← Chapters

အခန်း (၂၁၆၉-၂၁၇၀)

Vol. 157 Ch. 2169-2170

အခန်း (၂၁၆၉-၂၁၇၀)

Vol. 157 Ch. 2169-2170

အခန်း(၂၁၆၉)

“မဟာမြေရိုင်းနတ်ဂိုဏ်းက ပျက်စီးသွားပြီလား”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။

မဟာမြေရိုင်းနတ်ဂိုဏ်းကဲ့သို့ ဝေးလံခေါင်သီသော နေရာတွင် မဟာမြေရိုင်းနတ်ဂိုဏ်း၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သူမှာ မရှိသလောက်ပင် ဖြစ်သည်။

ယခုအခါ မဟာမြေရိုင်းနတ်ဂိုဏ်း ပျက်စီးသွားပြီ ဖြစ်ရာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိ၏။

ယင်းမှာ မဟာမြေရိုင်းနတ်ဂိုဏ်းက ချိတ်ပိတ်ထားသည့် စန်းယိုနတ်ဘုရင် ပြန်လည် နိုးထာလာခြင်းကြောင့်ပင်။

မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲအတွင်း စန်းယိုနတ်ဘုရင်သည် အင်မော်တယ် ကောင်းကင်နတ်ဘုရားသိုင်းကို အသုံးပြုကာ ထိတ်လန့်ဖွယ်ရာကောင်းသော အစီအစဥ် တစ်ရပ်ကို ချမှတ်ခဲ့သည်။

မဟာမြေရိုင်းနတ်ဘုရင်သည် အဆုံးသတ်တွင် တုံ့ပြန်မှုတချို့ ပြုလုပ်ခဲ့သော်လည်း စန်းယိုနတ်ဘုရင် ချမှတ်ထားသော အစီအစဥ်ကို မဖျက်ဆီးနိုင်ခဲ့ကြောင်း ကျန်းချန်၏ စိတ်နှလုံးထဲတွင် ကောင်းစွာ သိရှိထားခဲ့၏။

သို့သော်လည်း စန်းယိုနတ်ဘုရင်၏ အစီအစဥ်သည် မဟာမြေရိုင်းနယ်မြေကို ခြိမ်းခြောက်နိုင်ရန် အတွက် အချိန်အတော်ကြာမြင့်လိမ့်မည်ဟု ကျန်းချန် မူလက ထင်မှတ်ထားခဲ့သည်။

သို့ရာတွင် ယခုအခါ ကျန်းချန်သည် စန်းယိုနတ်ဘုရင်ကို အထင်သေးမိခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် နားလည်လိုက်၏။

စန်းယိုနတ်ဘုရင်၏ အစီအစဥ်သည် နှစ်အနည်းငယ်မျှပင် မကြာသေးဘဲ အကောင်အထည် ပေါ်လာခဲ့ပြီး ယခုဆိုလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းကိုပင် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

ဤသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းနေခဲ့၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“မဟာမြေရိုင်းနယ်မြေရဲ့ လက်ရှိအခြေအနေကို ပြောပြပါ.. အထူးသဖြင့် ဟန်ယွဲ့ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းတွေကိုပေါ့”

စန်းယိုနတ်ဘုရင်က မဟာမြေရိုင်းနတ်ဂိုဏ်းအား ဖျက်ဆီးလိုက်ခြင်းအပေါ်တွင် ကျန်းချန်သည် သိပ်ဂရုမစိုက်ခဲ့ပေ။

ယခု သူသိချင်သည့် တစ်ခုတည်းသောအရာမှာ ဟန်ယွဲ့ဂိုဏ်းနှင့် သူ၏ မိခင် ကျီဝူရွှယ်တို့၏ အခြေအနေပင် ဖြစ်သည်။

ရှချန်က ဖုံးကွယ်ထားခြင်း မရှိဘဲ မဟာမြေရိုင်းနယ်မြေရှိ ကျန်းချန်အား အလျင်အမြန်ပင် ပြောပြခဲ့သည်။

အဖြစ်အပျက်များသည် ကျန်းချန် မှန်းဆထားသည့် အတိုင်းပင် ဖြစ်နေခဲ့၏။

သိပ်မကြာခင်က စန်းယိုနတ်ဘုရင်သည် ရုတ်တရက် ပြန်လည်နိုးထလာခဲ့ပြီး မဟာမြေရိုင်းနတ်ဂိုဏ်းကို ယှဥ်ပြိုင်ရန် အတွက် စန်းယိုနတ်ဘုရားကျောင်းကို တည်ထောင်ခဲ့သည်။

စန်းယိုနတ်ဘုရင်၏ ဦးဆောင်မှုအောက်တွင် စန်းယိုနတ်ဘုရားကျောင်းသည် အလွန်လျင်မြန်စွာပင် ဖွံ့ဖြိုးတိုးတက်လာခဲ့၏။

လအနည်းငယ် အတွင်းမှာပင် စန်းယိုနတ်ဘုရားကျောင်း၏ အင်အားသည် မဟာမြေရိုင်းနတ်ဂိုဏ်းနှင့် ယှဥ်ပြိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လွန်ခဲ့သော လဝက်ခန့်က စန်းယိုနတ်ဘုရင်သည် စန်းယိုနတ်ဘုရားကျောင်းကို ဦးဆောင်၍ မဟာမြေရိုင်းနတ်ဂိုဏ်းကို တိုက်ရိုက်ပင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲကြီး ဆင်နွှဲခဲ့သည်။

ထိုတိုက်ပွဲတွင် မဟာမြေရိုင်းနတ်ဘုရင်သည် အဆုံးသတ်တွင် စန်းယိုနတ်ဘုရင်ကို ရှုံးနိမ့်သွားခဲ့ပြီး စန်းယိုနတ်ဘုရင်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ကာ မဟာမြေရိုင်းနတ်ဂိုဏ်းသည်လည်း စန်းယိုနတ်ဘုရားကျောင်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

စန်းယိုနတ်ဘုရားကျောင်းသည် မဟာမြေရိုင်းနတ်ဂိုဏ်းကို ဖျက်ဆီးပြီးနောက်တွင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို စတင် ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။

စန်းယိုနတ်ဘုရားကျောင်းကို ဆန့်ကျင်သော အင်အားစု မှန်သမျှသည် စန်းယိုနတ်ဘုရားကျောင်း၏ နှိမ်နင်းခြင်းကို ခံခဲ့ရ၏။

ယနေ့ခေတ် မဟာမြေရိုင်းနယ်မြေတွင် မရေမတွက်နိုင်သော အင်အားစုများသည် စန်းယိုနတ်ဘုရားကျောင်း၏ အင်အားအောက်တွင် အညံ့ခံ လက်နက်ချခဲ့ကြပြီ ဖြစ်သည်။

ဟန်ယွဲ့နန်းတော်ကမူ စန်းယိုနတ်ဘုရားကျောင်း ထံတွင် အညံ့မခံရသေးပေ။

စန်းယိုနတ်ဘုရားကျောင်းသည် ဟန်ယွဲ့နယ်မြေသို့ တမန်တော်များ စေလွှတ်ထားခဲ့ပြီး ဆယ်ရက်အတွင်း အညံ့ခံရန် ရာဇသံပေးထားခဲ့သည်။

အကယ်၍ ဟန်ယွဲ့နန်းတော်ကသာ အညံ့မခံခဲ့လျှင် စန်းယိုနတ်ဘုရားကျောင်းသည် ဟန်ယွဲ့နန်းတော်ကို အရေးယူ ဆောင်ရွက်တော့မည်မှာ သေချာသလောက်ပင်။

“ကျန်းချန်.. စန်းယိုနတ်ဘုရားကျောင်းက မဟာမြေရိုင်းနယ်မြေကို သိမ်းပိုက်ပြီးတဲ့နောက်မှာ မင်းရဲ့အမေကို ထာဝရဘုရားကျောင်းတော်ရဲ့ ဌာနခွဲဆီ ခေါ်သွားဖို့ ငါ လူလွှတ်ခဲ့ပေမဲ့ သူက ဟန်ယွဲ့ဂိုဏ်းကနေ ထွက်မသွားချင်ခဲ့ဘူး”

ရှချန်းက ခေါင်းခါယမ်း၍ ပြောလိုက်သည်။

ကျန်းချန်က ဘာမျှ ထွေထွေထူးထူး မအံ့သြခဲ့ပေ။

သူ့အမေ ကျီဝူရွှယ်၏ စိတ်နေစိတ်ထားကို သူက အတိုင်းအတာ တစ်ခုအထိ နားလည်ထားခဲ့သည်။

သူမက စည်းစနစ်ကျနပြီး စိတ်ဓာတ်ခိုင်မာသောသူ တစ်ဦးဖြစ်၏။

နတ်ဘုရားနယ်မြေသို့ စတင် ဝင်‌ရောက်စဥ်က ဟန်ယွဲ့နန်းတော်၏ အထွတ်အထိပ် အကြီးအကဲသည် သူမ အပေါ်တွင် ကျေးဇူးရှိခဲ့၍ သူ့အမေ ကျီဝူရွှယ်သည် ဟန်ယွဲ့နန်းတော်ကို အကာအကွယ်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

သို့ဖြစ်ရာ ယခု ဟန်ယွဲ့နန်းတော် ဒုက္ခရောက်နေချိန်တွင် သူမအနေဖြင့် မည်ကဲ့သို့ အလွယ်တကူ ထွက်ခွာနိုင်ပါမည်နည်း။

ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် သူက အချိန်မီ ပြန်လည် ရောက်ရှိလာခဲ့သည်။

စန်းယိုနတ်ဘုရားကျောင်းက ဟန်ယွဲ့နန်းတော် အပေါ်တွင် အရေးမယူရသေးသရွေ့ အရာအားလုံးသည် အချိန်မီပါသေးသည် မဟုတ်ပါလော။

မဟာမြေရိုင်းနယ်မြေရှိ အခြေအနေများကို သိရှိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ထာဝရဘုရားကျောင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ တစ်ဆင့် မဟာမြေရိုင်းနယ်မြေသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

မဟာမြေရိုင်းနယ်မြေရှိ ဟန်ယွဲ့ဂိုဏ်း၏ အစည်းအဝေးခန်းမထဲတွင် ပုံရိပ်တချို့ ရှိနေခဲ့ကြသည်။

အစည်းအဝေး ခန်းမထဲတွင် ဦး‌ဆောင်နေသူမှာ ဟန်ယွဲ့နန်းတော်၏ ခေါင်းဆောင် ဖြစ်သည့် အရှင်ဟောင်ယွဲ့ဖြစ်သည်။

အရှင်ဟောင်ယွဲ့၏ နံဘေးတွင်မူ အနှိုင်းမဲ့ လှပသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ရှိနေပြီး ထိုအမျိုးသမီးသည် ကျန်းချန်၏ မိခင် ဖြစ်သည့် ကျီဝူရွှယ်ပင် ဖြစ်သည်။

ကျီဝူရွှယ်၏ မျက်နှာ အမူအရာက တည်ငြိမ်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကနေ အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

သူမ၏ နံဘေးရှိ အရှင်ဟောင်ယွဲ့နှင့် နှိုင်းယှဥ်လျှင်ပင် သူမသည် အားမနည်းပေ။

သူမ၏ ပါရမီနှင့် ဟန်ယွဲ့နန်းတော်၏ အထွတ်အထိပ်အကြီးအကဲထံမှ ရရှိသော အကျိုးကျေးဇူးများကို အခြေခံကာ ကျီဝူရွှယ်သည် နှစ်အနည်းငယ် အတွင်းမှာပင် နယ်မြေနတ်ဘုရား အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်မှာထင်ရှားနေခဲ့သည်။

အရှင်ဟောင်ယွဲ့နှင့် ကျီဝူရွှယ်တို့ အပြင် ခန်းမအတွင်း၌ ဟန်ယွဲ့နန်းတော်၏ အကြီးအကဲ တချို့လည်းရှိနေခဲ့ကြ၏။

ထိုအခိုက်တွင် လူတိုင်းသည် တည်ကြည်လေးနက်သောအမူအရာများဖြင့် ထိုင်ခုံများတွင် ထိုင်နေကြပြီး ခန်းမအတွင်းရှိ လေထုသည်လည်း လေးနက်နေခဲ့သည်။

“အားလုံးပဲ.. စန်းယိုနတ်ဘုရားကျောင်းက ငါတို့ကို ပေးထားတဲ့ အချိန်ဆယ်ရက်က မကြာခင် ပြည့်တော့မယ်.. ဒါကြောင့် စန်းယိုနတ်ဘုရားကျောင်းကို အညံ့ခံ မခံနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရအောင်”

ခဏအကြာတွင် အရှင်ဟောင်ယွဲ့သည် ခန်းမ၏ တိတ်ဆိတ်မှုကို အဆုံးသတ်၌ ဖြိုခွင်းလိုက်၏။

အကြီးအကဲတစ်ဦးက ခါးသီးစွာ ပြုံးလိုက်သည်။

“စန်းယိုနတ်ဘုရားကျောင်းက အရမ်းကို အစွမ်းထက်လွန်းတယ်.. မဟာမြေရိုင်းနတ်ဂိုဏ်းလို နတ်ဘုရင်အင်အားစုတောင် ပျက်စီးသွားခဲ့မှတော့ ငါတို့ ဟန်ယွဲ့နန်းတော် အနေနဲ့ အညံ့ခံဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး ထင်တယ်”

“အညံ့မခံနိုင်ဘူး.. စန်းယိုနတ်ဘုရားကျောင်းက အရမ်းကို မောက်မာလွန်းတယ်.. သူတို့ဆီမှာ အညံ့ခံတဲ့ အင်အားစုအားလုံးကို အထူးနည်းလမ်းတချို့နဲ့ ကျွန်ပြုထားတယ်လို့ ကြားတယ်.. ငါတို့သာ စန်းယိုနတ်ဘုရားကျောင်းဆီမှာ အညံ့ခံလိုက်ရင် ဟန်ယွဲ့နန်းတော် တစ်ခုလုံးက စန်းယိုနတ်ဘုရားကျောင်းရဲ့ ရုပ်သေးရုပ် ဖြစ်သွားလိမ့်မယ်”

အခြား အကြီးအကဲ တစ်ဦးက ချက်ချင်းဆိုသလိုပင် ကန့်ကွက်လိုက်သည်။

“အဲဒီလို ဆိုပေမဲ့လည်း စန်းယိုနတ်ဘုရားကျောင်းက တကယ်ကို အင်အားကောင်းလွန်းတယ်.. ငါတို့ ဟန်ယွဲ့နန်းတော် အနေနဲ့ ဘယ်လိုမှ ခုခံနိုင်စွမ်းမရှိဘူး”

အရှင်ဟောင်ယွဲ့က အကြီးအကဲများ အပြန်အလှန် ပြောဆိုနေသည်ကို ကြားလိုက်ရပြီးနောက်တွင် ကျီဝူရွှယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“အကြီးအကဲကျီ.. မင်းရော ဒီကိစ္စကို ဘယ်လိုမြင်လဲ”

“တကယ်လို့ စန်းယိုနတ်ဘုရားကျောင်းဆီမှာ အညံ့မခံဘူးဆိုရင် မဟာမြေရိုင်းနယ်မြေမှာ ဟန်ယွဲ့နန်းတော် အတွက် နေရာရှိတော့မှာမဟုတ်ဘူး”

ကျီဝူရွှယ်က ထိုင်နေရာကနေ မတ်တတ် ထရပ်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မဟာမြေရိုင်းနယ်မြေကနေ ထွက်သွားဖို့က ဟန်ယွဲ့နန်းတော်အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ”

“မဟာမြေရိုင်းနယ်မြေကနေ ထွက်သွားဖို့လား”

ကျီဝူရွှယ်၏ စကားကို ကြားလိုက်ရပြီးနောက်တွင် ခန်းမအတွင်းရှိ လူတိုင်း၏ အမူအရာသည် အနည်းငယ် ပျက်ယွင်းသွားကြသည်။

ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာ ခြေချလာခဲ့ရာ သူတို့အနေဖြင့် ဟန်ယွဲ့နန်းတော်မှ အရာအားလုံးကို စွန့်လွှတ်ပြီး မဟာမြေရိုင်းနယ်မြေကနေ အမှန်တကယ် ထွက်သွားရပါမည်လော။

“အားလုံးပဲ အသင့်ပြင်လိုက်ကြတော့...မနက်ဖြန်ကျရင် မဟာမြေရိုင်းနယ်မြေကနေ ထွက်ခွာကြစို့”

ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် အရှင်ဟောင်ယွဲ့၏ မျက်ဝန်းထဲ၌ ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေပါသေး၏။

မဟာမြေရိုင်းနယ်မြေတွင် စန်းယိုနတ်ဘုရားကျောင်း၏ ရုပ်သေးရုပ် ဖြစ်ရမည့်အစား မဟာမြေရိုင်းနယ်မြေကနေ ထွက်ခွာသွားခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလား။

ဟန်ယွဲ့နန်းတော်မှ အကြီးအကဲများသည် အရှင်ဟောင်ယွဲ့ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဘာမျှ ထွေထွေထူးထူး မကန့်ကွက်ကြတော့ပေ။

သူတို့အားလုံးက မနက်ဖြန် ထွက်ခွာရန်အတွက် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုအချိန်တွင် ကျီဝူရွှယ်သည် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး ရုတ်တရက် ခေါင်းကိုမော့ကာ ဟန်ယွဲ့နန်းတော်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“အကြီးအကဲကျီ.. ဘာဖြစ်လို့လဲ”

ကျီဝူရွှယ်၏ ထူးခြားသော အပြုအမူကို သတိပြုမိလျှင် အရှင်ဟောင်ယွဲ့၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့ပြီး စိတ်နှလုံးထဲတွင် မ‌ကောင်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ကျီဝူရွှယ်၏ ကိုယ်ခံပညာပါရမီသည် အရှင်ဟောင်ယွဲ့ မှန်းဆထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

နှစ်အနည်းငယ် အတွင်းမှာပင် ကျီဝူရွှယ်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကနေ ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့ပြီး နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်လာခဲ့သည်။

ထို့အပြင် ကျီဝူရွှယ်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကနေ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သည့် သာမန် နယ်မြေနတ်ဘုရားတစ်ဦး မဟုတ်မှန်း အရှင်ဟောင်ယွဲ့ ကောင်းစွာသိထားခဲ့သည်။

သူ၏ အဆင့်နိမ့် နယ်မြေနတ်ဘုရား အထွတ်အထိပ် ခွန်အားဖြင့်ပင် ကျီဝူရွှယ်၏ ပြိုင်ဘက် မဟုတ်ချေ။

ဆိုရလျှင် ယခုအခါ ကျီဝူရွှယ်သည် ဟန်ယွဲ့နန်းတော်၏ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်၏။

ကျီဝူရွှယ်၏ အစောပိုင်းက အမူအရာအရ သူမသည် တစ်စုံတစ်ရာကို အာရုံခံမိခဲ့ပုံ ရသည်။

“မဟာမြေရိုင်းနယ်မြေကနေ ချောချောမွေ့မွေ့ ထွက်ခွာဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်”

ဤအချိန်တွင် ကျီဝူရွှယ်၏ အကြည့်သည် နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး ဟန်ယွဲ့နန်းတော်၏ တစ်နေရာသို့ ကျရောက်သွားခဲ့သည်။

“စန်းယိုနတ်ဘုရားကျောင်းက လူတွေ ရောက်လာကြပြီ”

ထိုစကားကို ကြားလိုက်ရလျှင် အရှင်ဟောင်ယွဲ့နှင့် အကြီးအကဲများ၏ အမူအရာများသည် အလွန်အမင်း ပျက်ယွင်းသွားခဲ့ကြသည်။

အခန်း(၂၁၆၉)ပြီး၏။

အခန်း(၂၁၇၀)

“စန်းယိုနတ်ဘုရားကျောင်းက လူတွေက ဘာလို့ အချိန်မတိုင်ခင် ရောက်လာရတာလဲ”

အရှင်ဟောင်ယွဲ့၏ မျက်နှာက အလွန်အမင်း အကျည်းတန်သွားခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က စန်းယိုနတ်ဘုရားကျောင်းသည် ဟန်ယွဲ့နန်းတော် ဆီသို့ တမန်တော် တစ်ယောက် စေလွှတ်ခဲ့ပြီး ဆယ်ရက်အတွင်း အဆုံးအဖြတ်ပေးရန် အချိန်ပေးခဲ့သည်။

ယခုအခါတွင် ဆယ်ရက်ပြည့်ရန် အနည်းဆုံး သုံးရက်ခန့် လိုနေသေး၍ စန်းယိုနတ်ဘုရားကျောင်းမှ လူများ အချိန်မတိုင်ခင် ရောက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

“အရှင်ဟောင်ယွဲ့.. ဒီအဘိုးအိုက စန်းယိုနတ်ဘုရားကျောင်းရဲ့အမိန့်နဲ့ ဟန်ယွဲ့နန်းတော် ဆီကို ရောက်ရှိလာတာပါ.. ကျေးဇူးပြုပြီး ထွက်တွေ့ပေးပါဦး”

အရှင်ဟောင်ယွဲ့ ဒေါသ ထွက်နေစဥ်မှာပင် အိုမင်းသော အသံတစ်သံသည် ဟန်ယွဲ့နန်းတော်၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအသံကို ကြားလိုက်ရလျှင် ဟန်ယွဲ့နန်းတော်မှ အကြီးအကဲများသည် တုန်လှုပ်သွားခဲ့ကြသည်။

“သွားကြရအောင်.. စန်းယိုနတ်ဘုရားကျောင်းက လူတွေကို သွားတွေ့စို့”

ကျီဝူရွှယ်က တည်ငြိမ်သော အမူအရာဖြင့်ပင် ထိုင်ခုံကနေ ထရပ်လိုက်သည်။

သူမ၏ ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

အရှင်ဟောင်ယွဲ့ကလည်း အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ကာ ဟန်ယွဲ့နန်းတော်၏ အထက် ကောင်းကင်ယံတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

သူ၏ အကြည့်သည် ဟန်ယွဲ့နန်းတော်၏ အပြင်ဘက်ရှိ နေရာတစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။

ထိုနေရာတွင် ပုံရိပ်သုံးခုသည် ဝင့်ကြွား‌သော အမူအရာဖြင့် ရပ်နေခဲ့ကြသည်။

ထိုသုံးယောက်စလုံး၏ အရှိန်အဝါသည် သူ့ထက် မနိမ့်ကျပေ။

ဆိုရလျှင် ၎င်းတို့အားလုံးသည် နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှား၏။

ရှေ့ဆုံးမှ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုကို အရှင်ဟောင်ယွဲ့ အနေဖြင့် မစိမ်းပေ။

ထိုအဘိုးအိုသည် ဟန်ယွဲ့နယ်မြေရှိ နယ်မြေနတ်ဘုရားအင်အားစုတစ်ခုဖြစ်သော အေးခဲမြစ်ဂိုဏ်း၏ အရှင်သခင် ထျန်းဟယ် ဖြစ်သည်။

“ထျန်းဟယ်.. မင်းက စန်းယိုနတ်ဘုရားကျောင်းဆီမှာ အညံ့ခံလိုက်ပြီလား”

အရှင်ထျန်းဟယ်ကို မြင်လိုက်ရလျှင် အရှင်ဟောင်ယွဲ့၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

“ငှက်လိမ္မာက သစ်ပင်ကောင်းကို ရွေးနားတတ်စမြဲပဲ.. ဒီနေ့ခေတ် မဟာမြေရိုင်းနယ်မြေက စန်းယိုနတ်ဘုရားကျောင်းရဲ့ ကမ္ဘာကြီး ဖြစ်နေခဲ့ပြီ.. ငါတို့ အေးခဲမြစ်ဂိုဏ်းက ဘာလို့ စန်းယိုနတ်ဘုရားကျောင်း ဆီမှာ အညံ့မခံရမှာလဲ”

အရှင်ထျန်းဟယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဟောင်ယွဲ့.. မင်းတို့ ဟန်ယွဲ့နန်းတော် ဆုံးဖြတ်ချက်ချရမဲ့ အချိန်ရောက်ပြီ”

အရှင်ဟောင်ယွဲ့၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

စန်းယိုနတ်ဘုရားကျောင်းထံတွင် အညံ့ခံခြင်းသည် လွတ်လပ်မှုကို စွန့်လွှတ်ကာ စန်းယိုနတ်ဘုရားကျောင်း၏ ထာဝရကျွန်ပြုခြင်းကို ခံရတော့မည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။

အကယ်၍ အညံ့မခံခဲ့လျှင် ယနေ့တွင် ဟန်ယွဲ့နန်းတော်သည် ပျက်စီးမည့်ကိန်း ရှိနေခဲ့သည်။

“ဟန်ယွဲ့နန်းတော်က စန်းယိုနတ်ဘုရားကျောင်းကို လေးစားပေမဲ့ စန်းယိုနတ်ဘုရားကျောင်းရဲ့ ကျွန်ပြုမှုကိုတော့ လက်ခံမှာမဟုတ်ဘူး.. တကယ်လို့ စန်းယိုနတ်ဘုရားကျောင်းက အတင်းအကျပ် ဖိအားပေးနေမယ်ဆိုရင် ဟန်ယွဲ့နန်းတော်အနေနဲ့ မဟာမြေရိုင်းနယ်မြေကနေ ထွက်ခွာသွားတော့မယ်”

အရှင်ဟောင်ယွဲ့ တွေဝေနေသောအချိန်တွင် ကျီဝူရွှယ်၏ အေးစက်စက် စကားသံသည် ရုတ်တရက် ထွက်ပေါ်သွားခဲ့သည်။

“ဟန်ယွဲ့နန်းတော်မှာ မင်းလိုနယ်မြေနတ်ဘုရား တစ်ပါး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. တကယ်ကို အံ့သြစရာပဲ”

ကျီဝူရွှယ်ကို မြင်လိုက်ရလျှင် အရှင်ထျန်းဟယ်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အေးခဲမြစ်ဂိုဏ်းနှင့် ဟန်ယွဲ့နန်းတော် တို့သည် ဟန်ယွဲ့နယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုများ ဖြစ်ကြသည်။

ထို့ကြောင့် အရှင်ထျန်းဟယ်သည် ဟန်ယွဲ့နန်းတော်ကို ကောင်းစွာန ားလည်သည်ဟု သူ့ကိုယ်သူ ထင်ထားသော်လည်း ဟန်ယွဲ့နန်းတော်တွင် ဤကဲ့သို့ နယ်မြေနတ်ဘုရားတစ်ပါး ရှိနေမည်ဟု တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့ရာတွင် ဟန်ယွဲ့နန်းတော်၌ နယ်မြေနတ်ဘုရား ထပ်တိုးလာသော်လည်း အရှင်ထျန်းဟယ်သည် သိပ်ဂရုမစိုက်ချေ။

သူက ကျီဝူရွှယ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“စိတ်မကောင်းပါဘူး.. အခု ဟန်ယွဲ့နန်းတော်မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်.. အညံ့ခံမလား ဒါမှမဟုတ် အချေမှုန်းခံမလားဆိုတာပဲ”

“ကောင်းပြီလေ.. ဒီလိုဆိုမှတော့ တိုက်ကြတာပေါ့”

ကျီဝူရွှယ်၏ လှပသော မျက်ဝန်းလေးထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။

ယင်းနောက်တွင် ကြည်လင်တောက်ပသော ဓားရှည်တစ်လက်သည် သူမ၏ လက်ဖဝါးထက်၌ ပေါ်ထွက်လာခဲ့သည်။

ကျီဝူရွှယ်၏ အပြုအမူကိုမြင်လျှင် အရှင်ထျန်းဟယ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အရှင်ဟောင်ယွဲ့ကို လှမ်းကြည့်ကာ လှောင်ပြုံးပြုံး၍ မေးလိုက်သည်။

“ဟောင်ယွဲ့.. သူ့ရဲ့ဆုံးဖြတ်ချက်က မင်းရဲ့ဆုံးဖြတ်ချက်ပဲလား”

အရှင်ဟောင်ယွဲ့က အံကြိတ်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။

“သိပ်ဟုတ်တာပေါ့.. ငါတို့ ဟန်ယွဲ့နန်းတော်က စန်းယိုနတ်ဘုရားကျောင်းရဲ့ ကျွန်ဖြစ်ဖို့ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး”

“ကောင်းပြီလေ.. မင်းတို့ ဟန်ယွဲ့နန်းတော်က သေခြင်းတရားကို တောင်းဆိုနေမှတော့ ငါက ဆန္ဒဖြည့်ဆည်းပေးရတော့မှာပေါ့”

အရှင်ထျန်းဟယ်က အေးစက်စက်ပြုံးကာ ပြောလိုက်ပြီးနောက်တွင် သူ၏ နံဘေးမှ ပုံရိပ် နှစ်ခုကို ပြောလိုက်သည်။

“တမန်တော်နှစ်ယောက်.. ဒီအမျိုးသမီးကို ကျွန်တော် ရင်ဆိုင်လိုက်မယ် အရှင်ဟောင်ယွဲ့ကိုတော့ တမန်တော်တို့ပဲ တာဝန်ယူလိုက်ပါ”

ထိုစကားကို ပြောပြီးသည်နှင့် အရှင်ထျန်းဟယ်သည် ကျီဝူရွှယ်ထံသို့ ပြေးဝင်သွားခဲ့သည်။

ဤအချိန်တွင် ကျီဝူရွှယ်၏ အမူအရာသည် အလွန်အမင်း တည်ငြိမ်နေခဲ့သည်။

သူမက အရှင်ထျန်းဟယ် ထံသို့ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။

အရှင်ထျန်းဟယ် မတုံ့ပြန်နိုင်မီမှာပင် အေးစက်စက် ဓားအလင်းသည် အရာအားလုံးကို ထိုးဖောက်သွားခဲ့ပြီး အရှင်ထျန်းဟယ်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အရှင်ထျန်းဟယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ယံထက်တွင် ရေခဲပန်းပုရုပ် တစ်ခုနှယ် တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး “ဝုန်း”ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားခဲ့ကာ သွေးမိုးများ အဖြစ် ကောင်းကင်ယံကနေ ရွာဆင်းသွားခဲ့သည်။

ကျီဝူရွှယ်က ဓားချက် တစ်ချက်တည်းဖြင့်ပင် အရှင်ထျန်းဟယ်ကို သုတ်သင်လိုက်သော မြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို ချက်ချင်းဆိုသလိုပင် မှင်တက်သွားစေခဲ့၏။

အားလုံးထဲတွင် ကျီဝူရွှယ်ကို နားအလည်ဆုံး ဖြစ်သည့် အရှင်ဟောင်ယွဲ့ပင်လျှင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ဤနှစ်များအတွင်း ကျီဝူရွှယ်သည် ဟန်ယွဲ့နန်းတော်တွင်သာ နေထိုင်ခဲ့ပြီး အလွန်အမင်း အာရုံစိုက်ကာ ကျင့်ကြံနေခဲ့သည်။

နယ်မြေနတ်ဘုရား အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီးနောက်တွင် ကျီဝူရွှယ်သည် အလွန်တရာ အစွမ်းထက်နေလိမ့်မည်ဟု အရှင်ဟောင်ယွဲ့ သိထားသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခု ကျီဝူရွှယ်က ထျန်းဟယ်ကို ဓားချက် တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်လိုက်သည်အားမြင်လျှင် အရှင်ဟောင်ယွဲ့သည် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

အရှင်ထျန်းဟယ်သည် သူကဲ့သို့ပင် အဆင့်နိမ့်နယ်မြေနတ်ဘုရားအထွတ်အထိပ်ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ကျီဝူရွှယ်က အရှင်ထျန်းဟယ်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်နိုင်သည်ဆိုလျှင် သူမ အနေဖြင့် အနည်းဆုံး မြေကြီးအရှင်အဆင့်နှင့် ယှဥ်နိုင်သော ခွန်အားများ ရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည်မဟုတ်ပါလော။

“မင်း.. မင်းဘယ်သူလဲ”

ဤအခိုက်အတန့်တွင် ကျီဝူရွှယ်ကို စိုက်ကြည့်နေကြသည့် စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်နှစ်ဦး၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

မဟာမြေရိုင်းနယ်မြေတွင် မြေကြီးအရှင်အဆင့် ကျင့်ကြံသူ အလွန်ပင် ရှားပါးလှ၏။

ဟန်ယွဲ့နန်းတော် ကဲ့သို့ ဂိုဏ်းငယ်လေးတွင် မြေကြီးအရှင်အဆင့်နှင့်ပင် ယှဥ်နိုင်သော အစွမ်းထက် ကျင့်ကြံသူ တစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။

ကျီဝူရွှယ်က တမန်တော်နှစ်ဦး၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

သူမ၏ မျက်ဝန်းများက ရေခဲကဲ့သို့ အေးစက်နေခဲ့ပြီး တမန်တော်တစ်ဦး ထံသို့ ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ဤတမန်တော်၏ ခွန်အားသည် အရှင်ထျန်းဟယ် ထက်ပင် အနည်းငယ် နိမ့်ကျနေသည် ဖြစ်ရာ ကျီဝူရွှယ်၏ ဓားချက်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

“ဝှစ်..”

တိုးညှင်းသော လေသံနှင့်အတူ ဓားအလင်းသည် ထိုတမန်တော်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကိုပါ တစ်ခါတည်း သုတ်သင် ချေမှုန်းပစ်လိုက်သည်။

“မင်း.. မင်း ငါ ငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက စန်းယိုနတ်ဘုရင်ရဲ့ ကျေးကျွန်ပဲ.. အကယ်၍ မင်းငါ့ကို သတ်မယ်ဆိုရင် စန်းယိုနတ်ဘုရားကျောင်းက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး”

အဖော်ဖြစ်သူ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရလျှင် ကျန်ရှိသော စန်းယိုနတ်ဘုရားကျောင်း၏ တမန်တော်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ကျီဝူရွှယ်ကို ခြိမ်းခြောက်လိုက်သည်။

သို့သော်လည်း ကျီဝူရွှယ်က အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိခဲ့ပေ။

သူမက ဓားကွက် တစ်ကွက်ကို တည်ငြိမ်စွာပင် ထုတ်ဖော်လိုက်ပြီး စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်ကို အညှာအတာ ကင်းမဲ့စွာ ခုတ်ပိုင်းချလိုက်သည်။

သူမ အနေဖြင့် တိုက်ခိုက်ရန် ရွေးချယ်ပြီးကတည်းကပင် စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်ကို အသက်ရှင်လျက် ထွက်သွားခွင့်ပေး၍ မဖြစ်တော့ပေ။

သို့မှသာ ဟန်ယွဲ့နန်းတော် အနေဖြင့် မဟာမြေရိုင်းနယ်မြေကနေ ဆုတ်ခွာရန် အချိန်အနည်းငယ် ရရှိလိမ့်မည် မဟုတ်ပါလား။

ထိုသို့မဟုတ်ဘဲ ၎င်းတို့သာ စန်းယိုနတ်ဘုရင်ထံ သတင်းပို့လိုက်လျှင် ဟန်ယွဲ့နန်းတော် အနေဖြင့် မဟာမြေရိုင်းနယ်မြေကနေ ဆုတ်ခွာရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

ကျီဝူရွှယ်၏ ဓားချက်က စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်၏ ခန္ဓာကိုယ်ကို မည်သည့် အဟန့်အတားမျှ မရှိဘဲ ထိုးဖောက်ခဲ့ပြီး ချက်ချင်းပင် နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် အံ့ဩဘနန်း ဖြစ်ရပ်တစ်ခုသည် ဖြစ်ပျက်လာခဲ့သည်။

ကျီဝူရွှယ်၏ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားသော စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်သည် လဲကျမသွားခဲ့ပေ။

သူ၏ ခန္ဓာကိုယ် အတွင်းကနေ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး နှစ်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလိုပင် လျင်မြန်စွာ ပြန်လည် စုစည်းလိုက်၏။

အခန်း(၂၁၇၀)ပြီး၏။

All Chapters