော့ဘူး”

ကျန်းချန်က အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များကို ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့ မသေချင်ရင် ကျန်းဝူနတ်ဂိုဏ်းကနေ ချက်ချင်းထွက်သွားကြစမ်း”

ကျန်းချန်၏ စကားကို ကြားလျှင် ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များစွာသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ပင် ထိတ်လန့်တကြားဖြင့် ကျန်းဝူနတ်တောင်ပေါ်ကနေ ခွေးပြေးဝက်ပြေး ထွက်သွားခဲ့ကြသည်။

သို့ရာတွင် ကျန်းဝူနတ်ဂိုဏ်းပေါ်တွင် သစ္စာရှိသော တပည့်အချို့လည်း ရှိနေသေးပြီး ၎င်းတို့သည် ရူးသွပ်စွာ အော်ဟစ်၍ ကျန်းချန်ထံသို့ ပြေးဝင်လာခဲ့ကြသည်။

“ကျန်းချန်.. မင်း ငါတို့ ကျန်းဝူနတ်ဂိုဏ်းကို ဖျက်ဆီးခဲ့တယ်.. ငါ တစ္ဆေ ဖြစ်သွားရင်တောင် မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”

ကျန်းဝူနတ်ဂိုဏ်း၏ သစ္စာရှိ တပည့်များကို ကျန်းချန်သည် သနားညှာတာခြင်း အလျဥ်းမရှိဘဲ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်း၍ တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်သည်။

နီစွေးသော သွေးများသည် သွေးမိုးများကဲ့သို့ပင် ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်ယံကနေ စီးကျလာခဲ့ပြီး အောက်ဘက်ရှိ မိုင်ပေါင်းထောင်ချီသော မြေပြင်ကို အရောင် ဆိုးလိုက်သလိုပင် ဖြစ်သွားစေခဲ့သည်။

ကျန်းချန်က တစ်ကိုယ်တော် စွမ်းရည်ဖြင့် ကျန်းဝူနတ်ဂိုဏ်းကို မြေလှန်နေသော အချိန်တွင် ကျန်းဝူနတ်ဂိုဏ်းကနေ မိုင်ပေါင်းသောင်းချီဝေးသော နေရာတစ်ခုတွင် နေရာလွတ် လှိုင်းဂယက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသော လူငယ်လေး တစ်ဦးသည် နေရာလွတ်အက်ကြောင်းကနေ ထွက်ပေါ်လာခဲ့၏။

ထိုလူငယ်သည် တခြားသူ မဟုတ်ဘဲ လောင်မီးဂိုဏ်း၏ သခင်လေး ဟော်ထျန်းယန်ပင် ဖြစ်သည်။

နေရာလွတ် အက်ကြောင်းကနေ ထွက်လာပြီးနောက်တွင် ဟော်ထျန်းယန်သည် အေးစက်စက် အကြည့်ဖြင့် ကျန်းဝူနတ်ဂိုဏ်းရှိရာသို့ လှမ်းကြည့်လိုက်သည်။

“ကျန်းဝူနတ်ဂိုဏ်း.. မင်းတို့က ငါ့ရဲ့ လောင်မီးဂိုဏ်းကို ဖျက်ဆီးပြီး ငါ့အဖေကိုပါ ဖမ်းဆီးခဲ့တယ်.. ငါဟော်ထျန်းယန် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားရင်တောင် မင်းတို့ကို အဖိုးအခ ကြီးကြီး ပေးဆပ်စေမယ်”

ဟော်ထျန်းယန်က အေးစက်စက် ကြုံးဝါးပြီးနောက်တွင် ကျန်းဝူနတ်ဂိုဏ်းရှိရာဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

သို့ရာတွင် သူက မိုင်ပေါင်းထောင်ချီ ပျံသန်းပြီးချိန်၌ ကျန်းဝူနတ်ဂိုဏ်း၏ ဝတ်စုံများကို ဝတ်ဆင်ထားသော ပုံရိပ်တချို့သည် သူထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ဟော်ထျန်းယန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။

ကျန်းဝူနတ်ဂိုဏ်းမှ လူများသည် သူ့ကို ကြိုတင်၍ အသင့်စောင့်ဆိုင်းနေကြပါသလော။

ဟော်ထျန်းယန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းဝူနတ်ဂိုဏ်းမှ ကျင့်ကြံသူများကို ရင်ဆိုင်ရန် ပြင်လိုက်သော်လည်း ထိုကျန်းဝူဂိုဏ်းမှ တပည့်များသည် သူ့ကို တစ်ချက်မျှပင် လှမ်းမကြည့်ဘဲ ထိတ်လန့် တုန်လှုပ်နေသော ငှက်ငယ်လေးများကဲ့သို့ သူ၏ ဘေးကနေ အလန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။

ထိုအချင်းအရာကိုမြင်လျှင် ဟော်ထျန်းယန်သည် ချက်ချင်းဆိုသလိုပင် မှင်တက်သွားခဲ့သည်။

သို့ရာတွင် သူ၏ ရှေ့တွင် ရှိနေသည်မှာ ကျန်းဝူနတ်ဂိုဏ်း၏ နယ်မြေ ဖြစ်သည်။

ကျန်းဝူနတ်ဂိုဏ်းမှ ဂိုဏ်းဝင်များသည် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော ကိစ္စတစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံရ၏။

ကျန်းဝူနတ်ဂိုဏ်း၏ နယ်မြေထဲတွင် ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များသည် အဘယ်ကြောင့် ထိတ်လန့်တကြား ထွက်ပြေးနေရပါသနည်း။

ဟော်ထျန်းယန် အ‌တော်လေး အံ့အားသင့်သွားခဲ့၏။

ကြည့်ရသည်မှာ ကျန်းဝူနတ်ဂိုဏ်းသည် တစ်စုံတစ်ရာ ဖြစ်ပျက်နေပုံရသည်။

ထိုကြောင့် ဟော်ထျန်းယန်က တုံ့ဆိုင်းမနေတော့ဘဲ အရှိန်အဟုန်ကို မြှင့်လိုက်ပြီး ကျန်းဝူနတ်ဂိုဏ်းရှိရာသို့ ပျံသန်းသွားခဲ့သည်။

မကြာမီမှာပင် ဟော်ထျန်းယန်သည် ကျန်းဝူနတ်တောင်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

ဟော်ထျန်းယန် ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် ကျန်းဝူနတ်ဂိုဏ်းမှ တပည့် တချို့သည် ထပ်မံ၍ သူ၏ရှေ့ကနေ အလန့်တကြား ထွက်ပြေးလာကြပြန်သည်။

ထို့အပြင် ကျန်းဝူနတ်တောင် တစ်ခုလုံးတွင် သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေခဲ့၏။

ကျန်းဝူကောင်းကင်နယ်မြေရှိ ကျင့်ကြံသူများ၏ မြင့်မြတ်သော နေရာအဖြစ် သတ်မှတ်ခံထားရသော ကျန်းဝူနတ်တောင်သည် ယခုအခါတွင် နေရာအနှံ့ ပျက်စီးယိုယွင်းနေသည်ကို သူတွေ့လိုက်ရသည်။

အောက်ဘက်ရှိ ကျန်းဝူနတ်ဂိုဏ်းတွင်လည်း သွေးများ အိုင်ထွန်းနေခဲ့ပြီး ကြက်သီးထဖွယ် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဟော်ထျန်းယန်သည် ကျန်းဝူနတ်ဂိုဏ်းမှ တပည့်များက အဘယ်ကြောင့် အလန့်တကြား ထွက်ပြေးနေရသလဲဆိုသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့၏။

ကျန်းဝူကောင်းကင်နယ်မြေကို နှစ်ပေါင်း သန်းတစ်ထောင်တိုင်တိုင် အုပ်စိုးလာခဲ့သော နတ်ဘုရင် အင်အားစုသည် ဤကဲ့သို့ပင် ရက်ရက်စက်စက် သုတ်သင်ခံလိုက်ရပါသလော။

သူ့ရှေ့မှ မယုံကြည်နိုင်စရာမြင်ကွင်းကို ကြည့်ရင်း ဟော်ထျန်းယန်သည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ပြီး အချိန်အ‌တော်ကြာသည်အထိ မှင်တက်နေခဲ့သည်။

အခန်း(၂၁၆၇)ပြီး၏။

အခန်း(၂၁၆၈)

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဟော်ထျန်းယန်၏ မျက်ဝန်းများ၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးရှိ အင်အားစုအားလုံးသည် ကျန်းဝူနတ်ဂိုဏ်း‌ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်၏။

ကျန်းဝူနတ်ဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေကို နှစ်ပေါင်း သန်းတစ်ထောင် တိုင်တိုင် အုပ်စိုးခဲ့သော နတ်ဘုရင်အင်အားစုဖြစ်၍ အလွန်တရာပင် အစွမ်းထက်သည်။

သူ၏ လက်ရှိခွန်အားဖြင့်ပင် ကျန်းဝူနတ်ဂိုဏ်းကို ယှဥ်ပြိုင်နိုင်ရန်မှာ အလှမ်း ကွာဝေးနေသေးမှန်း သူကိုယ်တိုင်ကောင်းစွာ သိထားခဲ့သည်။

သို့သော်လည်း ကျန်းဝူနတ်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် လောင်မီးဂိုဏ်းကို ဖျက်ဆီးခဲ့ပြီး သူ၏ဖခင်နှင့် လောင်မီးဂိုဏ်း၏ အကြီးအကဲများစွာကို ဖမ်းဆီးထားခဲ့ရာ သူ့အနေဖြင့် မလာဘဲ မနေနိုင်ခဲ့ပေ။

မူလက သူ၏ အစီအစဥ်သည် ကျန်းဝူနတ်ဂိုဏ်းသို့ လာရောက်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကာ တတ်နိုင်သမျှ ကျန်းဝူနတ်ဂိုဏ်းမှ တပည့်အချို့ကို သေရွာသို့ အပါခေါ်ရန် ဖြစ်သည်။

သို့ရာတွင် ကျန်းဝူနတ်ဂိုဏ်းသည် ဤအခြေအနေအထိ ဖျက်ဆီးခံထားရလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ငါ့အဖေတို့တွေ အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲ မသိဘူး”

ဟော်ထျန်းယန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လျှပ်တစ်ပြက်လှုပ်ရှားလိုက်ကာ ကျန်းဝူနတ်ဂိုဏ်း၏ အတွင်းဘက် ဆီသို့ ချက်ချင်းဆိုသလို ဝင်ရောက်သွားခဲ့သည်။

သူက သူ၏ ဖခင်နှင့် အကြီးအကဲများကို စတင်ရှာဖွေရန် ပြင်လိုက်စဥ်မှာပင် ကျန်းဝူနတ်ဂိုဏ်း၏ နက်ရှိုင်းသော နေရာကနေ ပုံရိပ်အချို့သည် ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

ပထမဆုံး တွေ့လိုက်ရသည့် ရင်းနှီးသောပုံရိပ်သည် တောင်ဘက်ပင်မခန်းမတွင် သူနှင့်လမ်းခွဲပြီး နတ်ကုန်းမြေတိုက်သို့ သွားခဲ့သော ကျန်းချန်ပင် ဖြစ်သည်။

ကျန်းချန်၏ နောက်တွင်မူ သူ၏ ဖခင်ဖြစ်သူ လောင်မီးဂိုဏ်း၏ ဂိုဏ်းချုပ် ဟော်ယွမ်လဲ့နှင့် လောင်မီးဂိုဏ်း၏ အကြီးအကဲ တချို့လည်း ပါလာကြသည်။

ဟော်ထျန်းယန်က ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားခဲ့သည်။

“ညီနောင်ကျန်းချန်.. မင်းဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ”

ဤအခိုက်အတန့်တွင် ကျန်းဝူနတ်ဂိုဏ်း၏ မယုံကြည်နိုင်စရာ ပျက်စီးနေသော အသွင်အပြင်ကို တွေးကြည့်ရင်း ဟော်ထျန်းယန်၏ ရင်ထဲတွင် မယုံကြည်နိုင်စရာ ကောင်းသော ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျန်းဝူနတ်ဂိုဏ်းရုတ်တရက် ပြိုလဲသွားခြင်းသည် ကျန်းချန်၏ လက်ချက်ကြောင့် ဖြစ်နိုင်ပါသလော။

“ညီနောင်ထျန်းယန်.. ငါတို့မတွေ့ရတာ အတော်ကြာပြီ”

ကျန်းချန်က သူ့ရှေ့မှ ဟော်ထျန်းယန်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။

“ငါ ကျန်းဝူကောင်းကင်နယ်မြေကို လမ်းကြုံဖြတ်သွားရင်းနဲ့ ကျန်းဝူနတ်ဂိုဏ်းက လောင်မီးဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တယ်လို့ ကြားတဲ့အတွက် ကျန်းဝူနတ်ဂိုဏ်း ဆီကို ကိုယ်တိုင်လာလည်လိုက်တာပါ”

ကျန်းဝူကောင်းကင်နယ်မြေတွင် ရှိနေစဥ်ကပင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သူ၏ ရင်ထဲတွင် ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း ကျန်းချန်၏ အတည်ပြုချက်ကို ရရှိပြီးနောက်တွင် ဟော်ထျန်းယန်၏ စိတ်နှလုံးသည် အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

သို့ရာတွင် ကျန်းချန်သည် နှစ်အနည်းငယ် အတွင်း ဤမျှလောက်အထိ အစွမ်းထက်လာလိမ့်မည်ဟု ဟော်ထျန်းယန် လုံးဝမမျှော်လင့်ထားခဲ့ပေ။

ဆိုရလျှင် ကျန်းချန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့်ပင် ကျန်းဝူကောင်းကင်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အင်အားစုကို ဖျက်ဆီးပစ်လိုက်သည် မဟုတ်ပါလော။

ဤသည်ကပင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားများကို ပိုင်ဆိုင်နေသည်ဟု ဆိုလိုရာ ရောက်နေခဲ့သည်။

“ညီနောင်ကျန်းချန် မင်းကို ကျေးဇူးတင်စကားပြောရုံနဲ့ မလုံလောက်တော့ဘူး ထင်တယ်.. နောင်တစ်ချိန်မှာ ငါ့ရဲ့အကူအညီကို လိုအပ်လာခဲ့ရင် အချိန်မရွေးပြောပါ.. ငါဟော်ထျန်းယန် မျက်ခုံးတစ်ချက် မတွန့်ဘဲ ကူညီပေးပါ့မယ်လို့ ကတိပေးပါတယ်”

ဟော်ထျန်းယန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ လေးနက်သော အမူအရာဖြင့် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

ကျန်းချန်သည် လောင်မီးဂိုဏ်းနှင့် သူ့ကို အသစ်တစ်ဖန် မွေးဖွားပေးခဲ့သည့် ကျေးဇူးရှင်ဟုပင် ဆိုနိုင်၏။

“မင်းနဲ့ငါက သူငယ်ချင်းတွေပဲလေ.. ဒီလောက်အထိ အားနာနေစရာမလိုပါဘူး”

အကယ်၍ ယနေ့သာ ကျန်းချန်၏ အကူအညီ မရခဲ့လျှင် သူနှင့်လောင်မီးဂိုဏ်းသည် ဤလောကကြီးထဲကနေ ထာဝရပျောက်ကွယ်သွားမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ ဟော်ထျန်းယန်ကို ကြည့်ပြီး ပြောလိုက်သည်။

“ကဲ မင်းလည်း ရောက်လာပြီ ဆိုတော့ ကျန်တဲ့ကိစ္စတွေကို မင်းဘာသာမင်းပဲ ကိုင်တွယ်လိုက်တော့.. ငါ့မှာလုပ်စရာလေးတွေရှိသေးလို့ အရင်သွားနှင့်တော့မယ်.. မင်းရရှိထားတဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ အမွေအနှစ်က အရမ်းကို ကောင်းမွန်တယ်.. တကယ်တမ်းပြောရရင် ဒီကျန်းဝူကောင်းကင်နယ်မြေက မင်းအတွက် အရမ်းကို သေးငယ်လွန်းတယ်.. အနာဂတ်မှာ နတ်ကုန်းမြေတိုက်ဆီ သွားဖို့ ငါ အကြံပေးချင်တယ်”

ကျန်းချန်၏ အမြင်အရ ဟော်ထျန်းယန် ရရှိထားသော ရှေးဟောင်းနတ်ဘုရား၏ အမွေအနှစ်သည် အလွန်တရာပင် ထူးခြားလှ၏။

ထိုမျှမကသေးဘဲ ဟော်ထျန်းယန်၏ သွေးကြောများသည် ရှေးဟောင်းနတ်ဘုရား၏ အမွေအနှစ်ကြောင့် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့၏။

ထိုအမွေအနှစ်သည် ဟော်ထျန်းယန်၏ ပါရမီကို ပြောင်းလဲပေးခဲ့ပြီး မူလက မဟာကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသော ဟော်ထျန်းယန်ကို သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သို့ပင် ရောက်ရှိစေခဲ့ကာ ကြယ်သုံးပွင့် အရှင်သခင် အဆင့်ကို ထိုးဖောက်နိုင်စေခဲ့သည်။

ဟော်ထျန်းယန်က အထူးခန္ဓာကိုယ်ကိုပင် အမွေဆက်ခံထားနိုင်သည်ဟုပင် ကျန်းချန် သံသယဝင်မိသည်။

ဟော်ထျန်းယန်၏ ပါရမီနှင့် အလားအလာအရ ဤကျန်းဝူကောင်းကင်နယ်မြေတွင် ဆက်လက် ရှိနေခြင်းသည် ပါရမီကို ဖြုန်းတီးရာ ရောက်နေပေလိမ့်မည်။

အကယ်၍ ဟော်ထျန်းယန်သာ နတ်ကုန်းမြေတိုက်သို့ ခရီးဆက်မည်ဆိုလျှင် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်နိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အချိန်များစွာ လိုအပ်လိမ့်မည် မဟုတ်ပေ။

“စိတ်ချပါ.. နတ်ကုန်းမြေတိုက်ကြီးကို ငါ မရောက် ရောက်အောင် သွားမှာပါ”

ဟော်ထျန်းယန်၏ မျက်ဝန်းများတွင် ထက်ရှသောအလင်းတန်းများ လင်းလက်သွားခဲ့သည်။

နတ်ကုန်းမြေတိုက်သည် ယခုအခါတွင် နတ်ကုန်းမြေတိုက်၏ ဗဟိုချက်ဖြစ်သည်။

ထို့ကြောင့်‌ ဟော်ထျန်းယန်သည် ထိုနေရာကို သဘာဝကျစွာပင် သွားချင်နေခဲ့၏။

“ကောင်းပြီလေ.. ဒါဆို နောင်တချိန် ငါတို့ နတ်ကုန်းမြေတိုက်မှာ ပြန်တွေ့ကြတာပေါ့”

လောင်မီးဂိုဏ်း၏ ကိစ္စများကို ရှင်းလင်းပြီးလျှင် ယနေ့ခေတ် နတ်ဘုရားနယ်မြေ၏ ကိုယ်ခံပညာရပ်များ အတိုးတက်ဆုံးနေရာဖြစ်သည့် နတ်ကုန်းမြေတိုက်ကို သွားရောက်ရန် သူစီစဥ်ထားခဲ့သည်။

စကားဆုံးသည်နှင့် ကျန်းချန်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ ဟော်ထျန်းယန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“ကျန်းဝူကောင်းကင်နယ်မြေကို နှစ်ပေါင်း သန်းတစ်ထောင်တိုင်တိုင် အုပ်စိုးလာခဲ့တဲ့ ကျန်းဝူနတ်ဂိုဏ်းက ဒီလိုမျိုး ဖျက်ဆီးခံလိုက်ရမယ်လို့ မမျှော်လင့်ထားဘူး”

လောင်မီးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ဟော်ယွမ်လဲ့က ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ကာ အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။

“ယန်အာ.. မင်းက တကယ်ကို အံ့ဩစရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကို ရခဲ့တာပဲ”

“သူငယ်ချင်း..”

ဟော်ထျန်းယန်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ယခုတစ်ကြိမ်တွင် သူက ရှေးဟောင်းနတ်ဘုရား၏ အမွေအနှစ်ကို ရရှိခဲ့ပြီး သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့် ကြယ်သုံးပွင့်အရှင်သခင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရာ နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်နိုင်ပြီဟု မူလက သူထင်မှတ်ထားခဲ့သည်။

သို့‌သော်လည်း ကျန်းချန်နှင့် ပြန်လည်တွေ့ဆုံချိန်တွင် ကျန်းချန်သည် သူ့ထက်ပင် များစွာ အစွမ်းထက်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် သူ့အနေဖြင့် အနာဂတ်တွင် ပိုမိုကြိုးစားရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

သို့မဟုတ်လျှင် ကျန်းချန်၏ သူငယ်ချင်းတစ်ဦး ဖြစ်ရန် အရည်အချင်းရှိနိုင်တော့မည် မဟုတ်ပေ။

ကျန်းဝူနတ်ဂိုဏ်းကနေ ထွက်ခွာလာပြီး သိပ်မကြာမီမှာပင် ကျန်းချန်သည် ယွမ်ဝူမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အကြောင်းအရင်းမှာ ယွမ်ဝူမြို့၏ အပြင်ဘက်တွင် စစ်ဆေးမှုများသည် ယခင်လို တင်းကျပ်နေဆဲ ဖြစ်သောကြောင့်ပင်။

ကျန်းဝူနတ်ဂိုဏ်းကို ကျန်းချန်က မြေလှန်ပစ်လိုက်သော သတင်းသည် ယွမ်ဝူမြို့သို့ မရောက်ရှိသေးသည်မှာ ထင်ရှားလှ၏။

ကျင့်ကြံသူ အများအပြားသည် မြို့အတွင်းသို့ ဝင်ရောက်ရန်အတွက် စစ်ဆေးမှုများကို ခံယူနေကြရသည်။

ကျန်းချန်က ယခုတစ်ကြိမ်တွင် မည်သူ့ကိုမျှ ဂရုစိုက်မနေတော့ဘဲ ယွမ်ဝူမြို့အထက်ရှိ အစီအရင်ကို ဖြတ်သန်းကာ ထာဝရဘုရားကျောင်းတော်၏ ဌာနခွဲ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

ထာဝရဘုရားကျောင်းတော်၏ ထာဝရတံဆိပ်ပြား ရှိနေ၍ ကျန်းချန်သည် ထာဝရဘုရားကျောင်းတော်၏ မည်သည့်ဌာနခွဲတွင်မဆို ပင်မခန်းမ၏ အကြီးအကဲများ ကဲ့သို့ ဆက်ဆံမှုကို ခံစားခွင့် ရရှိနေခဲ့ရာ မည်သည့် အနှောင့်အယှက်မှ မရှိခဲ့ပေ။

ပထမအဆုံးအနေဖြင့် ကျန်းချန်သည် ကျန်းဝူကောင်းကင်နယ်မြေရှိ ဌာနခွဲမှတစ်ဆင့် ကျန်းဝူကောင်းကင်နယ်မြေ၏ တောင်ဘက်ရှိ ဌာနခွဲငယ်တစ်ခုဆီသို့ တည်နေရာရွှေ့ပြောင်းခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ထာဝရဘုရားကျောင်းတော်၏ ဌာနခွဲငယ်များမှ တစ်ဆင့် တည်နေရာရွှေ့ပြောင်းခြင်း အနည်းငယ် ပြုလုပ်ခဲ့ရာ အဆုံးသတ်၌ မဟာမြေရိုင်းနယ်မြေရှိ ထာဝရဘုရားကျောင်း ဌာနခွဲငယ်သို့ ရောက်ရှိလာခဲ့သည်။

မဟာမြေရိုင်းနယ်မြေဌာနခွဲ၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ စိတ်အာရုံကို ဖြန့်ကျက်ကာ အနည်းငယ် အာရုံခံလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကို လျှပ်တစ်ပြက်လှုပ်ရှားလိုက်ရာ ဗဟိုခန်းမဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ခန်းမအလယ်တွင် ထိုင်နေသော ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“အကြီးအကဲရှချန်း.. မဟာမြေရိုင်းနယ်မြေ ဌာနခွဲရဲ့ ခန်းမသခင်အဖြစ် ရာထူးတိုးသွားပြီ ဆိုတော့ အတော်လေး အေးအေးဆေးဆေး နေနေရတဲ့ပုံပဲ”

မကြာမီမှာပင် အဘိုးအို၏ အိုမင်းသော မျက်နှာထက်၌ အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အံ့အားသင့်သွားခဲ့ပြီး သူ၏ ခေါင်းကိုမော့ကာ ရုတ်တရက် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

“ကျန်းချန်.. မင်းဆီကို သတင်းပို့ဖို့ ငါနည်းလမ်းရှာနေတဲ့ အချိန်မှာ မင်းပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“မဟာမြေရိုင်းနယ်မြေမှာ ကိစ္စကြီးတစ်ခုခု ဖြစ်သွားလို့လား”

ရှချန်း၏ စကားကိုကြားလိုက်ရလျှင် ကျန်းချန်၏ စိတ်သည် အနည်းငယ် လေးလံသွားခဲ့သည်။

ရှချန်း၏ အမူအရာအရ မဟာမြေရိုင်းနယ်မြေတွင် ကိစ္စကြီးတစ်ခုခု အမှန်တကယ် ဖြစ်ပျက်နေပုံရ၏။

“ဟုတ်တယ် အရမ်း ထိတ်လန့်စရာ ကောင်းတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့တယ်”

ရှချန်းက သူ၏ လေသံကို နှိမ့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ အံ့ဩဖွယ် သတင်းစကားကို ပြောပြလိုက်သည်။

“မဟာမြေရိုင်းနယ်မြေရဲ့ နတ်ဘုရင်အင်အားစု ဖြစ်တဲ့ မဟာမြေရိုင်းနတ်ဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ”

အခန်း(၂၁၆၈)ပြီး၏။

All Chapters