← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

ခြံအပြင်ဘက်က ခြေသံများ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အခန်းထဲရှိ ကျန်းနျန်သည် နီမြန်းခြင်း အနည်းငယ် လျော့ကျသွားသော သူမ၏ ပါးပြင်များကို အသာအယာ ပုတ်နေမိသည်။ သူမ၏ ပါးစပ်ထဲတွင် သွေးနံ့သဲ့သဲ့ ရနေသည်ကို အခုမှ သတိထားမိလိုက်ရာ သူမ လုယွီ၏ လျှာကို ကိုက်မိလိုက်တာပါလားဆိုတာကို သိလိုက်ရသည့် တစ်ခဏတွင် သူမတစ်ကိုယ်လုံး မှင်သက်သွားတော့သည်။

ကျန်းနျန် - ....

သူမ နှုတ်ခမ်းကို စေ့၍ ရေတွင်းက ရေဖြင့် မျက်နှာသစ်ပြီး အခန်းထဲတွင် ပန်းထိုးခြင်းကို ဆက်လုပ်ခဲ့သည်။ နေ့လယ်လောက်တွင် စစ်ဘက်အစောင့်တစ်ဦး ရောက်လာပြီး ပြည်နယ်ပိုင် ပန်းထိုးဆိုင်က တစ်ယောက်ယောက် သူမကို တပ်ရင်းအပြင်မှာ လာရှာနေကြောင်း ပြောခဲ့သည်။ ကောမိန် ဖြစ်ရမည်ဟု ကျန်းနျန် သိလိုက်သည်။

သူမ အဝတ်အစားလဲပြီး အပြင်သို့ ထွက်လာရာ ကောမိန်သာမက ကျန်းရှောင်ကိုပါ တွေ့လိုက်ရသည်။ ကျန်းနျန် ပြုံးပြီး ပြေးသွားလိုက်သည်။ "အစ်မကော၊ ကျန်းရှောင်။"

"အစ်မကျန်း။"

ကျန်းရှောင်က ကျန်းနျန်ကို ဖက်လိုက်သည်။ "ညီမ သတိရနေတာ။"

ကျန်းနျန် ပြန်ပြုံးပြလိုက်သည်။ "ငါလည်း သတိရပါတယ်။"

သူတို့နှစ်ဦး၏ ချစ်ခင်မှုကို ကြည့်ပြီး ကောမိန်က ပြုံးကာ ကျန်းနျန်ကို ပြောခဲ့သည်။ "ခရိုင်မြို့ထဲကို သွားပြီး နေ့လယ်စာ စားကြရအောင်။"

ကျန်းနျန် ပြောလိုက်သည်။ "ကောင်းပါပြီ။"

သူတို့ သုံးဦးသည် သစ်ပင်ရိပ်ကောင်းသော လမ်းအတိုင်း လျှောက်လာကြသည်။ တပ်မတော်မှ ဇနီးသည်များက ကျန်းနျန်ကို နှုတ်ဆက်ကြပြီး ကျန်းနျန်ကလည်း ပြုံး၍ ပြန်နှုတ်ဆက်ခဲ့သည်။ ထိုဇနီးသည်များနှင့် အဒေါ်ကြီးအချို့က ကျန်းနျန်ကို ကြည့်ပြီး လက်ထောက်တပ်ရင်းမှူးလု၏ မရီးသည် မနှစ်ကထက် အများကြီး ပြောင်းလဲသွားသည်ဟု ထင်ကြသည်။ သူမသည် လူတွေကို မြင်လျှင် ပြုံးပြလာပြီး ကြောက်ရွံ့ခြင်း မရှိတော့ပေ။

နေ့လယ်စာစားချိန်လောက်တွင် သူတို့ ခရိုင်မြို့ကို ရောက်သောအခါ ပြည်နယ်ပိုင် စားသောက်ဆိုင်ကို သွားပြီး ပြတင်းပေါက်နားက ဝိုင်းမှာ ထိုင်လိုက်ကြသည်။ ကောမိန်က ဟင်းအမယ် အနည်းငယ်နှင့် ထမင်း နှစ်ပန်းကန် မှာလိုက်သည်။ ထမင်းစားနေချိန် အတောအတွင်း ကောမိန်က မေးလိုက်သည်။ "ဒီရက်ပိုင်း မင်း ဘယ်လိုနေလဲ။"

ကျန်းနျန် ပြုံးလိုက်သည်။ "ကောင်းပါတယ်။"

ကျန်းရှောင်က ပျော်ရွှင်စွာ စားရင်း ပြောလိုက်သည်။ "အစ်မကျန်းရဲ့ ပါးလေးတွေက နီမြန်းနေတာပဲ။"

ကျန်းနျန် - …

သူမ အကြည့်လွှဲလိုက်ရသည်။ ခဏကြာတော့ ကောမိန်က ကျန်းနျန်ကို ရေတစ်ခွက် ကမ်းပေးရင်း သူတို့နှစ်ဦးသာ နားလည်သော စကားဖြင့် မေးလိုက်သည်။ "တစ်ခုခု တိုးတက်မှု ရှိလား။"

ကျန်းနျန် ခေါင်းညိတ်ပြသည်။ "အင်း။"

ကောမိန်က ပြုံးပြီး ပြောလိုက်သည်။ "အဆင်ပြေသွားရင် ငါ့ကို ဖုန်းဆက်ဦး၊ ငါလည်း ဝမ်းသာရအောင်လို့။"

"ဘာတွေ အဆင်ပြေတာလဲ။ ဘာတိုးတက်မှုလဲ။"

ကျန်းရှောင်က ရေတစ်ငုံ သောက်ရင်း ကောမိန်နှင့် ကျန်းနျန်တို့၏ အနက်အဓိပ္ပာယ် ဝှက်ထားသော စကားများကို နားမလည်နိုင်တာကြောင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကောမိန်က သူမကို ကြည့်ပြီး ပြုံးလိုက်သည်။ "မင်းနဲ့ ကျူးကျွင်း အဆင်ပြေလားလို့ ကျန်းနျန်ကို မေးတာပါ။"

ကျန်းရှောင်၏ မျက်နှာမှာ ရှက်ရွံ့မှုဖြင့် နီရဲသွားပြီး အလျင်အမြန် ရေနောက်တစ်ငုံသောက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "ဘာလို့ ညီမအကြောင်း ပြောနေကြတာလဲ။"

ကောမိန်က ကျန်းရှောင်၏ ပန်းကန်ထဲ အသားတစ်ဖဲ့ ထည့်ပေးခဲ့သည်။ "ကဲ ပြောပါဦး၊ မင်းတို့နှစ်ယောက် ဘယ်အဆင့် ရောက်နေပြီလဲ။"

ကောမိန်သည် ကျန်းရှောင်အတွက် စိတ်ပူနေဆဲ ဖြစ်သည်။ သူမသည် နောက်လတွင် ဤနေရာမှ ထွက်ခွာတော့မည်ဖြစ်ရာ နောက်ထပ် ရောက်လာမည့် ဒါရိုက်တာက ကျန်းရှောင်အပေါ် သည်းခံနိုင်စွမ်း ရှိမရှိ သူမ မသိပေ။ ကျန်းရှောင်ကိုလည်း သူမနှင့်အတူ ယွမ်မြို့သို့ ခေါ်သွား၍ မရနိုင်သေးပါ။

အကြောင်းမှာ သူမသည်လည်း ယွမ်မြို့သို့ အခုမှ သွားရမည်ဖြစ်ပြီး သူမ၏ အခြေခိုင်မာမှု မရှိသေးသောကြောင့် ဖြစ်သည်။ သူမ၏ လက်အောက်မှ လူများကလည်း သူမအပေါ် နာခံမှု ရှိကြမည် မဟုတ်ပေ။

အကယ်၍ သူမသာ ကျန်းရှောင်ကို ယခုကတည်းက တစ်ပါတည်း ခေါ်ဆောင်သွားပါက လူအများ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။

အကယ်၍ ကျန်းရှောင်သာ ကျူးကျွင်းနှင့် လက်ထပ်လိုက်လျှင် ကျေးလက်သို့ ပြန်စရာ မလိုတော့ပေ။

ကျန်းနျန်က ကျန်းရှောင် ပြောမည့်စကားကို စောင့်နေသည်။

ကျန့်းရှောင်က ရှက်ပြုံးလေးဖြင့် ပြောလိုက်သည်။ "ကျူးကျွင်းက မနေ့က ဖုန်းဆက်တယ်၊ သူ့မိဘတွေ သိသွားပြီတဲ့၊ အဲဒါကြောင့် နောက်ရက်ပိုင်းအတွင်းမှာ သူ့အမေ လာလိမ့်မယ်။ အကုန်အဆင်ပြေရင် လက်ထပ်ကြမယ်လို့ ပြောတယ်။"

"အဲဒါ တော်တော် ဝမ်းသာစရာပဲ။"

ကောမိန်က ပြုံးပြီး ဆက်ပြောလိုက်သည်။ "ဒီနေ့ ပြန်ရောက်ရင် ငါ ကြေးနန်းရိုက်ပေးမယ်။ ကြေးနန်းက မြန်တယ်၊ ကျူးကျွင်းက စစ်သားဆိုတော့ မင်းအမေကလည်း သဘောတူမှာပါ။"

ကျန်းရှောင် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မကော။"

နေ့လယ်စာ စားချိန်ဖြစ်သဖြင့် ဆိုင်ထဲတွင် လူစည်ကားနေသည်။ ပြတင်းပေါက် အပြင်ဘက်တွင် လမ်းသွားလမ်းလာများ သွားလာနေကြသည်။ ကျန်းနျန်သည် ဤခေတ်ကြီးက ဆင်းရဲသော်လည်း လေထုက ကောင်းမွန်ပြီး လမ်းပေါ်တွင် ကားများမရှိဘဲ စက်ဘီးအချို့သာ ရှိသည်ကို သတိပြုမိသည်။

ထမင်းစားပြီးနောက် ကောမိန်က ကျန်းရှောင်ကို ဆိုဒါဝယ်ရန် ပိုက်ဆံပေးလိုက်သည်။ ကျန်းရှောင် ထွက်သွားမှသာ ကောမိန်က မေးခဲ့သည်။ "လက်ထောက်တပ်ရင်းမှူးလုကို မင်းရဲ့ ခံစားချက်တွေ ပြောပြပြီးပြီလား။"

ကျန်းနျန် ခေါင်းညိတ်ပြခဲ့သည်။ "ဟုတ်ကဲ့။"

ကောမိန်က ဆက်မေးခဲ့သည်။ "ဒါဆို ဘယ်တော့ လက်ထပ်မှာလဲ။ မိသားစုခြံဝင်းထဲမှာရော ဘယ်လိုလဲ။"

သူမ မေးချင်သည်မှာ မိသားစုခြံဝင်းထဲတွင် သူတို့အကြောင်း အတင်းပြောနေကြလား ဆိုသည်ပင်။ အမှန်မှာ ကျန်းနျန်နှင့် လက်ထောက်တပ်ရင်းမှူးလုတို့သည် သွေးသားတော်စပ်သူများ မဟုတ်ကြသော်လည်း ပြင်ပလူများ၏ အမြင်တွင်မူ သူတို့သည် မတ်နှင့် မရီးအဖြစ် ဆက်ဆံနေကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့နှစ်ဦးသာ လက်ထပ်ကြမည်ဆိုပါက မိသားစုခြံဝင်းအတွင်း အတင်းအဖျင်း စကားများ ထွက်ပေါ်လာနိုင်ပေသည်။

ကျန်းနျန် ခေါင်းငုံ့လျက် လျှောက်လာသည်။ "အစ်မကော၊ ကျွန်မ ခဏလောက် ထပ်စောင့်ချင်သေးတယ်။"

ကောမိန် မေးလိုက်သည်။ "ဘာကို စောင့်မှာလဲ။"

ကျန်းနျန်သည် တွန့်ဆုတ်နေပြီး လမ်းမကြီးဘက်ကို လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။ "အချိန်ကောင်းကို စောင့်နေတာပါ။"

"လွှတ်စမ်း။"

ရှေ့က လမ်းဆုံတွင် ရန်ဖြစ်သံ ကြားရသည်။ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦး၏ လက်ကို ခါထုတ်လိုက်ပြီး စိတ်ပျက်နေသော မျက်နှာထား ရှိနေသည်။

ကျန်းနျန် လမ်းတစ်ဝက်မှာ ရပ်လိုက်သည်။ ၎င်းတို့မှာ စွင်းယင်နှင့် ဝူယိုရှန်တို့ ဖြစ်သည်။

ကျန်းနျန် ရပ်သွားသဖြင့် ကောမိန်လည်း လိုက်ကြည့်သည်။ လမ်းသွားလမ်းလာ အချို့လည်း ရပ်ကြည့်နေကြသည်။ အမျိုးသားက အမျိုးသမီး၏ လက်ကို ဆွဲထားသော်လည်း အမျိုးသမီးက စိတ်မရှည်စွာ ခါထုတ်နေသည်။ ကောမိန်က မေးလိုက်သည်။ "သူတို့ကို သိလား။"

ကျန်းနျန် ခေါင်းခါပြလိုက်သည်။ "မသိပါဘူး၊ လူတွေ ကြည့်နေကြလို့ ကြည့်မိတာပါ။"

ကောမိန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"ယင်ယင်၊ မင်းက ဘာလို့ လက်ထပ်တော့မှာလဲ။ ငါတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာတဲ့ ချစ်ရတဲ့ ငယ်သူငယ်ချင်းတွေလေ..."

"ငါ့ကို လာမနှောင့်ယှက်နဲ့လို့ ရမလား။"

စွင်းယင်က ဝူယိုရှန်၏ လက်ကို ထပ်ခါထုတ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ကျန်းနျန်ကို မြင်သွားခဲ့သည်။ သူမ၏ မျက်နှာသည် ချက်ချင်း အေးစက်သွားပြီး နှာခေါင်းရှုံ့ကာ ထွက်ပြေးသွားခဲ့သည်။

ကျန်းနျန် - …

"ယင်ယင်"

ဝူယိုရှန်က အော်ခေါ်ပြီး နောက်က လိုက်သွားခဲ့သည်။

စွင်းယင် လက်ထပ်တော့မည်လား။

ကျန်းနျန် ပထမဆုံး တွေးမိသည်မှာ ထန်ဇီ ဖြစ်သည်။ ပြီးခဲ့သည့် နဂါးလှေပွဲတော်ရက်အတွင်း ဖန့်မိန်က စွင်းယင်သည် ထန်ဇီနှင့်အတူ အိမ်ကို လာခဲ့သည်ဟု ပြောဖူးသည်။ သို့သော် သူတို့နှစ်ဦး ပတ်သတ်မှုက ဤမျှ မြန်လိမ့်မည်ဟု သူမ မထင်ထားပေ။ လွန်ခဲ့သော ရက်ပိုင်းကမှ သူမသည် ဆေးရုံတွင် လုယွီကို တွယ်ကပ်နေခဲ့ပြီး အခုတော့ လက်ထပ်တော့မည် ဖြစ်နေသည်။

"အစ်မကော၊ အစ်မကျန်း။"

ကျန်းရှောင်က ဆိုဒါ နှစ်ပုလင်း ကမ်းပေးလိုက်ရာ ကျန်းနျန် တစ်ငုံ သောက်လိုက်သည်။ ယနေ့ခေတ် ဆိုဒါနှင့် အရသာ မတူသော်လည်း လန်းဆန်းလှသည်။

ကျန်းနျန်နှင့် ကျန်းရှောင်တို့မှာ ခဏတာမျှ စကားလက်ဆုံ ကျနေမိကြသည်။ သူတို့နှစ်ဦးသည် ပြည်နယ်ပိုင် စားသောက်ဆိုင်ဘေးရှိ ရင်ပြင်လေးထဲတွင် လမ်းလျှောက်နေကြစဉ် ကောမိန်က ပြောလိုက်သည်။ "ပန်းထိုးထည်တွေကို နောက်လလယ်မှာ အပ်ရမှာနော်။ ငါလည်း အထက်လူကြီးဆီက အကြံဉာဏ်တောင်းထားတယ်။ ဒီတစ်ခါ ရောက်လာမဲ့ ဒါရိုက်တာက ငါနဲ့ ရွယ်တူလောက်ပဲ၊ ဒါပေမဲ့ ငါလည်း သူ့ကို သိပ်မရင်းနှီးဘူး။ အကယ်၍ ပန်းထိုးထည်တွေ အပ်တဲ့အချိန်မှာ တစ်ခုခု အခက်အခဲရှိရင် ငါ့ဆီ ဖုန်းဆက်လိုက်ပါ၊ ငါ သူနဲ့ ပြောဆိုညှိနှိုင်းပေးမယ်။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"

ကျန်းရှောင်ကတော့ ထိုစကားကြောင့် စိုးရိမ်နေဟန် ရှိသည်။

"ဩော်၊ ငါ မသွားခင် နင့်ကို လက်ဆောင်တစ်ခု ပေးချင်လို့။"

ကောမိန်က သူမ၏ အိတ်ထဲမှ စက္ကူထုပ် နှစ်ထုပ် ထုတ်ကာ သူမကို ကမ်းပေးခဲ့သည်။ ကျန်းနျန် ယူကြည့်လိုက်ရာ အဝတ်အစားနှင့် ဖိနပ် ပုံစံမျိုး ဖြစ်နေသဖြင့် တွန့်ဆုတ်စွာဖြင့် ကောမိန်ဘက်သို့ လှည့်ပြီး မေးလိုက်သည်။ "အစ်မကော၊ ဒါတွေက ဘာလဲ။"

ကောမိန် ပြုံးလိုက်သည်။ "မင်းက နေ့တိုင်း ဒီအဝတ်အစားတွေပဲ ဝတ်နေတာ၊ စကတ်လည်း မရှိဘူး။ ဒါကြောင့် စကတ်တစ်ထည်နဲ့ ဖိနပ်တစ်စုံ ဝယ်ပေးတာ။ အခု ရာသီဥတုက ပူလာပြီဆိုတော့ ဝတ်လို့ရတယ်။ မိန်းမတွေဆိုတာ တစ်ခါတလေတော့ အလှပြင်သင့်တယ်၊ သူများ ကြည့်ဖို့ မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်ပေါ့။ လူ့ဘဝရဲ့ နုပျိုမှုဆိုတာကရော ဘယ်နှစ်နှစ်၊ ဘယ်လောက်ကြာအောင်များ တည်မြဲနေမှာမို့လို့လဲ။ ငယ်တုန်းမှာ အလှမပြင်ရင် ကြီးလာတဲ့အခါ နောင်တရလိမ့်မယ်။"

ကျန်းနျန်သည် ယခင်က ကောမိန်အား ဤကဲ့သို့သော စကားမျိုး ပြောခဲ့ဖူးသည်ကို သတိရသွားသည်။

ကောမိန်တို့နှင့် နှုတ်ဆက်ခွဲခွာပြီးနောက် ကျန်းနျန်တစ်ယောက် တပ်ရင်းရှိရာသို့ ပြန်လာခဲ့သည်။ မိသားစုခြံဝင်းနှင့် တပ်ရင်းတို့ ဆုံရာ လမ်းဆုံသို့ ရောက်သောအခါ ထန်ဇီနှင့် ချန်ဖန့်တို့နှစ်ဦးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသဖြင့် ကျန်းနျန် ခြေလှမ်းများကို ခေတ္တရပ်ပြီး နှုတ်ဆက်လိုက်သည်။ "အစ်မချန်... တပ်ရင်းဗိုလ်ကြီးထန်။"

ချန်ဖန့်က ကျန်းနျန် လက်ထဲက အဝတ်နှင့်တူသော အထုပ်ကို ကြည့်ပြီး မေးလိုက်သည်။ "အဝတ်အစား သွားဝယ်တာလား။"

ကျန်းနျန်က ပြန်ဖြေလိုက်သည်။ "သူငယ်ချင်းက လက်ဆောင်ပေးတာပါ။"

ချန်ဖန့်သည် ကျန်းနျန် ကိုင်ဆောင်ထားသော စက္ကူညိုအထုပ်ကို ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ 'သူငယ်ချင်းကပေးတဲ့ လက်ဆောင်တဲ့လား... ဒါဆို စုန့်ပိုင် ပေးတာများလား။'

အရင်တုန်းက မြစ်ကမ်းနားမှာ ဖန့်မိန် ပြောခဲ့စဉ်က စုန့်ပိုင်မှာ ချစ်သူရှိနေပြီဆိုလို့ ထိုသူမှာ ကျန်းနျန် ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ခဲ့ဖူးသည်။ အခုတော့ ထိုသူမှာ ကျန်းနျန် ဖြစ်နေသည်မှာ အသေအချာပင်။ သို့မဟုတ်ပါကလည်း လက်ထောက်တပ်ရင်းမှူးလု၏ မရီးဖြစ်သူမှာ ဤအရပ်၌ မည်သည့်ဆွေမျိုးသားချင်းမှ မရှိဘဲနှင့် သူမကို မည်သူက အဝတ်အစားများ လက်ဆောင်ပေးပါမည်နည်း။

သူမသည် ထန်ဇီနှင့် ကျန်းနျန်ကို ပေးစားရန် စိတ်ကူးထားသော်လည်း အခုတော့ ကျန်းနျန်က စုန့်ပိုင်နှင့် ဖြစ်နေပုံရသည်။ သို့သော် သူမ၏ မတ် ထန်ဇီမှာလည်း လက်တွဲဖော် ရနေပြီဖြစ်ရာ ထိုသူနာပြုမလေးမှာ ကျန်းနျန်ထက် ဂုဏ်ပုဒ်တွေ ပိုသာသည်။ ထိုမိန်းကလေးမှာ ခရိုင်ဆေးရုံမှ သူနာပြုတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူမှာလည်း စက်ရုံတစ်ခုမှ ဒါရိုက်တာတစ်ဦး ဖြစ်သည်။ အဘက်ဘက်မှ ကြည့်မည်ဆိုပါက ထိုမိန်းကလေး၏ အခြေအနေမှာ ကျန်းနျန်ထက် သာလွန်နေသည်မှာ အမှန်ပင်။

ချန်ဖန့် ပြုံးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုရဲ့ အိမ်ထောင်ရေးရော ဘာထူးလဲ။ သူလည်း မငယ်တော့ဘူး။ ကျွန်မတို့ ထန်ဇီတောင် လက်ထပ်တော့မယ်၊ သူက ဘာသံမှ မကြားရသေးဘူးလား။ မရီးတစ်ယောက်အနေနဲ့ မင်းလည်း စိတ်ပူပေးသင့်တယ်၊ မရီးဆိုတာ မိခင်လိုပဲလေ။ လုယွီရဲ့ မိဘတွေလည်း မရှိတော့ဘူးဆိုတော့ မင်းကပဲ ဂရုစိုက်ပေးရမှာ"

ကျန်းနျန် - …

'ကျွန်မ တကယ်ကို လုယွီရဲ့ မိခင် မဖြစ်ချင်ဘူး။'

ထန်ဇီက မျက်မှောင်ကြုတ်လိုက်သည်။ "မရီး၊ တော်ပါတော့။"

သူက ကျန်းနျန်ကို ကြည့်ပြီး ပြောလိုက်သည်။ "ညီမလေး၊ ငါတို့ အရင် သွားလိုက်မယ်။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"

ကျန်းနျန် အိမ်သို့ ပြန်ရောက်သောအခါ စက္ကူညိုအထုပ်များကို ဖြည်ကြည့်လိုက်ရာ ဝါနုရောင် ဂါဝန်ရှည်တစ်ထည် ထွက်ပေါ်လာသည်။ ခါးပတ်နေရာတွင် အဖြူရောင်ကြိုးလေးဖြင့် အလှဆင်ထားသော ထိုဂါဝန်လေးမှာ အလွန်ပင် နှစ်လိုဖွယ်ကောင်းလှသည်။ ထို့နောက် ကျန်ရှိနေသော အထုပ်တစ်ထုပ်ကို ထပ်၍ဖွင့်ကြည့်လိုက်ရာ အဖြူရောင် ကွင်းထိုးဖိနပ်လေး တစ်စုံကို တွေ့လိုက်ရသည်။

ဤအရပ်တွင် တစ်နှစ်ပတ်လုံး နေထိုင်ခဲ့ဖူးသဖြင့် လူနေမှုစရိတ်နှင့် ကုန်ဈေးနှုန်းများကို သူမ ကောင်းကောင်း နားလည်ထားသည်။ ဤအဝတ်အစားနှင့် ဖိနပ်များမှာ အလွန်ဈေးကြီးလှသည့်အပြင် ကုန်တိုက်ကြီးများတွင်ပင် အလွယ်တကူ ဝယ်ယူ၍မရနိုင်သော ရှားပါးပစ္စည်းများ ဖြစ်ကြသည်။ ဤလက်ဆောင်ကို ရွေးချယ်ပေးခဲ့သည့် ကောမိန်၏ စေတနာနှင့် အားစိုက်ထုတ်မှုကို ကျန်းနျန် အထင်အရှားပင် ခံစားလိုက်ရတော့သည်။

သူမ အဝတ်များကို သပ်သပ်ရပ်ရပ် ခေါက်သိမ်းလိုက်သည်။ အပြင်က ဖန့်မိန်၏ အသံ ထွက်ပေါ်လာသည်။ "ကျန်းနျန်၊ အနီးအနားက ရွာမှာ ငါးဖမ်းနေကြတယ်၊ သွားရအောင်။ အဲဒီက ငါးတွေက ဈေးသက်သာတယ်။"

"ငါးဖမ်းတာလား။"

ကျန်းနျန်က ဖန့်မိန်ကို ကြည့်ပြီး မေးလိုက်သည်။ "မြစ်ထဲမှာ မဟုတ်ဘူး မဟုတ်လား။"

ဖန့်မိန်၏ မျက်နှာအမူအရာမှာလည်း တစ်ချက် ပြောင်းလဲသွားပြီး စုန့်ရှန်းတုန်၏ ကိစ္စကို ပြန်လည်တွေးတောမိပုံရသည်။ သို့သော်လည်း သူမက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ဒါက ရေကန်လေးတစ်ခုပဲဟာ၊ တို့ဆီက ရေပြင်လောက်တောင် နက်တာမဟုတ်ဘူး။ ဒါကို တပ်ရင်း ဗိုလ်ကြီးလုရဲ့ အမေက ငါ့ကို ပြောပြတာ။ အခု အဲဒီမှာ လူတွေ တော်တော်များနေပြီ၊ မြန်မြန်သွားကြစို့။ နောက်ကျသွားရင် ငါတို့ ငါးတစ်ကောင်မှ မိမှာမဟုတ်ဘူး။"

ကျန်းနျန်သည် ဗီရိုတံခါးကို ပိတ်တော့မည့်ဆဲဆဲမှာပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။ "ကျွန်မတို့လည်း အဲဒီရေကန်ထဲအထိ ဆင်းပြီး ငါးဖမ်းကြရမှာလား။"

ဖန့်မိန်က အံ့အားသင့်သွားဟန်ဖြင့် ခေတ္တရပ်တန့်သွားပြီးမှ ပြန်ပြောလိုက်သည်။ "ဒါပေါ့၊ ဆင်းဖမ်းရမှာပေါ့။ ကိုယ်တိုင်ဆင်းဖမ်းပြီးမှ အားလုံးစုပြီး အလေးချိန်ပြန်ချိန်ရင် ဈေးက တကယ်ကို ချိုတာဟ။"

သူမက ကျန်းနျန် ဝတ်ဆင်ထားသည့် အဝတ်အစားများကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။ "ဒါပေမဲ့ မင်း အဝတ်အစား အရင်လဲရဦးမယ်။ ဒီလောက် လှပတဲ့ အင်္ကျီတွေကို ရွှံ့တွေနဲ့ ပေပွသွားအောင် လုပ်လိုက်ရင်တော့ တကယ့်ကို နှမြောစရာကြီး ဖြစ်သွားလိမ့်မယ်။"

ကျန်းနျန် ဝတ်ဆင်ထားသည်မှာ လွန်ခဲ့သောနှစ်က လုယွီ ဝယ်ပေးထားသည့် အဝတ်အစားများ ဖြစ်သည်။ ကိုယ်ကျပ်ရှပ်အင်္ကျီလေးက သူမ၏ သွယ်လျသော ခါးအလှကို ပို၍ပင် ထင်ရှားစေပြီး ဘောင်းဘီရှည်မှာလည်း သူမနှင့် အလိုက်ဖက်ဆုံး ဖြစ်နေသည်။

သူမသည် လျှော်ဖွတ်ဖန်များလွန်းသဖြင့် အနားသားများ လိပ်တက်နေပြီး အဖာအထေးများဖြင့် ပြည့်နှက်နေသော ဖန့်မိန်၏ အဝတ်ဟောင်းများကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "အစ်မဖန့်... ခဏစောင့်ဦးနော်၊ ကျွန်မ အဝတ်အစား သွားလဲလိုက်ဦးမယ်။"

ကျန်းနျန် အဝတ်အစားလဲပြီး ကျောပိုးခြင်းတောင်းလေးကို လွယ်ကာ ထွက်လာချိန်တွင် ရောက်ရှိလာကြသော ရှု့ယန်နှင့် တပ်ရင်းဗိုလ်ကြီးလု၏ မိခင်ဖြစ်သူတို့နှင့် ဆုံခဲ့သည်။ သူတို့အားလုံးသည် ဟောင်းနွမ်းနေသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး ရေကန်ထဲမှ ရွှံ့နွံများ ပေကျံသွားမည်ကို နည်းနည်းမျှပင် ဂရုစိုက်မည့်ပုံမပေါ်ပေ။

မြစ်ကူးတံတားကို ဖြတ်စဉ် ကျန်းနျန်သည် ယခင်က ဖြစ်ပျက်ခဲ့သည်များကို သတိရကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ ရွာက ငါးကန်သို့ ရောက်သောအခါ လူများ အများကြီး ရှိနေပြီဖြစ်သည်။

"ဟိုဘက်က ငါးကန်မှာ လူနည်းတယ်။"

ဖန့်မိန်သည် ကျန်းနျန်၏လက်ကို ဆွဲကာ ထိုနေရာသို့ အပြေးအလွှား သွားလေရာ ရှု့ယန်နှင့် အဘွားအိုတို့ကလည်း နောက်မှ တကောက်ကောက် လိုက်ပါလာကြတော့သည်။

ဖန့်မိန်၊ ရှု့ယန်နှင့် အဘွားအိုတို့ ကန်ထဲသို့ ဆင်းသွားကြသဖြင့် ကျန်းနျန်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆင်းလိုက်သည်။ ရွှံ့နွံတွေကြောင့် ချော်လဲမတတ် ဖြစ်သွားသော်လည်း သူမ ဟန်ချက်ထိန်းကာ ဖန့်မိန်တို့လိုပဲ ငါးဖမ်းရန် ကြိုးစားခဲ့သည်။

"ဟေး၊ ဒီငါးက အကြီးကြီးပဲ။"

ဖန့်မိန်သည် ငါးတစ်ကောင်ကို ပါးဟက်မှ ကိုင်ကာ ဖမ်းလိုက်သည်။ ချောကျိကျိနှင့် လူးလွန့်နေသော ထိုငါးလေးကို သူမ၏ ခြင်းတောင်းထဲသို့ ပစ်ထည့်ရင်း ကျန်းနျန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။"မင်းရော... မိရဲ့လား။"

ကျန်းနျန်မှာမူ နေလောင်ဒဏ်နှင့် ပင်ပန်းမှုကြောင့် မျက်နှာလေးမှာ နီမြန်းနေပြီး နားထင်တွင်လည်း ချွေးစက်များဖြင့် စိုရွှဲနေသည်။ သူမ ခေါင်းခါပြလိုက်သည်။ "ကျွန်မ မဖမ်းတတ်ဘူး...။"

အရမ်း ချောလှသည်။

သူမ တစ်ကောင်မိပြန်လျှင်လည်း လက်ထဲမှ ပြန်လွတ်သွားပြန်သည်။

"ဒီဟာ၊ ဒီဟာ…"

ရှု့ယန်က ကျန်းနျန်ကို လှမ်းခေါ်ခဲ့သည်။ "ဒီဘက်ကိုလာ... မြန်မြန်။"

All Chapters