အခန်း (၇၄)
Vol. 8 Ch. 74
ကျိုးရှန့်လင်မိသားစုမှလွဲ၍ ရွာထဲရှိအခြားသူများအားလုံးမှာ ဆေးဖက်ဝင်အပင်များကို အမြောက်အမြားစိုက်ပျိုးထားကြသည်။ကျိုးမိသားစုကိုယ်တိုင်လည်း ဆေးပင်ခင်းဆယ်မူထိစိုက်ပျိုးထား၏။
နောက်တစ်နေ့ မနက်စောစောတွင် ကျိုးထောင်ဟွားနိုးလာသည်နှင့် ရွာသူကြီးအိမ်သို့သွားခဲ့သည်။
"ရွာသူကြီးအဘိုး နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ၊စီးပွားလာဘ်လာဘတွေလဲ ဒီထက်မကတိုးပွားပါစေနော်"
ရွာသူကြီးမှာပြုံးရွှင်စွာဖြင့် ကျိုးထောင်ဟွားကိုထိုင်ခိုင်းပြီး သစ်သီးခြောက်အချို့ဖြင့် ဧည့်ခံသည်။ထို့နောက် ရွာသူကြီးမျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာပြီး မေးလာ၏။
"ထောင်ဟွား မနေ့ညက ရှန်ယွဲ့ပြောပြတာတွေက တစ်ကယ်ပဲလား"
ရွာသူကြီး၏စိုးရိမ်တကြီး ကြည့်နေသော အကြည့်အောက်တွင် ကျိုးထောင်ဟွားခေါင်းငြိမ့်ပြလိုက်သည်။
"နောက်တစ်လနေရင် အပူချိန်က ရုတ်တရက်ထိုးကျသွားပြီး မိုးသီးတွေစကျလာပါလိမ့်မယ်"
ရွာသူကြီးသက်ပြင်းချလိုက်မိသည်။ဆေးပင်များကိုကာကွယ်ဖို့ဆိုလျှင် ပင်ပန်းမည်ကို ကြောက်နေလို့မဖြစ်ချေ။
"အဘိုးရွာသားတွေကိုစုပြီး ဒီသတင်းကို ပြောပြလိုက်မယ်၊အားလုံးကချက်ချင်း သက်ကယ်မိုးတွေ စဆောက်ကြမှဖြစ်မှာ မဟုတ်လို့ကတော့ နောက်တစ်လနေလို့ ဆေးပင်ခင်းတွေ ပျက်စီးသွားရင် အားလုံးဝင်ငွေမရှိဖြစ်ကုန်ကြလိမ့်မယ်"
ထိုစကားကိုကြားသည်နှင့် ကျိုးထောင်ဟွားအိမ်သို့ပြန်ကာ မနက်စာစားလိုက်သည်။ခဏနေလျှင် သူမသည်မိဘများနှင့်အတူ ဆေးပင်ခင်းများအတွက် သက်ကယ်မိုးများ သွားလုပ်ပေးရမည်ပင်။
ထင်မထားသည်မှာ လမ်းတစ်ဝက်တွင် ချောင်ရှီတစ်ယောက် သူမအားတားလာလေသည်။သူမသည် ကျိုးထောင်ဟွားကို ခိုးကြောင်ခိုးဝှက်ဟန်ဖြင့် ဘေးသို့ဆွဲခေါ်သွားပြီး
"ထောင်ဟွား အဘွားချောင်ရဲ့ချွေးမကိုယ်ထဲမှာ နတ်ဆိုးပူးကပ်နေတာများရှိလားဆိုတာ ကြည့်ပေးပါဦး၊သူမြစ်ထဲခုန်ချပြီးကတည်းက အခြားတစ်ယောက်လို လုံးဝပြောင်းလဲသွားတာပဲ၊အဘွားတောင် သူ့ကိုမမှတ်မိတော့ဘူး"
ချောင်ရှီမှာ သူမရင်ဘတ်ထဲမှ ငွေတစ်တေးကို နှမြောတသဟန်ဖြင့်ထုတ်ကာ ကျိုးထောင်ဟွားထံကမ်းပေးလာသည်။
"အဘွားချောင် အစ်မကျန်းကျူမနေ့ညကတင် သမီးတို့အိမ်ကိုလာသေးတယ်၊သူ့ကိုယ်မှာ နတ်ဆိုးပူးကပ်နေတဲ့ဘယ်လိုအရိပ်အယောင်မှမရှိလို့ စိတ်မပူပါနဲ့"
ထိုသို့ပြောကာ ကျိုးထောင်ဟွားထိုငွေကို ပြန်တွန်းပေးလိုက်သည်။
"ဘာရယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချောင်ရှီသည် ချက်ချင်းထိတ်လန့်သွားရသည်။ကျိုးထောင်ဟွားစကားမှာ ငွေဆုံးရှုံးရသည်ထက်ပင် ပိုနာကျင်စေ၏။
"သူ့စရိုက်က ဒီလောက်ပြောင်းလဲသွားတာကို ဘယ်လိုလုပ်ဘာမှမပူးဘဲနေမှာလဲ၊ထောင်ဟွား သမီးမှားနေတာများလား သေချာပြန်ကြည့်လိုက်ပါဦး၊အဲ့နတ်ဆိုးကအရမ်းစွမ်းလို့ သမီးကိုတောင်လှည့်စားသွားတာနေမှာပါ"
ချောင်ရှီမှာ ယန်ကျန်းကျူအားထပ်ကြည့်ပေးရန် ဇွတ်အတင်းတောင်းဆိုနေသည်။ကျိုးထောင်ဟွားကိုဆွဲခေါ်ရန် သူမရှေ့တိုးလာစဉ် ကျိုးထောင်ဟွားမှာနောက်သို့ဆုတ်ကာ ရှောင်လိုက်၏။
"အဘွားချောင် အစ်မကျန်းကျူဆီမှာ ဘာနတ်ဆိုးမှပူးကပ်မနေတာကို သမီးသေချာပေါက်အာမခံနိုင်ပါတယ်၊လူဆိုတာ အမြဲတစ်သမတ်တည်းမရှိဘူးလေ၊သူလဲရင့်ကျက်သွားလို့ ပြောင်းလဲလာတာနေမှာပေါ့"
ကျိုးထောင်ဟွား တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်၏။
သို့သော် ချောင်ရှီမှာလုံးဝမယုံကြည်နိုင်ပေ။
"ဒါပေမယ့် လူတစ်ယောက်ကဘယ်လိုလုပ်ပြီး ဒီလောက်ထိရုတ်တရက်ကြီး ပြောင်းလဲသွားနိုင်မှာလဲ၊သူက အရင်ယန်ကျန်းကျူနဲ့ လုံးဝမတူတော့ဘူး"
ယခုဆိုလျှင် ယန်ကျန်းကျူရှေ့တွင် ရပ်နေရလျှင်ပင် သူမမှာစကားကျယ်ကျယ်မပြောရဲတော့ချေ။ယန်ကျန်းကျူအား အရင်လိုလက်ညှိုးထိုးခိုင်းရန်ပင်မရတော့ရာ ကလေးမရနိုင်ခြင်းအတွက်ဆဲဆိုဖို့ဆိုသည်မှာ ပိုဝေးသွားလေပြီပင်။
"သူကရုတ်တရက်အသိဝင်လာလို့ပါ"
ထိုသို့ပြောကာ ကျိုးထောင်ဟွားသည် ချောင်ရှီနှင့်ဆက်မငြင်းခုံတော့ဘဲ ထွက်လာခဲ့သည်။
ချောင်ရှီသည် ထိုနေရာတွင်ပင်ရပ်ကာ ခြေဆောင့်ရင်း ကျိုးထောင်ဟွားနောက်ကျောကိုကြည့်ကာ မကျေမနပ်ပြောလိုက်တော့၏။
"ဘာအသိစိတ်ဝင်တာလဲ၊ငါ့အထင်တော့ နင့်ကျင့်စဉ်ကမမြင့်သေးတာလို့ထင်တာပဲ၊သူကဒီလောက်ထိအခြားလူလိုဖြစ်နေတာကို ကျိုးလျန်ဟွားဆီ အသံနတ်ဆိုးပူးကပ်တုန်းကလဲ ဒီလိုပဲလို့ငါကြားဖူးတယ်၊အမြဲတမ်း လူတွေနဲ့ရန်ဖြစ်ပြီး အောင်သွယ်တော်ကိုတောင် ဒေါသထွက်အောင်လုပ်ခဲ့တာလေ"
ချောင်ရှီသည်တွေးလေလေ သူမခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ပိုယုံကြည်လာလေလေဖြစ်သည်။ကျိုးထောင်ဟွားမှာငယ်သေးသဖြင့် မမြင်နိုင်ခြင်းဟုသာ သူမထင်နေမိ၏။
"ကလေးမလေးပဲရှိသေးတာဆိုတော့လဲ မြင်ရတာတွေက နတ်ဆိုးလေးတွေနဲ့တစ္ဆေသရဲပေါက်စတွေလောက်ပဲရှိမှာပေါ့"
ချောင်ရှီသည် ကျိုးထောင်ဟွားဘက်သို့ နှာခေါင်းရှုံ့ကြည့်ကာ တံတွေးထွေးလိုက်သည်။ခြံဝင်းတံခါးဝတွင်ရပ်နေရင်းပင် တစ်ခုခုအားသူမပြန်စဉ်းစားမိသွား၏။နှစ်သစ်ကူးမတိုင်မီ၌ မြို့ထဲတွင်ပါးကွဘုတ်ပြားကိုကိုင်ပြီး ဗေဒင်ဟောနေသော တာအိုဆရာကြီးတစ်ပါးကို သူမမြင်ခဲ့ဖူးသည်။လူများမှာ ထိုဘုန်းကြီးထံတွင် ဗေဒင်မေးရန်တန်းစီနေကြပြီး မေးသမျှလူတိုင်းမှာလည်း ထိုဘုန်းကြီးမှာအလွန်မှန်ကန်သည်ဟုပြောနေကြသည်ကို သူမ မှတ်မိနေ၏။
ထိုသို့တွေးမိသည်နှင့် ချောင်ရှီသည် တာအိုဆရာကြီးကိုရှာရန် မြို့ထဲသို့ချက်ချင်း ထွက်လာခဲ့သည်။နှစ်သစ်ကူးပထမဆုံးနေ့ ဖြစ်သော်လည်း ဆရာကြီးဆိုင်တွင် လူအများအပြားတန်းစီနေကြဆဲဖြစ်ပြီး မကြာမီမှာပင် သူမအလှည့်သို့ရောက်ရှိလာတော့၏။
ထင်မထားသည်မှာ သူမစကားတောင်စမပြောရသေးမီမှာပင် ဆရာကြီးသည်ချောင်ရှီမျက်နှာကိုကြည့်ပြီး သူမအိမ်တွင်မကြာသေးမီ၌ မကောင်းဆိုးဝါးအငွေ့အသက်များလွှမ်းမိုးနေပြီးနှင်ထုတ်ရန် လိုအပ်နေကြောင်းရိပ်မိသွားသည်။
"!!!"
ထိုခဏမှာပင် ချောင်ရှီသည် ဤဆရာကြီးမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် အစွမ်းထက်သည်ဟု ခံစားလိုက်ရသည်။
"ဆရာကြီးပြောတာ တစ်ကယ်မှန်ပါတယ်၊ကျွန်မချွေးမက အခုတလောအခြားလူလို လုံးဝပြောင်းလဲသွားလို့ပါ၊အရင်ကဆို သူကသိပ်ကြောက်တတ်တာ ကျွန်မရှေ့မှာဆို အသက်တောင်ပြင်းပြင်းမရှူရဲဘူး ခိုင်းသမျှလဲ လုပ်ပေးတယ်၊အခုတော့ ကျွန်မပြောသမျှကို အကုန်ပြန်ပြန်ပြောနေတော့တာပဲ"
ချောင်ရှီသည် ယန်ကျန်းကျူကြောင့် သူမ ခံစားခဲ့ရသမျှ အရှက်ရမှုတွေကို တစ်သီတစ်တန်းကြီးပြန်ပြောပြရာ ဆရာကြီးကလည်း စိတ်ရှည်လက်ရှည်ဖြင့်နားထောင်ပေးသည်။
နောက်ဆုံး ချောင်ရှီပြောပြီးသွားသည်နှင့် ဆရာကြီးမျက်လုံးများမှာ တောက်ပသွားပြီး အမူအရာမှာလည်း ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့၏။
"အမှန်အတိုင်းပြောရရင် အစ်မကြီးခန့်မှန်းချက်က မှန်ပါတယ်၊အစ်မကြီးရဲ့ချွေးမဆီမှာ တစ္ဆေဝိညာဉ်တစ်ခုတစ်ကယ်ပူးကပ်ပြီး ထိန်းချုပ်ထားတာပါ၊အစ်မကြီးကိုမြင်လိုက်ရတဲ့အချိန်မှာပဲ ကိုယ်ပေါ်ကနေ ယင်စွမ်းအားတွေထွက်နေတာကို ကိုယ်တော်မြင်လိုက်ရတယ်၊အစ်မကြီးနဲ့သားဖြစ်သူက ဒီမကောင်းဆိုးဝါးနဲ့ အမိုးတစ်ခုတည်းအောက်မှာ အတူနေကြတာမလား၊အမြန်ဆုံးသာ နှင်မထုတ်ဘူးဆိုရင် အသက်အန္တရာယ်တောင်ရှိလာနိုင်တယ်၊အဲ့အချိန်ကျရင်တော့ ဘယ်နတ်ဘုရားမှဆင်းကယ်နိုင်မှာ မဟုတ်ဘူး"
ချောင်ရှီမျက်နှာမှာ သေလူကဲ့သို့ဖြူဖျော့သွားတော့သည်။ဤမျှထိပြင်းထန်သည်လား။သူမမှာအသက်လေးဆယ်ပင်မပြည့်သေးရာ ကောင်းကောင်းမနေရသေးသလို မြေးတောင်မချီရသေးပေ။
"ဆရာကြီး ကျွန်မနဲ့ကျွန်မသားကို ကယ်ပါဦး၊ကျွန်မ တောင်းဆိုပါတယ်"
ချောင်ရှီ တာအိုဆရာကြီးကိုအသနားခံတော့သည်။
ဆရာကြီးမှာ သူ့မုတ်ဆိတ်မွှေးကိုဟန်ဆောင်ပန်ဆောင်သပ်လိုက်ပြီးနောက် သူ့အထုတ်ထဲရှိ အဆောင်သုံးခုကိုထုတ်ကာ ချောင်ရှီရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။
"ကောင်းပြီလေ အစ်မကြီးရဲ့စိတ်ရင်းကိုထောက်ထားပြီး ကိုယ်တော်အဆောင်သုံး ခုပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
ချောင်ရှီသည် ထိုအဆောင်များကို အသက်ကယ်ကြိုးကဲ့သို့မြင်ကာ လှမ်းယူရန်ပြင်လိုက်သည်။
သို့သော် ဆရာကြီးမှ ပြောလာ၏။
"ဒီအဆောင်သုံးခုက တစ်ခုကိုငွေတစ်တေးစီ ကျသင့်မယ်၊အိမ်ပြန်ရောက်ရင် ဒါကိုမီးရှို့လိုက်၊ရလာတဲ့ပြာကို ရေနဲ့ဖျော်ပြီး ချွေးမကိုတိုက်လိုက်ပါ၊တစ်နေ့တစ်ခုနှုန်းနဲ့ သုံးရက်တိုက်ရင် မကောင်းဆိုးဝါးလဲထွက်သွားပါလိမ့်မယ်၊အဲ့အချိန်ကျရင်တော့ အစ်မကြီးတို့သားအမိလဲ ဘေးကင်းပြီး သိတတ်လိမ္မာတဲ့ချွေးမတစ်ယောက်ကိုပြန်ရမှာပါ"
တစ်ခုကို ငွေတစ်တေးဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ချောင်ရှီလက်များမှာ လေထဲတွင်တန့်သွားရသည်။ဒီလောက်တောင် ဈေးကြီးတာလား။ကျိုးထောင်ဟွားရောင်းသော အဆောင်များမှာ တစ်ခုကိုပြားတစ်ရာသာရှိသော်လည်း ဤအဆောင်များမှာတော့ ဆယ်ဆခန့်ပင်ဈေးပိုကြီးနေသည်။
ချောင်ရှီသည် ငွေသုံးတေးကုန်မည်ကို နှမြောသော်လည်း သူမနှင့်ရှန့်သဲတို့၏ ဘေးကင်းရေးနှင့် ယန်ကျန်းကျူထံမှ မကောင်းဆိုးဝါးကို နှင်ထုတ်ရန်အတွက်အံကြိတ်ကာ ငွေများကိုထုတ်ပေးလိုက်တော့၏။သူမသည် အဆောင်များကိုတုန်တုန်ယင်ယင်ဖြင့်လက်ခံယူကာ ဆရာကြီးကိုအကြိမ်ကြိမ်ကျေးဇူးတင်နေမိသည်။
ချောင်ရှီသည် အဆောင်များကိုမပျောက်စေရန်သေချာကိုင်ကာ အိမ်သို့ပြန်လာခဲ့၏။ရွာထဲပြန်ရောက်သောအခါ ရွာသူကြီးမှ ရွာသားများအားရွာပြင်တွင်စုထားသည်ကို တွေ့လိုက်ရသည်။
"အားလုံး နားထောင်ကြပါ၊ထောင်ဟွားရဲ့တွက်ချက်မှုအရ နောက်တစ်လနေရင်ရွာမှာ အပူချိန်အကြီးအကျယ်ကျဆင်းပြီး မိုးသီးတွေကျလာပါလိမ့်မယ်၊ဆေးပင်တွေအေးခဲပြီးသေကုန်နိုင်လို့ အားလုံးပဲ ချက်ချင်းဆေးပင်ခင်းတွေမှာ သက်ကယ်မိုးတွေလုပ်ပြီးကာကွယ်ထားကြပါ"
"ဘာ အပူချိန်ကျမယ်ဟုတ်လား၊မိုးသီးတွေကြွေမယ်ပေါ့လေ"
"ဒါပေမယ့် ကျွန်တော်တို့ကမူသုံးဆယ်ကျော်တောင် စိုက်ထားတာလေ၊ဘယ်လိုလုပ်အကုန်ရက်နိုင်မှာလဲ"
ဆေးပင်ခင်းတစ်မူအတွက်လုပ်ရသည်မှာပင်ခေါင်းခဲစရာဖြစ်ရာ သုံးဆယ်ကျော်အတွက်ဆိုလျှင် မတွေးဝံ့စရာပင်။လူတိုင်းစိတ်ညစ်သွားကြသော်လည်း ထောင်ဟွားပြောခြင်းဖြစ်သဖြင့် မလုပ်ချင်လည်းလုပ်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
ချောင်ရှီမှာမူ ရွာသူကြီးစကားကိုကြားသည်နှင့် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
"နောက်တစ်လနေရင် အေးမယ်ဆိုတာနဲ့ မိုးသီးကျမယ်ဆိုတာကို ဘယ်သူကယုံမှာလဲ၊ကျိုးထောင်ဟွားကဖြင့် ငယ်ငယ်လေးရှိသေးတာကို သူ့ကျင့်စဉ်ကရော ဘယ်လောက်အစွမ်းထက်နိုင်မှာမလို့လဲ၊ရွာသူကြီး ကျွန်မပြောပြမယ်၊မြို့ထဲက ဆရာကြီးကိုပဲသွားပင့်ပြီး သေချာတွက်ခိုင်းတာပိုကောင်းမယ်နော်၊ကျိုးထောင်ဟွားရဲ့အလကားစကားတွေကို နားယောင်ပြီး အားလုံးကိုအလုပ်မရှုပ်ပါစေနဲ့၊ကျွန်မတို့အိမ်ကတော့ ဘယ်တော့မှသက်ကယ်မိုးလုပ်မှာမဟုတ်ဘူး"