အခန်း (၇၅)
Vol. 8 Ch. 75
ရွာသူကြီးမှာ ချောင်ရှီထံမျက်မှောင်ကြုံ့ကြည့်ကာ သတိပေးလိုက်သည်။
"မင်းသာ ဆေးပင်ခင်းတွေအတွက် သက်ကယ်မိုးတွေမလုပ်ရင် နောက်ကျနောင်တရလိမ့်မယ်"
ချောင်ရှီတို့မိသားစုတွင် မြေသြဇာကောင်းသော လယ်လေးမူနှင့်မြေရိုင်းသုံးမူ စုစုပေါင်းဆေးပင်ခင်းခုနစ်မူရှိသည်။အကယ်၍ပျက်စီးသွားပါက သူတို့ငွေအမြောက်အမြားဆုံးရှုံးရပေလိမ့်မည်။
ချောင်ရှီမှာမေးပင့်ကာ ရွာသူကြီးအားပြန်ပြောလိုက်သည်။
"ကျွန်မ ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး၊ရွာသူကြီးကိုလဲ အကြံပေးချင်တာက ကျိုးထောင်ဟွားရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုနားမယောင်ပါနဲ့၊မူသုံးဆယ်ကျော်ရှိတဲ့ ဆေးပင်ခင်းတွေကိုတစ်လအတွင်းအမိုးမိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ လူငှားခကုန်မှာပဲ အဖတ်တင်လိမ့်မယ်၊ဒီလိုအချိန်ဖြုန်းနေမယ့်အစား ဆေးပင်ခင်းထဲကနှမ်းရွက်တွေကို ခူးရောင်းလိုက်တာကမှ ငွေအများကြီးရဦးမယ်"
ချောင်ရှီမှာ နားမဝင်သည့်အပြင် သူ့ကိုပါ ပြန်စည်းရုံးနေသည်အားမြင်သောအခါ ရွာသူကြီးမှာ မကျေမနပ်ဖြင့်ပြန်ပြောလိုက်သည်။
"ငါ့အိမ်ကိစ္စက မင်းနဲ့မဆိုင်ပါဘူး၊ဘာပဲဖြစ်ဖြစ် ငါကတော့သတိပေးပြီးပြီ"
ကျိုးထောင်ဟွားစကားမှာ မုသားဖြစ်သည်ဟု ချောင်ရှီပြောသည်ကိုကြားသောအခါ အဘွားစွင်းမှအရင်ဆုံး ကန့်ကွက်တော့သည်။
"ချောင်ချွင်းရှန့် နင့်ပါးစပ်ကိုထိန်းထားစမ်း၊ငါ့မြေးထောင်ဟွားက စကားအမှားပြောဖူးတာရှိလို့လား"
"ဒီတစ်ခါတော့ သူတစ်ကယ်မမြင်ဘဲနဲ့....."
ယန်ကျန်းကျူကိုယ်ပေါ်ရှိ မကောင်းဆိုးဝါးကိုမမြင်တာလေ။ချောင်ရှီသည် ထိုစကားအားပြောလက်စ၌ပင် အမြန်ရပ်လိုက်သည်။
သူမသည် လူအုပ်ထဲရှိယန်ကျန်းကျူထံ တစ်ချက်ခိုးကြည့်လိုက်၏။သူမဝယ်လာသည့် ငွေသုံးတေးတန်အဆောင်ကို တိတ်တိတ်လေးမီးရှို့ပြီး ယန်ကျန်းကျူအားတိုက်ရမည်ပင်။ထိုသို့လုပ်မှသာ သူမနှင့်ရှန့်သဲဘေးကင်းမည်ဖြစ်ပြီး ယန်ကျန်းကျူကိုယ်ပေါ်ရှိ မကောင်းဆိုးဝါးလည်းထွက်သွားမည်ဖြစ်သည်။
ယန်ကျန်းကျူသည် ချောင်ရှီ၏ဂဏှာမငြိမ်သောအကြည့်ကိုမြင်သောအခါ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း ဘာမှန်းတော့အတိအကျမသိချေ။ချောင်ရှီမှ သူမကိုကြောက်နေသည်ဟုသာ မှတ်ယူလိုက်တော့သည်။အဘွားဖုန်းမှာ ယန်ကျန်းကျူလက်မောင်းကိုဆွဲကာ သတိပေးလိုက်၏။
"ကျန်းကျူ နင့်ယောက္ခမကိုဒီအတိုင်း လွှတ်မထားနဲ့ဦး၊ထောင်ဟွားစကားက ယုံရပါတယ်၊ပြီးခဲ့တဲ့တစ်ခါနှင်းမုန်တိုင်းကျမယ်ပြောတုန်းကလဲ သုံးရက်သုံးည ဆက်တိုက်ကျခဲ့တာပဲမလား၊ရှန့်လင်ရဲ့အိမ်အမိုးပြိုကျပြီး ရှုအာသေခဲ့ရတာကိုပဲကြည့်လေ၊ရွာကအုတ်အိမ်နဲ့လူတွေပဲ ဘာမှမဖြစ်ခဲ့တာမလား"
ယန်ကျန်းကျူ ကျေးဇူးတင်ဟန်ဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ အဘွားဖုန်း ကျွန်မနားလည်ပါပြီ"
အမှန်စင်စစ် နှင်းကျသည့်ကိစ္စမတိုင်မီကပင် ယန်ကျန်းကျူသည်ကျိုးထောင်ဟွားကို ယုံကြည်ပြီးသားဖြစ်သည်။ခြောက်လတာအတွင်း ကျိုးထောင်ဟွားပြောသမျှအကုန်ဖြစ်ခဲ့သည် မဟုတ်ပါလား။
ရွာသူကြီးပြောပြီးသည်နှင့် လူတိုင်းလူစုခွဲသွားကြသည်။အချို့မှာ ဓားသွားယူကြပြီး အချို့မှာတော့ အိမ်တွင်ကောက်ရိုးဖျာများ ရက်ရန်ပြင်ကြတော့၏။ကျိုးရှန့်လင်မှာမူ နှင်းကျပြီးနောက်မှသာ ဆေးပင်စိုက်ခဲ့သဖြင့် အပင်ပေါက်လေးများသာရှိသေးရာ အအေးဒဏ်ခံနိုင်ရန် ကောက်ရိုးများဖုံးအုပ်ပေးရုံဖြင့် လုံလောက်သည်။ထို့ကြောင့် သူသည်ရွာသူကြီးလယ်တွင် သွားကူညီပေးနေ၏။
ကျိုးထောင်ဟွားတို့အိမ်တွင်မူ ကျိုးအာ့ရှု နှင့်နတ်ဆိုးနှစ်ကောင်မှာ ဝါးတော၌ဝါးသွားခုတ်နေကြပြီး ချမ်ရှီ၊ကျိုးထောင်ဟွားနှင့်ကျန်နတ်ဆိုးနှစ်ကောင်တို့မှာတော့ အိမ်တွင်သာကောက်ရိုးဖျာများရက်နေကြသည်။ဝါးတိုင်များစိုက်ပြီးသည်နှင့် ဤကောက်ရိုးဖျာများကို အပေါ်မှတင်ကာ ဆေးပင်များအားအအေးဒဏ်နှင့်မိုးသီးဒဏ်မှ ကာကွယ်ရန်စီစဉ်နေခြင်းပင်။
ကျိုးရှန့်သဲအိမ်ရှိမီးဖိုချောင်ထဲတွင် ချောင်ရှီသည် အဆောင်တစ်ခုကို အမြန်မီးရှို့ကာ ပန်းကန်ထဲထည့်လိုက်သည်။ထို့နောက် သကြားညိုသုံးဇွန်း၊ရေပူတို့ဖြင့်ရောမွှေကာ အဆောင်ပြာနံ့မရစေရန် ဂျင်းပြားအချို့ပါထပ်ထည့်လိုက်၏။
ထိုစဉ်မှာပင် ခြံတံခါးဖွင့်သံကြားလိုက်ရသဖြင့် ယန်ကျန်းကျူနှင့်ရှန့်သဲပြန်ရောက်လာကြပြီဖြစ်ကြောင်း သိလိုက်သည်။ချောင်ရှီသည် ပန်းကန်ကိုအမြန်ကိုင်ကာထွက်လာပြီး ယန်ကျန်းကျူထံပြုံးပြ၍ပြောလိုက်၏။
"ကျန်းကျူပြန်လာပြီလား၊အပြင်မှာ အေးတယ် လာ သကြားညိုရည်လေးတစ်ခွက် သောက်လိုက်ဦး"
ချောင်ရှီသည် သူမကိုယ်သူမနူးညံ့သိမ်မွေ့ဟန်ပေါက်စေရန် အတင်းပြုံးပြနေတော့သည်။
ယန်ကျန်းကျူ ချောင်ရှီထံအံ့သြတကြီးကြည့်နေမိ၏။သူမ ဤအိမ်သို့လက်ထပ်ဝင်လာချိန်မှစ၍ ချောင်ရှီတစ်ယောက်ဤမျှထိ သဘောကောင်းနေသည်ကိုတစ်ခါမှမတွေ့ဖူးခဲ့ချေ။ယခင်ကဆိုလျှင် ကလေးရစေမည့်ဆေးများမှလွဲ၍ ချောင်ရှီသည် သူမအတွက်ဘာမှဦးဦးဖျားဖျားပေးလေ့မရှိသလို ယခုကဲ့သို့ နူးညံ့ပျော့ပြောင်းသည့်လေသံမျိုးလည်း မရှိခဲ့ဖူးပေ။
"ကျန်းကျူမြန်မြန်သောက်လိုက်လေ၊ကိုယ်လေး နွေးသွားအောင်လို့"
ချောင်ရှီမှာ ယန်ကျန်းကျူနားသို့လျှောက်လာပြီး ပန်းကန်ကိုအတင်းကမ်းပေးလာသည်။ယန်ကျန်းကျူ မသောက်မည်စိုးသဖြင့် ထပ်ဖြည့်ပြောလိုက်၏။
"ဒါကဆေးမဟုတ်ပါဘူး၊ဂျင်းနဲ့သကြားညိုရည်ပါ"
ထို့နောက် ကျိုးရှန့်သဲဘက်ကိုမျက်စပစ်ပြကာ ဝိုင်းကူပြောပေးရန်အချက်ပြလိုက်၏။
ကျိုးရှန့်သဲလည်းအခြေအနေကို နောက်မှသဘောပေါက်သွားပြီး ကူပြောလာသည်။
"ကျန်းကျူ အမေကမင်းကိုချစ်တော့ အအေးမိမှာစိုးပြီးလုပ်ပေးထားတာပဲမလား သောက်လိုက်ပါ"
ယန်ကျန်းကျူသည် ပန်းကန်ကိုယူပြီးအနံ့ခံကြည့်လိုက်ရာ ဆေးနံ့မရဘဲဂျင်းနှင့်သကြားညိုနံ့သာရသဖြင့် စိတ်ချသွားသည်။သူမ သံသယဖြစ်နေသော်လည်း ဂျင်းသကြားရည်ဖြစ်နေသဖြင့် သောက်ချလိုက်သည်။သို့သော်သောက်နေစဉ်အတွင်း ထူးဆန်းသောအရသာတစ်ခုကို ခံစားလိုက်ရသော်လည်း ဘာအရသာမှန်းတော့ သူမအတိအကျမပြောနိုင်ချေ။
"သောက်လိုက်တာ ကောင်းတယ်၊ဒါဆိုရင် အအေးမိမှာ မဟုတ်တော့ဘူး"
ချောင်ရှီမှာ ယန်ကျန်းကျူလက်ထဲရှိပန်းကန်ကိုပြန်ယူကာ အလွန်ဝမ်းသာသွားတော့သည်။
တာအိုဆရာကြီးပြောသည့်အတိုင်းဆိုလျှင် တစ်နေ့အဆောင်တစ်ခုနှုန်းဖြင့် သုံး ရက်တိုက်လျှင် သူမကိုယ်ပေါ်ရှိမကောင်းဆိုးဝါးထွက်သွားတော့မည်ပင်။
ယန်ကျန်းကျူသည် ချောင်ရှီအပြုံးကို နားမလည်နိုင်သော်လည်း ယခုအချိန်မှာ အပင်ပန်းခံစဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ဆေးပင်ခင်းများအတွက် တဲများဆောက်ရန်သာ အရေးအကြီးဆုံးဖြစ်သည်။
"အမေ ကျွန်မတို့လဲဆေးပင်ခင်းတွေအတွက် သက်ကယ်မိုးတဲတွေဆောက်ရမယ်၊မဟုတ်ရင် ဆေးပင်တွေအေးခဲသေကုန်ပြီး ကျွန်မတို့လယ်ခုနစ်မူလုံး အလကားဖြစ်သွားမှာ၊အမေနဲ့ရှန့်သဲလဲ ကျွန်မနဲ့အတူလိုက်ဆောက်ပေးရမယ်"
ယန်ကျန်းကျူအမူအရာမှာ ပြတ်သားလှသည်။ရွာပြင်တွင်ပြောခဲ့သလို ချောင်ရှီမှပြင်းပြင်းထန်ထန်ငြင်းဆန်လိမ့်မည်ဟု သူမထင်ထားခဲ့သော်လည်း ထင်မထားသည်မှာ ချောင်ရှီတစ်ယောက် ချက်ချင်းဆိုသလို သဘောတူလိုက်ရုံသာမက သူမကိုယ်တိုင်ဓားယူကာ ဝါးတောထဲသို့ ဝါးခုတ်ရန် ဦးဆောင်ထွက်သွားခဲ့ခြင်းပင်။
ကျိုးရှန့်သဲလည်း သူ့အမေကိုဇဝေဇဝါဟန်ဖြင့် ကြည့်နေမိ၏။ဝါးတောသို့ရောက်သောအခါ ရွာသားများမှာဝါးအတော်များများ ခုတ်ထားကြသည်ကို တွေ့လိုက်ရသည်။သူတို့သည် ဝါးခက်များကိုရှင်းကာ အစည်းများချည်ပြီး ဆေးပင်ခင်းများရှိရာသို့ သယ်ယူကြ၏။
ကျိုးရှန့်သဲမှာ ချောင်ရှီနားကပ်၍ တိုးတိုးလေး မေးလိုက်သည်။
"အမေ အမေကတဲမဆောက်ဘူးလို့ ပြောထားတာမဟုတ်လား၊ဘာလို့ခုမှ စိတ်ပြောင်းသွားတာလဲ"
ချောင်ရှီ သူ့ကိုနှစ်သိမ့်လိုက်သည်။
"သုံးရက်လောက်ပဲ သည်းခံပြီးလုပ်ပေးလိုက်ပါ၊သုံးရက်ပြည့်ရင် အမေတို့လဲ ဒီလိုဟန်ဆောင်နေဖို့မလိုတော့ဘူး၊အဲ့ကျရင် အမေတို့မိသားစုလဲအေးချမ်းသွားမယ်၊သိတတ်လိမ္မာတဲ့ ယန်ကျန်းကျူလဲ ပြန်ရောက်လာမှာလေ၊ကဲပါ ဘာမှထပ်မမေးနဲ့တော့၊အားလုံးကို အမေ့ဆီပဲလွှဲထားလိုက် ဝါးသာမြန်မြန်ခုတ်"
ကျိုးရှန့်သဲသည် သူ့အမေဘာကို ဆိုလိုသည်အားနားမလည်သော်လည်း ဝါးများကိုသာ ဆက်ခုတ်နေခဲ့သည်။လယ်ကွင်းများမှာ ကျယ်ဝန်းလှသဖြင့် တစ်မူလျှင်အလျားလိုက် တဲသုံးလုံးစီခွဲဆောက်ကြရ၏။
ပထမဦးစွာတိုင်စိုက်ရန်အတွက် မြေကျင်းနက်နက်များတူးကြရသည်။ဝါးလုံးကြီးများကိုတိုင်အဖြစ်စိုက်ကာ မြေကြီးထဲသေချာဖို့ပြီးဖိသိပ်ထည့်ရ၏။ထို့နောက် ဝါးများကိုအချောင်းလိုက်ခွဲကာ အမိုးကိုင်းများပြုလုပ်ကြရသည်။ကိုင်းတစ်ခုနှင့်တစ်ခုကို တစ်မီတာခန့် ခြားကာ အကွေးအဆန့်ညီအောင် သေချာတပ်ဆင်ကြရ၏။
ဤအလုပ်ကို အထပ်ထပ်အခါခါပြုလုပ်ရသဖြင့် သုံးရက်အကြာတွင် လူတိုင်းမှာတဲဆောက်ရသည်နှင့် ကောက်ရိုးဖျာများရက်ရသည်ကြောင့် အလွန်ပင်ပန်းနေကြပြီပင်။
ထိုနေ့တွင် ချောင်ရှီမှာယန်ကျန်းကျူထံ ဂျင်းသကြားရည်ပန်းကန်ကို ပြုံးရွှင်စွာဖြင့်သယ်လာပြန်သည်။
"ကျန်းကျူ အေးနေပြီမလား၊ကိုယ်လေး နွေးသွားအောင် သောက်လိုက်ပါဦး"
ဘာကြောင့်မှန်းမသိ အရင်သုံးရက်အတွင်း ချောင်ရှီအပြုံးမှာပိုပိုပြီးတောက်ပလာကာ ပျော်စရာတစ်ခုခုနှင့်ကြုံနေရသလိုဖြစ်နေသည်အား ယန်ကျန်းကျူသတိထားမိသည်။လူတိုင်းမှာ ဆေးပင်များအတွက် အပင်ပန်းခံပြီးစိုးရိမ်နေကြချိန်တွင် ချောင်ရှီတစ်ယောက်သာ နေ့တိုင်းပျော်နေခြင်းပင်။
မကောင်းသောခံစားချက်တစ်ခုမှာ သူမစိတ်ထဲဝင်လာပြီး ချောင်ရှီကမ်းပေးလာသော ဂျင်းသကြားရည်ကို သံသယဖြင့် စိုက်ကြည့်နေမိသည်။အရင်ရက်များ၌သောက်ခဲ့သော ဂျင်းသကြားရည်ထဲတွင် တစ်ခုခုထူးဆန်းနေသည်ဟု သူမ ခံစားခဲ့ရ၏။
ချောင်ရှီ ဆေးတစ်ခုခုခပ်ထားတာများလား။