အခန်း (၁၁၀)
Vol. 11 Ch. 110
ထန်ဇီသည် စွင်းယင်၏ ဘေးတွင် ထိုင်ကာ သူမ၏ ပခုံးကို ဖက်လိုက်သည်။ "ဗိုက်ဝရဲ့လား။ တကယ်လို့ မဝသေးရင် ကိုယ် မီးဖိုချောင်သွားပြီး ထပ်ယူပေးမယ်လေ။"
စွင်းယင်သည် ထန်ဇီ၏ ကိုယ်ပေါ်မှ အရက်ဖြူနံ့ ခပ်သင်းသင်းကို ရလိုက်သည်။ သူမ လှည့်ကြည့်လိုက်ရာ ထန်ဇီ၏ သန်မာသော ပုံစံကို တွေ့ရသည်။ သူမသည် သူ့ကို တစ်ခါမျှ သေသေချာချာ မကြည့်ဖူးခဲ့ပေ။ ပထမဆုံးအကြိမ် တွေ့ဖူးစဉ်က သူမသည် ထန်ဇီ၏ စစ်ဝတ်စုံကိုသာ သတိထားမိခဲ့သည်၊ ထိုဝတ်စုံမှာ သူမ အိမ်မက်ထဲက လုယွီ ဝတ်ထားသည့် ဝတ်စုံနှင့် ထပ်တူပင်ဖြစ်သည်။
"ဗိုက်ဝပါတယ်။" သူမ ပြန်ဖြေသည်။
စွင်းယင်သည် လက်တစ်ဖက်ဖြင့် ထန်ဇီ၏ မျက်လုံးများကို ကာလိုက်ပြီး အခြားလက်တစ်ဖက်ကို သူ၏ နှုတ်ခမ်းပေါ်တွင် တင်ထားသည်။ သူမ၏ မျက်ဝန်းများမှာ ထန်ဇီ၏ စစ်ဝတ်စုံပေါ်သို့ ကျရောက်သွားပြီး သူမ၏ ရင်ခုန်သံမှာ ရုတ်တရက် မြန်ဆန်လာခဲ့သည်။
"ဘာဖြစ်လို့လဲ။" ထန်ဇီက ဝေခွဲမရဖြစ်ကာ မေးရင်း စွင်းယင်၏ လက်ကို ဖယ်ရှားလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။" စွင်းယင် ခေါင်းခါပြလိုက်သည်။
"ဒီည သူတို့ ပြန်လာကြဦးမှာလား။" သူမ ထပ်မေးသည်။
အမှန်မှာ သူမသည် လုယွီ လာမည်လားဟု မေးချင်ခြင်းဖြစ်သော်လည်း တိုက်ရိုက်မေးလျှင် ထန်ဇီ သံသယဝင်မှာကို စိုးရိမ်နေသည်။
"မင်္ဂလာဦးညမို့ ပြန်လာကြလိမ့်မယ်၊ ဒါပေမဲ့ ကိုယ် ကိုင်တွယ်နိုင်ပါတယ်။" ထန်ဇီက ပြုံးလျက် ပြောလိုက်သည်။
စွင်းယင်လည်း ပြုံးလိုက်ရာ သူမ၏ ညာဘက်မျက်လုံးအောက်က မှည့်နီလေးမှာ ပို၍ပင် ဆွဲဆောင်မှု ရှိသွားသည်။ ထန်ဇီမှာ မှင်တက်သွားပြီး စွင်းယင်၏ ပခုံးကို ပိုတင်းကျပ်စွာ ဖက်လိုက်သည်။ သူသည် သူမ၏ အနားသို့ တိုးကပ်သွားသော်လည်း စွင်းယင်က မျက်နှာကို လွှဲလိုက်သည်။
"ရှင့်ဆီက အရက်နံ့ရတယ်၊ မနှစ်မြို့စရာကြီး။" ဟု သူမ ပြောလိုက်သည်။
ထန်ဇီ ရယ်မောလိုက်သည်။ "ဒါဆို ကိုယ် သွားဆေးကြောလိုက်ဦးမယ်။"
ထိုသို့ဖြင့် သူ ထကာ ထွက်သွားခဲ့သည်။ စွင်းယင်သည် ပြတင်းပေါက်မှ အပြင်သို့ ပြန်ကြည့်လိုက်ရာ သူမ၏ အကြည့်မှာ လိုက်ကာပေါ်က ပန်းထိုးထားသော တရုတ်ဘဲတစ်စုံပေါ်သို့ ကျရောက်သွားပြန်သည်။ ၎င်းတို့မှာ အလွန်လှပပြီး သက်ရှိအတိုင်းပင်။ သူမ ထိုင်လိုက်ပြီး လိုက်ကာကို ဆွဲလိုက်သည်။ ချန်ဖန့် အခန်းထဲသို့ ဝင်လာပြီးနောက် စွင်းယင် လိုက်ကာပေါ်က ဘဲများကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"သဘောကျလို့လား။" ချန်ဖန့်က ပြုံးလျက် မေးသည်။
စွင်းယင်က ခေါင်းညိတ်ပြသည်။ "ဟုတ်ကဲ့... လှတယ်။"
ချန်ဖန့် ပြောလိုက်သည်။ "မင်း သဘောကျရင် ပြီးတာပါပဲ။ ဒါကို ကျန်းနျန်ကို အထူး ပန်းထိုးခိုင်းထားတာ။ ငါတို့ မိသားစုခြံဝင်းမှာ သူတစ်ယောက်ပဲ ပန်းထိုးတတ်တာလေ။ သူမက အခု အစိုးရပန်းထိုးဆိုင်မှာ အလုပ်လုပ်နေတာ။ ဒါကို ထိုးပေးဖို့ သူ့ကို ပစ္စည်းတွေ အများကြီးတောင် ဝယ်ပေးခဲ့ရသေးတယ်။"
စွင်းယင်၏ မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ သူမသည် လိုက်ကာကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ချီးကျူးသော အကြည့်မှာ ရွံရှာသော အကြည့်သို့ ပြောင်းလဲသွားသည်။ ချန်ဖန့်မှာ ပန်းကန်များနှင့် တူများကို အခန်းအပြင်သို့ ယူသွားရင်း စွင်းယင်ကို ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်ကို လွှတ်ထားပေးမယ်။ တစ်ခုခုလိုရင် ထန်ဇီကို ပြောလိုက်။"
စွင်းယင်သည် လိုက်ကာကို အကြာကြီး တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးမှ တိုးတိုးလေး ပြန်ဖြေခဲ့သည်။ "ဟုတ်ကဲ့။"
ချန်ဖန့် ထွက်သွားပြီးနောက် စွင်းယင်သည် လိုက်ကာကို အားဖြင့် ဆွဲဆုတ်လိုက်သည်။ သပ်ရပ်နေသော အဝတ်စမှာ တွန့်ကြေသွားပြီး ဘဲနှစ်ကောင်မှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။ သို့သော် သူမ ဒေါသ မပြေသေးဘဲ ကတ်ကြေးဖြင့်ပင် ညှပ်ပစ်ချင်နေမိသည်။
သူမသည် ကျန်းနျန်ကို မုန်းသလို ကျန်းနျန်နှင့် ပတ်သက်သမျှ အရာအားလုံးကိုလည်း မုန်းတီးသည်။
ထန်ဇီသည် မျက်နှာသစ်၊ သွားတိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ စွင်းယင်က လိုက်ကာကို အားဖြင့် ဆွဲနေသဖြင့် ဘဲများမှာ ပုံပျက်နေသည်ကို သူ မြင်လိုက်ရသည်။ သူ မျက်မှောင်ကြုတ်ကာ သူမဘေးတွင် ထိုင်ပြီး စွင်းယင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒီလိုက်ကာကို မကြိုက်လို့လား။" ထန်ဇီ မေးသည်။
စွင်းယင်၏ လက်မှာ တင်းမာသွားပြီး သူမ၏ မျက်ဝန်းထဲက ရွံရှာမှုကို ဖုံးကွယ်လိုက်သည်။ သူမက နူးညံ့ပြီး သနားစရာကောင်းသော လေသံဖြင့် ပြောသည်။ "ကျွန်မက တရုတ်ဘဲတွေကို ကြောက်လို့ပါ။ ကျွန်မက ငန်းတွေကိုပဲ ကြိုက်တာ။"
ထန်ဇီသည် လုယွီ၏ မရီး ပင်ပင်ပန်းပန်း ထိုးပေးထားသော ဘဲများကို ကြည့်လိုက်သည်။ ဤအရာမှာ မရီးဖြစ်သူက သူတို့အတွက် စေတနာဖြင့် စီစဉ်ပေးထားခြင်း ဖြစ်သည်။ အကယ်၍ သူသာ လိုက်ကာကို ဖြုတ်လိုက်လျှင် အိမ်တွင် ပြဿနာတက်ပေလိမ့်မည်။
သူ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ စွင်းယင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ခဏလောက်တော့ သည်းခံလိုက်ပါဦး။ အခုလောလောဆယ် အပိုခြံဝင်း မရှိသေးဘူး၊ ကိုယ်တို့ရဲ့ ကိုယ်ပိုင်အိမ် ရလာတဲ့အခါ ပြောင်းသွားရင် ဒီလိုက်ကာကို သိမ်းပြီး ဗီရိုထဲ ထည့်ထားလိုက်ကြတာပေါ့။"
စွင်းယင်က သူမ၏ လက်များကို ဆုပ်လိုက်၊ လွှတ်လိုက် လုပ်ရင်း ပြန်ဖြေခဲ့သည်။ "အင်း။"
ပြတင်းပေါက်မှာ ပွင့်နေသဖြင့် ထန်ဇီ ထသွားပိတ်လိုက်ပြီး စွင်းယင်၏ ဘေးတွင် ပြန်ထိုင်ကာ ခါးကို ဖက်လိုက်သည်။ သူသည် စွင်းယင်၏ ညာဘက်မျက်လုံးအောက်က မှည့်နီလေးကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများကို နမ်းရန် ကုန်းလိုက်သည်။ စွင်းယင်သည် မျက်တောင်ခတ်ရင်း ထန်ဇီ၏ မျက်လုံးများကို သူမလက်ဖြင့် ကာလိုက်သည်။ ထန်ဇီက ရယ်မောလိုက်သည်။ "ဘာဖြစ်လို့လဲ။"
စွင်းယင်သည် ထန်ဇီ၏ နှာခေါင်းနှင့် နှုတ်ခမ်းကိုသာ မြင်နေရသည်။ သူမသည် သူ၏ စစ်ဝတ်စုံကို ကြည့်ရင်း ဦးဆောင်ကာ သူ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ ထန်ဇီ တစ်ကိုယ်လုံး တုန်ယင်သွားပြီး စွင်းယင်ကို ပြန်လည်ဖက်တွယ်ကာ ဦးဆောင်တော့သည်။ သူမ ရှက်နေသည်ဟု ထင်သဖြင့် သူ၏ မျက်လုံးများကို ကာထားသော စွင်းယင်၏ လက်ကို သူ မဖယ်ရှားခဲ့ပေ။
နေ့လယ်စာစားပြီးနောက် ကျန်းနျန်သည် ပန်းထိုးအလုပ်ကို အဆက်မပြတ် လုပ်နေခဲ့သည်။ သူမသည် အသေးစိတ်များကို အပြီးသတ်ပြီးနောက် ပန်းထိုးထည်ကို သိမ်းဆည်းလိုက်သည်။ ၂၀ ရက်နေ့တွင် မြို့ထဲရှိ အစိုးရပန်းထိုးဆိုင်သို့ သွားရပေလိမ့်မည်။ နေ့လယ်တွင် လုယွီက အစုံသုပ် စားချင်သည်ဟု ပြောခဲ့သော်လည်း အိမ်တွင် ပါဝင်ပစ္စည်းများ မစုံလင်သဖြင့် ကျန်းနျန်သည် သမဝါယမဆိုင်သို့ သွားခဲ့သည်။
တပ်စခန်းအထွက်သို့ ရောက်သောအခါ ဝူယိုရှန်သည် မလှမ်းမကမ်းတွင် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူသည် စိုးရိမ်တကြီးဖြင့် တပ်စခန်းဘက်သို့ ကြည့်နေသည်။ မည်သူမျှ လက်မှတ်ထိုးပေးသူ မရှိသဖြင့် သူ အထဲမဝင်နိုင်ဘဲ အနားသို့လည်း မကပ်ရဲပေ။ သူသည် အဝေးကနေသာ ရပ်ကြည့်နေနိုင်သည်။ ကျန်းနျန် ထွက်လာသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ ခဏမျှ မှောင်ကျသွားပြီးနောက် သူမထံသို့ ရဲရဲတင်းတင်း လျှောက်လာခဲ့သည်။
"ရဲဘော်... ကျွန်တော့်ကို အထဲဝင်ခွင့်ရအောင် လက်ထောက်တပ်ရင်းမှူးလုကို လက်မှတ်ထိုးပေးဖို့ ပြောပေးလို့ ရမလား။ ကျွန်တော် စွင်းယင်ကို ရှာချင်လို့ပါ။"
ကျန်းနျန် - ....
သူမက ငြင်းလိုက်သည်။ "ကျွန်မ မလုပ်နိုင်ဘူး။"
ထိုသို့ပြောပြီးနောက် သူမ ထွက်လာခဲ့သည်။
သူမ စိတ်ထဲတွင် ရယ်ချင်နေမိသည်။ ဤလူမှာ ဆရာဝန်တစ်ဦး ဖြစ်သင့်သော်လည်း စဉ်းစားဆင်ခြင်မှုမရှိဘဲ ပြောဆိုနေသည်။ အကယ်၍ လုယွီက လက်မှတ်ထိုးပေးပြီး သူက အထဲတွင် ပြဿနာရှာခဲ့လျှင် လုယွီပါ အမှုပတ်ပေလိမ့်မည်။
ဝူယိုရှန်မှာ ဒေါသထွက်လျက် ကျန်းနျန် ထွက်သွားသည်ကို ကြည့်နေရရုံသာ တတ်နိုင်တော့သည်။ သူ စိတ်ဆိုးမာန်ဆိုးဖြင့် မျက်နှာကို ပွတ်သပ်လိုက်သည်။
ကျန်းနျန်သည် သမဝါယမဆိုင်တွင် ပါဝင်ပစ္စည်းအချို့ ဝယ်ခဲ့သည်။ ချန်ဖန့် ပေးထားသော အသားအတော်များများ ကျန်သေးသဖြင့် ၎င်းတို့ကို မပုပ်အောင် ရေတွင်းထဲတွင် အအေးခံထားသည်။ သူမ တပ်စခန်းသို့ ပြန်လာသောအခါ ဝူယိုရှန်ကို မတွေ့ရတော့သဖြင့် သူ ပြန်သွားပြီဟု ယူဆလိုက်မိသည်။
အိမ်ပြန်ရောက်သောအခါ ကျန်းနျန်သည် အသားကို စဉ်းကာ ဥယျာဉ်ထဲမှ သခွားသီး နှစ်လုံးကို ခူးလိုက်သည်။ မှောင်လာသောအခါ အစားအစာများ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အစုံသုပ်နံ့မှာ မီးဖိုချောင်တွင် သင်းပျံ့နေသည်။ အိမ်နီးနားချင်းများပင် ရနံ့ကို ရနေကြသည်။
တံခါးအပြင်ဘက်မှ တပ်ရင်းမှူးစုန့်၏ အသံ ထွက်ပေါ်လာသည်။ "လုယွီ... မင်းမရီးက ဘာဟင်းကောင်းချက်နေတာလဲ။ ရနံ့က တစ်မိုင်လောက်ကတည်းက ရနေတာ။"
လုယွီ ပြုံးလိုက်သည်။ "အစုံသုပ်ပါ။"
သူသည် ဤအရသာနှင့် ရင်းနှီးနေပြီဖြစ်သည်။
တပ်ရင်းမှူးစုန့်က တောက်ခေါက်လိုက်သည် "မင်းကတော့ ကံကောင်းလိုက်တာကွာ။ ဒီလောက် ဟင်းချက်ကောင်းတဲ့ မရီးရှိတာ၊ နောက်ဘဝမှာ သူ့ကို လက်ထပ်ရတဲ့လူကတော့ ဗိုက်ကောင်းမှာ သေချာတယ်။"
လုယွီ ဘာမှ ပြန်မပြောပေ။ သူ၏ ခြံဝင်းတံခါးဝသို့ ရောက်သောအခါ တပ်ရင်းမှူးစုန့်က လက်ပြနှုတ်ဆက်ကာ ပြန်သွားသည်။
ခြံဝင်းအတွင်းတွင် မီးအိမ်များ ထွန်းထားသည်။ ကျန်းနျန်သည် ပန်းကန်များကို ခြံထဲရှိ စားပွဲလေးပေါ်တွင် တင်လိုက်သည်။ ဤဟင်းကို ပြင်ဆင်ပြီးနောက် သူမ၏ ကိုယ်ပေါ်တွင် ချွေးများ စိုနေပြီး ဆံနွယ်အချို့မှာ လည်ပင်းတွင် ကပ်နေသည်။ အပြင်တွင် အလွန်ပူအိုက်နေသဖြင့် မီးဖိုချောင်တွင် ချက်ပြုတ်ရခြင်းမှာ ကျန်းနျန်အတွက် နှိပ်စက်ခံရသလိုပင်။
"အိုး... ကျန်းနျန်၊ ဘာတွေ ဟင်းကောင်းချက်နေတာလဲ။ ရနံ့က ငါ့ အိမ်ထိတောင် လွင့်လာတယ်။" ခြံစည်းရိုးတစ်ဖက်မှ တစ်စုံတစ်ယောက်က လှမ်းအော်မေးခဲ့သည်။
ကျန်းနျန်က ပြုံးလျက် နံရံတစ်ဖက်မှ ဖန့်မိန်ကို ပြန်ဖြေလိုက်သည်။ "အစုံသုပ်ပါ။"
ခြံတံခါးပွင့်လာပြီး လုယွီ ပြန်ရောက်လာခဲ့သည်။
ကျန်းနျန်က သူမ၏ အေပရွန်ကို ပြင်ပြီး ပြုံးပြလိုက်သည်။ "ညစာ အဆင်သင့်ဖြစ်ပြီ"
သူမ ရေတွင်းသို့သွားကာ မျက်နှာသစ်လိုက်သဖြင့် အနည်းငယ် လန်းဆန်းသွားသည်။ သူမ အိမ်ထဲသို့ ပြေးဝင်ကာ မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်သည်။ လုယွီသည် ကျန်းနျန်၏ သွက်လက်သော လှုပ်ရှားမှုများကို ကြည့်နေပြီးနောက် သူကိုယ်တိုင် ရေတွင်းသို့ သွားလိုက်သည်။
ကျန်းနျန် ပြန်ထွက်လာသောအခါ လုယွီသည် သူမ သုံးထားသော ရေဖြင့်ပင် မျက်နှာသစ်နေသည်ကို တွေ့ရသည်။ သူမ တားချင်သော်လည်း တုံ့ဆိုင်းနေမိသည်။ "ရှင် ရေအသစ် သုံးသင့်တယ်။"
"မလိုပါဘူး။" လုယွီက ဖြတ်ပြောလိုက်သည်။
ကျန်းနျန် ခေါင်းငုံ့ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်ရင်း ပြောလိုက်သည်။ "ရှင် ထိုင်စားနေနှင့်ဦး၊ ကျွန်မ တူသွားယူလိုက်မယ်။"
မျက်နှာသစ်ပြီးနောက် လုယွီသည် စားပွဲတွင် ထိုင်ကာ တူယူလိုက်ကာ အစုံသုပ်ကို အရသာရှိရှိ စားတော့သည်။ ကျန်းနျန်သည် ပဲစိမ်းသီးသုပ်ကို ယူလာပြီး လုယွီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ မြိန်ရည်ယှက်ရည် စားနေသည်ကို ကြည့်ရင်း ကျေနပ်နေမိသည်။
လုယွီသည် ခေါက်ဆွဲ သုံးပန်းကန် ဆက်တိုက် စားခဲ့သော်လည်း ကျန်းနျန်မှာမူ တစ်ပန်းကန်ကိုပင် ကုန်အောင် မနည်းစားရသည်။ သူမ ပန်းကန်များကို သိမ်းရန် ပြင်သော်လည်း လုယွီက အရင်ဦးအောင် ယူလိုက်ကာ ပြောသည်။ "မင်း အခန်းထဲမှာ သွားနားလိုက်တော့။ ကိုယ် ပန်းကန်ဆေးပြီး မင်း ရေချိုးလို့ရအောင် ရေနွေးတည်ပေးမယ်။ ကိုယ် အလုပ်ပြီးရင် အဆောင်ကို ပြန်လိုက်မယ်။"
ကျန်းနျန်က လက်ပြန်ရုပ်လိုက်သည်။ "ကောင်းပါပြီ။"
သူမသည် ဝတ်ထားသော အေပရွန်ကို ချွတ်၍ စားပွဲပေါ်တွင် သေသေသပ်သပ် ခေါက်တင်ထားလိုက်ပြီးနောက် လှည့်ထွက်ကာ သူမ၏ အခန်းထဲသို့ ဝင်သွားလေသည်။
ထို့နောက် ဗီရိုထဲမှ ထိုးလက်စ အဝတ်အထည်အချို့ကို ထုတ်ယူလိုက်ရာ ၎င်းမှာ လှိုင်းတွန့်ကော်လာနှင့် အနားသတ်များတွင် အနီရောင် ပန်းပွင့်ဖတ်ကလေးများ ပန်းထိုးထားသည့် အဖြူရောင် ဘလောက်စ်အင်္ကျီလေး တစ်ထည် ဖြစ်သည်။ ထိုအင်္ကျီ၏ ဘယ်ဘက်ရင်အုံတွင်မူ ပိုးချည်ဖြင့် လှိုင်းတွန့်ပုံစံ ပန်းထိုးထားသော အိတ်ကပ်ကလေးတစ်ခုလည်း ပါရှိနေသေးသည်။
ဤအဝတ်အထည်များသည် သူမ ဤခေတ်ကာလသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် မိမိကိုယ်တိုင်အတွက် ချုပ်လုပ်ထားသော နွေရာသီဝတ်စုံ နှစ်ထည်ပင် ဖြစ်သည်။ ထိုဝတ်စုံများကို ခေတ်သစ်၏ စတိုင်လ်များနှင့်လည်း ပေါင်းစပ်ဖန်တီးထားသည်။
သူမသည် ဆောင့်ကြောင့်ထိုင်ကာ ဗီရိုအောက်ခြေမှ လုယွီအတွက် အထူးပြုလုပ်ထားသော အဖြူရောင် အင်္ကျီနှစ်ထည်ကို ထပ်၍ထုတ်ယူလိုက်သော်လည်း ၎င်းတို့မှာ မပြီးသေးပေ။
လုယွီ ရေနွေးတည်ပြီးသွားသောအခါ ကျန်းနျန်သည် သူမအင်္ကျီ၏ အနားသတ်ကို ချုပ်လုပ်ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူမက လုယွီကို ပြောလိုက်သည်။ "ကျွန်မ ၂၀ ရက်နေ့မှာ ပန်းထိုးဆိုင်ကို သွားရမယ်။"
လုယွီ ပြန်ဖြေလိုက်သည်။ "ကောင်းပြီလေ၊ ကိုယ် ခွင့်ယူပြီး လိုက်ပို့ပေးမယ်။"
ရေချိုးပြီးနောက် ကျန်းနျန် စောစော အိပ်ရာဝင်ခဲ့သည်။
ထိုနေ့က ထန်မိသားစုတွင် ဖြစ်ခဲ့သော မနှစ်မြို့ဖွယ် ကိစ္စပြီးကတည်းက ကျန်းနျန်သည် လမ်းပေါ်တွင် လမ်းလျှောက်လျှင် စစ်သည်ဇနီးများနှင့် အဒေါ်ကြီးများက သူမကို အောင်သွယ်ပေးသည့်အကြောင်း ပြောဆိုခြင်းမျိုး မရှိတော့ပေ။
ဖန့်မိန်မှာလည်း ဤရက်ပိုင်းတွင် ထူးထူးခြားခြား ဖြစ်နေပြီး ကျန်းနျန်ထံသို့ ခဏခဏ လာတတ်ကာ စိတ်ထဲရှိသမျှ အကုန်လုံးကို တစ်ပြိုင်နက်တည်း ပြောပြချင်နေပုံရသည်ကို သူမ သတိပြုမိသည်။
ဖန့်မိန် တစ်ခုခု ဖြစ်နေသည်ကို ကျန်းနျန် အကဲခတ်မိသည်။ သူမသည် ထိုနေ့က အဝတ်အစားများ ချုပ်ပြီးနောက် ညနေပိုင်းတွင် ဖန့်မိန်တို့အိမ်သို့ သွားခဲ့သော်လည်း တပ်ရင်းမှူးစုန့် ပြန်မလာသေးပေ။
ဖန့်မိန်သည် ခြံဝင်းထဲတွင် ထိုင်ကာ ဖိနပ်ခုံများကို ဖာထေးနေသည်။ ကျန်းနျန် လာသည်ကို မြင်သောအခါ သူမက ပြုံးလျက် ပြောလိုက်သည်။ "ဘာလို့ လာတာလဲ။"
ကျန်းနျန်လည်း ပြန်ပြုံးပြလိုက်သည်။ "အလုပ်ပြီးလို့ ခဏလာထိုင်တာပါ။"
ခဏကြာ စကားပြောပြီးနောက် ကျန်းနျန်က သတိထားကာ မေးလိုက်သည်။ "အစ်မဖန့်... ကျွန်မတို့ ဒီမိသားစုခြံဝင်းမှာ ဘယ်လောက်ကြာကြာ ဆက်နေလို့ ရမလဲဆိုတာ အစ်မသိလား။"
ဖန့်မိန် ခေတ္တ ငြိမ်သွားပြီးမှ ကျန်းနျန် မေးသည့် အဓိပ္ပာယ်ကို နားလည်သွားသည်။ "ဘာဖြစ်လို့လဲ၊ ဒီမှာနေရတာ အဆင်မပြေလို့လား။"
ကျန်းနျန်က ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး၊ ဒီမှာ နေသားကျသွားလို့ပါ။ တစ်နေ့နေ့မှာ ပြောင်းရမယ်ဆိုရင် လွမ်းနေမိမှာ စိုးလို့ပါ။"
စကားပြောပြီးနောက် သူမ ဖန့်မိန်ကို ကြည့်လိုက်သောအခါ ဖန့်မိန်သည် ခေါင်းငုံ့လျက် အပ်ဖြင့် ဦးရေပြားကို နာနာပွတ်နေသည်ကို တွေ့ရသည်။ ၎င်းမှာ သူမ၏ ယခင်တုံ့ပြန်မှုများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ကျန်းနျန် ရင်ခုန်သွားသည်။ ဖန့်မိန် တကယ်ပဲ တစ်ခုခု သိနေတာလား။
အချက်အလက်များ ဆုံးရှုံးသွားမှာစိုးသဖြင့် အလောတကြီး မတောင်းဆိုချင်သောကြောင့် ကျန်းနျန်သည် ထပ်၍ အတင်းအကျပ် မမေးရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူတို့သည် နေ့စဉ်ဘဝအကြောင်းများကိုသာ ဆက်ပြောဖြစ်ကြသည်။ မပြန်မီ ကျန်းနျန်က ပြုံးလျက် ပြောလိုက်သည်။ "အစ်မဖန့်... ကျွန်မတို့ အမြဲတမ်း အိမ်နီးနားချင်းတွေ ဖြစ်ချင်မိတယ်။"
စကားစမိသွားသည်နှင့် ဖန့်မိန်သည် စိတ်မထိန်းနိုင်တော့ဘဲ ဗလုံဗထွေး ပြောချလိုက်သည်။ "အေးပါ၊ ငါလည်း အမြဲတမ်း အိမ်နီးနားချင်း ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ တပ်ရင်းမှူးစုန့်ဘက်မှာ အပြောင်းအလဲ တချို့ ရှိနေပုံပဲ။ သူက…"
သူမ ရုတ်တရက် စကားရပ်လိုက်ပြီး ပါးစပ်ကို တင်းတင်းပိတ်လိုက်သည်။
ကျန်းနျန် ရယ်ချင်သွားသည်။ ဖန့်မိန်သည် တစ်ခုခုကို ဖုံးကွယ်ရန် သိသိသာသာ ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ဤစကားပြောဆိုမှုကြောင့် ကျန်းနျန် သဘောပေါက်သွားသည်။ ဝတ္ထုထဲက ဇာတ်လမ်းမှာ လမ်းကြောင်း လုံးဝ လွဲမသွားသေးပုံရသည်။ တပ်ရင်းမှူးစုန့်သည် ရာထူးတိုးပြီး ပြောင်းရွှေ့ရတော့မည့်ပုံ ရှိနေသဖြင့် ဖန့်မိန်သည် ဤရက်ပိုင်းအတွင်း သူမထံသို့ ခဏခဏ လာနေခြင်း ဖြစ်သည်။
"အစ်မဖန့်... ထမင်းစားချိန် နီးပြီဆိုတော့ ကျွန်မ ပြန်လိုက်ပါဦးမယ်" ကျန်းနျန် ထရပ်လိုက်သည်။ ဖန့်မိန်က ကျန်းနျန် စိတ်ဆိုးသွားသည်ဟု ထင်ကာ သူမကို လှမ်းဆွဲလိုက်သည်။ "ထိုင်ပါဦး၊ ငါ နင့်ကို ပြောစရာ ရှိလို့။"
ကျန်းနျန် မျက်ခုံးတစ်ဖက်ကို မသိမသာ ပင့်လိုက်သည်။ ဖန့်မိန် ဘာပြောမည်ကို သူမ ကောင်းကောင်း ရိပ်မိပြီးသား ဖြစ်သည်။ ခေတ္တမျှ တွန့်ဆုတ်ဟန်ပြပြီးမှ သူမ ပြန်ထိုင်လိုက်ကာ စပ်စုသလို မေးလိုက်သည်။ "အစ်မဖန့် ဘာပြောမလို့လဲ။ ဘာလို့ ဒီလောက် လျှို့ဝှက်နေတာလဲ။"
ခြံအပြင်ဘက်ကို တစ်ချက်ကြည့်ပြီး ဖန့်မိန်က ကျန်းနျန်အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောခဲ့သည်။ "တပ်ရင်းမှူးစုန့်က မကြာခင် ရာထူးတိုးတော့မယ်၊ ဒါပေမဲ့ ဘယ်တော့လဲဆိုတာ သူ အတိအကျ မပြောသေးဘူး။ သတင်းမဖြန့်ဖို့လည်း သူ ငါ့ကို မှာထားပြီး ဘာမှမပြောဖို့ သတိပေးထားတယ်။"
ကျန်းနျန်က ရယ်မောလိုက်သည်။ "အစ်မဖန့်ရယ်... အစ်မပြောတဲ့အရာတွေကို ကျွန်မ တခြားသူကို ပြောဖူးလို့လား။"
ဖန့်မိန် ရယ်လိုက်သည်။ "ငါ နင့်ကို ယုံတာပေါ့။"
သက်ပြင်းတစ်ချက် ချပြီးနောက် ဖန့်မိန်၏ မျက်နှာတွင် အင်တင်တင်ဖြစ်နေသော အရိပ်အယောင်များကို ကျန်းနျန် ပထမဆုံးအကြိမ် မြင်လိုက်ရသည်။ သူမက ပြောသည်။ "တပ်ရင်းမှူးစုန့် ရာထူးတိုးလို့ ပြောင်းသွားရင် ငါတို့ မိသားစုတစ်ခုလုံး လိုက်သွားရမှာ။ နေရာသစ်မှာ အစကနေ ပြန်စရမယ်။ ဒီကို တပ်ရင်းမှူးစုန့်နဲ့အတူ ပြောင်းလာတုန်းကလည်း အိမ်နီးနားချင်းတွေနဲ့ ပတ်ဝန်းကျင်ကို နေသားကျဖို့ ကြိုးစားခဲ့ရတယ်။ အခု မျက်စိတစ်မှိတ်အတွင်းမှာပဲ ထပ်ပြောင်းရတော့မယ်။"
ကျန်းနျန်က ဖန့်မိန်၏ လက်ကို ပုတ်ကာ ပြောလိုက်သည်။ "အစ်မဖန့်... ဒီလိုပဲ တွေးကြည့်ပါလား။ တပ်ရင်းမှူးစုန့် ရာထူးတိုးတာ ကောင်းတဲ့အရာပဲလေ။ သူလည်း အဆင့်မြင့်လာမယ်၊ လစာလည်း ပိုရမယ်။ ဒါကို တွေးတောပြီး မြင်ကြည့်သင့်ပါတယ်။ နေရာသစ်ကို ပြောင်းရတာကလည်း ကျွန်မတို့ ဘဝရဲ့ အခန်းကဏ္ဍသစ်တစ်ခုပဲပေါ့။"
ကျန်းနျန်၏ စကားကြောင့် ဖန့်မိန် အတော်လေးစိတ်သက်သာရာ ရသွားခဲ့သည်။
ဖန့်မိန်နှင့် ခဏမျှ ထပ်မံစကားပြောပြီးနောက် ကျန်းနျန် အိမ်ပြန်လာခဲ့သည်။ လုယွီက ညနက်သည်အထိ အလုပ်များနေမည်ဖြစ်သဖြင့် ညစာအတွက် ပြန်မလာနိုင်ကြောင်း ပြောထားသည်။ မနက်ဖြန် ၂၀ ရက်နေ့တွင် သူက သူမကို မြို့ထဲသို့ လိုက်ပို့ရန် စီစဉ်ထားသည်။ ညစာစားပြီးနောက် ကျန်းနျန် စောစော အိပ်ခဲ့သည်။ နောက်တစ်နေ့ မနက်တွင် တပ်၏ခရာသံနှင့်အတူ သူမ၏ တံခါးပြင်ပက ခြေသံများကြောင့် နိုးလာခဲ့သည်။