← Chapters

အင်မော်တယ်လောက

Vol. 15 Ch. 141

အင်မော်တယ်လောက

Vol. 15 Ch. 141

ဓားဖြူဂိုဏ်းအတွင်း တနေရာ၌ ဖြစ်သည်။

ဓားဖြူဧကရာဇ်မှာ အဆုံးမဲ့မျက်လုံးကျင့်စဥ်ရဲ့ တန်ပြန်သက်ရောက်မှုကို အချိန်ယူကုသခဲ့ရပြီး အဆုံးမှာတော့ ပျောက်ကင်းသွားလေပြီ။

“ဧကရီပြောတာမှန်တယ် တဖက်ပုဂ္ဂိုလ်မှာ ရန်လိုစိတ်မရှိတာ ငါကံကောင်းသွားတယ်”

ထိုအဖြစ်ပျက်က ဓားဖြူဧကရာဇ်ကဲ့သို့ မာနကြီးပြီး ထူးချွန်တဲ့ပါရမီရှင်ကိုပင် အချိန်အတော်ကြာ တုန်လှုပ်နေစေခဲ့သည်။

အမှန်ပင်။ ဓားဖြူဧကရာဇ်ဆိုသည်က ကျောက်စိမ်းဧကရီတို့နဲ့ တခေတ်တည်းပါရမီရှင်ဖြစ်ကာ သူ့ခေတ်သူအခါ၌ သူ့ထက်နှာတဖျားသာလွန်သူမှာ ကျောက်စိမ်းဧကရီတစ်ပါးသာ ရှိခဲ့သည်။

ဓားဖြူဧကရာဇ်ဘွဲ့ မခံယူချိန်သေးခင်ကပဲ ဓားဖြူဂိုဏ်းကို တည်ထောင်ခဲ့ပြီး အကြောင်းရင်းက ဓားနတ်ဘုရားတစ်ပါး ဖြစ်တဲ့ ဆရာဖြစ်သူရဲ့ ဆန္ဒကို အကောင်ထည် ဖော်ပေးခြင်း ဖြစ်သည်။

အင်မော်တယ်လောက၌ ဓားသမားများစွာ ရှိကြသည်။ မိုးမြေဧကရာဇ်မှာ ဓားသမားတပိုင်းဟု ယူဆနိုင်ပြီး ကျောက်စိမ်းဧကရီမှာလည်း ဓားလမ်းစဥ်ကို လေ့ကျင့်ထားသည်။ သို့သော် ထိုအင်မော်တယ်ဧကရာဇ်နှစ်ပါးလုံး တူညီစွာလက်ခံထားတဲ့အချက်က ဓားလမ်းစဥ်၌ ဓားဖြူဧကရာဇ်ကို မှီသူ မရှိချေ။

ဓားဖြူဂိုဏ်း မိုးမြေဂိုဏ်း ကျောက်စိမ်းဂိုဏ်း စတဲ့ ဂိုဏ်းအသီးသီးတွင်သာမက အင်မော်တယ်လောကရှိ ဓားသမားအင်မော်တယ်များကြား ဓားဖြူဧကရာဇ်မှာ ပထမဖြစ်သည်ကို မည်သူမှ မငြင်းဆိုနိုင်။

သို့သော်လည်း ထိုကဲ့သို့ထူးချွန်သူရဲ့ ဓားချက်တချက်က သေမျိုးလောကကို စမ်းသပ်ချိန်မှာတော့ ရယ်စရာတခုဖြစ်သွားရသည်။

“ဒီအတွက်နဲ့ ငါ့ဓားနှလုံးသားကို ချိုးဖြတ်ခံလို့မဖြစ်ဘူး ငါက ဓားပဲ ဓားက ငါပဲ ငါနဲ့ဓား ခွဲခြားမရသရွေ့ ငါ့မှာဓားမရှိလည်း ဓားရှိနေတယ်”

တီးတိုးရေရွတ်ရင်း အနည်းငယ် အက်ကွဲကြောင်း ထလာသည့် ဓားစိတ်ဆန္ဒအား ထိန်းကျောင်းနေသည်။ ဓားသမားတစ်ယောက်အတွက် ဓားစိတ်ဆန္ဒမရှိပါက တန်ဖိုးမရှိတော့ပေ။

ထိုစဥ် သတင်းပို့ချက်တခု ရောက်ရှိလာသည်။ သတင်းမှာ အမှောင်လောကထဲ မူလဧကရာဇ် ဝင်ရောက်သွားခြင်းနဲ့ပက်သက်ပြီး အယူအဆများထွက်ပေါ်နေကာ ထိုအချင်းရာကို ဆွေးနွေးရန် မိုးမြေဧကရာဇ်မှ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“ဘာလဲ..ဒါကအရေးကြီးလို့လား အင်မော်တယ်စွမ်းအင်တွေ တိုးတက်နေတုန်း အကျိုးမြတ်ကိုရသလောက် ယူရမယ်မဟုတ်လား”

ဓားဖြူဧကရာဇ် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။ အင်မော်တယ်လောက၏ အပြောင်းအလဲကြီးတစ်ခုက အင်မော်တယ်အများပြားကို တံခါးပိတ်ကျင့်ကြံစေပြီး ခွန်အားများတိုးသထက် တိုးစေရန် ဖိအားပေးနေသည်။

အထူးသဖြင့် တည်ငြိမ်ဟန်ပြနေတဲ့ မူလလောကရဲ့ အကြံစည်ကို ခန့်မှန်းရခက်နေပြီး ထိပ်သီးအင်မော်တယ်များ တံခါးပိတ်ကျင့်ကြံနေစဥ် အင်မော်တယ်လောကကြီး ကျူးကျော်ခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

“အရေးကြီးကိစ္စဖြစ်လောက်တယ် တခေါက်တော့ တွေ့ဆုံလိုက်တာကောင်းပါတယ်”

ထိုသို့ ရေရွတ်လိုက်ပြီးနောက် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ထိုအချိန် မိုးမြေဂိုဏ်း၏ အဓိကခန်းမဆောင်ထဲမှာတော့ မိုးမြေဧကရာဇ် ကျောက်စိမ်းဧကရီနဲ့ အခြားအင်မော်တယ်ဧကရာဇ်များ ရောက်ရှိနေကြသည်။ ဓားဖြူဧကရာဇ်ရောက်ရှိ လာသည်ကိုမြင်လျင် ကြိုဆိုကာ နေရာချပေးသည်။

“ဓားဖြူဧကရာဇ် ခင်ဗျားပုံစံ ကြည့်ရတာ ဒဏ်ရာသက်သာသွားပုံပဲ”

ဧကရာဇ်တစ်ပါးက မေးသည်။ ဓားဖြူဧကရာဇ်က တည်ငြိမ်စွာပဲ ခေါင်းညိတ်ပြလိုက်ပြီး သူ့အတွက်နေရာ၌ ဝင်ထိုင်သည်။

မိုးမြေဧကရာဇ်က

“ကျုပ်အခုလို အလောတကြီး ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းက အရမ်းအရေးကြီးလို့ပါ ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုတွေကို အနှောင့်ယှက်ဖြစ်ဖို့ မရည်ရွယ်ပါဘူး”

သူ့စကားဆုံးလျင် အကုန်လုံးက ခေါင်းယမ်းပြလိုက်ပြီး မိုးမြေဧကရာဇ်၏ သိက္ခာပိုင်းအရဖြစ်စေ ခွန်အားအရဖြစ်စေ နောက်ပြောင်တတ်သူမဟုတ်သည်ကို သိထားကြပေသည်။

“အကြောင်းရင်းကိုသာ ပြောပါ ကျုပ်တို့လူစုံနေပြီပဲ”

ဓားဖြူဧကရာဇ်က ဝင်ရောက်ပြောဆိုသည်။ ထိုစကားကြားလျင် မိုးမြေဧကရာဇ်က သက်ပြင်းချလိုက်ပြီး တုန့်ပြန်သည်။

“ဧကရီမူလက ပြောခဲ့သလိုပဲ လောကနှစ်ခုစစ်ပွဲမစတင်ခင် နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ဖို့ လောကနှစ်ခု အချိန်ယူကြမယ်ဆိုတာ..”

မိုးမြေဧကရာဇ်ရဲ့ အကြည့်က ကျောက်စိမ်းဧကရီနဲ့ ဓားဖြူဧကရာဇ် ပြီးနောက် အခြားဧကရာဇ်များထံ ရောက်ရှိသွားပြီး အတန်ကြာတော့ ဆက်ပြောသည်။

“အခု မူလလောကမှာရှိတဲ့ ကျုပ်ရဲ့အတွင်းသတင်းပေး ပြောပြမှုအရ မူလဧကရာဇ်တစ်ယောက် အမှောင်ထုသားရဲသခင်ရှိတဲ့ အမှောင်လောကဆီ ထွက်သွားတယ်”

အမှောင်ထု သားရဲသခင်..။ အမှောင်လောက.။

ထိုအရာနှစ်ခုက နတ်ဘုရားလမ်းစဥ်အောက် တားမြစ်အရာများဖြစ်ပြီး ပိန်းပိတ်မတက် အမှောင်ကြီးစိုးနေတဲ့ ဆိုးရွားတဲ့အဖျက်လောကတခုနဲ့ အဖျက်ဧကရာဇ်တစ်ပါး။ ထိုအရာနှစ်ခုကို မူလဧကရာဇ်က ဆွဲခေါ်နေသည်တဲ့လား။

“နောက်ဆက်တွဲကို ဆက်ပြောပါဦး”

ကျောက်စိမ်းဧကရီရဲ့ အကြည့်က လေးနက်သွားသည်။ အမှောင်ထုသားရဲသခင် ဆိုသည်မှာ နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ရန်လောကအများပြား ဝါးမြိုခဲ့ပြီး ယခုသူပါဝင်ပက်သက်လာခြင်းက ကောင်းတဲ့အရာတော့ မဟုတ်ပေ။

“နောက်ဆက်တွဲသတင်းက ပိုဆိုးတယ် အဲ့ဒါကတော့ မူလဧကရာဇ်က နတ်ဘုရားတစ်ဝက်အဆင့် အမြန်ဆုံးရောက်မယ့်နည်းကို ရှာတွေ့သွားပြီလို့ မူလလောကတခုလုံးကို ကြေငြာလိုက်တယ်”

နတ်ဘုရားတစ်ဝက်..။ အတိကျဆိုလျှင် နတ်ဘုရားလမ်းစဥ်ကို စတင်ခြေချတဲ့ အဆင့်။

အင်မော်တယ်များ ထိတွေ့ရန်ခက်ခဲလွန်းပြီး နတ်ဘုရားတစ်ပါးဖြစ်လျင် လောကများကြား ကူးပြောင်းသည်ကစ လောကများဖန်တီး ဖျက်စီးသည့် စွမ်းအင်များကြောင့် ယုံကြည်မှုစွမ်းအင်ရှိနေသရွေ့ ထိုနတ်ဘုရားက မသေဆုံးတော့ပေ။

ထာဝရအသက်နီးပါးမဟုတ်သော်လည်း နှစ်သိန်း သန်းချီနေထိုင်နိုင်ပြီဆိုတည်းက အင်မော်တယ်များထက် မြင့်တဲ့အဆင့်တစ်ခု ဖြစ်သွားခဲ့ပြီ မဟုတ်လား။

ကျောက်စိမ်းဧကရီ မိုးမြေဧကရာဇ် ဓားဖြူဧကရာဇ်တို့ပင် နတ်ဘုရားတစ်ဝက်အဆင့် ထိတွေ့မှုက အလှမ်းဝေးနေသေးသည်။

ထိုအဆင့်ကိုထိတွေ့ရန် ယုံကြည်မှုစွမ်းအင်ကို သူတို့မည်သည့်နေရာ၌ ရှာဖွေကြမည်နည်း။ ယုံကြည်မှုစွမ်းအင်ကလည်း နှစ်ဖက်သွားဓားနဲ့တူသည်။

“ဒါဆို သူတို့အချိန်တိုအတွင်း ကျုပ်တို့ကို တိုက်ခိုက်လာနိုင်တာပေါ့ ကျုပ်တို့ဘာလုပ်ကြမလဲ”

ဧကရာဇ်တစ်ပါးက စိုးရိမ်နေဟန်ဖြင့် ဝင်ရောက်ပြောဆိုသည်။ နတ်ဘုရားတစ်ဝက်အဆင့် တစ်ဦးရှိရုံဖြင့် အင်မော်တယ်လောက တစ်ခုလုံးကို ချေမွနိုင်သည် မဟုတ်လား။

“မလောကြပါနဲ့ စိတ်လည်းမပူကြနဲ့ သတင်းကိုအရင်ခိုင်မာမှုရှိမရှိ စုံစမ်းပါ ကျွန်မတို့ဆီမှာ အချိန်တွေရှိပါသေးတယ်”

ကျောက်စိမ်းဧကရီအတွက်တော့ နတ်ဘုရားတစ်ဝက်အဆင့် ထိတွေ့ရန်ဖြတ်လမ်းနည်း မရှိဟု ယုံကြည်သည်။ ဖြတ်လမ်းနည်းရှိသည်ဆိုပါက ထိုနည်းလမ်းမှာ ဆုံးရှုံးမှု ကြီးမည်ဖြစ်သည်။

“ဟုတ်တယ် ကျုပ်တို့မှာ အချိန်ရှိသေးတယ် ခုအချိန်မှာ မူလလောကရဲ့သတင်းကို အဆက်မပြတ်ရအောင် အာရုံစိုက်ပြီး ကျုပ်တို့ရဲ့ခွန်အားကို အစွမ်းကုန်တိုးမြင့်ကြမယ်”

ဓားဖြူဧကရာဇ်က ထိုသို့ပြောပြီးနောက် မိုးမေဧကရာဇ်ကိုလည်း သတင်းစုံစမ်းခြင်းကိစ္စ အလေးနက်ထားရန် အကြံပြုလိုက်သည်။ မိုးမြေဧကရာဇ်က ခေါင်းညိတ်ပြကာ တုန့်ပြန်သည်။

“စိတ်ချပါ ကျုပ်ဘက်က စောင့်ကြည့်ရေးကိစ္စကို မလစ်ဟင်းစေရပါဘူး”

……………………………………………….

All Chapters