← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

ကျန်းနျန်က ဘာမှထပ်မပြောတော့ဘဲ ကျန်းရှောင်ကို မေးလိုက်သည်။ "ဒဏ်ရာက ဘယ်လိုနေသေးလဲ။"

ကျန်းရှောင်က သူမခေါင်းကို ထိကြည့်ရင်း ပြောလိုက်သည်။ "ပျောက်သွားတာ ကြာပါပြီ။"

ကျန်းရှောင်နှင့် လုရှောင်ချင်းတို့ ရှိနေသဖြင့် သူမသည် နေ့လယ်စာကို စောစောပြင်ဆင်လိုက်သည်။ သူမ၏ သူငယ်ချင်းများကို လက်ခံမှတ်တမ်းတင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သောအားဖြင့် စုန့်ပိုင်နှင့်အတူ ကျူးကျွင်းကိုပါ ထမင်းစားဖိတ်ရန် ကျန်းနျန်က အစီအစဉ်ရှိသည်။ သူမသည် လုရှောင်ချင်းနှင့် ကျန်းရှောင်ကို အိမ်တွင် ခဏစောင့်ခိုင်းထားပြီးနောက် လုယွီ ထွက်လာမည့်အချိန်ကို စောင့်ရန် တပ်ရင်းဌာနချုပ်သို့ ထွက်လာခဲ့သည်။

ရာသီဥတုက ပူအိုက်နေသဖြင့် ထမင်းဟင်းချက်နေစဉ် ကျန်းနျန်မှာ ချွေးများ ထွက်နေသည်။ သူမ မျက်နှာသစ်ပြီးနောက် လုယွီကို စောင့်ရန် တပ်ရင်းဌာနချုပ်သို့ ပြေးလာခဲ့သည်။ နေ့လယ်စာစားချိန်ဖြစ်သဖြင့် လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ စစ်သားများက ကျန်းနျန်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။ "မရီး။"

ကျန်းနျန်က ခေါင်းငြိမ့်ပြပြီး ခပ်ဖွဖွ ပြုံးပြလိုက်သည်။

"လက်ထောက်တပ်ရင်းမှူးလုကို စောင့်နေတာလား။"

တပ်ရင်းမှူးစုန့်နှင့်အတူ စုန့်ပိုင် ထွက်လာခဲ့သည်။ ကျန်းနျန်က ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့။"

တပ်ရင်းမှူးစုန့်က ပြောလိုက်သည်။ "သူ စစ်ဦးစီးမှူး ထောင်နဲ့ စကားပြောနေတယ်၊ ခဏနေရင် ထွက်လာပါလိမ့်မယ်။"

ထိုသို့ပြောပြီးနောက် သူ ထွက်သွားခဲ့သည်။

"မရီး..." စုန့်ပိုင်က နှုတ်ဆက်ပြီး ထွက်သွားရန် ပြင်စဉ် ကျန်းနျန်က သူ့ကို လှမ်းခေါ်လိုက်သည်။ "ကျွန်မတို့နဲ့အတူ နေ့လယ်စာ လာစားပါဦး၊ ကျွန်မတို့ လုယွီနဲ့ ကျူးကျွင်းကိုတော့ စောင့်‌ရမယ်"

စုန့်ပိုင် ခေတ္တ ရပ်တန့်သွားပြီး ကျန်းနျန်၏ တောက်ပကာ လှပသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "ကောင်းပါပြီ။"

သူသည် ကျန်းနျန်၏ အနားသို့ လျှောက်လာပြီး သူမ၏ နဖူးပေါ်ရှိ ချွေးစများကို ကြည့်ကာ အနည်းငယ် နီမြန်းနေသော မျက်နှာလေးပေါ်တွင် အကြည့် ခေတ္တ ရပ်တန့်သွားပြီးမှ အကြည့်လွှဲလိုက်သည်။ တပ်ရင်းမှ လူတစ်ဝက်ခန့် ထွက်သွားပြီးချိန်မှ ကျန်းနျန်သည် ကျူးကျွင်းကို မြင်လိုက်ရသည်။ "ကျူးကျွင်း... ဒီဘက်မှာ။"

"မရီးလား။" ကျူးကျွင်းက ပြေးလာပြီး "လက်ထောက်တပ်ရင်းမှူးလုယွီကို ရှာနေတာလား။ ကျွန်တော် သွားခေါ်ပေးမယ်။"

သူ စကားပြောနေစဉ်မှာပင် လုယွီ ထွက်လာခဲ့သည်။ ကျန်းနျန်ကို စုန့်ပိုင်၊ ကျူးကျွင်းတို့နှင့်အတူ မြင်လိုက်ရသောအခါ လုယွီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ သူမ နဖူးပေါ်က ချွေးစများကို မြင်သောအခါ သုတ်ပေးချင်စိတ်ကို အနိုင်နိုင် ထိန်းပြီး ပြောလိုက်သည်။ "ဘာလို့ ဒီအထိ လာတာလဲ။"

ကျန်းနျန်က လုယွီကို ပြုံးပြလိုက်သည်။ "လုရှောင်ချင်း ရောက်နေလို့ပါ။"

သူမက ကျူးကျွင်းကို တစ်ချက် ကြည့်လိုက်ရာ သူက ချက်ချင်း မျက်နှာဝင်းပသွားပြီး စိတ်အားထက်သန်စွာ မေးခဲ့သည်။ "ကျန်းရှောင်ရော ရောက်နေလား။"

ကျန်းနျန်က ရယ်မောလိုက်သည်။ "အင်း... ရှိတယ်လေ။"

အိမ်အပြန်လမ်းတွင် လုယွီက ကျန်းနျန်၏ ဘေးတိုက်နံဘေးမှ တမင် လျှောက်လာပြီး သူ၏ အရပ်မြင့်မြင့်ဖြင့် ပြင်းထန်သော နေရောင်ခြည်ဒဏ်မှ သူမကို ကာကွယ်ပေးထားသည်။ အိမ်အဝင်ဝသို့ ရောက်သောအခါ ကျန်းရှောင်နှင့် လုရှောင်ချင်းတို့၏ ရယ်မောသံများကို ကြားလိုက်ရသည်။ ကျူးကျွင်းက အရင်ဆုံး အထဲသို့ ပြေးဝင်သွားခဲ့သည်။ ခြံထဲတွင် ထိုင်နေသော ကျန်းရှောင်သည် ကျူးကျွင်းကို မြင်သောအခါ ရှက်ကိုးရှက်ကန်းဖြင့် ထရပ်လိုက်သည်။

စားပွဲက သေးငယ်သဖြင့် အားလုံး စုပြုံကာ ထိုင်စားကြရသည်။

ကျန်းနျန်က လုယွီ၏ ဘေးတွင် ထိုင်ပြီး သူမဘေးတွင် ကျန်းရှောင် ရှိသည်။ စကားဝိုင်းမှာ အဓိကအားဖြင့် ကျူးကျွင်းနှင့် ကျန်းရှောင်အကြောင်းသာ ဖြစ်သည်။ သူတို့၏ အိမ်ထောင်ပြုခွင့် လျှောက်လွှာမှာ အတည်ပြုချက် ရရှိသွားပြီဖြစ်ကာ နောက်လတွင် လက်ထပ်ကြတော့မည်ဖြစ်သည်။ အချိန်တွေ ကုန်ဆုံးတာမြန်သည်ဟု ကျန်းနျန် ရုတ်တရက် ခံစားလိုက်ရသည်။

ထမင်းစားပြီးနောက် လုယွီနှင့် ကျန်လူများ တပ်ရင်းသို့ ပြန်သွားကြသည်။ ကျန်းနျန်က လုရှောင်ချင်းနှင့် ကျန်သူများကို လိုက်ပို့ပြီးနောက် အိမ်သို့ ပြန်လာကာ ပန်းထိုးပိတ်စနှင့် ပိုးချည်မျှင်များကို စစ်ဆေးခဲ့သည်။ ထို့နောက် သူမ ပန်းထိုးပိတ်စကို ထုတ်ပြီး အလုပ်စလုပ်လိုက်သည်။

ယခု ပန်းထိုးစီမံကိန်းမှာ နှစ်လအတွင်း အပြီးသတ်ရမည်ဖြစ်သော်လည်း အရင်ကထက် အများကြီး ပိုရှုပ်ထွေးလှသည်။

နောက်ရက်အနည်းငယ်တွင် ကျန်းနျန်သည် စားချိန်သောက်ချိန်ပင် မကျန်အောင် ပန်းထိုးခြင်းထဲတွင်သာ စိတ်နှစ်ထားသည်။ တစ်ချိန်တည်းမှာပင် တပ်ရင်းမှူးစုန့်၏ ပြောင်းရွှေ့မိန့် သတင်းကိုလည်း သူမ စောင့်မျှော်နေခဲ့သည်။

လကုန်ခါနီးတွင် လုယွီက မြို့ထဲသို့ သွားပြီး ဓာတ်ပုံ သွားယူခဲ့သည်။

နေဝင်ချိန်တွင် ဖန့်မိန်က သူမကို နံရံပေါ်ကနေ လှမ်းခေါ်ခဲ့သည်။ "ကျန်းနျန်။"

ကျန်းနျန် ထမင်းချက်နေစဉ် ဓားကို ချထားခဲ့ပြီး အပြင်သို့ ထွက်လိုက်သည်။ "ဘာဖြစ်လို့လဲ။"

ဖန့်မိန်က တပ်ရင်းမှူးစုန့် ပြန်လာပြီး ဆူမည်ကို စိုးရိမ်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။ "ဒီနေ့ နေ့လယ်က ကိုယ်ပိုင်စိုက်ခင်းကို သွားတဲ့လမ်းမှာ တစ်ခုခု မြင်ခဲ့တယ်၊ ဘာဖြစ်မယ် ထင်လဲ။"

ဖန့်မိန် ဤသို့ပြောလျှင် တစ်ခုခု အတင်းအဖျင်း ပြောစရာ ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ကျန်းနျန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "ဘာမြင်ခဲ့လို့လဲ။"

ဖန့်မိန်က အနားတိုးလာရန် အချက်ပြသည်။ ကျန်းနျန်က မီးဖိုပေါ်ရှိ အိုးကို တစ်ချက်ကြည့်လိုက်ပြီး သစ်သားတုံးပေါ်သို့ တက်ကာ ဖန့်မိန်ကဲ့သို့ပင် နံရံပေါ်မှ ချောင်းကြည့်လိုက်သည်။ ဖန့်မိန်က တိုးတိုးလေး ပြောခဲ့သည်။

"ထန်ဇီရဲ့ ဇနီးက စခန်းအပြင်ဘက်မှာ ယောက်ျားတစ်ယောက်နဲ့ အပြန်အလှန် ဆွဲလားရမ်းလား လုပ်နေတာ ငါ မြင်ခဲ့တယ်၊ အဲဒီလူက ရှန်းတန်းကို ကုပေးခဲ့တဲ့ ခရိုင်ဆေးရုံက ဆရာဝန်လေ။ အဲဒီလူက 'ကိုယ်တို့က ချစ်သူတွေပါ' လို့ ခဏခဏ ပြောနေတာ ငါ ကြားခဲ့တယ်၊ အမယ်လေး... သိက္ခာကျလိုက်တာ။"

ကျန်းနျန် - ....

စွင်းယင်ပဲ ထပ်ဖြစ်ပြန်ပြီ။

ဒါပေမဲ့ စွင်းယင်က ထန်ဇီနဲ့ လက်ထပ်ထားပြီးသားဆိုတော့ ဝူယိုရှန်က ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် အရေးမကြီးတော့ဘူး။

"မိန်ဇီ၊ ဘာလို့ နံရံပေါ်ကို ပြန်တက်နေပြန်တာလဲ။ သင်ခန်းစာ မရသေးဘူးလား။"

တပ်ရင်းမှူးစုန့်၏ ကျယ်လောင်သောအသံက အိမ်တံခါးဝမှ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ဖန့်မိန် လန့်သွားခဲ့သည်။ "ဘာလို့ အော်နေတာလဲ။ ရှင် ကျွန်မကို လန့်အောင် လုပ်လိုက်တာပဲ။"

ထို့နောက် သူမသည် အောက်သို့ ခုန်ဆင်းပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

တပ်ရင်းမှူးစုန့်က နံရံပေါ်မှ ချောင်းကြည့်နေသော ကျန်းနျန်၏ ခေါင်းကို မြင်သောအခါ ခဏတာ ကြောင်သွားသည်။ "ဟေ့... မင်းကလည်း မိန်ဇီလိုပဲ လုပ်နေတာလား။" သူ နှာခေါင်းကို ရှုံ့ပြီး အနံ့ခံလိုက်သည်။ "ဘယ်သူ့အိုး တူးနေတာလဲ။"

ကျန်းနျန် - !!!

ငါ့အိုး။

သူမ သစ်သားတုံးပေါ်မှ ခုန်ဆင်းလိုက်စဉ် လုယွီ ဝင်လာသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဖြည်းဖြည်းလုပ်ပါ။"

ကျန်းနျန် မျက်နှာနီမြန်းသွားပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားရာ ဟင်းတူးနံ့များ ပြည့်နှက်နေသည်။ သူမ ဟင်းများကို အမြန်ခပ်ထုတ်လိုက်ပြီး အိုးကို ဆေးကာ အသစ်ပြန်ချက်သည်။

အပြင်ဘက်ရှိ ရေသံကို ကြားလိုက်ရသဖြင့် လှမ်းကြည့်ရာ လုယွီ ခြံထဲတွင် မျက်နှာသစ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ အင်္ကျီလက်ကို မတင်ထားပြီး လက်မောင်းပေါ်မှ အကြောများကို နွေးထွေးသော မီးရောင်အောက်တွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူမ အကြည့်ကို အမြန်လွှဲလိုက်ပြီး ထမင်းဟင်းချက်ကာ ခြံထဲသို့ ယူလာခဲ့သည်။

ဘေးအိမ်မှ တပ်ရင်းမှူးစုန့်က ဖန့်မိန်၏ ခေါင်းမာမှုကို ဆူပူနေပြီး ဘာလို့ အမြဲ နံရံပေါ်ကနေ ချောင်းကြည့်နေရတာလဲဟု မေးနေသံကို ကြားနေရသည်။ ကျန်းနျန် နားထောင်လေလေ သူမ ခေါင်းကို ငုံ့ထားလေလေ ဖြစ်သွားသည်။ တပ်ရင်းမှူးစုန့် မြင်သွားရုံတင်မကဘဲ လုယွီကပါ သူမ ချောင်းကြည့်နေသည်ကို လက်ပူးလက်ကြပ် မိသွားသည် မဟုတ်လား။

လုယွီက ဘာမှ မပြောသော်လည်း သူမ ရှက်နေမိဆဲပင်။

"များများစားပါ။"

လုယွီက သူမပန်းကန်ထဲသို့ အသားတုံးအချို့ ထည့်ပေးခဲ့သည်။ ကျန်းနျန်က သူမ၏ တူကို ကိုက်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။ "အင်း။"

ထမင်းစားပြီးနောက် ကျန်းနျန် ပန်းကန်ဆေးရန် ပြင်သော်လည်း လုယွီက သူမကို တားလိုက်သည်၊ သူ၏ နက်မှောင်သော မျက်ဝန်းများက သူမ၏ မျက်နှာပေါ်တွင် ခဏတာ ရပ်တန့်သွားခဲ့သည်။ "အိမ်ထဲမှာ သွားနားလိုက်ပါ၊ ခဏနေရင် ပြစရာ တစ်ခု ရှိတယ်။"

"ဟုတ်ပြီ။"

ကျန်းနျန် အိမ်ထဲသို့ ပြန်ဝင်လာသောအခါ တပ်ရင်းမှူးစုန့်အိမ်မှ ဆူညံသံများလည်း တိတ်ဆိတ်သွားပြီ ဖြစ်သည်။

သူမသည် ပန်းထိုးဘောင်တွင် ထိုင်ကာ အလုပ်ဆက်လုပ်နေသည်။ ခဏအကြာတွင် ခြေသံကြားလိုက်ရပြီး လုယွီ၏ အရပ်ရှည်ရှည် ကိုယ်ဟန်က တံခါးဝတွင် ပေါ်လာသဖြင့် အခန်းမှာ ပို၍ပင် ကျဉ်းသွားသလို ခံစားလိုက်ရသည်။ ကျန်းနျန်က ချည်မျှင်တစ်ကြောင်း ထပ်ထိုးပြီးမှ မေးလိုက်သည်။ "ဘာပြမလို့လဲ။"

သူမသည် ထိုင်ခုံတွင် ထိုင်နေသဖြင့် သူ့ကို မော့ကြည့်ရသည်။

လုယွီက ဆောင့်ကြောင့်ထိုင်လိုက်သော်လည်း သူမထက် မြင့်နေဆဲပင်။ သူက ဝါညိုရောင် စာအိတ်တစ်အိတ်ကို ကမ်းပေးခဲ့သည်။ "ဖွင့်ကြည့်လိုက်ဦး။"

ကျန်းနျန် စာအိတ်ကို ဖွင့်ကာ ဓာတ်ပုံများကို ထုတ်ကြည့်လိုက်သည်။ ၎င်းတို့မှာ အဖြူအမည်း ဓာတ်ပုံများ ဖြစ်ပြီး သူမနှင့် လုယွီ၏ ကိုယ်တစ်ပိုင်း ပုံများဖြစ်သည်။ နှစ်ယောက်လုံး အင်္ကျီအဖြူများ ဝတ်ထားကြသည်။ သူမ၏ ခေါင်းက လုယွီ၏ ပခုံးပေါ်သို့ မှီထားပြီး သူက သူမဘက်သို့ အနည်းငယ် ယိုင်ထားနေသည်။

အဖြူအမည်းပုံ ဖြစ်သော်လည်း ဤဓာတ်ပုံမှာ ကျန်းနျန် မြင်ဖူးသမျှထဲတွင် အလှဆုံးပင်။

"ကြိုက်လား။"

အမျိုးသား၏ အသံမှာ နက်ရှိုင်းပြီး အနည်းငယ် တုန်ယင်နေသော ခံစားချက် ပါဝင်နေသည်။

ကျန်းနျန်က နှုတ်ခမ်းလေးကို ဖိကာ ပြုံးလိုက်ပြီး ဓာတ်ပုံ၏ အထိအတွေ့ကို ခံစားရင်း ခေါင်းညိတ်ပြလိုက်သည်။ "ကြိုက်တယ်။"

သူမ စကားပြောပြီးသည်နှင့် သူမ၏ မျက်စိရှေ့ရှိ အရာအားလုံး ရုတ်တရက် မှောင်သွားသည်။ ကျန်းနျန်၏ လက်ချောင်းများက ဓာတ်ပုံကို တင်းတင်း ဆုပ်ကိုင်ထားမိသည်။ သူမ၏ အံ့အားသင့်နေသော ပုံရိပ်မှာ လုယွီ၏ နက်မှောင်သော မျက်ဝန်းထဲတွင် ထင်ဟပ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ နှုတ်ခမ်းများ ဟသွားပြီး လုယွီ၏ ထူးခြားသော ရနံ့များက မုန်တိုင်းတစ်ခုလို လွှမ်းမိုးသွားခဲ့သည်။

ကျန်းနျန် လုယွီ ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ကိုယ်လည်း ကြိုက်တယ်။"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဩဂုတ်လလယ်သို့ ရောက်ရှိလာပြီး ကျူးကျွင်းနှင့် ကျန်းရှောင်တို့၏ မင်္ဂလာဆောင်ကို ကျင်းပခဲ့သည်။

ကျန်းနျန်သည် တပ်ရင်းမှူးစုန့်၏ သတင်းကို စောင့်နေခဲ့သော်လည်း သူ၏ ရာထူးတိုးအမိန့်အစား လုယွီ ထွက်ခွာတော့မည်ဟူသော သတင်းကိုသာ ကြားလိုက်ရသည်။

လုယွီသည် စကားတစ်ခွန်းမှပင် မပြောနိုင်ဘဲ အလောတကြီး ထွက်သွားခဲ့ရပြီး ကျူးကျွင်းကိုသာ အမှာစကား ပါးခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က ခန်ရှို့၏ စွပ်စွဲမှုကို သင်ခန်းစာယူကာ ယခုတစ်ကြိမ်တွင် ကျူးကျွင်းက ခြံတံခါးအပြင်ဘက်မှ ရပ်ကာ ပြောခဲ့သည်။ "မရီး... လက်ထောက်တပ်ရင်းမှူးလုကို စစ်ဒေသက လူတွေက သန်းခေါင်ယံမှာ ခေါ်သွားကြတာ၊ သူ ဘာမှ အသေအချာ မပြောသွားဘူး၊ အိမ်မှာပဲ စောင့်နေပြီး သူ ဖုန်းဆက်တာကို စောင့်ပါတဲ့။ သူ ဘယ်တော့ ပြန်လာမလဲဆိုတာ သိတာနဲ့ ဖုန်းဆက်ပါလိမ့်မယ်။"

ကျန်းနျန် သတင်းကြားသောအခါ ပြုံးလိုက်သည်။ "ကောင်းပါပြီ။"

လုယွီ ထွက်သွားကတည်းက ကျန်းနျန်သည် အပြင်မထွက်ဘဲ အိမ်မှာသာ ပန်းထိုးနေသည်။ ရှု့ယန်နှင့် ဖန့်မိန်တို့သာ သူမဆီသို့ စကားလာပြောကြသည်။ နေ့လယ်စာစားပြီးနောက် ကျန်းနျန်သည် တစ်ယောက်တည်း စားမကုန်သဖြင့် အချဉ်ပြုလုပ်ရန်အတွက် ကိုယ်ပိုင်စိုက်ခင်းသို့ ဟင်းသီးဟင်းရွက် သွားခူးခဲ့သည်။

ယခုတစ်ကြိမ်တွင် သူမ ဟင်းသီးဟင်းရွက် တစ်တောင်း အပြည့်ခူးလာသဖြင့် ပခုံးနှင့် ကျောများ နာကျင်နေသည်။

တပ်ရင်းဌာနချုပ်နှင့် မိသားစုဝင်များ နေအိမ်များဆုံသည့် လမ်းဆုံတွင် စုန့်ပိုင်နှင့် ထန်ဇီတို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ စုန့်ပိုင်က သူမ ကျောပေါ်မှ တောင်းကို ယူလိုက်သည်။ "မရီး... ကျွန်တော် သယ်ပေးမယ်။"

ကျန်းနျန်က မလိုအပ်ပါဟု ပြောရန် ပြင်သော်လည်း စုန့်ပိုင်က ယူသွားနှင့်ပြီ ဖြစ်သည်။

ကျန်းနျန် - ....

ထန်ဇီက ပြုံးပြီး ပြောလိုက်သည်။ "ညီမလေး... ငါ အရင်သွားနှင့်ပြီနော်။"

ကျန်းနျန်က ခေါင်းညိတ်ပြပြီး စုန့်ပိုင်နောက်သို့ အမီလိုက်ခဲ့သည်။ စုန့်ပိုင်က တောင်းကို ခြံထဲတွင် ချထားပေးပြီး ချွေးများ ရွှဲနေသော ကျန်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ "နောက်ဆို အကူအညီ လိုရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါ။"

ကျန်းနျန်က အသာ ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

စုန့်ပိုင် ပြန်ရန် လှည့်အထွက်တွင် ကျန်းနျန်က တိုးတိုးလေး လှမ်းမေးလိုက်သည်။ "လုယွီ ဘယ်လိုနေလဲဆိုတာ သိလား။"

စုန့်ပိုင်က လှည့်ကြည့်ရာ သူမက အားနာစွာဖြင့် ပြုံးပြလိုက်သည်၊ ထိုမေးခွန်းက ဖြေရခက်မှန်း သူမ သိပါသည်။ စုန့်ပိုင်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ "သူ အဆင်ပြေပါတယ်၊ ဒါပေမဲ့ အသေးစိတ်တော့ ပြောလို့ မရဘူး။"

ကျန်းနျန် ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

လုယွီ အဆင်ပြေနေသည်ကို သိရရုံနှင့် သူမအတွက် လုံလောက်ပြီပင်။

ရာသီဥတုက အေးလာပြီး မကြာမီ အောက်တိုဘာလကုန်သို့ ရောက်ရှိလာရာ ညနေခင်း၌ အအေးဓာတ်များ မြေပြင်မှ တက်လာခဲ့သည်။

လုယွီ ထွက်သွားသည်မှာ နှစ်လကျော်ပြီ ဖြစ်သော်လည်း ဖုန်းတစ်ခါမျှ မဆက်သေးပေ။

မနှစ်ကလိုပဲ သူ တာဝန်တစ်ခုခု ထမ်းဆောင်နေသည်ဟု ကျန်းနျန် သိနေသည်၊ ၎င်းတို့မှာ စစ်ရေးလျှို့ဝှက်ချက်များဖြစ်သဖြင့် သူမ လုပ်နိုင်သည်မှာ အိမ်မှာ စောင့်နေရန်သာ ဖြစ်သည်။ လွန်ခဲ့သော နှစ်လအတွင်း စုန့်ပိုင်သည် သူမ မလုပ်နိုင်သော လေးလံသည့် အလုပ်များကို ကူညီရန် တစ်ခါတရံ ရောက်လာတတ်သည်။

စက်တင်ဘာလလယ်တွင် ပန်းထိုးလက်ရာကို တန့်ခယ်ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခု ကျန်းနျန်သည် လူကြီးတစ်ဦး၏ ပုံတူ ပန်းထိုးခြင်းကို လုပ်နေသည်။ ဤကဲ့သို့သော ပုံတူကို သူမ ပထမဆုံးအကြိမ် ထိုးခြင်း ဖြစ်သည်။ ထိုလူ၏ ရုပ်ရည်နှင့် အမူအရာကို အသေအချာ လေ့လာပြီးနောက် သူမ အလုပ်စလုပ်သည်။ ရုတ်တရက် ခြံအပြင်ဘက်မှ ကင်းစောင့်စစ်သား၏ အသံကို ကြားလိုက်ရသည်။ "ရဲဘော်ကျန်း... ကင်းတဲမှာ ဖုန်းလာနေတယ်။"

ကျန်းနျန်သည် သူမ၏ အပ် လွတ်ကျမတတ် ဖြစ်သွားပြီး ကင်းတဲသို့ ပြေးသွားကာ အမောတကောဖြင့် ဖုန်းကို ကိုင်လိုက်ရာ လုယွီ၏ နက်ရှိုင်းသော ရယ်သံကို ကြားလိုက်ရသည်။ "ဒီအထိ ပြေးလာတာလား။"

ကျန်းနျန်က ပြုံးလိုက်သည်။ "ဟုတ်တယ်။"

သူမသည် နှုတ်ခမ်းလေးကို ဖိကာ တိုးတိုးလေး မေးလိုက်သည်။ "ရှင် ဘယ်လိုနေလဲ။"

လုယွီ၏ အသံက ဖုန်းထဲမှတစ်ဆင့် အမြဲတမ်းလိုပင် ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်လာခဲ့သည်။ "အရမ်း အဆင်ပြေပါတယ်။"

"လုယွီ…"

တစ်ဖက်တွင် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သဖြင့် လုယွီ၏ လေသံက ချက်ချင်း တည်ကြည်ကာ တင်းမာသွားခဲ့သည်။ "ကျန်းနျန်... ကိုယ့်ကို စောင့်နေနော်။"

ထို့နောက် ဖုန်းကျသွားခဲ့သည်။

ကျန်းနျန်သည် ကင်းစောင့်စစ်သားက သူမကို သတိပေးမှ သတိပြန်ဝင်လာသည်အထိ ငေးငိုင်နေမိသည်။

အိမ်အပြန်လမ်းတွင် သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သော စွင်းယင်နှင့် တွေ့ခဲ့သည်။ စွင်းယင်သည် ချန်ဖန့်နှင့်အတူ လမ်းလျှောက်လာပြီး သိသိသာသာ ဝလာကာ အသားအရေ လှနေဆဲ ဖြစ်သော်လည်း မျက်နှာတွင် မောပန်းသော အရိပ်အယောင်များ ရှိနေသည်။ အရင်ကလို ဆွဲဆောင်မှုရှိပြီး လှပသော အသွင်အပြင် မရှိတော့ဘဲ ကိုယ်ဝန်ဆောင် လက္ခဏာများ ပြနေသည်။

သူမ၏ ဝမ်းကွဲမောင်နှမ ကိုယ်ဝန်စရှိစဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်သည်ကို ကျန်းနျန် သတိရလိုက်သည်။ နှစ်လအတွင်းမှာ လူတစ်ယောက် ဒီလောက် ပြောင်းလဲသွားဖို့ဆိုတာ ဒါပဲ ရှိမှာပေါ့။

ကျန်းနျန်၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုကို စွင်းယင် မြင်သောအခါ ချက်ချင်း မျက်နှာတင်းသွားပြီး အကြည့်လွှဲကာ ချန်ဖန့်ကို ထားပြီး ထွက်သွားခဲ့သည်။ ချန်ဖန့်က ကျန်းနျန်ကို နှုတ်ဆက်ပြီးမှ သူမနောက်သို့ လိုက်သွားသည်။ စွင်းယင်မှာ ထန်ဇီ၏ ကလေးကို ကိုယ်ဝန်ဆောင်ထားရသဖြင့် သူမ၏ ယောက္ခမက အရမ်း တန်ဖိုးထားပြီး ဂရုစိုက်ရန် မှာထားသည်။

ကျန်းနျန် - ....

သူမက ဘာဖြစ်နေတာလဲ။

နိုဝင်ဘာလလယ်တွင် အိမ်ထဲ၌ မီးဖို မွှေးရသောအချိန်၌ တပ်ရင်းမှူးစုန့်၏ ပြောင်းရွှေ့မိန့် တကယ်ပင် ရောက်ရှိလာခဲ့သည်။

ထိုနေ့ နေ့လယ်တွင် ဖန့်မိန်သည် ဝမ်းသာအားရဖြင့် ကျန်းနျန်ထံသို့ လာကာ သူမအိမ်တွင် ထမင်းစားရန် ဖိတ်ခေါ်ခဲ့သည်၊ ရှု့ယန်နှင့် ကလေးများကိုလည်း ခေါ်ထားသည်။ ဖန့်မိန်က ဟင်းမျိုးစုံ ပြင်ဆင်ထားသည်။ အိမ်က မကြီးသဖြင့် စားပွဲနှစ်လုံး ချထားသည်မှာ အနည်းငယ် ကျဉ်းသော်လည်း နွေးထွေးနေသည်။

ဖန့်မိန်က ကျန်းနျန်ကို ပြောပြခဲ့သည်။ "လောင်စုန့်ရဲ့ ပြောင်းရွှေ့မိန့် ကျလာပြီ။ နှစ်သစ်ကူး မတိုင်ခင် လောင်စုန့်က အလုပ်သွားဝင်ရမှာဆိုတော့လေ ငါတို့ လကုန်မှာ ထွက်ရမယ်။"

ကျန်းနျန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ "ဒီလောက် မြန်မြန်ကြီးလား။"

ဖန့်မိန်တို့ မိသားစု လကုန်တွင် ထွက်ခွာတော့မည်ကို သိရသဖြင့် ကျန်းနျန် တကယ်ပင် နှမြောနေမိသည်။ ရှု့ယန်လည်း ထိုနည်းတူပင် ဖြစ်သည်။ တပ်ရင်းမှူးစုန့်က စုန့်ပိုင်ကို အချို့အကြောင်းအရာများ ရှင်းပြနေသည်။ ကလေးများက စားပွဲတစ်လုံးတွင် ထိုင်ကာ သူတို့ ကြီးလာလျှင် တစ်ယောက်ကိုတစ်ယောက် ပြန်ရှာပြီး တစ်သက်လုံး သူငယ်ချင်း လုပ်ကြမည်ဟု ပြောနေကြသည်။ ကျန်းနျန် ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။

All Chapters