အခ်န်း (၄၀၁-၄၀၂)
Vol. 21 Ch. 401-402
အပိုင်း (၄၀၁) ဒီမှာပဲနေပါ
ခဏတာ စကားစမြည်ပြောပြီးနောက် ဝန်ကြီးရမ်က လက်ဆောင်ပစ္စည်းများကို ထားခဲ့ကာ လက်ဖက်ရည်တစ်ငုံပင် မသောက်ဘဲ ပြန်သွားလေသည်။
လော်ယွမ်သည် သူ့ကို တံခါးဝအထိ လိုက်ပို့ပြီးနောက် ပြန်လာထိုင်လိုက်သည်။
ကွမ်ကျစ်ဖိန်မှာမူ ထိုင်မရထမရ ဖြစ်နေတော့သည်။ စောစောက သူပြောခဲ့သော ကြွားလုံးထုတ်စကားများအတွက် အချိန်ကို နောက်ပြန်လှည့်ပြီး ပြန်ရုတ်သိမ်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။
သူသည် အရိပ်အကဲ မသိသော လူအ၊ လူနုံ တစ်ယောက် မဟုတ်ပေ။
မြို့တော်ကောင်စီ လုံခြုံရေးဌာနမှ ဝန်ထမ်းတစ်ဦးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဌာနမှ ဝန်ကြီးရမ်ကို သူ မသိဘဲ နေမည်မဟုတ်။
ဝန်ကြီးရမ် ကိုယ်တိုင်လာရောက်ပြီး လက်ဆောင်ပေးရလောက်အောင် အရေးပါသောသူသည် သာမန် "အဆင့်မြင့်လူသား" တစ်ယောက် ဖြစ်နိုင်ပါ့မလား။
ထို့အပြင် ခုနက ဝန်ကြီးရမ်၏ လေသံကို ထောက်ရှုကြည့်လျှင် သူလာရောက်ရခြင်းမှာ အထက်လူကြီးများက တာဝန်ပေးလိုက်၍ ဖြစ်ပုံရသည်။
အကယ်၍ အလွန်အကျွံ ဖြစ်သွားမည်ကို မစိုးရိမ်ပါက ဒီထက် ရာထူးကြီးသူများပင် လာရောက်ကောင်း လာရောက်နိုင်သည်။
ဤသို့သော ပုဂ္ဂိုလ်မျိုးသည် သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
စဉ်းစားလေလေ သူ စိုးရိမ်ပူပန်လာလေလေပင်။ ခဏလောက် အောင့်အီးသည်းခံပြီး ထိုင်နေသော်လည်း နောက်ဆုံးတွင် ဆက်မထိုင်နိုင်တော့ပေ။ "တောင်းပန်ပါတယ်ဗျာ... ကျွန်တော့်မှာ ကိစ္စလေးရှိသေးလို့ အရင်ပြန်နှင့်ပါရစေ"
"ကောင်းကောင်း သွားပါ" လော်ယွမ်က လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။
ကွမ်ကျစ်ဖိန်သည် မျက်နှာပျက်ပျက်ဖြင့် ထရပ်ကာ တံခါးဝဆီသို့ လျှောက်သွားသည်။
သူ့ကျောနောက်မှ တစ်စုံတစ်ယောက်က "ခွိ" ခနဲ ရယ်လိုက်သံကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး ပူထူသွားပြီး ခေါင်းငုံ့ကာ ခြေလှမ်းကျဲကြီးများဖြင့် အမြန်ထွက်ခွာသွားတော့သည်။
ဤနေရာတွင် တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ပေ။
"မရိုင်းရဘူး" လော်ယွမ်က မှတ်ချက်ချလိုက်သည်။
"သမီး တမင်ရယ်လိုက်တာ... ခုနတုန်းကတော့ ယုံကြည်ချက်အပြည့်နဲ့ ဖြောင့်မတ်တည်ကြည်မယ့် ပုံစံဖမ်းနေပြီးတော့... နောက်ဆုံးကျတော့လည်း အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်တဲ့ လူစားမျိုးပဲ"
လော်ယွမ် စိတ်မဆိုးသည်ကို တွေ့သောအခါ ဝမ်ရှီရှီက မထီမဲ့မြင် ပြောလိုက်သည်။
လော်ယွမ် ရယ်လိုက်မိသည်။ ဒါသည် လူ့သဘာဝပင် မဟုတ်ပါလော။ စိတ်ထဲတွင် အသိတရား ရှိနေသရွေ့ ဤအခြေအနေမျိုးကို ကြုံတွေ့ရပါက မည်သူမျှ ယုံကြည်မှု ရှိနိုင်တော့မည် မဟုတ်ပေ။
အစွမ်းအစ အနည်းငယ်သာရှိသော သာမန် "အဆင့်မြင့်လူသား" တစ်ယောက်အနေဖြင့် အစိုးရအရာရှိကြီးများနှင့် ရင်ဆိုင်ရသောအခါ စိတ်ထဲတွင် ကြောက်ရွံ့မှု ဖြစ်ပေါ်လာသည်မှာ သဘာဝပင်။
"ဝန်ကြီးရမ် ဘာတွေ ပေးသွားလဲဆိုတာ သမီး ကြည့်လိုက်ဦးမယ်" ဝမ်ရှီရှီသည် လက်ဆောင်အိတ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် အံ့ဩတကြီး ပြောလိုက်သည်။ "ဟယ်... အဆင့် (၇) သားရဲ အသားမှုန့် ၃ ပုလင်းပဲ"
"ဒါ ရှားပါးပစ္စည်းပဲ" လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ မျှော်လင့်ချက်မြို့ က ဒီတစ်ခေါက် လက်စွမ်းပြလိုက်ခြင်းပင်။
အဆင့် (၇) အသားမှုန့်သည် အလွန်ရှားပါးပြီး သူတောင် တစ်ခါမှ မမြင်ဖူးပေ။ ပြန်လည်ထူထောင်ရေးဇုန် ဧရိယာအတွင်းတွင် ဤမျှမြင့်မားသော အဆင့်ရှိသည့် သတ္တဝါမှာ အလွန်ရှားပါးလှသည်။
တစ်ကောင်တလေ သတ်ဖြတ်နိုင်ခဲ့လျှင်လည်း စစ်တပ်က ခွဲဝေယူငင်သွားကြသဖြင့် မျှော်လင့်ချက်မြို့သို့ ရောက်လာရန် အလွန်ခဲယဉ်းသည်။
"အရမ်း တန်ဖိုးကြီးလွန်းနေမလား" ကျိုးယလီက ဝင်ပြောသည်။
"အဲဒီလောက်လည်း မဟုတ်ပါဘူး... နည်းနည်း ရှားရုံပါပဲ" လော်ယွမ်က ပြောလိုက်သည်။
အဆင့် (၇) သတ္တဝါများကို သူ သတ်ဖြတ်ခဲ့သည်မှာ အကောင်ရေ မနည်းတော့ပေ။
ထို့ကြောင့် ဤအသားမှုန့်ကို သိပ်ပြီး အထင်ကြီးလေးစားမှု မရှိလှ။ ထို့ပြင် ဤကဲ့သို့ စေးကပ်ကပ် အရာများကို သူ သိပ်သဘောမကျ၊ လတ်ဆတ်သော အသားကိုသာ ပိုနှစ်သက်သည်။
ဝမ်ရှကွမ်သည် လော်ယွမ်နှင့် အခြားသူများ ရယ်ရယ်မောမော စကားပြောနေကြသည်ကို ကြည့်ရင်း စိတ်ထဲတွင် အားငယ်နေမိသည်။
နွေးထွေးသော မိသားစု ပုံရိပ်လွှာတစ်ခုတွင် သူမက ပြင်ပလူတစ်ယောက်ကဲ့သို့ သဟဇာတ မဖြစ်ဘဲ ကျန်ရစ်နေသလို ခံစားလိုက်ရသည်။
ဤတစ်ခေါက် ကွမ်ကျစ်ဖိန်ကို ခေါ်လာရခြင်းမှာ သူ့ဘက်က အနှောင့်အယှက်ပေးလွန်းသဖြင့် လော်ယွမ်ကို အကြောင်းပြကာ သူ့ကို လက်လျှော့သွားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း လော်ယွမ်ကို အရိပ်အမြွက်ပြကာ နောက်ဆုံး အခွင့်အရေး ပေးခြင်းလည်း ဖြစ်သည်။
အကယ်၍ လော်ယွမ်ဘက်က တုံ့ပြန်မှု မရှိခဲ့လျှင် သူမအနေဖြင့် ဤသံယောဇဉ်ကို အပြီးတိုင် စွန့်လွှတ်လိုက်တော့မည် ဖြစ်သည်။
ကမ္ဘာပျက်ကပ် ကာလတွင် အမျိုးသမီးတစ်ယောက်အနေဖြင့် မိသားစုဘဝတစ်ခု လိုအပ်သည်မှာ အမှန်ပင်။
အဖွဲ့အစည်း၏ ဖိအားနှင့် လူထုအမြင် ဖိအားများက သူမကို အသက်ရှူကျပ်စေသည်။ အစိုးရက လစဉ်ကျင်းပပေးသော "အိမ်ထောင်ဖက် ရွေးချယ်ပွဲ" များကလည်း သူမအတွက် ကြီးမားသော ဖိအားတစ်ရပ် ဖြစ်စေသည်။
သူမလည်း အသက်မငယ်တော့ပေ။ မိသားစုတစ်ခု တည်ဆောက်သင့်သည့် အချိန်ရောက်နေပြီ ဖြစ်သည်။
သူမ စိတ်ဓာတ်ကျစွာဖြင့် ခဏထိုင်နေပြီးနောက် အကြောင်းပြချက်တစ်ခု ပေးကာ မတ်တတ်ထရပ်လိုက်သည်။
"ကျွန်မ ခဏနေရင် အစည်းအဝေးတစ်ခု ရှိသေးတယ်... အရင် ပြန်နှင့်တော့မယ်"
"ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ... ထမင်းစားပြီးမှ ပြန်ပါလား" ကျိုးယလီက အလျင်အမြန် တားလိုက်သည်။
"အချိန်နည်းနည်း ကပ်နေလို့ပါ... ဌာနရောက်မှပဲ စားလိုက်တော့မယ်" ဝမ်ရှကွမ်က အတင်းဟန်ဆောင် ပြုံးကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ခဏလေး"
လော်ယွမ်က သူမ၏ လက်ကို လှမ်းဆွဲထားလိုက်သည်။ သူမက မသိမသာ ရုန်းထွက်ရန် ကြိုးစားသော်လည်း သူက အတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။ "ဒီကိုပဲပြန်ပြောင်းလာခဲ့ပါ... အားလုံးတူတူနေတော့ ပိုပျော်စရာ ကောင်းတာပေါ့"
ဝမ်ရှကွမ်၏ တစ်ဖက်သတ် ချစ်ခြင်းမေတ္တာကို သူ အသားကျနေခဲ့ပြီ ဖြစ်သည်။ ဟိုအရင်ကတည်းက သူမအပေါ် ဘာခံစားချက်မှ မရှိသလို၊ သူမ ရှိနေခြင်းကိုလည်း ပုံသေကားကျ မှတ်ယူထားခဲ့သည်။
သို့သော် ခုနက ပြိုင်ဘက်တစ်ယောက် ပေါ်လာမှသာ သူ ရုတ်တရက် အသိဝင်လာသည်။ သူမကို သူ နှမြောတသ ဖြစ်မိကြောင်း နားလည်လိုက်ခြင်း ဖြစ်သည်။
ဝမ်ရှကွမ် အခြားသူတစ်ယောက်၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားမည့် အဖြစ်အပျက်ကို သူ တွေးပင် မတွေးရဲပေ။ ဒါသည် ကြီးမားသော ဝမ်းနည်းပူဆွေးမှု ဖြစ်လာလိမ့်မည်။ ကံကောင်းသည်မှာ ယခုအချိန်သည် အရမ်းနောက်မကျသေးပေ။
"ဟုတ်တာပေါ့" ဟွမ်ကျားဟွေလည်း ခဏတာ ကြောင်အမ်းသွားပြီးနောက် သတိဝင်လာကာ ဝင်ပြောသည်။
သဲကန္တာရမြို့ တွင် စိတ်ညှို့ပညာရှင်၏ ထိန်းချုပ်မှုကို ခံခဲ့ရစဉ်က အမျိုးသမီးချင်း အတူတကွ ဒုက္ခခံစားခဲ့ကြရသည်။ ထိုအချိန်ကတည်းက ဝမ်ရှကွမ်ကို စိတ်ရင်းဖြင့် လက်ခံထားပြီးသား ဖြစ်သည်။
ဝမ်ရှကွမ်သည် ခဏတာ ရုန်းကန်နေပြီးနောက် လက်လျှော့လိုက်သည်။ သို့သော် မျက်နှာထားက မကောင်းလှပေ။
"နင် ဘာကိုပြောချင်တာလဲ... ငါ့ကိုသနားလို့လား... ဟုတ်တယ်... ငါ နင့်ကို သဘောကျတာ အမှန်ပဲ... ဒါပေမဲ့ အဲ့တာနဲ့ပဲ နင်ငါ့ကို အထင်သေးလို့ရမယ် မထင်နဲ့... ငါ ဝမ်ရှကွမ်က အဲဒီလို မိန်းမမျိုး မဟုတ်ဘူး"
သူမ၏ စရိုက်တွင် မွေးရာပါ မာန်မာနရှိသည်။ ချစ်ရဲမုန်းရဲသော်လည်း အောက်ကျို့ခံမည့် လူစားမျိုးတော့ မဟုတ်။
"စိတ်အေးအေးထားပါ" လော်ယွမ်က အတိတ်ကို ပြန်ပြောင်းပြောပြသည်။
"ငါတို့ သိကျွမ်းခဲ့တာ ကြာပြီနော်... အဲဒီတုန်းက နင်က ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်... ကုမ္ပဏီတစ်ခုတည်းမှာ အတူလုပ်ခဲ့ကြတယ်... အဲ့ဒီတုံးက ကန်တော်ကြီးပန်းခြံမှာ အကင်စားပြီး အပြန်မှာ နင် ငါ့ကို ပြောခဲ့ဖူးတယ်... နင့်အိမ်မှာ မြေအောက်စခန်း ဆောက်ထားတယ်... နေစရာမရှိရင် ငါ့ဆီမှာ လာနေပါတဲ့... အဲဒီစကားကို ငါ့ရင်ထဲမှာ အမြဲမှတ်ထားတယ်... ဘယ်တော့မှ မမေ့ခဲ့ဘူး"
ဝမ်ရှကွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ ဘာကြောင့်မှန်းမသိ ရင်ထဲတွင် ဝမ်းနည်းမှုများ လှိုက်တက်လာကာ မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။
ဟွမ်ကျားဟွေက ဝမ်ရှီရှီနှင့် ချန်ကျားရီတို့ကို ဆွဲခေါ်ပြီး ဧည့်ခန်းထဲမှ တိတ်တဆိတ် ထွက်ခွာပေးလိုက်ကြသည်။
"လူဆိုတာ သစ်တုံး၊ ကျောက်တုံးမှ မဟုတ်တာ... ဘယ်သူက ခံစားချက် မရှိဘဲ နေမှာလဲ... နင့်ရဲ့ သံယောဇဉ်ကို ငါ ဘယ်လိုလုပ် မသိဘဲနေမှာလဲ... ဒါပေမဲ့ အဲဒီအချိန်တုန်းက နင်က သူဌေးသမီးလေ... အရမ်းလှတယ်... ပိုက်ဆံချမ်းသာတယ်... ငါကတော့ ဆင်းရဲသားကောင်လေး တစ်ယောက်ပဲ... အဆင့်အတန်း ကွာခြားချက်က ကြီးမားလွန်းတယ်... ပြီးတော့ ငါ့မှာလည်း ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားတဲ့စိတ် ရှိနေတော့ နင့်ကို မမှီခိုချင်ခဲ့ဘူး"
"ငါက အဲ့တာတွေ ဂရုမစိုက်ပါဘူး" ဝမ်ရှကွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ မျက်ရည်များကို သုတ်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည်။
"ဒါဆို နောက်ပိုင်းကျတော့ရော... အဲဒီလို အကြောင်းပြချက်တွေ မရှိတော့ဘူးလေ"
"နောက်ပိုင်း" လော်ယွမ်က သူမကို တစ်ချက်ကြည့်လိုက်သည်။
"ဘာစည်းမျဉ်းဥပဒေမှမရှိတဲ့ ကမ္ဘာပျက်ကပ်ကြီးထဲမှာ နင့်လို လှပတဲ့ အမျိုးသမီးတစ်ယောက်ကို ငါ ဘာလို့ လက်ဖျားနဲ့တောင် မထိခဲ့သလဲ ဆိုတာ နင် ဘာကြောင့်လို့ ထင်လဲ"
"နင်က ငါ့ကိုမှ မကြိုက်တာ... ပြီးတော့ နင့်မှာ မိန်းမတွေ ရှားတာမှ မဟုတ်တာ" ဝမ်ရှကွမ်က နှုတ်ခမ်းဆူလိုက်သည်။ ဝမ်းနည်းစရာများကို တွေးမိပြီး မျက်ရည်များ ထပ်မံကျဆင်းလာပြန်သည်။
လော်ယွမ် ပါးစပ်ဟလိုက်သော်လည်း ဘယ်လို ရှင်းပြရမှန်း မသိဖြစ်သွားသည်။
ယောက်ျားတစ်ယောက်အတွက် လိင်ကိစ္စနှင့် အချစ်ဆိုသည်မှာ သီးခြားစီ ဖြစ်သည်။
အကယ်၍ ထိုစဉ်က ပတ်ဝန်းကျင် အခြေအနေအောက်တွင် လော်ယွမ်သာ မိမိစိတ်ကို ထိန်းချုပ်မထားခဲ့လျှင်၊ သူမကို မထိခိုက်စေချင်သော စေတနာ မရှိခဲ့လျှင် ဝမ်ရှကွမ် တစ်ယောက် ယခုအချိန်အထိ အပျိုစင်ဘဝနှင့် ကျန်ရှိနေမည် မဟုတ်ပေ။
ဝမ်ရှကွမ်သည် လော်ယွမ်၏ အခက်တွေ့နေပုံကို ကြည့်ရင်း "ခွိ" ခနဲ ရယ်လိုက်မိသည်။ မျက်ရည်များကြားမှ ပြုံးလိုက်ရင်း "အရူး... ငါ နင့်ကို ယုံပါတယ်" ဟု ပြောလိုက်သည်။
သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူမသည် ဉာဏ်ကောင်းသော အမျိုးသမီး ဖြစ်သည့်အတွက် အရာရာကို အတိအကျ လိုက်မေးနေမည် မဟုတ်ပေ။
လော်ယွမ်ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်က ဤမျှထိ ဖွင့်ပြောလာခြင်းသည်ပင် သူမအတွက် အကောင်းဆုံး ရလဒ်ဖြစ်နေပြီ။ နှစ်ကိုယ်တူချစ်သမျှ ဟူသော ပြီးပြည့်စုံသည့် အချစ်မျိုး မဟုတ်သော်လည်း လူဆိုသည်မှာ အလျှော့အတင်း လုပ်ရစမြဲပင်။
လော်ယွမ်ကဲ့သို့ ထူးချွန်သော ယောက်ျားတစ်ယောက်ကို သိကျွမ်းခဲ့ပြီးနောက် သူမ၏ နှလုံးသားထဲတွင် အခြားတစ်ယောက်အတွက် နေရာပေးရန် ခက်ခဲသွားခဲ့သည်။ သူမကို လာရောက်ပိုးပန်းသူတိုင်းကို လော်ယွမ်နှင့် နှိုင်းယှဉ်မိပြီး အမြဲတမ်း စိတ်ပျက်ခဲ့ရသည်။
လောကကြီးတွင် ပြီးပြည့်စုံသော အရာဟူသည် မရှိ၊ အားနည်းချက် ကိုယ်စီ ရှိကြသည်သာ။
ဝမ်ရှကွမ်၏ စိုစွတ်နီရဲနေသော နှုတ်ခမ်းလေး ထော်နေပုံမှာ အလွန် ဆွဲဆောင်မှု ရှိနေသဖြင့် လော်ယွမ် မနေနိုင်တော့ဘဲ သူမကို ဆွဲဖက်ကာ နမ်းရှိုက်လိုက်သည်။
နှုတ်ခမ်းများသည် ပူနွေးနေပြီး မျက်ရည်များကြောင့် ငန်ကျိကျိ အရသာပါ ရောနေသည်။ အနမ်းများအောက်တွင် သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး အသက်ရှူသံများ မြန်လာသည်။ လော်ယွမ် သူမကို လွှတ်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါ့စကား နားထောင်ပါ... ဒီမှာပဲ နေလိုက်တော့နော်"
"မဖြစ်ဘူး... ဒါက မြန်လွန်းတယ်" ဝမ်ရှကွမ် မျက်နှာတစ်ခုလုံး နီရဲသွားပြီး ငြင်းဆန်လိုက်သည်။
"နင်ဘာတွေ လျှောက်တွေးနေတာလဲ... ငါက နင့်ကို ဒီအိမ်မှာ ပြန်လာနေဖို့ ပြောတာလေ... အရင်တုန်းကလည်း နေခဲ့ဖူးတာပဲကို" လော်ယွမ်က ပြောစရာစကား ပျောက်သွားသည့် ပုံစံဖြင့် ပြောလိုက်သည်။
ဝမ်ရှကွမ် တွန့်ဆုတ်နေသည်ကို တွေ့သောအခါ လော်ယွမ်က မြှောက်ပင့်ပြောဆိုလိုက်သည်။ "ဒါမှမဟုတ် ဟိုမိန်းမတွေက နင့်ကို အနိုင်ကျင့်မှာ ကြောက်လို့လား"
"နေဆိုလည်း နေမယ်... ငါက ဘယ်သူ့ကိုမှ မကြောက်ဘူး" ဝမ်ရှကွမ်က အံကိုကြိတ်ပြီး ပြောလိုက်သည်။
လော်ယွမ်၏ မြှောက်ပင့်မှုကို ခံလိုက်ရသည် ဆိုသော်လည်း တကယ်တမ်းတွင် သူမကိုယ်တိုင်ကလည်း တစ်ဝက်လောက် လိုလားနေပြီးသား ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း (၄၀၂) အပင်ဆဲလ်များကို ဖျက်ဆီးခြင်း
လူတိုင်းက ကြိုတင်ပြင်ဆင်ထားကြပုံ ရသည်မို့ ဝမ်ရှကွမ် ရောက်ရှိလာခြင်းက ကြီးမားသော လှုပ်ရှားမှု မဖြစ်ပေါ်စေခဲ့ပေ။
အားလုံးက ပျော်ရွှင်စွာဖြင့် ပြောဆိုရယ်မောနေကြသော်လည်း လော်ယွမ်ကတော့ အားလုံးက သဟဇာတဖြစ်မှုကို ကြိုးစားထိန်းသိမ်းနေရကြောင်း သတိထားမိသည်။
သို့သော် အချိန်က အရာအားလုံးကို ပြောင်းလဲပေးနိုင်သည်မို့ ကြာလာလျှင် အသားကျသွားမည် ဖြစ်သည်။
လော်ယွမ်သည် အိမ်ထဲတွင်သာ နေထိုင်ပြီး အပြင်မထွက်ဘဲ အေးချမ်းသော နေ့ရက်များကို ခံစားနေသည်။ နောက်ရက်များတွင် ပြန်လည်တည်ဆောက်ရေးဇုန်သည် အေးချမ်းတော့မည် မဟုတ်ကြောင်း သူ အလိုလို ခံစားနေရသည်။
ထိုအချိန်အတွင်း လော်ယွမ်သည် ချန်ကျားရီ၏ ပညာရေးအကြောင်း မေးမြန်းခဲ့သည်။
သူမ၏ အူတူတူ အမူအရာနှင့် စကားပြောရာတွင် ရံဖန်ရံခါ စိတ်လွတ်နေပုံကို ကြည့်ခြင်းအားဖြင့် သူမ၏ စာမေးပွဲ ရလဒ်များ ဆိုးရွားမည်ကို ခန့်မှန်းရမခက်ပေ။
သို့သော် သူမ၏ အခြေအနေမှာ မတတ်သာသည့် အခြေအနေ ဖြစ်သည်။ သူမကို ကျောင်းပို့ထားသော်လည်း အပင်အဖြစ် ပြောင်းလဲခြင်းသည် တားဆီးမရဘဲ ပို၍ ဆိုးရွားလာကြောင်း လော်ယွမ် ခံစားမိသည်။
လော်ယွမ်သည် သူမ၏ သွေးတစ်စက်ကို ယူလိုက်သည်။ သူမ၏ သွေးသည် အစိမ်းရောင်သမ်းနေပြီး လူသားနှင့် မတူတော့ချေ။
စိတ်စွမ်းအား ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ သူမ၏ သွေးထဲတွင် အပင်ဆဲလ်များ အများအပြား ရောနှောနေပြီး ပုံမှန် သွေးနီဥများနှင့် ပူးကပ်နေသည်ကို တွေ့ရသည်။
အချိုးအစားမှာ သုံးပုံ တစ်ပုံအထိ ရှိနေသည်။ အကယ်၍ ဤအပင်ဆဲလ်များက လူ့ခန္ဓာကိုယ်၏ တစ်ဝက်ကျော် ဖြစ်သွားလျှင် သူမသည် လူသား မဟုတ်တော့ဘဲ အပင်သက်ရှိတစ်မျိုး ဖြစ်လာဖွယ် ရှိသည်။
လော်ယွမ်သည် စိတ်စွမ်းအားစွမ်းအားဖြင့် ထိုအပင်ဆဲလ်များကို ချေဖျက်လိုက်ရာ သွေးသည် ချက်ချင်း ပုံမှန် အနီရောင် ပြန်ဖြစ်သွားသည်။
ယခုအခါ သူ၏ စိတ်စွမ်းအားစွမ်းအားသည် အလွန် အစွမ်းထက်နေပြီ ဖြစ်ရာ ဆဲလ်အဆင့်အထိ ဖျက်ဆီးပစ်ရန် လွယ်ကူသည်။ သို့သော် ချန်ကျားရီ၏ ခန္ဓာကိုယ်ရှိ အပင်ဆဲလ်များကို အလုံးစုံ သုတ်သင်ပစ်ရန် သူ တွေဝေနေမိသည်။
ထိုသို့လုပ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ခန့်မှန်းရခက်သည်။ အပင်ဆဲလ် အများအပြား ပျက်စီးသွားသော အကြွင်းအကျန်များသည် ခန္ဓာကိုယ်ကို ကြီးမားစွာ ထိခိုက်စေနိုင်ရုံသာမက သူ၏ စိတ်စွမ်းအားစွမ်းအား ဝင်ရောက်လာခြင်းကြောင့် သူမ၏ ဆဲလ်များတွင် သူ၏ အမှတ်အသားများ စွဲကျန်ရစ်ခဲ့နိုင်သည်။
သူမနှင့် ယှဉ်လျှင် လော်ယွမ်၏ စိတ်စွမ်းအားစွမ်းအားသည် အလွန်ကြီးမားလွန်းရာ သူမ၏ ဆဲလ်များမှ ဗီဇအသိစိတ်ဖြင့် ခုခံမှုသည် သူ၏ ရှေ့တွင် လုံးဝ အရာမထင်ပေ။
ရလဒ်အနေဖြင့် အနည်းဆုံး ခန္ဓာကိုယ် ထိန်းချုပ်မှု ခက်ခဲလာနိုင်ပြီး အဆိုးဆုံးမှာ အကြောသေသွားခြင်းပင် ဖြစ်နိုင်သည်။
ပို၍ ခက်ခဲသည်မှာ သူမ၏ ဦးနှောက်ထဲတွင်လည်း အပင်ဆဲလ် အများအပြား ရှိနေခြင်း ဖြစ်သည်။ ဦးနှောက်ဆဲလ်များပါ သူ၏ စိတ်စွမ်းအား အမှတ်အသား စွဲကျန်သွားပါက မည်ကဲ့သို့သော မခန့်မှန်းနိုင်သည့် ဆိုးကျိုးများ ဖြစ်လာနိုင်သည်ကို သူပင် အာမ မခံနိုင်ပေ။
ဤအရာများကို လုပ်ဆောင်နေစဉ် လော်ယွမ်သည် လူများကို ရှောင်ဖယ်မနေခဲ့ပေ။
ဟွမ်ကျားဟွေသည် ချန်ကျားရီ၏ သွေးများ အစိမ်းရောင်မှ ပုံမှန် အနီရောင်သို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ အံ့သြဝမ်းသာစွာဖြင့် "သူရောဂါက ကုလို့ ရတာလား" ဟု မေးလိုက်သည်။
"ကုလို့တော့ ရတယ်... ဒါပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ခန့်မှန်းရခက်တယ်" လော်ယွမ် သက်ပြင်းချကာ ခေါင်းခါရင်း ပြောလိုက်သည်။
သူသည် ဖြစ်လာနိုင်သော အကျိုးဆက်များကို ရှင်းပြလိုက်ရာ အားလုံး တိတ်ဆိတ်သွားကြသည်။ အန္တရာယ်က ကြီးမားလွန်းသည်။ တလွဲတချော် ဖြစ်သွားပါက ပြန်မထူနိုင်တော့မည့် အခြေအနေ ဖြစ်သွားနိုင်သည်။
လေထု လေးလံသွားသည်ကို မြင်သောအခါ လော်ယွမ် ရယ်မောလိုက်ပြီး "တစ်ခါတည်း အပြီးကုဖို့ကတော့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ ထိန်းသိမ်းကုသတာတော့ လုပ်လို့ရတယ်... ဥပမာ သွေးထဲက အပင်ဆဲလ်တွေကို အရင် ရှင်းထုတ်လိုက်ရင် အနည်းဆုံးတော့ အခုထက်စာရင် အများကြီး သက်သာသွားလိမ့်မယ်"
သွေးနီဥများသည် မကြာခဏ အသစ်လဲလှယ် ဖြစ်ပေါ်လေ့ရှိရာ သူ၏ စိတ်စွမ်းအားအမှတ်အသား စွဲကျန်ခဲ့လျှင်တောင် ၁၀ ရက်၊ ၁၅ ရက်ကြာလျှင် အသစ်လဲလှယ်ပြီး ဖြစ်သွားလိမ့်မည်။
ထို့အပြင် အပင်ဆဲလ် အကြွင်းအကျန်များသည် အာဟာရအဖြစ် ပြောင်းလဲသွားနိုင်ပြီး သွေးလှည့်ပတ်မှုနှင့်အတူ ခန္ဓာကိုယ်မှ စုပ်ယူသွားနိုင်သည်။ မစုပ်ယူနိုင်သော အရာများကိုလည်း ဇီဝကမ္မဖြစ်စဉ်မှတစ်ဆင့် စွန့်ထုတ်လိုက်မည် ဖြစ်ရာ ခန္ဓာကိုယ်ကို ထိခိုက်မှု နည်းပါးသည်။
"စကားကို တစ်ခါတည်း အကုန်မပြောဘူး... လူကို စိတ်ပူအောင် လုပ်တယ်" ကျိုးယလီက လော်ယွမ်ကို ရိုက်ရင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
"ငါ သေချာ မရှင်းပြမိလို့ပါ" လော်ယွမ်က ပြန်ပြောသည်။ "ဒါပေမဲ့ ချန်ကျားရီရဲ့ သဘောထားကိုလည်း မေးရဦးမယ်"
ထို့နောက် လော်ယွမ်က ချန်ကျားရီကို မေးလိုက်သည်။ သူမသည် အတော်ကြာ ငေးငိုင်နေပြီး မျက်မှောင်ကြုတ်ကာ တွေဝေနေသည်။ ကပ်ပါးရေညှိပင်၏ တိုက်စားမှုကြောင့် သူမသည် အပင်အဖြစ်သို့ ကူးပြောင်းခြင်းနှင့်အတူ အသိစိတ်ပါ ပြောင်းလဲနေပြီ ဖြစ်သည်။
သူမသည် မိမိကိုယ်ကို ပြဿနာရှိသည်ဟု မထင်ဘဲ ဤကဲ့သို့ အပင်ဖြစ်နေသော ခံစားမှုကိုပင် နှစ်သက်နေသည်။ နေ့တိုင်း နေပူစာလှုံရသည်မှာ သူမအတွက် အပျော်ရွှင်ဆုံး အရာ ဖြစ်သည်။
သို့သော် လော်ယွမ် ကယ်ဆယ်ခဲ့သော မိဘမဲ့ကလေး တစ်ယောက်အနေဖြင့် သူမ၏ စိတ်ထဲတွင် လော်ယွမ်သည် ခန့်ညားထည်ဝါသော မိဘတစ်ဦးကဲ့သို့ ဖြစ်သည်။
သူက မေးမြန်းရုံသာ မေးမြန်းခြင်း ဖြစ်သော်လည်း သူမသည် လော်ယွမ်၏ ဆန္ဒကို မလွန်ဆန်ချင်သလို စိတ်ပျက်အောင်လည်း မလုပ်ချင်ပေ။ အတော်ကြာ တွေဝေပြီးနောက် တိုးတိုးလေး ခေါင်းငြိမ့်ပြလိုက်သည်။
"မကြောက်ပါနဲ့... လုံးဝ မနာစေရဘူးလို့ အာမခံပါတယ်" လော်ယွမ်က သူမ နာမည်ကို ကြောက်နေသည် ထင်ပြီး နှစ်သိမ့်လိုက်သည်။
ချန်ကျားရီက ခေါင်းမော့လာပြီး သနားစဖွယ် အမူအရာဖြင့် "သမီး နာမှာ မကြောက်ပါဘူး" ဟု ပြောလိုက်သည်။
................................................................................................
အနှောင့်အယှက် ကင်းစေရန် လော်ယွမ်သည် ချန်ကျားရီ၏ အိပ်ခန်းသို့ သွားပြီး တံခါးသော့ခတ်လိုက်သည်။ သူမ၏ အိပ်ခန်းသည် ရိုးရှင်းသန့်ရှင်းပြီး အပင်ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
ချန်ကျားရီသည် ကုတင်စွန်းတွင် ထိုင်နေပြီး မျက်နှာတွင် သွေးရောင်လွှမ်းလာကာ "ကိုကြီးယွမ်.. အင်္ကျီချွတ်ရမှာလား" ဟု နုံအစွာ မေးလိုက်သည်။
လော်ယွမ် သူမကို ကြည့်လိုက်သည်။ သူမ၏ ဖွံ့ဖြိုးမှုသည် အလွန် မြန်ဆန်သည်။ လွန်ခဲ့သော တစ်နှစ်ကျော် စတွေ့ခါစက ပိန်ပိန်ခြောက်ခြောက် ကလေးမလေး ဖြစ်သော်လည်း ယခုအခါ လှပသော မိန်းမပျိုလေး ဖြစ်လာပြီ ဖြစ်သည်။
ကပ်ပါးရေညှိပင်၏ သက်ရောက်မှုကြောင့် သူမသည် အေးဆေးတည်ငြိမ်ပြီး ရိုးသားနူးညံ့ကာ ဖြူစင်သော ကြာပန်းလေး တစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။
သို့သော် လော်ယွမ်သည် ထိုအဆင့်ထိ တိရစ္ဆာန်စိတ် မပေါက်သေးပေ။ သူ အကြည့်လွှဲလိုက်ပြီး "မလိုဘူး... လက်မောင်းက အင်္ကျီကို နည်းနည်း ပင့်တင်လိုက်ရင် ရပြီ" ဟု ပြောလိုက်သည်။
သူမ ခဏတာ ကြောင်ငေးသွားပြီးနောက် သတိပြန်ဝင်လာကာ လက်မောင်းကို ဖော်လိုက်သည်။ အရေပြားသည် အစိမ်းရောင်ဖျော့ဖျော့ သန်းနေပြီး ချောမွတ်သန့်ရှင်းကာ မွှေးပျံ့သော ရနံ့သင်းသင်းလေး ထွက်နေသည်။
လော်ယွမ်သည် သူမ၏ လက်ကောက်ဝတ် သွေးလွှတ်ကြောပေါ်တွင် လက်တင်လိုက်ပြီး စိတ်စွမ်းအားစွမ်းအားဖြင့် လူ့ခန္ဓာကိုယ် ခုခံမှုကို အလွယ်တကူ ဖောက်ထွင်းဝင်ရောက်လိုက်သည်။
လူ့သွေးတစ်ကုဗမီလီမီတာတိုင်းတွင် သွေးနီဥ သန်းချီ ရှိသည်။ အပင်ဆဲလ်နှင့် သွေးနီဥ အချိုးအစား သုံးပုံတစ်ပုံခန့် ရှိသည်ဆိုလျှင် ၎င်းသည်လည်း မရေမတွက်နိုင်သော ပမာဏပင်။ အားလုံးကို ဖျက်ဆီးပစ်ရန်မှာ ကြီးမားသော လုပ်ငန်းစဉ်ကြီး ဖြစ်သည်။
ကံကောင်းသည်မှာ စိတ်စွမ်းအားစွမ်းအား၏ "စိတ်ကူးရင် ဖြစ်လာသည်" ဆိုသော အချက်ကြောင့် လော်ယွမ်သည် တစ်ခုချင်းစီ လိုက်ရွေးပြီး ဖျက်ဆီးနေစရာ မလိုပေ။ အပင်ဆဲလ်များကို ဖျက်ဆီးမည်ဟု စိတ်ကူးလိုက်ရုံဖြင့် မသိစိတ်က အဓိကစိတ်စွမ်းအား ကိုယ်စား အားလုံး လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။
သူသည် ထပ်ခါတလဲလဲ စမ်းသပ်ပြီး စိတ်စွမ်းအား အဏုကြည့်အမြင်၏ ချဲ့အားကို ချိန်ညှိလိုက်သည်။
စိတ်စွမ်းအားဖြင့် ဖျက်ဆီးနိုင်သော အသေးငယ်ဆုံး ချဲ့အားနှင့် အထိရောက်ဆုံး ဖြစ်မည့် အခြေအနေကို ရှာဖွေရာ မကြာမီ ဟန်ချက်ညီသည့် အမှတ်ကို တွေ့ရှိသွားသည်။
ဤချဲ့အားအောက်တွင် သွေးကြောထဲရှိ မရေမတွက်နိုင်သော ဆဲလ်များသည် လက်ချောင်းထိပ်ဖျား အရွယ်အစားခန့် အစက်အပြောက်လေးများအဖြစ် ပူးကပ်သိပ်သည်းစွာ ရှိနေသည်။
နောက်တစ်ခဏတွင် သူ၏ စိတ်စွမ်းအား လှုပ်ရှားလိုက်သည်နှင့် သောင်းချီသော အပင်ဆဲလ်များသည် ချက်ချင်း ပြိုကွဲပျက်စီးပြီး ပျစ်ချွဲသော အရည်များ ဖြစ်သွားသည်။
အမြန်နှုန်း ၁၆ မှတ် ရှိသဖြင့် သူ၏ အချိန်အတိုင်းအတာက သာမန်လူထက် ဆယ်ဆကျော် နှေးကွေးနေသည်။ တစ်စက္ကန့်တိုင်းတွင် သွေးကုဗမီလီမီတာ ရာပေါင်းများစွာကို စိတ်စွမ်းအားစွမ်းအားဖြင့် ရှင်းလင်းပေးနိုင်ခဲ့သည်။
ချန်ကျားရီသည် ဘာမှ မခံစားရသလို ကုတင်စွန်းတွင် ငေးငိုင်နေသည်။ ရံဖန်ရံခါ မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ဖြတ်သန်းသွားမှသာ သူမ ကြောက်ရွံ့နေကြောင်း သိသာသည်။
သို့သော် ထိုကြောက်ရွံ့မှုသည် ကပ်ပါးရေညှိပင်ကြောင့်လား၊ သူမ ကိုယ်တိုင်ကြောင့်လား ဆိုသည်ကို သူမကိုယ်တိုင်ပင် မခွဲခြားနိုင်ပေ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ၃ နာရီခန့် ကြာမြင့်သွားသည်။
လော်ယွမ်သည် ခေါင်းကိုက်ဝေဒနာ ခံစားလာရပြီး စိတ်စွမ်းအားစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ စိတ်စွမ်းအားစွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်သွားသော်လည်း ရလဒ်မှာ သိသာထင်ရှားသည်။
ယခုအခါ ချန်ကျားရီ၏ သွေးထဲတွင် အပင်ဆဲလ်များ ရှိနေသေးသော်လည်း အချိုးအစားမှာ ငါးပုံတစ်ပုံအထိ လျော့ကျသွားပြီ ဖြစ်သည်။ နေ့တိုင်းသာ ရှင်းလင်းပေးနိုင်လျှင် ၁၀ ရက်ခန့်အကြာတွင် သွေးထဲရှိ အပင်ဆဲလ် ပမာဏသည် ပြောပလောက်အောင် ရှိတော့မည် မဟုတ်ပေ။
သူ ချန်ကျားရီကို ကြည့်လိုက်ရာ သူမ၏ အရေပြားသည် ပိုမိုနီမောင်း လှပလာသည်ကို တွေ့ရသည်။ ယခင်က အစိမ်းရောင် သန်းနေသော အရောင်နှင့် ယှဉ်လျှင် ယခု သွေးရောင်လွှမ်းသွားသဖြင့် သေချာ မကြည့်လျှင် သိပ်မသိသာတော့ပေ။
"ခန္ဓာကိုယ်က ဘယ်လိုနေလဲ" လော်ယွမ် မေးလိုက်သည်။
ချန်ကျားရီက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းခါရင်း "လုံးဝမနာပါဘူး... ဘာမှလည်း မဖြစ်ဘူး" ဟု တိုးတိုးလေး ဖြေသည်။
"ဒါဆို တော်သေးတာပေါ့... ဒီရက်ပိုင်း ကျောင်းမသွားနဲ့တော့... ငါ ခွင့်ရှည် တိုင်ပေးမယ်"
ချန်ကျားရီ၏ မျက်နှာတွင် ဝမ်းသာရိပ် ပေါ်လာသည်။ သူမ ကျောင်းသွားရသည်ကို အလွန် မုန်းသည်။
စာသင်၍ မရရုံသာမက သူမ၏ ထူးဆန်းသော အရေပြားအရောင်နှင့် အေးစက်သော စိတ်နေသဘောထားကြောင့် ကျောင်းနေဖက်များ၏ ခွဲခြားဆက်ဆံမှုကို ခံရသည်။
သူမ၏ နှုတ်ဆိတ်သော သဘောသဘာဝကြောင့် ဘယ်တော့မှ ထုတ်မပြောဘဲ တိတ်တဆိတ် ကြိတ်မှိတ်ခံစားနေခဲ့ရခြင်း ဖြစ်သည်။
လော်ယွမ်သည် စိတ်ကူးဉာဏ် ထက်မြက်သူ ဖြစ်ရာ သူမ၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး အနည်းငယ် ရိပ်မိလိုက်သည်။
ချန်ကျားရီသည် ယခင်ကထက် ခံစားချက်များ ပိုမို ပေါ်လွင်လာသည်ဟု ခံစားရသဖြင့် သူ ပြုံးလိုက်ပြီး "ကျောင်းမတက်ချင်လည်း နောက်ဆို မတက်နဲ့တော့လေ" ဟု ပြောလိုက်သည်။
သူ ချန်ကျားရီကို ကျောင်းပို့ရခြင်းမှာ သူမ အပင်ဖြစ်မည့် လုပ်ငန်းစဉ်ကို နှေးကွေးသွားစေရန်သာ ဖြစ်ပြီး စာကြိုးစားစေရန် မဟုတ်ပေ။ သူမ အခြေအနေနှင့် စာသင်၍လည်း ရမည် မဟုတ်။ ယခု ပိုကောင်းသော ဖြေရှင်းနည်း ရှိလာပြီ ဖြစ်ရာ ကျောင်းပို့စရာ မလိုတော့ပေ။
ထိုစဉ် တစ်စုံတစ်ခုကို သတိရသွားပြီး "ဒါနဲ့ ညကျရင် အညစ်အကြေးတွေ အများကြီး ထွက်လာလိမ့်မယ်... မလန့်သွားနဲ့နော်... ဒါက ပုံမှန်ပါပဲ" ဟု ပြောလိုက်သည်။
ထို့နောက် လော်ယွမ် အခန်းထဲမှ ထွက်ခွာသွားသည်။ နောက်ကျောဘက်မှ ချန်ကျားရီသည် သူ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေပြီး မျက်လုံးထဲတွင် သံယောဇဉ်နှင့် လေးစားကြည်ညိုမှု အရိပ်အယောင်များ သန်းနေသည်ကို သူ သတိမထားမိလိုက်ပေ။
ဆက်ရန်...