← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

ယန်ကျန်းကျူမှာ မှီခိုစရာမိသားစုမရှိသလို သူမဘက်မှနေမတ်တပ်ရပ်ကာကွယ်ပေးမည့်သူလည်း မရှိချေ။

ထို့အပြင် ကျိုးကျားရွာမှာဖြည်းဖြည်းချင်း ချမ်းသာလာနေပြီဖြစ်ရာ ယခုကဲ့သို့အချိန်မျိုးတွင် ကွာရှင်းထွက်သွားရန်မှာလည်း နည်းလမ်းကောင်းမဟုတ်ပေ။ဤကမ္ဘာတွင် အမျိုးသမီးတစ်ဦးမှာ မိသားစုနောက်ခံမရှိဘဲ ကွာရှင်းပြီးပြန်သွားပါက အနှိမ်ခံရဖို့သာရှိသည်။

ထို့ကြောင့် ကျိုးရှန့်သဲအိမ်ကိုယန်ကျန်းကျူမှစီမံခွင့်ရယူမည့် နည်းလမ်းတစ်ခုသာရှိတော့၏။ချောင်ရှီနှင့်ကျိုးရှန့်သဲတို့မှာ သူမအားဒူးထောက်အရှုံးပေးလာရပေမည်။

ယန်ကျန်းကျူ နှုတ်ခမ်းအသာဟကာ ကျေနပ်သွားမိသည်။လွန်ခဲ့သောလေးနှစ်တာကာလပတ်လုံး သူမဤကဲ့သို့အတွေးမျိုးကို အကြိမ်ကြိမ်စိတ်ကူးယဉ်ခဲ့ဖူးသည်ပင်။သူမချက်ချင်းခေါင်းကို အားပါပါငြိမ့်ပြလိုက်သည်။

ဤသည်အားမြင်သော် ကျိုးထောင်ဟွားသည် သူမအစီအစဉ်ကိုယန်ကျန်းကျူနားထဲ တိုးတိုးလေးရှင်းပြလိုက်၏။ထိုနောက်တွင်တော့ သူမနှင့်အဒေါ်တစ်ယောက်မှာ ယန်ကျန်းကျူကိုနေပူထဲထွက်ပြီး နေပူစာလှုံရန်ဝိုင်းကူပေးလိုက်ကြသည်။

ထိုအချိန်မှ ချောင်ရှီသတိပြန်ရလာတော့၏။သူမမှာ လူများထံအော်ဟစ်ပြောလိုက်သည်။

"ကယ်ကြပါဦး မကောင်းဆိုးဝါးရှိနေတယ် နတ်ဆိုးကြီး ယန်ကျန်းကျူကိုနတ်ဆိုးပူးနေပြီ"

ချောင်ရှီပြောနေရင်းပင် သူမအကြည့်မှာ ကျိုးထောင်ဟွားထံရောက်သွားတော့၏။သူမမှာ ဒေါသတကြီးဖြင့် မေးခွန်းထုတ်တော့သည်။

"နင်ပဲ ယန်ကျန်းကျူမှာ နတ်ဆိုးပူးတာမရှိဘူးဆို၊အခုဒါတွေက ဘာဖြစ်တာလဲ"

ကျိုးထောင်ဟွား ချောင်ရှီထံ မျက်မှောင်ကြုံ့၍စိုက်ကြည့်လိုက်သည်။

"အဲ့မေးခွန်းက သမီး အဘွားကိုပြန်မေးရမှာပါ၊ဘာလို့ အစ်မကျန်းကျူကို နတ်ဆိုးကျွေးလိုက်တာလဲ၊အရင်အဘွားမေးတုန်းက သူ့ဆီမှာဘာမှမရှိခဲ့ဘူးဆိုပေမယ့် အဘွားကမကောင်းတဲ့စိတ်နဲ့ အစ်မကျန်းကျူဗိုက်ထဲကို မကောင်းဆိုးဝါးရောက်အောင်ထည့်ပစ်ခဲ့တာလေ"

ကျိုးထောင်ဟွား မြေကြီးပေါ်ရှိပန်းကန်ကိုကောက်ယူပြီး သေချာစစ်ဆေးကာ မေးလိုက်သည်။

"ဒါက တစ္ဆေသန္ဓေသားအဆောင်ပဲ၊အဆောင်နှစ်ခုဆိုရင် ကိုယ်ဝန်ရှိသလိုလက္ခဏာပြလာမယ်၊သုံးခုဆိုရင်တော့ နတ်ဆိုးကလေးပုံပေါ်လာပြီး မွေးထုတ်တဲ့ထိဖြစ်စေတယ်၊အဘွားက ဒီအဆောင်ကိုမီးရှို့ပြီး အစ်မကျန်းကျူးကိုတိုက်ခဲ့တာမလား"

ချောင်ရှီမျက်လုံးများမှာ ထိတ်လန့်တကြားဖြင့်ပြူးကျယ်သွားရသည်။ကျိုးထောင်ဟွားမှာ အဖြစ်အပျက်အားလုံးကိုမြင်နေရသလိုမျိုး သိနေခဲ့သည်လေ။အမှန်တော့ ယန်ကျန်းကျူထံတွင် မည်သည့်နတ်ဆိုးမှမရှိခဲ့ပေသိ ချောင်ရှီတိုက်လိုက်သော အဆောင်သုံးခုကြောင့်သာ ဤကဲ့သို့ထူးဆန်းသည့် ကလေးမျိုးထွက်လာခြင်းပင်။

ချောင်ရှီမျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေပြီး အခြားလူများမှာလည်း သူမထံရွံရှာသလိုကြည့်လာကြတော့သည်။

အဘွားဖုန်းသည်တော့ ချောင်ရှီအားတည့်တိုးပင်ဆဲဆိုတော့၏။

"ချောင်ချွင်းရှန့် နင်လူလိုသူလိုမနေတတ်ဘူးလား၊ကိုယ့်ချွေးမကိုတောင် ဒီလောက်ဒုက္ခပေးရတဲ့ထိ နင်အကျင့်ပျက်နေပြီလား"

ချောင်ရှီ ကမန်းကတန်းခေါင်းရမ်းကာ

"ကျွန်မ ဒုက္ခမပေးရပါဘူး၊ကျွန်မက မကောင်းဆိုးဝါးနှင်တဲ့ အဆောင်ကိုဝယ်ခဲ့ရုံပါပဲ၊မြို့ထဲကတာအိုဆရာကြီးဟောတာ သိပ်မှန်တာ၊ဒီအဆောင်ကိုသုံးရင် ကျန်းကျူကိုယ်ပေါ်က မကောင်းဆိုးဝါးထွက်သွားပြီး အိမ်လဲအေးချမ်းသွားမယ်လို့ပြောတော့....."

ကျိုးထောင်ဟွား ချောင်ရှီ၏ဉာဏ်နည်းမှုကို ပြက်ရယ်ပြုကာ စကားဖြတ်ပြောလိုက်သည်။

"အေးချမ်းမယ်ဟုတ်လား၊တစ်အိမ်လုံး အသက်တောင်ပါသွားတော့မှာကို"

ချောင်ရှီမှာတော့ ခုထိနောင်တမရသေးချေ။မြို့ထဲရှိတာအိုဆရာကြီးကသာ မှန်သည်ဟုဖင်ပိတ်ငြင်းနေတုန်းပင်။

"ငါ ဒီအဆောင်သုံးခုကို ငွေသုံးတေးတောင်ပေးဝယ်ထားတာ အတုဖြစ်စရာလား"

သူမစကားကြောင့် လူတိုင်းမှာသူမထံ အထင်သေးဟန်ဖြင့်ကြည့်လာကြသည်။

"ဒီလောက်ထိ တုံးတဲ့မိန်းမမျိုးငါဖြင့်တစ်ခါမှမမြင်ဖူးဘူးအေ"

အဘွားဖုန်း ပြောလာ၏။

"တစ္ဆေအဆောင်တွေကို သုံးတေးပေးဝယ်လာပြီး တစ်အိမ်လုံးကိုသတ်ဖို့လုပ်နေတာလား၊ထောင်ဟွားရဲ့အစွမ်းကိုမယုံမှတော့ အပြင်မှာအလိမ်ခံရပြီပေါ့၊နောက်ဆုံးတော့လဲ ကိုယ့်ကိုကိုယ်ရော သူများကိုပါဒုက္ခပေးမိတာပဲလေ၊ကျန်းကျူစရိုက်ပြောင်းသွားတာနဲ့ပဲ မကောင်းဆိုးဝါးပူးတယ်လို့ထင်ရလားဟဲ့၊ဘာလဲ ကျန်းကျူကို နင့်အိမ်မှာတစ်သက်လုံးအနှိမ်ခံဘဝနဲ့ပဲ နေစေချင်တာလား"

ယန်ကျန်းကျူလက်ထပ်စဉ်တွင် သူမ၌မုဆိုးမအမေကြီးသာရှိလေသည်။သူမလက်ထပ်ပြီး နှစ်နှစ်မပြည့်ခင်မှာပင် သူမအမေဆုံးပါးသွားခဲ့ပြန်၏။အားကိုးစရာမိသားစုမရှိ၍သာ ယန်ကျန်းကျူခမျာ ဤအိမ်မှနှိပ်စက်သမျှကို အံကြိတ်ခံနေခဲ့ရခြင်းဖြစ်သည်။

"အမေ အမေစိတ်တွေကတော့ တစ်ကယ်ကိုရှုပ်ထွေးနေပြီပဲ"

ကျိုးရှန့်သဲလည်း ယခုမှဖြစ်ကြောင်းကုန်စင်သဘောပေါက်သွားတော့သည်။ကျန်းကျူထံတွင် မည်သည့်နတ်ဆိုးမှမရှိခဲ့ပေ။ခုနကနတ်ဆိုးကလေးသူ့ကိုယ်ပေါ် ခွစီးထားချိန်တုန်းမှဆိုလျှင် သူမည်မျှထိကြောက်လန့်ခဲ့ရသည်အား နတ်ဘုရားများသာသိပေလိမ့်မည်။သေတော့မည်ဟုပင် သူထင်ခဲ့၏။

ရွာသားများသာ အချိန်မီရောက်မလာခဲ့လျှင်၊ကျိုးထောင်ဟွားသာ ဝင်မကယ်ခဲ့လျှင် ယခုအချိန်လောက်ဆို သူသေနေလောက်ပြီမှန်း ကျိုးရှန့်သဲကောင်းကောင်းနားလည်လေသည်။

"အမေ အမေက......"

ချောင်ရှီမှာ စကားပင်ပြောမထွက်တော့ပေ။သားဖြစ်သူ၏အပြစ်တင်စကားများမှာ သူမအားတုန်လှုပ်သွားစေသည်။

"ထောင်ဟွား အစ်မတို့ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်၊ဟိုတစ်ခါမင်းဦးလေးကို အဆောင်ရောင်းပေးတုန်းက နတ်ဆိုးစုပ်ယူသွားတဲ့ သူ့အသက်စွမ်းအားတွေ ချက်ချင်းပြန်ပြည့်လာတာကို အစ်မမှတ်မိသေးတယ်၊အစ်မတို့ကိုရော အဆောင်သုံးခုလောက်ရောင်းပေးနိုင်မလား"

ယန်ကျန်းကျူပြောရင်း သူမအင်္ကျီရင်ဘတ်ထဲမှနေ ပြားသုံးရာထုတ်ပေးလိုက်၏။

ဤကဲ့သို့နုံးချိချိခံစားချက်ကြီးမှာ တစ်ကယ့်ကိုသည်းမခံနိုင်စရာပင်။ထို့ပြင်ဆောင်းရာသီနေရောင်မှာ အလွန်အားပျော့သည်ကြောင့် နေပူစာလှုံ၍ယင်စွမ်းအားများဖယ်ရှားဖို့ဆိုလျှင်နှေးကွေးလွန်းလှပေသည်။

ယန်ကျန်းကျူ၊ကျိုးရှန့်သဲနှင့်ချောင်ရှီတို့တစ်ယောက်ကို အဆောင်တစ်ခုစီယူလိုက်ပြီးသည့်နောက်တွင်တော့ သူတို့ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုအားအင်ပြန်ပြည့်လာပြီး မျက်နှာထက်တွင်လည်း သွေးရောင်ပြန်လွှမ်းလာပါတော့၏။

ချောင်ရှီမှာ ကျိုးထောင်ဟွားရောင်းသည့် အဆောင်အစွမ်းကိုလက်တွေ့သိပါမှ မှင်တက်သွားရသည်။သူမတစ်ကယ်ကို လူလိမ်နှင့်တွေ့ခဲ့ရခြင်းပင်။ထောင်ဟွားမှာ အဆောင်တစ်ခုကို ပြားတစ်ရာနှင့်ရောင်းကာ နတ်ဆိုးကလေးအားနှိမ်နင်းပေးရသည့်အတွက် ငွေနှစ်တေးသာယူခဲ့၏။သူမမှာတော့ မြို့ထဲရှိတာအိုဆရာကြီးထံတွင် အဆောင်သုံးခုအတွက် ငွေသုံးတေးထိပေးခဲ့ရသည်ပင်။

အဆုံးတွင်တော့ တစ်အိမ်လုံးအသက်နှင့်ပင် လဲလိုက်ရမလိုဖြစ်ခဲ့ရ၏။

ချောင်ရှီ ကျိုးထောင်ဟွားထံပြန်ကြည့်သည့်အခါ ရှက်လွန်း၍မျက်နှာချင်းပင်မဆိုင်ရဲတော့ပေ။စိတ်ထဲမှလည်း ထိုတာအိုဆရာကြီးကို ကျိန်ဆဲနေမိသည်။

"အဲ့အဘိုးကြီး ငါ့ငွေတွေကိုလိမ်ရုံတင်မကဘူး ငါတို့တစ်မိသားစုလုံးကိုပါ သတ်မလိုလုပ်သွားတာပဲ၊နောက်တစ်ခါပြန်တွေ့လို့ကတော့ အရိုးကျိုးအောင်ရိုက်ပြီး ရုံးတော်ကိုပို့ပစ်မယ်"

ယန်ကျန်းကျူ အားအင်ပြန်ရလာချိန်တွင် ကျိုးထောင်ဟွားနှင့်အခြားသူများကို ကျေးဇူးတင်စကားပြောလိုက်၏။အားလုံးအဆင်ပြေသွားသည်ကိုမြင်ပါမှ ရွာသားများလည်း သူတို့လုပ်ငန်းများဆီ ပြန်သွားကြတော့သည်။

ကျိုးရှန့်ဖျင်လမ်းလျှောက်‌နေရင်းမှမေးလိုက်၏။

"ထောင်ဟွား အဘိုးလက်ပေါ်ကယင်စွမ်းအားတွေကိုရော ဘယ်လိုလုပ်ရမလဲ"

"ဟုတ်တယ် ထောင်ဟွား ငါတို့တွေလဲ ယန်ကျန်းကျူကိုထိမိထားလို့ ယင်စွမ်းအားတွေကပ်နေပြီ"

အားလုံးစိုးရိမ်နေကြသည်ကိုမြင်သော် ကျိုးထောင်ဟွားအပြုံးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူကြပါနဲ့ ဒီလောက်ယင်စွမ်းအားနည်းနည်းလေးက ဘာမှမစိုးရိမ်ရပါဘူး၊နေပူထဲ တစ်ရက် နှစ်ရက်လောက်နေလိုက်ရင် သူ့ဘာသာသူပျောက်သွားပါလိမ့်မယ်"

ထိုသို့ပြောကာမှ လူတိုင်းစိတ်အေးသွားကြတော့၏။

ကျိုးရှန့်သဲတို့အိမ်တွင်

ရွာသားများပြန်သွားသည်နှင့် ယန်ကျန်းကျူခြံတံခါးပိတ်လိုက်ပြီး ချောင်ရှီဘက်လှည့်ကာပြောလိုက်သည်။

"အခုတလော ကျွန်မပြောသမျှကို အမေကဘာလို့နားထောင်နေရတာလဲဆိုပြီး ထူးဆန်းနေတာ၊တစ်ကယ်တမ်းကျ ကျွန်မဗိုက်ထဲကို နတ်ဆိုးကလေးအတင်းထည့်ဖို့ဖြစ်နေတာကိုး"

ချောင်ရှီ ပျာပျာသလဲရှင်းပြလာ၏။

"မဟုတ်ရပါဘူးအေ နင့်ကိုနတ်ဆိုးပူးနေတယ်ထင်လို့ပါ၊အဲ့တာအိုဆရာကြီးက လိမ်သွားမယ်လို့ ဘယ်သူကထင်ထားမှာလဲ"

ယန်ကျန်းကျူမျက်ဝန်းများ စူးရှသွားခဲ့သည်။အမှန်တော့ သူမကြာကန်ထဲခုန်ချခဲ့စဥ်၌ ဝိညာဥ်တစ်ခုပူးကပ်ခံခဲ့ရသည်မှာအမှန်ဖြစ်ပေသိ ထိုသရဲမလေးမှာ ရက်အနည်းငယ်သာနေပြီး ထွက်သွားခဲ့၏။ထိုနောက်ပိုင်းလုပ်ခဲ့သမျှအရာတိုင်းမှာတော့ သူမစိတ်သူမစေရာအတိုင်းလုပ်ခဲ့ခြင်းပင်။

"အမေ အမေကတစ်ကယ်ကိုကျွန်မရဲ့ စိတ်ကို နာကျင်စေခဲ့ပြီ၊ကျွန်မဆီမှာ ဘာနတ်ဆိုးမှမရှိဘူး ကျွန်မက ကျွန်မပါပဲ၊မြစ်ထဲခုန်ချပြီးတဲ့နောက်ပိုင်းမှ ဘဝကိုဒီအတိုင်း ဆက်အနှိမ်မခံတော့ဘူးဆိုပြီးခံယူခဲ့တာပါ၊အမေသာ ကျွန်မကိုဒုက္ခပေးတာတွေရပ်တန်းကရပ်မယ်ဆိုရင် အမေ့ကို သေချာပြုစုစောင့်ရှောက်ပြီး အေးအေးချမ်းချမ်းအိုမင်းသွားခွင့်ပေးပါ့မယ်"

ယန်ကျန်းကျူ ကျိုးရှန့်သဲဘက်လှည့်ပြီး

"ရှန့်သဲ ကျွန်မတို့တွေက လင်မယားတွေပဲလေ၊ရှင့်ရောဂါကို ဖြည်းဖြည်းချင်းကုကြတာပေါ့၊တစ်နေ့တော့ ကျွန်မတို့ဆီမှာ ကိုယ်ပိုင်ကလေးလေးရှိလာနိုင်မှာပါ၊တစ်ကယ်ကံမပါလို့ ကလေးမရခဲ့ရင်တောင် ကျွန်မတို့တွေ ကလေးတစ်ယောက်မွေးစားပြီး သူများမိသားစုတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်လေ"

ကျိုးရှန့်သဲမှာ သူမစကားကြောင့် အလွန်တရာစိတ်လှုပ်ရှားသွားရသည်။ခဏတာတိတ်ဆိတ်သွားပြီးနောက်မှ ပြန်ဖြေလာ၏။

"ကျန်းကျူ ကိုယ်မင်းစကားကိုပဲ နားထောင်မယ်၊မင်းဘာပြောပြော မင်းပြောတဲ့အတိုင်းကိုယ်လုပ်မယ်"

ချောင်ရှီကြောင့် သူအသက်ပျောက်မလိုဖြစ်ခဲ့ရသည်ကြောင့် သူ့အမေကိုမယုံရဲတော့ပေ။ဤစကားအားကြားလိုက်ရသည့် ချောင်ရှီမှာတော့လင်မယားနှစ်ယောက်ကြားရှိရင်းနှီးသွားမှုကိုကြည့်ကာ ရုတ်ချည်းထိတ်လန့်သွားရသည်။သားနှင့်ချွေးမ၏ဖယ်ကျဥ်ခြင်းခံရမည်ကို သူမကြောက်ရွံ့စပြုလာပြီပင်။

All Chapters