← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 21 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 21 Ch. 411-412

အပိုင်း (၄၁၁) လူသားဘဝ ပထမဆုံး အတွေ့အကြုံ

မျှော်လင့်ချက်မြို့တော်သို့ ဝင်ရောက်သည်နှင့် ဗီဇပြောင်းလူသားမလေးသည် တရစပ် နှာချေတော့သည်။ ပုံစံမှာ အတော်လေး ကြည့်ရဆိုးနေသည်။

မြို့ပြ၏ ညစ်ညမ်းမှုမှာ အလွန် ပြင်းထန်သည်။ လေထုထဲတွင် မီးခိုးရောင် မြူခိုးတစ်လွှာ ထာဝစဉ် ဖုံးလွှမ်းနေပြီး ထိုအထဲတွင် စူးရှသော အနံ့အသက်မျိုးစုံ ပါဝင်နေသည်။

တောအုပ်ထဲမှ လတ်ဆတ်သော လေကို ရှူရှိုက်နေကျဖြစ်သည့် ဗီဇပြောင်းလူသားမလေးအတွက်မူ အတော်လေး နေသားမကျ ဖြစ်နေသည်။

သို့သော် လမ်းတစ်လျှောက်လုံး အတော်လေး ဒုက္ခရောက်နေသော်လည်း ဗီဇပြောင်းလူသားမလေး၏ စိတ်လှုပ်ရှားမှုမှာ လျော့ကျသွားခြင်း မရှိပေ။

မျက်နှာထား တက်ကြွနေပြီး လမ်းလျှောက်လျှင်ပင် တုန်တုန်ချိချိ ခုန်ဆွခုန်ဆွ ဖြစ်နေသည်။

ဖြစ်နိုင်သည်မှာ မြို့အဝင်ဝက မြင်ကွင်းကြောင့် သူမအနေဖြင့် ကြီးမားသော လုံခြုံမှုအာရုံကို ခံစားလိုက်ရပြီး၊ စိမ်းသက်သော ပတ်ဝန်းကျင်အပေါ်ထားရှိသည့် စိုးရိမ်ပူပန်မှုများ လျော့ပါးသွားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

သူမသည် ဟိုကြည့်ဒီကြည့်ဖြင့် အကြည့်မလွှဲနိုင်အောင် ဖြစ်နေသည်။ တစ်ခါတစ်ရံ ဆန်းသစ်သော နေရာများကို တွေ့လျှင် ရှေ့ဆက်သွားရန်ပင် မေ့လျော့နေတတ်ပြီး လော်ယွမ် အဝေးရောက်သွားမှ အလန့်တကြား ခြေလှမ်းကျဲကြီးများဖြင့် အမီလိုက်ရသည်။

ကံကောင်းသည်မှာ ယခုအချိန်သည် အလုပ်သမားများ အလုပ်ဆင်းချိန် မဟုတ်သေးသဖြင့် လမ်းမပေါ်တွင် လူသူရှင်းလင်းနေသည်။

ဖြတ်သွားဖြတ်လာ ကားများမှလွဲ၍ လူဟူ၍ မရှိသလောက်ပင်။ သို့မဟုတ်ပါက သူမ၏ မိစ္ဆာဆန်သော မျက်နှာနှင့် လူသားများနှင့် ကွဲပြားခြားနားသော အပြုအမူများကို မြင်လျှင် ထိတ်လန့်မှုများ ဖြစ်ပေါ်စေနိုင်သည်။

မကြာမီ လော်ယွမ်နှင့် ဗီဇပြောင်းလူသားမလေးတို့သည် မြေအောက်လမ်းကြောင်းကို ဖြတ်သန်းလာကြသည်။ ဤနေရာရှိ လေထုသည် မြေပြင်ထက် သိသိသာသာ ကောင်းမွန်နေသည်။

အနည်းဆုံးတော့ ဗီဇပြောင်းလူသားမလေး နှာမချေတော့ပေ။ နောက်ထပ် ၁၀ မိနစ်ခန့် ဆက်လျှောက်ပြီးနောက် နှစ်ဦးသား အိမ်ရှေ့သို့ ရောက်ရှိလာကြသည်။

"ကဲ... နောက်ဆိုရင် ဒါ နင့်ရဲ့ အိမ်ပဲ" လော်ယွမ်က ပြုံးပြီး ဗီဇပြောင်းလူသားမလေးကို ပြောလိုက်သည်။ ထို့နောက် တံခါးသွားခေါက်သည်။

သို့သော် ဗီဇပြောင်းလူသားမလေးကမူ ကြားပုံမရပေ။ သူမ၏ အာရုံအားလုံးသည် ခေါင်းပေါ်ရှိ မီးလုံးတန်းများဆီသို့ ရောက်နေသည်။ သူမသည် ဤကဲ့သို့ တောက်ပသော အရာများကို အနှစ်သက်ဆုံး ဖြစ်သည်။

သလင်းကျောက် တုံးလေးများကိုပင် ရတနာသဖွယ် သိမ်းဆည်းတတ်သူ ဖြစ်ရာ၊ ဤကဲ့သို့ လင်းလက်နေသော မီးလုံးများဆိုလျှင် ပြောစရာပင် မလိုတော့။ ယခုအချိန်တွင် သူမ၏ စိတ်ထဲ၌ ၎င်းတို့ကို ဘယ်အချိန် ဖြုတ်ယူပြီး ခိုးဝှက်သိမ်းဆည်းရမလဲ ဟု တိတ်တဆိတ် ကြံစည်နေပြီ ဖြစ်သည်။

တံခါးလာဖွင့်သူမှာ ကျိုးယလီ ဖြစ်သည်။ လော်ယွမ်ကို တွေ့သောအခါ စပ်စုသော လေသံဖြင့် "ဒီနေ့ ဘယ်လိုလုပ် ဒီလောက်အစောကြီး ပြန်လာတာလဲ" ဟု မေးသည်။

"ဗီဇပြောင်းလူသားမလေး တစ်ယောက်နဲ့ တွေ့လို့လေ... သနားတာနဲ့ ခေါ်လာလိုက်တာ" လော်ယွမ်က ပြောသည်။

ဗီဇပြောင်းလူသားမလေးသည် တံခါးပွင့်လာသည်နှင့် ချက်ချင်း သတိဝင်လာပြီး လော်ယွမ်၏ ကျောဘက်သို့ လျင်မြန်စွာ ဝင်ပုန်းလိုက်သည်။

ပယင်းရောင် မျက်လုံးတစ်စုံကိုသာ ဖော်လျက် သတိထားခြင်း၊ စပ်စုခြင်းတို့ ရောပြွမ်းနေသော အကြည့်ဖြင့် ကျိုးယလီကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေသည်။

ထိုအချိန်ကျမှ ကျိုးယလီသည် လော်ယွမ်၏ ကျောဘက်တွင် ကောင်မလေးတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြသည်။

ထောင်မတ်နေသော (မြွေ) မျက်လုံးအိမ်ကို မြင်လိုက်ရသောအခါ သူမ ခေါင်းနားပန်းကြီးသွားပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ အော်မိလုနီးပါး ဖြစ်သွားသည်။

"ကဲပါ... ဒီလောက် ကိစ္စတွေ အများကြီး ကြုံခဲ့ပြီးပြီကို... နင်အဲ့လောက်ကြောက်နေတုံးလား... စိတ်မပူပါနဲ့၊... သူက လူကို မလုပ်ပါဘူး... အရင် ဝင်ကြရအောင်... ကျန်တဲ့သူတွေရော အကုန်ရှိတယ်မလား" သူမ၏ မျက်နှာကို ကြည့်ပြီး အလန့်တကြား ဖြစ်သွားသည်ကို လော်ယွမ် သိသဖြင့် ရယ်ချင်သလို ဖြစ်သွားသည်။

သို့သော် မည်သူမဆို ဗီဇပြောင်းလူသားမလေးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပါက ကျောချမ်းသွားမည်မှာ အမှန်ပင်။

ကျိုးယလီ စိတ်အနည်းငယ် ငြိမ်သွားသည်။ သူမ ရုတ်တရက် မပြင်ဆင်ထားမိ၍သာ၊ မဟုတ်လျှင် ဒီလောက် အဖြစ်မသည်းလှပေ။

ဗီဇပြောင်းလူသားမလေးကို သူမ မမြင်ဖူးသည်လည်း မဟုတ်။ ဟိုတုန်းက ချန်ရှင်းဖုန်ဆိုလျှင် သူမထက် ပိုကြောက်စရာ ကောင်းသေးသည်။ ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်ကာ ဆိုးသွမ်းသော နတ်ဘီလူးကဲ့သို့ ဖြစ်နေသော်လည်း အတူနေခဲ့ဖူးသည်ပင်။

သူမ လော်ယွမ်ကို မျက်စောင်းထိုးလိုက်သည်။ "ရှာကွမ်က အလုပ်သွားတယ်... ကျန်တဲ့လူတွေတော့ အကုန် ရှိတယ်"

ထို့နောက် စိတ်မချသဖြင့် တီးတိုး ရေရွတ်ကာ အပြစ်တင်လိုက်သည်။ "ဘယ်လိုလုပ်ပြီး ဗီဇပြောင်းလူသားမလေးကို ခေါ်လာရတာလဲ... သူ တကယ် လူကို ရန်မမူဘူးလား"

"စိတ်ချပါ... သူ့သတ္တိက နင့်ထက်တောင် နည်းသေးတယ်" လော်ယွမ် ပြောလိုက်သည်။ ဤအချက်ကိုတော့ သူ အတော်လေး စိတ်ချသည်။ ဟိုတုန်းက သူမသာ လူသားတွေကို နည်းနည်းလောက် သတိထားခဲ့လျှင် သူမလို စွမ်းရည်မျိုးနဲ့ ထို သာမန်လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရမည် မဟုတ်ပေ။

သို့သော် စိတ်ချနေရုံဖြင့် မလုံလောက်ပေ။ စိတ်ညှို့ အစွမ်းပါ ထည့်သုံးဖို့ လိုအပ်သည်။

ထို့အပြင် ဗီဇပြောင်းလူသားမလေးက အူတူတူ အတတ ဖြစ်နေသော်လည်း သူမ၏ အပြုအမူများကို ကြည့်ရသည်မှာ ဉာဏ်ရည် မနိမ့်ပေ။ ဤနေရာတွင် စားစရာသောက်စရာရှိမည်၊ လုံခြုံမည် ဆိုလျှင် အသိဉာဏ်နည်းနည်းရှိသည့် မည်သူမဆို လူတွေကို ရန်မူမည် မဟုတ်ချေ။

နှစ်ယောက်သား ဧည့်ခန်းထဲ ဝင်လာကြသည်။ ဗီဇပြောင်းလူသားမလေးကို မြင်သည်နှင့် လူတိုင်း မတ်တတ်ရပ်လိုက်ကြသည်။ ချန်ကျားယီ တစ်ယောက်သာ တုံ့ပြန်မှု နှေးကွေးပြီး အားလုံး ထပြီးမှ လိုက်ထသည်။

ဝမ်ရှီရှီ၏ သတ္တိကတော့ တခြားလူတွေထက် သိသိသာသာ ပိုကြီးသည်။ တခြားလူတွေ အံ့ဩနေချိန်တွင် သူမက နည်းနည်းမှ မလန့်ဘဲ လော်ယွမ်ကို ကွေ့ပတ်ကာ လော်ယွမ်ကျောဘက်တွင် ကြောက်ပြီး ပုန်းနေသော ဗီဇပြောင်းလူသားမလေးကို စပ်စုသည့် မျက်နှာဖြင့် ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။

"ဗီဇပြောင်းလူသားမ"

လော်ယွမ် ခေါင်းညိတ်လိုက်ပြီး ကျိုးယလီကို ပြောခဲ့သည့် စကားကို ပြန်ပြောလိုက်သည်။ "အရင်တုန်းက သူ မိုင်းတွင်းမှာ ငါနဲ့ ခဏလိုက်နေဖူးတယ်... အခု ထပ်တွေ့တာနဲ့...တောထဲမှာ နေရတာ သနားစရာ ကောင်းလို့ခေါ်လာလိုက်တာ... နောက်ဆို သူ ငါတို့အိမ်မှာ နေလိမ့်မယ်... ဒါနဲ့ စားစရာရှိလား... သူ့ကို နည်းနည်းလောက် ပေးလိုက်ပါဦး"

"ရှိတယ်... ရှိတယ်... သူ အသားစားလား" ဟွမ်ကျားဟွေက အလျင်အမြန် ပြောသည်။ သတိထားနေသလိုလို၊ စိတ်မလုံခြုံသလိုလို ဖြစ်နေသော ဗီဇပြောင်းလူသားမလေးကို စပ်စုစွာ ကြည့်ရင်း မေးလိုက်သည်။

"အစားမရွေးဘူး... သတ်သတ်လွတ် အသားတုလည်း ရတယ်... ဒါပေမယ့် သူ အကြိုက်ဆုံးကတော့ အသားပဲ" လော်ယွမ်က ပြောသည်။ အရင်တုန်းက ခရီးထွက်တုန်းက လော်ယွမ် ဘာစားစား သူမ လိုက်စားလေ့ရှိသည်။ ဗီဇပြောင်းသွားသော်လည်း ယခင် လူသားဘဝက အစုံစားသည့် အကျင့်က လွှမ်းမိုးနေဆဲ ဖြစ်သည်။

မကြာမီ ဟွမ်ကျားဟွေက နေ့လယ်က ဟင်းကျန်များကို မီးဖိုချောင်ထဲမှ သယ်ထုတ်လာပြီး စားပွဲပေါ် တင်လိုက်သည်။

ဟင်းကျန်ဟု ဆိုသော်လည်း လော်ယွမ် နေ့လယ် ပြန်လာစားနိုင်သည်ဟု တွေးပြီး ချက်ထားသဖြင့် ပမာဏ မနည်းလှပေ။

ထို့အပြင် ပါဝင်ပစ္စည်း အများစုမှာ အဆင့်မြင့် စားသောက်ကုန်များ ဖြစ်ကြသည်။ မိန်းမသားများ၏ စားနိုင်သော ပမာဏက လော်ယွမ်နှင့် ယှဉ်လျှင် သေးငယ်လွန်းသဖြင့် တစ်နပ်စားပြီးလျှင်တောင် ဟင်းတွေက လျော့သွားပုံ မရပေ။

အစားအစာ အနံ့က ဗီဇပြောင်းလူသားမလေး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ သူမ နှာခေါင်း တရှုံ့ရှုံ့ လုပ်ပြီး လော်ယွမ်ကို ကြည့်လိုက်၊ စားပွဲပေါ်က အစားအစာကို ကြည့်လိုက် လုပ်နေသည်။

အနားက လူတွေက ထမင်းစားပွဲနဲ့ ဝေးရာကို ရှောင်ပေးကြတာ မြင်တော့ (သို့မဟုတ် လော်ယွမ် ဘေးမှာ ရှိနေလို့လား မသိ) သူမ သတ္တိ ပိုရှိလာသည်။ အနည်းငယ် တွေဝေပြီးနောက် လော်ယွမ် ကျောဘက်မှ ထွက်လာသည်။

သူမသည် ခိုးစားသော ကြောင်ကလေးတစ်ကောင်လို ပေါ့ပါးသွက်လက်စွာ စားပွဲပေါ် ခုန်တက်လိုက်သည်။ အသားပေါင်း ပန်းကန်ကြီး တစ်ခုကို ပွေ့ဖက်ပြီး အမြန်ပြန်ခုန်ဆင်းကာ လော်ယွမ် ကျောဘက်သို့ ပြန်ဝင်ပုန်းလိုက်သည်။ သို့သော် သူမ၏ နောက်ဆက်တွဲ အပြုအမူက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

သူမ ချက်ချင်း မစားဘဲ လော်ယွမ်၏ ဘောင်းဘီစကို လက်ဖြင့် ဆွဲလိုက်သည်။ လော်ယွမ် လှည့်ကြည့်သောအခါ ပန်းကန်ကို လော်ယွမ်ဘက်သို့ အသာတိုးပေးပြီး လော်ယွမ်ကို အရင်စားစေလိုသည့် သဘောပြသည်။

သို့သော် သူမ၏ မျက်လုံးများကမူ အသားပန်းကန်ပေါ်မှ မခွာဘဲ တောက်လျှောက် ကြည့်နေပြီး လည်ချောင်းများ နိမ့်ချည်မြင့်ချည်နှင့် တံတွေးမြိုနေရှာသည်။ အတော်လေး စားချင်နေပုံရသည်။

"သူက ရှင့်အပေါ် အတော်လေး သံယောဇဉ်ရှိသားပဲ" ဟွမ်ကျားဟွေးက ပြုံးစစဖြင့် ပြောသည်။ သူမက နောက်ပြောင်လိုက်ခြင်းသာ ဖြစ်ပြီး ဘာမှ လေးလေးနက်နက် မတွေးမိပေ။ လော်ယွမ် မည်မျှပင် နှာဘူးထနေပါစေ၊ ဗီဇပြောင်းလူသားမလေးကိုတော့ ချမ်းသာပေးလိမ့်မည်ဟု ယုံကြည်သည်။

ကျန်လူများလည်း ထူးဆန်းသော အပြုံးများ ပြုံးလိုက်ကြသည်။ ဗီဇပြောင်းလူသားမလေးက ဉာဏ်ကောင်းလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း ဒီလောက်ထိ ဉာဏ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြ။

လော်ယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ တကယ်တော့ ဗီဇပြောင်းလူသားမလေးဆီကနေ ယခုလို လူဆန်သည့် အပြုအမူမျိုး မြင်ရသည်မှာ သူလည်း ပထမဆုံးအကြိမ်ပင်။ သူမက သူ့အပေါ် အတော်လေး ရင်းနှီးနေပြီ ဆိုတာ သိသာသည်။

"နင်ပဲ စားပါ" လော်ယွမ်က ပြောရင်း ပန်းကန်ကို ပြန်တိုးပေးလိုက်သည်။ ထိုသို့လုပ်ခြင်းက လူစကားကို သူမ ပိုမြန်မြန် နားလည်လာစေရန် ဖြစ်သည်။

အစားအသောက်နှင့် ပတ်သက်နေ၍လား မသိ၊ ဤတစ်ခါတော့ ဗီဇပြောင်းလူသားမလေး ချက်ချင်း နားလည်သွားသည်။ သူမ မျက်လုံးများ အရောင်တောက်လာပြီး အသားတစ်တုံးကို အငမ်းမရ ဆွဲယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

သွေးရူးသွေးတန်း စားသောက်နေပုံမှာ ဟင်းရည်များ ပျံလွင့်ပြီး သူမ ဝတ်ထားသည့် လော်ယွမ်၏ အင်္ကျီပေါ်တွင် ဟင်းဆီများ ပေကျံကုန်သည်။

တစ်မိနစ် မပြည့်ခင်မှာပင် အသားပန်းကန်ကြီး တစ်ခုလုံး သူမ ဗိုက်ထဲ ရောက်သွားသည်။ နောက်ဆုံးတွင် ဟင်းရည်ကိုပါ မချန်ဘဲ ဗိုက်ထဲ လောင်းထည့်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

ထို့နောက် စားပွဲပေါ်မှ အခြား အစားအစာများကို လှမ်းကြည့်ပြီး နည်းလမ်းဟောင်းအတိုင်း ပန်းကန်များကို သွားပွေ့ယူလာပြန်သည်။

မကြာခင်မှာပင် စားပွဲပေါ်ရှိ ဟင်းကျန်များအားလုံး ပြောင်စင်သွားသည်။ ကြမ်းပြင်ပေါ်တွင် ဟင်းရည်များ ဖိတ်စင်လျက် ပန်းကန်ခွက်ယောက်များ တစ်ပုံတစ်ပင် ပုံသွားသည်။ သူမသည် လော်ယွမ် ကျောဘက်တွင် ထိုင်လျက် သက်သောင့်သက်သာ လေချဉ်တက်လိုက်ပြီး မျက်လုံးလေးများ မှေးစင်းသွားသည်။

"သူ့ကို ရေချိုးပေးလိုက်ရင် မကောင်းဘူးလား... ဒီလို စားတာက မသန့်ဘူး" ဝမ်ရှီရှီက ဗီဇပြောင်းလူသားမလေးကို ကြည့်ရင်း ပိုစိတ်ဝင်စားလာကာ မေတ္တာစိတ်များ ပေါက်ဖွားလာပြီး ပြောလိုက်သည်။

"မလောနဲ့ဦး... ဖြည်းဖြည်းပေါ့... နည်းနည်းလောက် နေသားကျပါစေဦး... သူက ဒီလိုစားနေကျ ဖြစ်နေပြီ... အရင်တုန်းကဆို အစိမ်းတောင် စားတာ... ဘာရောဂါမှ မရဘူး" လော်ယွမ် စဉ်းစားပြီး ပြောလိုက်သည်။ သူလည်း ရေချိုးပေးချင်သည်။

သို့သော် ဗီဇပြောင်းလူသားမလေးက ကာကွယ်ရေးစိတ် အလွန်ပြင်းထန်သည်။ သူ မရှိဘဲနှင့် သူမက ပူးပေါင်းဆောင်ရွက်မည် မဟုတ်။ သူကိုယ်တိုင် ချိုးပေးမှ ရမည်။ သို့သော် ဤအတွေးက သူ့စိတ်ထဲမှာပဲ တွေးနိုင်သည်။

ဗီဇပြောင်းလူသားမလေးက မည်မျှပင် ဗီဇပြောင်းနေပါစေ၊ ဖွံ့ဖြိုးပြီးသား အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ ရုပ်ရည်က နည်းနည်း ထူးခြားနေရုံသာရှိသည်။ တကယ်လို့များ သူကိုယ်တိုင် ရေချိုးပေးမယ်ဆိုလျှင် မိန်းမတွေက ပါးစပ်က မပြောရင်တောင် စိတ်ထဲတွင် မည်သို့တွေးကြမလဲ မသိနိုင်။

ဗီဇပြောင်းလူသားမလေး ရောက်ရှိလာမှုကြောင့် အိမ်မှာ အသက်ဝင် လှုပ်ရှားလာသည်။ ညဘက် ဝမ်ရှကွမ် ပြန်ရောက်လာတော့လည်း အံ့ဩမှုတစ်ခု ဖြစ်ရပြန်သည်။

လော်ယွမ်၏ စိတ်ညှို့ပေးမှုအောက်တွင် ဗီဇပြောင်းလူသားမလေးသည် စိတ်ထဲမှ ကာကွယ်ရေးစည်းများကို လျင်မြန်စွာ လျှော့ချလိုက်သည်။

စိမ်းသက်သော ပတ်ဝန်းကျင်နှင့် လူစိမ်းများကို ရင်ဆိုင်ရာတွင် ယခင်ကလို ရန်သူကြီးသဖွယ် သဘောထားပြီး စိတ်လှုပ်ရှား တင်းမာမနေတော့ပေ။ လော်ယွမ် ကျောဘက်တွင် အကျင့်ပါနေသလို ဝင်ပုန်းတတ်သည်မှလွဲ၍ အတော်လေး အန္တရာယ်ကင်းပုံ ပေါက်နေသည်။

ဗီဇပြောင်းလူသားမလေးအပေါ်ထားရှိသော စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသည်နှင့် လူတိုင်းက မိသားစုဝင်အသစ်ကို လျင်မြန်စွာ လက်ခံလိုက်ကြသည်။

ဓားတရားဌာနမှ လော်ယွမ်ကို ပေးထားသော အိမ်မှာ အလွန်ကျယ်ဝန်းပြီး အခန်းများလည်း လုံလောက်စွာ ရှိသည်။ ညဘက်တွင် အိပ်ခန်းအသစ်တစ်ခန်း အမြန် ရှင်းလင်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူမ ဝတ်ဆင်ထားသော လော်ယွမ်၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ချန်ကျားယီ၏ အဝတ်ဟောင်းများကို ဝတ်ဆင်ပေးလိုက်သည်။

သူမအနေဖြင့် ပုံစံမျိုးစုံဖြင့် မလိုလားကြောင်း ပြသပြီး သောင်းကျန်းနေသော်လည်း၊ စိတ်ညှို့ဖြင့် နှစ်သိမ့်ပေးလိုက်သောအခါ ငြိမ်ကုပ်စွာဖြင့် အဝတ်လဲတာကို ခံယူလိုက်သည်။ အဝတ်များကို ဆွဲဆုတ်ရန် မကြိုးစားတော့ပေ။

..............................................................................................................................

ညနက်ပိုင်းတွင် လော်ယွမ်သည် ကျိုးယလီ၏ အိပ်ခန်းတွင် အိပ်စက်သည်။ ချစ်ရည်လူးပြီးနောက် ကျိုးယလီက မေးသည်။

"ဒီ ဗီဇပြောင်းလူသားမလေးကို ကုလို့ ရနိုင်လား"

"မရလောက်ဘူး" လော်ယွမ် စဉ်းစားပြီး ပြောလိုက်သည်။ ဗီဇပြောင်းလူသားမလေး၏ ပြောင်းလဲမှုက မျိုးဗီဇအထိ နက်ရှိုင်းသည်။ ချန်ကျားယီလို ဆဲလ်အဆင့် ကပ်ပါးကောင် တွယ်ကပ်တာမျိုး မဟုတ်ပေ။ အနည်းဆုံး သူ့အစွမ်းနဲ့ကတော့ လုံးဝ မဖြစ်နိုင်။

ကျိုးယလီ သက်ပြင်းချလိုက်ပြီး စိတ်အေးသွားသည်။

ထို ဗီဇပြောင်းလူသားမလေးက တစ်ချက်ကြည့်ရင် ကြောက်စရာ ကောင်းသလိုလို ရှိသော်လည်း သေချာ ကြည့်လျှင် မိန်းမတစ်ယောက်ဖြစ်သည့် သူမတောင်မှ ရင်သပ်ရှုမော ဖြစ်ရသည်။ စောစောက အဝတ်လဲပေးတုန်း သူမ ဝင်ကူပေးခဲ့သည်။ (သိချင်စိတ်ကြောင့် အပြင် မရိုးသားသော ကောင်စုတ် တစ်ယောက်ကို စောင့်ကြည့်ချင်သည့် သဘောလည်း ပါသည်)။

ကျောဘက်က အကြေးခွံတွေကလွဲရင် ရှေ့ဘက်အခြမ်းက လူသားနဲ့ ဘာမှမခြားပေ။ မိန်းမတစ်ယောက်မှာ ရှိသင့်တာတွေ အကုန်ရှိသည်။ အရေပြားကလည်း အဆီခဲလေးလို ချောမွေ့နေသည်။

ကိုယ်လုံးကိုယ်ပေါက်က မြွေမလေးလို ညို့အားပြင်းသည်။ အထူးသဖြင့် လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လို့ရလောက်တဲ့ ခါးသေးသေးလေးက မနာလိုဝန်တိုစရာ ကောင်းလှသည်။

ဗီဇပြောင်းလူသားမလေး ဖြစ်မနေလို့သာ၊ နို့မို့ဆို လော်ယွမ် စိတ်ထိန်းနိုင်ပါ့မလား သူမ မယုံပေ။ အနည်းဆုံးတော့ ကြောက်စရာကောင်းတဲ့ အကြေးခွံတွေနဲ့ ထောင်မတ်နေတဲ့ မျက်လုံးအိမ်တွေက လော်ယွမ်ရဲ့ နှာဘူးစိတ်ကို အသိတရားနဲ့ ထိန်းချုပ်ပေးနိုင်လိမ့်မည်ဟု ယူဆရသည်။

လော်ယွမ် ကုတင်ပေါ် လှဲနေရင်း ကျိုးယလီက သူ့ကို ကွယ်ရာတွင် ထိုကဲ့သို့ ကြံဖန်တွေးနေလိမ့်မယ်ဟု စိတ်ကူးတောင် မယဉ်မိပေ။

သို့သော်လည်း ဟုတ်တော့ ဟုတ်သည်။ ကမ္ဘာပျက်ခေတ် အစပိုင်းတုန်းက ကျိုးယလီကို နေရပ်ပြန်ပို့သည့် လမ်းတွင် လော်ယွမ်က အခွင့်ကောင်းယူခဲ့ဖူးသည်။ သူမ စိတ်ထဲက သူ့ပုံရိပ်က အဲဒီအချိန်ကတည်းက ထိုးကျသွားပြီး ဖြစ်လောက်သည်။

စိတ်ထဲက ဝန်ထုတ်ဝန်ပိုး ကျသွားလို့ထင်သည်၊ ဆယ်မိနစ်လောက် စကားပြောပြီးသည်နှင့် ကျိုးယလီက လော်ယွမ်ကို ဖက်ပြီး အိပ်ပျော်သွားသည်။

လော်ယွမ် စကားမပြောတော့ဘဲ မျက်လုံးမှိတ်လိုက်သည်။

မကြာမီ အိပ်ပျော်လုဆဲဆဲတွင် တံခါး ဖြည်းညှင်းစွာ ပွင့်လာသည်။ လူရိပ်သေးသေးလေးတစ်ခု လော်ယွမ် အခန်းထဲ တိတ်တဆိတ် ဝင်ရောက်လာသည်။

အာရုံခံကြည့်စရာမလို၊ ခြေသံ နားထောင်ရုံနဲ့ ဝင်လာတာ ဘယ်သူလဲဆိုတာ သူသိသည်။ တံခါးဖွင့်နည်းကို ဘယ်လိုများ သင်ထားလဲ မသိ။

လော်ယွမ် မျက်လုံး ဖွင့်ကြည့်လိုက်ပြီးမှ ပြန်မှိတ်လိုက်သည်။ စဉ်းစားကြည့်ပြီးနောက် သူမ ဝင်လာတာကို ဤအတိုင်း လွှတ်ထားလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူမ လူသားဘဝကို စတင်ထိတွေ့သည့် ပထမဆုံးနေ့ပင်။ ယခုလို စိမ်းသက်သည့် ပတ်ဝန်းကျင်တွင် သူမ နေသားမကျ ဖြစ်နေလိမ့်မည်။ နောက်ရက်နည်းနည်း ကြာမှပဲ ပြောတော့မည်။

ဗီဇပြောင်းလူသားမလေးက ကုတင်ပေါ်က လော်ယွမ်ကို ကြည့်လိုက်၊ လော်ယွမ်ကို ဖက်အိပ်နေသည့် ကျိုးယလီကို ကြည့်လိုက် လုပ်နေသည်။

သူမ နေရာတွင် ရပ်ပြီး အတော်ကြာအောင် ကြည့်နေသည်။ ဘာတွေ တွေးနေလဲတော့ မသိချေ။

ထို့နောက် သူမသည် ကုတင်ဘေး ကြမ်းပြင်ပေါ်တွင် ဝင်လှဲလိုက်လေသည်။

တစ်ညလုံး ဘာသံမှ ထပ်မကြားရတော့။

...................................................................................

နောက်တစ်နေ့ မိုးစင်စင်လင်းစတွင် လော်ယွမ် အိပ်ရာထသည်။ အဝတ်အစား ဝတ်နေစဉ် ဗီဇပြောင်းလူသားမလေး နိုးလာသည်။

သူမသည် အန္တရာယ်များသော တောရိုင်းထဲတွင် နေထိုင်ခဲ့သူ ဖြစ်သဖြင့် သတိရှိမှု အလွန်မြင့်မားသည်။ လေတိုက်၍ မြက်ပင်လှုပ်တာနဲ့ ချက်ချင်း နိုးသည်။

သူမ ဝတ်ထားသည်မှာ ချန်ကျားယီ၏ အရင်က ညအိပ်ဝတ်စုံ ဖြစ်ပြီး အတော်လေး လိုက်ဖက်ညီသည်။

သူမ သမ်းဝေလိုက်ပြီး လော်ယွမ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများက တစ်နေရာတည်းကို စွဲကပ်သွားပြီး မျက်တောင်မခတ်ဘဲ လော်ယွမ်၏ ခန္ဓာကိုယ်ကို စိတ်ဝင်တစား ကြည့်နေသည်။

ညက ချစ်ပွဲဝင်ထားသဖြင့် လော်ယွမ် အဝတ်မဝတ်ရသေးပေ။ ယခု အဝတ်ဗလာဖြစ်နေစဉ် ယခုလို အကြည့်မျိုးနှင့် ကြည့်ခံရတော့ အတော်လေး နေရခက်သွားသည်။ အဓိကက ထိုအကြည့်တွေက အလွန်ကို ရိုးရှင်းပြီး အရမ်းကို တဲ့တိုးဆန်လွန်းနေသောကြောင်ပင်။ ထိုအထဲတွင် မည်သည့် တပ်မက်စိတ်မှ မပါဘဲ သိချင်စိတ် သက်သက်သာ ပါဝင်နေသည်။

လော်ယွမ် အကြည့်ခံရလွန်းလို့ မျက်နှာအိုသလို ဖြစ်သွားပြီး အကြည့်လွှဲကာ သူမကို ဂရုမစိုက်တော့ဘဲ အဝတ်အစားများကို မြန်မြန်ဆန်ဆန် ဝတ်ဆင်လိုက်သည်။ ထို့နောက် အိပ်ခန်းထဲမှ ထွက်လာသည်။

ဗီဇပြောင်းလူသားမလေးက ချက်ချင်း နောက်က ထပ်ကြပ်မကွာ လိုက်လာသည်။

လော်ယွမ် ရေချိုးခန်းဝင်ပြီး မျက်နှာသစ် သွားတိုက်သည်။ ဗီဇပြောင်းလူသားမလေးက တံခါးဝတွင် ထိုင်ပြီး လော်ယွမ် လုပ်သမျှကို စိတ်ဝင်တစား လိုက်ကြည့်နေသည်။

လော်ယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ မူလက အိမ်သာတက်ဖို့ စိတ်ကူးရှိသော်လည်း၊ ယခုလို အခြေအနေမျိုးဖြစ်နေ၍ လက်လျှော့လိုက်ရတော့သည်။ သူ အိပ်ခန်းထဲ ပြန်ဝင်ပြီး ကျန်းမာတောက် ဓားကြီးကို ယူကာ တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

လော်ယွမ် သွားတော့မည်ဆိုသည်ကို ခံစားမိ၍လား မသိ၊ ဗီဇပြောင်းလူသားမလေး ချက်ချင်း တက်ကြွလာပြီး ရှူးရှူးရှားရှား အသံပြုကာ အချိန်မရွေး လိုက်သွားရန် အသင့်ပြင်လိုက်သည်။

လော်ယွမ် နောက်ကို ပျော်ရွှင်စွာ လိုက်ပါလာပြီး တံခါးဝ ရောက်သောအခါ သူမအတွက် စိတ်ပျက်စရာ ဖြစ်သွားသည်။ တံခါးမဖွင့်မီ လော်ယွမ်က လက်ကာပြလိုက်ပြီး "လိမ္မာတယ်... ဒီမှာပဲ နေခဲ့... ညကျရင် ငါ ပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။

ဗီဇပြောင်းလူသားမလေးက နည်းနည်း နားလည်သွားပုံရသည်။ မူလက တောက်ပနေသော မျက်နှာထား ချက်ချင်း ညှိုးငယ်သွားပြီး နွမ်းလျသွားသည်။ လော်ယွမ်က စိတ်ညှို့နည်းဖြင့် နှစ်သိမ့်ပေးလိုက်မှသာ နည်းနည်း ပြန်လန်းဆန်းလာသည်။

လော်ယွမ် သက်ပြင်းချလိုက်ပြီး တံခါးဖွင့်ထွက်ကာ မြေအောက်လမ်းကြောင်းထဲသို့ ပျောက်ကွယ်သွားသည်။

အတော်ကြာမှ တံခါးပြန်ပွင့်လာပြီး ဗီဇပြောင်းလူသားမလေး၏ ပုံရိပ် ပေါ်လာသည်။ သူမ ခေါင်းပြူထွက်ကာ ဘယ်ကြည့်ညာကြည့် လုပ်လိုက်သည်။ လူသူကင်းမဲ့နေသော လမ်းကြောင်းကို ငေးမောကြည့်ရှုနေပြီးမှ၊ ဤတစ်ခါတော့ အရင်ကလို လိုက်လံရှာဖွေခြင်း မပြုတော့ပေ။

ဤနေရာက သူ့ရဲ့ အသိုက်အမြုံ အစစ်ဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာမှာပဲ ဆိုတာ သူမ နားလည်သွားပြီ ဖြစ်သည်။

မကြာမီ သူမ တံခါးပိတ်လိုက်ပြီး လက်ရောခြေပါ အသုံးပြုကာ သူမ၏ အခန်းဆီသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။

အခန်း အပြင်အဆင်က ရိုးရှင်းသည်။ ကုတင်တစ်လုံးနှင့် မှန်တင်ခုံ တစ်ခုသာ ရှိသည်။

သူမ မှန်တင်ခုံက မှန်ကို စိတ်ဝင်တစား ကြည့်လိုက်၊ ခြေလက်တွေ လှုပ်ရှားလိုက်နဲ့ တစ်ယောက်တည်း ပျော်နေပြီးမှ စိတ်ကုန်သွားသည်။ ထို့နောက် ကုတင်ကို ကြည့်လိုက်သည်။ ကုတင်ပေါ်က စောင်က ခေါက်လျက်သား ရှိနေပြီး တစ်ညလုံး မလှုပ်မယှက် ရှိနေသည်။

သူမ ကုတင်ကို ကြည့်ရင်း ဘာတွေးလိုက်မိလဲ မသိ၊ ရုတ်တရက် ရှေ့တိုးသွားပြီး စောင်ကို ဖြန့်ကာ အလုပ်ရှုပ်သွားသည်။

သူမ အတော်လေး အလေးထားပြီး စိတ်ရှည်လက်ရှည် စောင်ခင်းနေသည်။ အတော်ကြာမှ ကျေနပ်သွားပြီး ရပ်လိုက်သည်။

ထို့နောက် စောင်ထဲသို့ လျင်မြန်စွာ တိုးဝင်လိုက်ပြီး ခေါင်းကို ပျော့အိသော ခေါင်းအုံးပေါ် တင်လိုက်သည်။ ဘယ်ညာ လူးလိမ့်လိုက်ပြီးမှ ဘေးတစ်စောင်း အနေအထားဖြင့် လက်နှစ်ဖက်ကို ဝိုင်းကာ (တစ်စုံတစ်ယောက်ကို ဖက်ထားသကဲ့သို့) ပုံစံလုပ်လိုက်ပြီး မျက်လုံးလေးများ မှေးစင်းသွားလေသည်။

ဆက်ရန်...

အပိုင်း (၄၁၂) အဆင့်တက်ခြင်း

လော်ယွမ်သည် မျှော်လင့်ချက်းမြို့တော်မှ ထွက်ခွာလာပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ အရှိန်ကို အမြင့်ဆုံးတင်လိုက်ပြီး ပြန်လည်တည်ဆောက်ရေးဇုန် နယ်နိမိတ်ကို ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် ကွေးညွတ်ပျံသန်းခြင်းကို စတင်အသုံးပြုလိုက်သည်။

ကွေးညွတ်စက်ဝန်း ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် လော်ယွမ်သည် အရှိန်နှင့် ဆွဲငင်အား အားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

လေထဲတွင် ခဏတာ ရပ်တန့်သွားပြီးနောက် ဖြည်းညှင်းစွာ စတင်ရွေ့လျားလာသည်။ အရှိန်သည် တဖြည်းဖြည်း မြန်သထက် မြန်လာပြီး ၁၀ မိနစ်ခန့်အကြာတွင် သူသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်ကြွေတစ်ခုအလား အဆုံးမရှိသော မိုးကုပ်စက်ဝိုင်းဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

ကွေးညွတ်ပျံသန်းခြင်းကို အကြိမ်ကြိမ် အသုံးပြုလာသည်နှင့်အမျှ သူ့အတွေ့အကြုံများ ပိုမိုကြွယ်ဝလာပြီး ဟင်းလင်းပြင် သဘောတရားကိုလည်း ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။

ဟင်းလင်းပြင် သို့မဟုတ် လေးဘက်မြင်လောက ၏ ဆန်းကြယ်မှုများကို ဖယ်ထားလိုက်လျှင် အခြေခံ ရူပဗေဒ၊ အထူးသဖြင့် အရည်ဆိုင်ရာရူပဗေဒ သဘောတရားများသည် ဟင်းလင်းပြင်တွင်လည်း အကျုံးဝင်နေဆဲပင်။

လော်ယွမ်၏ လက်ရှိ အသိပညာဗဟုသုတများသည် ဤဆန်းကြယ်သော ပျံသန်းမှုနည်းလမ်းကို မွမ်းမံရန် လုံလောက်ရုံသာမက ပျံသန်းမှုအကြိမ်တိုင်းတွင် ထူးခြားသော နည်းလမ်းသစ်များကိုပါ ရှာဖွေတွေ့ရှိလာသည်။

အထင်ရှားဆုံး အချက်မှာ သူ၏ ကွေးညွတ်စက်ဝန်း ဖန်တီးနှုန်း တစ်ရှိန်ထိုး တိုးတက်လာခြင်းဖြစ်သည်။ အစပိုင်းတွင် စက်ဝန်းဖြစ်ပေါ်ရန် စက္ကန့် ၃၀ ခန့် ကြာသော်လည်း ယခုအခါ ၇ စက္ကန့်၊ ၈ စက္ကန့်ခန့်သာ ကြာတော့သည်။

စိတ်ကူးလိုက်သည်နှင့် ချက်ချင်းဖြစ်ပေါ်လာမည့် ပြီးပြည့်စုံသော အခြေအနေနှင့် ယှဉ်လျှင် အလှမ်းဝေးနေသေးသော်လည်း (ထိုအခြေအနေသို့ ဘယ်တော့မှ ရောက်နိုင်မည် မဟုတ်သော်လည်း) စိတ်စွမ်းအား တိုးတက်လာသည်နှင့်အမျှ ဖန်တီးနှုန်း ပိုမိုမြန်ဆန်လာမည်မှာ သေချာသည်။

အကယ်၍ ၂ စက္ကန့်အတွင်း (ကြိုတင်သိမြင်နိုင်စွမ်း အချိန်ကာလအတွင်း) ဖန်တီးနိုင်ခဲ့လျှင် လော်ယွမ်သည် အမှန်တကယ်ပင် ကြောက်ရွံ့စရာ မလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် ကွေးညွတ်စက်ဝန်းသည် အရာဝတ္ထုများကို အလွန်မြန်သော အရှိန်ဖြင့် တွန်းပို့နိုင်ရုံသာမက အန္တရာယ်ကြုံလာပါက ပြီးပြည့်စုံသော ကာကွယ်ရေးတစ်ခုလည်း ဖြစ်သောကြောင့်ပင်။

၎င်းသည် သီးသန့် ဟင်းလင်းပြင်တစ်ခုဖြစ်ပြီး သုံးဘက်မြင်လောကမှ တစ်ဝက်တစ်ပျက် ကင်းလွတ်နေသည်။ မျက်စိရှေ့တွင် ရှိနေသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ စိတ်ကူးယဉ်ဝတ္ထုများထဲကလို အခြားကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ ဖြစ်သည်။

ဟင်းလင်းပြင်၏ ထူးခြားမှုကြောင့် ကြီးမားသော ဆွဲငင်အား သို့မဟုတ် သိပ်သည်းဆမြင့်သော စွမ်းအင်ကဲ့သို့ ဟင်းလင်းပြင်လှိုင်းများကို နှောင့်ယှက်နိုင်သော ပြင်းထန်သည့် တိုက်ခိုက်မှုမျိုး မဟုတ်လျှင် သာမန်ဒုံးကျည်ပေါက်ကွဲမှု၊ ဥက္ကာခဲ ဝင်တိုက်မှု စသည်တို့သည် အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။ (လော်ယွမ်ကိုယ်တိုင်လည်း အတွင်းမှနေ၍ အပြင်သို့ တိုက်ခိုက်၍ မရပေ။)

...............................................................................................................

တောအုပ်ကြီးသည် အမှောင်ထု လွှမ်းမိုးနေဆဲပင်။ သူသည် နံနက် ၃ နာရီခန့်ကတည်းက စတင်ထွက်ခွာလာခဲ့ရာ ယခု ၃ နာရီခွဲသာ ရှိသေးသည်။

ဤအချိန်သည် သတ္တဝါတိရစ္ဆာန်အများစု အစာရှာထွက်လေ့ရှိသော အချိန်ဖြစ်သဖြင့် သန္ဓေပြောင်းသတ္တဝါကောင်များ၏ ဟိန်းဟောက်သံများ ဆူညံနေသည်။ တောအုပ်တစ်ခုလုံး အရိပ်မည်းကြီးများနှင့် ပြည့်နှက်နေပြီး အန္တရာယ် အငွေ့အသက်များ လွှမ်းခြုံနေသည်။

သို့သော် ထိုသတ္တဝါများထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော မုဆိုးတစ်ဦးဖြစ်သည့် လော်ယွမ်အတွက်မူ ဘာမျှထူးခြားမနေပေ။ သူသည် အရိပ်တစ်ခုအလား တောအုပ်အတွင်း လျင်မြန်စွာ ဖြတ်သန်းသွားလာရင်း အဆင့် ၇ သန္ဓေပြောင်းသတ္တဝါကောင်များကို ရှာဖွေနေသည်။

ရံဖန်ရံခါ မျက်စိမမှုန်သော သတ္တဝါကောင်အချို့ လမ်းပိတ်ဆီးပါကလည်း ခဏအတွင်း သူ၏ ဓားချက်အောက်တွင် ဝိညာဉ်ပျောက်သွားရစမြဲ။

လော်ယွမ် နေရာအနှံ့ ရှာဖွေရာ မကြာမီ သူလိုချင်သော ပစ်မှတ်ကို တွေ့ရှိသွားသည်။

၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စပါးအုံးမြွေကြီး တစ်ကောင်ဖြစ်သည်။ ရွှေရောင် ငွေရောင် တောက်ပြောင်နေသော အကြေးခွံများသည် အမှောင်ထုထဲတွင် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

အချင်း ၉ပေ ခန့်ရှိသော ကိုယ်လုံးကြီးသည် ကွေးကောက်နေသော တံတိုင်းကြီးသဖွယ် ခွေလျက်သား ရှိနေပြီး အသားတောင်ကြီး တစ်ခုအလား ဖြစ်နေသည်။

သာမန်မြွေများနှင့်မတူ ထူးခြားကျယ်ပြန့်သော ပါးစပ်ကြီးသည် အသားပုံကြီးပေါ်တွင် ပျင်းရိလေးတွဲ့စွာ တင်ထားပြီး ရွှေရောင်မျက်လုံးတစ်စုံသည် ကြောက်ရွံ့ဖွယ်ကောင်းအောင် တောက်ပနေသည်။

ဖောင်းကားနေသော ဝမ်းဗိုက်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အစာစားပြီးစ ဖြစ်ကြောင်း သိသာသည်။

ဤမြွေကြီးတွင် အဆိပ်ရှိပုံရသည်။ ပါးစပ်ကြီးထဲမှ သွားရည်များ တစက်စက် ကျနေပြီး မြေကြီးပေါ်သို့ ကျသည့်အခါ မြေကြီးသည် ချက်ချင်း စားပစ်ခံလိုက်ရသလို ဖြစ်သွားကာ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အရည်ပျော်သွားသည်။

လော်ယွမ် အနည်းငယ် တွန့်ဆုတ်သွားသည်။ အဆိပ်ကြောင့်တော့ မဟုတ်။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုအရ အဆိပ်နှင့် တိုက်ရိုက် မထိတွေ့သရွေ့ ဘာမှမဖြစ်နိုင်ပေ။ ထို့အပြင် အနီးနားတွင် ပိုးမွှားကောင်လေးများ သွားလာနေသည်ကို ကြည့်လျှင် လေထဲတွင် ပျံ့နှံ့နေသော အဆိပ်ငွေ့သည် သိပ်မပြင်းထန်ကြောင်း သိသာသည်။

လော်ယွမ် တွန့်ဆုတ်ရခြင်း အကြောင်းရင်းမှာ ဤကဲ့သို့သော သတ္တဝါများသည် အသက်ပြင်းလေ့ ရှိပြီး ခန္ဓာကိုယ်လည်း အလွန်ရှည်လျားသောကြောင့် ဖြစ်သည်။ သေကွင်းသေကွက်ကို မထိမှန်ဘဲ မြေလှိုင်းရေပန်း တိုက်ခိုက်မှု သက်သက်ဖြင့် သေစေနိုင်လောက်မည် မဟုတ်ပေ။ အကယ်၍ အမျက်ဒေါသ ထွက်သွားစေမိပါက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်။

မြွေမျိုးနွယ်တို့၏ အားနည်းချက်မှာ ခေါင်းနှင့် နှလုံး ဖြစ်ကြောင်း လော်ယွမ် သိသည်။

ခေါင်းကို ရှာရလွယ်သော်လည်း အပေါ်ဘက်တွင် ရှိနေသဖြင့် မြေကြီးအောက်မှ ထိုးထွက်လာမည့် မြေလှိုင်းရေပန်း ဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ တိုက်ခိုက်မိလျှင်တောင် ၎င်းကို ဒေါသထွက်စေရုံမှလွဲ၍ သိပ်အထိနာမည် မဟုတ်။

နှလုံးကို ရှာရသည်မှာမူ ခက်ခဲသည်။ ဤမျှ ကြီးမားသော မြွေကြီး၏ နှလုံး ဘယ်နားရှိမှန်း ဘုရားမှ သိနိုင်မည်။

"မြွေရိုက်လျှင် ၇ လက်မ နေရာကို ရိုက်ရမည်" ဆိုသော စကားပုံသည် ဤကဲ့သို့ ဘီလူးသဘက်ကြီးနှင့် တွေ့သောအခါ အသုံးမဝင်တော့ပေ။

ယခင်က အဆင့် ၇ သတ္တဝါကောင်များကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သော်လည်း ဤအဆင့် သတ္တဝါများသည် သူ့အတွက် အန္တရာယ်ကင်းသည်ဟု မဆိုလိုပေ။ ကြိုတင်သိမြင်နိုင်စွမ်း နှင့် မြေလှိုင်းရေပန်း ကဲ့သို့ အဝေးမှ တိုက်ခိုက်နိုင်စွမ်း ရှိသောကြောင့်သာ အသာစီး ရခဲ့ခြင်း ဖြစ်သည်။

ထိုစွမ်းရည်နှစ်ခုကို ဖယ်ထားလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ရမည် ဆိုပါက နိုင်မလား၊ ရှုံးမလား မပြောတတ်ပေ။ ဤအဆင့် သတ္တဝါများသည် ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များ ရှိတတ်ကြရာ တစ်ချက်အမှားခံလိုက်ရုံဖြင့် လော်ယွမ်ကဲ့သို့ အစွမ်းထက်သူပင် ပွဲချင်းပြီး သေသွားနိုင်သည်။

သို့သော် ရှားရှားပါးပါး တွေ့ထားသော အဆင့် ၇ သတ္တဝါကောင်ကို လက်လွှတ်လိုက်ရမည်မှာ နှမြောစရာ ကောင်းလွန်းသည်။

လော်ယွမ် သန္နိဋ္ဌာန်ချလိုက်သည်။ စွန့်စားပြီး တိုက်ခိုက်မည်။ ကြိုတင်သိမြင်နိုင်စွမ်း ရှိနေသဖြင့် သတိထားလျှင် အန္တရာယ်ကြီးကြီးမားမား ဖြစ်လာမည် မဟုတ်။

သူသည် ပြတ်သားသောသူ မဟုတ်သော်လည်း ဆုံးဖြတ်ချက်ချပြီးလျှင် တွန့်ဆုတ်နေလေ့ မရှိပေ။ မြွေကြီးအနားသို့ ဖြည်းညှင်းစွာ တိုးကပ်သွားရင်း နှလုံးခုန်နှုန်းကို လျှော့ချကာ မြေလှိုင်းကြိမ်နှုန်း အခြေအနေသို့ ဝင်ရောက်လိုက်သည်။

ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ဝေးရာတွင် အမဲလိုက်ရခြင်း၏ အားသာချက်တစ်ခုမှာ ကြီးမားသော သတ္တဝါကောင်ကြီးများသည် လူသားများကို ဂရုမစိုက်ကြခြင်းပင်။ လူသားများ၏ အန္တရာယ်ကို မသိကြသဖြင့် ၎င်းတို့အမြင်တွင် လူသားများသည် အဆင့်နိမ့် သက်ရှိငယ်လေးများသာ ဖြစ်ပြီး စားရတာ သွားကြားညှပ်ရုံသာ ရှိသည်။

သူ မြွေကြီးအနားသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားသည်။ သို့သော် ကြိုတင်သိမြင်နိုင်စွမ်းမှ ပြသသော ပုံရိပ်များကို မြင်လိုက်ရသောအခါ သူ့မျက်နှာ အရောင်ပြောင်းသွားပြီး ပေ ၃၀၀ ကျော်ခန့် နောက်ပြန်ဆုတ်လိုက်သည်။

ဤမြွေကြီးသည် သာမန် အဆင့် ၇ သတ္တဝါကောင်များထက် များစွာ သာလွန်ပြီး အဆင့် ၈ သို့ ကူးပြောင်းခါနီး ဖြစ်နေပုံရသည်။ ကြိုတင်မြင်ကွင်းတွင် မြွေကြီး၏ စွမ်းအားများ ပေါက်ကွဲထွက်လာသောအခါ ပတ်ဝန်းကျင် တစ်ဝိုက်တွင် အဖျက်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး အနားသို့ ကပ်၍ပင် မရနိုင်ပေ။

လော်ယွမ် အနီးနားရှိ သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရပြီး မျက်လုံးများ အရောင်လက်သွားသည်။ ထိုသစ်ပင်ကြီးနောက်သို့ အမြန်ပုန်းလိုက်သည်။

ဤသစ်ပင်ကြီးသည် အလွန်ကြီးမားပြီး ပင်စည်အချင်း ပေ ၃၀ကျော် ရှိသည်။ အနီးနားတွင် အကြီးမားဆုံးပင် ဖြစ်သည်။

အခေါက်ပေါ်တွင် ရေညှိများနှင့် နွယ်ပင်များ ဖုံးလွှမ်းနေပြီး ချုံပုတ်ငယ်လေးများပင် ပေါက်ရောက်နေကာ သီးခြား ဂေဟစနစ်တစ်ခု ဖြစ်ပေါ်နေသည်။ ဤသစ်ပင်၏ အဆင့်သည်လည်း အနည်းဆုံး အဆင့် ၆ အထက်တွင် ရှိနေသည်။

လော်ယွမ် ကြိုတင်သိမြင်နိုင်စွမ်းကို ထပ်မံစစ်ဆေးကြည့်ပြီးနောက် စိတ်အေးသွားသည်။

ထို့နောက် ခြေထောက်ကို မြှောက်ကာ ပြင်းထန်စွာ ဆောင့်နင်းချလိုက်သည်။ နောက်တစ်ခဏတွင် မြွေကြီး၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု ရုတ်တရက် ဖောင်းကားတက်လာသည်။

သွေးစွန်းနေသော အကြေးခွံများစွာသည် ပြင်းထန်သော တုန်ခါမှုကြောင့် ခန္ဓာကိုယ်မှ ကွာကျပြီး အရပ်လေးမျက်နှာသို့ လွင့်စင်သွားကြသည်။

"ခွီးးးး" မြွေကြီးသည် သတ္တဝါကောင် ဟိန်းသံကဲ့သို့ နာကျင်စွာ အော်ဟစ်လိုက်သည်။ ကြီးမားသော ခေါင်းကြီး မတ်ခနဲ ထောင်တက်လာရာ လေထု ပြင်းထန်စွာ တုန်ခါသွားပြီး ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်ကာ သဲများနှင့် ကျောက်ခဲများ လွင့်ပျံလာသည်။

၎င်း၏ ခန္ဓာကိုယ်တွင် အလင်းရောင်များ မှိန်လိုက် လင်းလိုက် ဖြစ်ပေါ်နေပြီး ထိတ်လန့်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာသည်။ လေပေါ်မှ ပြန်ကျမလာသေးသော အရာဝတ္ထုများသည် မမြင်ရသော စွမ်းအားတစ်ခုကြောင့် အမှုန့်ကြေသွားကြသည်။

ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်သည်ပင် ဆွေးမြေ့သွားသကဲ့သို့ တမဟုတ်ချင်း ပြိုကွဲသွားပြီး အောက်ခြေပိုင်း တစ်ခုလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ ဝုန်းခနဲ လဲကျသွားသည်။

ကျောက်တုံးများပင် ဤကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်ဘဲ အမှုန့်ဖြစ်သွားကြသည်။ ဖုန်မှုန့်များ ထူထပ်စွာ ပျံ့လွင့်နေသဖြင့် မြွေကြီး၏ ပုံသဏ္ဍာန်သည် မြူခိုးများကြားတွင် ဝေဝါးနေသည်။

မီးအိမ်ကြီးများသဖွယ် ဒေါသတကြီး တောက်ပနေသော မျက်လုံးကြီးများဖြင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်။ သွေးရောင် လျှာနှစ်ခွကို တရစပ် ထုတ်လိုက်သွင်းလိုက် လုပ်နေသော်လည်း တရားခံကို ရှာမတွေ့နိုင်ပေ။

ယခုအချိန်တွင် လော်ယွမ်သည် မြွေကြီးနှင့် ပေ ၁၂၀၀ ခန့် ဝေးကွာသော နေရာတွင် ရှိနေသဖြင့် ထိုအဖျက်စက်ကွင်း၏ သက်ရောက်မှုမှ ကင်းလွတ်နေသည်။

လူကောင်သေးခြင်း၏ အားသာချက်မှာ ဤနေရာတွင် ပေါ်လာသည်။ ကြီးမားသော သတ္တဝါကြီးသာ ဖြစ်လျှင် မည်မျှပင် ပုန်းပုန်း ရှာတွေ့သွားနိုင်သည်။ ယခုလို လူသားအရွယ်အစားလောက်သာ ရှိလျှင် မြင်လျှင်တောင် လျစ်လျူရှုခံရနိုင်သည်။

ထို့နောက် နောက်ထပ် မြေလှိုင်းရေပန်း တစ်ခု ထပ်လွှတ်လိုက်သည်။

ပြင်းထန်သော နာကျင်မှုကြောင့် မြွေကြီးသည် ရူးသွပ်မတတ် လူးလိမ့်နေသည်။ မီတာရာချီ ရှည်လျားသော ခန္ဓာကိုယ်ကြီး လိမ်ယှက်တွန့်လိမ်နေပြီး အနီးနားရှိ သစ်ပင်ကြီးများကို တိုက်ချိုးပစ်လိုက်သည်။

၎င်း၏ ရွေ့လျားမှု အတိုင်းအတာ ကြီးမားလွန်းသဖြင့် တစ်ခါတစ်ရံ လော်ယွမ်၏ တိုက်ခိုက်မှု အကွာအဝေး အပြင်ဘက်သို့ ရောက်သွားတတ်သည်။ နောက်ဆုံးတွင် လော်ယွမ် ကိုယ်ထင်ပြပြီး မြွေကြီးနောက်သို့ လိုက်ကာ မြေလှိုင်းရေပန်း ဖြင့် ထပ်မံ တိုက်ခိုက်ရသည်။

သို့သော် ထိုအချိန်တွင် မြွေကြီးသည် လော်ယွမ်ကို ဂရုမစိုက်နိုင်တော့ပေ။ ပြင်းထန်သော နာကျင်မှုကြောင့် အသိစိတ်လွတ်ကာ လူးလိမ့်နေခြင်းသာ ဖြစ်သည်။

လော်ယွမ် ဆက်တိုက် တိုက်ခိုက်နေသဖြင့် မြွေကြီး၏ ရုန်းကန်မှုများ တဖြည်းဖြည်း အားပျော့လာသည်။

တစ်မိနစ်အကြာတွင် သေလုမျောပါး ဖြစ်နေပြီး ခေါင်းကြီးမှာ မြေကြီးပေါ်သို့ ခွေကျနေပြီ ဖြစ်သည်။

နောက်ဆုံးတွင် လော်ယွမ်သည် ၎င်း၏ ခေါင်းကို ချိန်ရွယ်ပြီး ပြင်းပြင်းထန်ထန် တစ်ချက် တိုက်ခိုက်လိုက်သည်။ မြွေကြီးသည် ခေါင်းကို ယမ်းခါလိုက်ပြီး သေခါနီး နောက်ဆုံးအကြိမ် ရုန်းကန်လိုက်သော်လည်း ဆက်လက် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

လော်ယွမ် မြေလှိုင်းကြိမ်နှုန်း အခြေအနေမှ ထွက်ခွာလိုက်ပြီး လျင်မြန်စွာ ပြေးဝင်ကာ ဓားဖြင့် ခေါင်းဖြတ်လိုက်သည်။

မြွေခေါင်းပတ်လည်တွင် ချိုအီအီ အနံ့တစ်ခု ပျံ့လွင့်နေသည်။ လော်ယွမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာ မကောင်းလျှင် အနံ့ရရုံဖြင့် မူးလဲသွားနိုင်သည်။ သို့သော် ဘာမှမဖြစ်ဘူး ဆိုလျှင်တောင် အများကြီး ရှူမိလို့တော့ မကောင်းပေ။

သွားရည်များ ယိုစီးကျနေသော မြွေခေါင်းကြီးကို ကြည့်ပြီးနောက် ထို တန်ချိန်များစွာ လေးလံသော ခေါင်းကြီးကို ပေ ၁၀၀ လောက် ဝေးသော နေရာသို့ ကန်ထုတ်လိုက်သည်။

ထို့နောက် မြွေအရေခွံကို ခွဲပြီး နှလုံးကို ထုတ်ယူလိုက်သည်။

နှလုံးသည် တုန်ခါမှုဒဏ်ကြောင့် ကြေမွနေပြီ ဖြစ်သည်။ အသားစ အသားနများကြားမှ လက်မအရွယ်အစားရှိသော စွမ်းအင်သလင်းကျောက် တစ်ခုကို ရှာတွေ့လိုက်သည်။ ကံကောင်းစွာဖြင့် သလင်းကျောက်မှာ မကွဲကြေသွားပေ။

ဤသလင်းကျောက်သည် ကြည်လင်နေပြီး အဆင့် ၈ သတ္တဝါ၏ စွမ်းအင်သလင်းကျောက်နှင့် အတော်လေး နီးစပ်နေသည်။ သာမန် အဆင့် ၇ သလင်းကျောက်များထက် အများကြီး ပိုကြီးမားသည်။

ဤမြွေကြီး အသက်ရှင်စဉ်က အဆင့် ၇ သတ္တဝါများအကြား အလွန် အစွမ်းထက်ခဲ့မည်မှာ သေချာသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ၎င်း၏ စွမ်းရည်များကို မထုတ်သုံးလိုက်ရဘဲ အဖြစ်ဆိုးဖြင့် သေဆုံးသွားရခြင်းပင်။

သူ အံ့သြတကြီး ကြည့်ရှုပြီးနောက် ပါးစပ်ထဲ ထည့်လိုက်သည်။

ခန္ဓာကိုယ် ခဏတာ ပူနွေးသွားပြီးနောက် လျင်မြန်စွာ ပြန်အေးသွားသည်။ စွမ်းအင်သလင်းကျောက် တစ်ခုလုံး စုပ်ယူခံလိုက်ရပြီး လော်ယွမ်၏ နှလုံးသားနေရာရှိ အဆင့် ၈ တက်ကြွစွမ်းအင် အစိုင်အခဲက သိသိသာသာ ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။

အဆင့် ၈ သလင်းကျောက်ကို စတင်စားသုံးစဉ်ကနှင့် ယှဉ်လျှင် ယခု နှစ်ဆခန့် ကြီးထွားလာပြီ ဖြစ်သည်။

ဤတက်ကြွစွမ်းအင် အစိုင်အခဲ ဆက်လက် ကြီးထွားလာလျှင် မည်ကဲ့သို့သော အရည်အသွေး ပြောင်းလဲမှု ဖြစ်ပေါ်လာမည်ကို သူ စိတ်လှုပ်ရှားစွာ မျှော်လင့်မိသည်။

ထိုအချိန်တွင် စနစ်မှ အသိပေးသံ ထွက်ပေါ်လာသည်။

"ဒင်... ဒီ+ အဆင့် မစ်ရှင် - စပါးအုံးမြွေမိစ္ဆာကို သတ်ဖြတ်ခြင်း ပြီးဆုံးပါပြီ"

"မစ်ရှင်ကြာချိန် - ၅ မိနစ်"

"မစ်ရှင်အကဲဖြတ်ချက် - ပြီးပြည့်စုံသည်"

"အခြေခံအတွေ့အကြုံအမှတ် ၃၉၂၀၀ ရရှိသည်"

"အကဲဖြတ်ချက် ကောင်းမွန်သဖြင့် အတွေ့အကြုံအမှတ် အပို ၃၉၂၀၀ရရှိသည်"

"သင်အဆင့်တက်သွားပါပြီ။ အဆင့်တက်မှုအတွက် အရည်အသွေးမှတ်တစ်မှတ်နှင့် ကျွမ်းကျင်မှတ်၅မှတ်ရရှိပါသည်...သင်၏လက်ရှိအဆင့်မှာ ၁၂ ဖြစ်ပါသည်"

"သင်၏ သက်လုံနှင့် ဒဏ်ရာတို့သည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်သွားပါမည်"

နောက်ဆုံးတော့ အဆင့်တက်ပြီ။

လော်ယွမ် ဝမ်းသာသွားပြီး အရည်အသွေးပြဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။

အမည် - လော်ယွမ်

အလုပ်အကိုင် - မုဆိုး

အဆင့် - ၁၂

အတွေ့အကြုံ - ၄၇၁၂၀ / ၆၁၄၄၀၀

အရည်အသွေးများ

ခွန်အား - ၁၇ (၁၀)

လျင်မြန်မှု - ၁၆ (၁၀)

ကြံ့ခိုင်မှု - ၁၇+၇ (၁၀)

ဉာဏ်ရည် - ၁၅ (၁၀)

အာရုံခံနိုင်စွမ်း - ၁၆+၁ (၁၀)

စိတ်စွမ်းအား - ၁၇+၁ (၁၀)

ကျွမ်းကျင်မှုများ

------------------

သိပ္ပံ - ၂၀

သင်္ချာ - ၁၉

တရုတ်စာ - ၁၉

အင်္ဂလိပ်စာ - ၁၆

ဘဏ္ဍာရေး - ၁၇

ကွန်ပျူတာ - ၁၅

ကခုန်ခြင်း - ၁

ပန်းချီ - ၃

ဂိမ်းကစားခြင်း - ၆

စေ့စပ်ညှိနှိုင်းခြင်း - ၉

လူမှုဆက်ဆံရေး - ၇

ချက်ပြုတ်ခြင်း - ၃

ယာဉ်မောင်း - ၁

လက်နက်မဲ့တိုက်ခိုက်ခြင်း ကျွမ်းကျင်အဆင့် - ၁

ဓားပညာ ကျွမ်းကျင်အဆင် - ၇

သေနတ်ပစ်ခတ်ခြင်းပညာ - ၁၆

ပစ်ပေါက်ခြင်း - ၁၅

အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားအစွမ်း၊ ပေါင်းစပ်အစွမ်း၊ ထောက်လှမ်းအစွမ်း

ပင်ကိုယ်အစွမ်းများ

မြေလှိုင်းကြိမ်နှုန်း - အဆင့် ၇

လေးဘက်မြင် အမြင်အာရုံ - ၅%

လေးဘက်မြင် ဦးနှောက် - ၂%

တိုက်ခိုက်ရေးသားရဲ

တောရိုင်းဖွတ်ပုတတ် - အဆင့် ၃

တောင်ရွှေ့မျောက်ဝံ - အဆင့် ၂

လက်ကျန်အရေအသွေးမှတ် - ၁

လက်ကျန်ကျွမ်းကျင်မှတ် - ၅

လက်ကျန်မစ်ရှင် - မရှိ

သူသည် ရရှိလာသော စွမ်းရည်ပြ အမှတ် ၁ မှတ်ကို ကြည့်ပြီး ခဏတာ စဉ်းစားလိုက်သည်။ ထို့နောက် စိတ်စွမ်းအား တွင် ထည့်ပေါင်းလိုက်သည်။

ထိုခဏတွင် လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ သူ့ဦးနှောက် ခဏတာ ဗလာဖြစ်သွားသည်။ သို့သော် ခဏအကြာတွင် ပြန်လည် သတိဝင်လာသည်။

ချက်ချင်းပင် ထူးခြားမှုကို ခံစားလိုက်ရသည်။ ဦးနှောက်တစ်ခုလုံး ကြည်လင်ရှင်းသန့်သွားပြီး ယခင်က ရှုပ်ထွေးနေသော အတွေးများ ငြိမ်သက်ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ်၏ ရမ္မက်ဆန္ဒများပင် ထောင့်တစ်နေရာသို့ ရောက်သွားပြီး သူ့အတွေးများကို လုံးဝ မနှောင့်ယှက်နိုင်တော့ပေ။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော စွမ်းအားတစ်ခုသည် စိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာတွင် လှုပ်ရှားလာပြီး အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ခံစားရသည်။

ဤသည်မှာ စိတ်စွမ်းအား၏ အစွမ်းသတ္တိပင် ဖြစ်ကြောင်း လော်ယွမ် သိလိုက်သည်။

သူ ဘေးနားရှိ သစ်ပင်ကြီးကို လှမ်းကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကြီးမားသော လျှပ်စီးတန်းတစ်ခု သစ်ပင်ကြီးကို ပစ်ချလိုက်သည်။

လျှပ်စီးကြောင်းများ တဖျစ်ဖျစ် မြည်နေပြီး စောစောကမှ အသက်ဘေးမှ လွတ်မြောက်လာသော အဆင့်နိမ့် သတ္တဝါကောင်လေးများမှာ ကံဆိုးမိုးမှောင် ကျကုန်ကြတော့သည်။

သတ္တဝါကောင်လေးများသည် မိုးသီးများ ကြွေကျသလို တဘုတ်ဘုတ် ပြုတ်ကျကုန်ပြီး အလောင်းများမှ မီးခိုးငွေ့များ ထွက်နေသည်။ သစ်ပင်ကြီး၏ အခေါက်များပင် မီးလောင်ကျွမ်းသွားပြီး အတော်ကြာမှ မီးငြိမ်းသွားကာ မည်းတူးနေတော့သည်။

ထို့နောက် မြွေအသေကောင်ကြီးကို ကြည့်လိုက်သည်။ ဒီတစ်ခါ လှုပ်ရှားမှု မပြုလုပ်ဘဲ ကြည့်လိုက်ရုံဖြင့် မြေကြီးပေါ်တွင် မီးတောက်များ ထတောက်လာသည်။ မီးပင်လယ်ဟု ခေါ်ဆိုနိုင်လောက်အောင်ပင် ပေ ၃၀၀ ပတ်လည်အထိ ပျံ့နှံ့သွားပြီး မြွေအသေကောင်၏ သုံးပုံတစ်ပုံခန့် မီးထဲပါသွားသည်။

မီးတောက်များသည် အဖြူရောင်သမ်းနေပြီး အပူချိန် ၁၀၀၀ ဒီဂရီခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ၁၈ပေ အကွာတွင် ရှိနေသော လော်ယွမ်ပင် အပူဟပ်ခြင်းကို ခံစားရသည်။ မကြာမီ မီးတောက်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး အစားထိုး ဝင်ရောက်လာသည်မှာ ပြင်းထန်သော အအေးဓာတ် ဖြစ်သည်။

မီးခိုးထွက်နေသေးသော မြွေသေကောင်ကြီးပေါ်တွင် နှင်းခဲများ ဖုံးလွှမ်းသွားသည်။

စက္ကန့် ၃၀ အတွင်း မြွေသေကောင်ကြီး တစ်ခုလုံး ရေခဲရိုက်ခံလိုက်ရသလို မာကျောသွားသည်။ လော်ယွမ် အနားသွားပြီး စမ်းကြည့်လိုက်ရာ စေးကပ်နေသည်။ ဝ.၅ စက္ကန့်လောက် ထိထားလိုက်ရုံဖြင့် အရေပြားနှင့် ကပ်သွားသည်။ သူ့အရေပြားက ကြံ့ခိုင်မှု ကောင်းနေလို့သာ၊ သာမန်လူဆိုလျှင် အရေခွံပါကွာသွားနိုင်သည်။

သူ မြွေသေကောင်ကြီးကို ပြင်းပြင်းထန်ထန် ကန်လိုက်ရာ နှစ်ပိုင်းကျိုးသွားသည်။ ရေခဲရိုက်ထားခြင်းအပြင် သေဆုံးပြီးနောက် စွမ်းအားလျော့ကျသွားခြင်းကြောင့် ကာကွယ်မှု အားနည်းသွားခြင်းလည်း ပါဝင်သည်။

ယခုအချိန်တွင် စိတ်စွမ်းအား၏ ကြီးမားသော စွမ်းပကားကို သူ ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ၁၉ မှတ်ရှိသော စိတ်စွမ်းအားသည် ယခင်ကကဲ့သို့ အထောက်အပံ့စွမ်းရည် သက်သက် မဟုတ်တော့ပေ။ သူ့ချည်းသက်သက်ဖြင့်ပင် စူပါဆင့်ကဲပြောင်းလဲသူအများစုကို ချမှုန်းပစ်နိုင်သည်။

ဤတစ်ခါ အမှတ်ပေါင်းထည့်ရာတွင် လျင်မြန်ဖျတ်လတ်မှုကို ဦးစားမပေးသလို အနည်းဆုံး ဖြစ်နေသော ဉာဏ်ရည် ကိုလည်း မရွေးချယ်ခဲ့ပေ။ မကြာသေးမီကမှ အဆင့်တက်ထားသော စိတ်စွမ်းအား ကိုသာ ရွေးချယ်ခဲ့ခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိသည်။

သူ့အဆင့် ရောက်လာသည့်အခါ၊ အထူးသဖြင့် လေးဘက်မြင် အမြင်အာရုံ ရရှိပြီးနောက်ပိုင်း စိတ်စွမ်းအား၏ အရေးပါမှုကို ပိုမို နားလည်လာသည်။ ဤအရေးပါမှုသည် အခြား စွမ်းရည်များထက်ပင် သာလွန်လာသည်။

ကွေးညွတ်ပျံသန်းခြင်းတွင် အမြန်နှုန်းအတွက် ဖြစ်စေ၊ ကိုယ်ပိုင် ကာကွယ်ရေးအတွက် ဖြစ်စေ စိတ်စွမ်းအားနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ အထူးသဖြင့် အာကာသထဲမှ ဂြိုဟ်သားများ ရန်ရှာနေပြီး ပြန်လည်တည်ဆောက်ရေးဇုန်ကြီး အန္တရာယ်ကျရောက်လုနီးပါး ဖြစ်နေချိန်တွင် ကွေးညွတ်ပျံသန်းခြင်းသည် အရေးအကြီးဆုံး ဖြစ်လာသည်။

ကျယ်ပြောလှသော အာကာသထဲတွင် နေအဖွဲ့အစည်း အတွင်း၌ပင် ပထမ စကြဝဠာ အလျင်နှုန်းသည် မလုံလောက်ပေ။ အာကာသထဲသို့ ပျံသန်းပြီး ခွန်အားမကုန်မီ ယာဉ်ပျံကို ရှာတွေ့ရန်အတွက် ပိုမိုမြန်ဆန်သော အရှိန် လိုအပ်သည်။

အခြား စွမ်းရည်များ တိုးတက်မှုအတွက်လည်း သူ့တွင် အကြံတစ်ခု ရှိပြီးသား ဖြစ်သည်။ ထိုအကြံသည်လည်း စိတ်စွမ်းအားနှင့် သက်ဆိုင်နေသည်။ အကယ်၍ အောင်မြင်ခဲ့ပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။

သို့သော် ထိုကိစ္စသည် အတော်လေး ရက်စက်ကြမ်းကြုတ်ပြီး သွေးထွက်သံယို များနိုင်သဖြင့် အထက်လူကြီးများ၏ ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ ဓာတ်ခွဲခန်းများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။

......................................................................................................

ထို့နောက် လော်ယွမ်သည် အဆင့် ၇ သတ္တဝါကောင်များကို ဆက်လက် ရှာဖွေခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ တစ်နေကုန် ရှာဖွေသော်လည်း မစ်ရှင် တစ်ခုမှ ထပ်မပေါ်လာတော့ပေ။

နောက်ဆုံးတွင် အဆင့် ၇ ဟု ယူဆရသော သတ္တဝါကောင်ကြီး တစ်ကောင်ကို သတ်ဖြတ်ပြီး စိစစ်ကြည့်သောအခါမှ အဆင့် ၇ သတ္တဝါကောင်များသည် မစ်ရှင် မဖြစ်မြောက်စေနိုင်တော့ကြောင်း သိလိုက်ရသည်။

အဆင့် ၈ သက်ရှိများကို ရှာဖွေမှသာ စနစ်က အတွေ့အကြုံရမှတ် ပေးတော့မည် ဖြစ်သည်။

လော်ယွမ် စိတ်ပျက်သွားသည်။ အဆင့်တက်ခြင်းကြောင့် ရရှိခဲ့သော ပျော်ရွှင်မှုများ လျော့ပါးသွားသည်။ သူ၏ လက်ရှိ စွမ်းရည်ဖြင့် အဆင့် ၈ သက်ရှိများကို ရင်ဆိုင်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်သည်။

ယခင်က တွေ့ခဲ့ဖူးသော သရဲမျက်နှာမြင်းကို ပြန်စဉ်းစားကြည့်လျှင် ကွာခြားချက် မည်မျှ ကြီးမားကြောင်း သိနိုင်သည်။ ယခု သူ့စွမ်းရည်သည် ယခင်ကထက် အဆများစွာ တိုးတက်လာပြီ ဖြစ်သော်လည်း ထိုကဲ့သို့သော သတ္တဝါမျိုးကို ရင်ဆိုင်ရန် လုံးဝ ယုံကြည်မှု မရှိသေးပေ။

ဆက်ရန်...

All Chapters