← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 21 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 21 Ch. 407-408

အပိုင်း (၄၀၇) လက်ရေညီခြင်း

"ခင်ဗျား အစွမ်းကုန် ထုတ်သုံးရင်တောင် အလကားပါပဲ" လော်ယွမ်က ယုံကြည်မှုရှိသော မျက်နှာထားဖြင့် ပြုံးကာ ပြောလိုက်သည်။

သူ့တွင် ထိုသို့ ယုံကြည်ရန် အကြောင်းပြချက် ရှိသည်။ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း မရရှိခင်တုန်းကသာဆိုလျှင် ပြိုင်ဘက်၏ ထူးဆန်းသော အစွမ်းကြောင့် မထင်မှတ်ဘဲ ရှုံးနိမ့်သွားနိုင်သည်။

သို့သော် ယခုအချိန်တွင်မူ ထိုသို့သော အခြေအနေမျိုး လုံးဝ ဖြစ်လာမည် မဟုတ်ပေ။ တစ်ဖက်လူ၏ အစွမ်းက ဘယ်လောက်ပဲ ထူးဆန်းပါစေ၊ ဘယ်လောက်ပဲ လျှို့ဝှက်နက်နဲပါစေ၊ 'ကြိုမြင်နိုင်စွမ်း' ရှေ့မှောက်တွင် မည်သည့် လျှို့ဝှက်ချက်မှ ရှိမနေတော့။ သူက အေးဆေးတည်ငြိမ်စွာပင် ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်နိုင်သည်။

"ကျုပ်က ကိုယ့်ကိုယ်ကိုယ် မာန်တက်လှပြီ ထင်တာ... ခင်ဗျားက ကျုပ်ထက်တောင် ပိုဆိုးနေသေးတာပဲ" လင်းကျုံအန်းက အေးစက်စက် ပြုံးလိုက်သည်။

သူ့စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေသည်။ တစ်ဖက်လူ၏ စွမ်းအားက သူတွေ့ဖူးသမျှ လူတွေထဲမှာ အသန်မာဆုံး ဆိုတာကိုတော့ ဝန်ခံသည်။ သို့သော် သူသာ အစွမ်းထုတ်သုံးလိုက်လျှင် ယခုထိ သူ့ရှေ့တွင် မတ်တပ်ရပ်ပြီး စကားပြောနိုင်သူ မရှိသေးပေ။

"တကယ်တမ်းကျမှ အရှုံးမပေးနဲ့ဦးနော်"

"စကားများမနေပါနဲ့... လာစမ်းပါ" လော်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။

လင်းကျုံအန်း မျက်နှာထား တင်းမာသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ အပြာရောင် အလင်းမှိန်ဖျဖျများ ထွက်ပေါ်လာသည်။ မကြာမီ သူ့တစ်ကိုယ်လုံးသည် တစ္ဆေတစ်ကောင်အလား ဝါးတားတား ဖြစ်လာပြီး လေထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။ သူ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် လေထုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဝင်ရိုးစွန်း အလင်းတန်းများကဲ့သို့ ရောင်စုံအလင်းများ ဖြာထွက်လာသည်။

ဤသည်မှာ သူ့ခန္ဓာကိုယ် စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော မြေကမ္ဘာ သံလိုက်စက်ကွင်း ပြောင်းလဲမှုပင် ဖြစ်သည်။

လော်ယွမ်၏ မျက်လုံးများက စူးရှနေသည်။ တစ်ဖက်လူ ရှိနေသော နေရာမှ သံလိုက်စက်ကွင်းများ ပြင်းထန်စွာ လိမ်တွန့်နေသည်ကို သူ ချက်ချင်း ရိပ်မိလိုက်သည်။ သူ့မျက်နှာထား တည်ကြည်လေးနက်လာသည်။

လက်ရှိ လင်းကျုံအန်း ပေးသော ခံစားချက်မှာ အလွန် အန္တရာယ်များပြီး ကြက်သီးမွေးညှင်း ထလာစေသည်။ သူ့ခန္ဓာကိုယ် အလိုအလျောက် တောင့်တင်းသွားသည်။

ရုတ်တရက် သူ့ခြေထောက်က မျဉ်းကွေးပုံသဏ္ဌာန် ရွေ့လျားသွားပြီး ခန္ဓာကိုယ်ကို စောင်းလိုက်သည်။ လက်သီးတစ်လုံးသည် လေထုကို ဖောက်ထွက်လာပြီး သူ့ရင်ဘတ်ကို ကပ်ကာ လွဲချော်သွားသည်။

လင်းကျုံအန်းသည် ထူးဆန်းစွာပင် သူ့ဘေးနားသို့ ရုတ်တရက် ရောက်ရှိလာပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို စတင်လိုက်ခြင်း ဖြစ်သည်။

လော်ယွမ်က ပြန်လည်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ အကြောင်းမှာ သူ့ခေါင်းထဲ၌ ကြိုမြင်လိုက်ရသော ရလဒ်များက မကောင်းလှသောကြောင့် ဖြစ်သည်။

ထိုအချိန်၌ လင်းကျုံအန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အာကာသရုပ်ဝတ္ထုတစ်ခုအလား အလွန်အမင်း လေးလံပြီး မာကျောသွားသည်။ ကြိုမြင်ကွင်းထဲတွင် လော်ယွမ်က လက်သီးဖြင့် ပြန်ထိုးလိုက်သော်လည်း တစ်ဖက်လူကို တုန်ခါအောင်ပင် မလုပ်နိုင်ဘဲ သူ့လက်ရိုးများသာ ကျိုးသွားခဲ့သည်။

ထူးဆန်းသည်မှာ တစ်ဖက်လူ၏ လှုပ်ရှားမှု အဟုန်နှင့် ခြေအောက်ရှိ မြေကြီး အနေအထားအရ သူ့ခန္ဓာကိုယ် လေးလံသွားသည့် ပုံစံမရှိဘဲ အရာအားလုံးက ပုံရိပ်ယောင်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။

လင်းကျုံအန်းသည် နေရာရွှေ့ပြောင်းအစွမ်း သုံးနေသကဲ့သို့ လော်ယွမ်၏ ဘေးနားတွင် ဘွားခနဲ ဘွားခနဲ ပေါ်လာပြီး ဆက်တိုက် တိုက်ခိုက်နေသည်။

သို့သော် သီသီလေး လွတ်သွားသည့် အကြိမ်တိုင်းကို လော်ယွမ်က အေးဆေးစွာပင် ရှောင်တိမ်းနေသည်။ သူက လုံးဝ ပြန်မတိုက်ဘဲ ရှောင်နေခြင်း ဖြစ်သည်။ သူ့ခေါင်းထဲရှိ ကြိုမြင်ကွင်းထဲတွင်မူ နည်းလမ်းပေါင်းစုံ သုံးပြီး တိုက်ခိုက်ကြည့်နေပြီးပြီ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက အသုံးမဝင်ပေ။

စိတ်စွမ်းအား တိုက်ခိုက်မှုကလည်း သိပ်ထိရောက်မှု မရှိ၊ သူ့အရေပြား ပေါက်ပြဲရုံလောက်သာ ဖြစ်သည်။

မြေလှိုင်းအစွမ်း သုံးပြီး တိုက်ခိုက်လျှင်လည်း ခဏတာ တန့်သွားရုံသာ ရှိသည်။

နောက်ဆုံးတွင် ''ကျန်းမာတောက်ဓား''၏ လေဟာနယ်ပိုင်းဖြတ် အစွမ်းကို သုံးမှသာ သူ့ကာကွယ်မှုကို ဆုတ်ဖြဲနိုင်မည်ဟု တွေ့ရှိရသည်။ ကျန်သည့် နည်းလမ်းများ အားလုံး အလုပ်မဖြစ်ပေ။

ထိုကဲ့သို့ ကာကွယ်နိုင်စွမ်းက ကြောက်ခမန်းလိလိ ဖြစ်လွန်းသည်။ အထူးသဖြင့် နေရာရွှေ့ပြောင်းသိုင်းလို လှုပ်ရှားမှုမျိုးနှင့် ပေါင်းစပ်လိုက်သည့်အခါ ကြိုမြင်နိုင်စွမ်း မရှိသော သူများအဖို့ လုံးဝ ကာကွယ်နိုင်မည် မဟုတ်ပေ။

နှစ်ယောက်သား၏ တိုက်ပွဲမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်တော့ပေ။

တိုက်ပွဲ၏ ဂယက်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ဆူပွက်နေသော ပြောင်းဖူးပြုတ်ရည်အိုးကဲ့သို့ ဖြစ်နေသည်။

မြက်ပင်များနှင့် ချုံပုတ်များသည် မြေကြီးများနှင့်အတူ လေထဲသို့ လွင့်စင်ကုန်ပြီး ဖုန်မှုန့်များ ထကာ သဲမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။

တိုက်ပွဲက ဤအခြေအနေ ရောက်လာသောအခါ ပျင်းစရာ ကောင်းလာသည်။

တစ်ယောက်က မနားတမ်း တိုက်ခိုက်နေပြီး၊ နောက်တစ်ယောက်က မနားတမ်း ရှောင်တိမ်းနေသည်။ နှစ်ယောက်စလုံး လေကို တိုက်ခိုက်နေသကဲ့သို့ ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ခြင်း အလျဉ်းမရှိပေ။

မိနစ်အနည်းငယ် ကြာသောအခါ နှစ်ယောက်သား ရပ်တန့်လိုက်ကြသည်။

"ခင်ဗျားက ဘာအစွမ်း သုံးတာလဲ" လော်ယွမ်က စိတ်ဝင်တစား မေးလိုက်သည်။ သူ့အသက်ရှူသံက ပုံမှန်အတိုင်းပင် ဖြစ်ပြီး တိုက်ခိုက်ထားသည့် ပုံမပေါ်ပေ။ ခုနက တိုက်ပွဲမှာ ပြင်းထန်သယောင် ရှိသော်လည်း လော်ယွမ်အတွက်တော့ ကလေးကစားသလိုသာ ဖြစ်ပြီး ခွန်အား ဘာမှ မကုန်ခန်းခဲ့ပေ။

"ခန္ဓာကိုယ်ကို စွမ်းအင်အဖြစ် တစ်စိတ်တစ်ပိုင်း ပြောင်းလဲတာ... ဒါမှမဟုတ် အမှုန် အဖြစ် ပြောင်းလဲခြင်း လို့ ခေါ်မလားပဲ... သုတေသနပညာရှင်တွေ ပြောတာတော့ ကြားဖူးတယ်... ကျုပ်လည်း သိပ်နားမလည်ပါဘူး" လင်းကျုံအန်းက ဘာမှ မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

လော်ယွမ် အံ့သြသွားသည်။ သူက အရင်ကလို ဘာမျှမသိသည့်သူ မဟုတ်တော့ပေ။ အမှုန်တွေ (ပေါ့ပါးသည်ဖြစ်စေ၊ လေးလံသည်ဖြစ်စေ) ၏ ရွေ့လျားနှုန်းသည် အလင်းအလျင် နီးပါး ရှိသည်။

သူ့အတွက်ပင်လျှင် ထိုနှုန်းသည် နေရာရွှေ့ပြောင်းအစွမ်းနှင့် ဘာမှ မထူးခြားပေ။

ကံကောင်းသည်မှာ တစ်ဖက်လူ တိုက်ခိုက်သည့်အခါ ခဏတာ ရပ်တန့်သွားပြီး အမြန်နှုန်း ပုံမှန် ပြန်ဖြစ်သွားခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် လော်ယွမ်၌ ကြိုမြင်နိုင်စွမ်း ရှိသည့်တိုင် ထိုကဲ့သို့ အလင်းအလျင်နီးပါး တိုက်ခိုက်မှုမျိုးကို အကြိမ်တိုင်း ရှောင်နိုင်မည်ဟု အာမမခံရဲပေ။

"ခင်ဗျားရော... ခင်ဗျား အစွမ်းက ဘာလဲ" လင်းကျုံအန်းက အလွန် သိချင်နေသည်။ ဒီလောက်ထိ ဖမ်းရခက်ပြီး စိတ်ပျက်စရာကောင်းသော ပြိုင်ဘက်မျိုး သူ တစ်ခါမှ မကြုံဖူးပေ။ ချောမွတ်နေသော ငါးရှဉ့်တစ်ကောင်လို ဖြစ်နေသဖြင့် သူ သွေးအန်ချင်လောက်အောင် ခံစားနေရသည်။

"မြေအစွမ်းနဲ့... ကြိုမြင်နိုင်စွမ်း" တစ်ဖက်လူက ပွင့်လင်းနေသဖြင့် လော်ယွမ်လည်း ဖုံးကွယ်မထားပေ။

"ကြိုမြင်နိုင်စွမ်း ဟုတ်လား" လင်းကျုံအန်းက ထပ်ရွတ်ဆိုလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"ဒီအစွမ်းကတော့ လွန်လွန်းပါတယ်... ဒါကြောင့် ခင်ဗျားက ပြန်မတိုက်ဘဲ ရှောင်နေတာကိုး... ခင်ဗျားနဲ့ တိုက်ရ ဒီလောက် ခက်နေတာ အကြောင်းမဲ့တော့မဟုတ်ဘူးပဲ... ခင်ဗျားက ကျုပ် လှုပ်ရှားသမျှကို ကြိုသိနေတာကိုး... နောက်ဆို ခင်ဗျားနဲ့ ဘယ်တော့မှ မယှဉ်ပြိုင်တော့ဘူး"

"ကျုပ်လည်း အတူတူပါပဲဗျာ... ခင်ဗျားက တကယ့် လူ့ဘီလူးကြီးပဲ" လော်ယွမ်လည်း စိတ်ပျက်သလို ပြောလိုက်သည်။ ဓားမသုံးရလျှင် ထိုကဲ့သို့ ရှောင်တိမ်းနေရရုံ သက်သက် တိုက်ပွဲမျိုးကို သူ စိတ်မဝင်စားပေ။

ကံဆိုးသည်မှာ ဒါက အသက်လုပွဲ မဟုတ်သဖြင့် သူ့ဓားကို ထုတ်သုံး၍ မရခြင်း ဖြစ်သည်။

................................................................................................

လော်ယွမ်သည် ဓားတရားဌာနချုပ်သို့ ပြန်ရောက်ပြီးနောက် တစ်ရက်လုံးလုံး ငြိမ်ငြိမ်သက်သက် နေလိုက်သည်။

သူက ရာထူးတက်ခါစ ဖြစ်သဖြင့် အလုပ်တွေ ရှုပ်နေပြီး တစ်နေကုန်သွားသည်။

သူက အာဏာကို စိတ်မဝင်စားသော်လည်း ဒုဝန်ကြီး တစ်ယောက် အနေဖြင့် ဓားတရားဌာနချုပ် အတွင်းရှိ ဌာနအသီးသီး၊ စည်းမျဉ်းစည်းကမ်းများနှင့် ဝန်ထမ်းအချက်အလက်များကိုတော့ သိအောင် လုပ်ထားရသည်။

ညနေခင်းတွင် ရုံးအဖွဲ့မှူး လိုက်ပါလျက် ဓားတရားဌာနချုပ်ရှိ ဌာနအသီးသီးကို လော်ယွမ် လိုက်လံ စစ်ဆေးခဲ့သည်။

အထူးသဖြင့် သုတေသန ဌာနတွင် သူ အချိန်အတော်ကြာ နေခဲ့သည်။ ဓားတရားဌာနချုပ် အတွင်းရှိ သုတေသန ဌာနသည် ဆင့်ကဲပြောင်းလဲသူ များအတွက် ဝန်ဆောင်မှု ပေးရန် တည်ထောင်ထားခြင်း ဖြစ်ပြီး အတိုင်းအတာ သိပ်မကြီးပေ။ ''စွမ်းအားရှင်များ သုတေသန စင်တာ'' တစ်ခုသာ ရှိပြီး သုတေသီ ၁၀ ယောက်ကျော်သာ ရှိသည်။

စင်တာမှူး၏ ရှင်းပြချက်အရ ဤနေရာတွင် အစွမ်းအသုံးပြုမှု ပုံစံများကို စိတ်ကြိုက် ရေးဆွဲပေးနိုင်ကြောင်း သိရသည်။ ယေဘုယျအားဖြင့် ဆင့်ကဲပြောင်းလဲသူ အများစုမှာ သိပ္ပံပညာ အခြေခံ မရှိကြပေ။ အစွမ်းကို ကြမ်းတမ်းစွာ ထုတ်သုံးကြသဖြင့် ထိရောက်မှု နည်းသည်။ ခွန်အားတူလျှင်တောင် အားကိုသာ သုံးတတ်သူသည် သိုင်းပညာ သင်ထားသူကို မယှဉ်နိုင်သကဲ့သို့ ဖြစ်သည်။

ဥပမာအားဖြင့် လော်ယွမ်၏ ''မြေလှိုင်း'' အစွမ်းကို ကြည့်လျှင် အရင်တုန်းကဆိုလျှင် အကြိမ်ကြိမ် နင်းချလိုက်ခြင်းဖြင့် ပဲ့တင်ထပ်ခြင်း ဖြစ်ပေါ်ကာ ငလျင်လှုပ်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း၊ သို့မဟုတ် တုန်ခါမှု စွမ်းအင်များကို စုစည်းပြီး ''မြေလှိုင်းရေပန်း'' အဖြစ် ဖန်တီးနိုင်ကြောင်း သူ တွေးမိခဲ့မည် မဟုတ်ပေ။

အစွမ်းအသုံးပြုမှု ပုံစံများ အပြင် စိတ်စွမ်းအား လေ့ကျင့်နည်းများနှင့် ဒဏ္ဍာရီလာ လူသားခန္ဓာကိုယ် စွမ်းအင်များကိုပါ သုတေသန ပြုလုပ်နေကြသည်။

သို့သော် ရလဒ် ထွက်ပေါ်မှု နည်းပါးကြောင်း လော်ယွမ် တွေ့လိုက်ရသည်။ အများစုမှာ ရှေးဟောင်း ဗုဒ္ဓကျမ်းစာများ၊ တာအို ကျမ်းစာများကို ကူးချပြီး ရောသမမွှေ လျှောက်လုပ်နေကြခြင်းသာ ဖြစ်သည်။

လော်ယွမ်သည် စာရွက်စာတမ်းများကို အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် စိတ်ဝင်စားမှု ကုန်ဆုံးသွားသည်။

ကံကောင်းသည်မှာ သူက အစကတည်းက သိပ်မျှော်လင့်မထားခဲ့ခြင်း ဖြစ်သည်။ စဉ်းစားကြည့်လျှင်လည်း ဤနေရာကို ပို့ခံရသည့် သုတေသီများမှာ ထူးချွန်သူများ ဖြစ်မည် မဟုတ်။

အများစုမှာ သုတေသန ဌာနကြီးများမှ အပယ်ခံရပြီး ဤနေရာသို့ ရောက်လာကာ အချိန်ဖြုန်းနေကြသူများသာ ဖြစ်ပုံရသည်။ ကမ္ဘာမပျက်ခင် ခေတ်နှင့် ယှဉ်လျှင် ဓာတ်ခွဲခန်း လက်ထောက် အဆင့်လောက်သာ ရှိမည့်သူများ ဖြစ်သည်။

သူ ခေါင်းခါလိုက်မိသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဤသုတေသန စင်တာသည် ပြန်လည်တည်ဆောက်ရေးဇုန်မှ ဓားတရား ဌာနကို အလေးထားကြောင်း ပြသရန် ဟန်ပြ သက်သက်သာ ဖြစ်ပုံရသည်။

ဆက်ရန်...

အပိုင်း (၄၀၈) စိတ်လွင့်မျှောခြင်း

မနေ့ ညနေပိုင်းကတည်းက ဓားတရားဌာနချုပ်အတွင်းတွင် သတင်းစကားတစ်ခု တိတ်တဆိတ် ပျံ့နှံ့နေခဲ့ပြီး နောက်တစ်နေ့ မနက်ရောက်သောအခါ ထိုသတင်းမှာ နေရာအနှံ့ ပွက်လောရိုက်သွားခဲ့တော့သည်။

မနေ့မနက်ပိုင်းက လော်ယွမ်နှင့် လင်းကျုံအန်းတို့ လက်ရည်စမ်း ယှဉ်ပြိုင်ခဲ့ကြပြီးနောက် သူတို့နှစ်ဦးစလုံး ဓားတရား ဌာနချုပ်သို့ ကိုယ်စီ ပြန်လာခဲ့ကြသည်။

လင်းကျုံအန်း ဝတ်ဆင်ထားသော အဝတ်အစားများမှာ အထူးပြုလုပ်ထားသော ပစ္စည်းများ မဟုတ်သည့်အတွက် တိုက်ပွဲကြားမှ ပြင်းထန်သော လေအဟုန်ကြောင့် တစ်စစီ စုတ်ပြတ်သတ်သွားခဲ့ရသည်။ ဘောင်းဘီအပေါ်ပိုင်းသာ လုံရုံမျှ ကျန်ရစ်ပြီး တစ်ကိုယ်လုံး နီးပါး ဗလာကျင်း ဖြစ်နေခဲ့ရ၏။

ထိုအခြေအနေနှင့် ဆန့်ကျင်ဘက်တွင် လော်ယွမ်မှာမူ အဝတ်အစား သပ်ရပ်သန့်ရှင်းနေပြီး ဖုန်တစ်စက်မျှပင် မတင်ပေ။ အပြင်သို့ အပန်းဖြေခရီးထွက်ပြီး ပြန်လာသူတစ်ယောက်အလား သန့်ပြန့်နေသည်။

သူတို့နှစ်ဦး မတိုက်ခိုက်မီကတည်းက ချိန်းဆိုထားသည်ကို လူတိုင်းသိရှိပြီးဖြစ်ရာ ယခုကဲ့သို့ အခြေအနေဖြင့် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ မည်သူက အသာစီးရသွားသည်ကို မှန်းဆနေစရာပင် မလိုတော့ပေ။

သို့သော် ဤရလဒ်မှာ တုန်လှုပ်စရာ ကောင်းလွန်းလှသဖြင့် လူအများ လက်ခံနိုင်ရန် ခဲယဉ်းနေကြသည်။

လင်းကျုံအန်း ဆိုသည်မှာ မည်သူနည်း။ သူသည် ဓားတရား ဌာနချုပ်တစ်ခုလုံး၏ စိတ်ဓာတ်ရေးရာ ကျောရိုးမဏ္ဍိုင်၊ မွေးရာပါ ခေါင်းဆောင်နှင့် ဓားတရားအဖွဲ့ကြီး တည်တံ့နေရခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။

သူ၏ အစွမ်းထက်မြက်မှုကို လူတိုင်းက အသိအမှတ်ပြုထားကြပြီး နတ်ဘုရားတစ်ပါးသဖွယ် မြင့်မားစွာ တည်ရှိနေသူဖြစ်သည်။

လူအများစုက သူ့ကို လူသားမျိုးနွယ်၏ နောက်ဆုံး မျှော်လင့်ချက်အဖြစ် တိတ်တဆိတ် သတ်မှတ်ထားကြသူလည်း ဖြစ်သည်။

ယခုတွင်မူ ထိုစိတ်ဓာတ်ရေးရာ မဏ္ဍိုင်ကြီးမှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူ အနိုင်မရခဲ့ပေ။ ဤသတင်းမှာ လူတိုင်းအတွက် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ပြင်းထန်လွန်းလှပြီး ယုံကြည်ချက်များ ပြိုလဲပျက်စီးသွားစေသည်။

မူလက ဤဒုတိယ ဌာနမှူးအသစ်ကို လူအများက သိပ်ပြီး အလေးမထားခဲ့ကြပေ။ စိတ်ထဲတွင် ဆန့်ကျင်လိုစိတ်များပင် ရှိကြပြီး ဤရာထူးခန့်အပ်မှုသည် နိုင်ငံရေး လိုအပ်ချက်အရ ခန့်အပ်ခြင်းသာ ဖြစ်မည်ဟု ယူဆခဲ့ကြသည်။ ဌာနမှူးကဲ့သို့ပင် အလှပြ ရုပ်ပြရာထူးသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြ၏။

သို့သော် ယခုအခါတွင် အခြေအနေများက ရုတ်ချည်း ပြောင်းပြန်လှန်သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး ဤ ဌာနမှူးအသစ်အပေါ် ထားရှိသော အမြင်အာရုံများမှာ လျှို့ဝှက်ဆန်းကြယ်မှု အလွှာပါးတစ်ခု လွှမ်းခြုံသွားသကဲ့သို့ ဖြစ်သွားကာ အဆုံးမဲ့သော မှန်းဆချက်များနှင့် လေးစားခြင်းများ ဖြစ်ပေါ်လာတော့သည်။

ကံဆိုးသည်မှာ မနေ့က တစ်ခဏတာ အရိပ်အယောင် ပြပြီးနောက် ဒုတိယ ဌာနမှူးမှာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်သွားပြီး မနက်ခင်း တစ်ပိုင်းလုံး ပေါ်မလာတော့ခြင်းပင်။

အမှန်တော့ လော်ယွမ်သည် ဒီနေ့ ဓားတရား ဌာနချုပ်သို့ လုံးဝ မသွားခဲ့ပေ။ သူသည် မနက်စောစောကတည်းက ''မျှော်လင့်ချက်မြို့တော်'' မှ ထွက်ခွာလာပြီး တောရိုင်းမြေများဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း တည်ရှိနေမှုသည် မြို့တော်အထက်တွင် မိုးတိမ်တိုက်မည်းကြီးများ ဖိစီးထားသကဲ့သို့ ဖြစ်နေပြီး မုန်တိုင်းမလာခင် လေပြင်းတိုက်ခတ်နေသကဲ့သို့ အန္တရာယ် အငွေ့အသက်များ လွှမ်းခြုံနေသည်။

လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အနီရောင် အဆင့် သတိပေးချက်များ မြည်ဟီးနေပြီ ဖြစ်သည်။ ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ ရုတ်တရက် ဆန္ဒတစ်ခုကြောင့်ပင် လူသားမျိုးနွယ် ပြောက်ကွယ်သွားနိုင်ပြီး "ပြန်လည်တည်ဆောက်ရေးဇုန်" အတွက် အချိန် သိပ်မကျန်တော့ပေ။

ဉာဏ်ရည်တု စက်ရုပ်များကို ပြန်လည် ဆန်းစစ်လေ့လာ၍ နည်းပညာ ရယူရန်မှာ အချိန်လိုအပ်သလို နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာလည်း အဆင့်ဆင့် တက်လှမ်းရသည့်အရာ ဖြစ်၍ နေ့ချင်းညချင်း ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။

နှစ်တစ်ရာခန့် ကွာဟနေသည့် နည်းပညာ ကွာခြားချက်သည် ကြည့်လိုက်လျှင် သိပ်မသိသာလှသော်လည်း လက်တွေ့တွင်မူ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်။

သာမန်ဟု ထင်ရသော နည်းပညာတစ်ခု၏ နောက်ကွယ်တွင် စက်မှုစွမ်းအား စနစ်တစ်ခုလုံးက ကျားကန်ပေးထားရခြင်း ဖြစ်သည်။

၂၁ ရာစု အစောပိုင်းက စမတ်ဖုန်းတစ်လုံးနှင့် နည်းပညာ သီအိုရီများကို ၂၀ ရာစု အစောပိုင်းကာလက နည်းပညာ အထွန်းကားဆုံး ဖြစ်ခဲ့သည့် အင်္ဂလန်နှင့် ဂျာမနီနိုင်ငံများသို့ ပို့ဆောင်ပေးလိုက်ပြီး တစ်နိုင်ငံလုံး၏ အင်အားကို အသုံးပြုခိုင်းလျှင်ပင် သူတို့ ဘာမှ လုပ်တတ်မည် မဟုတ်ပေ။ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

လွန်ခဲ့သော နှစ်တစ်ရာက လျှပ်စစ်မီးသည် အစပျိုးကာလသာ ရှိသေးသည်။ ယနေ့ခေတ်တွင် အထက်တန်းကျောင်းသားတစ်ယောက်ပင် လုပ်တတ်သော ရေဒီယိုကြိုးမဲ့စနစ်သည် ထိုခေတ်က အမြင့်ဆုံး အီလက်ထရွန်နစ် နည်းပညာဖြစ်သည်။

ကွန်ပျူတာ၏ အခြေခံ သီအိုရီများပင် မပေါ်ပေါက်သေးသလို၊ ရှေးအကျဆုံး ထရန်စစ္စတာများ တီထွင်ရန်ပင် နှစ်ပေါင်း ၃၀ ကျော် လိုနေသေးသည်။

ထရန်စစ္စတာများနှင့် အီလက်ထရွန်နစ် ပြွန်ချောင်းများကို ကျော်ခွကာ ပေါင်းစပ်ပတ်လမ်း နှင့် ချစ်ပ် များကို တိုက်ရိုက် ကူးယူဖန်တီးမည် ဆိုလျှင်ပင် စက်မှုလုပ်ငန်း တိကျမှုနှင့် အလင်းဆိုင်ရာ နည်းပညာများ ခေတ်နောက်ကျနေမှုကြောင့် ထိုကဲ့သို့ ကူးယူဖန်တီးခြင်းမှာ ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လို ဖြစ်နေပေလိမ့်မည်။

နှစ်ပေါင်း ၃၀၊ ၄၀ ခန့် အရှိန်အဟုန်ဖြင့် ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနှင့် အောင်မြင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ယခု နှစ်တစ်ရာအကြာတွင် နည်းပညာ တိုးတက်မှုနှုန်းမှာ လွန်ခဲ့သော နှစ်တစ်ရာကထက် ပိုမိုမြန်ဆန်လာပြီး ဆတိုးကိန်းဖြင့် တိုးတက်နေပြီ ဖြစ်ရာ ကွာဟချက်မှာ ပို၍ပင် ကြီးမားလှသည်။

ကမ္ဘာပျက်ပြီးနောက်ပိုင်း လူအများအပြားသည် ဉာဏ်ပညာပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာကြပြီး သုတေသန အဖွဲ့များထဲသို့ ဝင်ရောက်လာကြသဖြင့် နည်းပညာ ဖွံ့ဖြိုးမှုနှုန်းမှာ ပေါက်ကွဲထွက်မတတ် တိုးတက်လာခဲ့သည်။

လူသားများအနေဖြင့် ပြီးပြည့်စုံအောင် ကူးယူဖန်တီးခြင်း မဟုတ်ဘဲ ဂြိုဟ်သားနည်းပညာ၏ အပေါ်ယံ အပိုင်းအစများကိုသာ အတုယူပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိရုံမျှ ဖန်တီးမည် ဆိုလျှင်ပင် တစ်နှစ်၊ နှစ်နှစ်အတွင်း အောင်မြင်ရန်မှာ မျှော်လင့်ချက် နည်းပါးလှသည်။

ဤအချက်ကို လော်ယွမ် နားလည်သလို အခြားလူများစွာလည်း နားလည်ကြသည်။ အထက်လူကြီးများလည်း မသိဘဲ မနေနိုင်ပေ။ သို့သော် ၎င်းသည် လူသားများ၏ မသေခင် နောက်ဆုံး ရုန်းကန်မှု ဖြစ်ကောင်း ဖြစ်နိုင်သလို၊ သေးငယ်သော မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကြောင့်လည်း ဖြစ်နိုင်သည်။

သို့မဟုတ် လူသားမျိုးနွယ် မပျက်သုဉ်းခင် နောက်ဆုံး ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် "ပြန်လည်တည်ဆောက်ရေးဇုန်" သည် အသုံးပြုနိုင်သမျှ အင်အားအကုန်လုံးကို အသုံးပြု၍ ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ နည်းပညာများကို အစွမ်းကုန် ကြိုးစား ဖော်ထုတ်နေကြခြင်း ဖြစ်သည်။

လူသားမျိုးနွယ်မှာ သေရေးရှင်ရေး အတောအတွင်း ရောက်နေပြီ ဖြစ်သည်။ ဤကဲ့သို့ မျှော်လင့်ချက်မဲ့လောက်အောင် ဖိစီးနေသော အခြေအနေအောက်တွင် လော်ယွမ်သည် ပြီးခဲ့သော ရက်အနည်းငယ်က ဘာမှ မဖြစ်သကဲ့သို့ ပုံမှန်အတိုင်း ပြုံးရွှင် စကားပြောဆိုနေခဲ့သည်။

သို့သော် ညရောက်သည့်အခါတိုင်း သူသည် အိပ်မပျော်ဘဲ လူးလှိမ့်နေခဲ့ရသည်။ မိမိ ချစ်ခင်ရသော အမျိုးသမီးများကို ခေါ်ဆောင်ကာ "ပြန်လည်တည်ဆောက်ရေးဇုန်" နှင့် ဝေးရာသို့ ထွက်ပြေးပြီး လူသူကင်းဝေးသော တောတောင် လိုဏ်ဂူတစ်ခုတွင် အသားစိမ်းငါးစိမ်းစားကာ အရိုင်းအစိုင်းဘဝဖြင့် နေထိုင်သွားချင်စိတ်များ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့သည်။

ပြန်လည်တည်ဆောက်ရေးဇုန် ပျက်စီးပြီး လူသားမျိုးနွယ် ပျောက်ကွယ်သွားသည်အထိ၊ ဂြိုဟ်သားများ ပြန်လည်ထွက်ခွာသွားမည့် နေ့ရက် ရောက်လာသည်အထိ ပုန်းအောင်းနေလိုက်ချင်သည်။

သို့သော် နောက်ဆုံးတွင် လော်ယွမ် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ တကယ်လို့များ သူ အဲဒီလို လုပ်ခဲ့မယ်ဆိုရင် သူ့ကို အမြဲတမ်း အားကိုးတကြီး ဆက်ဆံခဲ့သော ဝမ်ရှီရှီက သူ့ကို အထင်သေးသွားရုံသာမက သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

တစ်ခုခုတော့ လုပ်မှ ဖြစ်မည်။ နောင်တစ်ချိန်တွင် နာကျင်စွာဖြင့် ခေါင်းငုံ့ အသက်ရှင်ရမည့်အစား ယခုအချိန်တွင် အသက်နှင့်ရင်းကာ တိုက်ခိုက်ကြည့်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ကွေးညွတ်ပျံသန်းခြင်း အစွမ်းက သူ့ကို မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေးစွမ်းခဲ့သည်။ စိတ်စွမ်းအား ၁၈ မှတ် ရောက်ရှိသွားပြီးနောက် သူ၏ အမြန်နှုန်းသည် ပထမ စကြာဝဠာအမြန်နှုန်းကို ကျော်လွန်သွားပြီဖြစ်ရာ အာကာသဟင်းလင်းပြင်သည် သူ့အတွက် လက်လှမ်းမမီနိုင်သော နေရာတစ်ခု မဟုတ်တော့ပေ။

ယခုအချိန်မှာပင် သူသည် အာကာသထဲသို့ လုံးဝ ဝင်ရောက်သွားနိုင်ပြီ ဖြစ်သည်။ အာကာသထဲတွင် ရေရှည် အသက်မရှင်နိုင်ခြင်းသာ ရှိသည်။

ထို့အပြင် သီးခြားဟင်းလင်းပြင်တစ်ခု ဖန်တီးပေးသည့် ကွေးညွတ်ပျံသန်းခြင်း ၏ ထူးခြားချက်ကြောင့် သူသည် သုံးဘက်မြင်ကမ္ဘာမှ တစ်ဝက်တစ်ပျက် လွတ်မြောက်နေပြီဖြစ်ကာ ယနေ့အထိ သူ ကြုံတွေ့ခဲ့ရသမျှ တိုက်ခိုက်မှု အားလုံးကို ခုခံကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

စွမ်းအင်မြင့် လေဆာတန်းများကိုတော့ သူ မသေချာသေးသော်လည်း အနည်းဆုံးတော့ ဒါဟာ မျှော်လင့်ချက်တစ်ခုပင်။

သူသည် အချိန်တိုအတွင်း ပိုမို သန်မာလာရန် လိုအပ်သည်။ ပိုမို သန်မာသော ခံနိုင်ရည်၊ ပိုမို ခိုင်မာသော စိတ်ဓာတ်၊ ပိုမို ထက်မြက်သော ဉာဏ်ပညာနှင့် ပိုမို လျင်မြန်သော အမြန်နှုန်းတို့ လိုအပ်သည်။ အဆုံးအစမဲ့သော တောရိုင်းမြေများသည် သူ့ကို သန်မာစေမည့် အရင်းအမြစ်များ ဖြစ်သည်။

လွန်ခဲ့သော တစ်ခေါက်က ဘော်နီယိုကျွန်းသို့ သွားရောက်ခဲ့စဉ်က လမ်းကြုံ ဝင်နွှဲခဲ့ခြင်းသာ ဖြစ်ပြီး မစ်ရှင်ပေါ်လာ၍ ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင် တက်ကြွစွာ လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

ကွေးညွတ်ပျံသန်းခြင်း ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသည်။ မိနစ် ၂၀ မပြည့်မီမှာပင် အမြင့်ဆုံး အမြန်နှုန်းသို့ မရောက်သေးဘဲနှင့် သူသည် 'စီချွမ်' ဒေသသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် အဆင့်မြင့် သန္ဓေပြောင်း သတ္တဝါကောင် အများဆုံး ရှိသည်ဟု သူ သိထားသော နေရာဖြစ်ပြီး အဆင့် (၈) သတ္တဝါများပင် မကြာခဏ တွေ့ရတတ်သည်။

လော်ယွမ်က နဖူးစည်းကြိုးကို သေချာချည်နှောင်လိုက်ပြီး ဝေဟင်မှနေ၍ သစ်ကိုင်းတစ်ကိုင်းပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။

သူသည် လေတစ်ချက်ကို အဝ ရှူရှိုက်လိုက်ပြီး သစ်ကိုင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ လမ်းပျောက်မည်ကို သူ လုံးဝ မပူပန်ပေ။ ဦးတည်ချက် တစ်ခုကို စိတ်လိုလက်ရ ရွေးချယ်ပြီး လျင်မြန်စွာ ရှေ့ဆက်သွားလိုက်သည်။

သူ့ကံက မဆိုးလှပေ။ နာရီဝက်ခန့်ပင် မလျှောက်ရသေးမီ စနစ်ဆီမှ မစ်ရှင် သတင်းအချက်အလက် ရောက်ရှိလာသည်။ မိနစ်အနည်းငယ် အကြာတွင် လော်ယွမ်က စပါးကြီးမြွေများသဖွယ် တွဲလောင်းကျနေသော သစ်နွယ်များကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး အဝေးတစ်နေရာသို့ မျက်လုံးမှေးကာ ကြည့်လိုက်သည်။

ထိုနေရာတွင် ဧရာမ သတ္တဝါကြီး တစ်ကောင် ရှိနေသည်။ အမြင့် ပေ ၁၀၀ ခန့်နှင့် အလျား ပေ ၁၈၀ ခန့် ရှိမည်။ ကြံ့တစ်ကောင်ကဲ့သို့ ချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းနေသော်လည်း ကြံ့ထက် ပိုမို ထူထဲပြီး ကြမ်းတမ်းကြောက်မက်ဖွယ် ကောင်းသည်။ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော ဆူးချွန်များလည်း ပြည့်နှက်နေ၏။

သန္ဓေမပြောင်းမီက ၎င်း၏ မူလပုံစံမှာ နွားတစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြောင်းပြန် တြိဂံပုံသဏ္ဌာန် ခေါင်းပေါ်တွင် လိမ်တွန့်နေသော အစိမ်းရောင် ဦးချိုတစ်စုံ ပါရှိပြီး ဓားသွားနှစ်လက် ကောင်းကင်သို့ ထိုးထောင်ထားသကဲ့သို့ မတ်မတ် ရှိနေသည်။

ဇီဝဗေဒ သဘောတရားအရ ပြောရလျှင် ဦးချိုပါရှိပြီး ကာကွယ်ရေးစနစ် ကောင်းမွန်သော သတ္တဝါများသည် များသောအားဖြင့် အသီးအရွက်စား သတ္တဝါများ ဖြစ်ကြသည်။

သို့သော် သန္ဓေပြောင်း သတ္တဝါများကို သာမန် ယုတ္တိဗေဒဖြင့် နားလည်၍ မရနိုင်ပေ။ ပြင်းထန်ပြီး မကြာခဏ ဖြစ်ပေါ်နေသော ဆင့်ကဲပြောင်းလဲမှုများကြောင့် မျိုးစိတ်များသည် အချိန်တိုအတွင်း ပေါက်ကွဲထွက်သလို ပြောင်းလဲသွားကြသည်။

နှစ်ရှည်လများ သဘာဝတရား၏ ရွေးချယ်မှုနှင့် ပုံသွင်းမှုကို မခံယူလိုက်ရဘဲ ပြောင်းလဲလာခြင်း ဖြစ်သဖြင့် တစ်ခါတစ်ရံ သဘာဝတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သော သတ္တဝါများ ပေါ်ပေါက်လာတတ်သည်။

လူနှစ်ယောက်စာ ကုတင်တစ်လုံးစာမျှ ကျယ်ဝန်းပြီး ချွန်ထက်သော သွားများ ပြည့်နှက်နေသည့် ပါးစပ်ပေါက်ကြီးနှင့် ပါးစပ်ထောင့်မှ လတ်ဆတ်သော သွေးစအများက ၎င်းသည် သတ်သတ်လွတ် စားသောကောင် မဟုတ်ကြောင်း သက်သေပြနေသည်။

ယခုအချိန်တွင် ဝလင်စွာ စားသောက်ထားပြီးသော ထိုသတ္တဝါကြီးသည် သစ်ပင်ရိပ်အောက်တွင် ငြိမ်သက်စွာ ဝပ်ရင်း မှေးစက်နေသည်။ အန္တရာယ်တစ်ခု ကျရောက်လာတော့မည်ကို လုံးဝ မသိရှာပေ။

လွန်ခဲ့သော တစ်ပတ်ခန့်ကဆိုလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ် သတ္တဝါမျိုးကို ရင်ဆိုင်ရန် လော်ယွမ် အနေဖြင့် သတိကြီးစွာထား၍ ချဉ်းကပ်ရမည် ဖြစ်သည်။ တိုက်ခိုက်နိုင်သော အကွာအဝေးသို့ မရောက်မီ ၎င်း၏ အာရုံခံနိုင်စွမ်းကို မနှိုးဆွမိစေရန် နည်းလမ်းပေါင်းစုံ သုံးရပေမည်။

ထို့အပြင် ကြိုတင်အာရုံခံနိုင်စွမ်းဖြင့် ထပ်ခါတလဲလဲ စမ်းသပ်စစ်ဆေးပြီး အန္တရာယ်ကင်းကြောင်း သေချာမှသာ ရုတ်တရက် တိုက်ခိုက်ရမည် ဖြစ်သည်။

ယခုတွင်မူ လော်ယွမ် ထိုသို့ လုပ်စရာ မလိုတော့ပေ။ သူသည် ကိုယ်ငွေ့အသက်ကို ဖျောက်ကာ ခြေသံလုံအောင်ထားပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ထိုသတ္တဝါကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

လမ်းလျှောက်နေစဉ်မှာပင် နှလုံးခုန်နှုန်း လျင်မြန်စွာ ကျဆင်းသွားပြီး 'မြေလှိုင်းကြိမ်နှုန်း' အခြေအနေသို့ ဝင်ရောက်သွားသည်။

ပေ သုံးထောင်... ပေ ထောင့်ငါးရာ... ပေ ကိုးရာ...

လော်ယွမ် ဖန်တီးလိုက်သော လှုပ်ရှားမှုမှာ သေးငယ်လွန်း၍ ဖြစ်မည်၊ ထိုသတ္တဝါကြီးမှာ အိပ်မောကျမြဲ ကျနေဆဲပင်။

သို့သော် လော်ယွမ်က ရပ်တန့်လိုက်ပြီ ဖြစ်သည်။ သူက ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းချလိုက်သည်။

"မြေလှိုင်းရေပန်း"

"ဘုန်း" ခနဲ ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ဧရာမ သတ္တဝါကြီး၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားပြီး ရက်စက်ကြမ်းကြုတ်သော မျက်လုံးကြီးများ ပွင့်လာကာ သနားစဖွယ် အော်မြည်သံကြီးကို အော်ဟစ်လိုက်သည်။

၎င်းသည် ရုတ်တရက် ထရပ်လိုက်သော်လည်း မတ်တပ်ရပ်ရပ်ချင်းမှာပင် ခန္ဓာကိုယ် ယိုင်နဲ့သွားကာ ခြေလေးချောင်း ပျော့ခွေပြီး "ဘုန်း" ခနဲ မြေကြီးပေါ် ပြန်လဲကျသွားတော့သည်။

ထို့နောက် သွေးအများအပြားနှင့်အတူ ကွဲကြေနေသော အတွင်းကလီစာ အပိုင်းအစများသည် ပါးစပ်နှင့် နှာခေါင်းပေါက်များမှ လျှံကျလာတော့သည်။

လော်ယွမ်၏ မျက်ဝန်းများက တည်ငြိမ်နေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူက နောက်ထပ် တစ်ကြိမ် ခြေဆောင့်နင်းလိုက်ပြန်သည်။

ဒီတစ်ကြိမ်တွင် သတ္တဝါကြီး၏ လည်ချောင်းထဲမှ "ကလောက် ကလောက်" မြည်သံများ ထွက်ပေါ်လာပြီး အသံပင် မထွက်နိုင်တော့ပေ။ သွေးများသည် ဖြည်းညှင်းစွာ စီးကျနေခြင်း မဟုတ်တော့ဘဲ ရေပိုက်ခေါင်း ဖွင့်ချလိုက်သကဲ့သို့ ပန်းထွက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံး ပြင်းထန်သော သွေးညှီနံ့များ လွှမ်းခြုံသွားသည်။

အရင် တစ်ခေါက်က ပဲ့တင်ထပ်ခြင်းကြောင့် အာရုံခံနိုင်စွမ်းနှစ်မှတ် တိုးတက်လာပြီးနောက် 'မြေလှိုင်းကြိမ်နှုန်း' ၏ အဆင့်သည်လည်း အဆင့် (၇) သို့ မြင့်တက်လာခဲ့သည်။

အာရုံခံနိုင်စွမ်း တိုးတက်လာခြင်း ဖြစ်သောကြောင့် "မြေလှိုင်းကြိမ်နှုန်း" ၏ သက်ရောက်မှု ဧရိယာသည် အဆ ၂၀၊ ၃၀ ခန့် ကျယ်ပြန့်သွားသည်မှလွဲ၍ တစ်ယူနစ် ဧရိယာအလိုက် ပျက်စီးနိုင်စွမ်းမှာ သိပ်ပြီး တိုးတက်မလာပေ။

သို့သော် "မြေလှိုင်းရေပန်း" ဆိုသည်မှာ 'မြေကမ္ပာ စည်းချက်' ၏ စွမ်းအင်အားလုံးကို တစ်နေရာတည်းတွင် စုစည်းပြီး ပေါက်ကွဲစေခြင်း ဖြစ်သောကြောင့် ၎င်း၏ စွမ်းအားသည် အဆ ၂၀၊ ၃၀ ခန့် တိုးတက်လာခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရသောအခါ အဆင့် (၇) ရှိသော အစွမ်းထက် သန္ဓေပြောင်း သတ္တဝါကြီး ဖြစ်လင့်ကစား တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ အတွင်းကလီစာများ တုန်ခါ ကြေမွသွားရခြင်း ဖြစ်သည်။

လော်ယွမ်က "မြေလှိုင်းရေပန်း" ကို နှစ်ကြိမ်ထပ်မံ ထုတ်လွှတ်ပြီးနောက် ''မြေလှိုင်းကြိမ်နှုန်း'' အခြေအနေမှ ထွက်ခွာလိုက်သည်။

ယခုအချိန်တွင် ထိုဧရာမ သတ္တဝါကြီးသည် သေလုမြောပါး ဖြစ်နေပြီဖြစ်ပြီး ခန္ဓာကိုယ်၏ သဘာဝအရ တုံ့ပြန်သော တဆတ်ဆတ် တုန်ခါခြင်းသာ ကျန်ရှိတော့သည်။

စိတ်ချရစေရန်နှင့် အချိန်ကုန်သက်သာစေရန် လော်ယွမ်က ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး အရိပ်တစ်ခုအလား လျင်မြန်စွာ ချဉ်းကပ်သွားသည်။

နေမင်းကို ထိုးဖောက်သွားသော သက်တံ့ရောင်ခြည်ကဲ့သို့ ဓားချက်ဖြင့် ၎င်း၏ ခေါင်းကို ပိုင်းဖြတ်လိုက်ကာ နောက်ဆုံး ကျန်ရှိနေသော အသက်ငွေ့ကို ချွေချလိုက်တော့သည်။ ထို့နောက် နှလုံးသားနေရာမှ စွမ်းအင်ပုံဆောင်ခဲကို ထုတ်ယူပြီး ပါးစပ်ထဲ ပစ်ထည့်ကာ မျိုချလိုက်သည်။

တစ်မိနစ်၊ နှစ်မိနစ် မကြာမီမှာပင် စနစ်ထံမှ မစ်ရှင်အောင်မြင်ကြောင်း သတင်း ရောက်ရှိလာသည်။ လော်ယွမ်က ဓားကို အိမ်ပြန်သွင်းပြီး ခုန်ပျံကျော်လွှားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

အဆင့် (၇) သန္ဓေပြောင်း သတ္တဝါကောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း ပစ္စည်းများကတော့ ယခု လော်ယွမ်အတွက် မျက်စိထဲ ထည့်စရာ မလိုလောက်အောင် တန်ဖိုးမဲ့နေပြီ ဖြစ်သည်။

ကိုးနာရီ ထိုးသောအခါ လော်ယွမ်သည် နောက်ထပ် အဆင့် (၇) သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို ထပ်မံ ရှာတွေ့လိုက်သည်။ ဤတစ်ကြိမ် တွေ့ရသော အကောင်မှာ ဝပ်နေခြင်း မဟုတ်ဘဲ ဆာလောင်မွတ်သိပ်နေပြီး အစာရှာထွက်ရန် ပြင်ဆင်နေသော သတ္တဝါကောင် ဖြစ်သည်။

ဤအခြေအနေမျိုး ရှိနေသော သန္ဓေပြောင်း သတ္တဝါသည် စောစောက စားသောက်ပြီး နားနေသော အကောင်ထက် အဆပေါင်းများစွာ ပိုမို အာရုံခံလွယ်ပြီး အန္တရာယ် ပိုများသည်။ သို့သော် ယခုလက်ရှိ လော်ယွမ်အတွက်မူ အနည်းငယ် ပိုပြီး လက်ဝင်ရုံသာ ရှိသည်။

အကွာအဝေး တစ်ခုအထိ သတိထား ချဉ်းကပ်ပြီးနောက် "မြေလှိုင်းရေပန်း" ကိုပင် ထပ်မံ အသုံးပြုလိုက်သည်။

ဤအဆင့်ရှိသော ဧရာမ သတ္တဝါကြီးများသည် ခန္ဓာကိုယ် ကြီးမားလွန်းသဖြင့် ဗိုက်နှင့် မြေကြီးမှာ ပေ ၆၀ခန့် ကွာဝေးတတ်သည်။

ဗိုက်ကို တိုက်ရိုက် ဦးတည် တိုက်ခိုက်ပါက "မြေလှိုင်းရေပန်း" ၏ စွမ်းအားသည် လေထုထဲတွင် ဖြတ်သန်းစဉ် အများအပြား လွင့်ပါးသွားပြီး စွမ်းအား လျော့ကျသွားကာ ခြေသလုံး ယားတာကို ဖိနပ်ပေါ်က ကုတ်ပေးသလိုမျိုး ထိရောက်မှု ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ဒီတစ်ကြိမ် တိုက်ခိုက်မည့် ပစ်မှတ်မှာ ခြေထောက်များ ဖြစ်သည်။

နောက်တစ်ခဏတွင် တိုက်အိမ်တိုင်လုံးကြီးများသဖွယ် တုတ်ခိုင်သန်မာသော ၎င်း၏ ရှေ့ခြေထောက် တစ်ချောင်းသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။

မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် တန်ချိန်ထောင်ချီ လေးလံသော ခန္ဓာကိုယ်ကြီးသည် "ဒုန်း" ခနဲ ဒူးထောက် လဲကျသွားကာ မြေကြီးပင် တုန်ခါသွားသည်။

၎င်း ပြန်မထနိုင်ခင်မှာပင် လော်ယွမ်က အခွင့်ကောင်းကို အရယူ၍ ပျော့ပျောင်းသော ဗိုက်သားနေရာကို ချိန်ရွယ်ကာ "မြေလှိုင်းရေပန်း" သုံးချက်ဆင့်၍ တိုက်ခိုက်လိုက်သည်။ နောက်ဆုံးတွင် ဓားဖြင့် ခေါင်းဖြတ်ကာ အဆုံးသတ်ပေးလိုက်သည်။

............................................................................................................................

နှစ်ကောင် ရှိသွားပြီ။ လော်ယွမ်က သစ်ပင်တစ်ပင်ကို မှီကာ အတွေ့အကြုံမှတ်ကို ကြည့်လိုက်ရာ ၂၇၅၉၂၀/၃၀၇၂၀၀ ဖြစ်နေပြီ ဖြစ်သည်။

နောက်ထပ် မစ်ရှင်တစ်ခုသာ ပြီးမြောက်ပါက အဆင့်တက် တော့မည် ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် လော်ယွမ်၏ ကံတရား ကုန်ဆုံးသွားပုံရသည်။ နေ့လယ်ပိုင်း ရောက်သည်အထိ နောက်ထပ် အဆင့် (၇) သတ္တဝါတစ်ကောင်မျှ ရှာမတွေ့တော့ပေ။

သို့သော် လော်ယွမ် စိတ်မလောပေ။ မနက်ပိုင်း တစ်ပိုင်းတည်းနှင့် မစ်ရှင် နှစ်ခု ပြီးမြောက်ခဲ့သည်မှာ အလွန် မြန်ဆန်နေပြီ ဖြစ်သည်။ ယခင်ကနှင့် ယှဉ်လျှင် ဒုံးပျံစီးထားသကဲ့သို့ပင်။

လော်ယွမ်သည် တောနက်ထဲတွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေမိသည်။

မသိမသာပင် သူသည် ပတ်ဝန်းကျင်ကို ကြည့်ရင်း အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ အရင်က ဒီနေရာကို ရောက်ဖူးသလိုလိုပင်။

သူ၏ မှတ်ဉာဏ်စွမ်းအားမှာ အလွန်ကောင်းမွန်ပြီး တစ်ခါမြင်ဖူးရုံဖြင့် မမေ့နိုင်သူ ဖြစ်ရာ သေချာ ပြန်စဉ်းစားကြည့်လိုက်သောအခါ ရုတ်တရက် သတိရသွားသည်။ ဤနေရာသည် ယခင်က "သရဲမျက်နှာမြင်း" ကို သူ စတင် တွေ့ရှိခဲ့သော နေရာပင် ဖြစ်သည်။

ထို့နောက် သူသည် ဦးတည်ချက် တစ်ဖက်သို့ လှမ်းကြည့်လိုက်ရင်း မျက်နှာတွင် အနည်းငယ် ငေးငိုင်ကာ ဈာန်ဝင်စားသလို ဖြစ်သွားသည်။

"ဗီဇပြောင်းလူသားမလေးရဲ့ နေအိမ်က ဟိုဘက်နားမှာ ရှိတာပဲ..."

ဆက်ရန်...

All Chapters