← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

သူမမှာ သူ့အားနေ့တိုင်း အစ်ကိုရှန်းမင်ဟုခေါ်နေပြီး ဒီညကျမှနှစ်သစ်ကူးမုန့်ဖိုး လာပေးနေလေ၏။

ထိုစဉ်မှာပင် ဘေးဘက်ရှိဒေါ်လေးကျိန့်တို့အိမ်မှ ဗြောက်အိုးများဖောက်လိုက်ပြန်ရာ မီးပန်းအလင်းရောင်များသည် ညကောင်းကင်ယံကို လင်းထိန်သွားစေတော့သည်။ကျိုးထောင်ဟွား သူ့ထံကြည့်နေရာမှ လေးလေးနက်နက်ပြောလာ၏။

"အဲ့လို မဟုတ်ပါဘူး၊အစ်ကိုရှန်းမင်ရဲ့ ရှေ့ဆက်မယ့်တစ်နှစ်တာပတ်လုံး ချောချောမွေ့မွေ့ရှိပါစေလို့ ဆုတောင်းပေးချင်တာပါ၊လျှို့ဝှက်ချက်တစ်ခုပြောပြမယ် နော် နှစ်သစ်ကူးမုန့်ဖိုးရတဲ့သူတွေဆိုတာ ကောင်းချီးပေးခံရတဲ့လူတွေတဲ့၊နှစ်သစ်ကူးမုန့်ဖိုးမှာ မကောင်းဆိုးဝါးတွေကိုမောင်းထုတ်နိုင်ပြီး ကံကောင်းခြင်းတွေကိုယူဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်လေ"

"!!!"

ရှန်းမင် ကျိုးထောင်ဟွားမျက်နှာလေးအားစိုက်ကြည့်နေရင်း အသက်ရှူသံတို့ပင်လွဲမှားသွားရ၏။

အဲ့ဒီအကြောင်းကြောင့်ပဲလား။

*ဒေါက် ဒေါက်*

"ထောင်ဟွားရေ တံခါးဖွင့်ပါဦး"

"ညီမလေးထောင်ဟွား တံခါးဖွင့်ပါဦး၊အစ်မတို့တွေ ညမအိပ်ဘဲ အတူတူလူစုရအောင်"

ရှန်းမင်တစ်ယောက်ကြောင်အမ်းနေစဥ်မှာပင် ကျိုးမိသားစုခြံဝင်းတံခါးအပြင်ဘက်၌ ရုတ်ချည်းတံခါးခေါက်သံများထွက်လာတော့၏။ကျိုးထောင်ဟွား ချက်ချင်းတံခါးသွားဖွင့်ပေးလိုက်ရာ ကျိုးရှန့်အန်း၊ကျိုးရှန့်လင်၊ကျိုးရှန်းရှန့်၊ကျိုးရှန်ယွဲ့၊ကျိုးလျန်ဟွားနှင့်ယန်ကျန်းကျူတို့ အားလုံးစုပြုံရောက်လာကြသည်ကို တွေ့လိုက်ရသည်။

အိမ်သို့လူအများကြီးရောက်လာသည်ကိုမြင်သော် ချမ်ရှီမှာ အိမ်ခန်းမကြီးထဲဝင်ထိုင်ကြရန် ဖိတ်ခေါ်လိုက်၏။

"လာကြ အထဲမှာ ပိုနွေးတယ်၊အဒေါ် မင်းတို့အတွက် ဖရဲစေ့နဲ့မြေပဲတွေသွားယူပေးမယ်"

ကျိုးရှန်ယွဲ့မှာ အခန်းထဲရှိစားပွဲပေါ်တင်ထားသော မာကျောက်များကိုသတိထားမိသွားပြီး စပ်စုလိုစိတ်ဖြင့်မေးလာသည်။

"ညီမထောင်ဟွား ဒါကဘာလဲ"

"မာကျောက်လေ"

ကျိုးထောင်ဟွားမှာ နတ်ဆိုးလေးကောင်တို့ပျင်းသည့်အချိန်တိုင်း မာကျောက်ကစားတတ်ကြသည်ကို သတိရသွားပြီး ယနေ့ည၌ ကျိုးရှန်ယွဲ့တို့အဖွဲ့ကိုလည်းမာကျောက်ကစားနည်းသင်ပေးရန် ဆုံးဖြတ်လိုက်သည်။ချမ်ရှီမှာ စားစရာများကိုစားပွဲပေါ်တင်ပေးပြီး လက်ဖက်ရည်တစ်အိုးယူလာခဲ့၏။

ယန်ကျန်းကျူပါရောက်လာသည်ကိုမြင်သော် စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။

"ညဘက်ကြီးနှစ်သစ်ကူးပွဲဆင်နွှဲဖို့ အိမ်ကနေထွက်လာတာ အဆင်ပြေပါ့မလား၊ရှန်ယွဲ့တို့က,ကလေးတွေဆိုပေမယ့် ညည်းကကျ အိမ်ထောင်သည်လေ"

ယန်ကျန်းကျူမှာ ထိုအကြောင်းနှင့်ပက်သက်ပြီး ဂရုမစိုက်ဟန်ဖြင့်ပြန်ဖြေလာ၏။

"အစ်မဟုန်ယန်ရယ် အဆင်ပြေပါတယ်၊ကျွန်မက ဒီကိုလာကစားတာလေ ဖောက်ပြန်ဖို့လာတာမှ မဟုတ်တာ၊သူတို့က ကျွန်မကိုဘာမှလုပ်လို့မရပါဘူး၊ချောင်ရှီနဲ့ကျိုးရှန့်သဲတို့မျက်နှာတွေပဲ ညလုံးပေါက်ထိုင်ကြည့်နေရမှာက တစ်ကယ်စိတ်ပျက်စရာကြီးလေ၊ထောင်ဟွားတို့အိမ်လာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့နှစ်သစ်ကူးညကိုဖြတ်သန်းရတာကမှ အများကြီးပိုကောင်းပါသေးတယ်"

စားပွဲဝိုင်းတွင် ကျိုးထောင်ဟွားမှာမာကျောက်စည်းမျဉ်းများကို အသေးစိတ်ရှင်းပြနေသည်ကြောင့် ကျိုးရှန်ယွဲ့တို့မှာ မျက်လုံးပြူးလေးများဖြင့် အံ့ဩတကြီးဖြစ်နေကြတော့သည်။ကျိုးရှန်ယွဲ့မှာ မယုံနိုင်ဟန်ဖြင့်ပြောလာ၏။

"ဘုရားရေ လောကကြီးမှာ ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကစားနည်းမျိုးရှိနေတယ်ပေါ့"

ဒူးရင်းသီးနတ်ဆိုးလေးမှာ ချက်ချင်းဆိုသလိုဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။

"ဒါပေါ့ အစ်မကျိုးကငါတို့လေးယောက် ပျင်းနေမှာစိုးလို့ဆိုပြီး တန်းကစားလို့ရအောင် ဒါတွေကိုအထူးစဉ်းစားပေးထားတာလေ"

ကျိုးရှန်းရှန့်၊ကျိုးရှန်ယွဲ့၊ကျိုးလျန်ဟွား၊ကျိုးရှန့်အန်း၊ကျိုးရှန့်လင်နှင့်ယန်ကျန်းကျူတို့မှာ ကျိုးထောင်ဟွားထံမယုံကြည်နိုင်ဟန်ဖြင့် ကြည့်လာကြသည်။သူမကိုယ်တိုင် တီထွင်ထားတာတဲ့လား။

"ညီမထောင်ဟွားက တစ်ကယ်အံ့သြဖို့ကောင်းတာပဲ"

ကျိုးရှန့်အန်းချီးကျူးလိုက်၏။ကျိုးထောင်ဟွားမှာ အရာရာလုပ်နိုင်စွမ်းရှိသည်ဟုပင် သူခံစားနေရသည်။

ကျိုးထောင်ဟွားမှာတော့ သူတို့ချီးကျူးမှုမျာကြောင့် အတန်ငယ်ရှက်သွားရရာ စကားဖြတ်ပြောလိုက်၏။

"ကဲပါ အဲဒါတွေထားလိုက်ပါတော့၊နင်တို့စပြီးကစားကြတော့လေ၊ဒါပေမယ့် လူများနေတော့ အလှည့်ကျကစားကြပေါ့၊နိုင်တဲ့သူက စားပွဲကနေထပေးပြီး နောက်တစ်ယောက်ကဝင်ကစားလိုက်"

ပထမအလှည့်တွင် ကျိုးရှန်းရှန့်မှာမထိုင်ရသေးပေ။ကျိုးထောင်ဟွားမှာ သူမဘေးဝင်ထိုင်ပြီး မေးလိုက်သည်။

"အစ်မနဲ့ရန်ဖုန်းရှို့တို့ကိစ္စက အဆင်ပြေသွားပြီလား၊ပွဲကရောဘယ်တော့လဲ"

ရန်ဖုန်းရှို့အမည်ကိုကြားလိုက်သည်နှင့် ကျိုးရှန်းရှန့်ပါးလေးများမှာ ချက်ချင်းနီမြန်းသွားပြီး ရှက်ကိုးရှက်ကန်ဖြင့်ခေါင်းငုံ့သွားတော့သည်။သူမအသံမှာအလွန်တရာတိုးဖွနေပေသိ ကျိုးထောင်ဟွားမှာတော့ ကြားနေရ၏။

"အဆင်ပြေသွားပါပြီ၊မင်္ဂလာဆောင်က လေးလပိုင်းဆယ်ရက်နေ့မှာလေ"

ကျိုးထောင်ဟွားမှာ ရန်ဖုန်းရှို့မွေးသက္ကရာဇ်ကိုမသိပေသိ လေးလပိုင်းဆယ်ရက်နေ့မှာ မင်္ဂလာဆောင်ရန်အတွက် တစ်ကယ်ကောင်းမွန်သည့်ရက်ရာဇာဖြစ်သည်ကို တွက်ချက်မိလိုက်သည်။ထို့အပြင်ရာသီဥတုကလည်း သိပ်မပူ သိပ်မအေးဘဲ မင်္ဂလာဆောင်ဖို့ရာ အလွန်သင့်တော်ကာ လူများလည်းသက်သောင့်သက်သာရှိကြပေလိမ့်မည်။

ကစားပွဲနှစ်ချီအပြီးမှာတော့ ကျိုးရှန်ယွဲ့တို့ခြောက်ယောက်လုံး ကစားနည်းကိုကျွမ်းကျင်သွားကြပြီး ကျိုးထောင်ဟွား၏လမ်းညွှန်မှုကိုတောင် မလိုကြတော့ပေ။ကျိုးထောင်ဟွားမှာ နတ်ဆိုးလေးကောင်အား ရေနှင့်လက်ဖက်ရည်လိုအပ်ပါက ဝိုင်းကူပေးရန်မှာခဲ့ပြီး ကောင်းကင်ယံရှိနမိတ်များကို ဆက်လေ့လာရန်ခြံထဲထွက်လာခဲ့သည်။

"ဗာဂျရက်သတ္တ မျက်လုံးဖွင့်လော့၊ကောင်းကင်ဘုံ၏အမိန့်တော်အရ ငါခိုင်းစေသမျှဆောင်ရွက်စေ၊ပွင့်စမ်း"

ကျိုးထောင်ဟွားသည် ဂါထာရွတ်ဆိုပြီးသည်နှင့် လက်ဖြင့်စည်းသင်္ကေတများပြုလုပ်လိုက်သည်။သူမခန္ဓာကိုယ်တွင်းရှိ ကြွယ်ဝလှသောဝိညာဉ်စွမ်းအားများကြောင့် တတိယမျက်လုံးကိုဖွင့်နိုင်ခဲ့ပြီး ကောင်းကင်ယံရှိ ကြယ်တာရာများ၏တည်နေရာ၊လင်းလက်မှု၊အရောင်အဆင်းနှင့်သွားရာလမ်းကြောင်းတို့အား ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရ၏။

ကျိုးထောင်ဟွား ခေါင်းမော့ကာမျက်ဝန်းတို့သည် ကြယ်စင်များထံလိုက်ကြည့်ရင်း လက်ချောင်းများမှာတော့ အဆက်မပြတ်တွက်ချက်နေလိုက်သည်။အသက်ရှူသံတစ်ချက်စီတိုင်းတွင် ဝိညာဉ်စွမ်းအင်များကိုအသုံးပြုကာ ကောင်းကင်နမိတ်များအားလေ့လာနေရခြင်းပင်။ကြယ်တာရာများအပြင် တိမ်တိုက်တို့၏ပုံသဏ္ဌာန်နှင့်လေတိုက်နှုန်း၊လေဦးတည်ရာတို့ကိုပါ ပေါင်းစပ်စဉ်းစားရလေသည်။

ကျိုးထောင်ဟွားသည် တိမ်တိုက်ပုံစံနှင့်လေဦးတည်ရာအားကြည့်ရင်း သူမမျက်နှာမှာ ပို၍တည်ကြည်လေးနက်လာတော့၏။နှင်းမုန်တိုင်းကြီးကျခဲ့သည်မှာ တစ်လပင်မပြည့်သေးဘဲ နောက်တစ်လအကြာတွင် ရာသီဥတုမှာပိုအေးလာမည့်အပြင် မိုးသီးမုန်တိုင်းပါကျရောက်လာနိုင်ပေသည်။

ကျိုးထောင်ဟွားလက်များမှာ အနည်းငယ်တုန်ယင်နေပြီး မျက်ဝန်းများတွင်လည်း စိုးရိမ်ရိပ်များဖြင့်ပြည့်နှက်နေ၏။သူမခြံတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ညဉ့်နက်သော်လည်း ရွာသားအချို့မှာဗြောက်အိုးများ ဖောက်နေကြဆဲဖြစ်ရာ ထိုအလင်းရောင်များကြောင့် ကျိုးကျားရွာလယ်ကွင်းများကို ခဏတာမျှမြင်လိုက်ရ၏။

သူမအကြံပေးချက်ကြောင့် ရွာသားများသည် စပါးရိတ်သိမ်းပြီးသည်နှင့် မြေသြဇာကောင်းသော လယ်ကွင်းများတွင် နှမ်းရွက်ပင်နှင့်ယီမူချောင်ဆေးပင်များကို စိုက်ပျိုးထားကြသည်။အကယ်၍ ဂျုံစိုက်ထားလျှင် ဂျုံသည်အအေးဒဏ်ခံနိုင်သဖြင့် စိုးရိမ်စရာမရှိသော်လည်း ဤဆေးပင်များမှာမူ ထိုကဲ့သို့ပြင်းထန်သော အအေးဒဏ်ကို သေချာပေါက် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

လောလောဆယ်တွင် ဆေးဖက်ဝင်အပင်များထဲမှ ပထမအသုတ်နှမ်းရွက်ပင်များကိုသာ ရောင်းချနိုင်သေးပြီး ယီမူချောင်တို့မှာမူ နွေဦးရောက်မှသာရရှိနိုင်မည်ဖြစ်သည်။နောက်မှစိုက်သော အပင်များမှာမူ ပို၍နောက်ကျမည်ပင်။အကယ်၍သာ အအေးဒဏ်ပြင်းပြင်းနှင့်မိုးသီးမုန်တိုင်းသာ တစ်ကယ်ကျရောက်လာခဲ့လျှင် ဆေးပင်ခင်းအားလုံးမှာ အမြစ်ပြတ်ပျက်စီးသွားပေလိမ့်မည်။

ရှန်းမင်သည် အိမ်ခန်းမကြီးအဝင်ဝတွင် ရပ်နေရင်း အဝေးမှကျိုးထောင်ဟွား၏ပိန်ပိန်ပါးပါးနှင့် အားကိုးရာမဲ့ဟန်ပေါ်နေသော ကျောပြင်လေးကိုကြည့်ကာ သတိမထားမိဘဲ သူမဆီသို့လျှောက်သွားမိသည်။

ရုတ်ချည်း ရွာထဲမှဗြောက်အိုးအလင်းရောင် ထပ်မံလင်းလာပြန်၏။ရှန်းမင်သည် မြေကြီးပေါ်တွင်တစ်ခုခုကျနေသည်ကိုတွေ့လိုက်ရသဖြင့် ကောက်ယူလိုက်ရာ ၎င်းမှာမှတ်မိရခက်လှသော မက်မွန်ပန်းပုံလေးဖြစ်နေသည်။

ဒါနေ့လည်က ထောင်ဟွားထိုးထားတဲ့ လက်ကိုင်ပုဝါမဟုတ်ဘူးလား။သူသည် လက်ကိုင်ပုဝါကို လက်ထဲဆုပ်ကိုင်ထားပြီး ကျိုးထောင်ဟွားထံ တိတ်တဆိတ်အကြည့်တစ်ချက်ပို့ကာ သူ့အင်္ကျီအိတ်ထဲသာ ထည့်ထားလိုက်တော့သည်။

"ထောင်ဟွား ဘာဖြစ်လို့လဲ"

ရှန်းမင် သူမဘေးလျှောက်သွားရင်းမေးလိုက်သည်။

ကျိုးထောင်ဟွား သူ့ထံကြည့်ကာပြန်မေးလာ၏။

"အစ်ကိုရှန်းမင် ညီမတို့ရွာမှာဆေးပင်စိုက်ခင်းဘယ်နှမူရှိလဲဆိုတာ အစ်ကိုသိလား"

ရှန်းမင်သည် သူမဘာကြောင့်ဤသို့မေးသည်ကို နားမလည်သော်လည်း သိသမျှကိုဖြေပေးလိုက်သည်။

"မြေသြဇာကောင်းတဲ့လယ်ကွက်က မူရှစ်ရာနဲ့ မြေရိုင်းကကျ ထောင့်သုံးရာမူရှိတယ်"

ထိုအရေအတွက်ကိုကြားသောအခါ ကျိုးထောင်ဟွားတစ်ယောက် အားကိုးရာမဲ့သလိုဖြစ်သွားရသည်။စဉ်းစားကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှ၏။စုစုပေါင်း မူနှစ်ထောင်ကျော်ကို တစ်လအတွင်း သက်ကယ်မိုးများဆောက်ပေးနိုင်ရန်မှာ ဖြစ်နိုင်ပါမည်လား။

သူမမျက်နှာမကောင်းသည်ကိုမြင်သောအခါ ရှန်းမင်စိုးရိမ်တကြီးမေးလိုက်ပြန်သည်။

"ထောင်ဟွား ဘာဖြစ်လို့လဲပြောပါဦး"

"မကြာခင် အရမ်းအေးလာပြီး မိုးသီးတွေလဲကြွေလိမ့်မယ်၊ဆေးပင်ခင်းထဲက အပင်တွေအကုန်လုံး အေးခဲပြီးသေကုန်တော့မှာ"

ကျိုးထောင်ဟွား နောက်ဆုံးတော့အမှန်အတိုင်းပြောပြလိုက်သည်။

ကျိုးရှန့်အန်းမှာ လက်ထဲရှိကတ်များကိုချလိုက်ပြီး

"အစ်ကိုတို့မိသားစုက ဆေးပင်ဆယ်မူလောက်စိုက်ထားတာ"

ကျိုးရှန်ယွဲ့လည်း ထိတ်လန့်တကြားဖြင့် အော်ဟစ်လာသည်။

"အစ်မတို့အိမ်ဆို မူသုံးဆယ်တောင်စိုက်ထားတာ"

ဒါဆို ဆေးပင်ခင်းတွေအကုန်လုံးကို သက်ကယ်အမိုးတွေနဲ့အုပ်ပေးရတော့မှာလား။

All Chapters