အခန်း (၄၀၃-၄၀၄)
Vol. 21 Ch. 403-404
အပိုင်း (၄၀၃) သံသယဖြစ်ဖွယ် အချက်များ
နောက်တစ်နေ့တွင် လော်ယွမ်သည် ဓားတရား ဌာနသို့ သွားရောက်ကာ နှုတ်ဆက်လေသည်။
သူ ဓားတရား ဌာနသို့ ရောက်ရှိလာသောအခါ လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။
လျှို့ဝှက်ချက် ထိန်းသိမ်းရန် လိုအပ်ချက်အရ ချန်ရှင်းကျယ် တစ်ယောက်သာ အနည်းငယ် ရိပ်မိသည်မှလွဲ၍ ကျန်လူများမှာ လော်ယွမ် ပျောက်ဆုံးနေခဲ့သည့် ရက်များအကြောင်းကို ဘာမျှ မသိရှိကြပေ။
အချို့ဆိုလျှင် မကောင်းသော ထင်ကြေးများပင် ရှိခဲ့ကြသည်။ နာရေးကြော်ငြာစာ ထွက်မလာသေးလို့သာ၊ မဟုတ်လျှင် လူအများစုက ဒုတိယခေါင်းဆောင် အပြင်တွင် ကျဆုံးသွားပြီဟု ထင်မှတ်နေကြသည်။
နေ့လယ်စာ စားချိန်တွင် ဌာန၌ ကျန်ရှိနေသော ချန်ရှင်းကျယ် အပါအဝင် လူအနည်းငယ်နှင့်အတူ ထမင်းစားကြသည်။
ထမင်းစားနေစဉ် လီတုန်းက မနေနိုင်တော့ဘဲ ဒီရက်ပိုင်း ဘယ်တွေသွားနေတာလဲဟု စပ်စုမေးမြန်းရာ လော်ယွမ်က ပြုံးရုံသာပြုံးပြီး ဘာမျှ ရှင်းမပြခဲ့ပေ။
လျှို့ဝှက်ချက် ဖြစ်နေ၍သာ မဟုတ်၊ များများသိလေ စိတ်ဖိစီးမှုကြီးလေ ဖြစ်တတ်သောကြောင့်လည်း ပါသည်။
တစ်ခါတလေကျတော့ ဘာမှမသိတာက ပျော်ရွှင်မှု တစ်မျိုးပင်။ များများ နားလည်လေလေ၊ သင်ရရှိမည့်အရာက မျှော်လင့်ချက်မဲ့ခြင်းသာ ဖြစ်လေသည်။
ထမင်းစားပြီးနောက် ပြန်ခါနီးတွင် လော်ယွမ်က ချန်ရှင်းကျယ် အနားသို့ လျှောက်သွားလိုက်ရာ ကျန်လူများက အကင်းပါစွာဖြင့် နှုတ်ဆက်ပြီး အသီးသီး ထွက်ခွာသွားကြသဖြင့် သူတို့နှစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
"ကျွန်တော် သွားရတော့မယ် ထင်တယ်" ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လော်ယွမ်က ပြောလိုက်သည်။
"ဘယ်တော့လဲ" ချန်ရှင်းကျယ်က နှုတ်ခမ်းကို ကိုက်လျက် မေးသည်။
"သိပ်မကြာခင်ပဲ... မြို့သစ်ကို သွားပြီး တာဝန်ထမ်းဆောင်ရမယ်" လော်ယွမ်က ပြောသည်။
"ဒါဆို နောက်ကျ... ပြန်လာဦးမှာလား" ချန်ရှင်းကျယ်က မေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။
လော်ယွမ်အပေါ် ထားရှိသော သူမ၏ ခံစားချက်မှာ အတော်လေး ရှုပ်ထွေးသည်။ လော်ယွမ်ကို ဖြားယောင်းသွေးဆောင်ရခြင်းမှာ အဖွဲ့အစည်း၏ တာဝန်ဖြစ်သော်လည်း ဤမျှ ကြာရှည်စွာ အတူနေထိုင်ရင်း သူမ ကိုယ်တိုင် နွံထဲကျွံကာ ရုန်းမထွက်နိုင် ဖြစ်နေပြီ ဖြစ်သည်။
သာမန်လူမဟုတ်သော သူ၏ သန်မာသည့် ခန္ဓာကိုယ်သည် အရိုင်းဆန်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသကဲ့သို့ ရှိပြီး မိန်းမသားများကို မလွန်ဆန်နိုင်အောင် ဖမ်းစားနိုင်စွမ်းရှိသည်။ သူသည် မိန်းမများကို ဆွဲဆောင်ရန် မွေးဖွားလာသူပင်။
"ပြန်လာမှာပေါ့... သေချာပေါက် ပြန်လာမှာ... ကျွန်တော့်အိမ်က ဒီမှာ ရှိတာပဲလေ... ပြီးတော့ မြို့သစ် နဲ့ မျှော်လင့်ချက်မြို့တော်က သိပ်မှ မဝေးတာ" လော်ယွမ်က စဉ်းစားပြီး ပြောလိုက်သည်။
မြို့သစ် ဒေသသည် ဤနေရာထက် မြူခိုးများ ပိုမိုထူထပ်သဖြင့် နေထိုင်ရန် မသင့်တော်ပေ။ သူ၏ လက်ရှိ ပျံသန်းနှုန်းနှင့်ဆိုလျှင် နာရီဝက်အတွင်း အသွားအပြန် လုပ်နိုင်သည်။
"ဒါပေမယ့် ခင်ဗျားကို ကျွန်တော်နဲ့အတူ လိုက်ခဲ့စေချင်တယ်" လော်ယွမ်က စကားလမ်းကြောင်းလွှဲပြီး သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။
"ခင်ဗျားကို ဟိုဘက် ပြောင်းရွှေ့ပေးဖို့ ကျွန်တော် နည်းလမ်းရှာပါ့မယ်"
ချန်ရှင်းကျယ်၏ မျက်ဝန်းများ ဝေဝါးသွားပြီး သွားလေးဖြင့် နှုတ်ခမ်းကို ကိုက်ကာ တွေဝေနေပုံရသည်။ ရုတ်တရက် သူမ ခေါင်းခါလိုက်ပြီး "အဲဒါက သိပ်မကောင်းဘူး ထင်တယ်... ကျွန်မမှာက မိသားစု ရှိသေးတယ်လေ"
ဘယ်က မိသားစုလဲ။
လော်ယွမ် စိတ်ထဲမှ တွေးလိုက်ပြီး သူမကို တစ်ချက် ကြည့်လိုက်သည်။ ချန်ရှင်းကျယ်က သူမ၏ အကြောင်းမှန်ကို သူသိနေပြီဆိုတာ မသိရှာဘူး ဆိုသည်ကို သူ ခေတ္တ မေ့လျော့သွားမိသည်။
"နောက်မှပဲ ဆက်ပြောကြတာပေါ့... ခင်ဗျား သေချာစဉ်းစားလိုက်ဦး" လော်ယွမ် အတင်းအကျပ် မလုပ်တော့ပေ။ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် သူမ လာဖြစ်အောင် လာရမှာပဲ။
.....................................................................................................................
မွန်းလွဲပိုင်းတွင် လော်ယွမ် ဖုန်းတစ်ကော လက်ခံရရှိသည်။
သူ ချက်ချင်းပင် ခွင့်ရက်ကို အဆုံးသတ်လိုက်ပြီး မြို့သစ် သို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
လော်ယွမ် အနားယူနေသည့် ဤနှစ်ရက်အတွင်း ဉာဏ်ရည်မြင့် စက်ရုပ်နှင့် ဂြိုဟ်သား ရောက်ရှိလာမှုကြောင့် ပြန်လည်တည်ဆောက်ရေးဇုန်သည် အပေါ်ယံတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း အတွင်း၌ လှိုင်းတံပိုးများ ထန်နေပြီ ဖြစ်သည်။
ပြန်လည်တည်ဆောက်ရေးဇုန်၏ ခေတ်အမီဆုံး စက်မှုယန္တရားများနှင့် တိကျသော သုတေသန ကိရိယာများကို တင်ဆောင်ထားသည့် ကုန်တင်ကားကြီးများသည် နေ့ရောညပါ မရပ်မနား တန်းစီမောင်းနှင်နေကြပြီး မီတာရာချီနက်သော မြေအောက်ဥမင်များမှတစ်ဆင့် တောင်ခေါင်းထဲသို့ သယ်ဆောင်နေကြသည်။
တစ်ချိန်တည်းမှာပင် သုတေသနဌာန အများအပြားသည် သက်ဆိုင်ရာ သုတေသန လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းလိုက်ကြသည်။
သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာ သောင်းချီတို့သည် အမိန့်စာတစ်စောင်ဖြင့် တောင်ခေါင်းအတွင်းရှိ လျှို့ဝှက်စခန်းသို့ ပြောင်းရွှေ့ခံရပြီး နည်းပညာ ပြောင်းပြန်ဖော်ထုတ်ခြင်းလုပ်ငန်းများကို စတင် လုပ်ဆောင်နေကြပြီ ဖြစ်သည်။
နိုင်ငံတော်၏ ဆန္ဒအလိုက အမှန်တကယ် အားထည့်လိုက်ပြီ ဆိုပါက တောင်ကိုဖြို၍ ပင်လယ်ကို မြေဖို့နိုင်သည့်အလား အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည်။
လော်ယွမ် ကောင်းကင်အမြင့်မှ မြို့သစ် မြို့စွန်သို့ ပျံသန်းရောက်ရှိလာချိန်တွင် မြို့သစ် တစ်မြို့လုံးရှိ မီးခိုးခေါင်းတိုင်များ နည်းပါးသွားသည်ကို တွေ့ရသည်။ စက်ရုံတစ်ရုံဆိုလျှင် စက်ပစ္စည်းများ အကုန် ပြောင်းရွှေ့ခံလိုက်ရသဖြင့် တံခါးပိတ်ပြီး လုပ်ငန်းရပ်ဆိုင်းထားရသည်။
သူ ကောင်းကင်မှ လျင်မြန်စွာ ဆင်းသက်လိုက်ပြီး မြို့စွန်မှနေ၍ မြို့သစ် အတွင်းသို့ ခြေလျင် လျှောက်ဝင်ခဲ့သည်။
ဤနေရာရှိ လုံခြုံရေးသည် မျှော်လင့်ချက်မြို့တော်ထက် ပိုမို တင်းကျပ်သည်။ မြို့သစ် နှင့် (၆) မိုင်ခန့် အကွာမှာကတည်းက မြို့စွန်တွင် တပ်ဆင်ထားသော သံချပ်ကာကားများပေါ်မှ လေကြောင်းပစ် အမြန်ပစ်အမြောက်များက သူ့ကို ချိန်ရွယ်ထားသည်ကို ခံစားမိခဲ့သည်။
မြို့သစ် အဝင်ဝသို့ ရောက်သောအခါ စစ်သားတစ်ဖွဲ့ လျင်မြန်စွာ ဝိုင်းလာကြသည်။ မျက်နှာထားများ မကောင်းကြဘဲ သေနတ်ပြောင်းဝများကို သူ့ထံ ချိန်ရွယ်ထားကြသည်။
လော်ယွမ်က ကိုယ်မှားကြောင်း ကိုယ်သိသဖြင့် စိတ်မဆိုးပေ။ အိတ်ကပ်ထဲမှ သက်သေခံကတ်ပြားကို ထုတ်ပြလိုက်သည်။ ဗိုလ်ကြီးအဆင့်ရှိသော အရာရှိတစ်ဦးက ယူကြည့်လိုက်ပြီးနောက် မျက်နှာထား လေးနက်သွားကာ အလျင်အမြန် အလေးပြုပြီး ချက်ချင်း ဝင်ခွင့်ပြုလိုက်သည်။
..................................................................................................................
ဖုန်းဆက်ပြီးနောက် လာကြိုသူမှာ ယခင်အတိုင်း အဆင့်မြင့်ကော်မတီရုံးမှ ဝမ်ကျင်းပင် ဖြစ်သည်။ လမ်းတွင် လော်ယွမ်က စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။
"ရှင် လေကြောင်းရန် ကာကွယ်ရေး သက်သေခံကုဒ် လျှောက်ထားလိုက်ပါလား... ဒါဆိုရင် ခုလိုပြဿနာမျိုး ရှိတော့မှာ မဟုတ်ဘူး... ဒါပေမယ့် အကောင်းဆုံးကတော့ မြို့သစ် မှာ မပျံသန်းတာ ပိုကောင်းပါတယ်... သာမန်ပြည်သူတွေအပေါ် သက်ရောက်မှု မကောင်းလို့"
ဝမ်ကျင်းက ပြောသည်။ သူမ၏ အသံမှာ အက်ကွဲနေပြီး မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်။ မျက်နှာပေါ်တွင် ဖယ်ရှား၍ မရသော မှိုင်းညို့မှုတစ်ခု လွှမ်းခြုံနေသကဲ့သို့ ရှိသည်။
ဂြိုဟ်သားကိစ္စသည် သူမကို ဖိအား အလွန်ပေးနေပြီး သူမကို ပြိုလဲလုနီးပါး ဖြစ်စေကြောင်း ထင်ရှားသည်။ ဤရက်ပိုင်း သူမ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ မျက်လုံးမှိတ်လိုက်တိုင်း အိမ်မက်ဆိုးများကြောင့် လန့်နိုးနေရသည်။
လော်ယွမ် ခေါင်းညိတ်လိုက်သည်။ ဆင့်ကဲပြောင်းလဲသူများနှင့် သာမန်လူများအကြားတွင် အတားအဆီး တစ်ခု ရှိနေစမြဲဖြစ်သည်။
၎င်းသည် သက်ရှိအဆင့်အတန်း မတူညီမှုကြောင့် ဖြစ်ပေါ်လာသော မညီမျှမှု ဖြစ်သည်။ သာမန်လူများက ဆင့်ကဲပြောင်းလဲသူများကို ကြည့်သောအခါ အားကျလေးစားမှု သက်သက် မဟုတ်ဘဲ ကြောက်ရွံ့မှုနှင့် မသိမသာ မနာလိုမုန်းတီးမှုများပါ ရောပြွမ်းနေတတ်သည်။
.........................................................................................................
မကြာမီ သူတို့နှစ်ဦး မြေအောက်မြို့တော်သို့ ဝင်ရောက်လာသည်။ ဝင်္ကပါသဖွယ် ရှုပ်ထွေးသော လမ်းကြောင်းများကို ဖြတ်သန်းပြီးနောက် အဆင့်မြင့်ကော်မတီရုံး လက်အောက်ခံ ၁၂၅ ထောက်လှမ်းရေးဌာန သို့ ဝင်ရောက်ခဲ့သည်။
အတွင်းတွင် အလွန် အလုပ်ရှုပ်နေကြသည်။ လူများ ဝင်ချည်ထွက်ချည်နှင့် အလျင်လိုနေကြပြီး လေထုမှာ တိတ်ဆိတ်ကာ ထူးထူးခြားခြား ဖိစီးမှုများ ရှိနေသည်။
တိတ်ဆိတ်နေရခြင်းမှာ ဤနေရာတွင် မည်သည့် လျှပ်စစ်ပစ္စည်းများ မရှိသောကြောင့် ဖြစ်သည်။ ဖုန်းမရှိ၊ မိုဘိုင်းဖုန်းမရှိ၊ ပရင်တာ အသံပင် မကြားရ။ လူတိုင်း စကားပြောလျှင် အသံနှိမ့်ပြီး ပြောကြသည်။
ထောက်လှမ်းရေး ဝန်ထမ်းများ၏ အလျင်စလို လမ်းလျှောက်သံနှင့် စာရွက်ပေါ်တွင် ဘောပင်သွား ပွတ်တိုက်သံများသာ ကြားနေရသည်။
"ထပ်တွေ့ကြပြန်ပြီ... ကျွန်တော်က ၁၂၅ ထောက်လှမ်းရေးဌာနက စစ်ဦးစီးမှူး ယုကျန်းပါ... ဒုတိယဗိုလ်ချုပ်ကြီး ယွမ်... အားနာပါတယ်... ခင်ဗျားရဲ့ အနားယူချိန်ကို နှောင့်ယှက်မိပြီ" ဗိုလ်မှူးချုပ်အဆင့်ရှိသော အရာရှိတစ်ဦးက ပြုံးလျက် လော်ယွမ်ကို လက်ဆွဲနှုတ်ဆက်သည်။
လော်ယွမ် ဘော်နီယိုသို့ မထွက်ခွာမီက သူ့ကို တစ်ခါမြင်ဖူးသည်။
"လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက်ပဲလေ... နှောင့်ယှက်တယ်လို့ ပြောလို့မရပါဘူး" လော်ယွမ် ပြုံးပြီး ပြန်ပြောလိုက်သည်။
နှစ်ဦးသား အစည်းအဝေးခန်းထဲသို့ ဝင်သွားကြသည်။ အတွင်း၌ လူမနည်းလှပေ။ အားလုံးမှာ ဤဌာနမှ ထောက်လှမ်းရေး အရာရှိများ ဖြစ်ကြသည်။
လူအချို့ မတ်တတ်ရပ် အလေးပြုကြသည်။ အားလုံး ထိုင်ပြီးသောအခါ လော်ယွမ်က လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဒီတစ်ခေါက် ကျွန်တော့်ကို ခေါ်လိုက်တာ ဘာကိစ္စများလဲ"
"ခင်ဗျား ပို့လိုက်တဲ့ ဂြိုဟ်သားနဲ့ ပတ်သက်ပြီးတော့ပဲ... ကျွန်တော်တို့ စစ်ဆေးမေးမြန်းမှုကနေ ထောက်လှမ်းရေး သတင်းအချို့ ရရှိထားတယ်... ဒါပေမယ့် တချို့အချက်တွေက သိပ်မရှင်းလင်းဘဲ သာမန်စဉ်းစားဆင်ခြင်မှုနဲ့ မကိုက်ညီ ဖြစ်နေတယ်... တစ်ခြားအဖွဲ့အစည်း တစ်ခုခု ကြားဝင်ပတ်သက်ခဲ့သလားလို့ ကျွန်တော်တို့ သံသယရှိနေတယ်... ဒုတိယဗိုလ်ချုပ်ကြီးယွမ် က တိုက်ရိုက် ထိတွေ့ခဲ့သူဆိုတော့ အဲဒီတုန်းက အခြေအနေကို မေးမြန်းချင်လို့ပါ"
"ပြောပါ"
"ပထမဆုံး အချက်ကတော့... အဲဒီ ဂြိုဟ်သားရဲ့ ထွက်ဆိုချက်အရ သူ အဖမ်းမခံရခင်မှာ ဘာနိမိတ်မှ မပြဘဲ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုတယ်... ခင်ဗျား အနေနဲ့များ..." ယုကျန်းက မေးလိုက်သည်။
"အဲဒါ မေးစရာမလိုပါဘူး... ငလျင်လှုပ်တာ ကျွန်တော် လုပ်လိုက်တာပါ" လော်ယွမ်က ဖြတ်ပြောလိုက်သည်။
ဒါ ဖုံးကွယ်ထားစရာ မလိုပေ။ လူသားများက ဒီအဆင့်ထိ ရောက်နေပြီ။ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်ကို သံသယဖြစ်နေကြဦးမယ် ဆိုရင်တောင် လူမျိုးစု ရှင်သန်ပျက်သုဉ်းရေးရှေ့မှာ ဒါတွေက ဒုတိယ ဦးစားပေး ကိစ္စတွေသာ ဖြစ်သည်။
သူ အာဏာသိမ်းဖို့ မကြံစည်သရွေ့၊ နိုင်ငံရေး ရည်မှန်းချက် မရှိသရွေ့၊ လမ်းပေါ်မှာ လူနည်းနည်းပါးပါး သတ်ပစ်လိုက်ရင်တောင် အခြေအနေ အရပ်ရပ်နဲ့ ယှဉ်လိုက်လျှင် အသေးအဖွဲ ကိစ္စသာ ဖြစ်သွားလိမ့်မည်။
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး ရင်ထဲတွင် လှိုင်းတံပိုးကြီးများ ရိုက်ခတ်သွားသလို ဖြစ်သွားကြသည်။ ဤမေးခွန်းက သူတို့ကို ဒုက္ခပေးနေတာ ကြာပြီ။ ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေခဲ့သည်။
နောက်ဆုံး အဖြေက လူတစ်ယောက် ဖန်တီးလိုက်တာတဲ့လား။ ၎င်းက သာမန် ငလျင် မဟုတ်။ စဉ်က ငလျင်က ကီလိုမီတာ သောင်းချီဝေးသော ပြန်လည်တည်ဆောက်ရေးဇုန်ကပင် လှမ်းပြီး ထောက်လှမ်းမိခဲ့သည်။ ဂြိုဟ်တု ဓာတ်ပုံတွေအရဆိုလျှင် ဘော်နီယိုကျွန်း၏့ စတုရန်းကီလိုမီတာ သောင်းချီကျယ်ဝန်းသည့် နေရာတစ်ခုလုံး မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး ပင်လယ်က ကုန်းမြေဖြစ်၊ ကုန်းမြေက ပင်လယ်ဖြစ် ဖြစ်သွားခဲ့သည်။ ငလျင်ပမာဏ ၉ အဆင့် ရှိသည်ဟု ပြောလျှင်ပင် မမှားပေ။
အတော်ကြာမှ ယုကျန်း သတိပြန်ဝင်လာပြီး လည်ချောင်းများ ခြောက်ကပ်နေသလို ခံစားလိုက်ရသည်။
"ဒါဆို ယာဉ်ပျံက..."
"အဲဒါလည်း ကျွန်တော် ဓားနဲ့ ခုတ်ဖွင့်ပြီးမှ ဂြိုဟ်သားကို ဖမ်းခဲ့တာပါ"
......................................................................................................
"ဒါဆို ဘာမေးစရာမှ မရှိတော့ပါဘူး"
မေးမြန်းမှု လျင်မြန်စွာ ပြီးဆုံးသွားသည်။ လော်ယွမ်သည် ထောက်လှမ်းရေး အရာရှိအချို့နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ၁၂၅ ထောက်လှမ်းရေးဌာနမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်ခွာသွားသည်။
အစည်းအဝေးခန်းမ တစ်ခုလုံး တိတ်ဆိတ်နေသည်။ လူတိုင်း၏ မျက်နှာတွင် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
အချိန်အတော်ကြာမှ ထောက်လှမ်းရေး ဝန်ထမ်းတစ်ဦးက အက်ရှရှအသံဖြင့် ရုတ်တရက် မေးလိုက်သည်။
"ဒုတိယဗိုလ်ချုပ်ကြီးယွမ်ရဲ့ စကားက ယုံရပါ့မလား... ဆင့်ကဲပြောင်းလဲသူ တစ်ယောက်က တကယ်ပဲ အဲ့လောက်အထိ စွမ်းအားကြီးနိုင်လို့လား"
"လက်မခံချင်ပေမယ့် ဒါက အကျိုးအကြောင်း အသင့်လျော်ဆုံး ရှင်းပြချက်ပဲ... ခင်ဗျား ယုံကို ယုံရလိမ့်မယ်" ယုကျန်း သက်ပြင်းမှုတ်ထုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ဒါဆို ဒီအစီရင်ခံစာကို..."
"အထက်ကို တင်လိုက်ပါ" ယုကျန်းက ပြောသည်။
သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ ပြန်လည်တည်ဆောက်ရေးဇုန်တွင် ထိုကဲ့သို့ လူသားပုံစံ မဟာဗျူဟာမြောက် လက်နက်ကြီး ပေါ်ထွက်လာခြင်းက အကယ်၍သာ ခေါင်းပေါ်မှာ ဂြိုဟ်သားတွေ ဖိအားပေးမနေလျှင် အထက်လူကြီးတွေ အတော်လေး ခေါင်းခဲနေရလောက်ချေပြီ။
ဆက်ရန်...
အပိုင်း (၄၀၄) ဝန်ကြီးအသစ်
ဓားတရားဌာနချုပ်၏ မြေအောက် စက်ဝိုင်းပုံ လိုဏ်ခေါင်းလမ်းကြောင်းအတွင်း။
ကြွက်သားအဖုအထစ်များဖြင့် ကျစ်လျစ်သန်မာပြီး ကိုယ်လုံးတီးဖြစ်နေသော အမျိုးသားတစ်ဦးသည် မျက်နှာသေဖြင့် မတ်မတ်ရပ်နေသည်။ နောက်တစ်ခဏတွင် စွမ်းအင်မြင့် အမှုန်တန်း တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ရိုက်ခတ်သွားသည်။
သူ မပွင့်တပွင့် ညည်းညူသံလေး ပြုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာ ဝေဝါးလာကာ ရုပ်ဒြပ်ပျောက်ကွယ်လုနီးပါး အရိပ်သဏ္ဍာန်ဖြစ်သွားပြီး မှိန်ဖျဖျ အလင်းရောင်များ ထွက်ပေါ်လာသည်။
ဤသည်မှာ အမှုန် အရှိန်မြှင့်စက်တစ်ခုဖြစ်သည်။
သို့သော် ကီလိုမီတာ ဆယ်ချီရှည်လျားသော အရှိန်မြှင့်စက်ကြီးများနှင့် ယှဉ်လျှင် ဤစက်မှာ ၁ ကီလိုမီတာခန့်သာ ရှည်ပြီး စွမ်းအင်ပမာဏလည်း များစွာနည်းပါးသည်။
၎င်းကို ဓားတရား ဌာနတွင်းရှိ သီးသန့် အသေးစား ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက စွမ်းအင်ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
အစောပိုင်း ပြန်လည်တည်ဆောက်ရေးဇုန် ရွှေ့ပြောင်းစဉ်ကာလက လန်ကျိုးမြို့တွင် မူလတည်ရှိခဲ့သော ဤ ၁၉၈၀ ပြည့်လွန်နှစ်ထုတ် အကြီးစား အမှုန်အရှိန်မြှင့်စက်ကိုလည်း ရွှေ့ပြောင်းသယ်ဆောင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် နည်းပညာ ခေတ်မမီတော့ခြင်းနှင့် သုတေသန လိုအပ်ချက်များကို မမီတော့ခြင်းတို့ကြောင့် အရှိန်မြှင့်စက်အသစ်များ တည်ဆောက်ခဲ့ကြရာ ဤစက်အဟောင်းကြီးမှာ စွန့်ပစ်ခံထားရသည့် အခြေအနေ ဖြစ်ခဲ့သည်။
ဓားတရား ဌာနကို စတင်ဖွဲ့စည်းချိန်ကျမှသာ သူ၏ တောင်းဆိုမှုကြောင့် တစ်ပိုင်းတစ်စသာ ကျန်တော့သည့်၊ အစိတ်အပိုင်းများ လျှော့ချခံထားရသည့် ဤစက်ကြီးသည် ဤနေရာသို့ တဖန် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
ဓားတရားဌာန ပေါ်ပေါက်လာရခြင်းမှာ တစ်ဖက်က ကြည့်လျှင် ပြန်လည်တည်ဆောက်ရေးဇုန်က သူ့ကို ချော့သိပ်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။
ထိုစဉ်က သာမန်လူများနှင့် ဆင့်ကဲပြောင်းလဲသူများ ကြား ပဋိပက္ခများ စတင်ကြီးထွားလာချိန်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူ အချို့သည် သာမန်လူများ၏ အုပ်ချုပ်မှုကို မခံလိုကြတော့ဘဲ ပိုမိုမြင့်မားသော ရာထူးနှင့် အာဏာများကို ရယူရန် ကြိုးပမ်းလာကြသည်။
တစ်ချိန်တည်းမှာပင် ပြန်လည်တည်ဆောက်ရေးဇုန် အထက်ပိုင်းခေါင်းဆောင်များသည်လည်း ဥပဒေမဲ့ ထင်ရာစိုင်းနေကြသော ဆင့်ကဲပြောင်းလဲသူများအပေါ် မကျေနပ်မှုနှင့် စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာခဲ့သည်။
စစ်မြေပြင်တစ်ခုတွင် ပုန်ကန်မှုကြောင့် မြို့တစ်မြို့ သားရဲဒီရေလှိုင်းအောက် ကျဆုံးခဲ့ရပြီးနောက် သွေးစွန်းသော အမိန့်တစ်ခု ထွက်ပေါ်လာကာ စစ်တပ်အတွင်း အဓိကထား၍ ကြီးမားသော ရှင်းလင်းမှုကြီး တစ်ခု ဖြစ်ပေါ်ခဲ့သည်။
မရေမတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သားများ သေဆုံးခဲ့ရသည်၊ သို့မဟုတ် ပြန်လည်တည်ဆောက်ရေးဇုန်မှ ထွက်ပြေးခဲ့ရသည်။
နောက်ဆုံးတွင် ထိုရှင်းလင်းရေးသည် ထိန်းမနိုင်သိမ်းမရ ကျယ်ပြန့်လာကာ အတွင်းပိုင်းအထိ ကူးစက်လာခဲ့သည်။
ပုန်းအောင်းနေသူများ၊ တာဝန်ထမ်းဆောင်ဆဲ ဆင့်ကဲပြောင်းလဲသူများ အားလုံး ထိတ်လန့်တကြားဖြင့် ပုန်းရှောင်ထွက်ပြေးကြရာ ပြန်လည်တည်ဆောက်ရေးဇုန်တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာသည်။
တစ်နေ့တွင်မူ ရှင်းလင်းရေးအမိန့် ရုတ်တရက် ရပ်တန့်သွားပြီး အရာအားလုံး ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ဤအမိန့်ရပ်ဆိုင်းမှုသည် အလွန်ရုတ်တရက်ဆန်လှသည်။ ကမ္ဘာပျက်ကပ်ဘေး အစောပိုင်းကာလဖြစ်၍ ဆင့်ကဲပြောင်းလဲသူများ၏ အစွမ်းမှာ အလွန်အားနည်းသေးသည်။
လေ့ကျင့်သားပြည့်ဝသော စစ်သားအနည်းငယ် ပူးပေါင်းလိုက်ရုံဖြင့် အစွမ်းမဆိုးလှသော ဆင့်ကဲပြောင်းလဲသူ တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ထို့အပြင် ထိုရှင်းလင်းရေးကာလတွင် စစ်တပ်ဖက်မှ ကြိုတင်ပြင်ဆင်ထားသဖြင့် စစ်သားသေဆုံးမှု နည်းပါးပြီး တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသာ ဖြစ်ခဲ့သည်။
ဆင့်ကဲပြောင်းလဲသူများမှာ ပြန်လည်ခုခံနိုင်စွမ်း မရှိသလောက် ဖြစ်ခဲ့သော်လည်း ထိုကဲ့သို့ အခြေအနေအောက်တွင် ရုတ်တရက် အခြေအနေငြိမ်သက်သွားပြီး ကျန်ရစ်သော ဆင့်ကဲပြောင်းလဲသူများကို နှစ်သိမ့်ခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းများ ပြုလုပ်လာခဲ့ရာ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့ဖူးသကဲ့သို့ ဖြစ်သွားသည်။
ဆယ်ရက်အကြာတွင် ဓားတရား ဌာနကို ဖွဲ့စည်းခဲ့ပြီး သူ့ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးပေးခဲ့သည်။ ထိုအချိန်က ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိကြသော်လည်း လူတစ်ယောက် ရုတ်တရက် ဓားတရား ဌာန၏ ဒုတိယဝန်ကြီး ဖြစ်လာခြင်းကို ကြည့်ခြင်းအားဖြင့် အဖြေကို ရိပ်စားမိနိုင်လေသည်။
...................................................................................................
နာရီဝက်အကြာတွင် သူ့ခန္ဓာကိုယ်သည် တစ္ဆေတစ်ကောင်လို မှိန်လိုက် လင်းလိုက်ဖြင့် မီးခိုးငွေ့များ ထွက်လျက် အမှုန်အရှိန်မြှင့်စက် လမ်းကြောင်းထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက အဝတ်အစားများကို အလျင်အမြန် လာပေးသည်။ သူက မျက်မှောင်ကြုတ်လျက် သူမကို ကြည့်လိုက်သည်။
သူ၏ ကိုယ်လုံးတီးဖြစ်နေမှုနှင့် မျက်နှာလွှဲထားသော အတွင်းရေးမှူးမလေးကို ဂရုမစိုက်ဘဲ အဝတ်အစားများကို ဖြည်းဆေးစွာ ဝတ်ဆင်လိုက်သည်။
"မင်းကို ဒီနေရာ မလာပါနဲ့လို့ ပြောထားတာကို... ဒီက ရောင်ခြည်သင့်တာကို သတိထားမှပေါ့"
"ရှင် ဂရုစိုက်စရာ မလိုပါဘူး" အတွင်းရေးမှူးက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
ခန္ဓာကိုယ်မှ အပူချိန် ကျဆင်းသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်။ သူ ထိုနေရာမှ လျှောက်ထွက်လာရင်း ပြောလိုက်သည်။ "မင်း နားမလည်ဘူးလား... ငါက မင်းကောင်းဖို့ ပြောနေတာ... ဒီနေ့ ဘာကိစ္စရှိလို့ မင်းကိုယ်တိုင် ဒီအထိ လာရတာလဲ"
အတွင်းရေးမှူးက နောက်မှ လိုက်ပါရင်း "ဒုတိယဝန်ကြီးအသစ် ဒီနေ့ ၉ နာရီမှာ ရောက်လိမ့်မယ်... အဲဒီအချိန်ကျရင် ရှင် ရှိနေဖို့ လိုတယ်... ရှင် နောက်ကျနေမှာစိုးလို့ လာပြောတာ"
"ဒုတိယဝန်ကြီး" သူ ခြေလှမ်းတန့်သွားပြီး အနည်းငယ် စဉ်းစားလိုက်သည်။ "မင်း ငါ့ကိုပြောဖူးသလိုပဲ... ဒီနေ့ရောက်မှာလား"
"ဟုတ်တယ်... အခု ၈ နာရီခွဲနေပြီ" အတွင်းရေးမှူးက သက်ပြင်းချကာ ပြောသည်။ "ဒါနဲ့ သူ့နာမည်က လော်ယွမ်တဲ့... မေ့မသွားနဲ့ဦး"
"ငါ့မှတ်ဉာဏ်က အဲဒီလောက် ညံ့နေလို့လား... တစ်ဖက်လူက ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့သူ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမယ်" သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ဂရုမစိုက်သောလေသံဖြင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။
"ပြန်လည်တည်ဆောက်ရေးဇုန်က ငါ့ကို စိတ်မချ ဖြစ်နေတုန်းပဲကိုး... ဒီလောက်မြန်မြန်ကြီး အာဏာခွဲဝေဖို့ လူလွှတ်လိုက်ပြီ"
"ရှင် စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်" အတွင်းရေးမှူးက စိုးရိမ်စွာ ပြောသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထူးခြားသည်။ အတွင်းရေးမှူးနှင့် ဝန်ကြီး ဆက်ဆံရေးသာမက သံယောဇဉ်နှင့် အချစ်များလည်း ရောယှက်နေသဖြင့် သူ့ကို ဘာမှမဖြစ်စေလိုပေ။
"စိတ်ချပါ... ငါ သူ့ကို ဘုရားတစ်ဆူလို ကိုးကွယ်ထားလိုက်ပါ့မယ်... သူသာ ငါ့ကို လာမစသရွေ့ အားလုံး အဆင်ပြေနေမှာပါ" သူ ပြုံးလိုက်ရာ စိပ်ပြီး ရှည်လျားသော သွားဖြူဖြူများ ပေါ်လာသည်။ သို့သော် သူ့မျက်နှာတွင်မူ အပြုံးအရိပ်အယောင် လုံးဝ မရှိပေ။
ဒီလိုနေ့မျိုး တစ်နေ့ ရောက်လာမယ်ဆိုတာ သူ စောစောကတည်းက နားလည်ပြီးသား။ သာမန်လူတွေရဲ့ အာဏာဆိုတာ သူ့အတွက်တော့ တိမ်တိုက်လိုပင်၊ မျက်လုံးထဲ ထည့်မထားချေ။ စစ်မှန်သည့် စွမ်းအားကသာ သူ ရှာဖွေနေတဲ့ အရာဖြစ်ပြီး သူ ရပ်တည်ရှင်သန်နိုင်မယ့် နည်းလမ်းလည်း ဖြစ်သည်။
"သူ့အစွမ်းက ဘယ်လိုနေမလဲ မသိဘူး" သူ တစ်ီးတည်း ရေရွတ်လိုက်သည်။
သူ့အတွင်းရေးမှူးက တစ်ခုခု ထပ်သတိပေးချင်နေသည်ကို မြင်သောအခါ သူက ရယ်မောလိုက်ပြီး "မပူပါနဲ... ရဲဘော်ရဲဘက်တွေ စည်းလုံးညီညွတ်ရမယ် ဆိုတာ ရှေးရိုးစွဲ အဘိုးကြီးတွေရဲ့ အစည်းအဝေးမှာ နားကလောအောင် ကြားဖူးပြီးသား... အခုကစိတ်ထဲက တွေးမိရုံပဲ... ဒါပေမဲ့ ဒုတိယဝန်ကြီး ဖြစ်လာနိုင်တယ် ဆိုမှတော့ သေချာပေါက် ထူးခြားတဲ့ အစွမ်းအစ ရှိမှာပဲ"
"ဒါနဲ့ သူ ဘယ်က ပြောင်းလာတာလဲ" သူ မေးလိုက်သည်။
"မျှော်လင့်ချက်မြို့က"
"ဒါဆို ငါ ထင်တာ မှားနေတာလား... အဲဒီနေရာက ဟို ထူးဆန်းတဲ့အစွမ်းရှိတဲ့ ကောင်မလေး လင်ဖေးယန်ရဲ့ နယ်မြေ မဟုတ်ဘူးလား" သူ ခဏရပ်ပြီး သံသယဖြင့် လှည့်မေးလိုက်သည်။
"သူက ဒုတိယအဖွဲ့ခေါင်းဆောင်ပါ" အတွင်းရေးမှူးက အလျင်အမြန် ဖြေလိုက်သည်။
သူ အနည်းငယ် ကြောင်အသွားပြီး စိတ်ထဲတွင် သံသယဝင်သွားသည်။ ဒါက ပုံမှန် ရာထူးတိုးခြင်း လုံးဝ မဟုတ်ဘူးပဲ။ ဓားတရား ဌာနက အင်အားကြီးသူကို ဦးစားပေးသည် ဆိုသော်လည်း အဆင့်ဆင့် တက်လာမှ ရတာမျိုး။ သာမန် အစိုးရဌာနတွေထက် မြန်ချင်မြန်မည်၊ သို့သော် ယခုလို အဖွဲ့ခေါင်းဆောင် အဆင့်ကို ကျော်ပြီး တန်းပြီး ဒုတိယဝန်ကြီး ဖြစ်လာတာကတော့ သဘာဝ မကျပေ။
ဤကာလအတွင်း သူ မသိလိုက်တဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့တာ သေချာတယ်။
"ခုတလော ဘာထူးခြားတာ ဖြစ်ထားသေးလဲ" သူ မေးလိုက်သည်။
အတွင်းရေးမှူးက ခေါင်းခါပြသည်၊ သူမ ဘာမှမသိပေ။
.........................................................................................................
သူ့စိတ်ထဲတွင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ ရုံးခန်းသို့ ရှားရှားပါးပါး ပြန်ရောက်လာပြီး ခဏထိုင်ကာ အရေးမကြီးသော ဖိုင်အချို့ကို ဟိုကြည့်ဒီကြည့် လုပ်နေလိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မတ်တပ်ထရပ်ကာ ရုံးခန်းလိုက်ကာကို ဖွင့်ကြည့်လိုက်ရာ ကားလေးတစ်စီး ဓားတရား ဌာနဝင်းထဲသို့ ဖြည်းညှင်းစွာ မောင်းဝင်လာသည်ကို တွေ့လိုက်ရသည်။
အဖွဲ့အစည်းဆိုင်ရာဌာနမှ ထိပ်တန်း ဒုတိယဝန်ကြီးတစ်ဦးနှင့် ခန္ဓာကိုယ် ဖြောင့်မတ်သန်စွမ်းပြီး အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော သူစိမ်းအမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာကြသည်။
တစ်ခုခုကို အာရုံခံမိသကဲ့သို့ ထိုအမျိုးသားသည် ရုတ်တရက် မော့ကြည့်လိုက်သည်။
နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြပြီးနောက် တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြုံးပြကာ အကြည့်ပြန်ရုတ်လိုက်ကြသည်။
အဖွဲ့အစည်းဆိုင်ရာ ဒုတိယဝန်ကြီးကလည်း အကြည့်ရှိရာသို့ လိုက်ကြည့်လိုက်ပြီးနောက် လော်ယွမ်ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဟိုမှာ မြင်ရတဲ့သူက ဓားတရား ဌာနရဲ့ နောက်ထပ် ဒုတိယဝန်ကြီး လင်းကျုံအန်း ပါ... သူ့အကြောင်းနဲ့ ပတ်သက်ရင်တော့ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ခု ရှိတယ်"
"ဟုတ်လား" လော်ယွမ်က အလိုက်သင့် မေးလိုက်သည်။
"ကမ္ဘာပျက်ကပ်ဘေး စဖြစ်ပြီး သိပ်မကြာခင် လူတွေ ရွှေ့ပြောင်းကြတုန်းက ဝန်ကြီးလင်းမှာ ငယ်ချစ်ဦး ချစ်သူတစ်ယောက် ရှိခဲ့တယ်လေ... ရှုပ်ထွေးနေတဲ့အထဲမှာ ကွဲသွားကြပြီး ပြန်မတွေ့တော့ဘူး... ပြန်တွေ့တဲ့အချိန်ကျတော့ တစ်ဖက်မိန်းကလေးက အိမ်ထောင်ကျနေပြီ... နှစ်ယောက်သား တွေ့တွေ့ချင်းပဲ ဝမ်းနည်းပက်လက် နှုတ်ဆက်လမ်းခွဲခဲ့ကြတာပေါ့"
"အဲဒီအချိန်တုန်းက သူက ဒုတိယဝန်ကြီး ဖြစ်နေပြီ... ရာထူးကြီး အာဏာကြီးပေါ့... မိန်းကလေးရဲ့ ခင်ပွန်းကလည်း ဝန်ထမ်းပါပဲ... နောက်ပိုင်းကျမှ ခင်ပွန်းဖြစ်သူက သတင်းကြားပြီး သေမတတ် ကြောက်သွားတယ်... သိပ်မကြာခင်မှာပဲ မိန်းမနဲ့ ကွာရှင်းပြီး ဓားတရား ဌာနဆီ တန်းပို့ပေးလိုက်တော့တာပဲ"
"နောက်တော့ရော... သူတို့ လက်ထပ်လိုက်ကြလား" လော်ယွမ် စိတ်ဝင်စားသွားသည်။ ဒီအတိုင်းသာ ဆက်ဖြစ်သွားရင်တော့ စိတ်ဝင်စားစရာ ကိစ္စလို့ ဘယ်ခေါ်နိုင်မလဲ၊ တစ်ခုခုတော့ အချိုးအကွေ့ ရှိဦးမှာပဲဟု သူ တွေးလိုက်သည်။
"မထပ်ဖြစ်ပါဘူးဗျာ... နားလည်မှုလွဲကြတာ ဖြစ်မယ်... အဲဒီနေရာမှာတင် နှစ်ယောက်သား အကြီးအကျယ် ရန်ဖြစ်ပြီး မပျော်မရွှင် လမ်းခွဲလိုက်ကြတယ်... ဒါပေမဲ့ ဝန်ကြီးလင်းကလည်း အချစ်ကြီးရှာပါတယ်... လုံးဝ လက်မလျှော့ဘူး... ဘယ်လို နည်းလမ်းတွေ သုံးလိုက်လဲ မသိပါဘူး... နောက်ပိုင်းကျတော့ အဲဒီ ငယ်ချစ်ဦးက သူ့ရဲ့ အတွင်းရေးမှူး ဖြစ်လာပါလေရော"
လော်ယွမ် ထိုဝန်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ကျေးဇူးတင်မိသွားသည်။ အစပထမကတော့ ဒုတိယဝန်ကြီးအဆင့် အရာရှိကြီးတစ်ယောက်က ဘာလို့ ဒီလို အတင်းအဖျင်း ကိစ္စတွေကို လာပြောပြနေရတာလဲ၊ ဂုဏ်သိက္ခာ မရှိလိုက်တာဟု တွေးမိသော်လည်း တကယ်တမ်းကျတော့ ဒါသည် သူ့ကို သွယ်ဝိုက်ပြီး သတိပေးနေခြင်း ဖြစ်မှန်း သိလိုက်ရသည်။
ဒီ ဒုတိယဝန်ကြီးရဲ့ အတွင်းရေးမှူးမလေးဟာ တစ်ဖက်လူရဲ့ 'အထိမခံ ရွှေပန်းကန်' ဖြစ်နေပုံရသည်။ သွားထိလိုက်သည်နှင့် ပေါက်ကွဲမည့်အရာ ဖြစ်သည်။
ထိုစဉ် လော်ယွမ် ပြန်စဉ်းစားမိပြီး တစ်ခုခု လွဲနေသလို ခံစားလိုက်ရသည်။ ဤလူ ဘာကြောင့် သူ့ကိုသက်သက်ကြီး လာသတိပေးနေရသနည်း။
အထက်လူကြီးတွေရဲ့ မျက်လုံးထဲမှာ သူက အဲဒီလောက်တောင် မိန်းမမှန်သမျှ တွေ့မရှောင်လို့ ထင်နေသလော။
ဆက်ရန်...