← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 21 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 21 Ch. 405-406

အပိုင်း(၄၀၅) ကြင်နာမှု

ဓားတရားဌာနချုပ်သည် မြို့သစ်၏ ဆင်ခြေဖုံးတွင် တည်ရှိပြီး မြို့၏ အပြင်ဘက်ဆုံးအပိုင်းနှင့် သုံးလေးမိုင်ခန့် ကွာဝေးသည်။ ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေမရှိဘဲ နေရာတိုင်းတွင် ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေသည်။

ဤသို့ထားရှိခြင်းသည် အထက်လူကြီးများ၏ သတိထားမှုကြောင့် ဖြစ်နိုင်သလို မျက်စိမမြင်ရလျှင် စိတ်အနှောင့်အယှက်မဖြစ်ဟူသော သဘောတရားကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် ထိုအကြောင်းရင်းကြောင့်ပင် ဓားတရား ဌာနသည် မြေနေရာကျယ်ဝန်းစွာ ရရှိထားပြီး ဧက ရာပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို ပိုင်ဆိုင်ထားသည်။

အတွင်းပိုင်းတွင် သီးခြား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သိပ္ပံသုတေသနဌာန၊ ဆေးရုံ၊ လက်နက်ထုတ်လုပ်ရေး စက်ရုံနှင့် လေတပ်အပါအဝင် တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ လျင်မြန်သော တုံ့ပြန်ရေးတပ်ဖွဲ့တစ်ခုတို့ ရှိသည်။ ၎င်းတွင် ဆက်စပ်ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းအချို့ မပါဝင်သေးပေ။

ဓားတရား ဌာနချုပ်တွင် တရားဝင်အဖွဲ့ဝင် (၄၅) ဦး၊ အရန်အဖွဲ့ဝင် (၂၀၀) ကျော်ရှိသည်။ ထောက်ပို့၊ သာမန်စစ်သားများ၊ သုတေသီများ၊ ဆရာဝန်များ၊ နည်းပညာရှင်များနှင့် အခြားအကူဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူဦးရေ နှစ်ထောင်နီးပါး ရှိသည်။

ဤမျှကြီးမားသော ဌာနတစ်ခု၊ အရန်အဖွဲ့ဝင်များအပါအဝင် ဤမျှများပြားသော အဖွဲ့ဝင်များ ရှိနေသည့် ဓားတရား ဌာနချုပ်၏ အခန်းကဏ္ဍသည် မြို့သစ်ကို ကာကွယ်ရန်နှင့် နေရာဒေသအသီးသီးရှိ ဓားတရား တပ်ခွဲများကို ဦးဆောင်ရန်အတွက်သာ မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ပြန်လည်ထူထောင်ရေးဇုန်ရှိ သတ္တုတွင်းများနှင့် ရေနံမြေများ၏ လုံခြုံရေးတာဝန်ကိုလည်း ထမ်းဆောင်ရသည်။

သတ္တုတွင်းများသည် ပြန်လည်ထူထောင်ရေးဇုန် အတွင်းပိုင်း၊ ပတ်ဝန်းကျင် အတော်အတန် လုံခြုံသော နေရာများတွင်သာ ရှိသည်မဟုတ်ပေ။

အများစုသည် ပြန်လည်ထူထောင်ရေးဇုန် ပြင်ပရှိ သီးခြားနယ်မြေများတွင် တည်ရှိသည်။ ထိုနေရာများတွင် သန္ဓေပြောင်းသတ္တဝါများ သောင်းကျန်းနေပြီး ပတ်ဝန်းကျင် အခြေအနေ အလွန်ဆိုးရွားသည်။

စစ်တပ်တစ်ခုတည်း စေလွှတ်လျှင် အထိအခိုက်အကျအဆုံး များပြားပြီး အရာမရောက်နိုင်ပေ။ ထိုသို့သော အခြေအနေမျိုးတွင် ဓားတရား ဌာနမှ သန္ဓေပြောင်းလူသားများ စောင့်ကြပ်ရန် လိုအပ်လေ့ရှိသည်။

ရုံးခန်းအဆောက်အအုံသို့ သွားရာ လမ်းရှည်ကြီးပေါ်တွင် လျှောက်လှမ်းရင်း အဖွဲ့အစည်းဆိုင်ရာ ဒုတိယဝန်ကြီး၏ ရိုးရှင်းသော မိတ်ဆက်စကားအနည်းငယ်ကို နားထောင်ပြီးနောက် လော်ယွမ်သည် ဓားတရား ဌာနချုပ်နှင့် ပတ်သက်၍ ယေဘုယျ နားလည်မှု ရရှိခဲ့သည်။

ဓားတရား ဌာနတစ်ခုလုံးသည် သီးခြားလွတ်လပ်သော နိုင်ငံငယ်တစ်ခုသဖွယ် ဖြစ်နေသည်။

နှစ်ယောက်သား ရုံးခန်းတံခါးဝသို့ ရောက်သောအခါ ကြိုဆိုနေသူများ ရှိနေပြီဖြစ်သည်။

"ဝန်ကြီးတုန်း... ပြန်တွေ့ကြပြန်ပြီနော်... မိတ်ဆက်ပေးရဦးမယ်... ဒါက ဓားတရား ဌာနရဲ့ ဝန်ကြီး တုန်းဟွေကျွင်း ပါ... ဒါကတော့ လော်ယွမ်တဲ့ အခုမှ တာဝန်စထမ်းဆောင်မယ့် ဒုတိယဝန်ကြီးပဲ... နောက်ဆို ခင်ဗျားတို့က ဌာနတစ်ခုတည်းက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီ"

"ဒုဝန်ကြီးလော်ယွမ်ပဲကိုး... လူချင်းမတွေ့ဖူးပေမယ့် ဂုဏ်သတင်းကို ကြားနေတာ ကြာပြီ... နာမည်ကြီးပဲ... ဓားတရား ဌာနကနေ ကြိုဆိုပါတယ်ဗျာ" ဝန်ကြီးတုန်းသည် စကားမပြောမီကပင် ပြုံးရယ်နေပြီး အလွန်ဖော်ရွေပုံရသည်။ လော်ယွမ် မိတ်မဆက်ရသေးမီ လက်ကမ်းပေးလာပြီး မိမိကိုယ်ကို နှိမ့်ချသော အနေအထား ပြသသည်။

သူ့ပုံစံမှာ အသက်လေးငါးဆယ်ခန့်၊ လူလတ်ပိုင်းအရွယ် ဖြစ်သော်လည်း မျက်နှာတွင် မျက်အိတ်များ တွဲကျနေပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်သည်။ သန္ဓေပြောင်းလူသားမဟုတ်သော သာမန်လူတစ်ဦးအနေဖြင့် အမည်ခံ ဓားတရား ဌာနဝန်ကြီး ရာထူးကို ရယူထားရသည်မှာ မလွယ်ကူကြောင်း ခန့်မှန်းကြည့်နိုင်သည်။

"မင်္ဂလာပါ ဝန်ကြီး" လော်ယွမ်သည် ပြုံးလျက် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ့သဘောထားမှာ အလွန်ရင်းနှီးခြင်း မရှိသလို အေးစက်ခြင်းလည်း မရှိပေ။

သန္ဓေပြောင်းလူသားတစ်ဦးအနေဖြင့် မည်သို့ပင်ဖြစ်စေ မိမိ၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ပြသရမည်ကို သူကောင်းကောင်းသိသည်။ သို့မဟုတ်ပါက သူ မည်မျှပင် အစွမ်းထက်ပါစေ လူများကို စည်းရုံးနိုင်မည် မဟုတ်ပေ။

"အစည်းအဝေးခန်းမကို ပြင်ဆင်ပြီးပြီ... ခင်ဗျားတို့ကို စောင့်နေကြတာ" ဝန်ကြီးတုန်း၏ မျက်နှာထား လုံးဝ မပြောင်းလဲဘဲ ပြုံးရွှင်စွာ ပြောသည်။

လူအနည်းငယ်သည် အစည်းအဝေးခန်းမသို့ လျင်မြန်စွာ လျှောက်သွားကြသည်။ စောစောက တွေ့ခဲ့ရသော ဝန်ကြီးလင်းက အပြင်ထွက်မလာခဲ့သော်လည်း အစည်းအဝေးခန်းမထဲတွင် ရှိနေသည်။

သူ့ဘေးတွင် အတွင်းရေးမှူးမလေး ထိုင်နေသည်။ လော်ယွမ် မနေနိုင်ဘဲ တစ်ချက်ကြည့်မိရာ တကယ်ပင် လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။

ဒါပေမဲ့ ဤမျှလောက်ပင်။ လော်ယွမ် အကြည့်ပြန်လွှဲလိုက်သည်။ အထက်လူကြီးများက သူ့ကို တဏှာရူးဟု ထင်နေကြသည်မှာ သေချာသည်။

လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ အစည်းအဝေးခန်းမရှိ လူအားလုံး၏ အကြည့်များသည် သူ့ထံသို့ ရောက်လာကြသည်။

သံသယ၊ အထင်သေးမှု၊ အံ့သြမှုနှင့် အကဲခတ်မှုများ ပါဝင်နေသည်။

ထိုအကြည့်များထဲတွင် ပြင်းထန်သော လက်မခံလိုမှုနှင့် မလိုမုန်းထားမှုများကို ခံစားလိုက်ရသဖြင့် လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်ပြီး သဘာဝကျကျ လမ်းလျှောက်ဝင်လာခဲ့သည်။

ခြေလှမ်းအနည်းငယ် မလျှောက်ရသေးမီ ရှေ့ဆုံးတန်းတွင် ထိုင်နေသော လင်းကျုံအန်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

သူ့လှုပ်ရှားမှုကြောင့် ဆူညံနေသော အစည်းအဝေးခန်းမသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်သွားသည်။ လူတိုင်း အသက်ရှူအောင့်ထားသကဲ့သို့ ဖြစ်နေသည်။

လော်ယွမ် ရပ်တန့်လိုက်ပြီး သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိရသေးပေ။

လင်းကျုံအန်းသည် လော်ယွမ့်ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။ သူသည် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ်၊ ထူထဲသော ရင်အုပ်နှင့် စွမ်းအားပြည့်ဝသော အသွင်အပြင်ရှိသည်။

လော်ယွမ်သည် သူ့ရှေ့တွင် အရပ်အနည်းငယ် ပုသွားသလို ဖြစ်နေသည်။ သူက လက်ကမ်းပေးလာပြီး "ခုနက တွေ့ပြီးပြီနော်... ကျွန်တော်က လင်းကျုံအန်း ပါ" ဟု ပြောသည်။

"လော်ယွမ်ပါ" လော်ယွမ် နောက်ဆုံးတွင် ပြုံးလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ လင်းကျုံအန်းသည် သန္ဓေပြောင်းလူသားများကြားတွင် ဩဇာအာဏာ အလွန်ကြီးမားကြောင်း သိသာသည်။

သူ့နှင့်ယှဉ်လျှင် အမည်ခံဝန်ကြီးသည် အရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေပြီး မည်သည့် ဩဇာအာဏာမှ မရှိပေ။

လင်းကျုံအန်း၏ ဤရင်းနီးသော အပြုအမူကြောင့် လော်ယွမ်၏ အခြေအနေ အများကြီး သက်သာသွားသည်။ လော်ယွမ် ဂရုမစိုက်သော်လည်း အနည်းဆုံးတော့ အရင်ကလောက် ဖယ်ကြဉ်ခံရခြင်း မရှိတော့ပေ။

"ခင်ဗျားရဲ့ ရာထူးလက်ခံပွဲကို ကျွန်တော် မတက်တော့ဘူး... ပျင်းစရာကြီး... ပြီးရင် အတူတူ သောက်ကြတာပေါ့... ကမ္ဘာမပျက်ခင်က အရက်ကောင်းလေးတွေ ကျွန်တော့်ဆီမှာ ရှိသေးတယ်"

"ဒါပေါ့... သောက်ရမှာပေါ့" လော်ယွမ် ပြုံးပြီး ပြောလိုက်သည်။

ထို့နောက် လင်းကျုံအန်းသည် အတွင်းရေးမှူးမလေး၏ မျက်စောင်းထိုးခြင်းကို ခံရလျက် အစည်းအဝေးခန်းမမှ ထွက်ခွာသွားသည်။ နောက်မှ အတွင်းရေးမှူးမလေးလည်း အလျင်အမြန် လိုက်သွားရသည်။

လော်ယွမ် စိတ်ထဲတွင် အားကျမိသည်။ သူကတော့ လင်းကျုံအန်းလို လွတ်လပ်ပေါ့ပါးစွာ မနေနိုင်ပေ။ သူ့စရိုက်က အလယ်အလတ်လမ်းစဉ်ကို လိုက်သူဖြစ်ပြီး တည်ငြိမ်စွာ ပြုမူတတ်သည်။

အကျိုးစီးပွား မထိခိုက်သရွေ့ ဘယ်သူ့ကိုမှ ရန်စလေ့မရှိ။ ရပ်ကွက်ဥက္ကဋ္ဌနှင့် စကားပြောလျှင်လည်း စိတ်ရှည်သည်းခံပြီး ဖော်ရွေစွာ ပြောဆိုနိုင်သည်။ ထို့အတူ အစိုးရလုပ်ထုံးလုပ်နည်းများ၏ ရှုပ်ထွေးမှုကိုလည်း သည်းခံပြီး လိုက်နာနိုင်သည်။

ဆက်လက်၍ သူသည် ရာထူးလက်ခံပွဲ အစီအစဉ်အတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်သွားသည်။ သို့သော် လင်းကျုံအန်း ပြောသကဲ့သို့ပင် တကယ်ပျင်းစရာ ကောင်းလှသည်။

ကံကောင်းသည်မှာ အစီအစဉ် ရေးဆွဲသူသည် ဓားတရား ဌာန၏ ထူးခြားမှုကို ထည့်သွင်းစဉ်းစားထားပုံရပြီး မိန့်ခွန်းကို အတော်အတန် တိုတိုတုတ်တုတ် ရေးပေးထားသည်။

(၁၀) မိနစ်ကျော်အကြာတွင် အစည်းအဝေး ပြီးဆုံးသွားသည်။

လူများ တရုန်းရုန်း ထွက်ခွာသွားကြသည်။ လော်ယွမ် အစည်းအဝေးခန်းမ အပြင်ဘက်သို့ ထွက်လာသောအခါ လင်းကျုံအန်းသည် နံရံထောင့်တွင် ပုံစံမကျစွာ ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။ ဘေးနားမှ အတွင်းရေးမှူးမလေးကိုမူ မတွေ့ရတော့ပေ။

"သွားမယ်... သွားသောက်ကြစို့" လော်ယွမ် ထွက်လာသည်ကို မြင်လျှင် လင်းကျုံအန်းက လက်ခုပ်တီးပြီး မတ်တပ်ရပ်လိုက်သည်။

"အစောကြီးလား" လော်ယွမ် အချိန်ကြည့်လိုက်ရာ ကိုးနာရီခွဲပင် မရှိသေးပေ။ နေ့လယ်စာ စားချိန်ရောက်ရန် အများကြီး လိုသေးသည်။

"သောက်တာက စောတယ် နောက်ကျတယ်လို့ ဘယ်ရှိမှာလဲ" သူက ပြောရင်း လော်ယွမ့် ပခုံးကို ဖက်လိုက်ပြီး အတင်းဆွဲခေါ်သွားရန် ပြင်သည်။

ကမ္ဘာပျက်ကတည်းက လော်ယွမ့် ပခုံးကို ဘယ်သူမှ လာမဖက်ရဲကြသဖြင့် သူနေသားမကျဖြစ်နေသည်။ လင်းကျုံအန်း ပခုံးကို လာပုတ်လိုက်သည်နှင့် သူ မသိစိတ်ဖြင့် ကြွက်သားများကို ရုန်းကန်လိုက်ရာ လေထုထဲတွင် "ဝေါ" ဟူသော အသံမြည်သွားပြီး ပခုံးတစ်ဝိုက် ဝေဝါးသွားသည်။

လင်းကျုံအန်း၏ လက်ပြန်ကန်ထွက်သွားပြီး ခန္ဓာကိုယ်ပါ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားသည်။ ဘိလပ်မြေ ကြမ်းပြင်သည် ခြေရာများဖြင့် အက်ကွဲသွားသည်။ နောက်တစ်ခဏတွင် သူသည် နံရံကို ပြင်းထန်စွာ ဝင်တိုက်မိပြီး "ဂျစ်" ဟူသော အသံနှင့်အတူ နံရံ ကွဲအက်ပြိုကျသွားသည်။

လင်းကျုံအန်းသည် ဖုန်မှုန့်များကို ခါလိုက်ပြီး ဒဏ်ရာမရဘဲ မတ်တပ်ပြန်ရပ်လိုက်သည်။ ထုံကျင်နေသော လက်ကောက်ဝတ်ကို ခါလိုက်ပြီး မျက်နှာတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။

ဒေါသထွက်မည့်အစား ဝမ်းသာသွားပြီး "အားက တော်တော်ကြီးတာပဲ... ဘယ်တော့လောက် လက်ရည်စမ်းကြမလဲ" ဟု မေးလိုက်သည်။

ထိုအချိန်တွင် အနီးနားရှိ လူအုပ်ကြီးသည် လုံးဝ ထွက်ခွာသွားခြင်း မရှိသေးပေ။ ဖြိုဖျက်ရေး လုပ်ငန်းခွင်တစ်ခုကဲ့သို့ ပျက်စီးသွားသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် အားလုံး အံ့သြထိတ်လန့်သွားကြသည်။

ဘေးလူများသာမက လော်ယွမ်ကိုယ်တိုင်လည်း အံ့သြသွားသည်။

စနစ် ၏ လေ့ကျင့်ပေးမှုတွင် ကြွက်သား လှုပ်ရှားမှုသည် ဘယ်တော့မှ သီးခြားမဖြစ်ပေ။ ပခုံးကြွက်သားတစ်ခုတည်း လှုပ်ရှားလိုက်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သား (၅၀) (၆၀) ခန့် ပါဝင်လှုပ်ရှားသွားခြင်း ဖြစ်သည်။

အကွာအဝေးတိုအတွင်း ရုတ်တရက် ထွက်ပေါ်လာသော အားသည် သူ အစွမ်းကုန် ထိုးနှက်လိုက်သော လက်သီးချက်၏ သုံးပုံတစ်ပုံထက်ပင် ပိုများသည်။

ဤ (၇) တန်၊ (၈) တန်ခန့်ရှိသော အားကို ဖန်ဖေ့ပင် ခန္ဓာကိုယ်ပြောင်းလဲပြီးချိန်တွင်ပင် ခံနိုင်မည် မဟုတ်ပေ။ သို့သော် လင်းကျုံအန်းကို ထိမှန်သွားသော်လည်း ဒဏ်ရာတစ်စက်မှ မရပေ။

သူ ခုနက နောက်ဆုတ်သွားသည်မှာ လူ့ခန္ဓာကိုယ် အလေးချိန်၏ ကန့်သတ်ချက်ကြောင့် အားလျော့သွားအောင် နောက်ဆုတ်လိုက်ခြင်းသာ ဖြစ်သည်။

"ခင်ဗျားလည်း မဆိုးဘူးပဲ... လက်ရည်စမ်းတာ ဘယ်အချိန်ဖြစ်ဖြစ် ရတယ်... အရင်ဆုံး သွားသောက်ကြတာပေါ့" လော်ယွမ် မငြင်းဘဲ စိတ်ထဲတွင် ရှားပါးသော စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤကဲ့သို့သော အစွမ်းထက်သည့် ပြိုင်ဘက်မျိုးနှင့် တွေ့ဆုံရသောအခါ လက်ရည်မစမ်းဘဲ မနေနိုင်လောက်အောင် ယားယံလာသည်။

"ဟုတ်တယ်... အရင်ဆုံး သောက်ကြမယ်" လင်းကျုံအန်းက လက်ဝါးချင်းပွတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ အသံမှာ အားပါးတရ ရှိလှသည်။

ဆက်ရန်...

အပိုင်း (၄၀၆) လက်ရည်စမ်းခြင်း

မကြာမီ သူတို့နှစ်ဦးသည် ဓားတရား အဖွဲ့သားများ ဧည့်ခံရန် သီးသန့်ဖွင့်လှစ်ထားသော စားသောက်ဆိုင်အသေးစားလေးသို့ ရောက်ရှိသွားကြသည်။

စားသောက်ဆိုင်တွင် လူသူကင်းမဲ့နေသည်။ သို့သော်လည်း လက်ရှိအချိန်က မနက် ၉ နာရီကျော်သာ ရှိသေးသဖြင့် မနက်စာအချိန်လည်းမဟုတ်၊ နေ့လယ်စာအချိန်လည်း မဟုတ်သောကြောင့် လူရှင်းနေခြင်းမှာ မဆန်းပေ။

သူတို့နှစ်ဦးသည် နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။

"စားဖိုမှူးရန်... ငါသိမ်းထားတဲ့ အရက်တွေအကုန် ထုတ်ပေး... အရက်နဲ့မြည်းဖို့ ဟင်းပွဲနည်းနည်းပါ ချပေးအုန်း... ဒီနေ့ရောက်လာတဲ့ ဝန်ကြီးယွမ်ကို ဧည့်ခံမလို့" လင်းကျုံအန်းက ပြောလိုက်သည်။

"ကောင်းပါပြီ ခင်ဗျာ... ခေါင်းဆောင်နှစ်ယောက် စိတ်ချပါ... အကောင်းဆုံး လက်ရာဖြစ်စေရမယ်" စားဖိုမှူးကြီးက ပြုံးရွှင်စွာ ပြောလိုက်သည်။ တပြိုင်နက်တည်းမှာပင် အသစ်ရောက်လာသော ဝန်ကြီးကို စိတ်ထဲ၌ သေချာမှတ်သားထားလိုက်သည်။ ဒီလိုစွမ်းအားရှင် တွေနှင့်ယှဉ်လျှင် သူက လူသေးလူမွှားလေးသာ ဖြစ်သဖြင့် ဘယ်သူ့ကိုမှ အပြစ်မလုပ်မိအောင် ဂရုစိုက်ရမည်။

ထိုင်ပြီး မကြာခင်မှာပင် အရက်အရင် ရောက်လာသည်။

စုစုပေါင်း ပုလင်းတစ်ဒါဇင်ကျော် ပါလာသည်။ အားလုံးမှာ ကမ္ဘာပျက်ကပ် မတိုင်မီက နာမည်ကြီးခဲ့သော အရက်များဖြစ်ကြပြီး ယခုခေတ်တွင်မူ သာမန်လူများ မြင်တွေ့ရန်ပင် ခက်ခဲသော၊ စားနပ်ရိက္ခာလက်မှတ် ဘယ်လောက်ပေးပေး ဝယ်မရနိုင်သော ရှားပါးပစ္စည်းများ ဖြစ်နေပြီဖြစ်သည်။

လော်ယွမ် တစ်ချက်ကြည့်လိုက်ရာ စုစုပေါင်း ၁၂ ပုလင်းသာ ရှိသော်လည်း တံဆိပ် ၅ မျိုးလောက် ပါဝင်နေသည်ကို တွေ့ရသည်။

"လာ လာ... သောက်ရအောင်" လင်းကျုံအန်းက ပုလင်းဖုံးကို ဖွင့်ပြီး လော်ယွမ်၏ ခွက်ထဲသို့ ငှဲ့ပေးလိုက်သည်။ "ကျွန်တော် အရင်မော့လိုက်မယ်ဗျာ"

သူက ပန်းကန်လုံးကို မ,ယူပြီး သူရဲကောင်းဆန်ဆန် တစ်ရှိန်ထိုး မော့ချလိုက်သည်။ လော်ယွမ်လည်း သူ့နည်းတူ တစ်ခွက်လုံးကုန်အောင် မော့လိုက်သည်။

"အခုတော့ အရက်သောက်ရတာ ဘာအရသာမှ မရှိတော့ဘူး... ဒီပုံစံအတိုင်းဆို ကျွန်တော် အရက်ဖြတ်ရတော့မယ် ထင်တယ်"

လင်းကျုံအန်းက လော်ယွမ့်ခွက်ထဲ အရက်ထပ်ဖြည့်ပေးရင်း ရုတ်တရက် ညည်းတွားလိုက်သည်။ သူသည် အရင်က အရက်သမားအစစ်ဖြစ်သည်။ ကမ္ဘာပျက်ကပ်မတိုင်ခင်က အရက်ကို အသက်လောက် ချစ်သူဖြစ်သည်။ သို့သော် အထူးစွမ်းအားရှင် ဖြစ်လာပြီးနောက်ပိုင်း အရက်မူးသည့်အရသာကို တစ်ခါမှ ထပ်မခံစားရတော့ပေ။

"ကျွန်တော်ကတော့ ခင်ဗျားလောက် ခံစားချက်မရှိဘူး... အရင်ကရော၊ အခုရော ကျွန်တော်က အရက်သိပ်သောက်လေ့ မရှိဘူး" လော်ယွမ်က နောက်တစ်ခွက် ထပ်သောက်ပြီး ပါးစပ်ကို သပ်ကာ ပြောလိုက်သည်။

"အဲဒါ ခင်ဗျားက အရက်သောက်ရတဲ့ အရသာကို နားမလည်လို့ပါ... ဆောင်းတွင်းအေးအေးကြီးမှာ နှင်းတွေကျနေတဲ့အချိန် အပြင်မထွက်ခင် အရက်တစ်ငုံလောက် သောက်လိုက်ရင် တစ်ကိုယ်လုံး ပူနွေးပြီး ထိုင်းမှိုင်းသွားတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ဘူးဗျ"

"ဒါဆို ကျွန်တော်က ကံမပါဘူးလို့ပဲ ဆိုရမှာပေါ့" လော်ယွမ်က ပြုံး၍ ပြောသည်။

သူတို့နှစ်ဦး၏ စွမ်းအားကြီးမားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အရက်သောက်ရသည်မှာ ရေသောက်သကဲ့သို့ ဖြစ်နေသည်။ သူတစ်ပြန် ကိုယ်တစ်ပြန် သောက်လိုက်ကြရာ ဟင်းပွဲပင် မလာသေးခင် အရက်တစ်ဝက်လောက် ကုန်သွားပြီဖြစ်သည်။

"ဒီရက်ပိုင်း ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်ခဲ့သလား" ရုတ်တရက် လင်းကျုံအန်းက မေးလိုက်သည်။ သူ့စရိုက်က ကွေ့ဝိုက်မနေတတ်ပေ။ စိတ်ထဲသံသယရှိလျှင် တဲ့တိုးမေးပြီး ရှင်းလင်းတတ်သူဖြစ်သည်။

"ခင်ဗျား ဆိုလိုတာက..." လော်ယွမ် စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

"ဥပမာ ခင်ဗျား ရုတ်တရက် ဒုဝန်ကြီး ဖြစ်လာတာမျိုးလေ... အရင်က ဒုခေါင်းဆောင်အဆင့်ပဲ ရှိတာမလား" လင်းကျုံအန်းက ပြောသည်။

"ဒါက ပြောပြဖို့ ခက်တယ်ဗျ" လော်ယွမ် ခေါင်းခါလိုက်ပြီး အရက်တစ်ခွက်လုံး မော့ချလိုက်သည်။

"ပြောမပြနိုင်တဲ့ အခက်အခဲ ရှိလို့လား... ဒါမှမဟုတ် လျှို့ဝှက်စည်းမျဉ်းတွေကြောင့်လား" လင်းကျုံအန်းက အသံကို နှိမ့်ပြီး မေးလိုက်သည်။ ဒုဝန်ကြီးတာဝန်ကို ဒီလောက်ကြာကြာ ထမ်းဆောင်လာခဲ့သဖြင့် သူ အရင်က နိုင်ငံရေး နားမလည်ခဲ့ရင်တောင် အခုတော့ အခြေအနေအရ နားလည်လာရပြီဖြစ်သည်။

"ခင်ဗျား တကယ်သိချင်တာလား... သိလိုက်ရရင် ခင်ဗျားအတွက် ကောင်းမှာမဟုတ်ဘူးနော်" လော်ယွမ်က ခေါင်းမော့ပြီး လင်းကျုံအန်းကို ကြည့်ကာ ပြောလိုက်သည်။

လင်းကျုံအန်းက အေးစက်စက် ရယ်မောလိုက်ပြီး "ငါက ဒီအထိတောင် မေးနေမှတော့ တကယ်သိချင်လို့ပေါ့ကွ... ငါ လင်းကျုံအန်း... အသက်ရှင်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ကြောက်တယ်ဆိုတာ မရှိခဲ့ဖူးဘူး"

"ဒါဆို အနုမြူပေါင်းစပ်စွမ်းအင် စက် ပေါက်ကွဲတာကို သိတယ်မလား" လော်ယွမ်က ခဏမျှ တုံ့ဆိုင်းပြီးမှ ပြောလိုက်သည်။

လင်းကျုံအန်း မျက်နှာထား တည်သွားပြီး ခေါင်းညိတ်ပြသည်။ ထိုစဉ်က အနုမြူ ပေါင်းစပ်စွမ်းအင် စက် ပေါက်ကွဲမှု သတင်းမှာ ဆူညံသွားခဲ့ရာ သူ မသိဘဲ မည်သို့နေမည်နည်း။ ထို့အပြင် အနုမြူ ဓာတ်ခွဲခန်းသည် ဓားတရားဌာနချုပ်နှင့် သိပ်မဝေးသဖြင့် ပေါက်ကွဲစဉ်က သူကိုယ်တိုင် သွားကြည့်ခဲ့သေးသည်။

လော်ယွမ်က သူ့ခွက်ထဲ အရက်ထည့်လိုက်ပြီး လက်ညှိုးဖြင့် အရက်ကိုတို့ကာ စားပွဲပေါ်တွင် စာလုံးအချို့ ရေးပြလိုက်သည်။ ပြီးနောက် ချက်ချင်းပြန်ဖျက်လိုက်သည်။ လျှို့ဝှက်စည်းမျဉ်းဆိုတာတွေက သူ့ကို မချုပ်ချယ်နိုင်သလို၊ တစ်ဖက်လူကလည်း သာမန်လူမဟုတ်သဖြင့် သိသွားလည်း ကိစ္စမရှိပေ။

"တကယ်ကြီးလား"

လင်းကျုံအန်း မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။ ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ တုန်လှုပ်သွားပြီး ထိန်းချုပ်မရနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါများ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

သို့သော် ချက်ချင်းပင် ပြန်လည်ထိန်းချုပ်လိုက်သည်။ အချိန်ခဏလေးသာ ဖြစ်သော်လည်း အဝေးမှ စားဖိုမှူးအချို့မှာ ကြောက်လန့်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ကြမ်းပြင်ပေါ် ခွေခနဲ လဲကျလုနီးပါး ဖြစ်သွားကြသည်။ မျက်နှာများမှာလည်း ဖြူဖျော့ကုန်ကြသည်။

လော်ယွမ်ကမူ တောင်ကြီးတစ်လုံးပမာ မလှုပ်မယှက် ထိုင်နေသည်။ ထိန်းချုပ်မှုမရှိဘဲ လွှတ်ထုတ်လိုက်သော ထိုရိုင်းစိုင်းသည့် အရှိန်အဝါသည် သူ့အတွက်မူ လေပြေလေညှင်း တိုက်ခတ်သကဲ့သို့သာဖြစ်ပြီး အနည်းငယ်မျှ သက်ရောက်မှု မရှိပေ။

"ခင်ဗျားကို လိမ်ပြောလို့လည်း အကျိုးမှ မရှိတာ... ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အခြေအနေက ပုံမှန်မဟုတ်ဘူးလို့ ခင်ဗျား မထင်မိဘူးလား" လော်ယွမ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါကြောင့်ကိုး..." လင်းကျုံအန်းက တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး တီးတိုးရေရွတ်လိုက်သည်။

လေထုအခြေအနေသည် ရုတ်တရက် လေးလံသွားသည်။ နှစ်ယောက်သား အချိန်အတော်ကြာ စကားမပြောကြဘဲ တိတ်ဆိတ်စွာ အရက်သောက်နေကြသည်။

"မသောက်တော့ဘူးကွာ... သောက်လေ အရသာမရှိလေပဲ... သွားကြစို့... တစ်နေရာရာသွားပြီး လက်ရည်ယှဉ်ကြမယ်" လင်းကျုံအန်းက သောက်ရင်းသောက်ရင်း စိတ်ပိုရှုပ်လာသဖြင့် အရက်ဆက်မသောက်တော့ပေ။ အထူးစွမ်းအားရှင် ဖြစ်လာပြီးနောက်ပိုင်း သူက တစ်ကိုယ်တည်းသမား ဖြစ်ခဲ့ပြီး ဘာကိုမှ မကြောက်ခဲ့ပေ။

ကော်မတီအထက်ပိုင်းကို တစ်ကိုယ်တော် ဝင်ရောက်စီးနင်းခဲ့စဉ်က သေနတ်ပေါင်းများစွာနှင့် တင့်ကားအမြောက်ပြောင်းများ သူ့ကို ချိန်ရွယ်ထားသည့်တိုင် သူ့စိတ်က တုန်လှုပ်ခြင်းမရှိခဲ့ပေ။

သို့သော် ငယ်ချစ်ဦးကို ပြန်ရှာတွေ့ပြီးနောက်ပိုင်း သူ့စိတ်တွင် တွယ်တာစရာ ရှိလာသလို တစ်ချိန်တည်းမှာပင် အားနည်းချက်လည်း ရှိလာခဲ့သည်။ သူသေရမှာ မကြောက်ပေမယ့် သူ့ချစ်သူပါ လိုက်ပါသေဆုံးရမည့် အဖြစ်မျိုးကိုတော့ လုံးဝ အဖြစ်မခံနိုင်ပေ။

........................................................................................................................

သူတို့နှစ်ဦးစလုံးသည် ဖျက်ဆီးနိုင်စွမ်း အလွန်မြင့်မားသူများ ဖြစ်ကြသဖြင့် သာမန်လေ့ကျင့်ရေးကွင်းများသည် တိုက်ခိုက်ရန် မသင့်တော်ပေ။ လော်ယွမ်နှင့် လင်းကျုံအန်းတို့သည် ဓားတရားဌာနချုပ်မှ ထွက်ခွာပြီး လူသူကင်းမဲ့သော တောရိုင်းမြေသို့ သွားကြသည်။

လော်ယွမ်က ကျန်းမာတောက်ဓားကို မြေကြီးပေါ်တွင် စိုက်ထားခဲ့သည်။ ဤဓားကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လေဟာနယ်ဖြတ်တောက်အစွမ်း ကို မသုံးလျှင်တောင် တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်မားသည်။ တစ်ချက်ခုတ်မိရုံဖြင့် မသေလျှင်တောင် ကိုယ်လက်အင်္ဂါ ပြတ်တောက်သွားနိုင်သည်။ လက်ရည်ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် ဓားကို အသုံးမပြုသင့်ပေ။

လင်းကျုံအန်းက ထိုဓားကို တစ်ချက်ကြည့်လိုက်သည်။ သူက မိမိ၏ ခုခံကာကွယ်နိုင်စွမ်းကို ယုံကြည်မှုရှိသော်လည်း တစ်ဖက်လူကို ဓားသုံးခွင့်ပေးလောက်အောင် မာန်မာန မကြီးပေ။ သူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"ခင်ဗျား သတိထားနော်"

လော်ယွမ်က လက်မောင်းအင်္ကျီကို ပင့်တင်လိုက်သည်။ သံမဏိကြိုးများကဲ့သို့ ကျစ်လျစ်သော ကြွက်သားများ လှုပ်ရှားဖောင်းကြွလာပြီး အားကောင်းသော ခွန်အားကို ပြသနေသည်။ "စလိုက်ရအောင်"

စကားဆုံးသည်နှင့် လင်းကျုံအန်းက ခြေဆောင့်နင်းလိုက်ရာ မြေကြီးတွင် မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီး ထွက်ပေါ်လာပြီး ပေါက်ကွဲမှုဖြစ်သွားသကဲ့သို့ မီတာအနည်းငယ်ကျယ်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။ သူ့ခန္ဓာကိုယ်သည် မြားတစ်စင်းပမာ လော်ယွမ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

လော်ယွမ် မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ ပြင်းထန်သော လေပြင်းများ တဝေါဝေါ တိုက်ခတ်လာပြီး လော်ယွမ်အနီးသို့ မရောက်မီမှာပင် လေစီးကြောင်းများနှင့် လေပွေများအဖြစ် ပြောင်းလဲသွားသည်။

တစ်ဖက်လူ၏ ခွန်အားမှာ အလွန်ကြောက်စရာကောင်းသည်။ လူသား တီရက်စ် ဒိုင်နိုဆောကြီး တစ်ကောင်နှင့် တူလှသည်။

ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် အသံထက်မြန်သော အရှိန်ကို ကျော်လွန်သွားပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ပေါင်းပင်များနှင့် ချုံပုတ်များသည် လေဖိအားကြောင့် အပိုင်းပိုင်းပြတ်ကာ အမှုန့်ဖြစ်ကုန်ကြသည်။

ထိုအရာများက သူ့နောက်မှ လေစီးကြောင်းထဲ လိုက်ပါသွားကြသဖြင့် အမြီးတန်းရှည်ကြီး တစ်ခုကို ဆွဲကာ ပြေးလာသကဲ့သို့ ဖြစ်နေသည်။

သို့သော် ဒီလိုမြင်ကွင်းမျိုးကို သူမြင်ဖူးနေကျ ဖြစ်သဖြင့် စိတ်ထဲတွင် လှုပ်ရှားခြင်းမရှိပေ။ သူကြုံတွေ့ခဲ့ရသော အဆင့် ၇ သန္ဓေပြောင်းသတ္တဝါ အများစု၏ ခွန်အားသည် ဒီထက် ဆယ်ဆမက ပိုမို ကြောက်စရာကောင်းသည်။

လော်ယွမ်က လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံ ဝိုက်လိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် ယိမ်းကာ ခြေလှမ်းကို ကြက်ခြေခတ်ပုံစံ ရွှေ့လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ဦးသား ထိပ်တိုက်တွေ့သွားကြသည်။ ပျစ်ချွဲနေသော လေထုထဲတွင် ဥက္ကာခဲကြီး ပြုတ်ကျလာသကဲ့သို့သော လက်သီးတစ်လုံးသည် လေထုကို စုတ်ဖြဲပြီး အမြောက်ဆန်ပမာ "ဝုန်း" ခနဲမြည်အောင် လော်ယွမ်ဆီသို့ ဝင်ဆောင့်လာသည်။

သို့သော် လော်ယွမ်က အသင့်ပြင်ထားပြီးဖြစ်သည်။ ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းလိုက်ရာ ဆံခြည်တစ်မျှင်အကွာမှ လက်သီးကို ရှောင်တိမ်းလိုက်နိုင်သည်။ တစ်ချိန်တည်းမှာပင် ခါးဘေးမှ လက်ကို လျှပ်စီးလက်သကဲ့သို့ ဆန့်ထုတ်ပြီး လင်းကျုံအန်း၏ မေးစေ့ကို အောက်မှနေ၍ ပင့်ထိုးလိုက်သည်။

လင်းကျုံအန်း၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်ဘဲ လေပေါ် မြောက်တက်သွားသည်။ လော်ယွမ်က ကြီးမားသော တုန်ခါမှုကြောင့် ထုံကျင်သွားသော လက်ကို ဂရုမစိုက်နိုင်ဘဲ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး ဝမ်းဗိုက်ကို လက်သီးဖြင့် ထပ်ထိုးလိုက်သည်။

လင်းကျုံအန်း ကိုယ်ကိုကိုင်းပြီး တောင့်တင်းသွားသည့် အခိုက်အတန့်တွင် လော်ယွမ်က လေပေါ်ခုန်တက်ကာ သူ့ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်တော့သည်။

ကြီးမားသော စွမ်းအားကြောင့် လေထုပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အထူးသဖြင့် နောက်ဆုံးကန်ချက်သည် တန်ချိန်ဆယ်ချီသော စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းဖြစ်ရာ လေထုပင် ခေတ္တခဏ လေဟာနယ် ဖြစ်သွားသည်။

သိုင်းပညာရှင်အချင်းချင်း တိုက်ခိုက်ရာတွင် ဝတ္ထုတွေထဲကလို တစ်နာရီ၊ တစ်ရက် ကြာမြင့်လေ့ မရှိပေ။ အနိုင်အရှုံးဆိုသည်မှာ ထိပ်တိုက်တွေ့သည့် ခဏလေးအတွင်း ဆုံးဖြတ်ပြီးသား ဖြစ်သွားလေ့ရှိသည်။

ထို့အပြင် တစ်ဖက်လူမှာ ခွန်အားကြီးမားသည် မှန်သော်လည်း လှုပ်ရှားမှုများတွင် ခန္ဓာကိုယ် ဟန်ချက်မညီမျှမှုများ သိသာနေသည်။ ၎င်းမှာ အထူးစွမ်းအားရှင် များ၏ အားနည်းချက်ဖြစ်ပြီး အရေအသွေး မမျှတမှုကြောင့် အမြဲတမ်း သိသာထင်ရှားသော အားနည်းချက်များ ရှိနေတတ်သည်။

လော်ယွမ် နောက်ဆုတ်လိုက်ပြီး ပေ၁၅၀ခန့် ထိ လွင့်ထွက်သွားကာ မြေကြီးပေါ်တွင် မလှုပ်မယှက် လှဲနေသော လင်းကျုံအန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ စောစောက တိုက်ခိုက်မှုကြောင့် တစ်ဖက်လူ လုံးဝ ဒဏ်ရာမရရှိကြောင်း သူခံစားမိလိုက်သည်။ နာကျင်သည့် လက္ခဏာပင် မပြပေ။

လူရေခွံခြုံထားသော စက်ရုပ်တစ်ရုပ်ဟုပင် သံသယဝင်စရာ ကောင်းလှသည်။ မဟုတ်သေး... စက်ရုပ်ဆိုလျှင်ပင် လော်ယွမ်၏ ယခုလို တိုက်ခိုက်မှုမျိုးကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလောက်ပြီ။

ထင်ထားသည့်အတိုင်းပင် မကြာမီ လင်းကျုံအန်း ပြန်ထလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ စောစောက တိုက်ခိုက်မှုကြောင့် အမှုန့်ကြေသွားပြီဖြစ်ပြီး အဝတ်စုတ်အနည်းငယ်သာ ကျန်ရစ်တော့သည်။

"တုံ့ပြန်ချက်က တော်တော်မြန်တာပဲ... သာမန်အခြေအနေနဲ့ဆိုရင်တော့ ငါမင်းကို မနိုင်နိုင်ဘူး... သန္ဓေပြောင်းအစွမ်းကို ထုတ်သုံးမှ ရတော့မယ်နဲ့ တူတယ်" လင်းကျုံအန်းက အံ့ဩစွာ ပြောလိုက်သည်။

သူက လည်ပင်းကို ဘယ်ညာ လှည့်လိုက်ရာ အရိုးမြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကိုယ်ပေါ်တွင် ကျန်ရစ်နေသေးသော အဝတ်စုတ်များကို ဆွဲဖြဲလိုက်ရာ ကြိုးမျှင်များကဲ့သို့ ရှုပ်ထွေးကျစ်လျစ်သော ကြွက်သားများ ပေါ်လာသည်။

ဓားတရားဌာန၏ ခေါင်းဆောင်အဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့သူ၊ သာမန်ထက်ထူးကဲသော စွမ်းရည်မရှိဘဲ ခွန်အားကြီးရုံ သက်သက်သာဆိုလျှင် ပြန်လည်တည်ဆောက်ရေးဇုန် အထက်ပိုင်းက သူ့ကို ဒီလောက်အထိ အရေးပေး ဆက်ဆံလိမ့်မည် မဟုတ်ပေ။

ဆက်ရန်...

All Chapters