အခန်း (၁၁၂)
Vol. 12 Ch. 112
မှန်တစ်ဖက်ရှိ လုယွီသည် အပြင်ဘက် ဓာတ်တိုင်နားတွင် ရပ်နေပြီး ဆိုင်ထဲသို့ လှမ်းကြည့်နေမိသည်။
ကျန်းနျန်၏ အမူအရာဖြစ်စေ၊ အပြုအမူဖြစ်စေ ယခင်ကနှင့် လုံးဝ ကွဲပြားနေပုံရသည်။ သူမသည် ပန်းထိုးအလုပ်နှင့် ပတ်သက်လာလျှင် အခြားအချိန်များတွင် မရှိသော ထက်မြက်မှုကို ပြသတတ်ကြောင်း လုယွီ သတိပြုမိသည်။
သူမသည် မြူနှင်းများ ဖုံးလွှမ်းထားသကဲ့သို့ပင်။ ထိုမြူနှင်းများကို ဖောက်ထွက်ပြီး သူမ၏ လျှို့ဝှက်ချက်များကို မည်သည့်အချိန်တွင် သိခွင့်ရမလဲဟု လုယွီ တွေးနေမိသည်။
"ဒါရိုက်တာဝမ်၊ ရဲဘော်တန့်... ရေလေး သောက်ကြပါဦး။"
ဒါရိုက်တာဖန့်က စကားဝင်ပြောရန် ကြိုးစားသော်လည်း တန့်ခယ်က အေးဆေးစွာပင် ပြန်ဖြေခဲ့သည်။ "ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ ရေမငတ်ပါဘူး။"
သူမသည် စားပွဲပေါ်က ပန်းထိုးထည်ကို ငုံ့ကြည့်ကာ အသာအယာ ထိတွေ့ကြည့်ခဲ့သည်။ သူမ၏ မျက်လုံးများတွင် ချီးကျူးဂုဏ်ပြုသော အရိပ်အယောင်များ ပေါ်လာပြီး ကျန်းနျန်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "ရဲဘော်ကျန်း... မင်းရဲ့ ပန်းထိုးကျွမ်းကျင်မှုက အမြဲတမ်း စွဲမက်စရာ ကောင်းနေတုန်းပဲ။"
တန့်ခယ်၏ စကားပြောသံတွင် လေယူလေသိမ်း အနည်းငယ် ပါနေသည်။ ကျန်းနျန်က ပြုံးလျက် ပြောလိုက်သည်။ "အစ်မတန့်... သေသေချာချာ ထပ်ကြည့်ပေးပါဦး။ အကယ်၍ အစ်မ မကျေနပ်တဲ့ နေရာတွေ ရှိရင် ကျွန်မ ပြန်ပြင်ပေးနိုင်ပါတယ်။"
ထိုသို့ပြောရင်း သူမသည် ဒါရိုက်တာဖန့်ကို လှမ်းကြည့်လိုက်ရာ ဖန့်ရင်မှာ ကိုယ်ရှိန်သတ်ပြီး ဘာမှ မပြောရဲတော့ဘဲ ဖြစ်နေသည်။
တန့်ခယ်က ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မ အရမ်းကျေနပ်ပါတယ်။ ဒီလောက် ငယ်ရွယ်တဲ့သူဆီကနေ ဒီလို လက်ရာမြောက်တဲ့ အရည်အချင်းမျိုး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ကောမိန်က မင်းအကြောင်း အများကြီး ချီးကျူးတာ ကြားဖူးပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ချင်ပေမဲ့ အခွင့်မသာခဲ့ဘူး။ ဒီနေ့တော့ တွေ့လိုက်ရပြီ၊ မင်းက တကယ်ကို ငယ်ရွယ်ချောမောပြီး အရည်အချင်းရှိတာပဲ။"
ကျန်းနျန်သည် ချီးကျူးစကားများကြောင့် ရှက်ကိုးရှက်ကန်း မဖြစ်ဘဲ ယုံကြည်မှုရှိရှိဖြင့် ပြန်ပြောလိုက်သည်။ "ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မတန့်။"
ဒါရိုက်တာဝမ်သည်လည်း ကျန်းနျန်၏ တုံ့ပြန်မှုကို သဘောကျနေသည်၊ ကောမိန်သည် သူမတို့ ပန်းထိုးဆိုင်အတွက် ဤမျှ တန်ဖိုးရှိသော လူတစ်ယောက်ကို ချန်ထားခဲ့သည်မှာ မှန်ကန်သည်ဟု သူမ ခံစားရသည်။ အစိုးရပန်းထိုးဆိုင်သည် တန့်ခယ်နှင့် စတင်ပူးပေါင်းဆောင်ရွက်ကတည်းက အမြတ်အစွန်းများ တိုးတက်လာခဲ့သည်။ အကယ်၍ ဤအတိုင်း ဆက်ထိန်းထားနိုင်လျှင် ဒါရိုက်တာဝမ်၏ စွမ်းဆောင်ရည်အတွက် မှတ်တမ်းကောင်းရရှိပြီး ရာထူးတိုးရန် အလားအလာ ရှိလာပေလိမ့်မည်။
ခဏကြာ စကားပြောပြီးနောက် ဖန့်ရင်မှာ စိုးရိမ်လာခဲ့သည်၊ ကျန်းနျန်က ဒါရိုက်တာဝမ်နှင့် ရဲဘော်တန့်တို့၏ ရှေ့တွင် သူမ၏ စောစောက ပြောစကားများကို ပြန်ပြောလိုက်မှာကို သူမ ကြောက်နေသည်။ အကယ်၍ ကျန်းနျန်သာ ပြောလိုက်လျှင် ကွမ်းချန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပျက်စီးအောင် လုပ်လုနီးပါး ဖြစ်ခဲ့သည့်အတွက် ဒါရိုက်တာဝမ်မှာ သူမကို အပြင်းအထန် အရေးယူပေလိမ့်မည်၊ ထိုအခါ သူမ၏ ဒါရိုက်တာရာထူးမှာလည်း အန္တရာယ် ရှိလာနိုင်သည်။
ဖန့်ရင် ချွေးပြန်နေစဉ် ဒါရိုက်တာဝမ်က သူမဘက်သို့ လှည့်ကာ မေးလိုက်သည်။ "မင်း အရမ်းပူနေလို့လား။"
ဖန့်ရင်က ရဲဘော်တန့်နှင့် စကားပြောနေသော ကျန်းနျန်ကို တစ်ချက်ကြည့်ကာ အတင်းပြုံးလျက် ပြောလိုက်သည်။ "ဟုတ်ကဲ့... နည်းနည်း ပူလို့ပါ။"
တန့်ခယ်သည် ပန်းထိုးပုံစံ အကြီးသုံးမျိုးကို ယူဆောင်လာခဲ့သည်၊ တစ်ခုမှာ ရှုခင်းပုံဖြစ်ပြီး နှစ်လအတွင်း အပြီးသတ်ရမည် ဖြစ်သည်။ ဤပန်းထိုးမှာ ကွမ်းချန်ရှိ ထင်ရှားကျော်ကြားသော လူကြီးတစ်ဦးအတွက် လက်ဆောင်အဖြစ် ပေးရန်ဖြစ်သည်။
တန့်ခယ်၏ စကားအရ ဤလက်ရာမှာ ကျန်းနျန်အတွက် ကွမ်းချန်တွင် သိသိသာသာ အသိအမှတ်ပြုမှု ရရှိစေမည့် အရာဖြစ်ကြောင်း ကျန်းနျန် နားလည်လိုက်သည်။ အကယ်၍ သူမ၏ နာမည် ကျော်ကြားလာလျှင် ခရိုင်အတွင်းရှိ မည်သည့် အစိုးရပန်းထိုးဆိုင်မဆို သူမကို ခေါ်ယူရန် အပြိုင်အဆိုင် ဖြစ်လာကြပေလိမ့်မည်။
တန့်ခယ်၏ မျက်လုံးများထဲက ချီးကျူးမှုကို မြင်သောအခါ ကျန်းနျန်က ပြုံးလျက် ပြောလိုက်သည်။ "အစ်မတန့် စိတ်ချပါ၊ ကျွန်မကိုယ်တိုင် ဒီပန်းထိုးကို အချိန်မီ ပြီးအောင် လုပ်ပေးပါ့မယ်။"
တန့်ခယ်က ပြုံးလိုက်သည်။ "ကျွန်မ မင်းကို ယုံကြည်ပါတယ်။"
ဒါရိုက်တာဝမ်သည် အတွေ့အကြုံရှိသူပီပီ အတွင်းသဘောကို နားလည်သည်။ တန့်ခယ်နှင့် သူမ၏ လက်ထောက် ရှဟယ်တို့ကို လိုက်ပို့ပြီးနောက် သူမ ပြန်ဝင်လာခဲ့သည်။ ဒါရိုက်တာဝမ် ပြန်ဝင်လာသည်ကို မြင်သောအခါ ဖန့်ရင်၏ ဦးရေပြားမှာ ထုံကျင်သွားသည်။ ဒါရိုက်တာဝမ်က ဖန့်ရင်ကို မကြည့်ဘဲ ကျန်းနျန်နှင့် အချိန်အတော်ကြာ စကားပြောနေပြီး ကျန်းနျန်မှာ တကယ့်ကို အဖိုးတန် ရတနာတစ်ပါးကဲ့သို့ သဘောကျ ကျေနပ်နေသည်။
ကျန်းနျန်သည် အစိုးရပန်းထိုးဆိုင်အတွက် တကယ့်ကို ရတနာတစ်ပါး ဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူမ မရှိလျှင် ကွမ်းချန်မှ ဘော့စ်မှာ ဆိုင်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ချင်မှ ဆောင်ရွက်ပေလိမ့်မည်၊ ၎င်းက ဆိုင်၏ အမြတ်အစွန်းနှင့် ဒါရိုက်တာဝမ်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သူတို့သည် ကျန်းနျန်ကို စိတ်ချမ်းသာအောင် ထားရန် လိုအပ်သည်။
ဒါရိုက်တာဝမ် ထွက်သွားပြီးနောက် ကျန်းနျန်က စောစောက ကိစ္စကို ပြန်မပြောပေ။ ဖန့်ရင်သည် သက်ပြင်းတစ်ချက် ချနိုင်လိုက်ပြီး သူမ၏ အာဏာပြရန် ကြိုးပမ်းမှုမှာ သူမကို ပြန်ထိခိုက်သွားကြောင်း သဘောပေါက်လိုက်သည်။ နောက်ဆုံးတွင် သူမ ကျန်းနျန်ကို ကြည့်ကာ မေးလိုက်သည်။ "ဘာလို့ စောစောက ဖြစ်ခဲ့တာတွေကို ပြန်မပြောခဲ့တာလဲ။ မင်းသာ ပြောလိုက်ရင် ဒါရိုက်တာဝမ်က ကျွန်မကို ပြစ်တင်ရှုံ့ချပြီး ဆင်ခြင်ခိုင်းမှာ သေချာတယ်။"
ကျန်းနျန် ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းများမှာ အေးစက်နေသည်။ "ဒါရိုက်တာဖန့်က လူသစ်မို့လို့ အာဏာပြချင်နေတာ ကျွန်မ နားလည်တယ်လို့ စောစောက ပြောခဲ့သားပဲ။ ကျွန်မ ပြန်မပြောခဲ့တာက ရှင့်ကို မျက်နှာသာ ပေးချင်လို့ပါ။"
ဖန့်ရင် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ကျန်းနျန် ရှီလီကို တစ်ချက်ကြည့်လိုက်မှသာ သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။
ကျန်းနျန် ပြောလိုက်သည်။ "ရှင့်ရဲ့ အမျိုးကို ကူညီချင်တဲ့ ရှင့်ရဲ့ ဆန္ဒကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ စဉ်းစားကြည့်၊ ဒီအလုပ်အတွက် ကျန်းရှောင်က ပိုသင့်တော်လား၊ ရှီလီက ပိုသင့်တော်လားဆိုတာ။ ကျွန်မက ကျွန်မရဲ့ ပန်းထိုးအရည်အချင်းကို သုံးပြီး မာန်တက်နေတာ မဟုတ်ဘူး။ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာကိုပဲ စဉ်းစားပါ။"
ကျန်းနျန်က ဖန့်ရင်ကို ကြည့်ပြီး ပြုံးလိုက်ရာ ဖန့်ရင်မှာ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ ကျန်းနျန်၏ စကားကို သူမ နားမလည်သေးလျှင် သူမသည် လူအ ဖြစ်လိမ့်မည်။ အကယ်၍ သူမက ရှီလီကို ဆက်ထားပြီး ကျန်းရှောင်ကို နှင်ထုတ်ရန် ဇွတ်ကြိုးစားနေဦးမည်ဆိုလျှင် ပန်းထိုးကို အပြစ်ရှာခဲ့သည့် ကိစ္စမှာ ဒါရိုက်တာဝမ်၏ နားထဲ ရောက်သွားမည်ဖြစ်ပြီး သူမရော ရှီလီပါ ဆိုင်မှ ထွက်သွားရပေလိမ့်မည်။
ကျန်းနျန်သည် ပန်းထိုးပုံစံကို အဝတ်အိတ်ထဲ ထည့်လိုက်ပြီး ဖန့်ရင်ကို ပြောသည်။ "ကျွန်မ ပန်းထိုးဖို့ လိုအပ်တဲ့ အဝတ်စနဲ့ ပိုးချည်တွေကို ဒီနေ့ပဲ ပို့ပေးဖို့ လိုမယ်။ ပြီးတော့ ဒီတစ်ခေါက် ပန်းထိုးခလည်း ပေးပါဦး။ ကျွန်မ သွားတော့မယ်။"
သူမသည် ကျိုက်ဖေးဖေး၊ လုရှောင်ချင်းနှင့် ကျန်းရှောင်တို့ကို နှုတ်ဆက်ရာ သူတို့အားလုံးက သူမကို လက်မထောင်ပြခဲ့ကြသည်။
သူမသည် ပန်းထိုးဆိုင်တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့ရာ လမ်းဘေးတွင် စောင့်နေသော လုယွီကို တွေ့လိုက်ရသည်။ သူမ ထွက်လာသည်ကို မြင်သောအခါ ထိုလူက သူမထံသို့ လျှောက်လာခဲ့သည်။ "ပြီးပြီလား။"
ကျန်းနျန်က အသာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့၊ အိမ်ပြန်ကြရအောင်။"
"ခဏလောက် စောင့်ဦး။ ကိုယ်တို့ အရင်လုပ်စရာ တစ်ခု ရှိသေးတယ်။"
ကျန်းနျန်က လုယွီကို စပ်စုသလို မော့ကြည့်လိုက်သည်။ "ဘာလဲဟင်"
လမ်းလျှောက်နေစဉ် လုယွီက ချောင်းတစ်ချက်ဟန့်ကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ကိုယ်တို့ ဓာတ်ပုံသွားရိုက်ကြမယ်။"
ဓာတ်ပုံလား။
ကျန်းနျန်သည် လုယွီ တင်းတင်းဆုပ်ကိုင်ထားသော သူမ၏ လက်ကို ငုံ့ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။
ဤခေတ်၏ ဓာတ်ပုံစတူဒီယိုမှာ အလွန်ရိုးရှင်းပြီး ရှေးဟောင်းကင်မရာတစ်လုံးသာ ရှိသည်။
သူတို့ စတူဒီယိုထဲသို့ ဝင်သွားကြသည်။ အထဲတွင် မုတ်ဆိတ်မွေးနှင့် မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦး ရှိနေပြီး လည်ပင်းတွင် ကင်မရာတစ်လုံး ဆွဲထားသည်။ သူက တစ်ခုခုကို ငုံ့ကြည့်နေသည်။ တံခါးသံကြားသောအခါ သူ မတ်တပ်ရပ်ပြီး ပြုံးလိုက်သည်။ "ဓာတ်ပုံရိုက်မလို့လား ရဲဘော်တို့။"
လုယွီ ခေါင်းညိတ်ပြသည်။ ဘယ်လိုပုံမျိုး ရိုက်မလဲဟု မေးသောအခါ လုယွီက ရိုးရှင်းစွာပင် ပြောလိုက်သည်။ "ကျွန်တော်တို့ နှစ်ယောက်တွဲပုံ တစ်ပုံပါ။"
ကျန်းနျန် - ???!
ဓာတ်ပုံစတူဒီယိုအတွင်း နံရံတွင် အနီရောင်ပိတ်စတစ်ခု ချိတ်ဆွဲထားပြီး ရှေ့တွင် ခုံတန်းရှည်တစ်ခု ချထားသည်။ လုယွီသည် ကျန်းနျန်နှင့်အတူ ထိုခုံတန်းပေါ်တွင် ထိုင်လိုက်သည်။ မုတ်ဆိတ်မွေးနှင့် လူက ကျန်းနျန်ကို အချက်ပြကာ ပြောလိုက်သည်။ "ရဲဘော်... မင်းအဖော်ရဲ့ ပခုံးနားကို နည်းနည်းတိုးကပ်လိုက်ပါ၊ ပြီးတော့ ဟိုရဲဘော်ကလည်း မင်းအဖော်နားကို တိုးလိုက်ဦး၊ ဟုတ်ပြီ... အဲဒီအတိုင်းပဲ။"
ကျန်းနျန်၏ ရင်ခုန်သံမှာ တဒိတ်ဒိတ် မြန်နေပြီး လုယွီနှင့်အတူ ဓာတ်ပုံ မည်သို့ ရိုက်ဖြစ်သွားသည်ကိုပင် သူမ မသိတော့ပေ။
ထို့အပြင် ဤပုံစံမှာ မင်္ဂလာဆောင်ဓာတ်ပုံနှင့်ပင် ဆင်တူနေသည်။
ဓာတ်ပုံရိုက်ပြီးသည်အထိ သူမမှာ ငေးငိုင်နေဆဲ ဖြစ်သည်။ လုယွီသည် မုတ်ဆိတ်နှင့်လူကို စကားအနည်းငယ်ပြောကာ ပိုက်ဆံရှင်းပြီးနောက် ကျန်းနျန်ကို ခေါ်ထုတ်လာခဲ့သည်။ ကျန်းနျန်သည် သူတို့၏ ယှက်သွယ်ထားသော လက်ချောင်းများကို ငုံ့ကြည့်ပြီး သူတို့ဝတ်ထားသော အဖြူရောင်အင်္ကျီများကို ကြည့်မိသည်။ သူမ ကြည့်လေလေ မင်္ဂလာဆောင်ဓာတ်ပုံနှင့် ပိုတူလေလေပင်။
ကျန်းနျန် - .....
သူမမှာ စိတ်လှုပ်ရှားမှုများဖြင့် နစ်မြုပ်နေပြီး ခေါင်းထဲတွင် လက်ထပ်ခြင်းအကြောင်းများဖြင့် ပြည့်နှက်နေသည်။
နွေရာသီ၏ အပူရှိန်ကြောင့် သူတို့၏ ဆုပ်ကိုင်ထားသော လက်ဖဝါးများမှာ ချွေးအနည်းငယ် ထွက်နေသော်လည်း တစ်ဦးကမျှ လက်ကို မလွှတ်ခဲ့ကြပေ။ လုယွီက သူမအတွက် ဆိုဒါတစ်ပုလင်း ဝယ်ပေးပြီး ဘတ်စ်ကားဂိတ်သို့ ခေါ်သွားခဲ့သည်။ ဘတ်စ်ကားပေါ် ရောက်မှသာ ကျန်းနျန် စိတ်ပြန်လည်လာသည်။ သူမ၏ လက်တစ်ဖက်မှာ ဆိုဒါပုလင်းကြောင့် အေးစိမ့်နေပြီး ကျန်လက်တစ်ဖက်မှာမူ လုယွီ၏ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မှုကို ခံနေရသည်။
"ဘာလို့ ဓာတ်ပုံရိုက်ဖို့ စဉ်းစားမိတာလဲ။"
ကျန်းနျန်က အေးစိမ့်နေသော ဆိုဒါကို တစ်ငုံသောက်ရင်း မေးလိုက်သည်။
လုယွီက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးရိပ်များဖြင့် ပြောလိုက်သည်။"ဒီတိုင်း ရိုက်ချင်လို့ပါ။"
လေးနာရီကြာ ဘတ်စ်ကားစီးသည့်တစ်လျှောက်လုံး လုယွီသည် ကျန်းနျန်၏လက်ကို လုံးဝမလွှတ်ခဲ့ပေ။
သူသည် ပန်းထိုးဆိုင်တွင် ဖြစ်ပျက်သမျှကို မြင်ခဲ့၊ ကြားခဲ့ရသည်။
အမြဲတမ်း တည်ငြိမ်တတ်သော လုယွီ၏နှလုံးသားထဲတွင် ပထမဆုံးအကြိမ် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူသည် ကျန်းနျန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားချင်မိပြီး လက်လွှတ်လိုက်လျှင် သူမ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေမိသည်။
ကျန်းနျန် မေးလိုက်သည်။ "ဓာတ်ပုံက ဘယ်တော့ရမလဲ။"
လုယွီက သူမလက်ထဲက အချိုရည်ပုလင်းခွံကို ယူလိုက်သည်။ "လကုန်ပိုင်းကြရင် တပ်ရင်းရဲ့ ပစ္စည်းဝယ်တဲ့ကားနဲ့အတူ မြို့ထဲထွက်ရင်း ဓာတ်ပုံ သွားယူလိုက်မယ်။"
သူတို့ တပ်ထဲပြန်ရောက်သောအခါ ညနေ ၇ နာရီ ရှိနေပြီဖြစ်သည်။ လုယွီက တပ်ရင်းသို့ အရင်ပြန်သွားပြီး ကျန်းနျန်မှာ ကောမိန်ထံ ဖုန်းဆက်ပြီး ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြရန် ကင်းတဲသို့ သွားခဲ့သည်။ ကောမိန်၏ ရယ်သံမှာ ဖုန်းထဲမှ လွင့်ပျံလာခဲ့သည်။ "ကျန်းနျန်... မင်း တော်တယ်ဆိုတာ ငါသိတယ်၊ ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးပဲ။"
ကျန်းနျန်က ပြုံးလျက် မေးလိုက်သည်။ "ယွမ်မြို့မှာ အခြေအနေ ဘယ်လိုလဲ။"
ကောမိန် ပြန်ဖြေလိုက်သည်။ "အဆင်ပြေပါတယ်။ ကျန်းနျန်... အခွင့်အရေးရရင် ငါနဲ့အတူ ယွမ်မြို့ကို လိုက်ခဲ့ပါလား။"
ကျန်းနျန်သည် ကောမိန်ကို အဖြေမပေးဘဲ ဖုန်းချလိုက်သည်။ တပ်ရင်းဌာနချုပ်နှင့် မိသားစုရပ်ကွက် လမ်းဆုံကို ဖြတ်သွားသောအခါ သူမသည် တပ်ရင်းဘက်သို့ တစ်ချက် လှမ်းကြည့်မိသည်။
မိသားစုခြံဝင်းသို့ ပြန်ရောက်သောအခါ ဖန့်မိန်က သူမ၏ ခြံဝင်းရှေ့မှ ကျန်းနျန်ကို လှမ်းတားလိုက်သည်။ "ကျန်းနျန်... ကျူးကျွင်း မင်္ဂလာဆောင်တော့မှာလား။"
ဖန့်မိန် ဤမျှအထိ မြန်မြန်ဆန်ဆန် သိသွားသဖြင့် ကျန်းနျန် အံ့သြသွားသည်။ "တပ်ရင်းမှူးစုန့်က ပြောပြတာလား။"
ဖန့်မိန် ပြောလိုက်သည်။ "အေးလေ၊ လောင်စုန့် ဒီနေ့ နေ့လယ်စာစားဖို့ ပြန်လာတုန်းက ပြောတာ။ ကျူးကျွင်းရဲ့ လက်ထပ်ခွင့် လျှောက်လွှာ ကျပြီတဲ့။ သူက တပ်ရင်းထဲမှာပဲ နေ့တိုင်းရှိနေတာ၊ ဘယ်တုန်းက မိန်းမ ရသွားတာလဲ။"
ကျန်းနျန်က ပြုံးလိုက်သည်။ "သူမက ပန်းထိုးဆိုင်ကပါ၊ နာမည်က ကျန်းရှောင်တဲ့။ ကျူးကျွင်း မင်္ဂလာဆောင်တဲ့အခါ အစ်မဖန့် မြင်ရမှာပါ။"
အိမ်ပြန်ရောက်သောအခါ ကျန်းနျန်သည် စားပွဲပေါ်တွင် ပုံကြမ်းများကို ဖြန့်ခင်းပြီး ပုံစံများကို သေသေချာချာ လေ့လာမှတ်သားထားလိုက်သည်။ သူမသည် ဖန့်ရင်က ပန်းထိုးပိတ်စနှင့် ပိုးချည်များ ပို့ပေးမည်ကို စောင့်နေသည်။ နှစ်ရက်အကြာတွင် ပစ္စည်းများ ရောက်လာခဲ့သည်။
ကျန်းရှောင်နှင့် လုရှောင်ချင်းတို့ အတူတူ ရောက်လာကြသည်။ ကျန်းနျန်သည် သူတို့ကို သွားကြိုရန် ကင်းတဲသို့ သွားစဉ် တပ်ရင်းဌာနချုပ်မှ ချွေးတပြိုက်ပြိုက်ဖြင့် ထွက်လာသော စုန့်ပိုင်နှင့် တိုးခဲ့သည်။ ကျန်းနျန်ကို မြင်သောအခါ သူက ခေတ္တရပ်ပြီး ခေါ်လိုက်သည်။ "မရီး။"
ကျန်းနျန် ပြုံးလျက် မေးလိုက်သည်။ "ကျွန်မကို ကူညီလို့ ရမလား။ ပန်းထိုးဆိုင်က သူငယ်ချင်းတွေ လာနေလို့လေ၊ သူတို့ကို ဝင်ခွင့် လက်မှတ်ထိုးပေးလို့ ရမလား။"
စုန့်ပိုင် ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့။"
ထန်မိသားစုတွင် ဖြစ်ခဲ့သော ကိစ္စပြီးနောက် စုန့်ပိုင်သည် ကျန်းနျန်၏ နာမည်ဂုဏ်သတင်း ထိခိုက်မှာစိုးသဖြင့် လုယွီတို့အိမ်သို့ ထမင်းလာစားခြင်းမျိုး မလုပ်တော့ပေ။ တစ်ခါတရံ ညဘက် အိပ်ခါနီးလျှင် သူ ကျန်းနျန်အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ အကြိမ်အနည်းငယ် သူမတို့အိမ်သို့ သွားရန် ကြိုးစားသော်လည်း လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရသည်။
စုန့်ပိုင်သည် ရှေ့မှ လျှောက်သွားသော ကျန်းနျန်ကို ကြည့်နေမိသည်။ သူမ၏ သေးသွယ်သော ခြေလှမ်းလေးများမှာ သူ၏ ခြေလှမ်းတစ်လှမ်းကို လိုက်မီရန် နှစ်လှမ်း လှမ်းနေရသည်။ သူက မျက်နှာကို ပွတ်သပ်ကာ အကြည့်လွှဲလိုက်သည်။
"လက်ထောက်တပ်ရင်းမှူးစုန့်။"
ကင်းစောင့်စစ်သားက လှမ်းခေါ်သည်။
စုန့်ပိုင် ခေါင်းညိတ်ကာ လက်မှတ်ထိုးပေးလိုက်ပြီးနောက် ကျန်းနျန်သည် ကျန်းရှောင်နှင့် လုရှောင်ချင်းတို့ကို ခေါ်ဆောင်လာခဲ့သည်။
"မရီး..."
"ဟမ်။"
ကျန်းနျန်က စုန့်ပိုင်ကို ကြည့်ကာ စကားဆက်မည်ကို စောင့်နေသည်။ စုန့်ပိုင်က ပြုံးလိုက်သည်။ "ကျွန်တော် ပြန်လိုက်ပါဦးမယ်။"
ကျန်းနျန် ပြန်ပြုံးပြခဲ့သည်။ "ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။"
စုန့်ပိုင် ထွက်သွားပြီးနောက် လုရှောင်ချင်းက ကျန်းနျန်အနား တိုးကပ်ကာ မေးလိုက်သည်။"နင်တို့ တစ်ချိန်လုံး တွေ့နေရတာပဲ၊ သူ့အပေါ် စိတ်မယိုင်မိဘူးလား။"
ကျန်းနျန် - ....
သူမက အားကိုးရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်မတို့က တွေ့ရခဲပါတယ်။"
လုရှောင်ချင်းက လျှာကို ကျွတ်စ်ခနဲ မြည်အောင်လုပ်လိုက်သည်။ "နင်ကတော့ နင်ဘယ်လောက် ကံကောင်းမှန်းတောင် မသိဘူး။"
ကျန်းနျန် - …
အတင်းအဖျင်းတွေ ထွက်စေမဲ့ အဲဒီလို ကံကောင်းခြင်းမျိုးကို လိုချင်တဲ့သူ ယူပါစေ။
ကျန်းရှောင်နှင့် လုရှောင်ချင်းတို့သည် နေ့လယ်စာ မစားမီလေးတွင် ရောက်လာခြင်း ဖြစ်သည်။ ကျန်းနျန်က ဟင်းအမယ် အနည်းငယ် ပိုချက်လိုက်သည်။ လုရှောင်ချင်းနှင့် ကျန်းရှောင်တို့က မီးဖိုချောင်တွင် ကူညီပေးကြရာ ကျန်းနျန် ချက်ပြုတ်သည်ကို မြင်ပြီး သူတို့မှာ အံ့အားသင့်သွားကြသည်။ သူမက ဤမျှအထိ ဟင်းချက်ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားပေ။
ကျန်းရှောင်မှာ မွှေးကြိုင်နေသော ဟင်းနံ့ကြောင့် သွားရည်ပင် ကျနေပြီ ဖြစ်သည်။
လုရှောင်ချင်းက ဟင်းနံ့ကို အဝရှူရှိုက်ရင်း ပြောလိုက်သည်။"ကျန်းနျန်... နင် ပန်းထိုးတာကို ရပ်ပြီး အစိုးရစားသောက်ဆိုင်မှာ စားဖိုမှူး သွားလုပ်သင့်တယ်။ နင့်လက်ရာနဲ့ဆို အခုရှိနေတဲ့ စားဖိုမှူးတွေ အထုပ်ပြင်ပြီး ပြန်ရလိမ့်မယ်။"
ကျန်းနျန် - …
ကျန်းနျန်သည် ရယ်မောရင်း လုရှောင်ချင်းကို ဆူလိုက်ပြီး ကျန်းရှောင်ကို ဖန့်ရင်က အနှောင့်အယှက် ပေးသေးလားဟု မေးခဲ့သည်။
ကျန်းရှောင် ခေါင်းခါလိုက်သည်။ "အစ်မ ထွက်သွားပြီးကတည်းက သူမက ရှီလီကို ပြန်လွှတ်လိုက်ပြီး ကျွန်မကိုလည်း အနှောင့်အယှက် မပေးတော့ဘူး။ အစ်မကျန်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။"
လုရှောင်ချင်းကလည်း ပြောလိုက်သည်။ "ဒါရိုက်တာဖန့်က အခုဆိုရင် ကျန်းရှောင်ကို နှောင့်ယှက်တာလည်း ရပ်သွားပြီး အားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာတယ်။ ပြောရမယ်ဆိုရင် အဲလိုလေးက ကောင်းပါတယ်လေ။"
ဖန့်ရင်သာ အသိတရား အနည်းငယ်ရှိမယ်ဆိုလျှင် သူမ၏ ရာထူးအာဏာကိုသုံးပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတော့မည် မဟုတ်ပေ။ အဆုံးတွင် အားလုံးဟာ ပူးပေါင်းဆောင်ရွက်ရသော ဆက်ဆံရေးမျိုးဖြစ်ပြီး အောင်မြင်မှုရဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။