အခန်း (၁၀၈)
Vol. 11 Ch. 108
ကျန်းနျန် ခြံဝင်းကို တံမြက်စည်းလှည်းနေခဲ့သည်။ လှည်းပြီးရုံရှိသေး စုန့်ရှန်းတုန်၊ စုန့်ရှန်းဟုန်တို့နှင့်အတူ ဖန့်မိန် ရောက်လာသည်။ သူမကို မြင်သောအခါ ကလေးနှစ်ယောက်က လှမ်းခေါ်ကြသည်။ "အဒေါ်ကျန်း။"
ကျန်းနျန် မေးလိုက်သည်။ "ရှန်းတုန်... ဒီနေ့ ကျောင်းမသွားဘူးလား။"
ဖန့်မိန်က ခွေးခြေခုံပေါ်တွင် ထိုင်လိုက်သည်။ "ဒီနေ့ သူ ခွင့်ယူထားတာ။ ငါ သူတို့ကို ဗိုလ်ကြီးထန်တို့အိမ်ကို ထမင်းစားဖို့နဲ့ မင်္ဂလာဆောင်သကြားလုံးစားဖို့ ခေါ်သွားမလို့။ လာ... သွားကြစို့၊ စောစောသွားမှ သကြားလုံး အများကြီး ရမှာ။"
ထိုအချိန်တွင် ရှု့ယန်သည်လည်း လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့၏ လက်ကိုဆွဲကာ ရောက်ရှိလာခဲ့သည်။ သူမက ကျန်းနျန်ကို ပြောသည်။ "ဒီလို ပျော်ပွဲရွှင်ပွဲမျိုးက မိသားစုခြံဝင်းမှာ ကြုံရခဲတယ်။ သွားပြီး လူစည်ကားတာလေး ကြည့်ရအောင်၊ သတို့သမီးအသစ်ကိုလည်း သွားကြည့်ရတာပေါ့။"
ကျန်းနျန် တွန့်ဆုတ်နေမိသည်။ လူတိုင်းက ပျော်ပွဲရွှင်ပွဲအတွက် သွားကြခြင်းဖြစ်သော်လည်း သူမကမူ ထိုပွဲတွင် အနှောင့်အယှက် ဖြစ်နေမည်လားဟု ခံစားနေရသည်။
ကျန်းနျန်သည် မသွားချင်ကြောင်း ပြောရန် ပြင်သော်လည်း ဖန့်မိန်နှင့် ရှု့ယန်တို့၏ ဇွတ်အတင်း ခေါ်ယူမှုကို မငြင်းဆန်နိုင်ခဲ့ပေ။ သူမသည် အခြားရွေးချယ်စရာမရှိဘဲ ထန်မိသားစုတို့၏ ခြံဝင်းသို့ လိုက်ပါသွားခဲ့သည်။ ဗိုလ်ကြီးလု၏ အိမ်ရှေ့မှ ဖြတ်သွားစဉ် အဘွားအိုမှာ လုကျစ်ကျွင်းနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ ကျန်းနျန်နှင့် အခြားသူများကို မြင်သောအခါ သူမက ပြုံးလျက် နှုတ်ဆက်ခဲ့သည်။ "မင်းတို့လည်း ဗိုလ်ကြီးထန်တို့အိမ်ကို သွားကြမလို့လား။"
ဖန့်မိန်က ရယ်မောရင်း ပြောလိုက်သည်။ "ဟုတ်တယ်... သွားကြစို့လေ။"
ဗိုလ်ကြီးထန်တို့အိမ်သို့ ရောက်သောအခါ လူအတော်များများ စုဝေးနေကြသည်ကို ကျန်းနျန် တွေ့လိုက်ရသည်။ လုယွီနှင့် အခြားသူများ တပ်ရင်းမှ ပြန်မလာသေးသဖြင့် ခြံဝင်းထဲတွင် စစ်သည်ဇနီးမယားများနှင့် အဒေါ်ကြီးများဖြင့် ပြည့်နှက်နေသည်။ ထန်ဇီသည် ဤတစ်ကြိမ်တွင် လူအများကြီး မဖိတ်ထားပေ။ အများစုမှာ ရင်းနှီးသော ရဲဘော်ရဲဘက်များသာ ဖြစ်သည်။
ထန်ဇီ လျှောက်ထားသော အိမ်မှာ ကျမလာသေးသဖြင့် မင်္ဂလာအခမ်းအနားကို တပ်ရင်းမှူးထန်တို့၏ အိမ်တွင်ပင် ကျင်းပခြင်းဖြစ်သည်။ မနက်အစောပိုင်းကတည်းက ချန်ဖန့်သည် အိမ်နီးနားချင်းများထံမှ စားပွဲ၊ ကုလားထိုင်နှင့် တန်းလျားရှည်များကို ငှားရမ်းထားခဲ့သည်။ ယခုအခါ စားပွဲအတော်များများတွင် အမျိုးသမီးများနှင့် ကလေးများ ထိုင်နေကြပြီဖြစ်သည်။
ကျန်းနျန်သည် တံခါးအနီးရှိ တန်းလျားတစ်ခုတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ဖန့်မိန်နှင့် ရှု့ယန်တို့၏ အဆက်မပြတ် စကားပြောသံများကို နားထောင်နေသည်။ သူတို့စကားများကို နားထောင်ရင်း သူမ ခေါင်းပင် ကိုက်လာရသည်။ လူအတော်များများက သူမကို စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သူမ သတိထားမိသည်။ စစ်သည်ဇနီးတစ်ဦးက ယဉ်ကျေးစွာ မေးခဲ့သည်။ "ဒါ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးလား။ သူမက တကယ်ကို လှတာပဲ။"
ကျန်းနျန် ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
ဖန့်မိန်သည် စကားလမ်းကြောင်း ပြန်ရသွားပြီး ကျန်းနျန်ကို ဆွဲကာ မရပ်မနား စကားပြောတော့သည်။ စကားစပ်မိရင်း လက်ထောက်တပ်ရင်းမှူးလု ဇနီးရှာသည့် အကြောင်းကို ပြောကြပြန်သည်။ စစ်သည်ဇနီးတစ်ဦးက စကားစလိုက်သည်။ "ငါတို့ မိသားစုခြံဝင်းထဲက ဘယ်မိန်းကလေးက လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးလောက် လှမှာလဲ။ အကယ်၍ သူ့မရီးထက် ပိုလှတဲ့သူရှိရင်တော့ လက်ထောက်တပ်ရင်းမှူးလုက သေချာပေါက် လက်ထပ်မှာပဲ။"
ကျန်းနျန် - ....
သူတို့က လုယွီကို ရုပ်ရည်ကိုသာ ကြည့်ပြီး ဆုံးဖြတ်တတ်သည့် လူတစ်ယောက်အဖြစ် ပုံဖော်နေကြခြင်းပင် ဖြစ်သည်။
"လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး... အိမ်ထောင်ပြန်ပြုဖို့ စဉ်းစားဖူးလား။ အကယ်၍ စဉ်းစားတယ်ဆိုရင် ကျွန်မရဲ့ ဝမ်းကွဲနဲ့ မိတ်ဆက်ပေးနိုင်တယ်။ သူက စက်ရုံမှာ လုပ်တာ၊ အစိုးရရိက္ခာလည်း ရတယ်၊ ကလေးနှစ်ယောက်တော့ ရှိတာပေါ့။"
"ကျွန်မမှာလည်း တစ်ယောက်ရှိတယ်။ ကျွန်မမောင်က အစိုးရဟိုတယ်မှာ လုပ်တာ။ သူ့မိန်းမ ဆုံးသွားတာ မနှစ်ကတင်ပဲ ဒါမဲ့ အိမ်မှာ ကလေးမရှိဘူး။ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး... ကျွန်မမောင်ကို စဉ်းစားကြည့်ပါလား။"
တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပြောလာကြသည်။ သူတစ်ပါး၏ မင်္ဂလာဆောင်နေ့သည် ကျန်းနျန်အတွက် အောင်သွယ်ပွဲ ဖြစ်နေတော့သည်။
ကျန်းနျန် - ....
သူမ မလာခဲ့သင့်ဘူး။
အခြေအနေကို ကြည့်ပြီး ဖန့်မိန်က အော်ပြောလိုက်သည်။ "အားလုံး တော်ကြတော့။ နင့်မောင်တွေ ဘယ်လောက်ပဲ ကောင်းကောင်း... ငါတို့ စုန့်ပိုင်ကို ယှဉ်နိုင်လို့လား။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထောက်တပ်ရင်းမှူး ဖြစ်နေတာ၊ လူပျိုကြီးလည်း ဖြစ်သေးတယ်။ နင်တို့ထဲက ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။ လာ... နှိုင်းယှဉ်ကြည့်စမ်း။"
စစ်သည်ဇနီး အတော်များများ - ....
ကျန်းနျန် - ....
ရှု့ယန်သည် ကျန်းနျန်၏ တွန့်ချိုးနေသော မျက်မှောင်များကို ကြည့်ပြီး လူအုပ်ကို ပြောလိုက်သည်။ "ကျန်းနျန် လက်ထပ်ချင်ရင် လက်ထပ်လိမ့်မယ်။ မထပ်ချင်ရင်လည်း မထပ်ဘူး။ သူမက ပန်းထိုးတော်တယ်၊ ပိုက်ဆံလည်း ရှာနိုင်တယ်။ ပိုက်ဆံမရှိရင်တောင် လက်ထောက်တပ်ရင်းမှူးလုက သူ့ကို စောင့်ရှောက်မှာပဲ။ လက်ထောက်တပ်ရင်းမှူးလု ကိုယ်တိုင် ဘာမှ မပြောသေးတာကို နင်တို့က ဘာလို့ ကျန်းနျန်အတွက် အလောတကြီး အောင်သွယ်ပေးနေကြတာလဲ။ လက်ထောက်တပ်ရင်းမှူးလုသာ နင်တို့ သူ့မရီးကို အိမ်ထောင်ပြန်ပြုဖို့ တွန်းအားပေးနေတာ သိသွားရင် သူ ပျော်မယ် ထင်လား။"
ရုတ်တရက် အားလုံး တိတ်ဆိတ်သွားကြသည်။
အမှန်ပင် လက်ထောက်တပ်ရင်းမှူးလုက ခွင့်မပြုဘဲနှင့် သူ့မရီးကို အိမ်ထောင်ပြန်ပြုရန် တိုက်တွန်းနေခြင်းမှာ အပိုပင်ဖြစ်သည်။ ကျန်းနျန်မှာ လက်ထောက်တပ်ရင်းမှူးလု အစ်ကိုအရင်း၏ ဇနီးပဲ မဟုတ်လား။
ထိုအချိန်တွင် ချန်ဖန့်နှင့် အခြားစစ်သည်ဇနီးအချို့မှာ မီးဖိုချောင်တွင် အလုပ်ရှုပ်နေကြသဖြင့် အပြင်က စကားများကို မကြားကြပေ။
ယနေ့ ထန်ဇီ၏ မင်္ဂလာပွဲက သူမကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။
ထန်ဇီ၏ မိခင်မှာ ရက်အနည်းငယ် စောပြီး ရောက်လာသည်။ သူမသည် ကျေးလက်တွင် လယ်ယာအလုပ်များဖြင့် မအားမလပ်ဖြစ်နေသဖြင့် ထန်ဇီ၏ ဖခင်မှာ လိုက်မလာနိုင်ခဲ့ပေ။ မီးဖိုချောင်တွင် အိုးနှစ်လုံးတည်းနှင့် မလောက်ငှသဖြင့် အိမ်နီးနားချင်း စစ်သည်ဇနီး၏ အိမ်မှ မီးဖိုကိုပါ ငှားသုံးနေရသည်။
ယခုအချိန်တွင် ခြံဝင်းထဲက စစ်သည်ဇနီးများမှာ ကျန်းနျန်အကြောင်း မဟုတ်ဘဲ အခြားအကြောင်းအရာများကို ပြောင်းပြောနေကြပြီ ဖြစ်သည်။
ကျန်းနျန်က ရှု့ယန်ကို တိုးတိုးလေး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ရှု့ယန်က ပြုံးလျက် ပြောလိုက်သည်။ "ကျေးဇူးတင်စရာ မလိုပါဘူး။ လူတွေက ဒီလို အောင်သွယ်ပေးတဲ့အကြောင်းတွေ တတွတ်တွတ် ပြောနေတာကို ငါလည်း မကြိုက်ဘူး။"
နေ့ခင်းပိုင်းနီးလာသောအခါ ထန်မိသားစု၏ ထမင်းဝိုင်းမှာ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
"သတို့သမီး ရောက်လာပြီ။"
အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှု့ယန်က ကျန်းနျန်ကို ဆွဲထူကာ အပြင်သို့ ထွက်လာခဲ့သည်။ ကျန်းနျန် မော့ကြည့်လိုက်သောအခါ စစ်ဝတ်စုံအစိမ်းကို ဝတ်ကာ စက်ဘီးစီးလာသော ထန်ဇီကို တွေ့လိုက်ရသည်။ သူ့အနောက်တွင် အနီရောင်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ကာ ရင်ဘတ်တွင် အနီရောင်ပန်းကြီး ချိတ်ထားပြီး ဆံပင်ကျစ်ဆံမြီးတွင် ပန်းလေးနှစ်ပွင့် ပန်ထားသော စွင်းယင် ပါလာခဲ့သည်။
"သတို့သမီးက တကယ်ကို လှတာပဲ။"
"သူမက တကယ် လှတယ်။"
"ငါတို့ မိသားစုခြံဝင်းထဲကို ချောမောတဲ့ ချွေးမသစ်လေး ရောက်လာပြီ။"
ကျန်းနျန်သည် ဖန့်မိန်၏ အနောက်တွင် ရပ်ကာ ချောင်းကြည့်ရင်း မှင်တက်သွားသည်။ စွင်းယင်၏ ယနေ့ ဝတ်စုံမှာ သူမ အိမ်မက်ထဲက အတိုင်းပင် ဖြစ်သည်။ အကယ်၍ သတို့သားမှာ ထန်ဇီ မဟုတ်ခဲ့ပါက သူမ အိမ်မက်မက်နေဆဲဖြစ်သည်ဟု ထင်မိပေလိမ့်မည်။
စွင်းယင်သည် ရုတ်တရက် သူမရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့၏ အကြည့်များ ဆုံသွားကြပြီး စွင်းယင်၏ မျက်နှာပေါ်က အပြုံးမှာ ပျောက်ကွယ်သွားကာ စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်များ ဝင်ရောက်လာသည်။ သူမသည် အကြည့်ကို အေးစက်စွာ လွှဲလိုက်ပြီး ထန်ဇီ၏ နောက်မှလိုက်ကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
ကျန်းနျန် စိတ်ထဲမှ တွေးလိုက်မိသည်။ 'သူမက သတို့သမီးသစ်ကို စိတ်အနှောင့်အယှက် ဖြစ်စေဖို့ ဒီကို ရောက်နေတာလို့ ပြောနေတဲ့အတိုင်းပဲ။'
သို့သော် ကျန်းနျန် တစ်ခုခုကို သတိရသွားသည်။ ဟိုတစ်နေ့က ကွင်းပြင်ထဲတွင် စွင်းယင်က လုယွီထံသို့ လာရောက်ကာ ရထားပေါ်က ပထမဆုံး ဆုံတွေ့မှုအကြောင်း ပြောခဲ့သည်မှာ တိုက်ဆိုင်မှုသက်သက်လား သို့မဟုတ် စွင်းယင်တွင် အတိတ်ဘဝက အမှတ်တရများ တကယ်ရှိနေတာလား။ အကယ်၍ သူမတွင် အတိတ်ဘဝ အမှတ်တရများ ရှိနေလျှင် ထန်ဇီကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်တာလဲ။
မွန်းတည့်ချိန်တွင် တပ်ရင်းမှူးစုန့်နှင့် အခြားသူများ ရောက်ရှိလာကြသည်။ တပ်ရင်းမှူးစုန့်သည် ကျန်းနျန်ကို မြင်သောအခါ အံ့သြသွားခဲ့သည်။
"မင်းလည်း ဒီကို ရောက်နေတာလား။"
ကျန်းနျန် - ???
"ဟုတ်ကဲ့။"
တပ်ရင်းမှူးစုန့်က ရယ်မောခဲ့သည်။ "လုယွီက မင်းကို သွားခေါ်ဖို့ အိမ်ပြန်သွားတယ်လေ။"
ကျန်းနျန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ကျွန်မ အစ်မဖန့်နဲ့ လာခဲ့တာပါ။"
"စုန့်ပိုင်။"
ဖန့်မိန်သည် ခေါင်းငုံ့ကာ လျှောက်လာသော စုန့်ပိုင်ကို မြင်သဖြင့် လှမ်းခေါ်လိုက်သည်။ စုန့်ပိုင် ရပ်သွားသော်လည်း လှည့်မကြည့်ပေ။ "မရီး... ကျွန်တော် ထန်ဇီကို သွားရှာလိုက်ဦးမယ်။"
"နေဦး... ခဏလာပါဦး၊ မေးစရာ ရှိလို့။"
ဖန့်မိန်သည် စုန့်ပိုင်၏ အနားသို့ သွားကာ ကျန်းနျန်ကို တစ်ချက်ကြည့်ပြီး လေသံနှိမ့်ကာ မေးခဲ့သည်။ "နင်နဲ့ ကျန်းနျန်တို့ တွဲနေကြတာလား။"
စုန့်ပိုင် လန့်သွားပြီး မသိစိတ်ဖြင့် ကျန်းနျန်ကို မော့ကြည့်လိုက်မိသည်။ ကျန်းနျန်သည်လည်း စုန့်ပိုင်၏ အကြည့်ကို သတိပြုမိပြီး သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ခုံးအထက်တွင် လုယွီ၏ နှုတ်ခမ်းက ဒဏ်ရာနှင့် ဆင်တူသော ညိုမည်းဒဏ်ရာတစ်ခုကို သူမ မြင်လိုက်ရသည်။ သူမ နှလုံးခုန်နှုန်း တစ်ချက် ရပ်သွားခဒ့သည်။ လုယွီနဲ့ ရန်ဖြစ်ခဲ့သူက စုန့်ပိုင် ဖြစ်နေတာလား။
စုန့်ပိုင်သည် ကျန်းနျန်၏ အကြည့်ကို ရှောင်ရင်း ဖန့်မိန်ကို မေးလိုက်သည်။ "ဘယ်သူက အဲဒီလို ပြောတာလဲ။ ဒီသတင်းသာ အပြင်ရောက်သွားရင် ကျန်းနျန်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကုန်မှာပေါ့။"
"ချန်ဖန့် ပြောတာလေ၊ အသေးစိတ် ကျနေရောပဲ။ နင်က ကျန်းနျန်ကို အဝတ်အစားတွေတောင် ဝယ်ပေးတယ် ဆိုပဲ။ ငါကတော့ နင်တို့နှစ်ယောက် တွဲနေကြတယ် ထင်နေတာ။"
စုန့်ပိုင် - .....
"ဘာမှ မဝယ်ပါဘူး။"
ရှင်းပြပြီးနောက် စုန့်ပိုင် ခြံထဲသို့ ဝင်သွားခဲ့သည်။ သူ မနေနိုင်ဘဲ ကျန်းနျန်ကို နောက်တစ်ကြိမ် လှည့်ကြည့်မိပြန်သည်။ သူမသည် ခေါင်းငုံ့လျက် ရှု့ယန်နှင့် စကားပြောနေသည်။ သူမ၏ နှုတ်ခမ်းများမှာ အပြုံးလေးအဖြစ် ကွေးညွှတ်နေပြီး ဆံနွယ်လေးများမှာ နဖူးပေါ်တွင် သဘာဝအတိုင်း ဝဲကျနေသည်။ နေရောင်ခြည်မှာ သူမအပေါ် ညင်သာစွာ ကျရောက်နေပြီး သူမ၏ အေးချမ်းပြီး တက်ကြွသော အလှကို ပေါ်လွင်စေသည်။
စုန့်ပိုင်၏ တည်ငြိမ်သော နှလုံးသားမှာ အကြိမ်အနည်းငယ် ခုန်သွားခဲ့သည်။
သူသည် အကြည့်ကို လွှဲလိုက်ပြီး မျက်မှောင်ကို ပြင်းပြင်းထန်ထန် တွန့်လိုက်သည်။ သူ၏ အစ်ကိုအရင်းကဲ့သို့သော သူ၏ ဇနီးအပေါ် ခံစားချက်များ ရှိလာမိသည့်အတွက် မိမိကိုယ်ကို ရှက်ရွံ့မိနေသည်။
ခြံဝင်းအတွင်းတွင် အမျိုးသားများ၏ အားပေးသံနှင့် ကလေးများ၏ သကြားလုံးလုကာ ရယ်မောသံများဖြင့် ဆူညံနေသည်။
ကျန်းနျန်သည် ခြံအပြင်ဘက်တွင် ရပ်နေပြီး ရှု့ယန်က ဘေးတွင် ရှိနေသည်။ "ဒီလို ဆူညံတဲ့ နေရာမျိုးမှာ မနေတတ်ဘူးလား။"
ကျန်းနျန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "နည်းနည်းပေါ့။"
လမ်းပေါ်တွင် စစ်တပ်အရာရှိတစ်ဦး လျှောက်လာသည်။ သူသည် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး လည်ပင်းကော်လာကို ဖြုတ်ကာ အင်္ကျီလက်ကို မတင်ထားသဖြင့် သူ၏ သန်မာသော လက်မောင်းကြွက်သားကြီးများ ပေါ်လွင်နေသည်။ သူ၏ ခံ့ညားသော မျက်နှာပေါ်တွင် ချွေးစက်လေးများ စို့နေသည်။ ရှု့ယန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။"လက်ထောက်တပ်ရင်းမှူးလု ရောက်လာပြီ။"
ကျန်းနျန် မော့ကြည့်လိုက်ရာ လုယွီ သူမထံသို့ လျှောက်လာခဲ့သည်။ သူ၏ နက်မှောင်သော မျက်ဝန်းများက သူမ၏ မျက်ဝန်းများနှင့် ဆုံသွားပြီးနောက် နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် နှုတ်ဆက်ခဲ့သည်။ "မရီး။"
ကျန်းနျန်၏ မျက်နှာမှာ ဘာကြောင့်မှန်းမသိ အနည်းငယ် နီမြန်းသွားခဲ့သည်။
သူမ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။ "ကျွန်မ အစ်မဖန့်နဲ့ လာခဲ့တာပါ။"
လုယွီ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု အရိပ်ထင်သွားသည်။ "ကောင်းပါပြီ၊ အထဲဝင်ကြရအောင်။ ထမင်းစားပြီးရင် ကျွန်တော် မင်းကို အိမ်ပြန်ပို့ပေးမယ်။"
ရှု့ယန်က ရယ်မောလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု လိုက်ပို့ပေးဖို့ မလိုပါဘူး။ နောက်မှ အစ်မဖန်နဲ့ ကျွန်မတို့ ရှင့်မရီးကို အတူတူ ပြန်ခေါ်သွားပါ့မယ်။"
ကျန်းနျန်က အသာအယာ ခေါင်းညိတ်သည်။ "ကျွန်မ နောက်မှ ရှု့ယန်တို့နဲ့ပဲ ပြန်လိုက်ပါ့မယ်။"
"ကောင်းပါပြီ။"
ခြံဝင်းထဲတွင် စားပွဲဆယ်လုံး ခင်းထားပြီး အများစုမှာ အမျိုးသားတစ်ဝိုင်း၊ အမျိုးသမီးတစ်ဝိုင်းနှင့် ကလေးတစ်ဝိုင်းစီ ခွဲထိုင်ကြသည်။ ကျန်းနျန်၏ ထိုင်ခုံမှာ စွင်းယင်၏ အခန်းပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။ အနီရောင်အင်္ကျီဝတ်ထားသော စွင်းယင်သည် ကုတင်အစွန်းတွင် ထိုင်ကာ ထန်ဇီနှင့် စကားပြောနေသည်။ ခဏအကြာတွင် ထန်ဇီ အပြင်ထွက်လာပြီး သူ၏ ရဲဘော်များက မင်္ဂလာအရက် တိုက်ရန် ဆွဲခေါ်သွားကြသည်။ ကျန်းနျန် ခေါင်းငုံ့ရန် ပြင်စဉ်မှာပင် စွင်းယင်က သူမကို ရွံရှာသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် စွင်းယင်၏ အကြည့်မှာ သူမကို ကျော်လွန်ကာ မလှမ်းမကမ်းတွင် ထိုင်နေသော လုယွီထံသို့ ရောက်သွားခဲ့သည်။
ကျန်းနျန် စိတ်ထဲတွင် နေရခက်သွားသည်။
အကယ်၍ စွင်းယင်က သူမကို မုန်းလျှင် ထိုအရာက စွင်းယင်၏ ကိစ္စသာ ဖြစ်သည်။ သို့သော် စွင်းယင်က လုယွီကို ကြည့်နေသည်ကို မြင်သောအခါ ကျန်းနျန်၏ ရင်ထဲတွင် မနာလိုမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
"လက်ထောက်တပ်ရင်းမှူးလု... တကယ်လို့ မင်းမရီးက အိမ်ထောင်ပြန်ပြုချင်တယ်ဆိုရင် ငါ့ကိုသာ ပြောလိုက်ပါ။ လက်ထောက်တပ်ရင်းမှူးလုကသာ ခိုင်းမယ်ဆိုရင် ကျွန်တော် အသက်နဲ့လဲပြီး ဖြစ်အောင် လုပ်ပေးပါ့မယ်။"
ဒုတိယတပ်ရင်းရှိ ဗိုလ်ကြီးတစ်ဦး ပြောလိုက်ခြင်း ဖြစ်သည်။ ဒုတိယတပ်ရင်းက စစ်သည်များသည် တတိယတပ်ရင်းက သူများထက် ပို၍ သိကြသည်မှာ လက်ထောက်တပ်ရင်းမှူးလု၏ မရီးမှာ အလွန်လှပရုံသာမက ဟင်းလည်း ကောင်းကောင်းချက်တတ်ပြီး ပန်းထိုးလက်ရာမှာလည်း ထိပ်တန်းဖြစ်ကြောင်းပင် ဖြစ်သည်။ ကျန်းနျန်မှာ မုဆိုးမတစ်ဦး ဖြစ်သော်လည်း ထိုအရာကို မည်သူမျှ ဂရုမစိုက်ကြပေ။ အားလုံးက လက်ထောက်တပ်ရင်းမှူးလုကို အထင်ကြီးစေချင်ကြသည်။
"ဟုတ်တယ်။"
လူတစ်စုက ဝိုင်းအော်ကြပြီး စစ်သည်ဇနီးများပင် လိုက်အော်ကြသည်။
ကျန်းနျန် မျက်တောင်များ တဆတ်ဆတ် လှုပ်သွားသည်။ သူမ မသိစိတ်ဖြင့် မျက်နှာချင်းဆိုင် စောင်းစောင်းတွင် ထိုင်နေသော လုယွီကို လှည့်ကြည့်လိုက်မိသည်။ လုယွီကလည်း သူမကို ကြည့်နေသည်။ သူ၏ နှုတ်ခမ်းပါးများမှာ တင်းကျပ်စွာ စေ့ထားပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်ခဲ့ပေ။
ထန်ဇီ လျှောက်လာပြီး လုယွီ၏ ပုခုံးကို ပုတ်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု... မင်းမရီးနဲ့ တွေ့ချင်တဲ့လူတွေ တော်တော်များနေပုံပဲနော်။"
လုယွီ၏ ပုံစံမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းထဲတွင် နက်ရှိုင်းပြီး အေးစက်သော အရိပ်များ ရှိနေသည်။ သူသည် သူ၏ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လုံးများကို အောက်ချလိုက်သည်။ သူသည် ဆူညံနေသော ရယ်သံများကြားတွင် ပြောလိုက်သည်။ "ကျွန်တော့်မရီးမှာ သူမ သဘောကျတဲ့ လူရှိပြီးသားပါ။ ခင်ဗျားတို့ရဲ့ အတွေးတွေကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်ကြပါ။"
သူ၏ အသံမှာ မကျယ်သော်လည်း နက်ရှိုင်းပြီး ခွန်အားပါသည်။
ခဏလေးအတွင်းမှာပင် ပျော်ရွှင်စွာ ရယ်မောသံများမှာ အေးခဲသွားပြီး အားလုံး ကျန်းနျန်ကို ကြည့်လိုက်ကြသည်။
ကျန်းနျန် - ....
"ကျန်းနျန်... နင့်မှာ စိတ်ထဲရှိတဲ့လူ ရှိနေတာလား။"
ဖန့်မိန်က တွန့်ဆုတ်စွာ မေးလိုက်သည်။ ကျန်းနျန်မှာ သူတို့နှင့် နေ့တိုင်း အတူရှိနေသူဖြစ်သဖြင့် သူမ မည်သူ့ကို သဘောကျသနည်းဟု သူတို့ သိချင်နေကြသည်။
ရှု့ယန်လည်း ကျန်းနျန်ကို စူးစမ်းစွာ ကြည့်နေသည်။
စွင်းယင်သည် ကုတင်ပေါ်တွင် ထိုင်လျက် ကျန်းနျန်ကို မနာလို ဒေါသထွက်သော အကြည့်ဖြင့် ကြည့်နေသည်။ ယနေ့ သူမမှာ သတို့သမီး ဖြစ်သဖြင့် လူတိုင်း၏ အာရုံမှာ သူမထံတွင်သာ ရှိသင့်သည်။ သို့သော် လူတိုင်း၏ အကြည့်မှာ ထိုမုဆိုးမထံသို့သာ ရောက်နေသည်။ လင်သေသွားတဲ့ အိမ်ထောင်ကွဲ မိန်းမတစ်ယောက်မှာ ဘာတွေ ဒီလောက် ကြည့်စရာ ရှိနေလို့လဲ။
စွင်းယင်သည် သူမဘဝတွင် မည်သူ့ကိုမျှ ဤမျှ မမုန်းခဲ့ဖူးပေ။
သူမ ဘယ်ကိုသွားသွား အမြဲတမ်း အာရုံစိုက်ခံရသူ ဖြစ်ခဲ့သော်လည်း ဤသာမန်မုဆိုးမ ပေါ်လာကတည်းက သူမ၏ လူကြိုက်များမှုများကို လုယူသွားခဲ့သည်။
သူမသည် ကျန်းနျန်ကို သူမ အိမ်မက်ထဲကအတိုင်း နံရံနှင့် ခေါင်းတိုက်ပြီး သေသွားသင့်သည်ဟုပင် မကောင်းသော စိတ်ဖြင့် တွေးမိသည်။ သို့သော် လက်တွေ့တွင် ကျန်းနျန်မှာ အဆင်ပြေနေသည်။ သူမကို လက်ထောက်တပ်ရင်းမှူးလုက စစ်တပ်သို့ ခေါ်လာခဲ့ပြီး မိသားစုခြံဝင်းတွင် အခြေချပေးထားသည်မှာ သူမ အိမ်မက်ထဲက မြင်ကွင်းတိုင်းကို ဆန့်ကျင်နေခဲ့သည်။
တစ်ခုတည်းသော တူညီချက်မှာ အိမ်မက်ထဲတွင်ရော လက်တွေ့တွင်ပါ လက်ထောက်တပ်ရင်းမှူးလု၏ သူမအပေါ် ထားရှိသော သဘောထားမှာ အတူတူပင် ဖြစ်နေခြင်း ဖြစ်သည်။
စွင်းယင်သည် ဤသို့ မဖြစ်သင့်ဟု အမြဲ ခံစားနေရသည်။
"လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး... မင်း ဘယ်သူ့ကို တကယ် သဘောကျနေတာလဲ။ မင်းသာ ပြောလိုက်ရင် လက်ထောက်တပ်ရင်းမှူးလုက အောင်သွယ်ပေးနိုင်သေးတာပေါ့။"
စစ်သည်ဇနီးများက ပြန်ပြီး အတင်းအဖျင်း ပြောလာကြပြန်သည်။
"လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးက ကျွန်မတို့ တတိယတပ်ရင်းက လက်ထောက်တပ်ရင်းမှူးစုန့်နဲ့ တွဲနေတာလေ။ ပြီးခဲ့တဲ့လက လက်ထောက်တပ်ရင်းမှူးစုန့်က သူ့အတွက် အဝတ်အစားတွေ ဝယ်ပေးနေတာ ကျွန်မ ကိုယ်တိုင် မြင်ခဲ့တာ။"
ချန်ဖန့်က အစားအစာများကို ပါးစပ်ထဲ အတင်းသွတ်ရင်း ဆက်ပြောခဲ့သည်။ "ကျွန်မတို့ လက်ထောက်တပ်ရင်းမှူးစုန့်ကို ဘယ်သူက ယှဉ်နိုင်မှာလဲ။"
ကျန်းနျန် အသက်ရှူ ကျပ်သွားခဲ့သည်၊ လုယွီက သူတို့၏ လျှို့ဝှက်ပတ်သက်မှုကို ဖွင့်ပြောလိုက်မှာကို စိုးရိမ်သဖြင့် လုယွီဘက်သို့ ချက်ချင်း လှည့်ကြည့်မိသည်။ အကယ်၍ ဤလူများသာ သူမနှင့် လုယွီတို့၏ ပတ်သက်မှုကို သိသွားပါက တစ်တပ်လုံးကို ခဏလေးအတွင်း ပျံ့သွားပေလိမ့်မည်။
လုယွီသည် စစ်တပ်တစ်ခုလုံး၏ အပြောအဆိုခံ ဖြစ်သွားပေလိမ့်မည်။