အခန်း (၁၁၄)
Vol. 12 Ch. 114
သူမ စိတ်မကောင်း ဖြစ်နေသည်ကို မြင်သဖြင့် ဖန့်မိန်က သူမကို တံတောင်နှင့် တိုက်ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ငါ့ကို လွမ်းနေမှာလား။"
ကျန်းနျန် သူ့ကို မော့ကြည့်လိုက်ရာ မျက်လုံးများ ရုတ်တရက် နီရဲလာခဲ့သည်။ ဖန့်မိန် ကြောင်သွားပြီး အနေရခက်စွာဖြင့် ပြုံးလိုက်သည်။ "အလိုလေး... မင်း မျက်ရည်တွေကျလာတာမြင်တော့ ငါလည်း ငိုချင်လာပြီ။ များများစားပြီး မျက်ရည် သုတ်လိုက်ပါဦး။"
စုန့်ပိုင်က ထိုစကားကို ကြားသောအခါ ကျန်းနျန်ကို မော့ကြည့်လိုက်သည်။
သူမသည် နှုတ်ခမ်းကို ကိုက်ထားပြီး သူမ၏ တောက်ပကာ လှပသော မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နေသည်၊ ဖန့်မိန်က နောက်တစ်ခွန်း ထပ်ပြောလိုက်လျှင်ပင် မျက်ရည်များ ကျလာတော့မည့်အတိုင်း တူကို တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။ စုန့်ပိုင်သည် တပ်ရင်းမှူးစုန့်၏ စကားကို နားထောင်နေသော်လည်း စိတ်များက ကျန်းနျန်ဆီသို့ ရောက်နေပြီး သူမကို ထပ်ကြည့်ချင်စိတ်ကို မနည်း ထိန်းနေရသည်။
"အစ်မဖန့်... ဘာမှ ထပ်မပြောပါနဲ့တော့။"
ကျန်းနျန်သည် နှာရှုံ့လိုက်ပြီး ဟင်းတစ်လုပ် စားကာ မျက်ရည်များကို ပြန်ထိန်းလိုက်သည်။
နောက်ဆုံးတွင် ကျန်းနျန်က မျက်ရည် ထိန်းနိုင်ခဲ့သော်လည်း အစ်မဖန့်ကမူ တပ်ရင်းမှူးစုန့်က ဆူလိုက်သည့်အတိုင်း အကျယ်ကြီး ငိုချလိုက်သည်။
ကျန်းနျန် - ....
သူမလည်း မျက်ရည်များကို ပြန်ထိန်းလိုက်ရသည်။
တပ်ရင်းမှူးစုန့်မှာ ခေါင်းကိုက်သွားခဲ့သည်။ သူက ဖန့်မိန်ကို ဘာမှမပြောဘဲ ကြည့်နေသည်။ တစ်ခုခု ပြောချင်သော်လည်း မပြောဖြစ်ပေ။ အဆုံးမှာတော့ သူတို့ ဒီမှာ နေလာတာ ကြာပြီဖြစ်သဖြင့် ရုတ်တရက် ထွက်ခွာရမည်မှာ တကယ်ပင် ခက်ခဲလှသည်။ ဖန့်မိန် ငိုသောအခါ ကလေးအချို့လည်း လိုက်ငိုကြသဖြင့် အခန်းကျဉ်းလေးထဲတွင် ငိုသံများ ပြည့်နှက်သွားခဲ့သည်။
တပ်ရင်းမှူးစုန့် ......
သူ ဘာလုပ်ရမည်မှန်း မသိတော့ပေ။
ဖန့်မိန်တို့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ထွက်ခွာသွားကြသည်။ ထိုနေ့ နံနက်တွင် နှင်းများ ပြင်းထန်စွာ ကျနေသည်။ တပ်ရင်းမှူးစုန့်က ပစ္စည်းအကြီးအချို့ကို စာတိုက်မှ ကြိုတင် ပို့ထားပြီးဖြစ်သဖြင့် အခုယူသွားသည်မှာ အဝတ်အစား အချို့သာ ဖြစ်သည်။ ကျန်းနျန်က ဖန့်မိန်အတွက် ကုလားအုတ်မွေးရောင် ပဝါတစ်ထည် ယူလာပေးပြီး ပြုံးကာ ပေးလိုက်သည်။ "ဒါ အစ်မအတွက်ပါ။"
"တကယ် နွေးတာပဲ။"
ဖန့်မိန်က သိုးမွေးပ၀ါကို သူမမျက်နှာနှင့် ပွတ်တိုက်ကြည့်ရင်း ပြောလိုက်သည်။ "ကျွန်မ သွားတော့မယ်နော်။"
"အင်း။"
ကျန်းနျန်နှင့် ရှု့ယန်တို့က တပ်ရင်းမှူးစုန့်၏ မိသားစုကို လိုက်ပို့ကြသည်။ တပ်ရင်းမှူးထန်နှင့် သူတို့အဖွဲ့လည်း လိုက်လာကြသည်။ စုန့်ရှန်းတုန်က ကျန်းနျန်ကို လက်ဝှေ့ယမ်းပြခဲ့သည်။ "အဒေါ်ကျန်း... သွားပြီနော်။"
စုန့်ရှန်းဟုန်ကလည်း လက်ဝှေ့ယမ်းပြခဲ့သည်။ "အဒေါ်ကျန်း... နှုတ်ဆက်ပါတယ်။"
ကျန်းနျန်က ခပ်ဖွဖွ ပြုံးပြလိုက်သည်။ "အချိန်ရရင် မင်းတို့ဆီ လာလည်မယ်နော်။"
စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့ ကလေးနှစ်ယောက်လုံး ပြုံးလိုက်ကြသည်။ "ဟုတ်ကဲ့။"
တပ်ရင်းမှူးထန်နှင့် ချန်ဖန့်တို့လည်း သူတို့ကို လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။ ကျူးကျွင်းက ကားမောင်းပြီး မိသားစု လေးယောက်လုံးကို ခေါ်သွားသည်။ ကားဝေးသွားမှ လူအများ တဖြည်းဖြည်း လူစုခွဲကြသည်။ ရှု့ယန်က ကျန်းနျန်ကို ပြောခဲ့သည်။ "အစ်မဖန့်ကို လွမ်းနေပြီ။"
လျိုကျန့်ယဲ့၏ မျက်လုံးများမှာ နီရဲနေသည်။ "မေမေ... သားလည်း ရှန်းတုန်နဲ့ ရှန်းဟုန်ကို လွမ်းတယ်။"
လျိုကျန့်ဝူက မျက်ရည်သုတ်ရင်း ပြောလိုက်သည်။ "သားလည်း လွမ်းတယ်၊ ရှန်းဟုန်နဲ့ ကစားချင်သေးတယ်။"
နှင်းများက ထူထပ်နေပြီး လမ်းပေါ်တွင် နှင်းအလွှာများ ဖုံးနေသည်။ လူအချို့ နှင်းပေါ် လျှောက်သွားသဖြင့် "ကျွိကျွိ" မြည်သံများ ထွက်ပေါ်နေသည်။
တပ်ရင်းမှူးစုန့်သည် အရှေ့မြို့တော် တုန်းရှီမြို့သို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး တုန်းကောခရိုင်က အနီးအနားမှာ ရှိသည်။ ဇာတ်လမ်းအရဆိုလျှင် တပ်ရင်းမှူးစုန့်သည် တုန်းကောခရိုင်သို့ ကွင်းဆင်းစစ်ဆေးစဉ် ငလျင်နှင့် ကြုံတွေ့ရပြီး ပြိုကျသောအိမ်အောက်တွင် ပိ၍ သေဆုံးသွားရမည်ဖြစ်သည်။ တပ်ရင်းမှူးစုန့် သေဆုံးပြီးနောက် ဖန့်မိန်သည် ကလေးများကို တစ်ယောက်တည်း ရုန်းကန် မွေးမြူရမည်ဖြစ်သည်။
ကျန်းနျန်၏ စိတ်ထဲတွင် လေးလံသွားပြီး အသက်ရှူပင် ကျပ်သွားသလို ခံစားလိုက်ရသည်။
စာအုပ်၏ ဇာတ်လမ်းအရဆိုလျှင် တပ်ရင်းမှူးစုန့်သည် ၁၉၇၃ ခုနှစ် ဆောင်းရာသီတွင် သေဆုံးမည်ဖြစ်သည်။ နောက်နှစ်လဆိုလျှင် ၁၉၇၃ ခုနှစ်သို့ ရောက်တော့မည်ဖြစ်သဖြင့် နှစ်စမှာလား၊ နှစ်ကုန်မှာလား သူမ မသိပေ။
ကျန်းနျန် စိတ်ဓာတ်ကျနေသည်ကို မြင်သဖြင့် ရှု့ယန်က သူမလက်ကို ပုတ်လိုက်သည်။ "ဝမ်းမနည်းပါနဲ့။"
ကျန်းနျန်၏ မျက်တောင်များ တုန်ယင်သွားခဲ့သည်။ သူမ ပြုံးချင်သော်လည်း မပြုံးနိုင်ပေ။
လုယွီ ဘယ်တော့ ပြန်လာမလဲ သူမ မသိပေ၊ အကယ်၍ သူ အချိန်မီ ပြန်မလာခဲ့လျှင် သူမကိုယ်တိုင် အရှေ့မြို့တော်သို့ သွားပြီး တပ်ရင်းမှူးစုန့်ကို တုန်းကောခရိုင်သို့ မသွားမိစေရန် ဘယ်လိုနည်းနှင့်မဆို တားဆီးရမည်ဖြစ်သည်။
ခြေသံများမှာ သူမ၊ ရှု့ယန်နှင့် ကလေးများ၏ ခြေသံများသာ မဟုတ်ပေ။ ကျန်းနျန် လှည့်ကြည့်လိုက်သည်။
"စုန့်ပိုင်လား။"
ကျန်းနျန် မျက်တောင်ခတ်လိုက်သည်။ "ရှင် ဘာလို့ ဒီရောက်နေတာလဲ။"
သူ တပ်ရင်းဌာနချုပ်မှာ ရှိနေရမှာ မဟုတ်ဘူးလား။
စုန့်ပိုင် ပြုံးလိုက်သည်။ "မရီးတို့အိမ်က နှင်းတွေကို လာလှည်းပေးတာပါ။"
ကျန်းနျန် နားလည်သွားပြီး ရှု့ယန်နှင့်အတူ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ နှင်းဖုံးနေသော မြေပြင်ပေါ်တွင် ခြေရာများ ရှုပ်ထွေးနေသည်။ အိမ်ရောက်သောအခါ ကျန်းနျန်သည် မီးဖိုထဲသို့ ထင်းခြောက်များ ထည့်ပြီး မီးမွှေးလိုက်သည်။ အပြင်ဘက်တွင် နှင်းလှည်းသံကို ကြားရသဖြင့် ပြတင်းပေါက်မှ ချောင်းကြည့်လိုက်သည်။
စုန့်ပိုင်သည် အင်္ကျီပါးတစ်ထည်သာ ဝတ်ထားပြီး အနောက်ဘက်က နှင်းများကို တံမြက်စည်းဖြင့် လှည်းနေသည်၊ သူ၏ စစ်စိမ်းရောင် အနွေးထည်ကို သစ်ကိုင်းတွင် ချိတ်ထားသည်။
ကျန်းနျန် အမြန် ပြေးထွက်သွားခဲ့သည်။ "ကျွန်မဘာသာ ကျွန်မ လှည်းလို့ရပါတယ်။"
စုန့်ပိုင် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
စုန့်ပိုင်က သူမလက်ကို ရှောင်လိုက်သည်။ "ရပါတယ်၊ မကြာခင် ပြီးတော့မှာမလို့ မရီး အထဲမှာပဲ နေပါ၊ ကျွန်တော် ပြီးရင် ပြန်လိုက်မယ်။"
ကျန်းနျန် - ....
သူမ ဘာပြောနိုင်ဦးမှာလဲ။
သူမ ခြံတံခါးကို ကြည့်လိုက်ရာ အကျယ်ကြီး ပွင့်နေသည်ကို တွေ့ရသည်။ ဖြတ်သွားဖြတ်လာ စစ်သည်ဇနီးသည်များက အထဲကို မြင်နိုင်သည်၊ စုန့်ပိုင်၏ ရည်ရွယ်ချက်ကို ကျန်းနျန် နားလည်လိုက်သည်။ တံခါးကို အကျယ်ကြီး ဖွင့်ထားခြင်းမှာ အတင်းအဖျင်း စကားများ မထွက်ပေါ်စေရန်ဖြစ်သည်။
သူမ ခဏ တွေဝေသွားပြီးမှ ပြောလိုက်သည်။ "ကျွန်မ ထမင်းချက်လိုက်မယ်၊ မပြန်ခင် နေ့လယ်စာ စားသွားပါဦး။"
ထို့နောက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။
စုန့်ပိုင်၏ နှင်းလှည်းနေသောလက်များ ခေတ္တ ရပ်တန့်သွားသည်။ သူသည် မီးဖိုချောင်တံခါးဝသို့ ပျောက်ကွယ်သွားသော ပုံရိပ်ကို မော့ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
နေ့လယ်တွင် ကျန်းနျန်က ကြက်သွန်မြိတ်ပန်ကိတ်၊ ဟင်းနှစ်မျိုးနှင့် ခရမ်းချဉ်သီး ကြက်ဥဟင်းရည်တို့ကို ချက်လိုက်သည်။ စုန့်ပိုင်သည် လုယွီလိုပင် အစားကြီးမှန်း သူမ သိသဖြင့် ပိုချက်ထားသည်။ သူမ ခရမ်းချဉ်သီး ကြက်ဥဟင်းရည်ကို ပန်းကန်ထဲ ခပ်ထည့်နေစဉ် အပြင်ဘက်တွင် ရေသံ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ စုန့်ပိုင်က ရေအေးဖြင့် မျက်နှာနှင့် လက်များကို ဆေးနေသည်ကို မြင်လိုက်ရသည်။
ကျန်းနျန် - !!!
သူမ အပြင်သို့ ပြေးထွက်လာရာ သူမမျက်နှာမှာ အံ့အားသင့်နေသည်။ "ရေနွေးအိုးထဲမှာ ရေနွေးရှိတယ်လေ။"
ဒီလောက်အေးတဲ့နေ့မှာ ရေအေးနဲ့ ဆေးကြောရအောင် သူ မအေးဘူးလား။
စုန့်ပိုင်က ရေများကို သွန်လိုက်ပြီး မျက်နှာဖြူဖြူလေးနှင့် ကျန်းနျန်ကို ပြန်ကြည့်ကာ ပြုံးလိုက်သည်။ "ကျွန်တော် မအေးပါဘူး။"
ကျန်းနျန် - ....
ဟုတ်သားပဲ။
ပြီးခဲ့သည့် ဆောင်းရာသီက စုန့်ပိုင်နှင့် ထန်ဇီတို့ ဆောင်းရာသီ ရေကူးခဲ့တာကို သူမ မေ့သွားခဲ့သည်။
ထမင်းဟင်းချက်ပြီးသောအခါ စုန့်ပိုင်က ပြောလိုက်သည်။ "မရီး... ဒီဟင်းတွေကို အလူမီနီယမ် ထမင်းချိုင့်ထဲ ထည့်ပေးလို့ ရမလား။ ကျွန်တော် အဆောင်ကိုပဲ ယူသွားလိုက်မယ်။"
ကျန်းနျန် သူ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ "ကောင်းပါပြီ။"
သူမသည် စုန့်ပိုင်အတွက် ထမင်းချိုင့် နှစ်လုံး ထည့်ပေးလိုက်သည်၊ တစ်လုံးမှာ ဟင်းနှင့် ကြက်သွန်မြိတ်ပန်ကိတ်၊ နောက်တစ်လုံးမှာ ခရမ်းချဉ်သီး ကြက်ဥဟင်းရည် အပြည့်ဖြစ်သည်။ သူမ ခြံထဲသို့ ယူလာပြီး သူ့ကို ပေးလိုက်သည်။ "ရော့... ရပြီ။"
စုန့်ပိုင်သည် နေ့လည်စာဘူးများကို ယူလိုက်ပြီး ခေါင်းငုံ့ထားသဖြင့် ဆံပင်ပေါ်တွင် နှင်းပွင့်လေးများ တင်နေသော ကျန်းနျန်ကို ကြည့်ကာ အကျယ်ကြီး ရယ်မောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မရီး၊ ကျွန်တော် ပြန်တော့မယ်။"
သူ၏ ခြေသံများ တဖြည်းဖြည်း ဝေးသွားခဲ့သည်။
ကျန်းနျန် မော့ကြည့်လိုက်ရာ ခြံတံခါးဝမှ ပျောက်ကွယ်သွားသော စုန့်ပိုင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သန့်ရှင်းသွားသော ခြံဝင်းကို ကြည့်ပြီး စုန့်ပိုင်ကို ကျေးဇူးတင်မိသည်။ လက်ချောင်းလေးများမှာ အအေးဒဏ်ကြောင့် ထုံကျဉ်သွားတတ်သောကြောင့်ပင် ဆောင်းရာသီ အလယ်ခေါင်မှာ နှင်းလှည်းရတာကို သူမ အရမ်း ကြောက်သည်။
သူမ အဆာပြေ အနည်းငယ်စားပြီး အခန်းထဲ ပြန်ဝင်လာသည်။ နေ့လယ်ပိုင်းတွင် ရှု့ယန် ရောက်လာပြီး စကားပြောခဲ့သည်။
အစ်မဖန့် ထွက်သွားသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း သူမ၏ ဆူညံသံများကို ကျန်းနျန် ရုတ်တရက် လွမ်းမိသွားသည်။ သူမ ထွက်သွားခြင်းက အိမ်နီးချင်းပတ်ဝန်းကျင်ကို ခြောက်ကပ်သွားစေသည်။
ကျန်းနျန် မီးဖိုချောင်တွင် ရေနွေးတည်ပြီး ရိုးရိုးရှင်းရှင်း နေ့လယ်စာ ပြင်နေစဉ် ဘေးအိမ်မှ ဆူညံသံများကို ရုတ်တရက် ကြားလိုက်ရသည်။ အကျယ်ဆုံးအသံမှာ ချန်ဖန့်၏ အသံဖြစ်ပုံရသဖြင့် သူမ ပြတင်းပေါက်ကို မှီပြီး သေသေချာချာ နားထောင်လိုက်သည်။ ချန်ဖန့်၏ အသံအပြင် ဖန့်မိန်တို့ အိမ်ဟောင်းထဲက တခြား အစိမ်းသက်သက် အသံများကိုလည်း ကြားနေရသည်။
"ကျန်းနျန်…"
ရှု့ယန်၏ အသံက ခြံတံခါးဝမှ ထွက်ပေါ်လာခဲ့သည်။
ကျန်းနျန် ခြံတံခါးကို ပြေးဖွင့်လိုက်ရာ ဘေးအိမ်တွင် ထန်ဇီက အိတ်များကို သယ်ကာ အဝင်အထွက် လုပ်နေသည်ကို တွေ့ရသည်။ ချန်ဖန့်နှင့် အခြား စစ်သည်ဇနီးသည် သုံးဦးမှာ အိတ်များကို သယ်ပြီး တံခါးဝတွင် စကားပြောနေကြသည်။ ချန်ဖန့်က လှမ်းအော်ခဲ့သည်။ "မြန်မြန်လုပ်ပါ၊ တံခါးဖွင့်ဖို့ နင်ပေးမဲ့ သော့ကို စောင့်နေတာ။"
"လာပါပြီ။"
ထန်ဇီက ပစ္စည်းများကို ချထားခဲ့ပြီး တံခါးဖွင့်ရန် သော့ကို ထုတ်လိုက်သည်။
ဘေးအိမ်မှ ရှု့ယန်နှင့် ကျန်းနျန်ကို မြင်သောအခါ ချန်ဖန့်က ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "ရှောင်နျန်... အခုကစပြီး မင်းနဲ့ ထန်ဇီက အိမ်နီးချင်းတွေ ဖြစ်သွားပြီနော်၊ ကျွန်မတို့ဆီ ခဏခဏ လာလည်ပါဦး။"
ကျန်းနျန် - ....
စိတ်ရှုပ်စရာပဲ။
သူမက စွင်းယင်နဲ့ အိမ်နီးချင်း တကယ် ဖြစ်သွားတာလား ....
ဒါပေမဲ့ ဘယ်သူ့ကိုမှ စိတ်မဆိုးစေချင်တာကြောင့် ကျန်းနျန်က ချန်ဖန့်နဲ့ ခဏလောက် စကားပြောလိုက်သည်။ သူမဘေးက စစ်သည်ဇနီးသည်တွေက ချန်ဖန့်ကို မေးကြသည်။ "မင်းပြောတဲ့ ပန်းထိုး အရမ်းတော်တဲ့ ကျန်းနျန်ဆိုတာ သူလား။"
ချန်ဖန့်က ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ သူပဲ။" ထို့နောက် ကျန်းနျန်ကို ပြောပြသည်။ "ရှောင်နျန်... ဒါ ငါ့ရဲ့ အစ်မအရင်းလေ၊ အရင် စစ်ဒေသကနေ လာလည်တာ။ ငါ့ဆီက မင်းထိုးပေးထားတဲ့ တရုတ်ဘဲပုံကို မြင်ပြီး သူ အရမ်းကြိုက်သွားလို့။"
အခြားအမျိုးသမီးက ပြုံးပြီး ပြောလိုက်သည်။ "ရဲဘော်ကျန်း... ကျွန်မက ချန်ပင်းပါ။ မင်းထက် အသက်ကြီးတော့ အစ်မပင်းလို့ပဲ ခေါ်ပါ။"
ဒီနှစ်ယောက်က တကယ့် ညီအစ်မတွေပဲ၊ နှစ်ယောက်လုံး စကားပြော အရမ်း ကောင်းကြသည်ဟု ကျန်းနျန် တွေးလိုက်မိသည်။
ဒါကြောင့် သူမက ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "အစ်မပင်း။"
"မရီး... စောင်ကို အထဲယူလာခဲ့ဦး" ထန်ဇီက အိမ်ထဲမှ လှမ်းအော်ခဲ့သည်။
"လာပြီ။"
သူတို့ သုံးယောက် အိမ်ထဲ ဝင်သွားကြသည်။ ချန်ပင်းက တိုးတိုးလေး မေးခဲ့သည်။ "ဖန့်ဇီ... ကျန်းနျန်က ဘယ်သူ့ဇနီးလဲ။"
ချန်ဖန့်က သက်ပြင်းချကာ ပြောလိုက်သည်။"သူက ငယ်ရွယ်တဲ့ဇနီး မဟုတ်ဘူး၊ သူမက ဒုတိယတပ်ရင်းက လက်ထောက်တပ်ရင်းမှူးရဲ့ မရီးလေ။ ကျန်းနျန်ရဲ့ ဘဝက သနားဖို့ ကောင်းပါတယ်။ သူ့ခင်ပွန်းက ကယ်ဆယ်ရေးလုပ်ငန်းမှာ ကျောရိုးပိသွားပြီး နောက်ပိုင်း ဆုံးသွားတာ။ သူမက သူ့မတ်နောက် လိုက်လာတာလေ။"
ထိုစကားကို ကြားသောအခါ ချန်ပင်းက ပြောလိုက်သည်။ "နှမြောစရာပဲ။"
အခြား စစ်သည်ဇနီးသည်တစ်ဦးက ပြောလိုက်သည်။ "ဘာ နှမြောစရာ ရှိလို့လဲ။ သူ့ရဲ့ ပန်းထိုးပညာနဲ့ ပိုက်ဆံရှာနိုင်တာပဲ။ အိမ်ထောင်မပြုရင်တောင် သူ့ဘာသာသူ ရပ်တည်နိုင်တာပဲ၊ သူ့အတွက် စိတ်မပူပါနဲ့။"
"ဘယ်သူ့အကြောင်း ပြောနေကြတာလဲ။"
ထန်ဇီက စားပွဲတစ်လုံးကို သယ်လာပြီး မေးလိုက်သည်။
ချန်ဖန့်က အိတ်များကို ချထားပြီး ချန်ပင်းက စောင်ဖြန့်ခိုင်းလိုက်ရင်း ထန်ဇီကို ပြောလိုက်သည်။ "ကျန်းနျန်အကြောင်း ပြောနေတာပါ။"
ထန်ဇီ - ....
သူက သူတို့ကို သတိပေးလိုက်သည်။ "မရီး... နောက်တစ်ခါ နားလည်မှု လွဲတာမျိုး မဖြစ်အောင် တခြားသူရဲ့ အကြောင်းတွေကို အများကြီး မပြောကြပါနဲ့တော့။"
ချန်ဖန့် - ....
"သိပါပြီ။"
ဘေးအိမ်တွင် ရှု့ယန်က ကျန်းနျန်နောက်သို့ လိုက်ဝင်လာပြီး ပြောလိုက်သည်။ "ဗိုလ်ကြီးထန်တို့ ဒီကို ပြောင်းလာမယ်ဆိုတာ ငါ ဒီမနက်မှ သိတာ။ မိသားစုဝင်တွေ နေအိမ်ဧရိယာမှာ ခြံဝင်း မကျန်တော့ဘူးလို့ ကြားတယ်။ တပ်ရင်းမှူးစုန့်တို့ ထွက်သွားတော့ ဒီခြံဝင်းက အားသွားပြီး ဗိုလ်ကြီးထန်ကို ပေးလိုက်တာတဲ့။"
ဒါကြောင့်မို့ ဒီလောက် တိုက်ဆိုင်နေတာကိုး။
ကျန်းနျန် စကားပင် မဆိုနိုင်တော့ပေ။
"ကျန်းနျန်..." ရှု့ယန်က တိုးတိုးလေး ပြောလိုက်သည်။ "ဗိုလ်ကြီးထန်ရဲ့ ဇနီးက ကိုယ်ဝန်ရှိနေတာ၊ အခု သုံးလ ရှိပြီ။ သူမက ဝလာသလိုပဲ၊ အရင် ရောက်စတုန်းကလောက် မလှတော့ဘူး။ ငါ သူ့ကို အပြင်မှာ အကြိမ်အနည်းငယ် တွေ့ဖူးတယ်၊ သူမက အမြဲတမ်း မျက်နှာဆူပုတ်နေတာ၊ တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံကြွေး တင်နေသလိုပဲ။"
စွင်းယင်ကို နောက်ဆုံးတွေ့တုန်းက ကိုယ်ဝန်ရှိနေမှန်း ကျန်းနျန် ခန့်မှန်းမိသားပင်။
သူမသည် မီးဖိုထဲက မီးစများကို လှန်လှောလိုက်ပြီး ရှု့ယန်၏ စကားကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒီရက်ပိုင်း နှင်းတွေ အရမ်းကျနေတာပဲ၊ ကျန့်ဝူ ကျောင်းသွားသေးလား။"
ရှု့ယန်က မီးဖိုမှာ လက်ကမ်းပြီး အနွေးဓာတ်ယူရင်း ပြောလိုက်သည်။ "သူ့ကို ခွင့်ယူခိုင်းမလို့ စဉ်းစားနေတာ၊ ဒါပေမဲ့ ကျန့်ဝူက မယူချင်ဘူး။"
သူမ ခဏရပ်လိုက်သည်။ "လျိုချမ့် ပြန်လာတော့မယ်။"
ကျန်းနျန်၏ လှန်လှောနေသော လက်များ ရပ်သွားပြီး ရှု့ယန်ကို မော့ကြည့်လိုက်သည်။ "ဘယ်တော့ ပြန်လာမှာလဲ။"
"၁၀ ရက်နေ့။ ကင်းတဲကနေ ဖုန်းလာလို့ သိရတာ။ ကင်းစောင့်စစ်သားက သူ့ကို သွားကြိုခိုင်းတယ်၊ သူ တစ်လလောက် နေပြီးမှ ပြန်သွားမယ်တဲ့။"
ရှု့ယန်က ပြုံးလိုက်သည်။ "ကျန်းနျန်... အခု အခြေအနေတွေက ကောင်းလာပြီလို့ ငါ ထင်တယ်။"
ကျန်းနျန်သည် လွန်ခဲ့သော နှစ်ဝက်အတွင်း ရှု့ယန်၏ ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရသည်။ သူမတင်မကဘဲ ကျန့်ဝူ၏ အပြုံးများကလည်း အရင်ကထက် ပိုများလာခဲ့သည်။
နေဝင်ချိန်တွင် ဘေးအိမ်မှ စွင်းယင်က ထန်ဇီကို ညည်းညူနေသံနှင့် ထန်ဇီက သူမကို အချိုသာဆုံး ချော့မော့နေသံကို ကျန်းနျန် ကြားလိုက်ရသည်။
စွင်းယင် ပြောင်းလာကတည်းက ကျန်းနျန်သည် ထိုနံရံနားသို့ တစ်ခါမျှ မကပ်တော့ပေ။
ဒီဇင်ဘာလကုန်တွင် နှစ်သစ်ကူးနေ့ ရောက်ရှိလာခဲ့သည်။
လုယွီ ထွက်သွားသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး ကြားထဲတွင် ဖုန်းတစ်ခါသာ လာခဲ့ကာ ထိုအချိန်ကတည်းက သတင်းမကြားရတော့ပေ။
နှစ်သစ်ကူးနေ့တွင် ကျန်းနျန် မီးဖိုချောင်မှာ မီးမွှေးပြီး ဖက်ထုပ် လုပ်နေသည်။ တစ်ယောက်တည်း ဖြစ်နေသော်လည်း ကောင်းကောင်းမွန်မွန် စားချင်သည်။ ဒါပေမဲ့ မုန့်ထုပ်နေစဉ် ကျန်းနျန်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်မကျအောင် ထိန်းကာ နှာခေါင်းရှုံ့နေမိသည်။
သူမ လုယွီကို လွမ်းသည်။
သူမ သူ့ကို အရမ်း လွမ်းနေမိသည်။
သေသေချာချာ ပိတ်ထားသော ခြံတံခါးကို တစ်စုံတစ်ယောက်က လာခေါက်သည်။ ကျန်းနျန်၏ မုန့်ထုပ်နေသောလက်များ ရုတ်တရက် ရပ်တန့်သွားသည်။ တံခါးအက်ကွဲကြောင်းကြားမှ စစ်စိမ်းရောင်အရိပ်ကို မြင်လိုက်ရသဖြင့် သူမ အသက်ရှူ ရပ်မတတ် ဖြစ်သွားခဲ့သည်။ သူမသည် မုန့်ခွံကို ချထားခဲ့ကာ အပြင်သို့ ပြေးထွက်သွားသည်။ တံခါးမင်းတုပ်ကို သူမလက်နှင့် ထိလိုက်ရုံရှိသေး၊ တံခါးအပြင်ဘက်မှ စုန့်ပိုင်၏ အသံကို ကြားလိုက်ရသည်။
"မရီး... တံခါးဖွင့်ပါဦး။"
သူမ၏ စိတ်လှုပ်ရှားနေသော နှလုံးသားမှာ ရုတ်ချည်းပင် အေးစက်သွားသည်။ ကျန်းနျန်သည် မျက်တောင်ခတ်ကာ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးအပြင်ဘက်တွင် စုန့်ပိုင်အပြင် ကျူးကျွင်းနှင့် ကျန်းရှောင်တို့လည်း ရှိနေကြသည်။
"အစ်မကျန်း။"
ကျန်းရှောင်က ပြေးလာပြီး ကျန်းနျန်ကို ဖက်လိုက်သည်။ ကျူးကျွင်းက လန့်သွားပြီး ပြောလိုက်သည်။ "ဖြည်းဖြည်းလုပ်ပါဦး။"
"မနေ့က နှင်းကျထားတော့ မြေကြီးက ချော်နေတယ်၊ မလဲစေနဲ့ဦး။" ကျူးကျွင်း ဤမျှအထိ ပျာယာခတ်နေသည်ကို မြင်သောအခါ ကျန်းနျန် တစ်ခုခုကို သတိပြုမိသွားသည်။ သူမသည် ကျန်းရှောင်ကို လွှတ်လိုက်ပြီး သူမ၏ ဗိုက်ကို ငုံ့ကြည့်လိုက်ရာ ဗိုက်မှာ ပြားချပ်နေဆဲပင်။ ကျန်းရှောင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ကျန်းနျန်၏ လက်မောင်းကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။ "နှစ်လပဲ ရှိသေးတာပါ၊ ဗိုက်က မပေါ်သေးပါဘူး။"
ကျန်းနျန်က ခပ်ဖွဖွလေး ရယ်မောလိုက်သည်။ "မြန်လှချည်လား။"
"အစ်မကျန်း"
ကျန်းရှောင်မှာ အတော်လေး ရှက်သွားပုံရသည်။
သူတို့ စကားပြောနေစဉ် စုန့်ပိုင်က ဘေးမှ ကြည့်နေမိသည်။ ကျန်းနျန် တံခါးဖွင့်ပေးလိုက်စဉ် သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ရှိနေသည်ကို သူ သတိထားမိလိုက်သည်။
သူမ အိမ်မှာ တစ်ယောက်တည်း ငိုနေခဲ့တာလား။