အခန်း (၇၉)
Vol. 8 Ch. 79
ချောင်ရှီ ချက်ချင်းပင်တုန်တုန်ယင်ယင်ဖြင့် ဝန်ခံတော့သည်။
"ကျန်းကျူ အမေအရင်က မှားခဲ့ပါတယ်၊နောက်ကျ အမေပြောင်းလဲပါ့မယ်၊ဒီလိုမျိုး နောက်တစ်ခါဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ်နော်"
ယန်ကျန်းကျူ ကျေနပ်စွာဖြင့်ပြန်ဖြေလိုက်သည်။
"အမေက ဒီလိုပြောမှတော့ ချွေးမကလဲ နောက်ကျအမေ့အပေါ် သိတတ်လိမ္မာတဲ့ ချွေးမကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်"
ယန်ကျန်းကျူမျက်ဝန်းများ အနည်းငယ် တုန်ရီသွားပြီး စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ထောင်ဟွားသင်ပေးလိုက်သည့်အတိုင်း ပြောလိုက်မှပင် ဤအိမ်ရှိသူမအဆင့်အတန်းမှာ တစ်ကယ်ကို ချက်ချင်းမြင့်တက်သွားတော့၏။
သူမစိတ်ကို ပြန်ထိန်းကာ
"ထောင်ဟွားပြောတဲ့အတိုင်းဆို နောက်တစ်လနေရင် မိုးသီးတွေကြွေပြီး အေးလာတော့မှာဆိုတော့ ကျွန်မတို့ဆေးပင်ခင်းတွေအတွက် တဲဆောက်ဖို့အချိန်မဆွဲသင့်တော့ဘူး"
"ဟုတ်တယ် အခုပဲဆက်လုပ်ကြစို့"
ကျိုးရှန့်သဲ ချက်ချင်းတုံ့ပြန်လာသည်။
ကျိုးရှန့်သဲသည် သူ့အင်္ကျီရင်ဘတ်တွင်း ထောင်ဟွားပေးသောအဆောင်ကို ထည့်ထားလိုက်ပြီး ယခုဆိုလျှင် သူမအပေါ်ထားသော သူ့ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီပင်။ချောင်ရှီလည်း ထိုနည်းတူပင်ဖြစ်သည်။
ကျိုးထောင်ဟွား အိမ်ပြန်ရောက်သောအခါ ဒူးရင်းသီးနတ်ဆိုးကို ကျိုးရှန့်သဲတို့ အိမ်ဘက်အကဲခတ်ကြည့်ခိုင်းလိုက်၏။ရှန့်သဲတို့သားအမိ ဆေးပင်ခင်းထဲတွင် တဲအတူတူဆောက်နေကြသည်ဟု ပြောသံကြားသောအခါ သူမနှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုပေါ်လာတော့သည်။
အစ်မကျန်းကျူးတစ်ယောက်တော့ ယောက္ခမနဲ့ယောကျ်ားကို အောင်အောင်မြင်မြင်ဖိနှိပ်နိုင်သွားပြီထင်၏။
ကျိုးထောင်ဟွားသည် စိတ်ရွှင်လန်းစွာဖြင့် ကောက်ရိုးဖျာများကို ဆက်ရက်နေလိုက်သည်။ကျိုးကျားရွာတွင် ဆေးပင်ခင်းများအလွန်များပြားလှသဖြင့် ရွာနီးချုပ်စပ်များမှ လူများကိုတစ်နေ့လျှင် ပြားနှစ်ဆယ်ပေး၍ ငှားရမ်းလုပ်ကိုင်ကြရ၏။
ကံကောင်းထောက်မစွာဖြင့် ထောင်ဟွားတို့မိသားစုတွင် နတ်ဆိုးလေးကောင်အကူအညီရှိရာ လူမငှားဘဲနှင့်ပင်မိုးသီးမကျမီ ဆေးပင်ခင်းဆယ်မူအတွက် တဲများကို အချိန်မီဆောက်နိုင်ခဲ့သည်။
နှစ်ပတ်ခန့်အကြာတွင် တဲတိုင်များကို အောင်အောင်မြင်မြင်စိုက်ထူပြီးစီးခဲ့၏။တဲဆောက်သည့်အချိန်တွင် ဆေးပင်အချို့ထိခိုက်ပျက်စီးမှုရှိသော်လည်း အကုန်လုံးပျက်စီးသွားမည့်ဘေးနှင့် နှိုင်းယှဉ်ပါက လူတိုင်းမှာဤဆုံးရှုံးမှုကို လက်ခံနိုင်ကြသည်။
ထိုစဉ် တနျိုရွာမှလူအချို့လည်း ကျိုးကျားရွာသို့ အလုပ်လာလုပ်ကြလေ၏။ထိုနေ့တွင် ထောင်ဟွားတစ်ယောက် ကောက်ရိုးဖျာများကို နွားလှည်းပေါ်တင်ကာ ဆေးပင်ခင်းသို့သယ်သွားပြီး တဲအမိုးများအားမိုးကာ ဘေးနှစ်ဖက်ကိုကြိုးဖြင့် သေချာချည်နှောင်နေသည်။ဆေးပင်များအလင်းရောင်ရရှိစေရန် အမိုးကိုလုံးဝပိတ်ထားလို့မဖြစ်ပေ။
ရုတ်ချည်း ထောင်ဟွားအလုပ်ရှုပ်နေစဉ်မှာပင် သူမတို့အိမ်ဘက်ဆီမှ ဆူညံသံများနှင့်အော်ဟစ်သံများကို ကြားလိုက်ရသည်။
ဒူးရင်းသီးနတ်ဆိုးသည် အိမ်စောင့်ရန် ကျန်ရစ်ခဲ့သော်လည်း အားမနေပေ။အိမ်ခန်းမကြီးထဲထိုင်ကာ ကောက်ရိုးဖျာများကို ဆက်ရက်နေခဲ့ရသည်။ရက်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသဖြင့် သူမ၏ဆူးများပင်ပွန်းပဲ့ကုန်ပြီဟု ခံစားနေရ၏။
*ဒေါက် ဒေါက် ဒေါက်*
"ကျိုးထောင်ဟွား အိမ်မှာ ရှိလား တံခါးဖွင့်စမ်း"
ရုတ်တရက် အပြင်ဘက်မှနေ တံခါးခေါက်သံကျယ်ကျယ်ကို ကြားလိုက်ရသည်။ထောင်ဟွားအားရှာနေသူဖြစ်၍ ဒူးရင်းသီးနတ်ဆိုးမှာ တံခါးသွားဖွင့်ပေးကာ မည်သူမည်ဝါဖြစ်ကြောင်းမမေးရသေးမီမှာပင် လူတစ်စုသည် အိမ်ထဲသို့ဇွတ်အတင်း တိုးဝင်လာကြ၏။
"ကျိုးထောင်ဟွား ဘယ်မှာလဲ"
ကျန်းကန်သည် ခြံထဲဝင်လာကာဟိုကြည့်ဒီကြည့်လုပ်ရင်း အိမ်ထဲ၌တိတ်ဆိတ်နေသည်ကိုတွေ့လိုက်ရသည်။ဒူးရင်းသီးနတ်ဆိုးလေးသည် ချက်ချင်းရှေ့တက်လာပြီး တားဆီးလိုက်၏။
"အစ်မကျိုးက အပြင်သွားပါတယ်၊ရှင်တို့က ဘယ်သူတွေလဲ အစ်မကျိုးကို ဘာလို့ရှာတာလဲ"
ဒူးရင်းသီးနတ်ဆိုးသည် ထိုအမျိုးသားသုံးဦးမှာ ကျိုးကျားရွာသားများမဟုတ်သည်ကို သတိထားမိလိုက်သည်။သို့သော် အခုတလော ရွာထဲ၌လူစိမ်းအများအပြားရှိနေသဖြင့် သိပ်တော့ထူးဆန်းမနေပေ။
"ငါတို့က ကျန်းချိုက်ရှရဲ့အစ်ကိုတွေပဲ၊ကျိုးထောင်ဟွားက ငါ့ညီမရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးခဲ့တာမလို့ အခု ငါတို့ညီအစ်ကိုသုံးယောက်က ငါတို့ညီမအတွက် ကလဲ့စားလာချေတာလေ၊ညီအစ်ကိုတို့ ဖျက်ဆီးကြစမ်း အိမ်ထဲမှာရှိသမျှ အကုန်ရိုက်ခွဲပစ်ကြ"
ကျန်းကန်၏အမိန့်ပေးသံနှင့်အတူ ကျန်နှစ်ဦးမှာ အိမ်ထဲရှိပစ္စည်းများကို စပြီးရိုက်ခွဲရန်ရှာဖွေတော့သည်။ဒူးရင်းသီးနတ်ဆိုးသည် ဤလူဆိုးများကိုအိမ်ထဲသို့ သူမကိုယ်တိုင်လွှတ်ပေးမိမည်ဟု လုံးဝထင်မထားခဲ့ပေ။
နတ်ဆိုးလေးကောင်ထဲတွင် သူမမှာအမြဲတစေ အရှိန်အဝါအနည်းဆုံးဖြစ်ပြီး အစ်မကျိုးပင်လျှင် သူမအားအိမ်စောင့်ရန်အတွက်သာ အမြဲချန်ထားခဲ့လေ့ရှိသည်။အကယ်၍ အိမ်ကိုတောင်သေချာမစောင့်ရှောက်နိုင်လျှင် အစ်မကျိုးမှာ သူမအား စိတ်ပျက်သွားလိမ့်မည်ပင်။
ဒူးရင်းသီးနတ်ဆိုးမှာ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး အမျိုးသားသုံးဦးထံ အေးစက်သောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ဒါရှင့်တို့ဘာသာ ပြဿနာစရှာခဲ့တာနော်"
သူမလေသံမှာ ချစ်စရာကောင်းသောရုပ်လေးနှင့်ပင် လုံးဝမလိုက်ဖက်အောင်ရက်စက်လှသည်။
ကျန်းကန်နှင့် ကျန်နှစ်ဦးမှာ ခဏတာမျှ မှင်တက်သွားခဲ့သော်လည်း အသက်ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်မှာ မည်မျှထိကြောက်စရာကောင်းနိုင်မည်နည်းဟု တွေးလိုက်ကြ၏။သူတို့တစ်ကယ်ကြီးရူးနေလို့သာ ခုနကဤကလေးမလေးအားကြောက်သွားမိသည်ပင်။
ဒူးရင်းသီးနတ်ဆိုးမှာ ထူးဆန်းသောအပြုံးဖြင့်ပြုံးလိုက်ပြီး နက်မှောင်သောသူမဆံနွယ်များကြားထိုးထားသည့် ဒူးရင်းပန်းလေးမှာ တိတ်တဆိတ်ပွင့်အာလာတော့သည်။ကျန်းကန်တို့အုပ်စုမှ ပစ္စည်းများအား ရိုက်ခွဲရန်ပြင်လိုက်စဉ်မှာပင် အလွန်နံစော်သောအနံ့ဆိုးကြီးတစ်ခုကို ရုတ်ချည်းရလိုက်ကြသဖြင့် ချက်ချင်းလှည့်ကြည့်လာကြ၏။ထိုအနံ့မှာ လူကိုမူးမေ့လဲသွားစေနိုင်လောက်သည်ထိ ပြင်းထန်လှသည်။
ကျန်းကန်မှာ ကျန်းလီနှင့်ကျန်းရှန်းတို့ထံဆူပူလိုက်၏။
"မင်းတို့နှစ်ယောက် ဘောင်းဘီထဲအီးပါချလိုက်တာလား၊ဘာလို့ ဒီလောက်တောင်နံနေရတာလဲ ဝေါ့"
သူ့စကားပင်မဆုံးသေး ပျို့အန်ချင်စိတ်မှာ သူ့အားအတင်းနှိပ်စက်လာပါတော့သည်။
"အစ်ကိုကြီး ကျွန်တော့်အသက်က ဘယ်လောက်မလို့ ဘောင်းဘီထဲပါချရမှာလဲ"
ကျန်းလီပြန်ပြောလိုက်သလို ကျန်းရှန်းလည်း ချက်ချင်းငြင်းပယ်လာသည်။သို့သော် ညီအစ်ကိုသုံးယောက်စလုံး သတိထားမိလိုက်သည်မှာ ထိုငါးနှစ်အရွယ်ကောင်မလေး သူတို့အနားသို့တိုးလာလေလေ အနံ့မှာပိုပြင်းလာလေလေပင်။
နောက်ဆုံးတော့ အငယ်ဆုံးဖြစ်သူကျန်းရှန်းမှာ အရင်ဆုံးအရှုံးပေးကာခြံထဲမှ ပြေးထွက်သွားတော့သည်။ကျန်းလီလည်း နောက်မှကပ်လျက်လိုက်ပြေးတော့၏။မကြာမီမှာပင် ကျန်းကန်လည်း ထိုအနံ့ကိုသည်းမခံနိုင်တော့ပေ။သူတို့ညီအစ်ကိုသုံးယောက်မှာ တံခါးဝတွင်ရပ်နေသော ဒူးရင်းသီးနတ်ဆိုးထံ ထိတ်လန့်တကြားဖြင့်ကြည့်လိုက်ကြပြီး
"ကလေးမ မင်းဘာတွေလုပ်ထားလို့ ဒီလောက်တောင် နံစော်နေရတာလဲ"
သူတို့မှာဒေါသထွက်နေသော်လည်း မည်သူမှအနားမကပ်ရဲကြရာ ထိုကလေးမလေးနှင့် ဝေးနိုင်သမျှဝေးဝေးနေရန်သာ ကြိုးစားရတော့သည်။ဒူးရင်းသီးနတ်ဆိုးမှာ နှာခေါင်းရှုံ့လျက်အထင်သေးဟန်ဖြင့်ကြည့်ကာ
"ငါ့ကကလေးပါလို့ ဘယ်သူပြောလဲ၊ငါက နတ်ဆိုးဟ ဒူးရင်းသီးနတ်ဆိုး"
ထိုသို့ပြောပြီးနောက် ဒူးရင်းသီးနတ်ဆိုးသည် သူတို့မျက်စိရှေ့မှာပင် ပုံစံပြောင်းလဲပြလိုက်ပါတော့သည်။
"!!!"
"???"
ကျန်းညီအစ်ကိုသုံးယောက်မှာ ငါးနှစ်အရွယ်ကလေးမလေးမှသည် လူတစ်ရပ်စာလောက်ရှိသော ဒူးရင်းသီးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်အားမြင်လိုက်ရသောအခါ ထိတ်လန့်တကြားဖြင့် အော်ဟစ်ကာပြေးသွားကြတော့သည်။
"အား နတ်ဆိုးကြီး"
သူတို့သည် သူတို့နောက်မှကြောက်စရာကောင်းသည့် အရာတစ်ခု၏အလိုက်ခံနေရသည့်အလား အသည်းအသန် ပြေးသွားကြတော့သည်။ကလေးမလေးတစ်ယောက်ထံမှနေ ဤမျှနံစော်သည့်အနံ့မျိုးရလိုက်သည်ရော၊ဒူးရင်းသီးကြီးအဖြစ် ပြောင်းသွားသည်ကိုပါ ပထမဆုံးမြင်ဖူးခြင်းပင်။တစ်ကယ့်ကို ကြောက်စရာကောင်းလွန်းလှသည်။ကြောက်စိတ်ကြောင့် ဦးနှောက်ပင်အလုပ်မလုပ်တော့ဘဲ ထိုဒူးရင်းသီးနတ်ဆိုးနှင့် ဝေးရာသို့သာ အလိုလိုပြေးနေမိကြ၏။
ကျိုးထောင်ဟွားသည် သူမအိမ်ဘက်မှ အော်သံများကိုကြားလိုက်ရသဖြင့် စိုးရိမ်တကြီးအိမ်သို့ပြန်လာခဲ့သည်။ထင်မထားသည်မှာ လမ်းတစ်ဝက်တွင်လူသုံးဦးသည် ဆေးပင်ခင်းထဲမှနေ ရုတ်ချည်းပြေးထွက်လာကာ သူမဆီသို့ဦးတည်ပြေးလာမည်ကိုပင်။သူတို့အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် သူမမှာရှောင်ရန်အချိန်ပင်မရလိုက်ပေ။
ထောင်ဟွားမှ သူမ၏ခေါင်းကိုအုပ်ကာ တိုက်မိတော့မည်ဟု တွေးလိုက်စဉ်မှာပင် တစ်စုံတစ်ယောက်မှာ သူမလက်မောင်းကိုဆွဲ၍ ဘေးသို့အမြန်ရှောင်စေလိုက်သည်။သူမခန္ဓာကိုယ်မှာ လည်ထွက်သွားပြီး မည်သူမှန်းမမြင်ရသေးမီမှာပင် ငွေရောင်ဆံနွယ်တစ်စွန်းတစ်အား မြင်လိုက်ရ၏။
ထို့ပြင် သူမကိုယ်ထဲသို့သန့်စင်သောဝိညာဉ်စွမ်းအားများ စီးဝင်လာသည်ကို ခံစားလိုက်ရချိန်မှာတော့ ထောင်ဟွားနှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုပေါ်လာတော့သည်။သူမလှည့်ကြည့်လိုက်ချိန်မြင်လိုက်ရသည်မှာ တစ်ကယ်ကိုအစ်ကိုရှန်းမင်ဖြစ်နေ၏။
"အဆင်ပြေရဲ့လား သူတို့တိုက်မိသွားသေးလား"
ရှန်းမင်မှာ သူမလက်ကောက်ဝတ်ကိုကိုင်ရင်း ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကို အကဲခတ်ကြည့်လျက် စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။