အခန်း (၄၁၉-၄၂၀)
Vol. 21 Ch. 419-420
အပိုင်း (၄၁၉) ရွေးချယ်မှု
လော်ယွမ်သည် ဓာတ်ခွဲခန်းသို့ ပြန်ရောက်လာပြီး ထိုအတောအတွင်း ဟွမ်ကျားဟွေထံ ဖုန်းဆက်ကာ အကြောင်းစုံကို ရှင်းပြခဲ့သည်။ နောက်ပိုင်းရက်များတွင် သူသည် ဓာတ်ခွဲခန်း၌ပင် စားသောက်နေထိုင်တော့မည် ဖြစ်သည်။
ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ သတင်းဆိုးများမှာ နေ့စဉ်နှင့်အမျှ ထွက်ပေါ်လာသည်။ သန္ဓေသားများ ပုံပျက်ပန်းပျက် ဖြစ်လာခြင်း သို့မဟုတ် သေဆုံးကုန်ခြင်းတို့ ဖြစ်ပွားနေသည်။ ပြဿနာ အစောဆုံး စတင်ဖြစ်ပွားသည့် သန္ဓေသားများမှာ သန္ဓေပြောင်းလူသားဗီဇ (၁၀) မျိုးထက်မက ထည့်သွင်းထားသော အုပ်စုများ ဖြစ်ကြသည်။
ဖြစ်နိုင်သည်မှာ သန္ဓေပြောင်းအစွမ်းများလွန်းသဖြင့် ဒီအန်အေ ကွင်းဆက်က လုံးဝ တောင့်မခံနိုင်တော့ခြင်း ဖြစ်နိုင်သလို၊ သန္ဓေပြောင်းအစွမ်းအမျိုးမျိုး အချင်းချင်း ပဋိပက္ခဖြစ်ကာ ဆဲလ်ကွဲပွားမှု အနည်းငယ်မျှပင် မလုပ်ဆောင်နိုင်မီ ပြဿနာတက်ကုန်ခြင်း ဖြစ်သည်။ အချို့ဆိုလျှင် ဗီဇများ ထပ်မံပြောင်းလဲကုန်သည့် ဖြစ်စဉ်များပင် ရှိခဲ့သည်။
ထို့နောက်တွင် သန္ဓေပြောင်းအစွမ်း (၅) မျိုးအထက် ထည့်သွင်းထားသော သန္ဓေသားများမှာလည်း အုပ်စုလိုက် ပြဿနာတက်လာသည်။ ထို့နောက် (၄) မျိုး၊ (၃) မျိုး၊ နောက်ဆုံးတွင် (၂) မျိုးနှင့် (၁) မျိုး ထည့်သွင်းထားသော သန္ဓေသားများပင် ပြဿနာ ပေါ်ပေါက်လာတော့သည်။
မျိုးပွားခန်း များ တစ်ခုပြီးတစ်ခု အလွတ်ဖြစ်သွားကာ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာသည်။
ဆယ်ရက်မြောက်သောအခါ၊ မူလက အရေအတွက် (၁.၅) သန်း ရှိခဲ့သော သန္ဓေသားများမှာ ယခုအခါ သုံးသိန်းပင် မပြည့်တော့ပေ။
ဆယ့်ငါးရက်အကြာတွင် တစ်သိန်းသာ ကျန်တော့သည်။
ဆယ့်ရှစ်ရက်မြောက်သောအခါတွင်မူ တစ်သောင်းသာ ကျန်ရှိတော့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျရှုံးနှုန်းကြောင့် လော်ယွမ်ပင် စိုးရိမ်လာမိသည်။ သူသည် နေ့စဉ် မျိုးပွားခန်းများသို့ သွားရောက်စစ်ဆေးသည့် အချိန် ပိုများလာကာ တစ်ခါတရံ ညသန်းခေါင်တွင်ပင် ထကြည့်မိမှ စိတ်အေးလက်အေး အိပ်ပျော်နိုင်တော့သည်။
ကမ္ဘာပျက်ကတည်းက ပြန်လည်ထူထောင်ရေးဇုန်တွင် ဆင့်ကဲပြောင်းလဲသူပေါင်း သိန်းနှင့်ချီ ထွက်ပေါ်ခဲ့သော်လည်း၊ မတူညီသော သန္ဓေပြောင်းအစွမ်းနှစ်မျိုး ပိုင်ဆိုင်သူမှာမူ အလွန်ပင် ရှားပါးလှသည်။
လော်ယွမ်၏ ယခုစမ်းသပ်မှုမှာ ထိုသံမဏိစည်းကမ်းကို ချိုးဖောက်ရန် ကြိုးစားနေခြင်းဖြစ်ရာ အကြီးအကျယ် ကျရှုံးခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သန္ဓေသားအားလုံး ပျက်စီးသွားခြင်း မရှိပေ။ ကြီးမားလှသော အရေအတွက်အောက်တွင် အံ့ဖွယ်အချို့ အမြဲရှိနေတတ်သည်။
ယခု ကျန်ရှိနေသော သန္ဓေသား တစ်သောင်းမှာ အသားစိုင်လေးများ မဟုတ်တော့ဘဲ လူသားပုံသဏ္ဍာန် ပေါ်လာပြီ ဖြစ်သည်။ ခန္ဓာကိုယ်တွင်း အင်္ဂါများနှင့် ဦးနှောက်မှာလည်း ပုံဖော်နေပြီ ဖြစ်သည်။
ဤအဆင့်သို့ ရောက်လာပြီဆိုလျှင် အန္တရာယ်အရှိဆုံး ကျရှုံးနှုန်းအဆင့်ကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် အောင်မြင်ရန် အခွင့်အလမ်း အလွန်များသွားပြီ ဖြစ်သည်။ ကြီးမားသော မတော်တဆမှု မရှိပါက ဤသန္ဓေသားများ၏ အနည်းဆုံး သုံးပုံတစ်ပုံမှာ ပုံမှန်အတိုင်း ရှင်သန်ကြီးထွားကာ လူသားဖြစ်လာနိုင်မည် ဖြစ်သည်။
သန္ဓေသား (၁.၅) သန်းမှ သုံးထောင်ခန့်သာ ကျန်တော့သည်မှာ ကိန်းဂဏန်းအရ ကြည့်လျှင် အောင်မြင်မှုနှုန်းမှာ အလွန်ပင် နည်းပါးလှသည်။ ထုတ်လုပ်မှု အကျိုးအမြတ်အရဆိုလျှင် ဤစီမံကိန်းမှာ လုံးဝ ကျရှုံးခြင်း ဖြစ်သည်။
အကယ်၍ ဤမျိုးပွားခန်းများကို သာမန်ကိုယ်ပွားလူသား များအတွက်သာ အသုံးပြုခဲ့ပါက ပြန်လည်ထူထောင်ရေးဇုန်အတွက် လူဦးရေ (၁၀) သန်းကျော် တိုးပွားစေနိုင်သည်။ သို့သော် ထွက်ပေါ်လာမည့်သူများမှာ သေချာပြုစုပျိုးထောင်ပေးရုံဖြင့် လော်ယွမ်၏ အဆင့်မြှင့်တင်ထားသော ပုံစံတူသန္ဓေပြောင်းလူသားများ (လေးဘက်မြင် စွမ်းအားမှလွဲ၍) ဖြစ်လာမည်ဆိုပါက ၎င်းတို့၏ တန်ဖိုးကို တိုင်းတာရန် ခက်ခဲပေလိမ့်မည်။
ပြန်လည်ထူထောင်ရေးဇုန်သည် သာမန်လူဦးရေ အမြောက်အမြား လိုအပ်သလို၊ ထိပ်တန်း ဆင့်ကဲပြောင်းလဲသူများကိုလည်း လိုအပ်သည်။ ဤကဲ့သို့သော ထိပ်တန်းသန္ဓေပြောင်းလူသား သုံးထောင်မှာ အဆင့် (၇) ရှိသော သန္ဓေပြောင်းသတ္တဝါများကို ယှဉ်ပြိုင်နိုင်စွမ်းရှိရာ အာနိသင်အရဆိုလျှင် စစ်တပ်ကြီးတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ထို့အပြင် ငယ်စဉ်ကတည်းက ဦးနှောက်ဆေးပြီး ပြုစုပျိုးထောင်ထားမည်ဖြစ်ရာ ဤကိုယ်ပွားလူသားများသည် အခြားဆင့်ကဲပြောင်းလဲသူများကဲ့သို့ ခေါင်းမာရိုင်းစိုင်းမည် မဟုတ်ဘဲ ပြန်လည်ထူထောင်ရေးဇုန်အပေါ် (လော်ယွမ်ကို အပါအဝင်) အပြည့်အဝ သစ္စာရှိကြပေလိမ့်မည်။
လော်ယွမ်သည် လမ်းလျှောက်လာရင်း ဘေးတစ်ဖက်တစ်ချက်ရှိ အရည်များထဲတွင် ကွေးကွေးလေး ရှိနေကြသော ကလေးငယ်များကို စစ်ဆေးကြည့်ရာ သွေးသားရင်းချာချင်း ဆက်နွှယ်နေသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
ဤခံစားချက်မှာ စာပေအသုံးအနှုန်း မဟုတ်သလို စိတ်ကူးယဉ်မှုလည်း မဟုတ်ပေ။ အမှန်တကယ် ခံစားရသော ဆက်သွယ်မှုတစ်ခု ဖြစ်သည်။ ဤကလေးငယ်များသည် သူ၏ သွေးသားတိုးချဲ့မှုများ ဖြစ်ကြပြီး သူ၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများပင် ဖြစ်သည်။
လော်ယွမ်သည် သူအနားကပ်သွားချိန်တွင် အင်္ဂါမစုံသေးဘဲ ဗီဇစိတ်သာရှိသေးသော ထိုကလေးငယ်များထံမှ မရေမရာသော ခံစားချက်တစ်ခု သူ၏ထံသို့ စီးဆင်းလာသည်ကိုပင် ခံစားမိသည်။
သေချာစွာ ခွဲခြားကြည့်လျှင် ထိုခံစားချက်မှာ ချစ်ခင်တွယ်တာမှု ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း ကြောက်ရွံ့ရိုသေမှု အနည်းငယ် ပါဝင်နေသည်။
ဤကလေးငယ်များ၏ ကြီးထွားမှုနှုန်းမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ယေဘုယျအားဖြင့် စွမ်းအားကြီးသော ကလေးငယ်များမှာ ကြီးထွားမှု နှေးကွက်တတ်ပြီး အာဟာရရည် ပြင်းအား ပိုမိုလိုအပ်သည်။ သို့သော် ခြွင်းချက်ရှိသည်။ အချို့သော ဆဲလ်များမှာ စွမ်းအင်ကို ကိုယ်တိုင် ထုတ်လုပ်ပေးနိုင်သည်။
အထူးသဖြင့် မိုက်တိုခွန်းဒရီးယားတွင် အအေးလှိုင်းပေါင်းစပ်မှု ဗီဇ ထည့်သွင်းထားသော အုပ်စုဖြစ်သည်။ အခြားကလေးများ လက်သီးဆုပ်ခန့်သာ ရှိသေးချိန်တွင် ထိုကလေးများမှာ ဖွံ့ဖြိုးမှု ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထို့အပြင် ကနဦးအဆင့်တွင် အာဟာရရည် အနည်းငယ် သုံးစွဲခဲ့သော်လည်း ယခုအခါတွင်မူ အာဟာရရည်မှာ သူတို့အတွက် လိုအပ်ချက် မဟုတ်တော့ပေ။
...........................................................................................................................
(၂၀) ရက်မြောက်သောအခါ၊ ပထမဆုံး အုပ်စုသည် မျိုးပွားခန်းထဲမှ ထွက်လာကြသည်။ ထိုကလေးငယ်များ၏ အင်္ဂါစုံလင်စွာ ကြီးထွားပြီးစီးသွား၍ မဟုတ်ဘဲ မျိုးပွားခန်းထဲမှ မထွက်လျှင် မဖြစ်တော့၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးများ၏ သဘာဝအရ ကန်ကျောက်မှုများကြောင့် မျိုးပွားခန်းများ အကြီးအကျယ် ပျက်စီးကုန်သောကြောင့် ဖြစ်သည်။
ပထမဆုံး ထွက်ပေါ်လာသူများမှာ အအေးလှိုင်းပေါင်းစပ်မှု ဗီဇ ထည့်သွင်းထားသူများ ဖြစ်ကြသည်။ ထိုကလေးငယ်များ၏ အရေပြားမှာ နူးညံ့သော်လည်း မာကျောကျစ်လျစ်ကာ အရိုးသိပ်သည်းဆမှာ အဆင့် (၅) ရှိသော သန္ဓေပြောင်းသတ္တဝါများနှင့် ယှဉ်နိုင်သည်။ တစ်ဦးချင်းစီမှာ အလွန် သန်မာကြပြီး ရုန်းကန်သည့် အားမှာ သာမန် ခွန်အားသုံး ဆင့်ကဲပြောင်းလဲသူ တစ်ဦးနှင့် ထပ်တူကျနေသည်။
ဤသည်မှာ ကလေးအဆင့်မှာပဲ ရှိသေးတာ ဖြစ်သည်။ အရေပြားက နူးညံ့နေသေးပြီး အရိုးတွေကလည်း မမာသေးသလို ကြွက်သားတွေကလည်း ပျော့ခွေနေသေးသည်။ အကယ်၍သာ အပြည့်အဝ ကြီးထွားလာလျှင် မည်မျှအထိ ကြောက်စရာကောင်းမလဲဆိုသည်ကို လော်ယွမ်ပင် ခန့်မှန်း၍ မရနိုင်ပေ။
သာမန်လူသား ကလေးငယ်များနှင့် လုံးဝမတူဘဲ ဤသန္ဓေပြောင်းလူသား ကလေးငယ်များမှာ အလွန်အမင်း တက်ကြွလွန်းလှသည်။ ထို့အပြင် ဇွဲရှိရှိ ရှင်သန်နိုင်စွမ်း လည်း အလွန် မြင့်မားသဖြင့် သာမန် ကုတင်လေးများက သူတို့ကို မထိန်းထားနိုင်တော့ပေ။
မျက်လုံးတောင် မပွင့်သေးသော ကလေးတစ်ယောက်သည် ကိုယ်ကိုတစ်ချက် ရုန်းလိုက်ရုံဖြင့် ကုတင်ပေါ်မှ လွယ်ကူစွာ လိမ့်ကျသွားပြီး ကြမ်းပြင်ပေါ်တွင် ဟိုဟိုဒီဒီ တွားသွားနေတတ်သည်။
၁ပေခွဲ အမြင့်မှ ပြုတ်ကျခြင်းမှာ သူတို့ကို ဒဏ်ရာမရစေသလို နာကျင်မှုပင် မရှိစေဘဲ ဘာမှမဖြစ်သကဲ့သို့ ဆက်လက် လှုပ်ရှားနေကြသည်။
ပို၍ ခေါင်းခဲရသည်မှာ ကလေးများ၏ ငိုသံဖြစ်သည်။ ဘေးခန်းရှိ မျိုးပွားခန်းကို ကလေးထိန်းခန်းအဖြစ် ပြောင်းလဲလိုက်ပြီးကတည်းက ဓာတ်ခွဲခန်းတစ်ခုလုံး တစ်ရက်မှ မတိတ်ဆိတ်ခဲ့ပေ။ နေ့ညမပြတ် ထွက်ပေါ်နေသော ငိုသံများမှာ နားကွဲမတတ် ပြင်းထန်လှသဖြင့် သုတေသီများကို အံ့ဩစေသလို စိတ်တိုစရာလည်း ဖြစ်စေသည်။
မူလက ထိုကလေးများကို ပြုစုရန် ဆေးရုံအသီးသီးမှ သူနာပြုအချို့ကို ခေါ်ယူခဲ့သော်လည်း၊ ကလေးများကို ထိတွေ့ရန် ကြိုးစားရာမှ သူနာပြုအများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုကလေးများကို လွှတ်ထားလိုက်ရတော့သည်။ နေ့စဉ် လိုအပ်သော အစားအစာ ကျွေးချိန်မှလွဲ၍ ပြင်ပလူ မည်သူမျှ ခြေမချဝံ့တော့ပေ။
အမှန်တွင် ဤကလေးငယ်များသည် အစားအသောက် လိုအပ်ချက်လည်း အလွန်နည်းပါးရာ ရက်အနည်းငယ်လောက် မကျွေးဘဲ မေ့ထားလျှင်ပင် ဆာလောင်၍ သေဆုံးမည် မဟုတ်ပေ။
သို့သော် တိတ်ဆိတ်သွားသည့် အချိန်တော့ ရှိသည်။ လော်ယွမ် ကလေးထိန်းခန်းထဲ ဝင်သွားသည့် အချိန်မျိုးတွင် ကလေးအားလုံးမှာ အံ့ဖွယ်ကောင်းလောက်အောင် ငြိမ်ကျသွားကြသည်။ ငိုနေသူက ငိုတာရပ်၊ ဆော့နေသူက ဆော့တာရပ်ကာ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။
သို့သော် အချို့သော အတွေးစများကြောင့် သို့မဟုတ် စိုးရိမ်ပူပန်မှုများကြောင့် လော်ယွမ်သည် ကလေးထိန်းခန်းထဲသို့ အဝင်အထွက် နည်းပါးလှသည်။
သူသတိပြုမိသည်မှာ ထိုကိုယ်ပွားကလေးငယ်များ၏ ကနဦး အသိစိတ်မှာ သူ၏ ဆဲလ်ထဲတွင် ကျန်ရစ်ခဲ့သော စိတ်စွမ်းအား အမှတ်အသားများကို ဗဟိုပြု၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဤကလေးများသည် သူ၏ ခန္ဓာကိုယ် ခွဲထွက်များသဖွယ် ဖြစ်နေပြီး သူသာ အလိုရှိပါက ထိုကလေးများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။
..................................................................................................................
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာရာ (၂၈) ရက်မြောက်တွင် အခြားကလေးများလည်း ထွက်ပေါ်လာကြသည်။ (၃၂) ရက်မြောက်သောအခါ နောက်ဆုံးအုပ်စုလည်း မျိုးပွားခန်းမှ ထွက်လာသည်။ ရှင်သန်ကျန်ရစ်သော ကလေးမှာ ထင်ထားသည်ထက် ပိုများကာ စုစုပေါင်း (၄၁၀၀) ကျော် ရှိပြီး အမျိုးအစားအားဖြင့် (၄၅၀) အုပ်စု ကွဲပြားသည်။
အချို့ စမ်းသပ်အုပ်စုများမှာ အကုန်သေဆုံးခြင်း သို့မဟုတ် ပုံပျက်ခြင်းများ ရှိသော်လည်း ကံကောင်းစွာ ရှင်သန်သူ အနည်းငယ် ရှိခဲ့သည်။ သို့သော် ထိုသို့ မတည်ငြိမ်သော ဗီဇများကို လော်ယွမ်က အစောဆုံး ဖယ်ထုတ်လိုက်သည်။ သူကိုယ်တိုင် ပြုပြင်ပြောင်းလဲမှု လုပ်သည့်အခါ မတော်တဆမှု မဖြစ်ချင်သောကြောင့် ဖြစ်သည်။
ထို (၄၅၀) အုပ်စုထဲတွင် သန္ဓေပြောင်းအစွမ်း (၃) မျိုး ပါဝင်သူမှာ (၂) အုပ်စုသာ ရှိပြီး၊ သန္ဓေပြောင်းအစွမ်း (၂) မျိုး ပါဝင်သူမှာ (၂၈) အုပ်စု ရှိသည်။ ကျန်ရှိသူများမှာ သန္ဓေပြောင်းအစွမ်း (၁) မျိုးသာ ပါဝင်သည်။ သို့သော် လော်ယွမ် သတိပြုမိသည်မှာ သန္ဓေပြောင်းအစွမ်း (၂) မျိုးနှင့်အထက် ပါဝင်သူအားလုံးမှာ အအေးလှိုင်းပေါင်းစပ်မှု ဗီဇ ပါဝင်သော ကိုယ်ပွားများသာ ဖြစ်နေခြင်း ဖြစ်သည်။
ထိုအဖြစ်က လော်ယွမ်ကို တစ်ခု ခန့်မှန်းမိစေသည်။ ဗီဇများစွာ ထည့်သွင်းလျှင် ကျရှုံးရခြင်းမှာ ဗီဇအချင်းချင်း ပဋိပက္ခဖြစ်မှုအပြင် ခန္ဓာကိုယ်မှ ထောက်ပံ့ပေးနိုင်သော စွမ်းအင်နှင့်လည်း သက်ဆိုင်နေခြင်း ဖြစ်နိုင်သည်။
လော်ယွမ်သည် စိတ်ရှည်လက်ရှည်ဖြင့် နောက်ထပ် တစ်ပတ်ခန့် ဆက်နေခဲ့သည်။ ကိုယ်ပွားများ၏ ကျန်းမာရေး စစ်ဆေးမှု အစီရင်ခံစာများ အားလုံး ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုအစီရင်ခံစာကို လော်ယွမ်သည် စိတ်ညှို့စွမ်းအားဖြင့် ထပ်ခါတလဲလဲ အတည်ပြုကာ နမူနာများကိုလည်း ကိုယ်တိုင် စစ်ဆေးခဲ့သည်။ အရာအားလုံး မှန်ကန်ကြောင်း သေချာပြီးနောက် မွေးရာပါ ဗီဇချို့ယွင်းချက် ရှိသော ဆဲလ်နမူနာများကို ဖယ်ထုတ်လိုက်ရာ နောက်ဆုံးတွင် (၃၂၁) အုပ်စုသာ ကျန်ရှိတော့သည်။
သူ နောက်ဆုံးတော့ သက်ပြင်းချနိုင်ပြီ ဖြစ်သည်။ အကြိုပြင်ဆင်မှု လုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ရာ နောက်တစ်ဆင့်မှာ မိမိ၏ ဗီဇကို ပြုပြင်ပြောင်းလဲရန်သာ ကျန်တော့သည်။
လော်ယွမ်သည် ဆဲလ်နမူနာ တစ်ခုချင်းစီကို ကျောပိုးအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် ဓာတ်ခွဲခန်းမှ ဘာမှ တွယ်တာမှုမရှိဘဲ ထွက်ခွာခဲ့သည်။
မြေပြင်လမ်းကြောင်းမှ ထွက်လာသည်နှင့် ပူပြင်းသော လေလှိုင်းတစ်ခုက သူ့မျက်နှာကို ရိုက်ခတ်လာသည်။
လော်ယွမ် ဓာတ်ခွဲခန်းထဲတွင် တစ်လကျော် ကြာခဲ့သည်။ သူ လာစဉ်က ဇန်နဝါရီလသာ ရှိသေးသော်လည်း ယခုအခါ မတ်လထဲ ရောက်နေပြီ ဖြစ်သည်။ သက်သောင့်သက်သာ ရှိလှသော ဆောင်းရာသီ ကုန်ဆုံးသွားသည်နှင့်အမျှ အပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာနေပြီ ဖြစ်သည်။
လော်ယွမ်သည် စူးရှသော နေရောင်ခြည်ကို တစ်ချက် ကြည့်လိုက်ပြီး မြို့သစ်မှ လမ်းလျှောက် ထွက်ခွာလာခဲ့သည်။ ထို့နောက်တွင် ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူသည် မျှော်လင့်ချက်မြို့တော်သို့ တိုက်ရိုက် မပြန်ဘဲ တောရိုင်းမြေများဆီသို့ ဦးတည် ပျံသန်းသွားသည်။
နာရီဝက်အကြာတွင် သူ ဆင်းသက်လိုက်သည်။
သူသည် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း မဟုတ်လျှင်ပင် အလွန် မြန်ဆန်လှသည်။ ဤနေရာမှာ တောင်တန်းများ ဝန်းရံထားပြီး သစ်ပင်တောအုပ်များ ထူထပ်လှသည်။ ပြန်လည်ထူထောင်ရေးဇုန်မှ ကီလိုမီတာ ထောင်ချီဝေးကွာလှသည်။ သို့သော် လုံခြုံမှုအတွက် သူသည် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းကို အသုံးပြုကာ တောင်ခေါင်းအတွင်းသို့ တိုးဝင်လိုက်သည်။
ဟင်းလင်းပြင်စက်ဝန်း ပျောက်ကွယ်သွားသောအခါ သူ၏ ပတ်ပတ်လည်တွင် ပေ၃၀ အချင်းရှိသော လုံးဝပိတ်ဆို့နေသည့် တောင်အခေါင်းဂူတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် ကျောပိုးအိတ်ကို ထုတ်လိုက်ပြီး စုဆောင်းလာသော ဆဲလ်နမူနာများကို တစ်ခုချင်းစီ ဖြန့်ခင်းကာ သေချာစွာ စတင်ရွေးချယ်တော့သည်။ ဤဆဲလ်နမူနာများသည် အားအနည်းဆုံး တစ်ခုဆိုလျှင်ပင် သူ့အား ဆင့်ကဲပြောင်းလဲမှု သန္ဓေပြောင်းအစွမ်းတစ်မျိုး တိုးပွားစေကာ အစွမ်းကို တိုးစေမည် ဖြစ်သည်။ သို့သော် သန္ဓေပြောင်းအစွမ်းတစ်မျိုး ရဖို့အတွက်ဆိုလျှင် လော်ယွမ်အနေဖြင့် ဤမျှ အချိန်ကုန် လူပင်ပန်းခံကာ လုပ်နေစရာ မလိုပေ။
အစွမ်းနည်းသော ဆဲလ်များကို လော်ယွမ်က အစောဆုံး ဖယ်ထုတ်လိုက်ရာ (၃၂၁) ခုမှ (၈၀) ကျော်သာ ကျန်တော့သည်။
သန္ဓေပြောင်းအစွမ်း (၃) မျိုး ပါဝင်သော နမူနာများသည် ဗီဇ မတည်ငြိမ်မှု ဖြစ်စေနိုင်သဖြင့် သူ ဖယ်ထုတ်လိုက်သည်။
သန္ဓေပြောင်းအစွမ်း (၁) မျိုးသာ ပါဝင်သော နမူနာများမှာလည်း တန်ဖိုး မရှိလှသဖြင့် ဖယ်ထုတ်လိုက်ပြန်သည်။
ရွေးချယ်စရာ နယ်ပယ်မှာ သိသိသာသာ ကျဉ်းမြောင်းသွားသည်။ ရှေ့မှောက်တွင် (၁၂) ခုသာ ကျန်တော့ရာ လော်ယွမ် ထပ်မံ စိစစ်လိုက်သောအခါ (၃) ခုသာ ကျန်ရှိတော့သည်။
၁။ အအေးလှိုင်းပေါင်းစပ်မှု နှင့် ရုပ်ဝတ္ထု ခြေဖျက်ခြင်း
၂။ အအေးလှိုင်းပေါင်းစပ်မှု နှင့် ပလက်စမာ ကာကွယ်ရေး
၃။ အအေးလှိုင်းပေါင်းစပ်မှု နှင့် နေရာရွှေ့ပြောင်းခြင်း
ဤနမူနာ သုံးခုကို ကြည့်ပြီး လော်ယွမ် အတော်လေး တွေဝေသွားမိသည်။ တစ်ခါတရံ ရွေးချယ်စရာ များလွန်းခြင်းကလည်း နာကျင်မှု တစ်မျိုးပင်။ ဤနမူနာ သုံးခုစလုံးတွင် အအေးလှိုင်းပေါင်းစပ်မှု ပါဝင်သည့်အပြင် ကျန်သန္ဓေပြောင်းအစွမ်း တစ်ခုစီမှာလည်း အလွန် အစွမ်းထက်လှသည်။
ဥပမာ ရုပ်ဝတ္ထု ခြေဖျက်ခြင်း။ မှတ်တမ်းများအရ ဤသန္ဓေပြောင်းအစွမ်းပိုင်ရှင်သည် သူ၏ လက်ချောင်းမှနေ၍ အက်တမ်များအကြားရှိ ပြင်းထန်သော အားသက်ရောက်မှုကို ခေတ္တမျှ ပျက်ပြယ်စေသော ရောင်ခြည်တစ်မျိုး ထုတ်လွှတ်နိုင်ပြီး ရုပ်ဝတ္ထုများကို ချက်ချင်း အငွေ့ပျံသွားစေနိုင်သည်။
သို့သော် ထိုသန္ဓေပြောင်းအစွမ်းပိုင်ရှင်မှာ သာမန်လူနှင့် မခြားနားသဖြင့် ခန္ဓာကိုယ်မှ ပေးစွမ်းနိုင်သော စွမ်းအင်မှာ အလွန်နည်းပါးလှသည်။ ထို့ကြောင့် တစ်ကြိမ် ပစ်လွှတ်ပြီးတိုင်း ခန္ဓာကိုယ်မှာ တစ်နေ့ကုန် နွမ်းနယ်သွားတတ်ပြီး ရောင်ခြည်စွမ်းအားမှာလည်း မပြင်းလှသဖြင့် အပေါ်ယံ ဒဏ်ရာသာ ပေးနိုင်ကာ အဆင့်နိမ့် သားရဲတစ်ကောင်ကိုပင် မသတ်နိုင်ခဲ့သဖြင့် ထိုသန္ဓေပြောင်းအစွမ်းမှာ မြုပ်ကွယ်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော် ညံ့ဖျင်းသော အသုံးပြုသူသာ ရှိသော်လည်း ညံ့ဖျင်းသော သန္ဓေပြောင်းအစွမ်းဟူ၍ မရှိပေ။ အကယ်၍ ဤသန္ဓေပြောင်းအစွမ်းကို လော်ယွမ်၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းကာ အအေးလှိုင်းပေါင်းစပ်မှု မှ စွမ်းအင် ထောက်ပံ့ပေးလိုက်မည်ဆိုပါက ၎င်း၏ အစွမ်းမှာ အဆပေါင်း ရာနှင့်ချီ တိုးတက်လာမည်ဖြစ်ပြီး အဆင့် (၈) ရှိသော သားရဲများပင် ခုခံနိုင်မည် မဟုတ်ပေ။
နောက်တစ်ခုမှာ ပလက်စမာ ကာကွယ်ရေး ဖြစ်သည်။ ဤသန္ဓေပြောင်းအစွမ်းမှာ လော်ယွမ်နှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သူဝတ်ထားသော အတွင်းခံမှာလည်း ပလက်စမာ စွမ်းအင်စက်ကွင်း ပါဝင်သည်။ လေးဘက်မြင် အမြင်အာရုံကြောင့် ဦးနှောက်သေမသွားစေရန် ဤအတွင်းခံက ကာကွယ်ပေးထားခြင်း ဖြစ်သည်။
ဤသန္ဓေပြောင်းအစွမ်းသည် အလွန်မြင့်မားသော အပူချိန်ရှိသည့် ပလက်စမာ စက်ကွင်းတစ်ခုကို ဖန်တီးပေးနိုင်သည်။ ထိုအထဲတွင် အလွန်မြန်သောနှုန်းဖြင့် လှုပ်ရှားနေသည့် ပလက်စမာ အခြေအနေက စွမ်းအင် တိုက်ခိုက်မှုများနှင့် ရုပ်ဝတ္ထု တိုက်ခိုက်မှုအချို့ကို စုပ်ယူပေးနိုင်သလို လျှပ်စစ်သံလိုက်လှိုင်း ထောက်လှမ်းမှုများကိုလည်း စုပ်ယူနိုင်သည်။ သိပ္ပံစိတ်ကူးယဉ် ကားများထဲမှ စွမ်းအင် ဒိုင်းလွှာ နှင့် အလားသဏ္ဍာန် တူလှသည်။
တတိယ သန္ဓေပြောင်းအစွမ်းကိုမူ အထူး ရှင်းပြနေစရာ မလိုပေ။ ၎င်းမှာ မျှော်လင့်ချက်မြို့တော် ဓားတရား ဌာနမှ အရူးဝမ် ၏ သန္ဓေပြောင်းအစွမ်း ဖြစ်သည်။ လော်ယွမ် ထိုသန္ဓေပြောင်းအစွမ်းကို လိုချင်နေသည်မှာ ကြာပြီ ဖြစ်သည်။
အကယ်၍ ဤသန္ဓေပြောင်းအစွမ်းကို ရရှိပြီး (၂) စက္ကန့် ကြိုတင်မြင်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏ ရှင်သန်နိုင်စွမ်းမှာ ဂျီဩမေတြီ ကိန်းဂဏန်းများအတိုင်း အဆမတန် မြင့်တက်သွားမည် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ဤသန္ဓေပြောင်းအစွမ်း (၃) မျိုးထဲမှ သူ တစ်မျိုးကိုသာ ရွေးချယ်နိုင်သည်။ လော်ယွမ် အတော်ကြာ တွေဝေပြီးနောက် နောက်ဆုံးတွင် "နေရာရွှေ့ပြောင်းခြင်း" ကိုသာ ရွေးချယ်လိုက်တော့သည်။
ရုပ်ဝတ္ထု ခြေဖျက်ခြင်းမှာ တိုက်စစ်ကို မြှင့်တင်ပေးခြင်း ဖြစ်သော်လည်း၊ လေဟာနယ်ပိုင်းဖြတ်အစွမ်းရှိသော ကျန်းမာတောက်ဓား ရှိနေသဖြင့် သူ၏ တိုက်စစ်မှာ အားနည်းသည် မဟုတ်ပေ။ အဝေးရောက် တိုက်စစ်တွင်သာ အနည်းငယ် အားနည်းချက် ရှိခြင်း ဖြစ်သည်။
ပလက်စမာ ကာကွယ်ရေးနှင့် ပတ်သက်လျှင်မူ သန္ဓေပြောင်းသတ္တဝါများကို ရင်ဆိုင်ရာတွင် အဆင်ပြေနိုင်သော်လည်း၊ ဂြိုဟ်သား ယာဉ်ပျံများ၏ စွမ်းအင်မြင့် ရောင်ခြည်များကို ရင်ဆိုင်ရာတွင်မူ မည်သို့မျှ မတတ်နိုင်လောက်ပေ။ အအေးလှိုင်းပေါင်းစပ်မှု မှ စွမ်းအင် ရရှိသည်ဆိုဦးတော့၊ ဂြိုဟ်သား ယာဉ်ပျံကြီးများနှင့် ယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းကဲ့သို့ ကွာခြားနေမည် ဖြစ်သည်။
သူသည် ဆဲလ်နမူနာကို ကိုင်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ စိတ်စွမ်းအားမှာ ဆဲလ်အတွင်းသို့ လျင်မြန်စွာ နစ်မြုပ်သွားပြီး ထိုဆဲလ်၏ ဗီဇ အစီအစဉ် များကို မှတ်သားလိုက်လေတော့သည်။
ဆက်ရန်...
အပိုင်း (၄၂၀) ကြောက်မက်ဖွယ်စွမ်းအား
လူသားတစ်ဦး၏ ဒီအန်အေ တွင် အခြေခံအတွဲပေါင်း သန်း ၃၀၀၀ ခန့် ပါရှိသည်။ လော်ယွမ်၏ ဉာဏ်ရည်သည် ၁၅ မှတ် ရှိသော်လည်း ဤပမာဏအားလုံးကို မှတ်သားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ၉၈ ရာခိုင်နှုန်းသော အဓိပ္ပာယ်မဲ့ ဒီအန်အေ အပိုင်းအစများကို ဖယ်ထုတ်လိုက်လျှင်ပင် အခြေခံအတွဲပေါင်း သန်း ၆၀ ကျော် ကျန်ရှိနေသေးရာ ၎င်းသည်လည်း ကြီးမားသော ကိန်းဂဏန်းတစ်ခု ဖြစ်နေဆဲပင်။
သို့သော် လက်တွေ့တွင်မူ ဤမျှ ရှုပ်ထွေးခံနေစရာ မလိုပေ။ ဤဆဲလ်သစ်၏ မျိုးရိုးဗီဇဆိုင်ရာ အရာဝတ္ထုများသည် လော်ယွမ်၏ မူလခန္ဓာကိုယ်ကို ပုံစံယူထားခြင်း ဖြစ်သည်။ ကိုယ်ပွားမပြုလုပ်မီ ရုပ်ရည်တူညီသွားမည်ကို ရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိ ပြုပြင်ထားသော ဗီဇများကို ဖယ်ထုတ်လိုက်လျှင် အမှန်တကယ် ပြောင်းလဲသွားသော မျိုးဗီဇအုပ်စုမှာ များများစားစား မရှိလှပေ။
လော်ယွမ်၏ မူလကိုယ်ပိုင် ဒီအန်အေ နှင့် နှိုင်းယှဉ်ပါက ဗီဇအုပ်စု ၈ ခုသာ ပိုလာပြီး ဗီဇအုပ်စု ၁၃၅၀ ခန့်သာ အနည်းငယ် ပြုပြင်ပြောင်းလဲမှု ရှိသည်။ အနည်းဆုံး အခြေခံအတွဲ တစ်တွဲ၊ နှစ်တွဲမှ အများဆုံး ရာဂဏန်းခန့်သာ ကွာခြားခြင်း ဖြစ်သည်။ ကျန်ရှိသော ဗီဇအုပ်စု သုံးသောင်းနီးပါးမှာမူ မူလအတိုင်း တစ်ထပ်တည်း တူညီသည်။ စုစုပေါင်း အခြေခံအတွဲ ငါးသောင်း၊ ခြောက်သောင်းခန့်သာ ပြောင်းလဲမှု ရှိသည်။
တိတိကျကျ ဆိုရလျှင် ၅၆,၄၅၆ တွဲ ဖြစ်သည်။ ဤကိန်းဂဏန်းသည် သာမန်အားဖြင့် ကြီးမားနေဆဲ ဖြစ်သော်လည်း လော်ယွမ်အတွက်မူ အောင့်အီးပြီး မှတ်သားနိုင်သော ပမာဏ ဖြစ်သည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လော်ယွမ်သည် ခရိုမိုဆုန်းများ ကြားတွင် စိတ်အာရုံနစ်မြုပ်နေခဲ့ရာ ၃ နာရီခန့် ကြာသွားပြီးမှ သတိပြန်ဝင်လာသည်။
သူ မျက်လုံးမှိတ်ပြီး အချိန်အတော်ကြာ ပြန်လည်သုံးသပ်လိုက်သည်။ ထို့နောက် မျက်လုံးဖွင့်ပြီး မိမိ၏ စိတ်စွမ်းအားဖြင့် ဆဲလ်အတွင်းသို့ ထပ်မံ ထိုးဖောက်ဝင်ရောက်ကာ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးကြည့်ရာ မှတ်ဉာဏ်ထဲရှိ အချက်အလက်များနှင့် တိကျမှန်ကန်ကြောင်း တွေ့ရှိရသည်။
လော်ယွမ် ခေါင်းမော့လိုက်ရာ ဦးခေါင်းတစ်ခုလုံး ကွဲထွက်လုမတတ် ကိုက်ခဲနေမှုကို ခံစားလိုက်ရသဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ပြင်ဆင်မှုအားလုံး ပြီးဆုံးပြီ ဖြစ်သည်။ ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုကို အချိန်မရွေး စတင်နိုင်သည်။ သို့သော် ဤမျှ ကြာအောင် စောင့်ခဲ့ပြီးမှတော့ ချက်ချင်းကြီး စိတ်လောစရာ မလိုတော့။ မစတင်မီ တစ်ညတာ ကောင်းစွာ အနားယူပြီး အားအင်မွေးကာ အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ချိန်ညှိရမည်။
သူသည် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းကို အသုံးပြုကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ထိုလှိုဏ်ဂူသည် တောင်နံရံ အတွင်းပိုင်းတွင် ရှိပြီး လုံးဝ ပိတ်လှောင်နေသော နေရာဖြစ်သည်။ လုံခြုံမှု ရှိသော်လည်း အနားယူရန်အတွက်မူ မသင့်တော်ပေ။
ထို့အပြင် လော်ယွမ် ၃ နာရီကြာ နေထိုင်အသက်ရှူပြီးနောက် ထိုနေရာရှိ အောက်ဆီဂျင် ပမာဏသည် အလွန်နည်းပါးနေပြီ ဖြစ်သည်။ လော်ယွမ်အနေဖြင့် လုံးဝ အသက်မရှူဘဲ ၃-၄ နာရီလောက် နေနိုင်သော်လည်း တစ်ရေးအိပ်ပြီး ထလာပါက ခြေလက်များ ပျော့ခွေပြီး ခေါင်းမူးခေါင်းကိုက် ဖြစ်လာနိုင်ခြေ ရှိသည်။ အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်ရန် မဆိုထားနှင့်၊ မတ်တပ်ရပ်နိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။
......................................................................................................
သူသည် တောင်နံရံထဲမှ ပျံထွက်လာပြီး လူတစ်ကိုယ်စာ ဝင်ဆံ့သော သစ်ခေါင်းတစ်ခုကို ရှာလိုက်သည်။ မိမိ၏ အရှိန်အဝါ ကို ထုတ်လွှတ်ပြီး သစ်ခေါင်းထဲရှိ ပိုးမွှားများကို ရှင်းလင်းလိုက်ပြီးနောက် အတွင်းသို့ ဝင်လိုက်သည်။ သစ်ခေါင်းထဲမှ ထွက်နေသော ဆွေးမြေ့နံ့ သဲ့သဲ့ကို ရှူရှိုက်ရင်း အောက်ခြေတွင် ခွေခွေလေး လှဲကာ မျက်လုံးမှိတ်လိုက်ရာ မကြာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ဆယ်နာရီကြာအောင် အိပ်စက်ပြီးနောက် နိုးလာသောအခါ ဒုတိယနေ့၏ အရုဏ်တက်ချိန်သို့ ရောက်နေပြီ ဖြစ်သည်။
သူ အကြောအချင် ဆန့်ထုတ်ပြီး အချိန်ကို ကြည့်လိုက်သည်။ ထို့နောက် လန်းဆန်းတက်ကြွစွာဖြင့် သစ်ခေါင်းထဲမှ ထွက်လာခဲ့သည်။ နေမထွက်သေးသဖြင့် ပတ်ဝန်းကျင်သည် မည်းမှောင်နေဆဲ ဖြစ်သည်။ အဝေးတစ်နေရာဆီမှ ဥသြဆွဲသံကဲ့သို့သော သန္ဓေပြောင်းသတ္တဝါကောင်များ၏ ဟိန်းဟောက်သံများသာ ဆက်တိုက် ထွက်ပေါ်နေသည်။
သို့သော် ယခုအခါ ထိုအသံများသည် လော်ယွမ်အပေါ် မည်သည့် ခြိမ်းခြောက်မှုမှ မရှိတော့ပေ။ ပုံမှန် ကြားနေကျ နောက်ခံတေးသွားများကဲ့သို့ သူ့စိတ်ကို အနှောင့်အယှက် မဖြစ်စေတော့။ ရှားပါးသော အဆင့် ၈ သတ္တဝါအချို့မှလွဲ၍ ဤတောအုပ်ကြီးသည် သူ့အတွက် လျှို့ဝှက်ဆန်းကြယ်မှု ကင်းမဲ့နေပြီ ဖြစ်သည်။ ပြန်လည်ထူထောင်ရေးဇုန်ထဲတွင် နေရသကဲ့သို့ပင် အန္တရာယ်ကင်းသည်ဟု ခံစားနေရသည်။
တစ်ညလုံး အစာရှာမရသဖြင့် ဆာလောင်မွတ်သိပ်နေသော သန္ဓေပြောင်းသတ္တဝါကောင်တစ်ကောင်သည် ရုတ်တရက် လော်ယွမ်ကို တွေ့ရှိသွားသည်။ စိမ်းဖန့်ဖန့် မျက်လုံးများ အရောင်လက်သွားပြီး မြက်ခင်းတောထဲတွင် ဝပ်တွားကာ သူ့ထံသို့ တဖြည်းဖြည်း တိုးကပ်လာသည်။
လော်ယွမ် ပြုံးလိုက်သည်။ ကိုယ့်သဘောနှင့်ကိုယ် လာပို့သော အစားအစာကို သူ ငြင်းပယ်စရာ အကြောင်းမရှိ။ ၁၀ မိနစ်ခန့်အကြာတွင် ကီလိုဂရမ် ရာချီ လေးလံသော ထိုသားရဲကောင်ကြီးသည် မီးဖိုပေါ်တွင် ကင်ထားသော အသားကင် ဖြစ်သွားတော့သည်။
လော်ယွမ်သည် သားရဲကောင်၏ သုံးပုံတစ်ပုံခန့်ကို စားသောက်လိုက်ပြီး ကျန်တစ်ဝက်ကို သိမ်းဆည်းထားလိုက်သည်။ ထို့နောက် အနီးနားရှိ စမ်းချောင်းတစ်ခုကို ရှာဖွေပြီး ရေထဲမှ ကပ်ပါးကောင်များကို ရှင်းထုတ်ကာ ဗိုက်ကားအောင် သောက်လိုက်သည်။ ပြီးနောက် ဆုကြေးအနေဖြင့် ရရှိထားသော သားရဲသားရေအိတ်ထဲသို့ ရေကီလိုဂရမ် ဆယ်ချီ ထည့်ကာ လိုရမည်ရ ဆောင်ထားလိုက်သည်။
လူသားခန္ဓာကိုယ် ပြုပြင်ပြောင်းလဲရာတွင် မျိုးဗီဇ ပြုပြင်ခြင်းသည် ပထမအဆင့်သာ ရှိသေးသည်။
ဆဲလ်များအတွက် မျိုးဗီဇဆိုသည်မှာ အရာခပ်သိမ်းကို သတ်မှတ်ပြဋ္ဌာန်းသော စည်းမျဉ်းများ၊ အမြင့်မြတ်ဆုံးသော ဥပဒေများ ဖြစ်သည်။ ထိုဥပဒေများသည် အလွန် တင်းကျပ်ပြီး အသေးစိတ်ကျသည်။ ဆဲလ်များ၏ လှုပ်ရှားမှုတိုင်း၊ ဇီဝကမ္မဖြစ်စဉ်များ၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်း အားလုံးတွင် အနည်းငယ်မျှ အလွဲအချော် မခံပေ။
မျိုးဗီဇများသည် ၎င်းတို့ကိုယ်တိုင်နှင့် ဆဲလ်များအကြား သဟဇာတမဖြစ်မှုကို တွေ့ရှိပါက အထူး ယန္တရားတစ်ခုကို ချက်ချင်း စတင်လိုက်သည်။ ဆဲလ်ကွဲပွားမှုကို လှုံ့ဆော်ပေးပြီး စည်းမျဉ်းသစ်များနှင့် ကိုက်ညီသော ဆဲလ်အသစ်များကို မွေးဖွားစေကာ မူလဆဲလ်ဟောင်းများကို သေဆုံးစေသည်။
အကယ်၍ မူလဆဲလ်ဟောင်းများတွင်သာ အသိစိတ်ရှိပါက မိမိတို့မှာ မတရား ခံရပါသည်ဟု အော်ဟစ်ငိုကြွေးကြပေလိမ့်မည်။ မိမိတို့မှာ တာဝန်ကျေပွန်စွာ၊ ဝီရိယရှိစွာဖြင့် မျိုးဗီဇမှ ချမှတ်သော စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့သော်လည်း ရုတ်တရက် မျိုးဗီဇ ဗြောင်းဆန်သွားပြီး စည်းမျဉ်းများ ပြောင်းလဲသွားသဖြင့် မူလက တရားဝင်သော အရာများမှာ တရားမဝင် ဖြစ်သွားကာ ကံဆိုးမိုးမှောင် ကျရခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ မျိုးဗီဇ ပြုပြင်ပြောင်းလဲမှု ပြီးဆုံးသည်နှင့် တပြိုင်နက် လော်ယွမ်၏ ခန္ဓာကိုယ်တွင် ဆဲလ်အသစ်လဲလှယ်ခြင်း လုပ်ငန်းစဉ်ကြီး ဖြစ်ပေါ်လာမည်။ အချိန်တိုအတွင်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ဆဲလ်များ အစားထိုးလဲလှယ်ခြင်း ခံရမည်။ ဤအချိန်ကာလသည် ထင်ထားသည်ထက် ပိုမြန်ဆန်နိုင်သည်။ မျိုးဗီဇမှ ပုံမှန်မဟုတ်သည်ကို သတိထားမိပြီး အစားထိုးလဲလှယ်မှု ယန္တရားကို စတင်လိုက်သည်နှင့် မိနစ်ပိုင်းအတွင်း ဆဲလ်အားလုံး လျင်မြန်စွာ ကွဲပွားသွားနိုင်သည်။
ဤကဲ့သို့ ပြင်းထန်သော ဆဲလ်ကွဲပွားမှု ဖြစ်စဉ်သည် စွမ်းအင် အမြောက်အမြား လိုအပ်ရုံသာမက ဒြပ်ဝတ္ထုများနှင့် ရေဓာတ် အများအပြားလည်း လိုအပ်သည်။
ပြင်ဆင်ထားသော အစားအသောက်နှင့် ရေများကို ကျောပေါ်တွင် လွယ်ပိုးပြီးနောက် လိုအပ်ချက်များ မရှိတော့ကြောင်း သေချာစေရန် စဉ်းစားလိုက်သည်။ ထို့နောက် ကွေးညွတ်ပျံသန်းခြင်းကို စတင်ပြီး တောင်နံရံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။
အပြင်လောက၏ ဆူညံသံများ လုံးဝ ပျောက်ကွယ်သွားပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သို့သော် နောက်ဆုံးအဆင့်သို့ တက်လှမ်းရတော့မည့် အချိန်တွင် သူ အနည်းငယ် တွန့်ဆုတ်မိပြန်သည်။ ဤမျိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းကို စိတ်ကူးထဲတွင် အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီး အောင်မြင်ခဲ့သော်လည်း တကယ်တမ်း မိမိခန္ဓာကိုယ်ကို လက်တွေ့ စမ်းသပ်ရမည် ဆိုတော့ စိတ်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်လာသည်။
မျိုးဗီဇ ပြောင်းလဲခြင်းသည် ကိစ္စသေး မဟုတ်။ အသက်ရှင်ခြင်း၏ အခြေခံအကျဆုံး စည်းမျဉ်းများကို ပြောင်းလဲခြင်း ဖြစ်သည်။ ကြည့်လိုက်လျှင် အပုံ နှစ်သိန်းပုံ တစ်ပုံလောက်သာ ပြောင်းလဲခြင်း ဖြစ်သော်လည်း ခန္ဓာကိုယ်အတွက်မူ ကြီးမားသော တုန်လှုပ်ချောက်ချားဖွယ် အပြောင်းအလဲ ဖြစ်သည်။
အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့လျှင် သို့မဟုတ် ဖော်ပြမှုလွဲမှားခဲ့လျှင် အကောင်းဆုံးအနေဖြင့် လူမမည်၊ တစ္ဆေမမည် ပုံပျက်ပန်းပျက် သတ္တဝါ ဖြစ်သွားနိုင်ပြီး အဆိုးဆုံးအနေဖြင့် မျိုးဗီဇ ပြိုကွဲကာ ဝိညာဉ်ပါ ချုပ်ငြိမ်းပြီး သေဆုံးသွားနိုင်သည်။
ထို့အပြင် ဦးနှောက်နှင့် ပတ်သက်၍ ယခုထက်ထိ သူ ရာနှုန်းပြည့် ယုံကြည်မှု မရှိသေးပေ။
သို့သော် နောက်ဆုံးတွင် လော်ယွမ် သက်ပြင်းချလိုက်သည်။ ဤအဆင့်ထိ ရောက်မှတော့ လက်လျှော့လိုက်မည် ဆိုလျှင် အရင်က စိုက်ထုတ်ခဲ့သမျှ အားထုတ်မှုတွေ အလကား ဖြစ်ကုန်လိမ့်မည်။ မည်မျှပင် အန္တရာယ်များပါစေ စွန့်စားကြည့်ရမည်။
ဘေးကင်းစေရန်အတွက် လော်ယွမ်သည် ပြောင်းလဲရမည့် မျိုးဗီဇများကို နောက်တစ်ကြိမ် အသေအချာ ပြန်လည်မှတ်သားလိုက်သည်။
နောက်တစ်ခဏတွင် သူ့စိတ်စွမ်းအား သည် ခန္ဓာကိုယ်အတွင်းသို့ နစ်မြုပ်သွားသည်။
လော်ယွမ် ဦးစွာ ပြုပြင်ပြောင်းလဲမည့် နေရာမှာ ခြေဖဝါးဖြစ်သည်။ သို့သော် မစတင်မီ စမ်းသပ်မှု တစ်ခု ပြုလုပ်ရန် လိုအပ်သည်။ သူသည် ခြေဖဝါးမှ အရေပြားဆဲလ် တစ်လုံးကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။ ၁၉ မှတ် ရှိသော အားကောင်းသည့် စိတ်စွမ်းအားကြောင့် အခြေခံအတွဲ တစ်ခုချင်းစီကို လိုက်လံချိန်ညှိနေစရာ မလိုတော့ပေ။
အထူးသဖြင့် ဦးနှောက်ထဲရှိ အခြေခံစီစဉ်ပုံ မှတ်ဉာဏ်များကြောင့် ''စိတ်ကူးရှိက ဖြစ်စေနိုင်သော'' ဤစိတ်စွမ်းအားသည် ကြမ်းတမ်းပြီး ပြန့်ကျဲနေသော အခြေအနေမှ သိမ်မွေ့တိကျသော အခြေအနေသို့ ပြောင်းလဲသွားသည်။ စိတ်စွမ်းအား ကုန်ဆုံးမှု နည်းပါးသွားသလို ထိုးဖောက်နိုင်စွမ်းလည်း ပိုမိုနက်ရှိုင်းလာသည်။
လော်ယွမ် စိတ်ကူးတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ထိုဆဲလ်လေးသည် အလွယ်တကူ ပြောင်းလဲသွားသည်။
ခရိုမိုဆုန်းပေါ်ရှိ ဒီအန်အေ ကွင်းဆက် အားလုံးကို သေချာစွာ စစ်ဆေးကြည့်ရာ အမှားအယွင်း မရှိကြောင်း တွေ့ရသည်။
စမ်းသပ်မှု အောင်မြင်သည်ကို တွေ့သောအခါ လော်ယွမ်သည် ကြီးမားသော ပြုပြင်ပြောင်းလဲမှုကို စတင်လိုက်သည်။ သူ၏ အဏုကြည့် အမြင်အာရုံကို ချိန်ညှိလိုက်ရာ ဆဲလ်များသည် လျင်မြန်စွာ သေးငယ်သွားပြီး မြင်ကွင်း ကျယ်ပြန့်လာသည်။ ဆဲလ်တစ်လုံးတည်း မြင်ရရာမှ အပ်ဖျားခေါင်းအရွယ်အစားရှိသော သန်းပေါင်းများစွာသော ဆဲလ်အစုအဝေးကြီးကို မြင်တွေ့လိုက်ရသည်။
စိတ်စွမ်းအားများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ပုံသဏ္ဍာန်မဲ့၊ အသံမဲ့၊ အလင်းမဲ့သော်လည်း သိမ်မွေ့သော မျှင်တန်းလေးများအဖြစ် ဆယ်သိန်းချီသော ဆဲလ်များကို တိတ်တဆိတ် ပြုပြင်ပြောင်းလဲနေသည်။
ဤကဲ့သို့သော မြင်ကွင်းကျယ် ချဲ့ထွင်မှုတွင်လည်း ပြုပြင်ပြောင်းလဲမှု ထိရောက်ကြောင်း တွေ့ရသဖြင့် လော်ယွမ် ပိုမိုရဲဝံ့စွာ ချဲ့ထွင်ကြည့်လိုက်သည်။
ယခုအခါ သူ၏ အတွင်းစိတ်အာရုံတွင် ဆဲလ်များကို မမြင်ရတော့ပေ။ ချောမွတ်သော ကြွက်သားမျှင်များနှင့် သွေးကြောမျှင်များကိုသာ မြင်ရတော့သည်။ စိတ်စွမ်းအား လွှမ်းခြုံထားသော ဧရိယာအတွင်း ဆဲလ်ပေါင်း ကုဋေချီ ပါဝင်နေပြီ ဖြစ်သည်။
မိနစ် ၂၀ ခန့်အကြာတွင် သူ့ခြေထောက်နှစ်ဖက်လုံး ပြုပြင်ပြောင်းလဲမှု ပြီးစီးသွားသည်။
ထို့နောက် လက်နှစ်ဖက်၊ အရေပြား၊ ကြွက်သား၊ နောက်ဆုံးတွင် အတွင်းကလီစာများနှင့် ကျောရိုးမကြီး... စိတ်စွမ်းအားသည် ရေကာတာကျိုးသကဲ့သို့ တဟုန်ထိုး ကုန်ဆုံးနေသည်။ ကံကောင်းသည်မှာ သူ့စိတ်စွမ်းအားသည် ၁၉ မှတ်၊ အာရုံခံနိုင်စွမ်း မှာ ၁၇ မှတ် ရှိသဖြင့် အရည်အသွေးရော ပမာဏပါ ကြီးမားသော ပြောင်းလဲမှု ရှိထားခြင်း ဖြစ်သည်။ ယခင်ကသာ ဆိုလျှင် လမ်းခုလတ်မှာတင် စွမ်းအင်ခန်းခြောက်သွားနိုင်သည်။
နှစ်နာရီကြာပြီးနောက် ပြုပြင်ပြောင်းလဲမှုသည် လည်ပင်း၊ မျက်နှာနှင့် ဦးရေပြားသို့ ရောက်ရှိလာသည်။
သို့သော် ဦးနှောက်သို့ ရောက်လုနီးအချိန်တွင် လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်ရသည်။
စိတ်စွမ်းအားသည် မိမိ၏ ဦးနှောက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူတစ်ယောက်သည် မိမိ၏ နောက်စေ့ကို ပြန်မမြင်နိုင်သကဲ့သို့ ဦးနှောက်သည်လည်း စိတ်စွမ်းအားဖြင့် ကြည့်ရှု၍ မရသော တားမြစ်နယ်မြေ ဖြစ်နေသည်။ ဤအချက်ကို ပြုပြင်ပြောင်းလဲမှု မလုပ်မီကတည်းက သူ သိရှိပြီး စဉ်းစားထားပြီးသား ဖြစ်သည်။
ယခု သူ့ရှေ့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိသည်။
ပထမနည်းလမ်းမှာ လွှတ်ထားလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ပြီးပြည့်စုံသော လုပ်ဆောင်ချက်များ ရှိသည့် သီးခြား တစ်သျှူးအဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် ခန္ဓာကိုယ်၏ ဗီဇနှင့် ကွဲလွဲနေလျှင်တောင် သိပ်ပြဿနာ မရှိနိုင်ပေ။ ဆဲလ်ချင်း ပဋိပက္ခ ဖြစ်ပွားမည် မဟုတ်။ ဥပမာအားဖြင့် ကိုယ်အင်္ဂါ အစားထိုးကုသမှုကို ကြည့်နိုင်သည်။ သူစိမ်းတစ်ယောက်၏ ကိုယ်အင်္ဂါကို လက်ခံရယူသော်လည်း ခုခံတွန်းလှန်မှု မဖြစ်သရွေ့ ကောင်းမွန်စွာ အသက်ရှင်နိုင်သည်။
သို့သော် ထို ခုခံတွန်းလှန်မှု ကြောင့်ပင် လော်ယွမ် အန္တရာယ်ကို ထည့်သွင်းစဉ်းစားရခြင်း ဖြစ်သည်။
လူ့ခန္ဓာကိုယ်သည် ပြင်ပအရာဝတ္ထုများကို တွန်းလှန်လေ့ရှိသည်။ ကိုယ်အင်္ဂါများလည်း ထိုနည်းလည်းကောင်းပင်။ ခုခံတွန်းလှန်ခြင်းသည် ဇီဝသက်ရှိများ၏ မိမိကိုယ်ကို ကာကွယ်သော အပြုအမူဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်သည် 'မိမိ' နှင့် 'မိမိမဟုတ်သော အရာ' ကို ခွဲခြားသိမြင်ပြီး ပဋိဇီဝပစ္စည်း များ ထုတ်ကာ တိုက်ခိုက်လေ့ရှိသည်။
ဦးနှောက်သည် မူလက ပြင်ပအရာဝတ္ထု မဟုတ်သော်လည်း ခန္ဓာကိုယ်၏ မျိုးဗီဇ အများစု ပြောင်းလဲသွားချိန်တွင် ပြင်ပအရာဝတ္ထု ဖြစ်သွားပေလိမ့်မည်။ ဆေးပညာအရ ကိုယ်အင်္ဂါအစားထိုးခြင်းတွင် ခုခံတွန်းလှန်မှုကို ဆေးဝါးဖြင့် ထိန်းချုပ်ကာ လူနာ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အသားကျစေပြီး နောက်ဆုံးတွင် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်သည်။
သို့သော် ဤအခြေအနေသည် သူ့အတွက် အလုပ်မဖြစ်ပေ။ သူ့ခန္ဓာကိုယ်မှ ထွက်မည့် ပဋိပစ္စည်းများကို တားဆီးနိုင်မည့် ဆေးဝါး ရှိမည် မထင်။ ခုခံတွန်းလှန်မှုကြားတွင် အသက်ရှင်နိုင်မလား ဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်သည်။
ဒုတိယနည်းလမ်းမှာ ဦးနှောက်ကို လုံးဝ မမြင်ရသည့် အခြေအနေတွင် စိတ်စွမ်းအားကို အကုန်ထုတ်လွှတ်ပြီး မျက်ကန်း စမ်းသပ်ပြုပြင်ခြင်း ဖြစ်သည်။ အောင်မြင်မလား ဆိုသည်မှာလည်း ကံတရားပင်။
ပထမနည်းလမ်းက အလွန် နှေးကွေးပြီး ခုခံတွန်းလှန်မှု အန္တရာယ်ကို မစဉ်းစားလျှင်တောင် ဤဧရိယာကို ချန်ထားခဲ့ခြင်းသည် နောက်ဆုံးတွင် ဗုံးတစ်လုံး ကျန်ခဲ့သလို အန္တရာယ်ရှိနိုင်သည်။ လော်ယွမ် ထိုနည်းကို မသုံးချင်ပေ။ ဒုတိယနည်းလမ်းမှာ ပထမနည်းလမ်းထက် အဆတစ်ရာ ပိုမို အန္တရာယ်များသည်။ ပြုပြင်ပြောင်းလဲမှု မအောင်မြင်လျှင် ကိစ္စမရှိသော်လည်း တစ်ဝက်တစ်ပျက်သာ ပြုပြင်မိခြင်း သို့မဟုတ် ဗီဇအမှားအယွင်းများ ပါသွားခြင်း ဖြစ်လာလျှင် ထိုမှားယွင်းသော ဗီဇများ အလုပ်လုပ်သည်နှင့် သူ သေလမ်းသာ ရှိတော့သည်။
မည်မျှပင် အန္တရာယ်များပါစေ စတင်ကတည်းက သူ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ မည်သည့် စွမ်းအားမှ အလွယ်တကူ မရနိုင်။ ဤအဆင့်ကို သူ ကျော်ဖြတ်ရမည်။ မည်သို့ပင်ဖြစ်စေ ကံကို ပုံချရတော့မည့် အတူတူ စွန့်စားကြည့်တာ ပိုကောင်းသည်။ ထို့အပြင် အရင်က စမ်းသပ်မှုများနှင့် စောစောက ခန္ဓာကိုယ် ပြုပြင်မှုတွေက အချက်တစ်ခုကို သက်သေပြနေသည်။
အချိန်လုံလောက်ပြီး စိတ်စွမ်းအားလည်း လုံလောက်မည်၊ ဖြုန်းတီးရမှာ မနှမြောဘူးဆိုလျှင် ဆဲလ်သန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသည့် တစ်သျှူးအဖွဲ့အစည်း တစ်ခုလုံးကို မသိစိတ် ကတဆင့် စိတ်စွမ်းအား ထိုးဖောက်ဝင်ရောက်ပြီး မျိုးဗီဇအားလုံးကို ပြုပြင်ပြောင်းလဲနိုင်သည်။ အောင်မြင်နိုင်ခြေလည်း အလွန်များသည်။
စိတ်စွမ်းအား သုံးပုံတစ်ပုံခန့်သာ ကျန်တော့ကြောင်း ခံစားမိသဖြင့် လော်ယွမ် မျက်လုံးမှိတ်ပြီး စိတ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။
နာရီအနည်းငယ် ကြာသောအခါ လော်ယွမ် မတ်တပ်ထရပ်လိုက်သည်။ မျက်နှာသည် တည်ငြိမ်လေးနက်နေသည်။
စိတ်စွမ်းအား အပြည့်မဖြစ်သေးသော်လည်း သုံးပုံနှစ်ပုံခန့် ပြန်ပြည့်နေပြီ ဖြစ်သည်။ ဆဲလ်ပေါင်း ၁၄ ဘီလီယံခန့်သာ ရှိပြီး လူ့ခန္ဓာကိုယ် ဆဲလ်စုစုပေါင်း၏ ဝ.၀၂၈ ရာခိုင်နှုန်းသာ ရှိသော ဦးနှောက်အတွက်မူ ဤစိတ်စွမ်းအား ပမာဏသည် လုံလောက်သည်။
အမြင်အာရုံ အနှောင့်အယှက် မဖြစ်စေရန် မျက်လုံးကို မှိတ်ထားလိုက်သည်။ ကံကောင်းသည်မှာ ဤနေရာသည် တိတ်ဆိတ်ငြိမ်သက်ပြီး ပိတ်လှောင်နေသဖြင့် အခြား အာရုံခံစားမှု အနှောင့်အယှက်များလည်း နည်းပါးသည်။ အသက်ကို ရှည်ရှည် တစ်ချက် ရှူရှိုက်လိုက်ပြီးနောက် သူ့စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ အတွေးများ ကင်းစင်ပြီး စိတ်အာရုံ ကြည်လင်နေချိန်တွင် စိတ်စွမ်းအားကို တဖြည်းဖြည်း စုစည်းလိုက်သည်။
ကမ်းမမြင် လမ်းမမြင် မှောင်မိုက်နေသော လှိုဏ်ဂူအတွင်းတွင် ရုတ်တရက် အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပိုမိုလင်းလက်လာသည်။ သူသည် အလင်းရောင် ဖြာထွက်နေသော လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး လှိုဏ်ဂူငယ်လေးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေသည်။
တစ်ချိန်တည်းမှာပင် ခမ်းနားကြီးကျယ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်။
အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်ဖြစ်၍လား မသိ၊ သူ့စိတ်စွမ်းအားသည် ယခင်ကထက် ပိုမိုကျစ်လစ်သိပ်သည်းလာပြီး သန့်စင်လာသည်။
အရည်ကဲ့သို့သော အလင်းတန်းများသည် သူ့ခန္ဓာကိုယ် အရေပြား နေရာအနှံ့ကို ဖုံးလွှမ်းသွားသည်။ ကြည်လင်တောက်ပပြီး အညစ်အကြေး ကင်းစင်သော သလင်းကျောက်ရည်ကဲ့သို့ ဖြစ်နေသည်။
သိပ်မကြာလိုက်ပေ။ ပြန့်ကျဲနေသော စိတ်စွမ်းအားများ အားလုံး ချက်ချင်း ပြန်လည် စုစည်းသွားပြီး ဦးခေါင်းတစ်ခုတည်းမှသာ အလင်းရောင်များ ထွက်ပေါ်နေတော့သည်။ ထိုအလင်းရောင်များသည် ပိုမို စူးရှတောက်ပလာပြီး စက္ကန့်ပိုင်းအတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဦးခေါင်းတစ်ခုလုံးသည် နေလုံးငယ်လေး တစ်လုံးကဲ့သို့ ပြင်းထန်သော အလင်းရောင်များ ထုတ်လွှတ်နေပြီး ဆံပင်များပင် ထိုအလင်းရောင်အောက်တွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်လာသည်။
ပို၍ ထူးဆန်းသည်မှာ သူ၏ ပတ်ဝန်းကျင်တွင် ဒီအန်အေ ၏ နှစ်ထပ်လိမ် ပုံသဏ္ဍာန်များ အရိပ်များသဖွယ် လေထဲတွင် ပေါ်လာခြင်း ဖြစ်သည်။ ရုပ်ရှင်ပြသသကဲ့သို့ တဖျပ်ဖျပ် လက်နေသည်။
ဤသည်မှာ လော်ယွမ် စိတ်စွမ်းအား အကုန်ထုတ်သုံးလိုက်ချိန်တွင် စိတ်အာရုံများ အပြင်သို့ လျှံကျလာခြင်း ဖြစ်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးသည် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ လော်ယွမ်၏ စိတ်စွမ်းအား အားလုံး ကုန်ခမ်းသွားမှသာ ပြုပြင်ပြောင်းလဲမှု ရပ်တန့်သွားသည်။ သူ မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ခေါင်းကို အုပ်ထားလိုက်သည်။ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် ကိုက်ခဲနေသည်။ အတွေးများလည်း ထိန်းချုပ်မရတော့ဘဲ ဟိုရောက်ဒီရောက် လွင့်ပါးနေသည်။
တစ်ခါတစ်ရံ မအောင်မြင်မှာကို စိုးရိမ်ပြီး ကြောက်လန့်တကြား ဖြစ်လိုက်၊ တစ်ခါတစ်ရံ စိုးရိမ်ပူပန်မှုကြောင့် မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲလိုက် ဖြစ်နေသည်။ စိတ်စွမ်းအားသည် စိတ်ခံစားမှုကို ထိန်းချုပ်သော တံခါးဖြစ်သည်။ စိတ်စွမ်းအား ကုန်ခမ်းသွားသည်နှင့် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
သို့သော် သန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် စိတ်စွမ်းအား ပြန်ပြည့်နှုန်း အလွန်မြန်ဆန်သည်။ ၁၀ မိနစ်ခန့်အကြာတွင် သူ့စိတ်ခံစားမှုကို ပြန်လည် ထိန်းချုပ်နိုင်လာသည်။
ထိုစဉ် ခြေဖဝါးအောက်တွင် ယားယံသလို ခံစားလိုက်ရသည်။ သူ ဖိနပ်ကို ကဗျာကယာ ချွတ်ကြည့်လိုက်ရာ ခြေဖဝါးများ ဖြူဖျော့နေပြီး မာကျောသော အရေပြားဆဲလ်သေများ ကွာကျနေသည်ကို တွေ့လိုက်ရသည်။ ထိုအရေပြား ကွာကျမှုသည် ခြေဖဝါးမှတဆင့် အပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့နေသည်။
ဆဲလ်ကွဲပွား အစားထိုးမှု စတင်နေချေပြီ။
မျိုးဗီဇ အချင်းချင်းအကြားတွင် မသိနိုင်သော သတင်းအချက်အလက် ပေးပို့မှု စနစ် ရှိပုံရသည်။ ဆဲလ်ကွဲပွားမှု ပျံ့နှံ့နှုန်းသည် သူထင်ထားသည်ထက် ပိုမိုမြန်ဆန်သည်။ ယူရေနီယမ် ၏ ကွင်းဆက်ဓာတ်ပြုမှု ကဲ့သို့ပင်။ လွန်ခဲ့သော ၅ မိနစ်ကမှ ခြေဖဝါးတွင် စတင်ခဲ့သော်လည်း ယခုအခါ ခြေထောက်နှစ်ဖက်လုံးသာမက ခန္ဓာကိုယ်တွင်ပါ အရေပြားများ ကွာကျလာသည်။
အရေပြား သာမက ခန္ဓာကိုယ် အတွင်းပိုင်းရှိ ကလီစာများပါ အစားထိုး လဲလှယ်မှု ဖြစ်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် လော်ယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ စနစ်၏ အရေအသွေးပြဇယားတွင် ခွန်အားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကို ကိုယ်စားပြုသော ကိန်းဂဏန်းများသည် လျင်မြန်စွာ ခုန်တက်နေသည်။
သူ မနေနိုင်တော့ဘဲ ညည်းညူသံ တစ်ချက် ပြုလိုက်သည်။ ထိုအသံသည် ထူထဲလေးလံပြီး ဖော်ပြမရနိုင်သော စွမ်းအားများ ပါဝင်နေသဖြင့် တောင်နံရံတစ်ခုလုံး တုန်ခါသွားသယောင် ထင်ရသည်။
ဆက်ရန်...