အခန်း (၇၂)
Vol. 8 Ch. 72
ကျိုးထောင်ဟွားအံ့အားသင့်သွားရသည်။
သူမ၏ယခင်ဘဝတွင် နှစ်သစ်ကူးမုန့်ဖိုး တစ်ခါမှမရဖူးခဲ့သဖြင့် ဤအရာမှာရိုးရာဓလေ့တစ်ခုဖြစ်သည်ကိုပင် သူမ မေ့နေခဲ့ခြင်းပင်။အမှန်တော့ နှစ်သစ်ကူးမုန့်ဖိုးလက်ခံရရှိခြင်းသည် ကလေးများကို နှစ်သစ်တွင်တစ္ဆေဝိညာဉ်များနှင့်နတ်ဆိုးများရန်မှကာကွယ်ပေးနိုင်ပြီး မကောင်းသောအငွေ့အသက်များကို တွန်းလှန်ပေးနိုင်သည့်အကျိုးကျေးဇူးများရှိပေသည်။
ကျိုးထောင်ဟွား ထိုမုန့်ဖိုးကိုသိမ်းဆည်းလိုက်စဉ် စိတ်ထဲအတွေးတစ်ခုပေါ်လာလေ၏။အစ်ကိုရှန်းမင်သည် ယနေ့ညတွင်နှစ်သစ်ကူးညစာလာစားမည်ဖြစ်ရာ သူ့အတွက်လည်းစာအိတ်နီတစ်ခုကို နောက်မှပြင်ထားရဦးပေမည်။
ရုတ်ချည်းဆိုသလို အဘွားစွင်းမှမေးလာ၏။
"ထောင်ဟွား အဘွားကို ကျန်းချိုက်ရှအင်္ဂါရုပ်ကို ကူကြည့်ပေးလို့ရမလား၊သူကအဘွားတို့ကျိုးမိသားစုရဲ့ မြေးချွေးမဖြစ်ထိုက်ရဲ့လားလို့လေ၊အဘွား ပိုက်ဆံပေးပါ့မယ်"
ယခင်က သူမမြေးကျိုးဖုန်းမှာကျန်းချိုက်ရှကိုသာ သဘောကျ၍လက်ထပ်ပါရစေဟု အတင်းအကြပ်တောင်းဆိုခဲ့သည်။သူမမိသားစုမှာ ဆေးဖက်ဝင်အပင်များစိုက်ပျိုးရာမှ ငွေရလာပြီဖြစ်သလို မြေးဖြစ်သူလည်းသဘောကျနေသဖြင့် အောင်သွယ်တော်မှတစ်ဆင့် ကျန်းမိသားစုမှာ တောင်းရမ်းငွေဆယ့်ငါးတေးထိတောင်းလာသည်ဟုပြောသော်လည်း သူမသဘောတူခဲ့ခြင်းပင်။
သို့သော် ယနေ့ ထမင်းဝိုင်းရှိ ကျန်းချိုက်ရှအပြုအမူများကိုမြင်လိုက်ရသောအခါ မည်သို့ပင်ကြည့်ကြည့် သူမမှာကျန်းချိုက်ရှကို လုံးဝသဘောမကျနိုင်တော့ပေ။
"အဘွား အင်္ဂါရုပ်ကြည့်ပေးခကငွေတစ်တေးပါ"
အင်္ဂါရုပ်ကြည့်ခြင်းမှာ ဝိညာဉ်စွမ်းအား အသုံးပြုရန်မလိုပေ။ထို့ကြောင့် ကျိုးထောင်ဟွားသည် ကျန်းချိုက်ရှပုံပန်းသဏ္ဌာန်ကိုပြန်လည်တွေးတောကာပြောလိုက်သည်။
"မိန်းကလေးကျန်းရဲ့ နဖူးကျဥ်းကျဉ်းက အမြော်အမြင်နည်းတာကိုပြတယ်၊သူ့ငယ်ဘဝက သိပ်ပြီးချောမွေ့ခဲ့ပုံမရဘူး၊မျက်လုံးတွေကလဲ ရွှန်းလဲ့မနေဘူး၊ဒါက ဉာဏ်ရည်ထက်မြက်မှု အားနည်းတာကို ဖော်ပြတာ၊နှာတံက နည်းနည်းကောက်နေတာမလို့ မရိုးသားတဲ့စိတ်သဘောထားရှိပြီး တစ်ကိုယ်ကောင်းဆန်တဲ့အပြင် ယုံကြည်ရခက်တဲ့သူလဲဖြစ်မယ်၊သက်လတ်ပိုင်းဘဝမှာ ကံဇာတာလဲမကောင်းနိုင်ဘူး၊ပါးရိုးတွေငေါထွက်နေတာက အရာရာကိုထိန်းချုပ်လိုစိတ် အရမ်းပြင်းထန်တာကိုပြနေတာပဲ၊မေးစေ့ကချွန်နေတော့ သူအသက်ကြီးရင်လဲ တည်ငြိမ်တဲ့ဘဝကိုရမှာမဟုတ်ဘူး"
အဘွားစွင်းမှာ ထိုစကားကြားသည်နှင့် နားထင်ကြောများပင် တဆတ်ဆတ်တုန်ယင်သွားတော့သည်။ဤကဲ့သို့လူမျိုးမှာ သူ့မြေးချွေးမဖြစ်လာမည်တဲ့လား။
ယနေ့ထမင်းဝိုင်းတွင်လည်း ကျန်းချိုက်ရှမှာ အနည်းငယ်လူမိုက်ဆန်နေပြီး အာဏာပြလိုသူဖြစ်ကြောင်း သူမခံစားခဲ့ရသည်။အကယ်၍ သူမမြေးသာကျန်းချိုက်ရှနှင့်လက်ထပ်လိုက်ပါက ကျန်းချိုက်ရှသည်သာ အိမ်ကိုအုပ်ချုပ်သွားမည်ဖြစ်ပြီး သူမမြေးဖြစ်သူစိတ်နေစိတ်ထားနှင့်ဆိုလျှင် သူမကိုထိန်းနိုင်မည် မဟုတ်ပေ။
အဘွားစွင်းသည် ထောင်ဟွားဆီမလာခင်၌ ကျန်းချိုက်ရှအပေါ်မကျေနပ်ရုံမျှသာရှိသော်လည်း ထောင်ဟွားစကားကို ကြားပြီးနောက်တွင်တော့ ကျန်းချိုက်ရှမှာ မြေးချွေးမအဖြစ်လုံးဝမသင့်တော်ကြောင်း ချက်ချင်းဆိုသလိုဆုံးဖြတ်ချက် ခိုင်မာသွားတော့သည်။
"ထောင်ဟွားရေ ကျေးဇူးတင်ပါတယ်ကွယ်"
အဘွားစွင်းသည် ထိုသို့ပြောကာအိမ်အမြန်ပြန်သွားတော့သည်။သူမသည် စေ့စပ်ပွဲကိုဖျက်သိမ်းရန် အောင်သွယ်တော်ယိုအား အမြန်သွားရှာရပေဦးမည်။ကံကောင်းသည်မှာ တောင်းရမ်းလက်ဆောင်များကို မပေးရသေးသလို စေ့စပ်ပွဲကိုလည်း တရားဝင်အတည်မပြုရသေးသဖြင့် အချိန်မီသေးခြင်းပင်။
ကျိုးထောင်ဟွားသည် အခန်းထဲပြန်ဝင်ကာ အဘွားစွင်းပေးသွားသောစာအိတ်နီအားဖွင့်ကြည့်လိုက်ရာ အတွင်း၌ငွေတစ်တေးကို တွေ့လိုက်ရသည်။သူမမေးထောက်ကာ အစ်ကိုရှန်မင်အားမုန့်ဖိုးမည်မျှပေးရမည်ကို စဉ်းစားလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူမအကြည့်မှာ နတ်ဆိုးလေးကောင်အလုပ်ရှုပ်နေကြသော ဝံပုလွေသားရေများထံအကြည့်ရောက်သွားသည်။ဤမျှလောက်ထိသားရေများကိုပေးနိုင်သူဖြစ်ရာ မုန့်ဖိုးကိုလည်းနည်းနည်းပိုပေးလိုက်လျှင် အကျိုးအကြောင်းမသင့်သည်မျိုးမဖြစ်နိုင်ပါချေ။
မုန့်ဖိုးပြင်ဆင်ပြီးနောက် ကျိုးထောင်ဟွားသည် သူမလက်ကိုင်ပုဝါကိုဆက်ချုပ်နေပြန်သည်။အဆုံးတွင်တော့ သူမပြင်ချုပ်လေလေ ပို၍ရယ်စရာကောင်းလာလေလေ ဖြစ်လာတော့၏။သူမသည် ထိုမက်မွန်ပန်းကိုစိုက်ကြည့်ရင်း အားမလိုအားမရဖြစ်လာရကာ သူမအနေဖြင့် အဘယ်ကြောင့်ဤကဲ့သို့ပုံစံကြီး ထိုးမိသနည်းဟု တွေးနေမိသည်။
ဒူးရင်းသီးနတ်ဆိုးလေးသည် သူမနောက်သို့တိုးတိုးတိတ်တိတ်ရောက်လာပြီး မေးလိုက်၏။
"အစ်မကျိုး ဘာတွေချုပ်နေတာလဲ"
"???"
ကျိုးထောင်ဟွား ပန်းထိုးဘောင်ကိုစိုက်ကြည့်ရင်း တွေးလိုက်မိသည်။
*တစ်ကယ်ကြီးကို ပုံဖော်ကြည့်ဖို့ အဲ့လောက်ခက်နေတာလား*
"ဒါက မက်မွန်ပန်းလား"
ရှန်းမင်အသံမှာ သူမနောက်မှနေ ရုတ်တရက်ကြီးထွက်လာသဖြင့် ကျိုးထောင်ဟွားမှာလန့်သွားပြီး လက်ထဲရှိအပ်ဖြင့် သူမလက်ချောင်းကိုထိုးမိသွားတော့သည်။
"အ"
ကျိုးထောင်ဟွား နာကျင်သွားရ၍အော်လိုက်မိပြီး အပ်စူးမိသည့်နေရာမှနေ သွေးများချက်ချင်းထွက်လာတော့သည်။
တစ်စက် နှစ်စက်......
ကျိုးထောင်ဟွား နာကျင်သွား၍မျက်မှောင်ကြုံ့နေစဉ်မှာပင် နောက်တစ်ခဏ၌ ရှန်းမင်မှာ အပ်စူးသွားသည့်သူမလက်ချောင်းကိုဆွဲကာ သူ့ပါးစပ်ထဲထည့်လိုက်တော့သည်။
နွေးထွေးသောငုံထွေးမှုနှင့် စိုစွတ်သောထိတွေ့မှုကြောင့် ကျိုးထောင်ဟွားတစ်ကိုယ်လုံး တုန်ရီသွားရ၏။သူမသည် တစ်စုံတစ်ဦးနှင့်ဤမျှထိ နီးကပ်သောထိတွေ့မှုမျိုးကို ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်သော်လည်း ဘာမှထပ်မတွေးနိုင်ခင်မှာပင် သူမလက်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအား အမြောက်အမြားစီးဝင်လာသည်ကို ခံစားလိုက်ရသည်။
"!!!"
ချက်ချင်းဆိုသလို ကျိုးထောင်ဟွားစိတ်လှုပ်ရှားသွားရတော့သည်။ဝိညာဉ်စွမ်းအားတွေက ဒီလောက်ထိတောင်များတာလား။
ရှန်းမင်မှာ အပ်စူးသွားသည့်နေရာကိုအသာစုပ်ပေးလိုက်ပြီး ကျိုးထောင်ဟွားမျက်နှာထက်ရှိ နာကျင်နေသောအမူအရာများပျောက်သွားပါမှ သူမလက်ကို လွှတ်ပေးလိုက်တော့သည်။
ကျိုးထောင်ဟွားခမျာ စိတ်ထဲ၌အလိုမကျသလိုခံစားလိုက်ရ၏။သူကသူမလက်ကိုတန်းလွှတ်လိုက်တယ်လေ။သူမမှာတော့ ဝိညာဉ်စွမ်းအားများကိုထပ်ဖြည့်ချင်နေသေးသည်ပင်။
မနေ့ည၌ သူမကောင်းကင်အားလေ့လာကြည့်ရာ ထူးထူးခြားခြားနိမိတ်များတွေ့ခဲ့ရ၏။ကျိုးကျားရွာတွင် မကြာခင်၌ မိုးသီးမုန်တိုင်းကျတော့မည့်ပုံပင်။အချိန်အတိအကျသိရန် အသေးစိတ်ထပ်လေ့လာဖို့လုပ်လိုက်ပေသိ သူမထံတွင်ဝိညာဉ်စွမ်းအားမလုံလောက်တော့သည်ကို သိလိုက်ရ၏။
ယခုတော့ ရှန်းမင်ဆီမှ ဝိညာဉ်စွမ်းအား အမြောက်အမြားရရှိလိုက်ပြီဖြစ်ရာ ကျိုးထောင်ဟွားသည် ဒီနေ့ည၌ကောင်းကင်အားလေ့လာကြည့်ရန် ယုံကြည်မှုအပြည့်ရှိသွားပြီဆိုသော်ငြား ဝိညာဉ်စွမ်းအားများသာ ထပ်ရနိုင်မည်ဆိုလျှင်တော့ပိုကောင်းပေလိမ့်မည်။
အတွေးပေါင်းစုံတွေးရင်း သူမလက်ညှိုးဖြင့် ရှန်းမင်နှုတ်ခမ်းများကိုသွားတို့လိုက်မိသည်။နူးညံ့နွေးထွေးလှသည့်အပြင် သူမလက်ထိပ်မှာ သူ့သွားများကိုပင်ထိမိသွားသည့်အလား ခံစားလိုက်ရ၏။
"ထောင်ဟွား ဘာလုပ်နေတာလဲ"
ရှန်းမင်မှာ ကျိုးထောင်ဟွားအပြုအမူကြောင့် လန့်သွားရ၏။ကျိုးထောင်ဟွားလည်း သူ့အသံကြားမှသတိပြန်ဝင်လာပြီး သူမလုပ်ရပ်မှာနည်းနည်းလွန်သွားပြီဖြစ်ကြောင်း သိလိုက်သောကြောင့်အမြန်လက်ပြန်ရုတ်လိုက်သည်။
ချက်ချင်းပင် ရှန်းမင်ဘက်ကျောပေးလိုက်ပြီး အာရုံထွေပြားနေဟန်ဖြင့်ပြောလိုက်၏။
"အစ်ကိုရှန်းမင် အစ်ကို့နှုတ်ခမ်းတွေက တော်တော်လှတာပဲ ဟဲဟဲ"
လူတစ်ယောက်မှာ စိတ်လှုပ်ရှားနေသည့်အချိန်ဆိုလျှင် တစ်ခုခုကိုအာရုံစိုက်လုပ်လိုက်ပါက အဆင်ပြေမည်ဖြစ်၍ သူမလည်း ပန်းထိုးအပ်ချည်များကိုဖြတ်ကာ မချည်ရသေးသည့်ပတ်တီးများနှင့်လက်ကိုင်ပုဝါကို အင်္ကျီရင်ဘတ်ထဲအမြန်ထိုးထည့်လိုက်သည်။
ရှန်းမင်မှာ သူမနောက်တွင်ရပ်နေရင်း သူမလှုပ်ရှားမှုများအားကြည့်ကာ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်ထိပြုံးလိုက်မိ၏။
"ထောင်ဟွား ရှန်းမင် ထမင်းစားလို့ရပြီဟေ့"
ကံကောင်းထောက်မစွာပင် မီးဖိုချောင်ထဲရှိ ချမ်ရှီ၏အော်သံထွက်လာသောကြောင့်သာ ကျိုးထောင်ဟွားလည်းသက်ပြင်းချနိုင်သွားတော့သည်။
ချမ်ရှီမှာ အရသာရှိသည့်ဟင်းပွဲများအပြည့်ပြင်ဆင်ထားပြီး သူတို့လေးဦးသားမှာ အလွန်ကျေနပ်စရာကောင်းသောညစာအား စားသုံးခဲ့ကြ၏။ကျိုးအာ့ရှုအရက်အိုးကို,မ,ကာ မေးလိုက်သည်။
"ရှန်းမင် မင်းအရက်သောက်တတ်လား"
"အရင်ကတစ်ခါမှ မသောက်ခဲ့ဖူးပေမယ့် ဒီနေ့ညတော့ ဦးလေးနဲ့အတူနည်းနည်း သောက်ပေးပါ့မယ်"
ရှန်းမင်စကားကြောင့် ကျိုးအာ့ရှုမှာ အလွန်သဘောကျသွားတော့သည်။ဤကလေးမှာအလိုက်သိတတ်သည်ဟုဆိုပြီး ချက်ချင်းဆိုသလို တစ်ခွက်ငှဲ့ပေးလိုက်၏။
ထမင်းစားနေစဉ်မှာပင် ရွာထဲရှိအိမ်များမှ ဗြောက်အိုးသံများ ဖြည်းဖြည်းချင်းဆူညံလာတော့သည်။ဤသည်မှာ မိသားစုများမှ နှစ်သစ်ကူးညစာစားပြီးကြပြီဆိုသည့် အဓိပ္ပာယ်ပင်။ကျိုးအာ့ရှုလည်း သူ့ခွက်ထဲရှိ နောက်ဆုံးအရက်ကိုသောက်ပြီးသည်နှင့် ကျိုးမိသားစုလည်းဗြောက်အိုးများ စဖောက်ပါတော့သည်။ဗြောက်အိုးသံများမှာ ဟောင်းနွမ်းမှုများကိုနှုတ်ဆက်ကာ သစ်လွင်မှုများအားကြိုဆိုနေသည့်အလားပင်။
ဗြောက်အိုးဖောက်သံများနှင့် မီးကျည်တို့ကြောင့် မှောင်မိုက်သည့်ညဉ့်ယံကို နေ့ခင်းဘက်အလား လင်းထိန်သွားစေခဲ့သည်။ကျိုးထောင်ဟွား နားကိုပိတ်ကာကောင်းကင်ပေါ်ပျံတက်သွားသည့် ဗြောက်အိုးမီးပန်းများအားကြည့်ကာ ပျော်ပျော်ရွှင်ရွှင်ရယ်မောလိုက်မိ၏။သူမ ဤကမ္ဘာသို့ရောက်လာသည်မှာ မကြာသေးသော်လည်း ဤနေရာတွင်သူမအားချစ်မြတ်နိုးပေးသည့် မိဘများရှိနေပြီပင်။
ရှန်းမင်လည်း ကျိုးထောင်ဟွားဘေးတွင်ရပ်ရင်း ပထမဆုံးအကြိမ်နှစ်သစ်ကူး၏ပျော်ရွှင်မှုကို ခံစားနေရ၏။ဗြောက်အိုးသံများကြားမှ သူမ၏ရယ်သံလွင်လွင်တို့သည် ပဲ့တင်ထပ်နေတော့သည်။ရှန်းမင်မှာ သူမအားတိတ်တဆိတ်သာကြည့်နေမိ၏။ဂွမ်းအင်္ကျီပန်းနုရောင်လေးနှင့်မီးရောင်အောက်တွင်နီမြန်းနေသော သူမပါးပြင်လေးများမှာ တစ်ကယ်ကိုချစ်မြတ်နိုးစရာကောင်းနေတော့သည်။
"ထောင်ဟွား ရှန်းမင် ရော့ ဒါကနှစ်သစ်ကူးမုန့်ဖိုးပဲ၊နောင်နှစ်မှာ ကျန်းမာရေးကောင်းပြီးဘေးကင်းကြပါစေကွယ်"
ချမ်ရှီမှာသူတို့အား အနောက်မှနေလှမ်းခေါ်ပြီး စာအိတ်နီတစ်ယောက်တစ်လုံးပေးလာသည်။
"ကျေးဇူးတင်ပါတယ် အမေ"
ကျိုးထောင်ဟွားမှာ ချိုချိုသာသာလေးပြန်ပြောပြီးယူလိုက်ပေသိ ရှန်းမင်မှာတော့ ကြောင်ကြည့်နေပြီးလှမ်းမယူခဲ့ပေ။
"ဒေါ်လေးချမ် ဒါကမသင့်တော်ပါဘူး၊ကျွန်တော်က ဒီမှာထမင်းလာစားတာကို မုန့်ဖိုးထိပါယူလို့ဘယ်ဖြစ်ပါ့မလဲ"
ချမ်ရှီမှာ သူ့လက်ထဲအတင်းထိုးထည့်ပေးကာ ပြောလိုက်၏။
"ဒါက ဒေါ်လေးရဲ့စေတနာမလို့ ယူထားလိုက်ပါ၊ကံကောင်းအောင်လို့ ယူထားနော်"
ထိုသို့ဖြင့်ရှန်းမင်လည်း ငြင်းမရတော့၍ လက်ခံလိုက်ရကာ ရင်ထဲတွင်လည်းနွေးထွေးသွားရသည်။သူမုန့်ဖိုးရဖူးသည်မှာ အချိန်မည်မျှကြာခဲ့ပြီလဲဆိုသည်ကိုပင် မမှတ်မိတော့ပါချေ။
ဗြောက်အိုးဖောက်ပြီးသွား၍ ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ အိမ်ထဲပြန်ဝင်သွားချိန်တွင်တော့ ကျိုးထောင်ဟွားမှာစာအိတ်နီလေးတစ်လုံးအား တိတ်တိတ်လေးထုတ်ကာအပြုံးလေးဖြင့်ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ဒါကအစ်ကို့အတွက်ပါ"
မီးပန်းအလင်းများမရှိတော့သည့်အတွက် ခြံထဲတွင်နည်းနည်းမှောင်သွားရာ ထိုသည်မှာဘာမှန်း ရှန်းမင်သေချာမမြင်ရပေ။သူသည် စာအိတ်ကိုကိုင်ကြည့်ပြီးမေးလိုက်၏။
"ဒါက ဘာလဲ"
"နှစ်သစ်ကူးမုန့်ဖိုးလေ အစ်ကို့အတွက်ပေးတာ"
ဤသည်အားကြားသော် ရှန်းမင်မှာရယ်ရခက် ငိုရခက်ဖြစ်သွားတော့သည်။သူမခေါင်းလေးကို သူအသာပုတ်ပေးကာ ဆံပင်များအားအသာဖွလိုက်ပြီး
"နှစ်သစ်ကူးမုန့်ဖိုးဆိုတာ လူကြီးက လူငယ်ကိုပေးတာလေ၊မင်းကကိုယ့်အပေါ်ကို လူကြီးပုံဖမ်းပြီးအမြတ်ထုတ်တော့မလို့လား"