ကိုယ်ပွားရောက်ရှိလာခြင်း
Vol. 15 Ch. 150
ခြံဝန်းထဲမှာတော့ ယန်ချန်တယောက် ရှုယင်နဲ့စကားအနည်းငယ် ပြောဆိုပြီးနောက် စာကြည့်ခန်းထဲ ဝင်ရောက်သွားသည်။
အကြောင်းက ပန်းချီကားကို လက်စသပ်ရန် ဆန္ဒရှိနေပြီး နောက်ဆုံးစုတ်ချက်အနည်းငယ် ထပ်မံ ဖြည့်တင်းပြီးပါက ပန်းချီကားမှာ ပြီးပြည့်စုံမည် ဖြစ်သည်။
ယန်ချန်က ပန်းချီကားကို ဖြန့်ခင်းလိုက်သည်။ ပြီးနောက် ပန်းချီကားတချပ်လုံးအား ရှုထောင့်အစုံမှ ခံစားပြီးနောက် ပန်းချီဆွဲရန် ပြင်ဆင်တော့သည်။
အဆုံးသတ်စုတ်ချက်အနည်းငယ်က ပန်းချီကားတခုအတွက် အရေးကြီးဆုံးဖြစ်ပြီး အစကောင်းသည့်ပန်းချီကားမှာ အဆုံးသတ်ကောင်းရန်လည်း လိုသေးသည်။ ယန်ချန်က အမျိုးသားဓားသမားကိုင်ဆောင်ထားသည့် ဓားပတ်ဝန်းကျင်ရှိ အရောင်များကို အနည်းငယ်ထူထပ်စေရန် ဖိဆွဲလိုက်သည်။
ထို့နောက် နတ်ဆိုးမျက်နှာကြီးကိုလည်း ပို၍ထိတ်လန့်ဖွယ်အမူရာ ဖြစ်စေရန် အရောင်ရင့်ရင့်များ ခြယ်သလိုက်ပြီး မူလထက်ပို၍ ပြင်းထန်တဲ့အရောင်များကြောင့် နတ်ဆိုးကြီး၏ရုပ်ပုံမှာ ကြောက်မက်ဖွယ်ပိုကောင်းသွားသည်။
ထို့အပြင် ဓားသမား၏ ဓားကိုလည်း အရှိန်ဝါပိုတောက်ပစေရန် စုတ်ချက်အနည်းငယ် ဖြည့်ပြီးနောက်မှာတော့ ဓားသမားပန်းချီကားက အဆုံးသတ်သွားခဲ့သည်။
“နတ်ဆိုးသတ် ဓားအင်မော်တယ်”
ပန်းချီကား၏အောက်ဆုံး၌ အမည်ကို ကြွရွလှပတဲ့ စာလုံးစုတ်ချက်များ ဖြည့်ပြီးနောက် အချိန်အနည်းငယ်ကြာအောင် ခံစားနေလေသည်။ ဒီပန်းချီကားက စနစ်ထွက်ခွာသွားပြီး အချိန်တခုအကြာ သူရေးဆွဲသမျှထဲ အနှစ်သက်ဆုံးဖြစ်သည်။
သေမျိုးဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ရန် ကြိုးစားနေခဲ့ရပြီး နေ့စဥ်ဘဝကိုလည်း ရိုးရှင်းစွာနေထိုင်ခြင်းက ယန်ချန့်ဆန္ဒဖြစ်ကာ ပန်းချီရေးဆွဲခြင်း လက်နက်များထုလုပ်ခြင်း ဆေးဖော်စပ်ခြင်းနဲ့ သီးနှံများစိုက်ပျိုးခြင်းတို့ဖြင့်သာ အချိန်ကုန်နေခဲ့သည်။
“မဆိုးဘူး ပန်းချီပညာရှင်အဆင့်ပဲ ဒီကားကိုသာ ဒေါ်လာနဲ့ရောင်းမယ်ဆို သေချာပေါက် သန်းနဲ့ချီတန်မှာ”
ယန်ချန်က အကြိမ်အနည်းငယ် စိတ်ကျေနပ်စွာကြည့်ပြီးနောက် ပန်းချီကားကိုကိုင်၍ ဧည့်ခန်းမဆီ ထွက်လာခဲ့သည်။ ပြီးနောက် အများမြင်သာစေရန် (အဓိက ကြွားချင်လို့) နေရာတခုရှာကာ သေချာချိတ်ဆွဲ ထားလိုက်တော့သည်။
အကုန်လုံးပြီးသွားချိန်မှာတော့ အနည်းငယ်ပင်ပန်းသလို ခံစားလိုက်ရပြီး ညစာမစားမီ အချိန်အနည်းငယ် ရသေးသည့်အတွက် အနားယူရန်တွေးကာ အိပ်ခန်းထဲ ပြန်ဝင်သွားတော့သည်။
ယန်ချန်မသိတာက အပြင်ဘက်ကောင်းကင်မှာတော့ ကြီးမားတဲ့ နတ်ဆိုးပုံရိပ်ကြီးတစ်ခု အမှန်တကယ် ထွက်ပေါ်လာပြီး ထိုပုံရိပ်ကြီးက မင်ယုရှန်းတို့လူစုကို လှောင်ပြောင်သရော်လိုသည့်ဟန် စိုက်ကြည့်နေသည်။
“သူပဲ ဟိုတကြိမ်တုန်းက လေဟာနယ်အက်ကြောင်းကတဆင့် ဝင်ရောက်ဖို့ကြိုးစားသေးတယ်”
စုလဲ့က ထိုနတ်ဆိုးကို မှတ်မိခဲ့ပြီး သူမ မသိသည်က ပထမအကြိမ်တွေ့သည့်နတ်ဆိုးမှာ ကျင့်ကြံဆင့်အနိမ့်ဆုံး ကိုယ်ပွားတခုဖြစ်ပြီး ယခုကိုယ်ပွားကတော့ အင်မော်တယ်ဧကရာဇ်များနဲ့ပင် ယှဥ်နိုင်သည်အထိ ခွန်အားကြီးသည်။
မင်ယုရှန်းက နတ်ဆိုးပုံရိပ်ကြီးကို စူးစိုက်ကြည့်နေခဲ့ပြီး ခွန်အားအရ မည်သို့မှ မယှဥ်နိုင်သည်ကို သတိပြုမိသွားသည်။ သို့သော်လည်း နောက်ဆုတ်ရန်တော့ စိတ်ကူးမရှိချေ။
“လူသား သေမျိုးကျင့်ကြံသူတွေပါလား”
နတ်ဆိုးကြီးက လှောင်ပြောင်လိုဟန်ဖြင့် စတင်ပြောဆိုလာသည်။ မင်ယုရှန်းက ကြီးမားပြီး ကောင်းကင်တခုလုံး ဖုံးလွှမ်းလုနီးပါးဖြစ်နေသည့် နတ်ဆိုးပုံရိပ်ကြီးကို တစက်ကလေးမှ ကြောက်ရွံဟန်မပြချေ။
သူမနည်းတူ အခြားသူများကလည်း တည်ငြိမ်တဲ့အမူရာရှိပြီး ထိုသူများသာမက ထာဝရကျေးရွာရှိ အဆင့်နိမ့်ကျင့်ကြံသူများ သေမျိုးများအားလုံးကလည်း နတ်ဆိုးကြီးအား သနားကရုဏသက်စရာ သတ္တဝါတကောင်လို ကြည့်ရှုနေကြလေသည်။
“ဟမ့် နတ်ဆိုးကောင် နင်ကအတော်အတင့်ရဲနေတာပဲ သခင်လေးရှိနေတဲ့ နေရာကိုတောင်လာရဲတယ်ပေါ့”
စုလဲ့က ပြင်းထန်စွာတုန့်ပြန်သည်။ သူမလိုပင် အခြားသူများကလည်း ထိုသို့တွေးနေကြပြီး အနှီနတ်ဆိုးမှာ ထာဝရကျေးရွာ၏ ကောင်းကင်တခုလုံး ဖုံးလွှမ်းလျက် ယန်ချန့်ကိုရန်စရန် ကြိုးစားနေသည်က သနားစရာကောင်းသည်ဟု တွေးနေကြသည်။
နတ်ဆိုးက ကျယ်လောင်စွာရယ်မောလိုက်ပြီး ကျေးရွာတခုလုံးအား ငုံ့မိုးကြည့်လိုက်သည်။
“ဟား…သခင်လေးဟုတ်လား ဘယ်မှာလဲမင်းတို့သခင်လေး ကြောက်ပြီးပုန်းနေတာ မဟုတ်ဘူးလား”
နတ်ဆိုးကြီးဆီမှ ကြောက်မက်ဖွယ်ဖိအားတချို့ ဖြာထွက်လာပြီး ကောင်းကင်ကြီးက သိသာစွာမဲမှောင်သွားသည်။ သို့သော် ထူးခြားတာက ထိုအဖြစ်ပျက်မှာ ခဏသာဖြစ်ပွားပြီး ထာဝရကျေးရွာထဲမှ ရွှေရောင်အလင်းအချို့ ထိုးထွက်လာက ဖိအားများကို ဖန်ခွက်တခုနှယ် ချေမွပစ်လိုက်သည်။
ချလွင်…
မဲမှောင်နေသည့်မြင်ကွင်းများက နေရောင်ခြည်ထိုးကျလာ၍ ရှင်းလင်းသွားသည့်နှယ် ပျယ်လွင့်သွားပြီး ထိုအဖြစ်ပျက်က နတ်ဆိုးကိုပို၍ လေးနက်သွားစေသည်။ သို့သော်ထိုမျှလောက်ကတော့ နတ်ဆိုးအနေဖြင့် စာမဖွဲ့သေးချေ။ သူထုတ်လွတ်ခဲ့သည့်ဖိအားက တသောင်းပုံ တပုံမျှသာဖြစ်ပြီး ထိုမျှကပင် သေမျိုးသူတော်စင်များကို ဖိနှိပ်နိုင်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
……………………………………………