← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

ကျိုးအိမ်ဟောင်းတွင် လူဦးရေများပြားသဖြင့် ထမင်းဝိုင်းနှစ်ဝိုင်းခွဲထားရသည်။တစ်ဝိုင်းမှာ အဓိကစားပွဲဖြစ်သောအမတရှစ်ပါးစားပွဲကြီးဖြစ်ပြီး အခြားတစ်ခုမှာမူ စားပွဲငယ်လေးဖြစ်၏။အဓိကစားပွဲကြီးတွင် အဘွားစွင်းနှင့်သူမခင်ပွန်းအပြင် ကျိုးစန်းရှီ၊ကျိုးဖုန်းနှင့်သူတို့မသိသော မိန်းကလေးတစ်ဦးတို့ထိုင်နေကြသည်။

"အာ့ရှု ဟုန်ယန် ထောင်ဟွား လာလာ ထိုင်ကြ"

အဘွားစွင်း သူတို့သုံးယောက်ကိုလှမ်းခေါ်ပြီး ကျိုးထောင်ဟွားကိုသူမဘေးတွင်ထိုင်စေသည်။ချမ်ရှီမှာကျိုးထောင်ဟွားဘေးတွင်ထိုင်ပြီး ကျိုးအာ့ရှုနှင့်ကျိုးစန်းရှီတို့မှာ ခုံရှည်ပေါ်တွင်ထိုင်လိုက်ကြရာ အမတရှစ်ပါးစားပွဲကြီးမှာပြည့်သွားတော့၏။

"ဒုတိယအစ်ကို"

ကျိုးစန်းရှီမှာကျိုးအာ့ရှုနှင့်တစ်နေ့တွင် ဤကဲ့သို့အတူထိုင်စားရလိမ့်မည်ဟု တစ်ခါမှထင်မထားခဲ့ဖူးပေ။သူ့ဒုတိယအစ်ကိုမှာ ယခင်ကဆိုလျှင်မိဘများ၏ လျစ်လျူရှုခြင်းကိုအခံရဆုံးဖြစ်သော်လည်း ယခုနှစ်တွင်တော့သူတို့မိသားစုသုံးယောက်စလုံးသည် အဓိကစားပွဲကြီးတွင်ပင်ထိုင်နေရပြီ ဖြစ်သည်။တစ်ဖက်တွင်မူ သူ့ဇနီးနှင့်ကလေးသုံး ယောက်မှာ စားပွဲငယ်လေးတွင်တိုးဝှေ့စားနေကြရ၏။

ကျိုးတချမ့်နှင့်သူ့ဇနီးအားကြည့်ရသည်မှာ သိပ်ကျေနပ်ကြပုံမပေါက်ပေ။အထူးသဖြင့် ကျိုးတချမ်းမှာအမျိုးသားတစ်ဦးဖြစ်ပါလျက်ဖြင့် အဓိကစားပွဲတွင်ပင်ထိုင်ခွင့်မရခဲ့‌ချေ။

အဘွားစွင်းမှာ ကျိုးထောင်ဟွားတို့အားမိတ်ဆက်ပေးလိုက်သည်။

"ဒါတနျိုရွာက ကျန်းချိုက်ရှလေ၊အောင်သွယ်တော်ယိုက ရှောင်ဖုန်းအတွက် ကျန်းမိသားစုနဲ့စကားပြောပေးထားပြီးပြီ၊အခုတော့ ကလေး နှစ် ယောက်ရဲ့ဇာတာတွေကို တိုက်စစ်နေကြတယ်၊နှစ်သစ်ကူးပြီးတာနဲ့ မင်္ဂလာရက်သတ်မှတ်တော့မှာဆိုတော့ ချိုက်ရှက အဘွားတို့နဲ့မိသားစုဝင်တွေဖြစ်လာတော့မှာပေါ့"

အဘွားစွင်းသည် အနာဂတ်မြေးချွေးမလောင်းကိုကြည့်ကာ ပြုံးရွှင်နေတော့သည်။ဤမြေးချွေးမကို လက်ထပ်ရန်တောင်းရမ်းခအဖြစ် ငွေအမြောက်အမြားပေးရမည်ဖြစ်သော်လည်း သူမကမူသဘောကျနေပုံရ၏။ကျိုးထောင်ဟွား ကျန်းချိုက်ရှအားမော့ကြည့်လိုက်ရာ နူးနူးညံ့ညံ့ပုံစံရှိပြီး နှာတံထင်းထင်းဖြင့်ချယ်ရီသီးကဲ့သို့သော နှုတ်ခမ်းနီနီလေးများရှိနေရာ သူမသည်တနျိုရွာ၏အလှဆုံးမိန်းကလေးဖြစ်ပေလိမ့်မည်။

အဘွားစွင်းစကားအဆုံးတွင် စားပွဲငယ်မှဝမ်ရှီတစ်ယောက်ငြီးငြူလာသည်။

"တောင်းရမ်းခကလဲ ငွေဆယ်တေးကနေဆယ့်နှစ်တေး အခုကျဆယ့်ငါးတေး တောင်ဖြစ်နေပြီလေ၊ကျွန်မတို့ဆီက ပိုက်ဆံတွေကို မိုးပေါ်ကနေကျလာတယ်များထင်နေတာလားမသိ"

ကျိုးထောင်ဟွားမျက်နှာပင် တောင့်တင်းသွားရသည်။တောင်းရမ်းခက ဆယ့်ငါးတေးတောင်လား။ကျိုးအာ့ရှုနှင့်ချမ်ရှီတို့လည်း လန့်သွားကြ၏။ရွာနီးချုပ်စပ်များတွင် တောင်းရမ်းခမှာငွေငါးတေးသာရှိသည် မဟုတ်ပါလား။ဤမိန်းကလေးမှာ လူသုံးဦးစာလောက်ပင် တန်ဖိုးရှိနေသည်ကြောင့်များလားဟုပင်တွေးမိကုန်ကြသည်။

ကျန်းချိုက်ရှနှာခေါင်းရှုံ့ကာ ပက်ကနဲပြန်ပြောလိုက်၏။

"အစ်ကိုဖုန်းက ကျွန်မနဲ့လက်ထပ်ရဖို့အတွက်ဆို ဒီလောက်ထိပိုက်ဆံအကုန်ခံဝံ့တာပဲလေ၊အချို့လူတွေကတော့ သူတို့ကိုယ်တိုင်တောင် အဲ့လောက်မတန်ဘဲနဲ့ အခြားသူကိုလာမသရော်သင့်ဘူး၊ကိုယ့်ကိုကိုယ်ပဲ ပြန်သုံးသပ်သင့်တာ"

ကျန်းချိုက်ရှစကားအဆုံးတွင် ရှိနေသည့် လူကြီးများအားလုံးမျက်နှာပျက်ကုန်ကြသည်။ဝမ်ရှီအား အသာထား အဘွားစွင်း ကိုယ်တိုင်လက်ထပ်စဉ်ကပင် တောင်းရမ်းခငွေငါးတေးသာ ကုန်ကျခဲ့ပြီး ချမ်ရှီနှင့်ကျိုးရှီတို့လည်း ထိုနည်းအတိုင်းပင်ဖြစ်၏။

အဘိုးကျိုးအပါအဝင် ကျိုးမိသားစုဝင် လေးဦးလုံးသည် ကျန်းချိုက်ရှစကားကြောင့် ချက်ချင်းအမူအရာပြောင်းလဲသွားကြသည်။မိမိဇနီးအားတန်ဖိုးမရှိဟု အပြောခံရလျှင် မည်သည့်ယောင်္ကျားသားမှာ ပျော်ရွှင်နေပါမည်နည်း။အဘိုးကျိုးမျက်မှောင်ကြုံ့သွားပြီး ဖော်ရွေတတ်သောမျက်နှာမှာ ချက်ချင်းဆိုသလိုတည်ကြည်သွားတော့သည်။

ဝမ်ရှီနှုတ်ဆိတ်သွားသည်ကိုမြင်သောအခါ ကျန်းချိုက်ရှသည်အောင်နိုင်သူရွှေကြက်ဖကြီးကဲ့သို့ သူမမေးကိုအသာပင့်လိုက်၏။အဘွားစွင်းမှာ ဒေါသကြောင့်နှုတ်ခမ်းများပင်တုန်ရီနေပြီဖြစ်သော်ငြား သူမမြေးသဘောကျသည့် မိန်းကလေးဖြစ်နေသဖြင့် ဒေါသကိုထိန်းကာပြောလိုက်သည်။

"စားကြလေ စားကြ၊ဒီအတိုင်း ရပ်မနေကြနဲ့ စားကြတော့၊အေးသွားရင် အရသာ မရှိဘဲနေမယ်"

ထိုစကားကြောင့် လူတိုင်းသည်ဒေါသနှင့်မကျေနပ်ချက်များကိုမျိုသိပ်ကာ သူတို့တူများကိုကိုင်ပြီးစားရန် ပြင်လိုက်ကြသည်။ကျန်းချိုက်ရှမျက်လုံးများမှာ စားပွဲအလယ်ရှိငန်းသားဟင်းဆီရောက်နေပြီး သူမတူနှင့်လှမ်းယူရန် ပြင်လိုက်၏။

ဆောင်းတွင်းငန်းသားမှာ အကောင်းဆုံးဖြစ်သလို ဈေးလည်းကြီးလှသည်။ငန်းများမှာအစားများသဖြင့် ငန်းတစ်ကောင် မွေးခြင်းမှာ ကြက်သုံးကောင်မွေးသည်နှင့်ညီမျှသောကြောင့် ရွာထဲ၌ငန်းမွေးသူ ရှားပါးလှ၏။

ကျန်းချိုက်ရှမှ ငန်းခြေထောက်ကိုတူဖြင့်ညှပ်ယူရန်လုပ်လိုက်စဉ်မှာပင် ရုတ်ချည်းဆိုသလို တူတစ်စုံမှာဦးအောင်နှိုက်ယူသွားတော့သည်။ကျန်းချိုက်ရှသည် ငန်းခြေထောက်ကို အဘွားစွင်းယူသွားသည်အားကြည့်ရင်း သွားရည်ကျမိတော့မတတ်ဖြစ်သွားရ၏။အဘွားစွင်းမှာ ကျိုးဖုန်းအဘွားဖြစ်သဖြင့် လူကြီးတစ်ယောက်မှအရင်ယူသည်မှာ ကိစ္စမရှိသော်လည်း အဘွားစွင်းမှာထိုငန်းခြေထောက်အား ကျိုးထောင်ဟွားပန်းကန်ထဲထည့်ပေးလိမ့်မည်ဟု သူမတွေးပင်တွေးမကြည့်ဖူးခဲ့ပေ။

"ထောင်ဟွား ဒါလေးစားလိုက်၊ငန်းခြေထောက်က အသားအများဆုံးနဲ့ဝါးလို့အကောင်းဆုံးအပိုင်းပဲ"

ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ယခင်ကဆိုလျှင် ငန်းခြေထောက်ကိုကျိုးစန်းရှီထံသာ ဦးဦးဖျားဖျားပေးမည်ဖြစ်ပြီး ဒုတိယတစ်ချောင်းကိုမူ ကျိုးဖုန်းအား ကျိန်းသေပေးမည်ပင်။

ထိုသို့ပြောပြီးနောက် အဘွားစွင်းသည်ဒုတိယမြောက်ငန်းခြေထောက်ကိုကောက်ယူကာ ကျိုးစန်းရှီပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။

"သားလေး စားနော်"

"ကျေးဇူးတင်ပါတယ် အမေ"

ကျိုးစန်းရှီမှာ အလွန်ဝမ်းသာသွားတော့သည်။သူ့အမေမှာ သူ့ကိုအလွန်ချစ်မှန်းသိနေသည်လေ။

ကျန်းချိုက်ရှသည် ငန်းခြေထောက်နှစ် ချောင်းလုံး အခြားသူများပါးစပ်ထဲ ရောက်သွားသည်ကို ကြည့်နေရသည်။အဘွားစွင်းမှ ဦးလေးဖြစ်သူကိုပေးသည်အား နားလည်‌ပေးနိုင်၏။ပြောရလျှင်သူသည်မိသားစုဝင်အမျိုးသားတစ်ဦးဖြစ်သလို သူမဦးလေးလည်းဖြစ်လာမည့်လူပင်။

သို့သော် ကျိုးထောင်ဟွားကိုပေးရခြင်းမှာမူ အဘယ်ကြောင့်နည်း။ကျိုးထောင်ဟွားမှာ မိန်းကလေးတစ်ဦးဖြစ်ပြီး သူမနှင့်ရွယ်တူများသာဖြစ်သည်။အဘယ်ကြောင့် သူမမှာငန်းခြေထောက်အား စားခွင့်ရပါသနည်း။

ကျန်းချိုက်ရှမှာအကူအညီမဲ့ဟန်ဖြင့် ငန်းရင်အုံသားများကိုသာ တူနှင့်ညှပ်စားရင်း ကျိုးထောင်ဟွားထံမျက်စောင်းထိုးကာ ပြောလိုက်သည်။

"ထောင်ဟွား မိန်းကလေးတွေကအသားတွေအများကြီး မစားသင့်ဘူးနော်၊အရမ်းဝလာရင် အိမ်ထောင်ပြုဖို့ခက်လိမ့်မယ်"

ကျိုးထောင်ဟွားသည် ငန်းခြေထောက်စားနေသည်ကိုခဏရပ်လိုက်၏။သူမ တစ်ကိုက်သာကိုက်ရသေးချိန်တွင် ကျန်းချိုက်ရှထံမော့ကြည့်လိုက်ရာ တစ်ဖက်လူမှာ သူမထံအကဲခတ်နေကာအပြစ်ရှာလိုသောအကြည့်များဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျိုးထောင်ဟွား မျက်ခုံးပင့်လိုက်မိ၏။သူမက ငါ့ကိုရန်လာစနေတာလား။

ကျိုးအာ့ရှုနှင့်ချမ်ရှီတို့လည်း မျက်မှောင်ကြုံ့သွားကြသည်။ကျန်းချိုက်ရှအပြောအဆိုမှာ အဘယ်ကြောင့်ဤမျှနားဝင်မချိုရပါသနည်း။သူတို့နှစ်ဦးစကားဝင်ပြောရန်ပြင်လိုက်စဉ်မှာပင် အဘွားစွင်းမှဦးအောင်ပြောလိုက်သည်။

"ချိုက်ရှရေ ထောင်ဟွားကဉာဏ်ကောင်းပြီးအရည်အချင်းရှိတဲ့က‌လေးလေ အဲ့တော့အိမ်ထောင်ဖက်ကောင်း သေချာပေါက်ရမှာပဲ၊ပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့မိန်းကလေးကမှ ကံကောင်းမယ့်မျက်နှာပေါက်ရှိတာမလို့ ထောင်ဟွားအသားတွေ အများကြီးသာစားနော်"

အဘွားစွင်းမှာ မျက်မှောင်ကြုံ့လိုက်ပြီး သူမမျက်ဝန်းများတွင် အလွန်တရာမကျေမနပ်ဖြစ်သွားသည့်အရိပ်အယောင်မှာ ထင်ရှားပေါ်လွင်နေသည်။ထိုသို့ပြောပြီးနောက် ငန်းတောင်ပံနှစ်ခုကိုပါ ကျိုးထောင်ဟွားပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြန်၏။

ကျန်းချိုက်ရှမျက်နှာမှာ ဒေါသကြောင့် ဝက်အသည်းကဲ့သို့ညိုမည်းသွားတော့သည်။ဟင်းကောင်းသမျှကို အဘွားစွင်းမှာ ကျိုးထောင်ဟွားထံသာပေးနေသည်လေ။

"အဘွား အစ်ကိုဖုန်းက အဘွားမြေးကြီးလေ၊ဘာလို့ သူ့ကိုကျငန်းခြေထောက်ဖြစ်ဖြစ် ငန်းတောင်ပံဖြစ်ဖြစ် တစ်ခုမှမပေးတာလဲ၊ဒီနေ့က ကျွန်မအိမ်ဟောင်းမှာ ပထမဆုံးအကြိမ်ထမင်းလာစားတာကို အဘွားကကျွန်မကိုလဲ ဘာမှထည့်မပေးဘူး၊ကျွန်မဆိုတာက နောက်ကျရင်အိမ်ဟောင်းကို လက်ထပ်ဝင်လာမှာလေ၊ပြောရရင်ထောင်ဟွားတို့မိသားစုကလဲ အိမ်ခွဲသွားပြီဆိုတော့ အိမ်ဟောင်းနဲ့မဆိုင်တော့ဘူးမလား"

ကျန်းချိုက်ရှ ခါးသီးဟန်ဖြင့်ငြီးငြူပြလာသည်။

အဘွားစွင်းသည် မည်သူ့ကိုကောင်းကောင်းဆက်ဆံရမည်အား မခွဲခြားတတ်တော့သည်ထိ ဦးနှောက်ပျက်သွားပြီဟုသာ သူမထင်နေမိ၏။ထိုစကားကိုကြားသောအခါ အဘွားစွင်းမျက်လုံးများပြူးကျယ်သွားပြီး ဒေါသမထိန်းနိုင်တော့ဘဲ ဆူငေါက်လိုက်တော့သည်။

"ထောင်ဟွားက ငါ့မြေးအရင်းပဲလေ၊ဘာလို့ငါတို့ကျိုးအိမ်ဟောင်းနဲ့ မဆိုင်ဘဲနေမလဲ၊အာ့ရှုက အိမ်ခွဲသွားတယ်ဆိုပေမယ့် သူ့ကိုယ်ထဲမှာကျိုးမိသားစုသွေးတွေ စီးဆင်းနေတုန်းပဲ၊ထောင်ဟွားက ငါတို့မိသားစုရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးဖြစ်သလို ကျေးဇူးရှင်လဲဟုတ်တယ်၊ဒါကြောင့်မလို့ ငန်းခြေထောက်နဲ့ငန်းတောင်ပံကို ထောင်ဟွားစားရတဲ့ကိစ္စက လုံးဝမမှားဘူး၊ညည်းနဲ့ရှောင်ဖုန်းအတွက်ကတော့ စားပွဲပေါ်မှာဟင်းတွေအများကြီးရှိနေတာပဲဟာ စားချင်စား မစားချင်နေ ညည်းသဘောပဲ"

ကျန်းချိုက်ရှသည် အဘွားစွင်းမှသူမအား ဤမျှထိအရှက်ခွဲလာလိမ့်မည်ဟုထင်မထားခဲ့ပေ။သူမ တစ်ခုခုထပ်ပြောရန်ပြင်လိုက်စဉ်မှာပင် ကျိုးဖုန်းမှာသူမလက်မောင်းကိုဆွဲ၍ တိုးတိုးလေးပြောလိုက်သည်။

"ချိုက်ရှ အခြားဟင်းတွေပဲစားကြရအောင်နော်၊မင်းက ဟင်းသီးဟင်းရွက်တွေကြိုက်တယ်မလား ကိုယ်မင်းအတွက် ဟင်းရွက်လေးတွေခပ်ပေးမယ်နော်"

ကျိုးဖုန်းမှာ သူမပန်းကန်ထဲသို့ဟင်းရွက်များ ပန်းကန်တစ်ဝက်ခန့်ထည့်ပေးလာသည်ကိုမြင်သောအခါ ကျန်းချိုက်ရှမျက်ခုံးများမှာ ယင်ကောင်တစ်ကောင်ကိုပင်ညှစ်သတ်နိုင်လောက်သည်ထိကြုံ့သွားတော့သည်။

သူမချက်ချင်းပင် ဒေါသတကြီးဆူငေါက်လိုက်တော့၏။

"ရှင်ရူးနေလား စားပွဲပေါ်မှာအသားဟင်းတွေ ဒီလောက်အများကြီးကိုဘာလို့ကျွန်မပန်းကန်ထဲကျမှ ဟင်းရွက်တွေလာထည့်နေရတာတုန်း၊ဒီဟင်းရွက်တွေကို ဘယ်သူကဂရုစိုက်နေလို့လဲ"

ကျိုးဖုန်းသည် သူမပန်းကန်ထဲရှိဟင်းရွက်များကို မိမိပန်းကန်ထဲအမြန်ပြန်ပြောင်းထည့်ကာ အသားဟင်းများပြန်ထည့်ပေးလိုက်ပါမှ သူမမျက်နှာအမူအရာမှာ အနည်းငယ်ပျော့ပြောင်းသွားတော့သည်။

ကျိုးဖုန်းမှာတော့ နားမလည်နိုင်တော့ပေ။ခုနလေးတင် သူမကိုယ်တိုင်မိန်းကလေးများအနေဖြင့် အသားအများကြီးမစားသင့်သလို စားမိပါကအိမ်ထောင်မပြုရဘဲ ဖြစ်နေမည်ဟုပြောခဲ့သည်လေ။သူနားကြားမှားခဲ့သည်များလားဟု တွေးမိသွား၏။

ကျိုးအိမ်ဟောင်းရှိလူတိုင်းမှာ မျက်မှောင်ကြုံ့နေကြပြီး ကျိုးထောင်ဟွားတို့မိသားစုသုံးဦးမှာမူ နေ့လည်စာစားပြီးသည်နှင့်ပြန်လာခဲ့ကြသည်။အိမ်အပြန်လမ်းတွင် ချမ်ရှီမှာထုတ်မပြောဘဲမနေနိုင်တော့ပေ။

"ရှောင်ဖုန်းက ဘယ်လိုမိန်းကလေးမျိုးကိုရွေးလိုက်တာလဲမသိပါဘူး၊ခုနတုန်းကဆို သူ့ကြောင့် အမေဖြင့်သေအောင်ဒေါသထွက်သွားရတာ"

အကယ်၍အဘွားစွင်းသာ ကျန်းချိုက်ရှကိုမဟန့်တားခဲ့လျှင် သူမကိုယ်တိုင် သေချာပေါက်ဆူပူမိပေလိမ့်မည်။သူမဘာသာ ကျိုးဖုန်း၏စေ့စပ်ထားသူမကလို့ မည်သူဖြစ်ဖြစ် သူမကတော့ဆူဆဲပစ်မိမှာပင်။ချမ်ရှီသည် အိမ်ဟောင်းတွင် အသင့်ပြင်ထားသောနေ့လည်စာကိုစားခဲ့ရသော်လည်း ကျန်းချိုက်ရှလုပ်ရပ်ကြောင့် စိတ်ပျက်ခဲ့ရသည်။

ကျိုးထောင်ဟွား သူမအမေကို အပြုံးလေးဖြင့်နှစ်သိမ့်လိုက်၏။

"အမေရယ် စိတ်မဆိုးပါနဲ့တော့၊သူ့ကြောင့်နဲ့ ကိုယ့်ကျန်းမာရေးကိုထိခိုက်ခံရတာ မတန်ပါဘူး၊ဘာပဲဖြစ်ဖြစ် သူကသမီးတို့မိသားစုဝင်လဲ မဟုတ်ဘူးလေ၊နောင်ကျရင်လဲ သူနဲ့ခဏခဏတွေ့နေရမှာမဟုတ်ဘူးမလား"

ချမ်ရှီလည်း ဤစကားမှာမှန်သည်ဟုတွေးမိ၏။ကျန်းချိုက်ရှသာ ကျိုးမိသားစုထဲလက်ထပ်ဝင်လာပါလျှင် အိမ်ဟောင်းရှိလူများကိုသာ ဒုက္ခပေးပေလိမ့်မည်။ယနေ့မှာကျန်းချိုက်ရှ၏ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သော်လည်း စကားတစ်ခွန်းတည်းဖြင့် ရှိသမျှလူတိုင်းကို ဒေါသထွက်အောင်လုပ်နိုင်ခဲ့သည်မလား။ထမင်းတစ်နပ်စားချိန်အတွင်းမှာတင် လူတိုင်းကိုအကြိမ်ကြိမ်စိတ်ဆိုးအောင်လုပ်ခဲ့သည်ပင်။

ထင်မထားသည်မှာ သူတို့မိသားစုသုံးဦး အိမ်ပြန်ရောက်ပြီး မကြာမီမှာပင် အဘွားစွင်းမှာ နောက်တစ်ခေါက်ပြန်ရောက်လာပြန်သည်။သူမသည် ကျိုးထောင်ဟွားထံသို့ စာအိတ်နီလေးကို ကြင်ကြင်နာနာဖြင့်ကမ်းပေးကာပြောလာ၏။

"ထောင်ဟွားက ညကျရင်အိမ်ဟောင်းမှာ နှစ်သစ်ကူးညစာလာမစားဖြစ်တော့ဘူးဆိုတော့ အဘွားကမြေးအတွက် နှစ်သစ်ကူးမုန့်ဖိုးကိုလာပြီးကြိုပေးထားတာ"

နှစ်သစ်ကူးမုန့်ဖိုးပေါ့လေဟုတ်လား။

All Chapters