← Chapters

မူလတောအုပ်

Vol. 15 Ch. 143

မူလတောအုပ်

Vol. 15 Ch. 143

ယန်ပိုင်တကောင်တည်း ခရီးထွက်လာသည်မှာ ရက်အနည်းငယ် ကြာမြင့်သွားပြီ ဖြစ်သည်။

ကမ္ဘာဝိဉာဥ်ရဲ့ပြောကြားချက်အရ မူလတောအုပ်ကြီးထဲ ယန်ပိုင်နဲ့မျိုးနွယ်တူ ဝက်ဝံများရှိနေသည်ဟု ဆိုထားပြီး ထိုထက်ပို၍တော့ ၎င်းမှာမကူညီခဲ့ချေ။

အမှန်တကယ်အားဖြင့် ကမ္ဘာဝိဉာဥ်သာ ဆန္ဒရှိပါက ထျန်းဟွမ်လောက၏ အစောင့်ရှောက်တဦးရဲ့ စွမ်းအင်တချို့ထုတ်သုံးရုံမျှနဲ့ ယန်ပိုင်ကို အလျင်မြန်ကူညီပေးနိုင်သည်။

သို့သော် ထိုသို့ကူညီရန် မလုပ်ဆောင်ခဲ့ပေ။ အကြောင်းက ယန်ပိုင်ရဲ့သခင်မှာ သူ့ထက်ပိုအစွမ်းထက်သည့် လူတဦးဖြစ်ပြီး အစောင့်ရှောက်ပင် ၎င်းအတွက် သာမန်မျှသာ ဖြစ်နေခဲ့သည်။ ထို့အပြင် လောကပျက်စီးရာပျက်စီးကြောင်း အရေးကိစ္စမှလွဲ၍ အစောင့်ရှောက်များက ဝင်ရောက်စွတ်ဖက်ခြင်း မပြုတတ်ကြ။

ယန်ပိုင်ရဲ့ခြေလှမ်းများက မူလတောအုပ်အစပ် ရောက်ရှိချိန်၌ အနည်းငယ်နှေးကွေးသွားသည်။ သူ့ခန္ဓာကိုယ် အရွယ်အစားကို တစ်မီတာခန့်သေးငယ်ထားပြီး အန္တရာယ်မရှိသည့် ဝက်ဝံပေါက်တကောင်နှယ် ပြောင်းလဲထားသည်။

မူလတောအုပ်က သားရဲကပ်ဘေးများစွာကို အစပြုသည့်နေရာတခုဟု သူသိထားပြီး ယခုအခါမှာတော့ ထိုတောအုပ်မှာ တမူထူးခြားစွာ တိတ်ဆိတ်နေသည်။ ယန်ပိုင်ရဲ့မှတ်ဉာဏ်တွေထဲမှာလည်း မူလတောအုပ်အကြောင်းအရာများ ဖြတ်တောက်ခံထားရသည့်နှယ် ပျောက်ဆုံးနေသည်။

(ငါက မူလတောအုပ်ကြီးထဲမှာ မွေးခဲ့တဲ့ဝက်ဝံတကောင်လား ဒါဆိုဘယ်လိုလုပ်ပြီး သားရဲဝိဉာဥ်တောအုပ်ထဲ ရောက်သွားတာလဲ)

ယန်ပိုင်ရဲ့အတွေးများက ရှုပ်ထွေးနေပြီး ခံစားချက်များကိုလည်း အတိအကျခေါင်းစဥ် မတပ်နိုင်ပေ။ မိဘဆွေမျိုးများနဲ့ မျိုးနွယ်တူများကိုကော သူရှာတွေ့ပါ့မလား။

မူလတောအုပ်ကြီးက တိတ်ဆိတ်မှုတို့ ကြီးစိုးထားသည်။ ပတ်ဝန်းကျင်တခုလုံး ဆိတ်ငြိမ်နေပြီး ရံဖန်ရံခါ၌ တောကောင်ငယ်များ ပြေးလွှားအော်ဟစ်သံများကိုသာ ကြားနိုင်သည်။ ယန်ပိုင်က သူ့အရှိန်ဝါကို ဖုံးကွယ်ထားပြီး တောအုပ်ကို သေချာလေ့လာနေသည်။

မြင့်မားသည့် သစ်ပင်ကြီးများ ထူထပ်သည့် ခြုံနွယ်များသာမက အချို့နေရာများ၌ နေရောင်ကိုပင် မမြင်တွေ့ချေ။

ရက်အနည်းငယ်ကြာ သွားလာခဲ့သည်တောင် မူလတောအုပ်၏ အစပ်၌သာ ရှိနေသေးသည်မှာ ထိုတောအုပ်၏ ကြီးမားတဲ့ ဧရိယာကို မြင်သာစေသည်။

ယန်ပိုင်က ပတ်ဝန်းကျင်ကို စူးစမ်းရင်း တစုံတခုထူးခြားမှုများ တွေ့လိုတွေ့ငြား အဆက်မပြတ်အာရုံခံနေသည်။ သူတော်စင်အဆင့်ထိ တိုးတက်သွားခဲ့ပြီး ထူးခြားသန့်စင်တဲ့ နတ်ဆိုးသွေးက ယန်ပိုင်ကို ပို၍သန်မာစေခဲ့ကာ တည်ငြိမ်တဲ့ဝက်ဝံတကောင်အသွင် ပြောင်းလဲသွားစေသည်။

ယန်ပိုင်ရဲ့စူးစမ်းမှုများက နာရီအနည်းငယ် အကြာမှာတော့ ရလာဒ်တစ်ခု ထွက်ပေါ်လာတော့သည်။ ထိုအရာက တောကောင်များအချင်းချင်း တိုက်ခိုက်နေသည့် ပုံစံဖြစ်ပုံရပြီး အသံများ ရှင်းလင်းစွာကြားနိုင်ရန် အသံလာရာဆီသို့ တိုးကပ်သွားသည်။

နောက်ထပ်မိနစ်အနည်းငယ် အကြာမှာတော့ သစ်ပင်ကြီးတစ်ပင်အောက် မြေကွက်လပ်တခု၌ တောကောင်တိုက်ပွဲငယ်တစ်ခုကို တွေ့လိုက်ရသည်။ တိုက်ပွဲက မျှတမှုမရှိပေ။ ဝက်ဝံပေါက် ၃ကောင်ကို ဝံပုလွေကြီးဆယ်ကောင်က ဝန်းရံထားပြီး ဝက်ဝံပေါက်၃ကောင်ရဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရထားသေးသည်။

ဝက်ဝံပေါက်များမှာ ထွက်ပြေးရန်မဖြစ်နိုင်သည်ကို သိ၍ထင် အဆုံးသတ်ထိတုန့်ပြန်ရန် ဆုံးဖြတ်ထားပုံရပြီး အနည်းဆုံးသူတို့နဲထပ်တူ တကောင်စီတော့ အပါခေါ်သွားမည်ဟု တွေးထားဟန်ရှိနေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ယန်ပိုင်လည်း ထိုဝက်ဝံပေါက်၃ကောင်မှာ အနည်းငယ် ရင်းနီးနေသည်ဟု ခံစားသွားရသည်။ ဝက်ဝံပေါက်များမှာ ထူးခြားတဲ့သွင်ပြင်မျိုး မပိုင်ဆိုင်ထားသော်လည်း မျိုးနွယ်တူ သွေးမျိုးဆက်တူနေခြင်းက ထိုသို့ ခံစားမိစေခြင်း ဖြစ်တန်ရာသည်။

“မင်းတို့မလွတ်တော့ပါဘူးကွာ အခုချိန်မှာ မင်းတို့ခေါင်းဆောင်လာရင်တောင် မင်းတို့သေခြင်းတရားကို မကယ်တင်နိုင်တော့ဘူး”

ဝံပုလွေတကောင်က ကြီးမားတဲ့အစွယ်ကြီးများကို အစွမ်းကုန်ဖြဲပြကာ ခြိမ်းခြောက်လိုက်သည်။ ထိုဝံပုလွေများမှာ နတ်ဆိုးသွေးအနည်းငယ် နိုးထထားပုံရပြီး ဝက်ဝံပေါက်များကတော့ သာမန်တောကောင်များထက် အနည်းငယ် သန်မာရုံသာရှိသည်။

“ငါတို့အဖေက မင်းတို့ကိုခွင့်လွှတ်မှာမဟုတ်ဘူးကွ ဝံပုလွေစုတ်တွေ မင်းတို့ကြောင့် မူလတောအုပ်ကြီး မတည်ငြိမ်တော့တာ မင်းတို့က တောကောင်တွေအတွက် သစ္စာဖောက်တွေပဲ”

ဝက်ဝံပေါက်တကောင်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာသည်။ မူလက ဒဏ်ရာအပြင်းထန်ရထားပြီဖြစ်၍ ထိုသို့တုန့်ပြန်မှုက ဒဏ်ရာကိုပို၍ ထိခိုက်သွားစေပြီး ခန္ဓာကိုယ်က ယိမ်းထိုးကာ ပြိုလဲကျလုမတက် ဖြစ်သွားစေသည်။

“ညီလေး ဒီကောင်တွေကို ခွန်းတုန့်ပြန်မနေနဲ့တော့ အစ်ကိုတို့အစွမ်းကုန်သေတဲ့အထိ ခုခံကြမယ် မကြာခင် အဖေတို့ရောက်လာတော့မှာပါ”

အနည်းငယ်အကောင်ပိုကြီးသည့် ဝက်ဝံပေါက်က ညီဖြစ်သူကို နှစ်သိမ့်လိုက်ပြီး သေးငယ်ကာ ချွန်ထွက်နေသည့် သွားစွယ်များကို အစွမ်းကုန်ဖြဲပြီးနောက် ဝံပုလွေများကို ဖိအားပေးရန် ကြိုးစားလာသည်။

“ဟမ့် သေခါနီးရုန်းကန်မှုလေးပဲ”

ဝံပုလွေခေါင်းဆောင်က ထိုသို့ပြောဆိုပြီးနောက် ချက်ချင်းပင် တိုက်ခိုက်တော့သည်။ တဖက်တွင် ယန်ပိုင်က ထိုဝက်ဝံများကိုကယ်တင်ပြီး မိမိမျိုးနွယ်အကြောင်း မေးရန်ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ ဝက်ဝံမျိုးနွယ်ချင်းတူညီနေသည်က မေးရန်အသင့်တော်ဆုံး ဖြစ်သည်မဟုတ်လား။

အူး……

ဝံပုလွေအော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဝံပုလွေသုံးကောင်က ဝက်ဝံပေါက်သုံးကောင်ကို တပြိုင်နက်ခုန်ဝင် တိုက်ခိုက်လိုက်သည်။

ထိုအချိန် ဖြူဖွေးသည့်အရာကြီးတခု တိုက်ပွဲကြားလိမ့်ဝင်လာပြီး အရင်ဆုံးအနီးရှိ ခုန်ဝင်လာတဲ့ ဝံပုလွေရဲ့လည်ပင်းကို ဆုပ်ကိုင်ကာ မြေပေါ်ကိုင်ပေါက်လိုက်သည်။ ထို့နောက် အခြားနှစ်ကောင်ကိုတော့ လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီး ပြင်းထန်တဲ့ခွန်အားက ဝံပုလွေသုံးကောင်ကို ကြေမွသွားစေသည်။

အူး….

အဖြစ်ပျက်က စက္ကန့်ပိုင်းမျှသာကြာပြီး ထိုအချိန်တိုတွင်း ဝံပုလွေသုံးကောင်ကတော့ အစအနပင် မနည်းရှာရသည်အထိ ကြေမွသွားရသည်။

“နောက်ထပ် ဝက်ဝံပေါက်တကောင်လား”

ဝံပုလွေခေါင်းဆောင်က ယန်ပိုင်ကိုတချက်ကြည့်ရင်း သတိအပြည့်ထားဟန်ဖြင့် အနောက်သို့ အနည်းငယ်ဆုတ်လိုက်သည်။ သူ့မျက်စိရှေ့၌ ငယ်သားသုံးကောင်ကို စက္ကန့်ပိုင်းအတွင်း သတ်ပြလိုက်သည်က ဖိအားဖြစ်သွားစေခဲ့သည်။

“မင်းက ဘယ်မျိုးနွယ်ကလဲ ဘာလို့ငါတို့ကိစ္စကို ဝင်ရှုပ်တာလဲ”

ယန်ပိုင်က ဝံပုလွေခေါင်းဆောင်ရဲ့စကားကို အဆုံးထိတောင် ပေးမပြောချေ။ အချိန်ပေးနေခြင်းက နားညီးရုံသာဖြစ်ပြီး သူ့အတွက်အကျိုးမရှိဟု ထင်သည်။ ထို့ကြောင့် ချက်ချင်းပဲ ဝံပုလွေအုပ်ကြား ခုန်ဝင်သွားပြီး အနီးဆုံးမိရာအကောင်များကို ပါးစပ်မှကိုင်ကာ အကြမ်းတမ်းဆုံး ဆွဲဖြဲရင်း အဆက်မပြတ်ကြိမ်းမောင်းနေသည်။

“မင်းတို့က ဝက်ဝံမျိုးနွယ်ကို သတ်ဖြတ်မယ်ဟုတ်လား မင်းတို့တွေကပေါ့လေ”

“သေလိုက်စမ်း နံစော်နေတဲ့ဝံပုလွေကောင်တွေ မင်းတို့ရှိသင့်တဲ့နေရာကို ငါပြန်ပို့ပေးမယ်”

ဝံပုလွေခုနှစ်ကောင်က အထိတ်တလန့်ဖြင့် ရှောင်ရှားရန်ကြိုးစားသော်လည်း သူတော်စင်ဖြစ်နေသည့် ယန်ပိုင့်အတွက် ထိုလှုပ်ရှားမှုများက ပမွှားဖြစ်သည်။

“လွတ်မယ်ထင်တယ်ပေါ့ ဟုတ်လား”

မိနစ်အနည်းငယ်အတွင်း ဝံပုလွေများ တစစီဆုတ်ဖြဲခံလိုက်ရပြီး ထိုအခြေနေကိုတော့ ဝက်ဝံသုံးကောင်မှာ ကြောင်အ၍ ကြည့်နေမိသည်။ မြန်လွန်းသည် ကြမ်းတမ်းလွန်းသည်။ ပြီးနောက် ပြတ်သားကာ ပြင်းထန်တဲ့ခွန်အားကို ထုတ်ပြသွားသည့် ဝက်ဝံတကောင် အထူးသဖြင့် သူတို့နဲ့မျိုးနွယ်တူ။

မိနစ်အနည်းငယ်ကြာ သွေးပူလေ့ကျင့်ခန်းပြီးနောက် ယန်ပိုင်က ကြောင်အနေသည့် ဝက်ဝံများကို လှည့်ကာမေးလိုက်သည်။

“မင်းတို့က ဘယ်မျိုးနွယ်ကလဲ ရှေးဦးဝက်ဝံလား အစားကြူးဝက်ဝံလား ပျင်းရိဝက်ဝံလား”

ယန်ပိုင်ရဲ့အမေးကို ဝက်ဝံပေါက်သုံးကောင်က အချိန်တခုကြာသည်အထိ မတုန့်ပြန်ပဲ ငေးကြည့်နေခဲ့ပြီး အတန်ကြာမှ အကောင်အကြီးဆုံးဖြစ်နေသည့် ဝက်ဝံက တွန့်ဆုတ်စွာ ပြန်ဖြေသည်။

“ကျ ကျတော်တို့က ပျင်းရိဝက်ဝံတွေပါ အစ်ကိုကြီးက ဘယ်မျိုးနွယ်ကလဲ”

ထိုဝက်ဝံ၏ အမေးကိုယန်ပိုင်က တိုက်ရိုက်ပြန်မဖြေ။ သူသိလိုရာကိုသာ မေးလိုက်သည်။

“ရေှးဦးဝက်ဝံတွေအကြောင်း မင်းတို့ဘာသိထားလဲ”

ထိုမေးခွန်းက ယန်ပိုင်ရဲ့မျိုးနွယ်ကို ဖော်ပြရန်လုံလောက်သွားသည်။ မျိုးနွယ်ခွဲမတူသော်လည်း ပင်မမျိုးနွယ်တူညီနေ၍ ထိုဝက်ဝံများမှာ သတိလျှော့ချလိုက်ကြသည်။

“တောရဲ့အနက်ဆုံးအပိုင်းမှာ နတ်ဆိုးဝံပုလွေ နတ်ဆိုးကျားသစ်တို့နဲ့ တိုက်ပွဲအပြင်းထန်ဖြစ်နေတယ် ကျတော်တို့ကို မျိုးနွယ်ခေါင်းဆောင်က ထွက်ပြေးခိုင်းခဲ့တာပါ အစ်ကိုကြီးပြောတဲ့ ရှေးဦးဝက်ဝံတွေလည်း တိုက်ပွဲမှာရှိနေပါတယ်”

ယန်ပိုင်အနည်းငယ် ငြိမ်သွားသည်။ ထိုရှိနေဆဲ ဖြစ်သည့် ရှေးဦးဝက်ဝံများက သူ့မိဘများနဲ့ ဆက်စပ်နေမည်လား မသိသေး။ သို့သော် တိုက်ပွဲကို သွားကြည့်ရင်တော့ တစုံတခု သိနိုင်သေးသည်။

“ငါ့ကို တိုက်ပွဲနေရာလိုက်ပြ”

ယန်ပိုင့်စကားကြောင့် ဝက်ဝံများမှာ တွန့်ဆုတ်သွားသော်လည်း ယန်ပိုင်ပြသထားသည့် ခွန်အားကိုသတိပြုမိကာ လိုက်ပို့ရန်ဆုံးဖြတ်လိုက်ကြသည်။ အမှန်တကယ်အားဖြင့် သူတို့လည်းတိုက်ပွဲထဲမှ ထွက်မပြေးလိုကြချေ။

“အစ်ကိုကြီး ကျတော်တို့နဲ့ လိုက်ခဲ့ပါ”

………………………………………..

All Chapters