← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

"အမေ ကျွန်မကငယ်သေးတာမလို့ ဒီအအေးဒဏ်လောက်တော့ ခံနိုင်ရည်ရှိပါသေးတယ်၊ပြီးတော့ အိမ်မှာပဲကောက်ရိုးဖျာရက်နေတာပဲကို အပြင်မှာတဲသွားဆောက်နေရတဲ့ အမေနဲ့ရှန့်သဲတို့လောက် ဘယ်ပင်ပန်းပါ့မလဲ၊ဒီဂျင်းသကြားရည်ကို အမေပဲသောက်လိုက်ပါ"

ယန်ကျန်းကျူစကားကြောင့် ချောင်ရှီအပြုံးမှာတောင့်တင်းသွားပြီး ချက်ချင်းဆိုသလို ပျာပျာသလဲဖြင့်ပြန်ဖြေလာ၏။

"အမေတို့က မအေးပါဘူးကွယ်နွေးနေတာပဲ မယုံရင် အမေ့လက်ကိုကိုင်ကြည့်ပါလား"

ချောင်ရှီ သူမအားဇွတ်အတင်းသောက်ခိုင်းနေသည်ကိုမြင်သော် ယန်ကျန်းကျူတစ်ယောက် ဤဂျင်းသကြားရည်မှာ တစ်ခုခုမှားနေပြီဆိုသည်အား ပိုသေချာသွားစေ၏။သူမမျက်နှာချက်ချင်းအေးစက်သွားကာ ချောင်ရှီနှင့်လောကဝတ်ဆက်ပြုမနေတော့ဘဲ မီးဖိုချောင်ထဲတန်းဝင်သွားပြီး ပန်းကန်အသစ်တစ်လုံးထဲသို့သကြားညိုနှင့်ဂျင်းများထည့်၍ ကိုယ်တိုင်ဖျော်လိုက်တော့သည်။

ချောင်ရှီမျက်မှောင်ကြုံ့သွားပြီး

"ကျန်းကျူ နင်ဘာလုပ်နေတာလဲ"

"ကျွန်မဘာသာ ပန်းကန်အသစ်နဲ့ဖျော်သောက်မလို့လေ၊အမေယူလာတဲ့ ပန်းကန်ကိုတော့ အမေပဲသောက်လိုက်တော့"

ဤစကားအားကြားသော် ချောင်ရှီထိတ်လန့်သွားပြီးတားရန်ပြင်လိုက်ပေသိ ယန်ကျန်းကျူမှာ သူမဖျော်ထားသည့်ဂျင်းသကြားရည်ကိုသောက်နှင့်ပြီးဖြစ်သည်။ယန်ကျန်းကျူ သေချာအရသာခံကြည့်တော့မှ ချောင်ရှီဖျော်ပေးခဲ့သည့်အရသာနှင့် လုံးဝမတူသည်ကိုသိလိုက်ရတော့၏။

အရင်ရက်တွေက ချောင်ရှီဘာတွေထည့်တိုက်ခဲ့တာလဲ။သူမထိုအရာတို့ကို နှစ် ရက်ဆက်တိုက်တောင် သောက်ခဲ့မိသည်ပင်။

ချက်ချင်းဆိုသလို ယန်ကျန်းကျူမျက်လုံးများပြူးကျယ်သွားပြီး ချောင်ရှီလက်ထဲရှိပန်းကန်ကိုစိုက်ကြည့်ကာ အော်ပြီးမေးလိုက်ပါတော့သည်။

"ဒါဘာလဲ အထဲမှာဘာတွေထည့်ထားတာလဲ"

ယန်ကျန်းကျူ၏ဒေါသတကြီးအော်ဟစ်သံမှာ တစ်အိမ်လုံးပျံ့နှံ့သွားခဲ့သည်။ဆေးပင်ခင်းထဲအလုပ်လုပ်နေကြသည့် ရွာသားများပင်ကြားလိုက်ရပြီး ယောက္ခမနှင့်ချွေးမနောက်တစ်ကြိမ်ရန်ဖြစ်ကြပြန်ပြီဟုသာထင်နေကြ၏။လတ်တလောတွင် ဤကိစ္စမှာရိုးအီနေပြီဖြစ်၍ ကျိုးရှန့်သဲအိမ်ဘက်သို့ တစ်ချက်သာလှမ်းကြည့်လိုက်ကြပြီး အလုပ်ဆက်လုပ်နေလိုက်ကြသည်။

ချောင်ရှီအပြုံးမှာ တောင့်တင်းသွားပြီး လိပ်ပြာမလုံဟန်ဖြင့်

"ကျန်းကျူ နင်ရူးနေတာလား၊ဒါကဂျင်းသကြားရည်ပဲလေ အခြားဘာဖြစ်ရမှာလဲ သောက်မှာသာသောက်စမ်းပါအေ"

ချောင်ရှီတစ်ယောက် အလျင်လိုနေပြီပင်။အရင်နှစ်ရက်တွင်း အေးအေးဆေးဆေးဖြစ်ခဲ့ပြီကာမှ ဒီနေ့မှသာအဘယ်ကြောင့် အလုပ်မဖြစ်ရပါသနည်း။နောက်ဆုံးဤအဆောင်ရေမန်းတစ်ခွက်သာသောက်ပြီးသွားလျှင် ယန်ကျန်းကျူကိုယ်ထဲရှိ မကောင်းဆိုးဝါးမှာထွက်သွားမည်ဖြစ်ပြီး သူမတို့သားအမိလည်းဘေးကင်းသွားပေလိမ့်မည်။

"ဒါသာဂျင်းသကြားရည်ဆိုရင် အမေကိုယ်တိုင်ပဲ သောက်ပြပါလား၊ကျွန်မအစား အမေပဲသောက်လိုက်လေ"

ယန်ကျန်းကျူမှာ ဒေါသကြောင့်တစ်ကိုယ်လုံးတုန်ရီလာရသည်။

ချောင်ရှီမှာ ပန်းကန်ကိုကိုင်ထားရင်း ခါးခါးသီးသီးခံစားလိုက်ရ၏။ဤယန်ကျန်းကျူမှာ သူမစေတနာကို အဘယ်ကြောင့်နားမလည်ရပါသနည်း။ဤအဆောင်အတွက် သူမမှာငွေတစ်တေးထိပေး၍ဝယ်ထားခဲ့ရသည်။

"အမေက မကြိုက်လို့ပေါ့အေ၊နင်ပဲ သောက်လိုက်ပါ"

ယန်ကျန်းကျူအကြည့်များ ချက်ချင်းအေးစက်သွားတော့သည်။သေချာသွားပြီပင်။အရင်ရက်ပိုင်း၌ သူမအပေါ်သဘောကောင်းပြခဲ့သည်မှာ ပူးပေါင်းကြံစည်မှုကြီးတစ်ခုအား ဖုံးကွယ်ထားခဲ့ခြင်းပင်။

ယန်ကျန်းကျူ ရုတ်ချည်းအသက်ရှူရကြပ်လာကာ နဖူးထက်တွင်လည်းချွေးအေးများစီးကျလာတော့သည်။တုံ့ဆိုင်းမနေဘဲ အိမ်ပြင်သို့အမြန်ပြေးထွက်သွားလိုက်၏။

"!!!"

ဤသည်အားမြင်သော် ချောင်ရှီမှာကျိုးရှန့်သဲအားလိုက်ဖမ်းရန်ပြောလိုက်သည်။ယနေ့မည်သည်ကြောင့်ပင်ဖြစ်စေ နောက်ဆုံးအဆောင်ရေမန်းအား ယန်ကျန်းကျူသောက်ကိုသောက်ရအောင်လုပ်မည်ဟု ဆုံးဖြတ်လိုက်၏။

"ကျန်းကျူဘယ်သွားမလို့လဲ ပြန်လာခဲ့စမ်း"

ယန်ကျန်းကျူ အချိန်ခဏမျှပြေးပြီးချိန်မှာပင် အနောက်ဘက်မှကျိုးရှန့်သဲအော်သံကိုကြားလိုက်ရသည်။ကျိုးရှန့်သဲမှ သူမအားဖမ်းမိသွားပြီး ထူးဆန်းသောထိုဂျင်းသကြားရည်ကို အတင်းတိုက်မည်စိုး၍ ထိတ်လန့်တကြားအော်ဟစ်လိုက်တော့၏။

"ကယ်ကြပါဦး ကယ်ကြပါဦး ကျိုးရှန့်သဲတို့သားအမိ ကျွန်မကိုလုပ်ကြံနေကြပါတယ်"

ယန်ကျန်းကျူမှာ တစ်ရွာလုံးကြားအောင် အသံကုန်အော်လိုက်သည်ကြောင့် လမ်းဘေး၌အလုပ်လုပ်နေသော ရွာသားများမှာ လုပ်လက်စအလုပ်များကို ချပြီးပြေးလာကြသည်။

"ကျန်းကျူ ဘာဖြစ်လို့လဲ ဘာတွေဖြစ်နေတာလဲ"

"ရှန့်သဲတို့သားအမိက နင့်ကိုလုပ်ကြံတယ်ပေါ့လေ တစ်ကယ်လား"

"အလိုလေး နင်ကဘာလို့ဒီလောက်တောင် ချွေးတွေထွက်နေရတာလဲ"

ယန်ကျန်းကျူခန္ဓာကိုယ်မှာ ထိန်းမရအောင်တုန်ယင်နေပြီး ချွေးများမှာလည်းမရပ်မနားစီးကျနေလေသည်။သူမအသက်ရှူသံတို့သည်လည်း ပြင်းထန်နေကာအမောဆို့နေသည့်အတိုင်းပင်။

ရွာသားများဝိုင်းအုံလာသည်ကိုမြင်တော့မှ သူမလည်းအနည်းငယ်စိတ်အေးသွားရသည်။အနည်းဆုံးတော့ သူမအားကျိုးရှန့်သဲမှအတင်းဆွဲခေါ်ကာ ထိုဂျင်းသကြားရည်အား အတင်းမတိုက်နိုင်တော့ပေ။

ယန်ကျန်းကျူ ကပျာကယာတောင်းဆိုလိုက်၏။

"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးအဘိုးရှန့်ဖျင်ကို အမြန်သွားခေါ်ပေးကြပါ"

သူမကိုယ်သူမသေတော့မည်ဟု ခံစားနေရသောကြောင့်ပင်။

"အေးအေး ငါအခုချက်ချင်းသွားခေါ်ပေးမယ်၊ခဏလေး သည်းခံထားနော်"

ရွာသားတစ်ဦးမှာ ကျိုးရှန့်ဖျင်အိမ်သို့ အပြေးအလွှားသွားတော့သည်။ယန်ကျန်းကျူမျက်နှာမှာ ပြာနှမ်းနေပြီးနှုတ်ခမ်းများတွင်လည်း သွေးမရှိတော့မလိုဖြူ ဖျော့နေ၏။သူမအားကြည့်ရသည်မှာ အလွန်ထိတ်လန့်စရာကောင်းပြီး သေခါနီးလူတစ်ယောက်နှင့်ပင်တူနေတော့သည်။

ကျိုးရှန့်သဲမှာ လူအုပ်ထဲမှနေတိုးဝှေ့ထွက်လာပြီး ယန်ကျန်းကျူအားဖမ်းဆွဲကာပြောလိုက်သည်။

"ကျန်းကျူ ငါနဲ့အိမ်ပြန်လိုက်ခဲ့၊ဂျင်းသကြားရည် သောက်ရအောင်"

ယန်ကျန်းကျူ ခေါင်းကိုကပျာကယာရမ်းခါရင်း ဘေးနားမှရွာသားတစ်ဦး၏လက်မောင်းကို အတင်းဆွဲထားကာ လွှတ်မပေးတော့ချေ။

"ကျွန်မအိမ်ပြန်ပြီး အဲဒီဂျင်းသကြားရည်ကိုမသောက်ဘူး၊ဘယ်တော့မှလဲ မပြန်ဘူး၊ရှင်တို့သားအမိတွေ ကျွန်မကိုသတ်ဖို့ ကြံနေတာ"

ယန်ကျန်းကျူစကားမဆုံးခင်မှာပင် သတိလစ်သွားသဖြင့် အားလုံးထိတ်လန့်သွားကြသည်။သူမသတိမလစ်ခင် ပြောသွားသောစကားများကြောင့် မည်သူမှသူမအား ကျိုးရှန့်သဲလက်ထဲမအပ်ရဲကြပေ။

အဘွားဖုန်းဝင်ပြောလာ၏။

"ငါ့အိမ်ကိုပဲ သယ်လာလိုက်တော့ ဒီလောက်အေးတဲ့ဆောင်းတွင်းကြီးမှာ မြေကြီးပေါ်ပစ်ထားလို့ ဘယ်ဖြစ်မလဲ"

ယန်ကျန်းကျူကို အိပ်ရာပေါ်သေချာနေရာချပေးပြီးချိန်မှာပင် ကျိုးရှန့်ဖျင်ရောက်လာသည်။

အဘွားဖုန် စိုးရိမ်တကြီးပြောလိုက်၏။

"အဘိုးရှန့်ဖျင် ကျန်းကျူအဆင်ပြေရဲ့လားကြည့်ပေးပါဦး"

ထိုသို့ပြောပြီးနောက် သူမသည်အခန်းထဲရှိ ကျိုးရှန့်သဲထံမျက်စောင်းထိုးကြည့်လိုက်သည်။အကယ်၍ ကျိုးရှန့်သဲသာ ရက်စက်သောချောင်ရှီနှင့်ပေါင်းပြီး ယန်ကျန်းကျူကို တစ်ကယ်လုပ်ကြံခဲ့ခြင်းဖြစ်ပါက ရွာသူကြီးထံပြောပြီး သူတို့သားအမိကို ရုံးတော်ပို့ကာအရေးယူခိုင်းပစ်မည်ဟု သူမတေးမှတ်ထားလိုက်၏။

သွေးခုန်နှုန်းစမ်းသပ်ပြီးသည်နှင့် ကျိုးရှန့်ဖျင်မှာအံ့သြသွားပြီး မျက်လုံးများပြူးကျယ်သွားရသည်။သူ့လက်ကိုပြန်ရုတ်လိုက်ပြီးသေချာစေရန် ယန်ကျန်းကျူသွေးခုန်နှုန်းကို နောက်တစ်ကြိမ်ထပ်စမ်းလိုက်ပြန်၏။

ယန်ကျန်းကျူ အဘယ်ကြောင့်သတိလစ်သွားရသည်ကိုနားမလည်သော ကျိုးရှန့်သဲမှာမူ ဘေးတွင်သာစိုးရိမ်တကြီးရပ်နေရင်း ဆေးဖိုးမည်မျှကုန်မည်ကိုတွက်ချက်နေမိသည်။

"အဘိုးရှန့်ဖျင် ကျန်းကျူဘာဖြစ်တာလဲ"

ကျိုးရှန့်သဲ မေးလိုက်သည်။

ကျိုးရှန့်ဖျင် လက်ကိုရုတ်လိုက်ပြီး သူ့ထံလှည့်ကြည့်ကာ

"ရှန့်သဲ မင်းအဖေဖြစ်တော့မယ်၊အိမ်ပြန်ပြီး ကျန်းကျူကိုသေချာဂရုစိုက်ပေးလိုက်၊သူကိုယ်ဝန်ရှိနေတာ တစ်လတောင်မပြည့်သေးဘူးမလို့ သတိထားရမယ်နော်၊သူ့ကို လမ်းပေါ်မှာဒီလိုလဲမကျစေနဲ့ဦး၊နောက်တစ်ခါဆိုရင်တော့ ဒီလောက်ကံကောင်းချင်မှကံကောင်းတော့မှာ၊ကိုယ်ဝန်မြဲဆေး ငါရေးပေးလိုက်မယ်၊ခဏနေရင် ငါ့အိမ်လာယူပြီးကျန်းကျူကို တိုက်လိုက်"

"ကျန်းကျူမှာ ကိုယ်ဝန်ရှိနေပြီဟုတ်လား"

ကျိုးရှန့်သဲမှာ အတိုင်းထက်အလွန်ဝမ်းသာသွားပြီး မျက်နှာတစ်ခုလုံးအပြုံးများဖြင့်ပြည့်သွားကာ ချက်ချင်းသဘောတူလိုက်သည်။အခြားသူများလည်း ယန်ကျန်းကျူထံတွင် ကိုယ်ဝန်ရှိနေသည်ဟုကြားသော် သူတို့ဇနီးမောင်နှံအတွက် ဝမ်းသာပေးကြ၏။

ကျိုးရှန့်သဲနှင့်ယန်ကျန်းကျူတို့ လက်ထပ်ခဲ့သည်မှာ လေးနှစ်ကျော်ပြီဖြစ်သော်လည်း ကလေးမရခဲ့ကြချေ။အရင်လတုန်းက ယန်ကျန်းကျူမြစ်ထဲခုန်ချစဉ်တွင် ကလေးမရခြင်းမှာ သူမကြောင့်မဟုတ်ဘဲ ကျိုးရှန့်သဲကြောင့်ဟုသာပြောခဲ့ဖူးသည်။ထို့‌ကြောင့် အရင်လ၌ချောင်ရှီအိမ်မှ ဆေးမြစ်ပြုတ်သည့်အနံ့ကို ခဏခဏရခဲ့သည်မှာ ကျိုးရှန့်သဲအတွက်ကလေးရစေမည့်ဆေးများ ပြင်ဆင်ပေးနေခြင်းဖြစ်နိုင်သည်ဟု ရွာသားများတွေးလိုက်ကြ၏။

ရွာသားများအကြည့်မှာ ကျိုးရှန့်သဲအပေါ် ပြောင်းလဲသွားသော်လည်း သူကမူဂရုမစိုက်နိုင်တော့ပေ။ယခု သူအဖေဖြစ်တော့မည်ပင်။လေးနှစ်တိုင်တိုင် မျှော်လင့်ခဲ့ရသော ကလေးလေးရောက်လာပြီမဟုတ်ပါလား။

ယန်ကျန်းကျူအားအိပ်ရာပေါ်မှ သူပွေ့ချီလိုက်ချိန်တွင် ယန်ကျန်းကျူဝမ်းဗိုက်မှာ ဂွမ်းအင်္ကျီထူထူအောက်၌ပင် အနည်းငယ်ဖောင်းတက်လာသည်အား သူသတိမထားမိခဲ့ပေ။

ကျိုးရှန့်သဲအိမ်ပြန်ရောက်သည်နှင့် ချောင်ရှီမှ ခြံထဲတွင်ဂျင်းသကြားရည်ပန်းကန်ကိုကိုင်ကာ ပျာပျာသလဲစောင့်နေသည်အား တွေ့လိုက်ရသည်။ယန်ကျန်းကျူကို မြင်သည်နှင့် ထိုဂျင်းသကြားရည်ကို သူမပါးစပ်ထဲ အတင်းလောင်းထည့်ရန်ပြင်လိုက်၏။

"ကျန်းကျူက ဘာလို့သတိလစ်နေတာလဲ"

ချောင်ရှီ ပန်းကန်ကိုကိုင်ရင်း ခဏရပ်ကာမေးလိုက်သည်။

ကျိုးရှန့်သဲ အပြုံးများဖြင့်ပြန်ဖြေလိုက်၏။

"အမေ အဘိုးရှန့်ဖျင်ပြောတာတော့ ကျန်းကျူမှာကိုယ်ဝန်ရှိနေပြီတဲ့"

"တစ်ကယ်လား"

ချောင်ရှီမှာ ဝမ်းသာသွားခဲ့သော်လည်း လက်ထဲရှိဂျင်းသကြားရည်ကိုတော့ မမေ့သေးပေ။

"လာ ကျန်းကျူသတိမရခင် ဒီရေမန်းကိုမြန်မြန်တိုက်လိုက်ရအောင်၊ဒါမှပဲ သူ့ကိုယ်ပေါ်က မကောင်းဆိုးဝါးထွက်သွားပြီး ငါတို့မိသားစုလဲအေးချမ်းမှာ"

ကျိုးရှန့်သဲလည်းဝိုင်းကူပြီး ယန်ကျန်းကျူပါးစပ်ကိုဟပေးကာ ဂျင်းသကားရည်တစ်ပန်းကန်လုံး လောင်းထည့်လိုက်တော့သည်။

ထိုခဏ၌ ဂွမ်းအင်္ကျီထူထူဝတ်ထားသည့်ကြားမှပင် ယန်ကျန်းကျူဝမ်းဗိုက်မှာ ရုတ်တရက်ကြီး သိသိသာသာစူထွက်လာသည်ကို ကျိုးရှန့်သဲခံစားလိုက်ရ၏။

ကျိုးရှန့်သဲ ထိတ်လန့်တကြားဖြင့် ချောင်ရှီထံအော်ပြောလိုက်၏။

"အမေ ကျန်းကျူဗိုက်ကိုကြည့်ပါဦး အရမ်းကြီးနေပြီ၊အဘိုးရှန့်ဖျင်က ကိုယ်ဝန်ရှိတာ တစ်လတောင်မပြည့်သေးဘူးလို့ပြောခဲ့တာလေ"

ချောင်ရှီသည် ဂျင်းသကြားရည်နောက်ဆုံးတစ်စက်ထိ ယန်ကျန်းကျူပါးစပ်ထဲသို့ သေသေချာချာလောင်းထည့်ပြီးပါမှ ကျိုးရှန့်သဲကြည့်နေသည့်ဘက်သို့ကြည့်လိုက်ရာ တစ်ကယ်ကြီးဖောင်းကားနေသော ယန်ကျန်းကျူဝမ်းဗိုက်ကို မြင်လိုက်ရသည်။

သူမမျက်လုံးများ ပြူးကျယ်သွားရကာ ရေရွတ်လိုက်မိ၏။

"ဒါက တစ်လသားဗိုက်ဟုတ်လို့လား"

သို့သော်လည်း သူမမျက်စိရှေ့မှာပင် ယန်ကျန်းကျူဝမ်းဗိုက်သည် ပို၍ပို၍စူထွက်လာတော့သည်။

ရုတ်ချည်းဆိုသလို မြေကြီးပေါ်သို့ရေစက်များကျလာသည့်အသံထွက်လာရာ သူမစိတ်ထဲတွင် ထိတ်လန့်စရာအတွေးတစ်ခု ဝင်လာတော့၏။

"ကျန်းကျူ ကလေးမွေးတော့မှာလား"

"ဟမ်"

ကျိုးရှန့်သဲမျက်ဝန်းများတွင် ကြောက်ရွံ့မှုများပြည့်နှက်သွားပြီး တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်မိသည်။အဘိုးရှန့်ဖျင်က ယန်ကျန်းကျူမှာ ကိုယ်ဝန်တစ်လပဲရှိသေးတယ်လို့ ပြောခဲ့တာလေ။

ထိုစဉ်မှာပင် ယန်ကျန်းကျူတင်ပါးအောက်တွင် စိုစွတ်စွတ်အကွက်တစ်ခုကို သူတွေ့လိုက်ရသည်။သူမဆီးသွားလိုက်သည်လားဟုစစ်ဆေးရန် အောက်ပြန်ချမည်အပြု ခဲပြာရောင်သမ်းနေသည့်အသားအရေဖြင့် ကလေးတစ်ဦးသည် သူမအောက်မှနေ ရုတ်ချည်းတွားသွား၍ထွက်လာပါတော့၏။

All Chapters