← Chapters

အခန်း (၈၀)

Vol. 8 Ch. 80

အခန်း (၈၀)

Vol. 8 Ch. 80

ရှန်းမင်မှာထွက်ပြေးသွားသည့် လူသုံးဦး၏နောက်ကျောအားကြည့်ကာ ပြောလိုက်၏။

"သူတို့က ရွာသားတွေငှားထားတဲ့ အလုပ်သမားတွေထင်တယ်"

သူတို့ပြေးသွားသည်မှာ သရဲကိုတွေ့လိုက်ရ၍ အမောတကောပြေးသွားကြသည့်အတိုင်းပင်။

"အစ်ကိုရှန်းမင် အစ်ကိုရောအလုပ်သမား ငှားထားသေးလား"

ရှန်းမင်ထံတွင် ဆေးပင်ခင်းငါးမူရှိသည်ကို ထောင်ဟွားမှတ်မိနေ၏။တစ်ယောက်တည်းဖြင့် ဤအကျယ်အဝန်းအားထိန်းသိမ်းရန်မှာ မလွယ်ကူသလို ယခုသက်ကယ်မိုးတဲများပါ ဆောက်ရဦးမည်ဖြစ်၍ အလုပ်ပိုများလာပြီပင်။သူမတို့အိမ်တွင် ဆေးပင်ခင်း ဆယ်မူထိရှိသော်လည်း လူသုံးဦးအပြင် နတ်ဆိုးလေးကောင်၏အကူအညီပါရှိနေသေး၏။

"အင်း တနျိုရွာကလူအချို့ကိုကူညီခိုင်းဖို့ ရွာလူကြီးဆီအကူအညီတောင်းထားတယ်၊ဒီနေ့သုံးယောက်လာမှာလေ ကျန်တဲ့လူတွေကတော့ အိမ်မှာတင်ကောက်ရိုးဖျာတွေရက်နေကြတယ်၊ပြီးတာနဲ့ သယ်လာပေးကြမှာ"

ဤသည်ကိုကြားပါမှ ထောင်ဟွားလည်းစိတ်အေးသွားပြီး ပြောလိုက်သည်။

"ကျွန်မတို့အိမ်အလုပ်တွေပြီးရင် လာကူပေးမယ်လေ"

ရှန်းမင်မှာ ကောက်ရိုးဖျာများရက်ရလွန်း၍ ပွန်းပဲ့နေသောထောင်ဟွားလက်ချောင်းများကိုငုံ့ကြည့်ကာ လေသံဖွဖွဖြင့်ပြောလိုက်၏။

"ကိုယ် လူငှားထားတာမလို့ မကြာခင်ပြီးသွားမှာပါ၊မင်း အပင်ပန်းမခံပါနဲ့"

ထိုသို့ပြောပြီးနောက် ရှန်းမင်မှာထွက်သွားရန်ပြင်လိုက်ပေသိ ထောင်ဟွားမှာသူ့လက်အား ရုတ်တရက်ကြီးလှမ်းဆွဲလိုက်သည်။သူမလက်မှလာသည့်နွေးထွေးမှုကြောင့် ရှန်းမင်မျက်ဝန်းအစုံမှာ တုန်ရီသွားပြီး နားရွက်ဖျားလေးတွေထိပါ မသိမသာနီရဲလာတော့၏။

"ရွာသူကြီးငှားပေးလိုက်တဲ့ လူသစ်သုံး ယောက် အလုပ်ဘယ်လိုလုပ်လဲဆိုတာ သွားကြည့်ရဦးမယ်"

ထောင်ဟွားသည်တော့ ဝိညာဉ်စွမ်းအား အနည်းငယ်သာရလိုက်သည်မို့ သူမလက်ချောင်းလေးများကိုသာ ပွတ်သပ်ရင်း မကျေမနပ်ဖြစ်ကျန်ခဲ့တော့သည်။ရုတ်တရက် သူမတစ်ခုခုကိုသတိရသွားပြီး အိမ်သို့အပြေးအလွှားပြန်လာခဲ့လိုက်၏။

အိမ်၌ မည်သည်တို့ဖြစ်သွားသည်နှင့် ဒူးရင်းသီးနတ်ဆိုးလေးတစ်ယောက်တည်း အဆင်ပြေမပြေကိုစိုးရိမ်သွားရသည်။

အိမ်ပြန်ရောက်ချိန်တွင် ဒူးရင်းသီးနတ်ဆိုးမှာ လူတစ်ရပ်စာရှိသည့်ဒူးရင်းသီးကြီးအသွင်ဖြင့် တံခါးဝ၌ရပ်နေသည်ကို တွေ့လိုက်ရတော့၏။

"???"

ထောင်ဟွားတစ်ယောက် ဤပုံစံအားမမြင်ရသည်မှာကြာပြီဖြစ်၍ အံ့သြတကြီးကြည့်နေမိသည်။

"ဒူးရင်းသီးနတ်ဆိုးလေး ဘာလုပ်နေတာလဲ၊အိမ်မှာ ဘာဖြစ်သွားသေးလဲ"

ထောင်ဟွားပြန်လာသည်ကိုမြင်တော့မှ နတ်ဆိုးလေးမှာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြန်ဖြေလာ၏။

"အစ်မကျိုး အမြန်ဝင်ခဲ့လေ၊လူဆိုးသုံး ယောက်က အိမ်ကိုလာရှာတယ်၊အစ်မက သူတို့ညီမချိုက်ရှရဲ့မင်္ဂလာပွဲကို ဖျက်ဆီးခဲ့လို့ဆိုပြီး အိမ်ထဲကပစ္စည်းတွေကို ရိုက်ခွဲဖို့လုပ်နေကြတာလေ၊တော်သေးတာပေါ့ ကျွန်မရဲ့အနံ့ဆိုးနဲ့ သူတို့ကိုမောင်းထုတ်လိုက်ပြီး ဒူးရင်းသီးကြီးပုံစံနဲ့ ခြောက်လွှတ်လိုက်တာ ပြေးသွားကြရော"

"ငါ့ကိုလာရှာတာလား လူသုံးယောက်ပေါ့လေ ကျန်းချိုက်ရှဟုတ်လား"

ထောင်ဟွားမှာ ခုနကဆေးပင်ခင်းထဲမှနေ ပြေးထွက်လာပြီး သူမအားတိုက်မိတော့မလိုဖြစ်သွားသည့် လူသုံးယောက်ကို ချက်ချင်းပြေးမြင်လိုက်သည်။

"တစ်ယောက်က ပိန်ပိန်ပါးပါးအရပ်ရှည်ရှည်၊နောက်တစ်ယောက်ကကျ ပုတက်တက်နဲ့ဝတုတ်၊နောက်ဆုံးတစ်ယောက်က အသားမည်းမည်းနဲ့မလား"

"ဟုတ်တယ် အစ်မနဲ့သူတို့တွေ့ခဲ့သေးတာလား အစ်မဘာမှမဖြစ်ဘူးမလား"

နတ်ဆိုးလေးမှာ စိုးရိမ်တကြီးဖြင့်မေးလာ၏။

ထောင်ဟွားထံတွင် စွမ်းအားရှိပေသိ ကိုယ်ကာယပိုင်းတွင်တော့ ကျေးလက်ရှိလူထွားကြီးများကို ယှဉ်နိုင်မည်မဟုတ်ပေ။ထောင်ဟွား ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်။

"သူတို့ကငါ့ကိုမမှတ်မိကြဘူးလေ၊ဒါပေမယ့် နင့်ကိုတော့တော်တော်ကြောက်သွားကြပုံပဲ"

ဒူးရင်းသီးနတ်ဆိုးထံတွင် ဤကဲ့သို့စွမ်းရည်မျိုးရှိနေမည်ဟု သူမထင်မထားခဲ့ပေ။အိမ်စောင့်ခိုင်းထားသည်မှာ တစ်ကယ်ကိုမှန်သွားခဲ့ပေသိ ဤလူစိမ်းသုံး ယောက်မှာ အဘယ်ကြောင့်သူမအား ရန်လာရှာရသနည်း။ထောင်ဟွားသည် ဆေးပင်ခင်းထဲရှိ လူသန်ကြီးအားသွားခေါ်ပြီး ခုနလူသုံးယောက်ကို ရွာထဲ၌လိုက်ရှာရန်ပြင်လိုက်သည်။

ရှန်းမင်မှ သူ့ဆေးပင်ခင်းဆီပြန်ရောက်ချိန်တွင် လယ်ကန်သင်းပေါ်ရပ်နေသည့် လူစိမ်းသုံးယောက်အား တွေ့လိုက်ရတော့၏။အလုပ်သမားခေါင်းဆောင်ဖြစ်သော လောင်ထောင်မှာရှန်းမင်ရောက်လာသည်အားမြင်သော် ကျန်းညီအစ်ကိုသုံးယောက်နှင့်မိတ်ဆက်ပေးလိုက်သည်။

"ရှောင်ကန်တို့ ဒါငါတို့ရဲ့အလုပ်ရှင်ရှန်းမင်ပဲ"

"သခင်လေး ဒီညီအစ်ကိုသုံးယောက်က ဒီနေ့လာကူညီမယ့်သူတွေပါ၊သူတို့လဲတနျိုရွာကပဲဆိုတော့ ကျွန်တော့်တို့ရွာသားတွေပဲပေါ့။အကြီးဆုံးက ကျန်းကန် ဒုတိယက ကျန်းလီ အငယ်ဆုံးက ကျန်းရှန်းတဲ့"

ကျန်းညီအစ်ကိုသုံးယောက်မှာ ဆံပင်ဖြူဖြူဖြင့်ကောင်လေးအား ပထမဆုံးအကြိမ်မြင်လိုက်ရသည့်အခါ သူတို့အကြည့်များမှာ တောင့်တင်းသွားပြီး မျက်လုံးများထဲတွင်လည်း စက်ဆုပ်ရွံရှာရိပ်တို့ဖြတ်ပြေးသွားတော့သည်။

ရှန်းမင်၏ဆံနွယ်ဖြူတို့မှာ နေရောင်အောက်တွင် ဆီးနှင်းများဖုံးလွှမ်းနေသည့်အလား တောက်ပလွန်းလှ၏။ကျန်းညီအစ်ကိုသုံးယောက်မှာတော့ မျက်မှောင်ကြုံ့ကာ အထင်သေးသည့်အကြည့်များဖြင့်သာကြည့်နေကြသည်။

ကျန်းကန်မှာ ရှန်းမင်အားခေါင်းအစခြေအဆုံးအကဲခတ်ကြည့်ပြီး နှုတ်ခမ်းအားရွံရှာဟန်ဖြင့်မဲ့လိုက်၏။သူ့အတွက်တော့ ဤဆံပင်ဖြူများအားကြည့်ရသည်မှာ အလွန်စက်ဆုပ်စရာကောင်းနေသည်ပင်။တစ်ရက်ကို ပြားနှစ်ဆယ်ရမည်ကြောင့်သာမဟုတ်လျှင် သူတို့သည်ဤနေရာ၌ တစ်စက္ကန့်ပင်ဆက်နေမည်မဟုတ်ပေ။

သို့သော် ကျန်းကန်မှာ ဟန်ဆောင်ပြုံးဖြင့် နှုတ်ဆက်လာ၏။

"မင်္ဂလာပါ သခင်လေး ကျွန်တော်တို့ညီအစ်ကိုတွေက တောင့်တောင့်တင်းတင်းရှိလို့ အလုပ်ကိုကြိုးစားပမ်းစားလုပ်ပေးနိုင်ပါတယ်"

ကျန်းလီနှင့်ကျန်းရှန်းတို့လည်း ယောင်ဝါးလိုက်ပြောလိုက်ကြသည်။

"ဟုတ်ပါတယ် သခင်လေး၊စိတ်ချလက်ချသာ ခိုင်းပါ"

ရှန်းမင်သည်တော့ သူ့ဘဝတစ်လျှောက်လုံး အထင်သေးသည့်အကြည့်များကိုခံခဲ့ရဖူးသူမို့ ဤညီအစ်ကိုများ၏မျက်လုံးထဲရှိ ရွံရှာမှုကိုချက်ချင်းရိပ်မိလိုက်၏။ထို့ပြင် သူတို့အသံများကိုလည်း ရင်းနှီးနေသလိုပင်။အစောပိုင်း၌ ထောင်ဟွားအိမ်ဘက်မှကြားလိုက်ရသည့် အသံများနှင့်အတူတူဖြစ်နေသည်ကိုသိလိုက်ရ၏။

သူအေးစက်စက်လေသံဖြင့်မေးလိုက်သည်။

"မင်းတို့ ခုနကကျိုးထောင်ဟွားအိမ်ဘက်ကနေ လာကြတာလား"

ကျိုးထောင်ဟွားအမည်ကိုကြားလိုက်သည်နှင့် ကျန်းကန်၏ငြိမ်သက်စပြုနေသောဒေါသများမှာ ပြန်ထွက်လာပါတော့သည်။သူသည်မြည်တွန်တောက်တီးရင်း

"အဲဒီကျိုးထောင်ဟွားက တစ်ကယ်ရက်စက်တဲ့မိန်းမပဲ၊ကျွန်တော့်ညီမမင်္ဂလာပွဲကို ဖျက်ဆီးခဲ့လို့ သူ့ကိုသင်ခန်းစာပေးဖို့ အိမ်ထိလိုက်သွားခဲ့ပေမယ့် သူကအိမ်မှာမရှိဘူးလေ၊ကျွန်တော်တို့သုံးယောက်လုံးလဲ အနံ့ဆိုးတွေစွဲကုန်ရုံတင်မကဘူး သေမတတ်ကြောက်ခဲ့ရသေးတယ်၊ငါးနှစ်သမီးလေးက လူတစ်ရပ်စာဒူးရင်းသီးကြီးဖြစ်သွားတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပဲ၊အဓိပ္ပာယ်ကိုမရှိတာ"

ကျန်းကန်မှာ တရစပ်ပြောနေပါတော့သည်။

ရှန်းမင်မျက်လုံးများ ဖြည်းဖြည်းချင်းအေးစက်လာသည်ကိုတော့ သူတို့သတိမထားမိခဲ့ကြပေ။ခုနက ထောင်ဟွားကိုတိုက်မိမလိုဖြစ်သွားတာက မတော်တဆမဟုတ်ဘဲ တမင်သက်သက်သင်ခန်းစာပေးဖို့လာခဲ့ကြတာကိုး။

"မင်းတို့ထဲက တစ်ယောက်ယောက်သာ ကျိုးထောင်ဟွားအိမ်မှာ ပြဿနာထပ်ရှာရဲရင် ငါမင်းတို့လက်တွေကို ရိုက်ချိုးပစ်မယ်"

*ဂျွတ်*

ရှန်းမင်လက်ထဲရှိသံတုတ်တစ်ချောင်းမှာအသာလေးဖိလိုက်ရုံနှင့် ပုံပျက်ရှုံ့တွသွားသည်ကိုမြင်လိုက်ရသော ကျန်းညီအစ်ကိုများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။သူကကျိုးထောင်ဟွားနဲ့ ဘာဆိုင်လို့ဒီလောက်ထိကာကွယ်ပေးနေရတာလဲ။

"ကျွန် ကျွန်တော်နားလည်ပါပြီ"

ကျန်းကန်မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြန်ဖြေလိုက်၏။

"မင်းတို့အခုချက်ချင်း ဒီကနေထွက်သွားတော့၊ငါ့မျက်စိရှေ့ကို နောက်တစ်ခါထပ်ပေါ်မလာစေနဲ့"

ပုံပျက်နေသည့်သံတုတ်ကြီးမှာ ကျန်းကန်ခြေရင်းသို့ ဘုတ်ကနဲပြုတ်ကျလာသည်ကြောင့် လန့်ဖြပ်ပြီးခုန်လိုက်မိသည်။ရှန်းမင်မှ သူ့ကိုပါ ဤသံတုတ်လိုဖိညှစ်ပစ်မည်အား အလွန်တရာကြောက်ရွံ့သွားခဲ့၏။ကျိုးကျားရွာရှိ ရှန်းမင်မှာဝံပုလွေများကိုပင် သတ်ပစ်နိုင်‌သည့်ခွန်အားရှိသောမုဆိုးတစ်ယောက်ဆိုပြီး သူတို့တနျိုရွာတွင်တောင် နာမည်ကြီးသည်လေ။

သူ့ညီနှစ်ယောက်အားဆွဲပြီး သူအမြန်ပြေးသွားလိုက်တော့သည်။ဤလူမှာ အင်မတန်ကြောက်စရာကောင်းလွန်း၏။အလုပ်ဆက်လုပ်ခိုင်းလျှင်ပင် သူတို့မလုပ်ရဲတော့ပေ။

ထိုအချိန်မှာပင် ကျိုးထောင်ဟွားနှင့်လူသန်ကြီးတို့ရောက်လာပါတော့သည်။သူမမှာ ရှန်းမင်တစ်ယောက် ကျန်းညီအစ်ကိုများအားသတိပေးနေသည်ကို အကုန်ကြားလိုက်ရ၏။သူမ ရှန်းမင်ထံကြည့်လိုက်ရာ ရှန်းမင်တစ်ယောက်ဤမျှထိဒေါသထွက်နေသည်ကို မြင်ဖူးသည်မှာပထမဆုံးအကြိမ်ပင်။ထောင်ဟွားနှုတ်ခမ်းဖျားထက်တွင်တော့ အပြုံးဖျော့ဖျော့လေးတစ်ခုပေါ်လာတော့သည်။

ထောင်ဟွား ရှေ့သို့လျှောက်လာပြီး

"ကျွန်မက ကျိုးထောင်ဟွားပါ၊ကျွန်မအိမ်မှာ ပြဿနာလာရှာတဲ့သူတွေက ရှင်တို့လား"

ပြေးရန်ပြင်နေသည့်ကျန်းညီအစ်ကိုများမှာ ကျိုးထောင်ဟွားအသံကိုကြားသည်နှင့် ချက်ချင်းခေါင်းယမ်းကာငြင်းဆိုလိုက်ကြသည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ကျွန်တော်တို့တွေက ပြဿနာမရှာပါဘူး၊မိုးလဲချုပ်တော့မှာဆိုတော့ အိမ်ပြန်ပြီးညစာသွားစားကြမလို့ပါ"

လောင်ထောင် : "အခုမှ မနက်ပဲရှိသေးတာမဟုတ်ဘူးလား"

All Chapters