← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အပိုင်း (၄၀၉) ဗီဇပြောင်းလူသားမလေးနှင့် ပြန်လည်ဆုံတွေ့ခြင်း

သူနှင့် ဗီဇပြောင်းလူသားမလေးတို့ ဆုံတွေ့ခဲ့ခြင်းမှာ ရေစက်ပါရုံ သက်သက်သာ ဖြစ်သည်။

ရက်အနည်းငယ်မျှသာ အတူလက်တွဲ ခရီးသွားခဲ့ကြသော်လည်း ထိုအချိန်ကာလသည် သူ တောရိုင်းထဲတွင် ရှိနေချိန်၊ စိတ်နှလုံး အထီးကျန်ဆန်နေချိန် ဖြစ်သဖြင့် ဤဗီဇပြောင်းလူသားမလေးလေး ရှိနေခြင်းက ခရီးလမ်းတစ်လျှောက် ပျင်းရိငြီးငွေ့ဖွယ် အခြေအနေများကို လျော့ပါးသက်သာစေခဲ့သည်။

သို့သော် လွန်ခဲ့သည့်ရက်များအတွင်း ကမ္ဘာ့ပြင်ပယဉ်ကျေးမှုအဖွဲ့အစည်း၏ ခြိမ်းခြောက်မှု အရိပ်မည်းကြီးက သူ့စိတ်ကို လွှမ်းမိုးထားခဲ့သည်။

နေ့စဉ်နှင့်အမျှ အိပ်မပျော်နိုင်အောင် ဖိအားများနေသဖြင့် ဗီဇပြောင်းလူသားမလေးအကြောင်းကို မေ့ပျောက်နေခဲ့သည်။ ဒီနေရာသို့ ရုတ်တရက် ရောက်မလာခဲ့လျှင် သူ သတိရမိမည်ပင် မဟုတ်ပေ။

ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က သူမကို စွန့်ပစ်ပြီး စိမ်းသက်၍ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် ထားရစ်ခဲ့ခြင်းမှာ တာဝန်မဲ့ရာ ကျလွန်းသည်။ သူမ ထိုနေရာတွင် ရှိနေသေးရဲ့လား ဆိုသည်ကိုပင် မသိနိုင်တော့ပေ။

ထားလိုက်ပါတော့... သွားကြည့်လိုက်တာပဲ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့လက်ရှိ အမြန်နှုန်းနှင့်ဆိုလျှင် သိပ်ကြာမည့် ခရီးမဟုတ်ပေ။

လော်ယွမ်သည် အဆင့် (၇) သားရဲကို ဆက်မရှာတော့ဘဲ နဖူးစည်းကို ဖြေလျှော့ကာ ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း ကို စတင်ပြီး ကွေ့ကျိုး ဘက်သို့ ပျံသန်းသွားလိုက်သည်။

သူ ဖြတ်သန်းသွားဖူးသော လမ်းကြောင်းအမှတ်အသားများ ရှိနေသေးသဖြင့် လမ်းမှားစရာ မရှိပေ။ လေပြင်းမုန်တိုင်းအလား လျင်မြန်စွာ ပျံသန်းပြီးနောက် မကြာမီတွင် လော်ယွမ် ဆင်းသက်လိုက်သည်။

လော်ယွမ်သည် ရင်းနှီးသော ရှုခင်းများကို ကြည့်လိုက်ရာ မကြာသေးမီက အမှတ်တရများ ပြန်လည်ပေါ်လာသည်။

ဤနေရာသည် သူ ထွက်ခွာလာခဲ့သော လူနည်းစုများ ထားရစ်ခဲ့သည့် ဂူလေး ဖြစ်သည်။ လော်ယွမ် တောင်ပေါ်သို့ တက်သွားပြီး သူအရင်နေခဲ့သော ဂူကို အမြန်ရှာဖွေလိုက်ရာ အတွင်း၌ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။ လော်ယွမ် အနံ့ခံကြည့်လိုက်သောအခါ စိတ်ထဲ လေးလံသွားသည်။

ဗီဇပြောင်းလူသားမလေး ကျန်ရစ်ခဲ့သော အနံ့သည် အလွန်မှေးမှိန်နေပြီ ဖြစ်သည်။ ရှိတချက် မရှိတချက် ဖြစ်နေသည်ကို ထောက်ရှုလျှင် သူမ ထွက်ခွာသွားသည်မှာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း သိသာသည်။

လော်ယွမ်သည် ဂူပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်ရာ သူထွက်သွားပြီးနောက်ပိုင်း အပြောင်းအလဲ အချို့ ရှိနေသည်ကို တွေ့ရသည်။

အမွေးပွမြက်ခြောက်များဖြင့် ခင်းထားသော မြက်ခင်းရာတစ်ခုကို တွေ့ရပြီး လူပုံသဏ္ဌာန် ဖိရာများ ကျန်ရှိနေသည်ကို ကြည့်လျှင် ၎င်းသည် အိပ်ရာအသေးလေးတစ်ခု ဖြစ်ကြောင်း သိနိုင်သည်။

သူ ထွက်သွားပြီးနောက်ပိုင်းတွင်လည်း သူမသည် ဤနေရာတွင် ရက်အနည်းငယ် ဆက်နေခဲ့ကြောင်း လော်ယွမ် ခန့်မှန်းမိသည်။

သို့သော် နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် သူမ ဤနေရာမှ ထွက်ခွာသွားခြင်း ဖြစ်လိမ့်မည်။

ထွက်ခွာသွားရသည့် အကြောင်းရင်းများစွာ ရှိနိုင်သည်။ အနီးအနားရှိ သန္ဓေပြောင်းများ၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်နိုင်သလို၊ သူ့ကို စောင့်မရတော့သဖြင့် အိမ်ပြန်လမ်းကို ရှာဖွေသွားခြင်းလည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် အစာရှာထွက်ရင်း သားကောင်ဖြစ်သွားကာ အရိုးပင် ရှာမရတော့သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။

အစကတည်းက သူမကို လိုက်ခွင့်မပေးခဲ့သင့်ပေ။ နောက်ဆုံးတွင် သူမကို ဒုက္ခရောက်စေခဲ့သည်။

သူ့စိတ်ထဲတွင် ဟာတာတာ ဖြစ်သွားသည်။

သူ ငေးငိုင်စွာ ရပ်နေပြီးမှ သက်ပြင်းချကာ စိတ်မကောင်းစွာဖြင့် ဂူထဲမှ ထွက်လာခဲ့သည်။ ပေ ၁၈၀ ခန့် လျှောက်ပြီးသောအခါ လော်ယွမ် ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး နှာခေါင်းကို ရှုံ့ကာ အနံ့ခံလိုက်သည်။

"ဟင်... ဒီနေရာမှာ ဘာလို့ အနံ့က ဒီလောက် ပီပီပြင်ပြင် ရနေရတာလဲ" သူမ မကြာသေးမီက ဒီနေရာကို ရောက်ခဲ့ပုံရသည်။

လော်ယွမ် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားလာသည်။ သူမ ဒီနေရာကနေ ထွက်မသွားဘဲ အနီးအနားတွင် ဆက်ရှိနေခြင်း ဖြစ်နိုင်သည်။ မူလဂူဟောင်းထဲတွင် မနေတော့ခြင်းသာ ဖြစ်နိုင်သည်။

သူ စဉ်းစားလေ ဖြစ်နိုင်လေဟု တွေးမိသည်။ ကျယ်ဝန်းသော ဂူကြီးသည် သူမအတွက် လုံခြုံမှုမရှိဟု ခံစားရစေပြီး စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေသောကြောင့် သူမ အခြားနေရာသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်နိုင်သည်။

သူ အနံ့ခံပြီး ချက်ချင်း လိုက်ရှာတော့သည်။

မိနစ်အနည်းငယ် ကြာသောအခါ သူသည် တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ပြီး သစ်နွယ်ပင်များ ဖုံးလွှမ်းနေသော ကျောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာသည်။

ဤနေရာတွင် ဗီဇပြောင်းလူသားမလေး၏ အနံ့သည် ရုတ်တရက် ပြင်းထန်လာရာ သူမ ဒီအနီးအနားတွင် နေထိုင်ကြောင်း ထင်ရှားနေသည်။

ဤနေရာသည် ဂူအစုအဝေးနှင့် မဝေးလှပေ။ ၆ မိုင်ခန့်သာ ဝေးသည်။ စပါးအုံးမြွေကြီးများကဲ့သို့ တုတ်ခိုင်သော သစ်နွယ်ကြိုးကြီးများသည် ကမ်းပါးထိပ်မှ အောက်သို့ တွဲလောင်းကျနေပြီး သဘာဝ လှေကားထစ်များသဖွယ် ဖြစ်ပေါ်နေသည်။

လော်ယွမ်၏ အားကောင်းသော အာရုံခံနိုင်စွမ်းဖြင့် ထိုဧရိယာကို ဖြန့်ကြက်လိုက်ရာ သစ်နွယ်ပင်များ ဖုံးကွယ်ထားသော ကျောက်ကမ်းပါးအက်ကြောင်းများ အားလုံးကို အထင်းသား မြင်တွေ့လိုက်ရသည်။

သူမ ရှိနေသည့် နေရာကို သူ အမြန်ရှာတွေ့သွားသည်။

သူသည် ဖြည်းညင်းစွာ ပျံတက်သွားပြီး ကြီးမားလေးလံသော သစ်နွယ်ကြိုးများကို ဖယ်ရှားကာ ကိုယ်ကိုကိုင်း၍ ဝင်ရောက်သွားလိုက်သည်။

အတွင်းဘက်တွင် ကျဉ်းမြောင်းသော ကျောက်ကွဲကြောင်း တစ်ခုရှိပြီး အလွန်ကျဉ်းမြောင်းသဖြင့် လော်ယွမ် ဝင်ရောက်ရန် ခါးကို ကွေးထားရသည်။

အတွင်းပိုင်းသည် အတော်လေး စိုစွတ်ပြီး ကျောက်နံရံမှ ရေစက်များ တောက်လျှောက် ကျဆင်းနေကာ တတောက်တောက် အသံမြည်နေသည်။

သို့သော် ထိုအချက်မှလွဲ၍ အတွင်းပိုင်းကို သပ်ရပ်သန့်ရှင်းအောင် ထားရှိထားသည်။ ကျောက်ခဲအကျိုးအပဲ့များနှင့် အရိုးစများ လုံးဝ မရှိသလို ကျောက်နံရံပေါ်ရှိ ရေညှိများကိုပင် သေချာစွာ ရှင်းလင်းထားသည်။

ကျောက်ကွဲကြောင်း၏ အောက်ခြေတွင် ကြည်လင်သော ကျောက်တုံးလေးများ၊ အများအားဖြင့် သလင်းကျောက်နှင့် ပုံဆောင်ခဲ ကဲ့သို့သော သတ္တုများကို လော်ယွမ် တွေ့ရှိရသည်။

ရံဖန်ရံခါတွင် ကမ္ဘာပျက်ပြီးနောက် စွန့်ပစ်ခံခဲ့ရသော လက်ဝတ်ရတနာ အချို့ကိုလည်း တွေ့ရသည်။ ဗီဇပြောင်းလူသားမလေးသည် ထိုကဲ့သို့ တောက်ပသော အရာများကို ကြိုက်နှစ်သက်မှန်း သူ မသိခဲ့ပေ။ သူမ အားလပ်ချိန်များတွင် နေရာအနှံ့ လိုက်လံရှာဖွေထားပုံ ရသည်။

သို့သော် ၎င်းသည် ဗီဇပြောင်းလူသားမလေး၏ နေရာဖြစ်ကြောင်း သေချာစေသည်မှာ ရေဘူလေး တစ်ဘူးဖြစ်သည်။

ဤရေသန့်ဘူးသည် လော်ယွမ် သူမကို ပေးခဲ့ဖူးသော ဘူးဖြစ်သည်။ လက်ရှိတွင် ရေကျသော နေရာအောက်တွင် ခံထားပြီး ကျောက်နံရံမှ ကျလာသော ရေကြည်များဖြင့် ပြည့်လျှံနေသည်။

ဤနေရာတွင် နေထိုင်ရသည့် အခြေအနေမှာ ဆိုးရွားလှသည်။ အလင်းရောင်မရှိ၊ မှောင်မဲနေပြီး စိုစွတ်အိုက်စပ်နေသည်။ ခဏလေး နေလိုက်ရုံဖြင့် လော်ယွမ် သည်းမခံနိုင်အောင် ဖြစ်လာသည်။ သို့သော် သတိကြီးသော ဗီဇပြောင်းလူသားမလေး အတွက်မူ ဤနေရာသည် ကျယ်ဝန်းသော ဂူကြီးထက် ပိုမို လုံခြုံစိတ်ချရပုံ ရသည်။

လက်ရှိအချိန်တွင် သူမ ရှိမနေပေ။ အစာရှာ ထွက်နေခြင်း ဖြစ်နိုင်သည်။

လော်ယွမ် အကြာကြီး စောင့်စရာမလိုလိုက်ပေ။ နာရီဝက်ခန့် အကြာတွင် ဗီဇပြောင်းလူသားမလေး ပြန်ရောက်လာသည်။

သူမသည် သစ်ကိုင်းများပေါ်တွင် သွက်လက်သော မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ သူမ၏ ပါးစပ်တွင် လော်ယွမ် ပေးခဲ့သော ဓားတိုလေးကို ကိုက်ထားပြီး လက်နှစ်ဖက်တွင်မူ ဘာမှ မပါလာပေ။

ပါးစပ်ထောင့်တွင် သွေးစက်အချို့ ကျန်ရှိနေသည်ကို မမြင်ရလျှင် သူမ အမဲလိုက်ရာတွင် မအောင်မြင်ခဲ့ဟု လော်ယွမ် ထင်မိလိမ့်မည်။

သူမသည် သဘာဝအလျောက် သတိကြီးသူဖြစ်ရာ အပြင်မှာပင် သားကောင်ကို စားသောက်ပြီးမှ ပြန်လာခြင်း ဖြစ်သည်။ မလိုအပ်သော အန္တရာယ်များကို ရှောင်ရှားရန် အသိုက်ထဲတွင် သွေးညှီနံ့ မကျန်ရစ်အောင် ဂရုစိုက်ပုံရသည်။

ကျောက်ကမ်းပါးနှင့် နီးကပ်လာသောအခါ သူမသည် သစ်ကိုင်းပေါ်မှ ငှက်တစ်ကောင်အလား ခုန်ပျံလိုက်ရာ မီတာအတော်ဝေးဝေးသို့ ရောက်ရှိသွားသည်။ ဆင်းသက်ခါနီးတွင် တွဲလောင်းကျနေသော သစ်နွယ်ကြိုးကို လှမ်းဆွဲလိုက်ပြီး ခြေလက်စုံသုံးကာ ကျောက်ကွဲကြောင်းဆီသို့ လျင်မြန်စွာ တွားသွားလိုက်သည်။

ထိုစဉ် သူမ၏ ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။

သူမ၏ အိမ်ကို တစ်စုံတစ်ယောက် လာထိထားကြောင်း၊ သတ္တဝါတစ်ကောင် ဝင်သွားကြောင်း သူမ၏ အာရုံက ချက်ချင်း သိလိုက်သည်။

သူမ နားစွင့်လိုက်သည်။ မျက်ဝန်းအိမ်များ ကျုံ့သွားပြီး အသက်ရှူသံများ ရှည်လျားကာ တိုးသွားသည်။ သေးငယ်သော အစွယ်လေးများ ပေါ်ထွက်လာပြီး အတွေ့အကြုံရင့်သော မုဆိုးတစ်ကောင်ကဲ့သို့ ဂူပေါက်ဝဆီသို့ ခြေသံလုံလုံဖြင့် ဖြည်းညင်းစွာ တွားသွားလိုက်သည်။

သို့သော် တစ်ဝက်လောက်သာ တွားသွားရသေးသည်၊ သစ်နွယ်ပင်များကို လက်ကြီးတစ်ဖက်က ဖယ်ရှားလိုက်ပြီး ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။

ဗီဇပြောင်းလူသားမလေးသည် လော်ယွမ်၏ မျက်နှာကို မြင်လိုက်ရသောအခါ အကြီးအကျယ် တုန်လှုပ်သွားသည်။ ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားပြီး အောက်ဘက်သို့ ချက်ချင်း ခုန်ချလိုက်သည်။

ထိုနေရာသည် မြေပြင်မှ ပေ ၃၀၀ ကျော် မြင့်သဖြင့် ဤအတိုင်း ပြုတ်ကျလျှင် ဗီဇပြောင်းလူသားမလေး ဖြစ်သည့်တိုင် သေချာပေါက် ထိခိုက်ဒဏ်ရာ ရသွားနိုင်သည်။

သို့သော် သူမသည် ဤနေရာရှိ သစ်ပင်၊ မြက်ပင်များကို ကျွမ်းကျင်ပြီးသား ဖြစ်သည့်အပြင် ကိုယ်ခန္ဓာမှာလည်း အလွန် သွက်လက်သည်။

မြေကြီးနှင့် နီးကပ်လာသောအခါ ကန့်လန့်ဖြတ် ထွက်နေသော သစ်နွယ်ကြိုးတစ်ချောင်းကို အချိန်ကိုက် လှမ်းဆွဲလိုက်ပြီး အရှိန်ဖြင့် လွှဲကာ မီတာ ရာချီဝေးသော နေရာသို့ ရောက်ရှိသွားသည်။ ထို့နောက် ဘေးရှိ သစ်ပင်တစ်ပင်၏ သစ်ကိုင်းပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။

သူမ၏ နှလုံးခုန်သံများ မြန်ဆန်နေပြီး စိတ်မချသေးသည့်ပုံဖြင့် လက်ခြေစုံသုံးကာ မီတာဆယ်ချီ ထပ်ပြေးပြီးနောက် သစ်ရွက်ထူထူများကြားထဲသို့ တိုးဝင်ကာ ပုန်းအောင်းလိုက်သည်။

ခဏအကြာမှ သစ်ရွက်များ လှုပ်ရှားသွားပြီး သတိကြီးစွာထားနေသော မျက်နှာငယ်လေး တစ်ခု ပေါ်လာသည်။ ဒေါင်လိုက် ကျဉ်းမြောင်းနေသော မျက်ဝန်းအိမ်များဖြင့် လော်ယွမ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

လော်ယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ "ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား"

ဖြစ်နိုင်သည်မှာ သူမကို အရင်တစ်ခါ မောင်းထုတ်တုန်းက နည်းလမ်း ကြမ်းတမ်းသွားသဖြင့် သူမ လန့်ဖျပ်သွားပြီး ယခုအချိန်ထိ စိတ်ဒဏ်ရာ ရနေခြင်း ဖြစ်နိုင်သည်။

ထိုစဉ် လော်ယွမ်လည်း အောက်သို့ ခုန်ဆင်းလိုက်သည်။ ဗီဇပြောင်းလူသားမလေး မြင်လိုက်ရသောအခါ အလျင်အမြန် ပုန်းကွယ်လိုက်ပြန်သည်။ သို့သော် မျက်လုံးတစ်စုံကတော့ သစ်ရွက်ကြားမှနေ၍ လော်ယွမ်ကို စိုက်ကြည့်နေဆဲပင်။

"ဒီကိုလာ" လော်ယွမ်က လက်ယပ်ခေါ်ရင်း ပြောလိုက်သည်။

အသံကြားသောအခါ ဗီဇပြောင်းလူသားမလေးသည် မလှုပ်မယှက်ဖြင့် ဆက်လက် သတိထားနေသည်။

"လာခဲ့ပါဆို" လော်ယွမ် ထပ်ပြောလိုက်သည်။

ဗီဇပြောင်းလူသားမလေး အနည်းငယ် နားလည်သွားပုံရသည်။ သို့သော် တွန့်ဆုတ်နေဆဲပင်။

အချိန်အတော်ကြာမှ သစ်ရွက်ထူထူများကြားမှ ကိုယ်လုံးလေး ထွက်လာပြီး နှေးကွေးစွာ လျှောက်လာသည်။

အခြေအနေမကောင်းလျှင် ချက်ချင်း လှည့်ပြေးမည့် ပုံစံမျိုး ပြင်ဆင်ထားသည်။ အရင်ကနှင့် ယှဉ်လျှင် သူမသည် သူ့အပေါ် စိမ်းကားသွားပြီး အရင်လို ရင်းနှီးမှု မရှိတော့ပေ။

"ထပ်တိုးလာခဲ့လေ" လော်ယွမ်က လက်ယပ်ခေါ်လိုက်သည်။

သို့သော် သူမသည် ပို၍ပင် နှေးသွားသည်။ သူမသည် သဘာဝအရ သတိကြီးသူဖြစ်ပြီး အတွေးရိုးရှင်းသူ ဖြစ်သည်။

သတိထားတတ်သော ကလေးမလေးတစ်ယောက်ကဲ့သို့ နီးစပ်ချင်သော်လည်း နာကျင်ရမည်ကို ကြောက်ရွံ့နေသည်။ ပေ ၁၂၀ အကွာသို့ ရောက်သောအခါ လော်ယွမ် ဘယ်လိုခေါ်ခေါ် သူမ ရှေ့ဆက်မတိုးတော့ပေ။

"ဒါဆိုလည်း ငါသွားတော့မယ်" လော်ယွမ်က ဟန်ဆောင်ပြောလိုက်ပြီး လေပေါ်သို့ ပျံတက်လိုက်သည်။

ဗီဇပြောင်းလူသားမလေး မြင်လိုက်ရသောအခါ ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားပြီး မတ်တတ်ရပ်ကာ "ရှူး... ရှူး..." ဟု အော်ဟစ်လိုက်သည်။

လော်ယွမ်ကို လှမ်းခေါ်ချင်သည့်ပုံပင်။ သို့သော် လော်ယွမ်က မကြားချင်ယောင်ဆောင်ပြီး မြင့်ရာမှ ပိုမြင့်ရာသို့ ပျံတက်သွားကာ အဝေးသို့ ထွက်ခွာသွားသည်။

ဗီဇပြောင်းလူသားမလေး စိတ်ပူသွားပြီး လက်ခြေစုံသုံးကာ လော်ယွမ် ပျံသန်းသွားရာ လမ်းကြောင်းအတိုင်း အမီလိုက်ရန် ရူးသွပ်မတတ် ပြေးလိုက်လာသည်။

သို့သော် မည်ကဲ့သို့ မီနိုင်ပါမည်နည်း။ "ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း" ကို မသုံးလျှင်တောင် လော်ယွမ်၏ စိတ်ဆန္ဒဖြင့် ပျံသန်းနှုန်းသည် အလွန်မြန်ဆန်ပြီး အရှိန်အကုန်တင်လိုက်လျှင် သူမထက် (၁၀) ဆခန့် ပိုမြန်သည်။ မကြာမီတွင် သူသည် ဗီဇပြောင်းလူသားမလေး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ဗီဇပြောင်းလူသားမလေးသည် စိတ်ပူပန်သောက ရောက်ကာ ခေါင်းငုံ့ပြီး အတင်းပြေးလိုက်သည်။ (၁၀) မိနစ်ခန့် ပြေးပြီးနောက် ခြေချော်ပြီး သစ်ကိုင်းခြောက်တစ်ခုကို နင်းမိကာ သစ်ပင်ပေါ်မှ ပြုတ်ကျသွားသည်။

မြေပြင်ပေါ်တွင် လိမ့်သွားပြီးနောက် ချက်ချင်း ပြန်ထကာ သစ်ပင်ပေါ်သို့ ပြန်တက်ပြီး ဆက်လက် အသေအလဲ လိုက်ရှာပြန်သည်။

သစ်ကိုင်းများ ရိုက်ခတ်မှုကြောင့် သူမ၏ မျက်နှာပေါ်တွင် သွေးစို့ရာများ ဖြစ်ပေါ်နေသည်။

အချိန်မည်မျှကြာအောင် ပြေးလွှားခဲ့သည် မသိ၊ နောက်ဆုံးတွင် သူမ မပြေးနိုင်တော့ပေ။ မောပန်းနွမ်းနယ်စွာဖြင့် ရပ်တန့်လိုက်ပြီး သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။

သေးငယ်သော ခန္ဓာကိုယ်လေးဖြင့် အဝေးမှကြည့်လျှင် အလွန် အားကိုးရာမဲ့ပြီး အထီးကျန်နေပုံ ပေါက်နေသည်။ စွန့်ပစ်ခံလိုက်ရသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ပင်။

ထိုအချိန်တွင် မလှမ်းမကမ်းရှိ သစ်ပင်ရိပ်အောက်၌ လော်ယွမ်သည် လေထဲတွင် ရပ်တန့်လျက် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ လူဆိုသည်မှာ သစ်တုံး၊ ကျောက်တုံး မဟုတ်၊ မည်သူက ခံစားချက် မရှိဘဲ နေနိုင်မည်နည်း။

မူလက သူမ၏ အခြေအနေကို လာကြည့်ပြီးနောက် လုံးဝ ထွက်ခွာသွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ရံဖန်ရံခါ သတိရမှ လာကြည့်မည်ဟု စိတ်ကူးထားသည်။

ဗီဇပြောင်းလူသားမလေး ဖြစ်သည့်အတွက် တောရိုင်းမြေသည်သာ သူမ ရှင်သန်ရာ ပတ်ဝန်းကျင်ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်သို့ ခေါ်သွားလျှင် သဟဇာတမဖြစ်ဘဲ အဆင်ပြေရန် ခဲယဉ်းလိမ့်မည်။

သို့သော် ယခုကဲ့သို့ သနားစရာကောင်းပြီး ပေတေနေသော ပုံစံကို မြင်လိုက်ရသောအခါ လော်ယွမ် စိတ်မခိုင်တော့ပေ။ ဤအတိုင်း လှည့်ထွက်သွားရန် မရက်စက်နိုင်တော့။

လော်ယွမ် သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းကာ သူမရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

စိတ်ဓာတ်ကျနေသော ဗီဇပြောင်းလူသားမလေးသည် အသံကြားသောအခါ သတိနှင့် မော့ကြည့်လိုက်သည်။ လော်ယွမ်ကို မြင်လိုက်ရသည်နှင့် မှေးမှိန်နေသော မျက်လုံးများ ချက်ချင်း အရောင်တောက်လာသည်။ ပယင်းရောင် မျက်ဝန်းများတွင် မျက်ရည်စများဖြင့် တောက်ပနေသည်။

တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်၌ အားအင်များ ပြည့်ဖြိုးလာသကဲ့သို့ ဖြစ်သွားပြီး နွမ်းနယ်မှုများ ပျောက်ကွယ်ကာ တက်ကြွလန်းဆန်းသွားသည်။

သူမသည် စိတ်လှုပ်ရှား ဝမ်းသာအားရဖြင့် အသံများပြုလုပ်ကာ အော်ဟစ်လိုက်သည်။

ထို့နောက် လက်ခြေစုံသုံး၍ လော်ယွမ်၏ ရှေ့သို့ အမြန်ပြေးလာသည်။ ၁၈ပေခန့်အလိုရောက်မှ အရှိန်သတ်ပြီး ရပ်တန့်လိုက်သည်။ သူမ မည်မျှ စိတ်လှုပ်ရှားနေသည် ဆိုသည်ကို မြင်သာလှသည်။

သူမသည် လော်ယွမ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ ထပ်မံ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်ပုံပင်။

"တကယ့်ကို စိတ်မချရတဲ့ ကောင်မလေးပဲ" လော်ယွမ်က ရယ်မောရင်း ဆူပူလိုက်သည်။ သူမ နားလည်သည် မလည်သည်ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ငါ့နောက်ကို တကယ် လိုက်ချင်တာလား"

လော်ယွမ်လည်း သဘောပေါက်သွားပြီ ဖြစ်သည်။ သူမကို အိမ်မွေးတိရစ္ဆာန် တစ်ကောင်လို မွေးထားလိုက်မည်။ ဤဗီဇပြောင်းလူသားမလေးသည် ထင်ထားသည်ထက် ပိုလိမ္မာပြီး ဉာဏ်ကောင်းသည်။ သူမကို ဒုက္ခမပေးသရွေ့ သူမကလည်း လူကို စတင် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

ပြန်လည်တည်ဆောက်ရေးဇုန်တွင် သူ၏ ရာထူးအာဏာဖြင့် ဆိုလျှင် စည်းကမ်းအနည်းငယ် ဖောက်ဖျက်ရုံဖြင့် ပြဿနာ မရှိနိုင်ပေ။ သို့သော် အထက်လူကြီးများ၏ အမြင်တွင် သူ့ကို ''နှာဘူး'' ဟု သတ်မှတ်ခြင်း ခံရနိုင်ပြီး ဖြေရှင်းရန် ခက်ခဲသွားလိမ့်မည်။ သို့သော်လည်း သူက ဤအချိန်ရောက်မှတော့ ဂရုမစိုက်တော့ပေ။

ဗီဇပြောင်းလူသားမလေးသည် နားလည်သလိုလို မလည်သလိုလိုဖြင့် ခေါင်းကုတ်နေသည်။ သို့သော် လော်ယွမ် ပြုံးနေသည်ကို မြင်သောအခါ သူမလည်း လိုက်ပြုံးပြသည်။ သူမ ပြုံးသည်ကို လော်ယွမ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လော်ယွမ် လက်ကမ်းပေးလိုက်ပြီး "လာ... ငါ့လက်ကို ကိုင်ထား" ဟု တိုးတိုးလေး ပြောလိုက်သည်။

သူ အကြိမ်ကြိမ် လက်ဟန်ပြလိုက်မှ... "မြန်မြန်လာလေ"

ဗီဇပြောင်းလူသားမလေးသည် သာမန် သန္ဓေပြောင်းသတ္တဝါများထက် ပိုမိုဉာဏ်ကောင်းသဖြင့် ထိုအမူအရာကို ချက်ချင်း နားလည်သွားသည်။

ခဏတာ တွန့်ဆုတ်နေပြီး မျက်နှာတွင် စိုးရိမ်စိတ်များ ပေါ်လာသည်။ ခုနက လော်ယွမ် ရုတ်တရက် ထွက်သွားသဖြင့် လန့်သွားပုံရပြီး ဤတစ်ခေါက် လော်ယွမ်၏ ဆန္ဒကို မလွန်ဆန်ရဲတော့ပေ။

သူမသည် စမ်းတဝါးဝါးဖြင့် လျှောက်လာပြီး လက်ကို လှမ်းပေးလိုက်သည်။ လက်ချင်း အနည်းငယ် ထိလိုက်သည်နှင့် ဓာတ်လိုက်သွားသကဲ့သို့ ချက်ချင်း လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် ဤတစ်ခေါက်တော့ ထွက်မပြေးပေ။

"စိတ်ကိုအေးအေးထား... မကြောက်နဲ့" လော်ယွမ်က ညင်သာစွာ နှစ်သိမ့်လိုက်သည်။

သူမ နားလည်သွားပုံရသည်။ သတ္တိမွေးပြီး လက်ကို ထပ်ကမ်းပေးကာ လော်ယွမ်၏ လက်ဝါးနှင့် ထိတွေ့လိုက်သည်။ အရင်လို ပြန်ရုတ်ရန် ပြင်လိုက်စဉ်မှာပင် လော်ယွမ်က ဖမ်းဆုပ်ထားလိုက်သည်။

"ရှူး... ရှူး..." ဗီဇပြောင်းလူသားမလေး လန့်ဖျပ်သွားပြီး ရုန်းကန်ကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သို့သော် လော်ယွမ်က သူမကို အန္တရာယ်မပြုမှန်း သိလိုက်သောအခါ လျင်မြန်စွာ ငြိမ်သက်သွားသည်။

လော်ယွမ်ကို ကြည့်လိုက်၊ ဆုပ်ကိုင်ထားသော လက်ကို ကြည့်လိုက်ဖြင့် မျက်နှာတွင် အံ့ဩဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။

သူမ၏ လက်သည် လော်ယွမ် ထင်ထားသကဲ့သို့ ကြမ်းတမ်းမနေပေ။ လက်ဖဝါး အသားအရေသည် နူးညံ့ပြီး အကြေးခွံများ ဖုံးအုပ်ထားသော လက်ဖမိုးသည်လည်း ချောမွေ့နေသည်။ သို့သော် ကိုယ်အပူချိန်သည် သာမန်လူထက် နည်းနည်း ပိုနိမ့်နေပြီး (၃၀) ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိသဖြင့် ကိုင်ထားရသည်မှာ အေးမြမြနှင့် နေလို့ကောင်းသည်။

သူမသည် ကိုယ်လုံးသေးသော်လည်း ကိုယ်အလေးချိန် မနည်းလှပေ။ စိတ်စွမ်းအား သက်သက်ဖြင့် ပျံသန်းရန် ခက်ခဲသဖြင့် လော်ယွမ်သည် သူမကို ဆွဲခေါ်ကာ ကုန်းမြင့်တစ်ခုသို့ သွားလိုက်ပြီး "ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း" ကို စတင်လိုက်သည်။

မကြာမီ အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို တိတ်တဆိတ် ဖြတ်သန်းသွားပြီး ပြန်လည်တည်ဆောက်ရေးဇုန်ဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။

နာရီဝက် မကြာမီမှာပင် သူတို့နှစ်ဦး မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။

ရှေ့တွင် မျှော်လင့်ချက်မြို့တော် ကို မြင်နေရပြီ ဖြစ်သည်။

လော်ယွမ် မြေပေါ်ရောက်သောအခါ ဗီဇပြောင်းလူသားမလေးကို ကြည့်ပြီး မျက်နှာပူသလိုလို၊ ဘာလုပ်ရမှန်း မသိသလိုလို ဖြစ်သွားသည်။

ဗီဇပြောင်းလူသားမလေးသည် လော်ယွမ်၏ ခါးကို ခြေလက်များဖြင့် တင်းကျပ်စွာ ဖက်တွယ်ထားဆဲဖြစ်ပြီး လုံးဝ လွှတ်ပေးမည့်ပုံ မပေါ်ပေ။ အဝတ်မပါသော ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်နေသည်။ သူမ ဤမျှလောက်ထိ ကြောက်လန့်သွားလိမ့်မည်ဟု လော်ယွမ် မထင်ထားခဲ့ပေ။

ပျံသန်းနေတုန်းက ကိစ္စမရှိသော်လည်း ယခု မြေပြင်ရောက်နေပြီဖြစ်ရာ ထိုပုံစံအတိုင်း ဆက်နေရန်မှာ ကြည့်ရဆိုးနေသည်။

ဤနေရာသည် မျှော်လင့်ချက်မြို့တော်နှင့် မဝေးတော့သဖြင့် လူသွားလူလာ ရှိတတ်သည်။ တစ်ယောက်ယောက် မြင်သွားလျှင် လော်ယွမ် မျက်နှာ ဘယ်နားသွားထားရမှန်း သိမည်မဟုတ်တော့။

လော်ယွမ်သည် သူမ၏ ခြေလက်များကို ဆွဲခွာရန် ကြိုးစားသော်လည်း သူမက လုံးဝ လွှတ်ပေးမည့်ပုံ မပေါ်ပေ။ ခုနက အရှိန်ပြင်းပြင်း ပျံသန်းမှုကြောင့် လန့်သွားပုံရသည်။

နောက်ဆုံးတွင် လော်ယွမ်သည် စိတ်စွမ်းအားကို အသုံးပြုပြီး သူမကို စိတ်ညှို့လိုက်မှသာ တုံ့ဆိုင်းတုံ့ဆိုင်း မျက်နှာပေးဖြင့် လွှတ်ပေးလိုက်သည်။

သူမသည် ယိမ်းထိုးယိမ်းထိုးဖြင့် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် အရက်မူးနေသူကဲ့သို့ တစ်ပတ်လည်ကာ မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

လော်ယွမ်သည် သူမ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး ခေါင်းကိုက်သွားပြန်သည်။ တောထဲတောင်ထဲမှာတုန်းက ကိစ္စမရှိသော်လည်း ယခု ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်နေပြီဖြစ်ရာ ဤပုံစံသည် ယဉ်ကျေးမှုနှင့် မလျော်ညီပေ။

သူ စဉ်းစားလိုက်ပြီး အင်္ကျီကို ချွတ်ကာ မူးဝေဝေ ဖြစ်နေသေးသော ဗီဇပြောင်းလူသားမလေးကို ကာယကံရှင်၏ သဘောဆန္ဒ မပါဘဲ ဝင်ရုန်းနေသည့်ကြားမှ ကုန်းရုန်းပြီး ဝတ်ပေးလိုက်သည်။

လော်ယွမ် ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အရပ် ငါးပေ ကိုးလက်မ ကျော် ရှိပြီး ဗီဇပြောင်းလူသားမလေးက ငါးပေ ခန့်သာ ရှိသဖြင့် သူ့အင်္ကျီသည် သူမအတွက် စကပ်တစ်ထည်ကဲ့သို့ ဖြစ်နေသည်။

အကြေးခွံများကို ဖုံးကွယ်ပေးထားနိုင်ရုံသာမက ခြေသလုံးနှင့် မျက်လုံးကို သတိမထားမိလျှင် သာမန်လူနှင့် ခွဲခြားမရနိုင်ပေ။ တစ်ချိန်တည်းမှာပင် ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာ အလှအပများကိုလည်း လုံခြုံစွာ ဖုံးကွယ်ပေးလိုက်နိုင်ပြီ ဖြစ်သည်။

ဆက်ရန်...

အပိုင်း (၄၁၀) အဖြေမဲ့ပုစ္ဆာ

လော်ယွမ် အတော်ကြာ စောင့်ဆိုင်းပြီးနောက်တွင်မှ ဗီဇပြောင်းလူသားမလေး စိတ်သက်သာရာ ရသွားတော့သည်။

သူမက လော်ယွမ်ကို လှမ်းကြည့်လိုက်သည်။ သူက ဘေးတွင် ရှိနေသေးသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး စိတ်လျှော့လိုက်တော့သည်။ ထို့နောက် ရှေ့ဘက်ရှိ မြို့ပြကြီးကို ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံး မခွာနိုင်အောင် ဖြစ်သွားသည်။

ပြန်လည်တည်ဆောက်ရေးဇုန်ရှိ မြို့ကြီးများအနက် မျှော်လင့်ချက်မြို့တော် သည် ကြီးကျယ်ခမ်းနားလှသည်။ စက်ရုံအများအပြား ပြည့်နှက်နေပြီး မီးခိုးခေါင်းတိုင်များသည် သစ်တောထဲက သစ်ပင်ကြီးများသဖွယ် ကောင်းကင်သို့ ထိုးထွက်နေကြသည်။ နေ့ညမပြတ် မီးခိုးများ မှုတ်ထုတ်နေကြသည်။

ဤနေရာ၏ ပတ်ဝန်းကျင်သည် တောအုပ်နှင့် လုံးဝ ကွာခြားလှသည်။ မှတ်မိသမျှ ကာလပတ်လုံး တောထဲတွင်သာ နေထိုင်ခဲ့သော ဗီဇပြောင်းလူသားမလေးသည် ဤကဲ့သို့ ခမ်းနားသော မြင်ကွင်းမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သူမသည် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ မျက်လုံးထဲတွင် ဆန်းသစ်မှုနှင့် ကြောက်ရွံ့မှုများ ရောထွေးနေသော်လည်း တစ်ချိန်တည်းမှာပင် အိမ်ပြန်ရောက်သကဲ့သို့ ရင်းနှီးသော ခံစားမှုမျိုးလည်း ဖြစ်ပေါ်နေသည်။ ဤမြင်ကွင်းများကို အိပ်မက်ထဲတွင် မြင်ဖူးသကဲ့သို့ပင်။

သူမ အတော်ကြာ ငေးမောနေမိပြီး လော်ယွမ်၏ စကားသံကြားမှ သတိပြန်ဝင်လာသည်။

"ကြည့်မနေနဲ့တော့.. သွားကြစို့" လော်ယွမ်သည် သူမ စိတ်ငြိမ်သွားသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးပြီးမှ စကားစလိုက်ခြင်း ဖြစ်သည်။ ထို့နောက် မျှော်လင့်ချက်မြို့တော်ဘက်သို့ ဦးတည် လျှောက်သွားလိုက်သည်။

ဗီဇပြောင်းလူသားမလေးသည် စိုးရိမ်တကြီး "ရှူး.. ရှူး.." ဟု အသံပြုရင်း ယခင်အတိုင်း လေးဘက်ထောက် လိုက်သွားရန် ပြင်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးသည်၊ ခြေထောက် ခလုတ်တိုက်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ ထိုအခါမှ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းပြီး နေရခက်သော အရာတစ်ခု ဝတ်ဆင်ထားကြောင်း သတိထားမိလိုက်သည်။

သူမသည် အဝတ်ဗလာဖြင့် နေသားကျနေပြီ ဖြစ်ရာ အဝတ်အစား ဝတ်ဆင်ထားခြင်းသည် ချုပ်နှောင်ခံထားရသလို ဖြစ်နေသည်။ လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေရုံသာမက လုံခြုံမှုမရှိသလို ခံစားနေရသည်။

သူမသည် စိတ်တိုတိုဖြင့် အဝတ်များကို ဆွဲဖြဲလိုက်သည်။ ပါးစပ်မှ အစွယ်သေးသေးလေးများ ပေါ်လာပြီး မျက်နှာထား ကြမ်းကြုတ်နေသည်။

အဝတ်အစားများကို အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်နေသော်လည်း မည်မျှပင် အားစိုက်ပါစေ ပြဲမသွားကြောင်း တွေ့လိုက်ရသည်။ အဆင့် ၈ ပစ္စည်းဖြင့် ပြုလုပ်ထားသော အဝတ်အစား ဖြစ်ရာ သူမ ဖျက်ဆီး၍ ရမည် မဟုတ်ပေ။

လော်ယွမ် ဝေးသထက် ဝေးသွားသည်ကို မြင်သောအခါ သူမ စိတ်ပူသွားပြီး အဝတ်အစား ကိစ္စကို ဂရုမစိုက်နိုင်တော့ဘဲ ဒယိမ်းဒယိုင်ဖြင့် အနောက်မှ ကပ်လိုက်သွားတော့သည်။

လော်ယွမ်က ရှေ့မှ သွားရင်း ပြုံးလိုက်သည်။ အဝတ်အစား ဝတ်ဆင်ခြင်းသည် ဗီဇပြောင်းလူသားမလေး ကျော်ဖြတ်ရမည့် အဆင့်တစ်ခု ဖြစ်သည်။ အိမ်ရောက်လျှင် နေ့တိုင်း ကိုယ်လုံးတီးဖြင့် ရှိနေခြင်းကို သူ လက်မခံနိုင်သလို သူ ဂရုမစိုက်လျှင်တောင် အိမ်ရှိ မိန်းမသားများက ဂရုစိုက်ကြပေလိမ့်မည်။

မကြာမီ မျှော်လင့်ချက်မြို့တော်သို့ ရောက်ရှိလာသည်။ မြို့တံခါးဝသို့ ရောက်သောအခါ စစ်သားတစ်ဖွဲ့သည် ကင်းတဲမှ ပြေးထွက်လာပြီး သူတို့နှစ်ယောက်ကို တားဆီးလိုက်သည်။

မျက်နှာထား တင်းမာနေပြီး ရန်သူကို ရင်ဆိုင်ရသကဲ့သို့ သေနတ်များဖြင့် ဗီဇပြောင်းလူသားမလေးကို ချိန်ရွယ်လိုက်ကြသည်။ အချို့က လော်ယွမ်ကိုပါ ရိပ်ဖမ်းသံဖမ်း ချိန်ရွယ်ထားကြသည်။

ဗီဇပြောင်းလူသားမလေးသည် အဝတ်အစား ဝတ်ဆင်ထားသော်လည်း လူသားနှင့်မတူသော ထူးဆန်းသည့် လမ်းလျှောက်ပုံကြောင့် တစ်ချက်ကြည့်ရုံဖြင့် သိသာနေသည်။

"ရပ်လိုက်ပါ မိတ်ဆွေ.. စည်းမျဉ်းအရ ဘယ်သန္ဓေပြောင်းသတ္တဝါမှ မြို့ထဲ ဝင်ခွင့်မရှိဘူး... ဒီသန္ဓေပြောင်းသတ္တဝါကို သုတ်သင်ပစ်ရမယ်" အရာရှိတစ်ဦးက တင်းမာစွာ ပြောလိုက်သည်။

လော်ယွမ်၏ ပုံစံသည် သာမန်လူ မဟုတ်မှန်း သိသာနေသောကြောင့်သာ ဤမျှယဉ်ကျေးနေခြင်း ဖြစ်သည်။ မဟုတ်လျှင် ဆက်ဆံရေးက ပိုဆိုးပေလိမ့်မည်။

ပုံမှန်အားဖြင့် သာမန်လူများသည် မြို့ပြင်သို့ ထွက်လေ့မရှိကြပေ။

ဗီဇပြောင်းလူသားမလေးသည် သူတို့၏ ရက်စက်သော ပုံစံကို မြင်သောအခါ ကြောက်လန့်ပြီး လော်ယွမ်၏ ကျောနောက်သို့ ဝင်ပုန်းလိုက်သည်။ ဒေါင်လိုက်မျက်ဆံအိမ်ဖြင့် သူတို့ကို သတိထား ကြည့်နေပြီး အစွယ်များကို ဖော်ကာ သတိပေးသံ "ရှူး.. ရှူး.." ဟု အသံပြုနေသည်။

လော်ယွမ်သည် သူမကို နှစ်သိမ့်လိုက်ပြီး စိတ်မဆိုးဘဲ နိုင်ငံသားကတ်ပြားကို ထုတ်ကာ အရာရှိထံ ပေးလိုက်သည်။ "စိတ်မပူပါနဲ့... ဒီသန္ဓေပြောင်းလူသားက လူတွေကို ရန်မလုပ်ဘူးလို့ ကျွန်တော် အာမခံပါတယ်"

"ရန်လုပ်မလုပ်က ခင်ဗျားပြောလို့ ရတာမျိုး မဟုတ်ဘူး..." အရာရှိက ပြောရင်း ကတ်ပြားကို လှမ်းယူကာ မရေမရာ ကြည့်လိုက်သည်။ ချက်ချင်းပင် မျက်နှာပျက်သွားသည်။

"ဗိုလ်ချုပ်အဆင့်"

"ဓားတရားအဖွဲ့ ဒုတိယခေါင်းဆောင်"

ဘွဲ့ထူးဂုဏ်ထူး နှစ်ခုစလုံးက သူ့ကို ရင်တုန်သွားစေသည်။ သူ ချက်ချင်း အလေးပြုလိုက်ပြီး "ခွင့်လွှတ်ပါ ဗိုလ်ချုပ်.. ကျွန်တော် မသိလိုက်လို့ပါ"

ထို့နောက် လက်အောက်ငယ်သားများဘက် လှည့်ကာ "အားလုံး သေနတ်ပြန်သိမ်းကြ" ဟု အော်ပြောလိုက်သည်။

"တကယ်ကို အားနာပါတယ်ဗျာ... ကျွန်တော်တို့ မဆင်မခြင် ဖြစ်သွားတယ်... ခွင့်လွှတ်ပေးပါခင်ဗျာ"

"ရပါတယ်... ခင်ဗျားတို့လည်း အလုပ်သဘောအရ လုပ်ရတာပဲလေ... ကျွန်တော် သွားလို့ ရပြီလား" လော်ယွမ် ပြောလိုက်သည်။

"ရပါတယ်ခင်ဗျာ" အရာရှိက အမြန် ပြန်ပြောလိုက်သည်။ ဤကဲ့သို့ အဆင့်အတန်းမြင့်သူကို သူတို့လို အရာရှိငယ်လေးများက တားဆီးပိုင်ခွင့် မရှိပေ။

သူ အထက်ကို တင်ပြစာ ပို့လျှင်တောင် ဘာမှ ထူးလာမည် မဟုတ်ပေ။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မည်သူမှ အသေးအဖွဲ ကိစ္စလေးဖြင့် ပြဿနာ မရှာရဲကြပေ။

အရာရှိငယ် တစ်ယောက်အနေဖြင့် လျှို့ဝှက်ဆန်းကြယ်သော ဓားတရားအဖွဲ့ အကြောင်း အနည်းအကျဉ်း သိထားသည်။ ဗိုလ်ချုပ်ရာထူး ဆိုသည်မှာ ဂုဏ်ထူးဆောင် ရာထူးသာ ဖြစ်သော်လည်း ဓားတရားအဖွဲ့ကိုမူ လက်ရှိ အာဏာအရှိဆုံး စစ်ဘက်ကပင် အလွယ်တကူ မထိပါးရဲပေ။

စစ်ဘက်သည် ဓားတရားအဖွဲ့မှ စူပါဆင့်ကဲဖြစ်စဉ်ပြောင်းလဲသူများ၏ အကူအညီကို နယ်ပယ်များစွာတွင် လိုအပ်နေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဤပုဂ္ဂိုလ်သည် ဓားတရားအဖွဲ့၏ အစွမ်းအထက်ဆုံး ဒုတိယခေါင်းဆောင် ဖြစ်နေသည်။

လော်ယွမ် ပြုံးပြီး ခေါင်းငြိမ့်ပြကာ မြို့တံခါးအတွင်းသို့ ဝင်ရောက်သွားသည်။ ဗီဇပြောင်းလူသားမလေးက ဟိုကြည့်သည်ကြည့်လုပ်ပြီး လော်ယွမ့် အားကိုးဖြင့် "ရှူး.. ရှူး.." ဟု အသံပြုလိုက်သေးသည်။ စစ်သားများ လှမ်းကြည့်လိုက်သောအခါ လော်ယွမ်၏ ကျောနောက်သို့ ပြန်ပုန်းပြီး ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

"ဗိုလ်ကြီး.. သူက ဘယ်သူမို့လို့လဲ... ဗိုလ်ကြီး မျက်နှာတောင် ပျက်သွားတယ်" သူတို့ ဝေးရာသို့ ရောက်သွားမှ စစ်သားတစ်ယောက်က စပ်စုကာ မေးလိုက်သည်။

"မင်းတို့ ဘာနားလည်မှာလဲ... သူက မိုးထိအောင် မြင့်တဲ့ ပုဂ္ဂိုလ်ကြီးကွ... တပ်မမှူး လာရင်တောင် အလေးပြုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ့်သူမျိုး" အရာရှိက မျက်နှာတည်တည်ဖြင့် "ဓားတရားအဖွဲ့ကို သိလား" ဟု မေးလိုက်သည်။

ဤနေရာက စစ်သားလေးတွေဖြစ်သဖြင့် တချို့က ခေါင်းငြိမ့်ပြပြီး တချို့က နားမလည်ကြပေ။

"အဲဒါ ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့ အထူးအဖွဲ့အစည်းကွ... အဲဒီမှာ အစွမ်းအထက်ဆုံး ဆင့်ကဲဖြစ်စဉ်ပြောင်းလဲသူတွေပဲ ရှိတာ... သူက ဒုတိယခေါင်းဆောင်... ရာထူးက ဗိုလ်ချုပ်အဆင့်" အရာရှိက ဆက်ပြောသည်။ သူလည်း ဤမျှကြီးကျယ်သော ပုဂ္ဂိုလ်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ရာ စိတ်လှုပ်ရှားပြီး ပြောချင်ဆိုချင်စိတ်များ ဖြစ်ပေါ်နေသည်။

စစ်သားအားလုံး လန့်သွားကြသည်။ ထိုအဖွဲ့အစည်းကို ကောင်းကောင်း နားမလည်လျှင်တောင် စစ်သားများ ဖြစ်ကြသည့်အလျောက် ဗိုလ်ချုပ်ရာထူး တစ်ခုတည်းဖြင့်ပင် ထိုလူ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်သည်။

စစ်တပ်တွင် စစ်တိုင်းမှူး အဆင့်လောက်မှသာ ထိုရာထူးမျိုး ရနိုင်သည်။ ဒီထက်မြင့်လျှင် စစ်တပ်ကို တိုက်ရိုက် ကွပ်ကဲခြင်း မရှိတော့ပေ။ သူတို့ထက်ပင် ငယ်ရွယ်ပုံရသော လူတစ်ယောက်က ဤမျှ ကြီးကျယ်သော ပုဂ္ဂိုလ် ဖြစ်နေမည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။

အကယ်၍ လော်ယွမ်ကို အထက်လူကြီးများက လူသားပုံစံ မဟာဗျူဟာမြောက် လက်နက် အဖြစ် သတ်မှတ်ထားပြီး အန္တရာယ်အရှိဆုံး အဆင့်အဖြစ် သတ်မှတ်ထားကြောင်းသာ သူတို့ သိလိုက်လျှင် ပို၍ အံ့သြသွားကြပေလိမ့်မည်။

ပြန်လည်တည်ဆောက်ရေးဇုန်၏ အစွမ်းအထက်ဆုံး ဆင့်ကဲဖြစ်စဉ်ပြောင်းလဲသူ တစ်ဦး (တစ်ဦးတည်းသော ဆိုလျှင်လည်း မမှား) အနေဖြင့် သူ၏ လှုပ်ရှားမှုတိုင်းကို အထက်က စောင့်ကြည့်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လော်ယွမ်သည် ပြန်လည်တည်ဆောက်ရေးဇုန် အတွင်း ခဏခဏ ပျံသန်းသွားလာခဲ့ရာ မျက်စိဒေါက်ထောက် ကြည့်နေသူများ သတိမထားမိဘဲ မနေနိုင်ပေ။

ထို့အပြင် သူ၏ ပျံသန်းမှုသည် အရှိန်အဟုန် ပြင်းထန်ပြီး ထင်ရှားလွန်းသဖြင့် သတိမထားမိဘဲ နေရန် ခက်ခဲသည်။

စိတ်စွမ်းအားဖြင့် ပျံသန်းချိန်တွင် သူ၏ အမြန်နှုန်းသည် အသံထက် ၂ ဆ၊ ၃ ဆခန့် မြန်သည်။ ထိုအမြန်နှုန်းသည် သာမန် ဒုံးကျည်များ၏ ပျံသန်းမှုနှင့် တူညီသည်။

သို့သော် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ ပြန်လည်တည်ဆောက်ရေးဇုန် ပတ်ဝန်းကျင်တွင် ကင်းလှည့်နေသော မောင်းသူမဲ့ ကင်းထောက်လေယာဉ်တစ်စင်း ရိုက်ကူးမိခဲ့သော ပုံရိပ်ကြောင့် သူတို့၏ စိုးရိမ်မှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

ထိုအရာသည် လျှပ်စီးတန်းကဲ့သို့ ဖြတ်သန်းသွားသော အလင်းတန်းတစ်ခုသာ ဖြစ်သည်။ နောက်ဆုံး ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်နှာပေါ်လာမှသာ ၎င်းသည် သက်ရှိတစ်ဦး၏ အမြန်နှုန်း ဖြစ်ကြောင်း သိလိုက်ရသည်။

ဤဗီဒီယိုအတိုလေးကို သတင်းအချက်အလက် လုံခြုံရေး စင်တာသို့ ပို့ဆောင်ပြီးနောက် ထောက်လှမ်းရေး ဌာနသို့ ရောက်ရှိသွားသည်။ ကွန်ပျူတာဖြင့် တွက်ချက်ကြည့်လိုက်ရာ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၂.၃၄ ကီလိုမီတာ ဖြစ်သည်။

ပထမ အာကာသ အလျင် ထက် ကျော်လွန်နေပြီး အနုမြူထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်များထက်လည်း မြန်ဆန်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်၏ အစွမ်းအထက်ဆုံး လျှပ်စစ်သံလိုက် အမြောက်များထက်လည်း သာလွန်သည်။

ပြောရလျှင် လေဆာလက်နက်များမှလွဲ၍ ပြန်လည်တည်ဆောက်ရေးဇုန်ရှိ မည်သည့်လက်နက်ကမျှ ဤအမြန်နှုန်းကို မမီပေ။

အစွမ်းအထက်ဆုံး အနုမြူဗုံး ဖြစ်လျှင်တောင် သူ၏ အနီးနားတွင် ကျရောက်ပေါက်ကွဲပြီး ပထမဆုံး ထွက်ပေါ်လာသော ပြင်းထန်သည့် ဓာတ်ရောင်ခြည်သင့်မှုကြောင့် သေစေနိုင်သော ဒဏ်ရာရမှသာ ထိရောက်ပေလိမ့်မည်။ သို့မဟုတ်ပါက ဤအမြန်နှုန်းဖြင့် သူသည် လွတ်မြောက်ရန် အချိန်အလုံအလောက် ရရှိနိုင်သည်။

အထက်လူကြီးများ မသိသေးသည်မှာ လော်ယွမ်၏ ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းသည် စတင်ရန် အချိန်ယူရပြီး အရှိန်မြှင့်တင်ခြင်းသည် နှေးကွေးသော လုပ်ငန်းစဉ် ဖြစ်သည်။

သို့သော် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း မပါဘဲ ၂ စက္ကန့် ကြိုတင်သိမြင်နိုင်စွမ်းနှင့် စိတ်စွမ်းအားဖြင့် ပျံသန်းမှု ရှိနေရုံဖြင့် လော်ယွမ်သည် ပြန်လည်တည်ဆောက်ရေးဇုန်၏ မည်သည့် တိုက်ခိုက်မှုကိုမဆို လုံးဝ မကြောက်ရွံ့ပေ။

အနုမြူဗုံး မပေါက်ကွဲမီ ၂ စက္ကန့်အတွင်း သူသည် မြေကြီးထဲသို့ ချက်ချင်း တိုးဝင်ကာ ကနဦး ရိုက်ခတ်မှုကို ရှောင်ရှားနိုင်သည်။ ထို့နောက် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းကို ဖြည်းဖြည်းချင်း စတင်ပြီး သီးခြား ဟင်းလင်းပြင်အကာအကွယ်ကို ဖန်တီးနိုင်သည်။

တကယ်တမ်းတွင် အနုမြူဗုံး အနီးနားသို့ ကျရောက်လာမည့် ကိစ္စမျိုးကို သူ၏ အန္တရာယ် အာရုံခံနိုင်စွမ်းဖြင့် လေထဲတွင် ရှိနေစဉ်ကတည်းက ကြိုတင် သိရှိနိုင်ပေလိမ့်မည်။ ကြိုတင်သိမြင်နိုင်စွမ်းဖြင့် သိမှသာ တုံ့ပြန်မည် မဟုတ်ပေ။

လေဆာလက်နက်များအတွက်မူ ကြိုတင်သိမြင်နိုင်စွမ်း ရှိနေသရွေ့ ရှောင်တိမ်းရန် ပို၍ လွယ်ကူသည်။

ကြိုတင်သိမြင်နိုင်စွမ်း ရှေ့တွင် မည်သည့် လုပ်ကြံမှုမဆို အရာထင်မည် မဟုတ်ပေ။ မည်မျှပင် ပြည့်စုံစွာ ပြင်ဆင်ထားပါစေ၊ လော်ယွမ်တွင် ကြိုတင်သိမြင်နိုင်စွမ်း ရှိကြောင်း ကြိုသိနေပါစေ လုံးဝ အသုံးဝင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤစွမ်းရည်သည် အဖြေရှာမရသော ပုစ္ဆာ ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် လင်းကျုံအန်းကို သူ၏ ကြိုတင်သိမြင်နိုင်စွမ်းအကြောင်း ထုတ်ပြခဲ့ခြင်း ဖြစ်သည်။ လင်းကျုံအန်း လျှောက်ပြောမည်ကို သူ လုံးဝ ဂရုမစိုက်ပေ။

ဆက်ရန်...

All Chapters