← Chapters

ယန်ပိုင် ပြန်လည်ရောက်ရှိလာခြင်း

Vol. 15 Ch. 149

ယန်ပိုင် ပြန်လည်ရောက်ရှိလာခြင်း

Vol. 15 Ch. 149

ထာဝရကျေးရွာအနီး ပြိုင်ပွဲကွင်းပြင် ဆောက်လုပ်မှုက အတော်များများ ပြီးစီးချိန်မှာတော့ ယန်ပိုင် ပြန်လည်ရောက်ရှိလာခဲ့သည်။

ရက်ပေါင်းများစွာ ခရီးထွက်ပြီးနောက် ထာဝရကျေးရွာကို ပြန်လည်ရောက်ရှိလာခြင်းက ယန်ပိုင့်အတွက် စစ်မှန်တဲ့အိမ်နေရပ်ကို ရောက်ရှိလာသလို ခံစားနေရသည်။ ထာဝရကျေးရွာနဲ့ ယန်ချန်ဆိုသည်က ယန်ပိုင့်အတွက် အရေးကြီးသည့်အရာများဖြစ်ပြီး ယခုတကြိမ် ခရီးမှပြန်လည်ရောက်ရှိလာပြီးနောက် နောက်တကြိမ်ရွာမှအဝေး တနေရာကို ပြန်လည်ထွက်ခွာရန် မတွေးတော့ချေ။

ယန်ချန်တယောက် ခြံဝင်းထဲရှိ ဂျုံခင်းများကို စစ်ဆေးနေစဥ် ယင်ယင်လေး၏ ချစ်စဖွယ်အသံလေးကို ကြားလိုက်ရသည်။ ယင်ယင်လေးက သူမ၏ကစားဖော်ကို ပြန်လည်တွေ့လိုက်ရခြင်းကြောင့် ပျော်ရွှငိနေပြီး ယန်ပိုင်ကလည်း သူမလေးကို ဂုတ်ပိုးပေါ်တင်လျက် ယန်ချန့်ဆီ အလျင်မြန်ရောက်ရှိလာသည်။

ယန်ချန်က အနည်းငယ်ကျေနပ်သည့် အမူအရာဖြင့်ပြုံးလျက် ယန်ပိုင့်ကိုကြည့်နေသည်။ ထိုဝက်ဝံကောင်မှာ အိမ်ပြန်လာရကောင်းမှန်း သိနေသည့်အတွက် ကျေးဇူးတင်ရသည်။ မဟုတ်လျင် ဘယ်ချောင်မှာ သွားသေနေမည်ကို စိုးရိမ်နေရသည် မဟုတ်လား။

“ကျတော်ပြန်လာပါပြီ သခင်”

ယန်ပိုင်က လက်နှစ်ဖက်ကို လူသားများနှုတ်ဆက်သည့်အခါ ပြုလုပ်သကဲ့သို့ လုပ်လျက် ယန့်ချန်ကို နှုတ်ဆက်သည်။

“အေး မင်းလည်း ပြန်လာရကောင်းမှန်းတော့ သိသေးတယ်ပေါ့”

ယန်ချန်က ဝမ်းသာနေမှုကို စိတ်ထဲတွင်သာထားပြီး အနည်းငယ်တည်တင်းသည့် မျက်နှာအမူရာကို ပုံဖော်ထားလျက် မေးသည်။

“ဟီး..ဟီး..”

ထိုမေးခွန်းမှာ စိတ်ဆိုးဒေါသထွက်နေခြင်းကြောင့် မဟုတ်ပဲ မိမိအပေါ်စိတ်ပူနေခြင်းကြောင့်သာ မေးမှန်း ယန်ပိုင်ခံစားမိသည်။

“ဦးဦး အနောက်မှာလေ ပိုင်ပိုင့်နဲ့တူတဲ့ ဝက်ဝံတွေပါသေးတယ်သိလား အများကြီးပဲ”

ထိုစဥ် ဂုတ်ပိုးပေါ်မှ ယင်ယင်က ယန်ချန့်ကို အသိပေးလာသည်။

“ဝက်ဝံတွေအများကြီး ဟုတ်လား”

ယန်ချန့်ရဲ့အကြည့်က ယန်ပိုင့်ဆီရောက်သွားသည်။

“မင်း..ဘာတွေလုပ်လာတာလဲ”

ယန်ပိုင်က ချက်ချင်းပဲ တုန့်ပြန်သည်။

“သူ တို့က ကျတော့်မျိုးနွယ်တူတွေပါ ကျတော့်မိဘတွေလည်းပါလာတယ်”

“မိဘတွေ ဟုတ်လား”

ယန်ချန်အနည်းငယ် စိတ်ဝင်စားသွားသည်။ ယန်ပိုင့်ကိုစတွေ့စဥ်က တကောင်ကြွက်ဟု ထင်၍ ခေါ်ဆောင်လာခဲ့ပြီး အချိန်တချို့ ကြာပြီးနောက်မှာတော့ ယန်ပိုင်က မိဘများဟူ၍ မျိုးနွယ်တူ ဝက်ဝံများစွာကို ခေါ်လာလေသည်။ ထိုသို့ဆိုပါက ခရီးထွက်ခြင်းက မျိုးနွယ်စုထံ ပြန်ခြင်းဖြစ်နေပြီလား။

“သွား..သွားခေါ်လိုက် ပြီးရင်သူတို့အတွက် နေစရာနေကို မင်းပဲစီစဥ်ပေးလိုက်တော့”

ယန်ချန်ခွင့်ပြုမည်ကို သိထားသည့်ယန်ပိုင်က ကျေနပ်စွာဖြင့် ခပ်ဖြီးဖြီးလုပ်လျက် ယင်ယင်ကိုချီမထားလျက်ကပင် ခြံဝန်းအပြင်သို့ ပြေးထွက်သွားသည်။

တခဏအကြာမှာတော့ ဝက်ဝံအကောင်နှစ်ဆယ်နီးပါး ရောက်ရှိလာပြီး ယန်ပိုင့်ဘေးတဖက်စီ၌ ထူးခြားသည့် ဝက်ဝံကြီးနှစ်ကောင် ကပ်လျက်လိုက်ပါလာကာ အနည်းငယ်သေးသည့် အကောင်ကြီးရဲ့နောက်၌ ချစ်စရာကောင်းသည့် ဝက်ဝံပေါက်တကောင် ထပ်ရှိနေလေသည်။

ယန်ပိုင်က မိဘများနဲ့ မျိုးနွယ်တူများကို မိတ်ဆက်ပေးနေစဥ် ချစ်စရာကောင်းသည့် ဝက်ဝံပေါက်လေးက ယန်ချန့်ကိုတလှည့် ယန်ပိုင့်ကိုတလှည့် ခိုးကြည့်နေသည်ကို သတိပြုမိသွားကာ စိတ်ဝင်စားသွားမိသည်။ ထိုအဖြစ်ပျက်ကို သတိပြုမိသွားသည့် ယန်ပိုင်၏မိခင်က ယန်ချန့်အနားတိုးကပ်ကာ စကားစသည်။

“ကျွန်မသားပြောပြလို့ သခင်လေးအကြောင်း သိထားပြီးပါပြီ သားလေးကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောရင်း သူမအနောက်မှဝက်ဝံပေါက်လေးကို ရှေ့အနည်းငယ် ဆွဲထုတ်ကာ ဆက်ပြောသည်။

“ဒါက ကျွန်မသားရဲ့ ဇနီးလောင်းပါ သခင်လေး”

ဇနီးလောင်း..ဟုတ်လား။ ယန်ချန်သာမက ယန်ပိုင်ပါ မှင်သက်သွားသည်။ ယန်ပိုင်ဆိုလျင် ထိုဝက်ဝံမလေးကို သူမဖခင်၏ တောင်းခံမှုကြောင့် ခေါ်ဆောင်လာသော်လည်း ဇနီးအဖြစ်ခေါ်လာခြင်းတော့ မဟုတ်ချေ။

ယန်ချန်ကတော့ အတန်ကြာမှင်သက်ပြီးနောက် သဘောကျစွာ ရယ်မောလိုက်သည်။ သူက ဝက်ဝံများနဲ့စကားပြောနေခဲ့ပြီး ဝက်ဝံတကောင်က အခြားဝက်ဝံတကောင်ကို မိတ်ဆက်ပေးနေခဲ့ကာ ထိုမိတ်ဆက်ခံရသည့်ဝက်ဝံမှာ သူမွေးထားသည့် ဝက်ဝံ၏ ဇနီးလောင်း ဖြစ်နေသေးသည်။

ယခင်ဘဝကဆိုလျင် ဝက်ဝံများနဲ့စကားပြောခြင်းကပင် ယန်ချန့်ကို အရူးတယောက်နှယ် သက်မှတ်၍ ရနေချေပြီ။ ယန်ချန်က ထိုဝက်ဝံမလေးကို စိတ်ကျေနပ်စွာကြည့်လိုက်ပြီး ယန်ပိုင့်ကို ခြေထောက်နဲ့ အသာလှမ်းကန်လိုက်သည်။

“မင်းက ရက်နည်းနည်းလောက် ထွက်သွားပြီး ပြန်လာတော့ ဇနီးပါအိမ်ခေါ်လာတယ်ပေါ့ ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်”

ထိုစကားကိုကြားလျင် ယန်ပိုင်မှာ ပြာပြာသလဲ ငြင်းဆိုရန်ကြိုးစားသော်လည်း ယန်ချန့်တကယ်ဒေါသထွက်ခြင်းမဟုတ် စနောက်သည်ကို ခံစားမိနေသည့် မိဘများကတော့ ကြီးမားသည့်ကိုယ်ထည်ကြီးများကို လှုပ်ယမ်းကာ သဘောအကျကြီး ကျနေတော့သည်။

“ရှိစေတော့ မင်းမျိုးနွယ်တွေအတွက် မင်းပဲတာဝန်ယူလိုက် မင်းဇနီးလောင်းကိစ္စကိုတော့ အင်း… ရက်နည်းနည်းစောင့်ကွာ ခမ်းနားတဲ့ဝက်ဝံမင်္ဂလာပွဲကြီးတစ်ခု ငါလုပ်ပေးမယ် ဟုတ်ပြီလား”

အကျိုးနည်း ဝက်ဝံတကောင်အတွက် ငါက အခမ်းအနားတကယ်စီစဥ်ပေးရတော့မှယပေါ့။ ရူးနှမ်းလိုက်တာကွာ..။

ယန်ချန်ရဲ့ အဆုံးသတ်စကားကြောင့် ယန်ပိုင်လည်း ရှေ့ဆက်မငြင်းဆိုတော့ပဲ မိဘများနဲ့ မျိုးနွယ်တူဝက်ဝံများကို ခြံဝန်းအနောက်ဘက်ခြမ်းဆီ ခေါ်ဆောင်သွားတော့သည်။ ထိုအချိန် ယင်ယင်လေးကတော့ မည်သည့်အချိန်ကမှန်းမသိ ယန်ပိုင့်ကိုယ်ပေါ်မှ ဝက်ဝံမလေးကိုယ်ပေါ်ရောက်ရှိနေကာ ပျော်ရွှင်စွာဖြင့် သီချင်းများအော်ဆိုလျက် ဝက်ဝံအုပ်ကြီးနဲ့အတူ လိုက်ပါသွားတော့သည်။

ရှုယင်အနားရောက်လာချိန်မှာတော့ ယန်ပိုင်တို့ထွက်ခွာသွားပြီဖြစ်ကာ ယန်ချန်တယောက်တည်းသာ ပြုံးစိစိအမူရာဖြင့် ကျန်ရစ်နေသည်။

“ဘာများ သဘောကျစရာရှိလို့လဲ သခင်လေး”

ရှုယင်ရဲ့စကားကြားလျင် ချက်ချင်းမျက်နှာပြန်တည်လျက် ခေါင်းယမ်းပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး သဘောကျစရာအချို့ တွေ့လိုက်လို့ပါ ဒါနဲ့ညစာကိုနောက်ထပ် အယောက်နှစ်ဆယ်စာ ထပ်တိုးလိုက်ဦးနော် ဒီည ညစာစားပွဲက အရေတွက်များလိမ့်မယ်”

“ကောင်းပါပြီ”

ရှုယင်ကလည်း ယင်ယင်ရဲ့အသံမှတဆင့် ယန်ပိုင်ပြန်လည်ရောက်ရှိလာခြင်းကစ မျိုးနွယ်တူဝက်ဝံများ ခေါ်ဆောင်လာခြင်းကို သိထားပြီဖြစ်သည်။ ထို့ကြောင့် ညစာကိုပို၍ စီစဥ်ရန်ဆုံးဖြတ်လိုက်သည်။ မကြာသေးခင်က ထာဝရကျေးရွာအတွင်း နေထိုင်သူများတိုးပွားလာပြီး ယင်ယင်လေးမှာ အချိန်အများစု၌ ရွာထဲပတ်၍ဆော့ကစားနေသည်ကို စိတ်ပူခဲ့ရသည်။

ယခုယန်ပိုင်ရောက်ရှိလာခြင်းက ယင်ယင့်ရဲ့ အစောင့်ရှောက်ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး အရင်လိုသူမစိတ်ပူစရာ မလိုတော့ပေ။

ထိုစဥ် ထာဝရကျေးရွာအတွင်း ခြံဝန်းတခုထဲမှာတော့ မင်ယုရှန်း ကျင်းလုံ ရှယီ ရှောင်ချီနဲ့ ထိပ်သီးများစုဝေးကာ ပြိုင်ပွဲကျင်းပမည့်ရက်အား ရွေးချယ်နေလေသည်။

အများစုက ပြိုင်ပွဲကိုအမြန်ဆုံးကျင်းပလိုနေပြီး အချို့ကတော့ အချိန်အနည်းငယ်ထပ်မံစောင့်ဆိုင်းလျက် ပြိုင်ပွဲဝင်များပိုမိုတိုးပွားစေကာ ပြိုင်ပွဲကို စည်ကားစေရန် တွေးထားကြသည်။

“ကျွန်မတို့ တလအတွင်းပွဲကို စကြမယ် ဒါက အကောင်းဆုံးအချိန်ပဲ”

မင်ယုရှန်းက စကားစသည်။ ကျင်းလုံက

“နည်းနည်းစောနေမလား ညီမရှန်း အခုက အင်အားစုအကုန်မစုံသေးဘူးလေ ပြီးတော့ ပြိုင်ပွဲကိုလည်း ဒီထက်ပိုစည်စည်ကားကား ဖြစ်စေချင်တယ်”

ကျင်းလုံရဲ့စကားကို အခြားသူအချို့က ထောက်ခံကြပြီး ရှောင်ချီနဲ့ အနောက်ပိုင်းသူတော်စင် ကိုယ်တော်ရန်ကျင်းတို့ကတော့ မင်ယုရှန်းရဲ့အဆိုကို လက်ခံလိုကြသည်။ သူတို့က ပြိုင်ပွဲအမြန်စတင်လိုကြပြီး ဆုလာဘ်အနေဖြင့် ခြံဝန်းတခုရနိုင်ခြင်းကို မက်မောကြပေသည်။

မင်ယုရှန်းတယောက် အနည်းငယ်ခေါင်းကိုက်သွားရသည်။ လက်ရှိကျင့်ကြံသူတစုမှာ ထျန်းဟွမ်လောက၏ ထိပ်သီးကြီးများဖြစ်သော်လည်း ပွဲတခုအတွက် ကလေးများနှယ် ငြင်းခုန်နေရသည်။

“ကျွန်မတို့ချည်း ငြင်းခုန်နေတာ အဓိပ္ပါယ်မရှိဘူး ဒီတော့ နောက်နေ့ သခင်လေးယန်ရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ကြတာပေါ့”

ထိုစကားက တိုးတိုးတမျိုး တိတ်တိတ်သဖွယ် ငြင်းခုန်နေကြသည့် ကျင့်ကြံသူများကို ငြိမ်ကျသွားစေပြီး အကုန်လုံးက ထောက်ခံလိုက်ကြရတော့သည်။

ထိုစဥ် မင်ယုရှန်းတယောက် ရုတ်ချည်း ဒိန်းခနဲ ဖြစ်သွားကာ နေရာမှပျောက်ကွယ်သွားတော့သည်။ မင်ယုရှန်းရဲ့ လှုပ်ရှားမှုကြောင့် အကုန်လုံးကြောင်အသွားပြီး နောက်ထပ်မိနစ်အနည်းငယ် အကြာမှာတော့ ကျင်းလုံ စုလဲ့ ရှယီ ရှောင်ချီ မင်ဝမ် ကျန်းဝမ်လီသာမက အခြားသူများလည်း ရှေ့ဆင့်နောက်ဆင့် နေရာမှပျောက်ကွယ်သွားကာ အကုန်လုံးက ထာဝရကျေးရွာ၏ ကောင်းကင်ထက်သို့ ရောက်ရှိသွားကြသည်။ သူတို့ရောက်သွားချိန်၌ မင်ယုရှန်းက ထျန်းဟွမ်လောကတနေရာကို စူးစိုက်ကြည့်နေပြီး သူမပုံစံက လေးနက်နေသည်။

…………………………………………

All Chapters