အခန်း (၄၁၅-၄၁၆)
Vol. 21 Ch. 415-416
အပိုင်း (၄၁၅) ဓာတ်ခွဲခန်း
နောက်တစ်နေ့ မိုးလင်းစအချိန်တွင် လော်ယွမ် နိုးလာသည်။
ညသန်းခေါင်ယံက အခန်းထဲ တိတ်တဆိတ် ဝင်လာခဲ့သော ဗီဇပြောင်းလူသားမလေးသည်လည်း လော်ယွမ် ထလိုက်သည်နှင့် နိုးလာကာ ချက်ချင်း ထရပ်သည်။ သူမ၏ စူးရှသော အကြည့်အောက်တွင် လော်ယွမ်သည် တည်ငြိမ်စွာပင် အဝတ်အစားလဲပြီး ရေချိုးခန်းထဲ ဝင်ကာ မျက်နှာသစ်၊ သွားတိုက်လိုက်သည်။
အခန်းပြင် မထွက်ခင်တွင် သူ့နောက် လိုက်မည့် ဗီဇပြောင်းလူသားမလေးကို တားဆီးထားခဲ့ပြီး မျှော်လင့်ချက်မြို့တောမှ ထွက်ခွာကာ မြို့သစ် ဆီသို့ ပျံသန်းလာခဲ့သည်။
လမ်းခရီးတွင် လော်ယွမ်သည် သူ့စိတ်စွမ်းအားဖြင့် လျှပ်စစ်သံလိုက်လှိုင်းများကို ချိတ်ဆက်ကာ ဝမ်ကျင်း (လော်ယွမ်နှင့် ဆက်သွယ်ရန် တာဝန်ယူထားသော ကော်မတီရုံးမှ အရာရှိမ) ထံ ဖုန်းခေါ်လိုက်သည်။ သူမ စကားမပြောနိုင်သေးခင်မှာပင် လော်ယွမ်က သတင်းစကား ပို့လိုက်သည်။
"ကျွန်တော့်ကို လူပုံတူပွား နည်းပညာရှိတဲ့ ဇီဝဗေဒ ဓာတ်ခွဲခန်း တစ်ခုနဲ့ အတွေ့အကြုံရှိတဲ့ သုတေသီတချို့ စီစဉ်ပေးပါ"
ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုများ၏ ခြိမ်းခြောက်မှုက နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည်။ လူမျိုးသုဉ်းမည့် အန္တရာယ်ကို ကာကွယ်ရန်အတွက် ပြန်လည်တည်ဆောက်ရေးဇုန်၏ သုတေသန ဦးစားပေးအရာများသည် များစွာ ပြောင်းလဲသွားပြီ ဖြစ်ရာ ဇီဝဗေဒ ဓာတ်ခွဲခန်း တစ်ခု ခွဲပေးရန်မှာ သိပ်ခက်ခဲမည် မဟုတ်ပေ။
တစ်ဖက်မှ ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလာသည်။
"ကျွန်မ ဆုံးဖြတ်လို့ မရဘူး... အထက်ကို တင်ပြမှဖြစ်မယ်"
"ဒါဆို အမြန် တင်ပြလိုက်... ဒီနေ့ အဖြေလိုချင်တယ်" လော်ယွမ်က ပြန်ပြောပြီး ဖုန်းချလိုက်သည်။ သူ့လို ရာထူးနှင့် အင်အားရှိသူ တစ်ယောက် အနေဖြင့် အရင်ကလို ကြောက်ရွံ့နေစရာ မလိုတော့ပေ။
လက်တွေ့တွင်လည်း လော်ယွမ်၏ လက်ရှိ အင်အားအရ ပြန်လည်တည်ဆောက်ရေးဇုန်မှ ရန်စလာလျှင်တောင် သူ့ကို နိုင်အောင် တိုက်နိုင်မည့် နည်းလမ်း မရှိပေ။ လူတစ်ယောက်၏ အင်အားသည် ယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုလုံးထက် သာလွန်လာသောအခါ တစ်ဖက်မှ လုပ်နိုင်သည်မှာ အလျှော့ပေးခြင်းနှင့် အကျိုးစီးပွား ညှိနှိုင်းခြင်းသာ ဖြစ်တော့သည်။
အရင်က လင်းကျုံအန်းတုန်းကလည်း ထိုနည်းအတိုင်း ဖြစ်ခဲ့ပြီး ယခု လင်းကျုံအန်းထက် ပိုအန္တရာယ်များသော လော်ယွမ်အတွက်လည်း ခြွင်းချက် မရှိပေ။
မြို့သစ်သို့ မရောက်ခင်မှာပင် ဝမ်ကျင်းဆီမှ ဖုန်းပြန်ဝင်လာသည်။
"ဝန်ကြီးယွမ်... ကျွန်မ ဝမ်ကျင်းပါ... ဓာတ်ခွဲခန်း လျှောက်ထားတာ ခွင့်ပြုမိန့်ကျပြီ... ဘယ်အချိန်လောက် သုံးမလဲဟင်"
"အခု သုံးလို့ရမလား"
"အာ... ရပါတယ်ရှင့်... ဝန်ကြီး ဘယ်မှာလဲ... ကျွန်မ လာကြိုရမလား"
"နာရီဝက်နေရင် ဓားတရားဌာနချုပ်ကို လာခဲ့ပါ" လော်ယွမ်က စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
ဖုန်းပြောပြီးသည်နှင့် ဓားတရားဌာနချုပ် အဆောက်အအုံကို လှမ်းမြင်လိုက်ရသည်။ သူသည် တိမ်တွေကြားမှ ဆင်းသက်ကာ ဌာနချုပ်ဆီသို့ ပျံသန်းသွားသည်။
ဌာနချုပ်သည် မြို့သစ်နှင့် အနည်းငယ် ဝေးကွာသောကြောင့် ဖြစ်မည်၊ ဤတစ်ခါတော့ အရင်တစ်ခါလို လေကြောင်းရန်ကာကွယ်ရေး လက်နက်များဖြင့် ချိန်ရွယ်ခံရခြင်း မရှိပေ။
လော်ယွမ်သည် ဝင်ပေါက်ရှေ့တွင် ဆင်းသက်ပြီး ဓားတရားဌာနချုပ်ထဲသို့ ဝင်သွားသည်။
ဧည့်ခန်းမဆောင်ထဲတွင် တိုးတိုးတိတ်တိတ် စကားပြောနေကြသော ထောက်ပို့ဝန်ထမ်းအချို့သည် လော်ယွမ် ဝင်လာသည်ကို မြင်လိုက်သည်နှင့် တိတ်ဆိတ်သွားပြီး လူစုကွဲသွားကြသည်။
လော်ယွမ် နားမလည်နိုင် ဖြစ်သွားသည်။ ဓာတ်လှေကားနား ရောက်သောအခါ စောင့်နေသော ဓားတရားအဖွဲ့သား တစ်ဦးက သူ့ကို မြင်သည်နှင့် ကြောက်လန့်တကြား နှုတ်ဆက်သည်။
"ဝန်ကြီးယွမ်"
"မင်္ဂလာပါ" လော်ယွမ်က ခေါင်းတစ်ချက် ငြိမ့်ပြပြီး ဆက်မပြောတော့ပေ။
သို့သော် မကြာမီ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူသည် သူ့ကို ခိုးကြည့်နေပြီး သူလှည့်ကြည့်လိုက်လျှင် အကြည့်လွှဲသွားလိုက်၊ ခဏနေလျှင် ပြန်ကြည့်လိုက် လုပ်နေသည်။
"ကျွန်တော့် မျက်နှာပေါ်မှာ တစ်ခုခု ပေနေလို့လား" လော်ယွမ်က ပြုံးပြီး မေးလိုက်သည်။
"အာ... မဟုတ်ပါဘူး... မဟုတ်ပါဘူး" ထိုလူက ကြောက်လန့်တကြား လက်ကာပြပြီး ဗလောင်းဗလဲ ပြောသည်။ "ဝန်ကြီးရဲ့ နှဖူးစည်းက ကြည့်ကောင်းလို့ပါ"
လော်ယွမ်၏ အပြုံး ပျောက်သွားသည်။ သူ့နဖူးတွင် ခေါင်းစည်းကြိုး စည်းထားပြီးကတည်းက အပြင်သွားလျှင် လူတွေက ထူးဆန်းသလို ကြည့်တတ်ကြသည်။ သူ နေသားကျနေပြီ ဖြစ်သော်လည်း မျက်နှာချင်းဆိုင် ပြောလာသောအခါ အနည်းငယ် နေရခက်သွားသည်။
လော်ယွမ် မကျေမနပ် ဖြစ်သွားသည်ကို မြင်သောအခါ တစ်ဖက်လူ ပိုထိတ်လန့်သွားပြီး အခြေအနေကို ကုစားရန် ကြိုးစားသည်။ "ကျွန်တော်လည်း အရင်က ခေါင်းစည်းကြိုး ခဏခဏ စည်းဖူးပါတယ်... စုတောင် စုထားဖူးသေးတယ်... ဝန်ကြီးဟာလို အလင်းထွက်နေတာမျိုးတော့ မရှိဘူး... သီးသန့် မှာထားတာလား"
လော်ယွမ် မျက်နှာ မည်းမှောင်သွားသည်။ "မင်း နာမည် ဘယ်သူလဲ"
"လော်တရွမ် ပါ" သူက ခြောက်ကပ်ကပ် ရယ်ရင်း ပြောသည်။ "ဝန်ကြီး ကျွန်တော့်ကို ရှောင်လော် လို့ ခေါ်လို့ရပါတယ်"
"ကြည့်ရတာငါတို့က ရေစက်ပါတဲ့ပုံပဲ... မင်းလည်း ခေါင်းစည်းကြိုး ကြိုက်တယ်ဆိုတော့ နောက်ကျရင် တစ်ခု လက်ဆောင်ပေးမယ်လေ" လော်ယွမ်က အေးစက်စက် ပြောလိုက်သည်။
ဤလူက လူကောင်ကြီးကြီး၊ မုတ်ဆိတ်မွေးတွေနှင့် ရုပ်ဆိုးဆိုး ဖြစ်သည်။ သူ ခေါင်းစည်းကြိုး စည်းထားမည့် ပုံကို လော်ယွမ် မြင်ယောင်ကြည့်၍ပင် မရပေ။ ရှက်စရာကောင်းလွန်းလှသည်။
လော်တရွမ် ခမျာ ချွေးစေးများ ပြန်လာပြီး ငိုရခက် ရယ်ရခက် ဖြစ်နေသည်။ "အာ... ကျေးဇူးတင်ပါတယ် ဝန်ကြီးယွမ်... အဲ... ကျွန်တော် ဗိုက်နာလာလို့ သွားလိုက်ပါဦးမယ်"
ပြောပြီးသည်နှင့် သူ အမြန် ထွက်ပြေးသွားတော့သည်။
ဆင်ခြေကောင်း ပေးသွားသားပဲ ဟု လော်ယွမ် တွေးမိသည်။ ထိုစဉ် ဓာတ်လှေကား ရောက်လာသဖြင့် ဝင်လိုက်ပြီး ခေါင်းခါမိသည်။ လေးဘက်မြင် စွမ်းရည် ရပြီးကတည်းက ဤခေါင်းစည်းကြိုးက ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။ ဘယ်တော့မှ ဖြုတ်လို့ရမည်မသိ။
ခြောက်လွှာသို့ ရောက်သောအခါ ကိုယ့်ရုံးခန်းထဲ ဝင်လိုက်သည်။ နှစ်ရက်လောက် မလာသော်လည်း ရုံးခန်းက သန့်ရှင်းသပ်ရပ်နေသည်။ နေ့တိုင်း လာရှင်းပေးသူ ရှိပုံရသည်။ ရုံးခန်းထဲ ခဏ ထိုင်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
"ဝင်ခဲ့ပါ"
တံခါးပွင့်လာပြီး ဝင်လာသူမှာ လော်ယွမ် မထင်မှတ်ထားသူ ဖြစ်နေသည်။ ချန်ရှင်းကျယ် ပင်။
လော်ယွမ် အံ့သြစွာ မတ်တပ်ရပ်လိုက်သည်။ "မင်း ဘယ်တုန်းက ရောက်တာလဲ"
"မနေ့ကတည်းက ရောက်တာ... ရှင်မှ မရှိတာကိုး" ချန်ရှင်းကျယ်က ညုတုတု အသံလေးနှင့် ပြုံးကာ ပြောသည်။
လော်ယွမ်က ရုံးခန်းတံခါး ပိတ်လိုက်ပြီး လူရှင်းသည်ကို သေချာမှ သူမ လက်ကလေးကို ဆွဲလိုက်သည်။ "မင်းပဲ မလာချင်ဘူးဆို"
"အဖွဲ့အစည်းရဲ့ အစီအစဉ်လေ... ကျွန်မလည်း ဘာတတ်နိုင်မှာလဲ" ချန်ရှင်းကျယ်က စကားနာထိုးသလို ပြောသည်။
"ငါ့အတွက်တော့ အလုပ်ရှုပ်သက်သာသွားတာပေါ့... ငါက မင်းကို ဒီခေါ်ဖို့ စီစဉ်နေတာ" လော်ယွမ်က ပေါ့ပါးစွာ ပြောလိုက်သည်။
လော်ယွမ်က သာမန် ပြောလိုက်သော်လည်း စိတ်ထဲ မလုံမလဲ ဖြစ်နေသော ချန်ရှင်းကျယ် မျက်နှာ ပျက်သွားသည်။ "ရှင် တစ်ခုခု သိထားလို့လား"
လော်ယွမ်က ဟန်ဆောင်ပြီး မေးလိုက်သည်။ "ဘာကိုလဲ... မင်း ငါ့ကို ဖုံးကွယ်ထားတာ ရှိလို့လား"
"တကယ်တော့..." ချန်ရှင်းကျယ်က တွေဝေနေပြီးမှ ပြောသည်။ "တကယ်လို့... ကျွန်မ တစ်ခုခု ဖုံးကွယ်ထားခဲ့ရင် ရှင် စိတ်ဆိုးမှာလား"
"ဘာကိစ္စ စိတ်ဆိုးရမှာလဲ... လူတိုင်းမှာ လျှို့ဝှက်ချက် ရှိကြတာပဲ... ပြောချင်တဲ့အချိန်ကျမှ ပြောပေါ့... မပြောချင်လည်း ကိစ္စမရှိပါဘူး" လော်ယွမ်က နှစ်သိမ့်လိုက်သည်။ တကယ်တော့ သူမ၏ လျှို့ဝှက်ချက်များကို သူ အကုန်သိပြီးသား ဖြစ်သည်။
ချန်ရှင်းကျယ် သက်ပြင်းချလိုက်ပြီး လော်ယွမ်ကို ဖက်လိုက်သည်။ လော်ယွမ်က သဘောထားကြီးလေ သူမ ပိုပြီး အားနာလေ၊ စိုးရိမ်လေ ဖြစ်နေသည်။ တစ်နေ့နေ့ အမှန်တရားကို သိသွားရင် သူမကို စွန့်ပစ်သွားမှာ ကြောက်မိသည်။
"မင်း ဘယ်ဌာနမှာ တာဝန်ကျတာလဲ" ခဏကြာမှ လော်ယွမ် မေးလိုက်သည်။
"ရုံးအဖွဲ့ ဒုတိယမှူး ပါ... ရာထူးတစ်ဝက် တိုးတယ်လို့ ပြောရမှာပေါ့" ချန်ရှင်းကျယ်က ပြုံးပြီး ပြောသည်။
"ရုံးအဖွဲ့က အလုပ်ရှုပ်တယ်... အရင် မျှော်လင့်ချက်မြို့တော်တုန်းကဆို မင်း နေ့မနား ညမနား လုပ်နေရတာ ငါမြင်တယ်... ဒီမှာလည်း အတူတူပဲ နေမှာ... အခု ငါ့မှာ အတွင်းရေးမှူး လိုနေတာနဲ့ အတော်ပဲ... ငါ့ အတွင်းရေးမှူး လာလုပ်ပါလား"
...............................................................................................................
ချန်ရှင်းကျယ် ပြန်သွားပြီးနောက် လော်ယွမ်သည် ဝန်ကြီးတုန်း ၏ ရုံးခန်းသို့ သွားကာ စကားစမြည် ပြောရင်း ချန်ရှင်းကျယ်ကို ပြောင်းရွှေ့ဖို့ ကိစ္စ ပြောလိုက်သည်။ သူတို့လို ရာထူးမျိုးနှင့် ဆိုလျှင် ဒါက အသေးအဖွဲ ကိစ္စသာ ဖြစ်သည်။
ဝန်ကြီးတုန်း ရုံးခန်းမှ ထွက်လာချိန်တွင် ဝမ်ကျင်း ရောက်နေပြီ ဖြစ်ကြောင်း ဖုန်းဝင်လာသည်။
နာရီဝက် ကြာသောအခါ မြေအောက် ဓာတ်ခွဲခန်း တစ်ခုသို့ ရောက်ရှိသွားကြသည်။
"ဒါက လူသားမျိုးရိုးဗီဇဆိုင်ရာ အဓိက ဇီဝဗေဒ ဓာတ်ခွဲခန်းပဲ... အဓိက သုတေသနကတော့ လူပုံတူပွားခြင်း နဲ့ စွမ်းအားရှင် လူသားတွေရဲ့ အထူးမျိုးရိုးဗီဇ ကို ခွဲခြမ်းစိတ်ဖြာတာ" ဝင်ပေါက်သို့ လျှောက်သွားရင်း ဝမ်ကျင်းက ရှင်းပြသည်။
ကွဲပြားခြားနားသော ပတ်ဝန်းကျင်တွင် ကျင့်ဝတ် စံနှုန်းများလည်း ကွဲပြားကြသည်။ ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက် အသက်ရှင်ရပ်တည်ရေးပင် မသေချာသော အခြေအနေမျိုးတွင် ယခင်က တားမြစ်ထားသော အရာများကို ဂရုစိုက်နေသူ မရှိတော့ပေ။
လော်ယွမ် ကိုယ်တိုင်လည်း ဤအကြောင်းကို ကြားရသောအခါ အံ့သြခြင်း မရှိပေ။
ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သဖြင့် ဓာတ်ခွဲခန်း တာဝန်ခံများက အသင့် စောင့်ကြိုနေကြသည်။
"ဒါကတော့ ပါမောက္ခဖေး... ဓာတ်ခွဲခန်းရဲ့ အကြီးဆုံး တာဝန်ခံပေါ့... ဒါက ပါမောက္ခချောင်... ဟိုတစ်ယောက်က ပါမောက္ခကွမ်"
လော်ယွမ်က တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူတို့၏ သဘောထားမှာ မလေးမစား လုပ်သည်ဟု မဆိုသာသော်လည်း လှိုက်လှဲမှု မရှိပေ။ အထက်အမိန့်သာ မပါလျှင် ဂရုပင် စိုက်ကြမည် မဟုတ်။
လော်ယွမ်ကလည်း အားနာမနေတော့ဘဲ တည်ကြည်စွာ ပြောလိုက်သည်။ "အခုအချိန်ကစပြီး ဒီနေရာကို ကျွန်တော် တာဝန်ယူမယ်"
ထိုလူများ၏ အပြုံးများ ပျောက်ကွယ်သွားသော်လည်း ဘာမှ ပြန်မပြောရဲကြပေ။ ယခုခေတ် အခြေအနေသည် စစ်အတွင်း ကာလ ဖြစ်သဖြင့် အမိန့်ကို မလွန်ဆန်ရဲကြ။ မကျေနပ်လျှင်တောင် ပူးပေါင်းဆောင်ရွက်ရမည်သာ ဖြစ်သည်။
လော်ယွမ် မလာခင်ကတည်းက သူတို့ကို သီးသန့် ညှိနှိုင်းမှုများ လုပ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ယခုအချိန်မှ စ၍ ဓာတ်ခွဲခန်း တစ်ခုလုံးသည် လော်ယွမ်ပိုင် ဖြစ်သွားပြီ ဖြစ်သည်။
"အခု ဓာတ်ခွဲခန်းက အချက်အလက်တွေ... စာရွက်စာတမ်းတွေ... သုတေသန စာတမ်းတွေ အားလုံးကို ကျွန်တော့် ရုံးခန်းထဲ ရွှေ့ပေးပါ... နေ့လယ်ကျမှ အလုပ်တာဝန်တွေ ခွဲဝေပေးမယ်... ဒါနဲ့ ပါမောက္ခဖေး... ကျွန်တော့် ရုံးခန်း ဘယ်မှာလဲ"
ပါမောက္ခဖေး သတိပြန်ဝင်လာပြီး အမြန် ပြောလိုက်သည်။ "ဝန်ကြီးယွမ်... ရုံးခန်း ရှင်းပြီးပြီ... ဒီဘက် ကြွပါခင်ဗျာ"
ဆက်ရန်...
အပိုင်း (၄၁၆) မျိုးရိုးဗီဇပြုပြင်ပြောင်းလဲရေး စီမံကိန်း
လော်ယွမ်၏ အမိန့်ကို ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ဓာတ်ခွဲခန်းတစ်ခုလုံးရှိ လူများသည် မိမိတို့၏ လက်ရှိအလုပ်များကို ချထားလိုက်ကြပြီး မှတ်တမ်းခန်းရှိ ဖိုင်များနှင့် အချက်အလက်အားလုံးကို လော်ယွမ်၏ ရုံးခန်းသို့ အလုပ်ရှုပ်ခံကာ သယ်ယူပို့ဆောင်ပေးနေကြသည်။
သုတေသီအများစုသည် စိတ်မပါ့တပါဖြင့် လုပ်ဆောင်နေကြပြီး ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း "အရာရှိအသစ်က အမြဲပြဿနာရှာလေ့ရှိသည်" ဆိုသော စကားအတိုင်း အရှိန်အဝါ ကြီးမားနေချိန်ဖြစ်၍ မည်သူမျှ သူ၏ အမိန့်ကို လျစ်လျူရှုရဲခြင်း မရှိကြပေ။
ထို့အပြင် ဤလူသည် ဓားတရားဌာန၏ ဒုတိယဌာနမှူး ဖြစ်နေပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ အစွမ်းထက်ဆုံးသော သဘာဝလွန် သက်ရှိတစ်ဦးလည်း ဖြစ်သည်။ သာမန်အားဖြင့် ဆင့်ကဲပြောင်းလဲသူများ မုန်းတီးရွံရှာလေ့ရှိသော ဤကဲ့သို့ ဆင့်ကဲပြောင်းလဲသူများ၏ မျိုးရိုးဗီဇကို သုတေသနပြုသည့် ဓာတ်ခွဲခန်းတစ်ခုအနေဖြင့် သူ့ကို ကြောက်ရွံ့ထိတ်လန့်နေကြသည်မှာ မဆန်းပေ။
ပြန်လည်တည်ဆောက်ရေးဇုန်အတွက် သုတေသီများသည် တန်ဖိုးရှိသည်မှာ မှန်သော်လည်း ဘယ်သူနှင့် ယှဉ်သလဲ ဆိုသည့်အပေါ်တွင် မူတည်သည်။ သာမန် ဆင့်ကဲပြောင်းလဲသူများသည် ၎င်းတို့၏ မျက်လုံးထဲတွင် သုတေသနပြုစရာ နမူနာပစ္စည်းများသာ ဖြစ်သော်လည်း ဤအထဲတွင် ဓားတရားဌာန၏ ဒုတိယဌာနမှူးတော့ မပါဝင်ပေ။
သူတို့အနေဖြင့် လော်ယွမ်အကြောင်းကို သိပ်နားမလည်သော်လည်း ယခုကဲ့သို့ ပြင်ပလူတစ်ယောက်ကို နိုင်ငံတော်အဆင့် အရေးပါသော မျိုးရိုးဗီဇဓာတ်ခွဲခန်းကြီးအား လွှဲပြောင်းပေးပြီး စိတ်တိုင်းကျ အသုံးပြုခွင့်ပြုထားသည့် အုပ်ချုပ်ရေးပိုင်း၏ အမိန့်ကို ကြည့်ရုံဖြင့် ဤလူ၏ အရေးပါမှုကို ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
လော်ယွမ်၏ ရုံးခန်းသည် သိပ်မသေးငယ်လှပေ။ ၅၀ စတုရန်းမီတာခန့် ကျယ်ဝန်းသော်လည်း စာရွက်စာတမ်း အချက်အလက်အားလုံးကို ရုံးခန်းထဲသို့ သယ်ထည့်လိုက်ပြီးနောက်တွင်မူ ရုံးခန်းတစ်ခုလုံး ပြည့်ကျပ်သွားပြီး ခြေချစရာနေရာပင် မရှိတော့လောက်အောင် ဖြစ်သွားသည်။
လော်ယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ကျေးဇူးတင်ကြောင်း စကားတစ်ခွန်းသာ ပြောလိုက်ပြီး လူအားလုံး ထွက်ခွာသွားပြီးနောက် တံခါးကို ပိတ်လိုက်သည်။
ဤလူများ ကွယ်ရာတွင် မကျေနပ်ကြသည်ကို သူ ဂရုမစိုက်ပေ။ သိပ္ပံသုတေသန နယ်ပယ်သည်လည်း ၎င်းတို့၏ ကိုယ်ပိုင်အသိုင်းအဝိုင်းနှင့် ဖွဲ့စည်းထားပြီး ပြင်ပလူကို လက်မခံဘဲ သီးသန့်ဆန်တတ်ကြသည်။
မည်သည့် လုပ်သက်ရင့်မှုနှင့် ရလဒ်ကောင်းမျှ မရှိသော ပြင်ပလူတစ်ယောက်က အုပ်ချုပ်ရေး အမိန့်တစ်ခုတည်းဖြင့် ဓာတ်ခွဲခန်းတစ်ခုလုံးကို ဦးဆောင်လာသည့်အခါ သူ မည်မျှပင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါစေ၊ မည်သူမျှ ကျေနပ်မည် မဟုတ်ပေ။ ထိုသို့ဖြစ်နေမှတော့ တိုက်ရိုက် အမိန့်ပေး ကွပ်ကဲလိုက်သည်က ပိုကောင်းသည်။ သူ့အလုပ်ကို လာမရှုပ်လျှင် ပြီးရောဖြစ်သည်။
မိမိဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီးနောက် သူသည် တောင်ပုံရာပုံ ဖြစ်နေသော အချက်အလက်များကို စတင်ဖတ်ရှုတော့သည်။
ဉာဏ်ပညာ ၁၅ မှတ်အထိ ရှိနေသောကြောင့် စာတစ်မျက်နှာကို တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းမက ဖတ်ရှုနိုင်ပြီး တစ်ကြိမ်မြင်ဖူးရုံဖြင့် မမေ့နိုင်သော မှတ်ဉာဏ်စွမ်းအားကြောင့် သူ၏ စွမ်းဆောင်ရည်မှာ အလွန် မြင့်မားလှသည်။
သို့သော် အချက်အလက် အများစုမှာ လော်ယွမ်အတွက် အသုံးမဝင်ပေ။ သူသည် တစ်ချက်ဝေ့ကြည့်ရုံဖြင့် ဘေးသို့ ဖယ်ပစ်လိုက်သည်။ ဥပမာအားဖြင့် စာတမ်းတစ်ခုတွင် ဖော်ပြထားသော မျိုးရိုးဗီဇဖြတ်တောက်သည့် နည်းလမ်းသစ် သို့မဟုတ် ဗိုင်းရပ်စ်တစ်ခု၏ မျိုးရိုးဗီဇအုပ်စုကို တိုက်တွန်းပြောင်းလဲပြီးနောက် ကူးစက်နိုင်စွမ်း ပျောက်ဆုံးသွားစေခြင်း စသည့် အကြောင်းအရာများ ဖြစ်သည်။
ဤအချက်အလက်များနှင့် စာတမ်းများကို ကြည့်ခြင်းအားဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်၏ မျိုးရိုးဗီဇသုတေသန လုပ်ငန်းများသည် ကမ္ဘာမပျက်ခင် ခေတ်နှင့် နှိုင်းယှဉ်လျှင် ထူးခြားသော တိုးတက်မှုကြီးကြီးမားမား မရှိသေးကြောင်း လော်ယွမ် တွေ့ရှိလိုက်ရသည်။
သုတေသန ဦးတည်ချက်သည် ပင်လယ်ပြင်ထဲတွင် အပ်ရှာသကဲ့သို့ ကံတရားအပေါ် မူတည်နေဆဲဖြစ်ပြီး မျိုးရိုးဗီဇများကို တိုက်ရိုက် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။
အဏုမြူအဆင့်အထိ တိုက်ရိုက် ကြည့်ရှုနိုင်ပြီး စိတ်တိုင်းကျ ကိုင်တွယ်လှုပ်ရှားနိုင်သော လော်ယွမ်အတွက်မူ သတ်မှတ်ထားသော အင်ဇိုင်းများကို ရှာဖွေပြီး မျိုးရိုးဗီဇအပိုင်းအစများကို ဖြတ်တောက်ကာ လက်ခံမည့် ဆဲလ်များထဲသို့ ပို့ဆောင်ပေးရသည့် နည်းလမ်းမျိုးသည် အချိန်ကုန် လူပန်းဖြစ်စေပြီး ထိရောက်မှု အလွန်နိမ့်ပါးလှသည်။ ကျောက်ခေတ်ကာလသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။
သူသာ ဆန္ဒရှိပါက မည်သည့်ဆဲလ် သို့မဟုတ် ဗိုင်းရပ်စ်မျိုးဗီဇကိုမဆို မျက်တောင်တစ်ခတ် အတွင်းမှာပင် မူလရုပ်သွင် ပျောက်သွားသည်အထိ ပြောင်းလဲပစ်နိုင်သည်။
သို့သော် အချက်အလက် အားလုံးကတော့ အသုံးမဝင်သည် မဟုတ်ပေ။ လူသားမျိုးဗီဇ ဗေဒနှင့် ပတ်သက်ပြီး စုဆောင်းထားသော ဗဟုသုတများနှင့် အချို့သော မျိုးဗီဇအုပ်စုများ၏ လုပ်ဆောင်ချက်များကို သတ်မှတ်ချက်များသည် အတော်လေး တိကျမှုရှိသည်။
လူသားများတွင် မျိုးဗီဇအခြေခံအတွဲ ပေါင်း သန်း ၃၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၉၈ ရာခိုင်နှုန်းမှာ အသုံးမဝင်သော ဒီအန်အေ အပိုင်းအစများ ဖြစ်သည်။ ကျန်ရှိသော ၂ ရာခိုင်နှုန်းတွင် မျိုးဗီဇအုပ်စု ပေါင်း သုံးသောင်းခန့် ပါဝင်သည်။
ထိုသုံးသောင်းအနက် ပြန်လည်တည်ဆောက်ရေးဇုန်မှ သုတေသီများသည် ၅၀ ရာခိုင်နှုန်းခန့်၏ လုပ်ဆောင်ချက်များကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအချက်က လော်ယွမ်အတွက် တစ်ခုချင်းစီ လိုက်လံစစ်ဆေးရမည့် အချိန်ကို များစွာ သက်သာသွားစေသည်။
သို့မဟုတ်ပါက လော်ယွမ်အနေဖြင့် အခန်းအောင်းပြီး ထိုအခြေခံအတွဲများ၏ လုပ်ဆောင်ချက်များကို တစ်ခုချင်း လိုက်ရှာနေရမည်ဆိုလျှင် သူလိုလူအတွက်ပင် ကြီးမားသော လုပ်ငန်းစဉ်ကြီး ဖြစ်နေပေလိမ့်မည်။
သို့သော် လုပ်ဆောင်ချက် သိရှိပြီးသော မျိုးဗီဇအုပ်စုများသည်လည်း ရာနှုန်းပြည့် တိကျသည်တော့ မဟုတ်ပေ။ လေ့လာကြည့်ရှုမှုနှင့် လုပ်ဆောင်မှု တိကျသေချာမှု နည်းပါးခြင်း၊ နှိုင်းယှဉ်စမ်းသပ်မှုများ လစ်ဟင်းခြင်းတို့ကြောင့် ဤကောက်ချက်ချမှုများသည် အတော်လေး ဝါးတားတားနိုင်ပြီး မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ ယေဘုယျအားဖြင့် အတည်ပြုထားခြင်းသာ ဖြစ်သည်။
ထို့အပြင် အချက်အလက်များကို ကြည့်ရှုခြင်းအားဖြင့် ၉၈ ရာခိုင်နှုန်းသော အသုံးမဝင် ဒီအန်အေ အပိုင်းအစများသည်လည်း လုံးဝ အသုံးမဝင်သည် မဟုတ်ကြောင်း လော်ယွမ် တွေ့ရှိလိုက်ရသည်။
ဆင့်ကဲပြောင်းလဲသူ အချို့၏ ဗီဇပြောင်းလဲမှုများသည် သာမန်လူများအတွက် အသုံးမဝင်ဟု သတ်မှတ်ထားသော ထိုဧရိယာများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအချက်များကို သူ ဆက်လက်၍ တစ်ခုချင်းစီ အတည်ပြုရန် လိုအပ်သည်။
လူသားပုံတူပွားခြင်း နည်းပညာမှာမူ အတော်လေး ပြည့်စုံကောင်းမွန်နေပြီ ဖြစ်သည်။ စွမ်းအင်ကြွယ်ဝသော အာဟာရရည်များကို အသုံးပြု၍ ဖန်ပြွန်သန္ဓေသားတစ်ခုကို ဆယ်ရက်အတွင်း ကလေးငယ်တစ်ဦးအဖြစ် ကြီးထွားလာစေနိုင်ပြီး တစ်လအတွင်း သုံးနှစ်အရွယ် ကလေးတစ်ယောက် အရွယ်အစားအထိ ကြီးထွားစေနိုင်သည်။
အာဟာရရည်မှ ဖယ်ရှားပြီးနောက် စာပေသင်ကြား လေ့ကျင့်ပေးမှုများ ပြုလုပ်လိုက်လျှင် ပုံတူပွားလူသားများ၏ ဉာဏ်ရည်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်လူသားများနှင့် မခြားနားပေ။ ငယ်စဉ်ကတည်းက စွမ်းအင်များနှင့် ထိတွေ့ခဲ့ရသောကြောင့် ပုံတူပွားလူသားများ၏ အရည်အသွေးသည် သာမန် ကိုယ်ဝန်ဆယ်လလွယ်ပြီး မွေးလာသော ကလေးများထက်ပင် သာလွန်နေတတ်သည်။
နေ့လယ်ခင်းသို့ ရောက်ခါနီးအချိန်တွင် လော်ယွမ်သည် နောက်ဆုံး အချက်အလက် အစုအဝေးကို တစ်ချက်ကြည့်လိုက်ပြီး ဘေးသို့ ပစ်ချကာ မတ်တပ်ရပ်လိုက်သည်။
သူသည် အခန်းပြင်ထွက်ကာ ဘေးခန်းရှိ ပါမောက္ခဖေး၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"ဝန်ထမ်း အကုန်လုံးကို ခေါ်ပြီး လူသားပုံတူပွား မွေးမြူရေးဇုန်ကို လာခဲ့ကြပါ"
ပါမောက္ခဖေးသည် အချိန်မဆွဲရဲဘဲ အလျင်အမြန် သွားရောက် အသိပေးလိုက်သည်။ မိနစ်အနည်းငယ် ကြာသောအခါ ဓာတ်ခွဲခန်းတစ်ခုလုံးရှိ လူပေါင်း ၂၀၀ ကျော်သည် မွေးမြူရေးဇုန်သို့ တရုန်းရုန်း ရောက်ရှိလာကြသည်။
ဓာတ်ခွဲခန်းတစ်ခုတည်းတွင် လူများ ဤမျှ ရှိနေလိမ့်မည်ဟု လော်ယွမ် ထင်မထားခဲ့မိပေ။ သို့သော် မွေးမြူရေးဇုန်သို့ ရောက်သောအခါမှသာ ဤနေရာသည် လူအများအပြား လိုအပ်ကြောင်း သူ သဘောပေါက်သွားသည်။
မွေးမြူရေးဇုန် တစ်ခုလုံးသည် ကြီးမားကျယ်ဝန်းလှပြီး ဧရိယာ စတုရန်းမီတာ တစ်သောင်းနီးပါး ရှိသည်။ မွေးမြူရေးကန် များသည် နေရာအနှံ့ ပြွတ်သိပ်စွာ စီတန်းနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သုံးသောင်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ထိုမွေးမြူရေးကန်များသည် အလွတ်များ မဟုတ်ကြပေ။ အများစုတွင် သန္ဓေသားလောင်းများ မျောပါနေကြပြီး အချို့မှာ သန္ဓေသားအဆင့်သာ ရှိသေးသည်။
အရည်ထဲတွင် မျောပါနေသော သန္ဓေသားလောင်းများသည် ရံဖန်ရံခါ တွန့်လိမ်လှုပ်ရှားနေကြရာ သာမန်လူများသာ ဝင်လာမိပါက ကြက်သီးမွေးညှင်းထကာ လန့်ဖျပ်သွားနိုင်သည်။
လော်ယွမ် ငေးငိုင်နေသည်ကို မြင်သောအခါ ပါမောက္ခဖေးသည် သူ အထင်လွဲသွားမည် စိုးသဖြင့် ဘေးမှနေ၍ အလျင်အမြန် ရှင်းပြလေသည်။
"ဆရာယွမ်... ဒါတွေက စမ်းသပ်ခံတွေ မဟုတ်ပါဘူး... ကျွန်တော်တို့ သုတေသီတွေမှာလည်း ကိုယ်ကျင့်တရား ရှိပါတယ်ဗျာ... တကယ်လို့ စမ်းသပ်ဖို့ သုံးမယ်ဆိုရင်တောင် ဒီလောက် အများကြီး မလိုဘူးလေ.. ဟုတ်တယ်မလား"
ဘေးနားမှ လူတစ်ယောက်က ချောင်းအနည်းငယ် ဟန့်လိုက်သည်။
ပါမောက္ခဖေးက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး "အထင်မလွဲပါနဲ့... ကျွန်တော်က ဒီလိုပဲ ပြောလိုက်တာပါ... ဇီဝဗေဒ သုတေသန ဆိုတာ ဒီလိုပါပဲ... ဓာတ်ခွဲခန်းလည်း ဟုတ်သလို... စက်ရုံလည်း ဟုတ်တယ်... ဒါပေမဲ့ ဒီစက်ရုံက လူသားတွေကို ထုတ်လုပ်ပေးတာပဲ ကွာခြားတာပေါ့"
ပါမောက္ခဖေးက အရသာမရှိသော ဟာသတစ်ခု ပြောပြီးနောက် ဆက်လက်ရှင်းပြသည်။
"ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ လူဦးရေက လတိုင်း လျော့နည်းလာနေတယ်... သဘာဝအတိုင်း မျိုးပွားမှုကလည်း ထိရောက်မှု နည်းပါးတော့ ပုံတူပွားနည်းပညာက လူဦးရေ ဖြည့်တင်းဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာတာပေါ့... ကျွန်တော်တို့ ဓာတ်ခွဲခန်းမှာ လစဉ် ပုံတူပွားလူသား မွေးထုတ်ပေးရမယ့် သတ်မှတ်ချက်ရှိတယ်... အခုဆိုရင် နှစ်သိန်းခွဲလောက် မွေးထုတ်ပေးပြီးပြီ... ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီပုံတူပွား ဗီဇတွေက သေဆုံးသွားတဲ့ လူတွေဆီက ရတာပါ... ဘာပြဿနာမှ မရှိ..."
"တော်ပါတော့... ရှင်းပြမနေနဲ့တော့" လော်ယွမ်က တားဆီးလိုက်သည်။ "အခု အလွတ်ကျန်နေတဲ့ မွေးမြူရေးကန် ဘယ်လောက်ရှိလဲ"
"မွေးမြူရေးဇုန်ကို ပါမောက္ခကွမ် တာဝန်ယူထားတာ... သူ ပြောပြပါလိမ့်မယ်" ပါမောက္ခဖေးသည် ဓာတ်ခွဲခန်း၏ အဓိက တာဝန်ခံဖြစ်ပြီး အလုံးစုံကို ခြုံငုံကြည့်ရှုရသူဖြစ်ရာ အသေးစိတ် အချက်အလက်များကို ဂရုမစိုက်နိုင်ပေ။
"အခု ၅၀၀၀ လောက်တော့ ရှိမယ်... ဒါပေမဲ့ နောက်တစ်သုတ် မွေးမြူဖို့အတွက် မကြာခင်..." ပါမောက္ခကွမ်က ထူထဲသော မျက်မှန်ကို ပင့်တင်ရင်း ဝင်ပြောသည်။
"အဲဒါကို ဖျက်သိမ်းလိုက်" လော်ယွမ်က ဖြတ်ပြောလိုက်သည်။ "လက်ရှိ မွေးမြူထားတဲ့ ပုံတူပွားလူသားတွေ ကန်ထဲက ထွက်လာပြီးရင်လည်း ထပ်မွေးမြူစရာ မလိုတော့ဘူး"
"ဒါပေမဲ့.. သတ်မှတ်ချက်က..." ပါမောက္ခကွမ်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ပါမောက္ခဖေးက သူ့ကို လှမ်းဆွဲလိုက်မှသာ သတိပြန်ဝင်လာသည်။ သူ့ရင်ထဲတွင် ဒေါသများ ပြည့်နှက်သွားသည်။ အခုချိန်မှ ဘာသတ်မှတ်ချက် လာပြောနေရသနည်း။ ဓာတ်ခွဲခန်းတစ်ခုလုံးကို အထက်လူကြီးများက အထုပ်လိုက် ထုပ်ပြီး သူ့ကို ပေးအပ်လိုက်ပြီပဲ။
သူ့ဆန္ဒအတိုင်း လုပ်ချင်သလို လုပ်ပလေ့စေ။ သူ ကစားလို့ ဝသွားရင် ဒီကံဆိုးမိုးမှောင်ကျနေတဲ့ ဓာတ်ခွဲခန်းကြီးကို သနားကရုဏာသက်ပြီး လွှတ်ပေးပါစေလို့သာ ဆုတောင်းရမည်။
ပါမောက္ခကွမ် ဒေါသကြောင့် မျက်နှာနီရဲနေသည်ကို ကြည့်ပြီး လော်ယွမ် စိတ်ထဲတွင် ရယ်ချင်မိသွားသည်။ သို့သော် သူ ရှင်းပြမနေချင်တော့ပေ။
"ဒီအထဲက ပုံတူပွားလူသားတွေထဲမှာ ဆင့်ကဲပြောင်းလဲသူ တွေ ပါလား" ပါမောက္ခကွမ် စိတ်အနည်းငယ် ငြိမ်သွားချိန်တွင် လော်ယွမ် ဆက်မေးလိုက်သည်။
"တစ်ချို့တော့ ပါတယ်... ဒါပေမဲ့ ဆင့်ကဲပြောင်းလဲသူတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက မြင့်မားတော့ ကြီးထွားနှုန်း နှေးကွေးပြီး အာဟာရရည် ကုန်ကျမှုလည်း အရမ်းများတယ်... အယောက် ၁၀၀ တောင် မပြည့်ပါဘူး... အများစုက သာမန်လူတွေပါပဲ" ပါမောက္ခကွမ်သည် စိတ်ထဲတွင် မကျေနပ်သေးသော်လည်း လော်ယွမ်ကို ပြစ်မှားရန် မရဲသဖြင့် ရိုးရိုးသားသားပင် ဖြေလိုက်သည်။
"ဒီဓာတ်ခွဲခန်းမှာ အခုလက်ရှိ စုဆောင်းထားတဲ့ လူသားမျိုးဗီဇ အရေအတွက် ဘယ်လောက်ရှိလဲ... မျိုးဥဆဲလ် ဘယ်လောက်ရှိလဲ" လော်ယွမ်က အရိပ်အမြွက် ပြောလိုက်သည်။ မျိုးဥဆဲလ်များသည် ပုံတူပွားရန်အတွက် မရှိမဖြစ် လိုအပ်သော သယ်ဆောင်သူ များဖြစ်ပြီး ၎င်းတို့၏ အရေအတွက်သည် ပုံတူပွားနိုင်သည့် ပမာဏကို ဆုံးဖြတ်ပေးသည်။
"တစ်သိန်းလောက်တော့ ရှိမယ်... အဲဒီအထဲမှာ ဆင့်ကဲပြောင်းလဲသူတွေဆီက ရထားတဲ့ ဆဲလ်က ၅၀၀၀... မျိုးဥဆဲလ်ကတော့ သုံးသောင်းပဲ ရှိတယ်... ဒါပေမဲ့ ပစ္စည်းပြတ်သွားရင် ဆေးရုံကနေ လှမ်းတောင်းလို့ ရတယ်... လှူဒါန်းထားတဲ့သူတွေ အများကြီး ရှိပါတယ်" လော်ယွမ်၏ အရိပ်အမြွက် မေးခွန်းကို ပါမောက္ခကွမ်လို သာမန်လူတစ်ယောက်က ခုခံနိုင်စွမ်းမရှိဘဲ အမှန်အတိုင်း ဖြေလေသည်။
"ဆဲလ်တစ်ခုချင်းစီက ဘယ်သူ့ဆီက ရတယ်ဆိုတာ သီးသန့် မှတ်တမ်းရှိလား... ဥပမာ ဓာတ်ပုံတို့... ကိုယ်ရေးရာဇဝင်တို့ပေါ့"
"အဲဒါက လုပ်ငန်းပမာဏ အရမ်းကြီးလွန်းတော့ သာမန်လူတွေအတွက် မရှိပါဘူး... ဆင့်ကဲပြောင်းလဲသူတွေရဲ့ ဆဲလ်အတွက်တော့ တချို့ ရှိပါတယ်"
လော်ယွမ် အနည်းငယ် စိတ်ပျက်သွားသည်။ သူက ဆင့်ကဲပြောင်းလဲသူများကို သုတေသနပြုရန် အလျင်မလိုသေးဘဲ သာမန်လူသားများ၏ ဗီဇကိုသာ လက်ရှိ ပစ်မှတ်ထားလိုခြင်း ဖြစ်သည်။ ထင်းခွေရာတွင် ဓားသွေးခြင်းက အချိန်မနှောင့်နှေးစေသကဲ့သို့ပင်၊ လူသားများ၏ အတွေ့ရများသော မျိုးဗီဇများကို စေ့စေ့စပ်စပ် လေ့လာပြီးမှ ဆင့်ကဲပြောင်းလဲသူများ၏ ဗီဇနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မည်သို့ မြှင့်တင်ရမည် ဆိုသည်မှာ အလွယ်တကူ ဖြေရှင်းနိုင်မည့် ပုစ္ဆာဖြစ်လာပေလိမ့်မည်။
သို့သော် အချက်အလက် မရှိလျှင်လည်း နည်းနည်း ပိုအလုပ်ရှုပ်ပြီး အချိန်ပိုကုန်ရုံသာ ရှိမည်။
သူသည် သုံးသောင်းကျော်သော မွေးမြူရေးကန်များကို ကြည့်လိုက်သည်။ နောက်ပိုင်းတွင် ဤနေရာသည် အစွမ်းကုန် လည်ပတ်ရတော့မည် ဖြစ်သည်။
...........................................................................................................................
ထိုရက်များအတွင်း လော်ယွမ်သည် ညဘက် မျှော်လင့်ချက် မြို့တော် သို့ ပြန်အိပ်သည်မှလွဲ၍ နေ့တိုင်းလိုလို ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်ဆုံးနေပြီး ဓားတရားဌာနသို့ပင် သိပ်မသွားဖြစ်တော့ပေ။ ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ယခင်က မွေးမြူထားသော ပုံတူပွားလူသားများသည် ကန်များထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြပြီး ၎င်းတို့နေရာတွင် လော်ယွမ် ရွေးချယ်ထားသော သီးသန့် သန္ဓေသားလောင်းများဖြင့် အစားထိုးလိုက်သည်။
သန္ဓေသားလောင်း အားလုံးသည် လက်ခံသူ တစ်ဦးတည်းထံမှ လာခြင်းဖြစ်သည်။
၎င်းတို့အနက် အနည်းငယ်ကို နှိုင်းယှဉ်ရန်အတွက် ဘာမှ ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ ထားရှိပြီး ကျန်တစ်စိတ်တစ်ပိုင်းကိုမူ သီးခြား ဗီဇအုပ်စုများအတွက် အနည်းငယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည်။ မွေးမြူရေးကန် သုံးသောင်းသည် လူသား မျိုးဗီဇအုပ်စု သုံးသောင်းနှင့် တစ်ခုချင်းစီ သက်ဆိုင်နေသည်။
သန္ဓေသားလောင်းများတွင် ပြုပြင်ထားသော ဗီဇများသည် သာမန်လူသား ဗီဇဘဏ်ထဲမှ ရှာဖွေတွေ့ရှိထားသော သက်ဆိုင်ရာ ဗီဇများဖြစ်သည်။ သာမန်လူသား ဗီဇနမူနာ တစ်သိန်းသည် လူသားများတွင် တွေ့ရလေ့ရှိသော ဗီဇကွဲများအားလုံးနီးပါး ပါဝင်နေသည်။ ကြီးမားသော စမ်းသပ်နှိုင်းယှဉ်မှုများမှတစ်ဆင့် သူသည် ဗီဇအုပ်စု တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို တဖြည်းဖြည်း အတည်ပြုနိုင်လာသည်။
ဗီဇအုပ်စု၏ လုပ်ဆောင်ချက်ကို အတည်ပြုပြီးနောက် သူသည် ဗီဇအခြေခံအတွဲ များကို တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ လော်ယွမ်၏ ဗီဇပြောင်းလဲမှု ပမာဏ ကြီးမားလာသည်နှင့်အမျှ မွေးရာပါ ကိုယ်လက်အင်္ဂါ မသန်စွမ်းသော သန္ဓေသားများ မလွဲမသွေ ပေါ်ပေါက်လာခဲ့သည်။
ထိုမသန်စွမ်း သန္ဓေသားများကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး အချက်အလက်များ စုဆောင်းကာ အပြည့်အဝမဖြစ်တည်ခင်မှာပင် လူသားဆန်စွာဖြင့် ဖယ်ရှားရှင်းလင်း ပစ်လိုက်သည်။ ရက်စက်ရာ ကျသော်လည်း ၎င်းသည် သိပ္ပံပညာ ရှေ့ဆက်တိုးတက်ရန်အတွက် မဖြစ်မနေ ဖြတ်ကျော်ရမည့် လမ်းတစ်ခု ဖြစ်သည်။
စမ်းသပ်မှု လုပ်ငန်းစဉ်အတွင်း ရလဒ်ကောင်းများစွာ စတင် ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်းမှ သုတေသီများ၏ လော်ယွမ်အပေါ် ထားရှိသော သဘောထားသည်လည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည်။
အစပိုင်းတွင် စိတ်မပါ့တပါနှင့် အဆိုးမြင်ခဲ့ကြသော်လည်း ယခုအခါ စိတ်အားထက်သန်မှုများ မြင့်တက်လာပြီး အလုပ်ကြိုးစားလာကြကာ သဘောထားများ မိုးနှင့်မြေလို ပြောင်းလဲသွားကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် ပြောမပြတတ်သော စိတ်လှုပ်ရှားမှုများ ရှိနေသည်။ ပုံတူပွား ကလေးငယ်များ တစ်ယောက်ပြီး တစ်ယောက် ကြီးထွားလာသည်နှင့်အမျှ၊ ဗီဇလုပ်ဆောင်ချက် တစ်ခုပြီး တစ်ခုကို အတည်ပြုနိုင်လာသည်နှင့်အမျှ၊ နောက်ဆုံးတွင် ဗီဇအခြေခံအတွဲ တစ်ခုချင်းစီ၏ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို တိကျစွာ သိရှိလာသည်နှင့်အမျှ...
လူသားမျိုးဗီဇ၏ လျှို့ဝှက်ချက်များသည် သူတို့ရှေ့မှောက်တွင် တဖြည်းဖြည်း ပွင့်ဟလာခဲ့ပြီ ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဤနေရာမှ ရလဒ်ကောင်းများသည် ပြင်ပသို့ ပျံ့နှံ့သွားပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ အာရုံစိုက်မှုကို ရရှိလာသည်။ အုပ်ချုပ်ရေးပိုင်း၏ အင်အားများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သုတေသီ အများအပြားသည် ဤစီမံကိန်းထဲသို့ ဝင်ရောက်လာကြသည်။
တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်း၏ မွေးမြူရေးဇုန်သည်လည်း ရုတ်တရက် ကျယ်ပြန့်လာခဲ့သည်။ ဓာတ်ခွဲခန်း အနီးတစ်ဝိုက်ရှိ နေရာအားလုံးကို ရှင်းလင်းပြီး နံရံများ ဖောက်ကာ မွေးမြူရေးကန်များကို တပ်ဆင်လိုက်ရာ စုစုပေါင်း အရေအတွက်သည် (တစ်သန်းခွဲ အထိ ရောက်ရှိသွားသည်။
သို့သော် လော်ယွမ် ဂရုမစိုက်ပေ။ အရင်းအမြစ်များ ပိုမို ရောက်ရှိလာလေ၊ သူ့တိုးတက်မှုနှုန်း ပိုမြန်လေပင်။
သူ့သုတေသန လုပ်ငန်းစဉ်သည် ရုတ်ချည်း အရှိန်မြင့်တက်သွားသည်။
နှစ်လအတွင်းမှာပင် သာမန်လူနှင့် ဆင့်ကဲပြောင်းလဲသူများ၏ ဗီဇသုတေသန ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်း ပြီးဆုံးသွားသည်။
လော်ယွမ်သည် မိမိကိုယ်ကိုယ် ပုံတူပွားခြင်းကို စတင်လိုက်သည်။ ဤအချိန်တွင် သူသည် ဗီဇအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်နေပြီ ဖြစ်သည်။ ဗီဇအုပ်စု တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်မှသည် အခြေခံအတွဲများ ပြောင်းလဲသွားလျှင် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများအထိ သူ လက်ခုပ်ထဲက ရေလို သိနေပြီဖြစ်သည်။
နောင်တစ်ချိန်တွင် လော်ယွမ်နှင့် ရုပ်ချင်းတူသော လူသားအများအပြား ပေါ်ထွက်လာမည့် အဖြစ်ဆိုးကို ရှောင်ရှားရန်အတွက် ပုံတူပွားရန် အသုံးပြုမည့် ဆဲလ်များကို ဗီဇအနည်းငယ် ပြုပြင်ပြောင်းလဲမှု လုပ်လိုက်သည်။ ဥပမာ အသားအရေ၊ မျက်နှာပုံစံ၊ အရပ်အမောင်းနှင့် လိင်အမျိုးအစားတို့ကိုပါ ပြောင်းလဲပစ်လိုက်သည်။
လော်ယွမ်သည် မွေးမြူရေးဇုန်၏ လျှောက်လမ်းတွင် ရပ်ကာ သန်းနှင့်ချီသော မွေးမြူရေးကန်များကို ကြည့်လိုက်သည်။ ထိုအထဲတွင် သန္ဓေသားလောင်းလေးများသည် ဖြည်းညှင်းစွာ ဆဲလ်ကွဲပွား ကြီးထွားနေကြသည်။
ဓာတ်ခွဲခန်းထဲတွင် အနေကြာလာ၍ ရေတွင်းဟောင်းကဲ့သို့ တည်ငြိမ်အေးစက်နေသော လော်ယွမ်၏ စိတ်နှလုံးသည် ယခုအခါ တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။ မိမိကိုယ်ကိုယ် ပုံတူပွားခြင်း စတင်လိုက်သည်နှင့် တစ်ပြိုင်နက် လူသားပြုပြင်ပြောင်းလဲရေး စီမံကိန်းကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
ဤသန္ဓေသားလောင်းများတွင် လော်ယွမ်၏ မူရင်းဗီဇအပြင် အမျိုးမျိုးသော ဆင့်ကဲပြောင်းလဲသူ မျိုးဗီဇများကိုပါ ထည့်သွင်း ပေါင်းစပ်ထားသည်။
ထိုဆင့်ကဲပြောင်းလဲသူ မျိုးဗီဇများသည် မူလ ဓာတ်ခွဲခန်းရှိ နမူနာ ၅၀၀၀ ကျော်သာ မကတော့ပေ။ ပြန်လည်တည်ဆောက်ရေးဇုန်မှ အရင်းအမြစ်များ အလုံးအရင်း ပံ့ပိုးပေးလာမှုကြောင့် ယခုအခါ အရေအတွက်သည် နှစ်သိန်းအထိ ရောက်ရှိလာပြီး ပြန်လည်တည်ဆောက်ရေးဇုန်ရှိ ဆင့်ကဲပြောင်းလဲသူ အများစု ပါဝင်နေသည်။ ထိုအထဲတွင် ရှုကျစ်ချန်၊ လင်းကျုံအန်းနှင့် လော်ယွမ် ကိုယ်တိုင်၏ ဗီဇများပင် ပါဝင်နေသည်။ သူ့ဗီဇကို ဘယ်တုန်းက စုဆောင်းသွားသည်ကိုပင် သူ မသိလိုက်ပေ။
ထို့အပြင် နာမည်မကြီးသော အခြား ဆင့်ကဲပြောင်းလဲသူများ၏ ဗီဇများစွာလည်း ပါဝင်သည်။ ၎င်းတို့၏ စွမ်းအားမှာ မကြီးမားဘဲ နာမည်မကျော်ကြားသော်လည်း အချို့သော အစွမ်းများသည် လော်ယွမ်ကိုပင် မက်မောသွားစေနိုင်လောက်အောင် ထူးခြားနေကြသည်။
ဆက်ရန်...