အခန်း (၁၁၇)
Vol. 12 Ch. 117
စွင်းယင် ထရပ်လိုက်ပြီး ထန်ဇီကို လာဖက်ကာ သူ၏ ရင်ခွင်ထဲတွင် မျက်နှာအပ်လိုက်သည်။ "ကျွန်မက အဲဒီ တရုတ်ဘဲပုံတွေကို ကြောက်လို့ ကတ်ကြေးနဲ့ ညှပ်လိုက်မိတာပါ။"
ထန်ဇီက စွင်းယင်၏ ရုတ်တရက် လက်ဦးမှုကို မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသော်လည်း ဘာမှ မတုံ့ပြန်ပေ။ စွင်းယင်က ဘာလို့ ဖြတ်ထားတဲ့ လိုက်ကာတွေကို နံရံပေါ်မှာ ချိတ်ပြီး ကျန်းနျန်ကို ရန်စရတာလဲ ဆိုတာကို သူ နားမလည်နိုင်ပေ။ ကျန်းနျန်ကို ခြောက်လှန့်ဖို့လား။
သူ ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "မင်း ကျန်းနျန်နဲ့ ရန်ငြိုး ရှိနေလို့လား။"
စွင်းယင်က ဘာမှ မပြောပေ။ ခဏအကြာမှ မရှိပါဘူးဟု ငြင်းသော်လည်း သူမ၏ ကိုယ်ခန္ဓာ ခဏတာ တောင့်တင်းသွားသည်ကို ထန်ဇီ သတိပြုမိလိုက်သည်။ စွင်းယင်နှင့် ပထမဆုံး ဆုံတွေ့စဉ်က သူမသည် သူ့ကို လက်မှတ်ထိုးခိုင်းခဲ့ပြီး လုယွီဆီသို့ ဝင်တွေ့ရန် ကြိုးစားခဲ့သော်လည်း လုယွီ၏ ရက်စက်စွာ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်ကို ထန်ဇီ ပြန်သတိရလိုက်သည်။ ထိုအခါ သူ မမျှော်လင့်ထားသော အတွေးတစ်ခု ဝင်လာခဲ့သည်။
စွင်းယင်က လုယွီကို စိတ်ရှိနေသေးတာပဲ။
သူမက ကျန်းနျန်ကို ပစ်မှတ်ထားတာကလည်း လုယွီနဲ့ ပတ်သက်နေတာပဲ။ သူမက သူနဲ့ အတူရှိတဲ့ အချိန်တိုင်းမှာလည်း သူ့မျက်နှာကို ဖုံးထားတတ်သည်။ သူမက သူ့ကို ဘယ်သူလို့ ထင်နေတာလဲ။ ထန်ဇီ ထပ်ပြီး မတွေးချင်တော့ပေ။
သူသည် ရှုပ်ပွနေသော ကုတင်ပေါ်က အိပ်ရာခင်းကို ကြည့်လိုက်ပြီး တစ်ခုခုကို တွေးမိဟန်ဖြင့် သူ၏ မျက်ခုံးကြားတွင် မိမိကိုယ်ကို လှောင်ပြောင်သော အရိပ်အယောင် ပေါ်လာခဲ့သည်။ သူက စကားအချို့ ထပ်ဖြည့်ပြောလိုက်သည်။
"ယင်ယင်... မင်း ကိုယ်နဲ့ လက်မထပ်ခင်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ကိုယ် မမေးတော့ဘူး။ ဒါပေမဲ့ ကိုယ်နဲ့ လက်ထပ်ပြီးနောက်မှာ မင်းက ဘယ်သူ ဆိုတာကို မင်း နားလည်ဖို့ ကိုယ် မျှော်လင့်တယ်။ ဒီနေ့ကစပြီး ထမင်းဟင်းတွေကို ကိုယ် ကိုယ်တိုင် ကန်တင်းကနေ သွားယူပေးမယ်၊ ဒါကြောင့် ကိုယ့်မရီးချန်တို့အိမ်ကို မသွားနဲ့တော့။ မိုးချုပ်ပြီ၊ စောစော အိပ်တော့။"
စကားပြောပြီးနောက် သူသည် စွင်းယင်၏ လက်ကို ဖယ်ထုတ်လိုက်သည်။
ထန်ဇီ၏ စကားကို ကြားသောအခါ စွင်းယင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ ထန်ဇီက သူမနှင့် ဝူယိုရှန်တို့အကြောင်းကို သိသွားတာလားဟု သူမ ချက်ချင်း တွေးမိလိုက်သည်။
သူမသည် အပြင်ဘက်တွင် ဖိနပ်ချွတ်ပြီး မျက်စိမှိတ်ကာ စကားမပြောတော့ဘဲ လဲလျောင်းနေသော ထန်ဇီကို ကြည့်ကာ တွေဝေနေမိသည်။
ဘေးအိမ်တွင် မီးများ လင်းနေဆဲပင်။ လျိုချမ့်နှင့် ရှု့ယန်တို့ ခြံထဲတွင် ထိုင်နေကြသည်။
စုန့်ပိုင်က တံမြက်စည်းဖြင့် နှင်းများကို လှည်းကျင်းပေးနေသည်။ ကျန်းနျန်က သူ့ကို ပြန်နားရန် ပြောသော်လည်း စုန့်ပိုင်က ပြောလိုက်သည်။ "လှည်းပြီးရင် ပြန်ပါ့မယ်။"
ရှု့ယန်က ကျန်းနျန်၏ အေးစက်နေသော လက်များကို ဆုပ်ကိုင်ထားခဲ့သည်။ "အဲဒီလို မိန်းမမျိုးကို ဂရုမစိုက်ပါနဲ့။"
ကျန်းနျန်က ခေါင်းညိတ်လိုက်သည်။ "အင်း။"
လျိုချမ့်က ကျန်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ "နောက်ဆို တစ်ခုခု လိုအပ်ရင် ရှု့ယန်ကို ရှာလိုက်ပါ၊ မင်းတို့ နှစ်ယောက်က အဖော်ရတာပေါ့။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့။"
စုန့်ပိုင်သည် နှင်းများကို လှည်းပြီးနောက် ခဏမျှ မနေဘဲ ထွက်သွားသည်။ စုန့်ပိုင် ထွက်သွားပြီးနောက် လျိုချမ့်နှင့် သူ၏ဇနီးလည်း အတင်းအဖျင်း စကားများ မထွက်ပေါ်စေရန်အတွက် ပြန်သွားကြသည်။
ကျန်းနျန်သည် ထိုညတွင် အိပ်ရာထဲ၌ ဟိုဘက်ဒီဘက် လှည့်ကာ အိပ်မပျော်ဘဲ သန်းခေါင်ယံအထိ ဖြစ်နေခဲ့သည်။
နောက်နေ့ နေ့လယ်စာစားပြီးနောက် ရှု့ယန် ရောက်လာသည်။ ဖန့်မိန် ထွက်သွားကတည်းက ရှု့ယန်သည် မိသားစုခြံဝင်းထဲက သတင်းများကို ကျန်းနျန်ထံသို့ လာရောက်ပြောပြပေးသည့် ဒုတိယမြောက်လူ ဖြစ်လာခဲ့သည်။ အခုတော့ မိသားစုဝင်ခြံဝင်းက လူတိုင်းက ဗိုလ်ကြီးထန်ရဲ့ ဇနီးက ရက်စက်တယ်၊ စိတ်ပုပ်တယ်ဆိုပြီး ကောလာဟလတွေ ဖြန့်နေကြပြီဟု သူမက ပြောပြသည်။
ရှု့ယန်သည် မီးဖိုဘေးတွင် ထိုင်ကာ လက်အပူလှုံရင်း ရယ်မောနေသည်။ "နင် မသိဘူးလို့၊ အပြင်မှာ ကောလာဟလတွေက တော်တော် ပြင်းထန်နေတာ။ ဗိုလ်ကြီးထန်ဆိုရင် ဒီမနက် ကန်တင်းသွားတာတောင် ခေါင်းမဖော်ရဲဘူး။"
အမှန်တကယ်တော့ ထန်ဇီလည်း ထိုကိစ္စတွင် ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။
သို့သော် ကျန်းနျန်သည် သူမ လုပ်ခဲ့သည့်အတွက် နောင်တ မရပေ။ စွင်းယင်က သူမ၏ တံခါးဝအထိ လာပြီး အနိုင်ကျင့်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမ ပြန်မတိုက်ခိုက်ခဲ့လျှင် သူမသည် တကယ့်ကို အနိုင်ကျင့်ခံလူတန်းစား ဖြစ်နေပေလိမ့်မည်။
မှောင်လာသောအခါ ခြံတံခါးကို တစ်ယောက်ယောက်က ထပ်မံ လာခေါက်သည်။
ကျန်းနျန်က စုန့်ပိုင် ထပ်ရောက်လာပြန်ပြီဟု ထင်ကာ တံခါးဝသို့ သွားသောအခါ ထန်ဇီ၏ အသံကို ကြားလိုက်ရသည်။ "ညီမလေး... ငါပါ၊ ထန်ဇီပါ။"
ကျန်းနျန် ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
ထန်ဇီ ပြောလိုက်သည်။ "ငါညီမလေးကို တောင်းပန်ဖို့ လာတာပါ။"
ကျန်းနျန် အနည်းငယ် အံ့အားသင့်သွားပြီး ခဏ ရပ်တန့်သွားသည်။ "ရပါတယ်။"
ထန်ဇီက ပြုံးပြီး လှည့်ထွက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ကုန်ခါနီးသို့ ရောက်လာပြီး နှစ်သစ်ကူးအကြိုညရောက်ရန် ၁၀ ရက်သာ လိုတော့သည်။ လုယွီ ဖုန်းထပ်မဆက်သေးပေ။
ယခုတစ်ကြိမ်တွင် သူ ထွက်သွားသည်မှာ နှစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။
လူကြီး၏ ပုံတူပန်းထိုးမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီး ကျန်းနျန်က တစ်ရက်အချိန်ပေးကာ အပြီးသတ်လိုက်သည်။ ပန်းထိုးများကို သိမ်းဆည်းလိုက်ပြီး မနက်ဖြန်တွင် ပန်းထိုးဆိုင်သို့ သွားပို့ရန် စီစဉ်ထားသည်။
လျိုချမ့်သည် အိမ်တွင် တစ်လနေပြီးနောက် ပြန်သွားခဲ့သည်။ သူ ထွက်မသွားမီ ရှု့ယန်ကို ဂရုစိုက်ပေးရန် ကျန်းနျန်ထံသို့ တစ်ခေါက် လာပြောခဲ့သေးသည်။
နောက်နေ့ မနက်စောစောတွင် ကျန်းနျန် မနက်စာစားပြီးနောက် သူမ၏ ပိတ်စအိတ်လေးကို လွယ်ကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။ သူမ လှည့်အထွက်တွင် အပြင်သို့ ထွက်လာသော စွင်းယင်နှင့် တိုးခဲ့သည်။
စွင်းယင်၏ မျက်နှာမှာ ချက်ချင်း အလွန် ဆိုးဝါးသွားသည်။ သူမသည် ကျန်းနျန်ကို ဓားဖြင့် ထိုးချင်နေသကဲ့သို့ မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေသည်။
ကျန်းနျန် - ....
သူမသည် စွင်းယင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ တံခါးဝမှ ဖြတ်သွားစဉ် ပြောလိုက်သည်။ "မကောင်းမှု လုပ်တဲ့သူတွေက ကိုယ့်အပြစ်နဲ့ကိုယ် ပျက်စီးရမှာပဲ။"
"နင်။"
စွင်းယင်သည် ဒေါသထွက်လွန်းသဖြင့် သူမ၏ ထွက်နေသောဗိုက်ကို ကိုင်ကာ ကျန်းနျန်၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် သူမ၏ ထမင်းချိုင့်ကို မြေကြီးပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်ပြီး တံခါးကို ဒုန်းခနဲ မြည်အောင် ပိတ်ကာ အိမ်ထဲ ဝင်သွားခဲ့သည်။
ရှု့ယန်က တံခါးအပြင်ဘက်ကနေ ကြည့်ပြီး လျှာသပ်လိုက်သည်။ "သူမက အဲဒါနဲ့ပဲ ထိုက်တန်ပါတယ်။"
ကျန်းနျန် တပ်ရင်းမှ ထွက်လာပြီး ဘတ်စ်ကားဂိတ်မှာ စောင့်နေစဉ် ကျူးကျွင်းနှင့် စုန့်ပိုင်တို့ကို တွေ့လိုက်ရသည်။
သုံးယောက်လုံး အံ့အားသင့်သွားကြသည်။
ကျူးကျွင်းက အရင်ဆုံး သတိဝင်လာပြီး စုန့်ပိုင်ကို တစ်ချက် ကြည့်လိုက်သည်။ စုန့်ပိုင်က မျက်မှောင် အနည်းငယ် ကြုတ်နေသဖြင့် သူ ဘာမှ မပြောရဲပေ။ စုန့်ပိုင် မေးလိုက်သည်။ "မရီး... ဘယ်သွားမလို့လဲ။"
ကျန်းနျန် ပြုံးလိုက်သည်။ "မြို့ထဲကို ပန်းထိုးသွားပို့မလို့ပါ။"
ကျူးကျွင်း ပြောလိုက်သည်။ "ဒါဆို ကျွန်တော် မရီးကို လိုက်ပို့ပေးမယ်လေ။"
"မလိုပါဘူး၊ မလိုပါဘူး" ကျန်းနျန်က ငြင်းရန် ပြင်သော်လည်း စုန့်ပိုင်က တားလိုက်သည်။ "ရပါတယ်၊ ကျွန်တော်တို့လည်း မြို့ထဲကို သွားမှာပဲမလို့ လမ်းကြုံ လိုက်ပို့ပေးပါ့မယ်။"
ကျန်းနျန်သည် စုန့်ပိုင်နှင့် ကျူးကျွင်းတို့ ဘာလို့ မြို့ထဲကို အတူတူ သွားကြတာလဲဆိုတာကို သိချင်နေသည်။ ပုံမှန်ဆိုလျှင် သူတို့မှာ အလုပ်ကိစ္စရှိလျှင် အတူတူ သွားလေ့မရှိပေ။ သူမ မေးလိုက်သည်။ "မြို့ထဲကို ဘာကိစ္စနဲ့ သွားကြတာလဲ။"
စုန့်ပိုင် ပြောလိုက်သည်။ "မြို့ထဲက ရဲအရာရှိတစ်ယောက်နဲ့ ဆွေးနွေးစရာ ရှိလို့ပါ၊ မကြာခင် ပြန်လာမှာပါ။"
ကျန်းနျန် နားလည်သွားသည်။ "ဪ။"
စုန့်ပိုင်က ရဲနဲ့သွားစကားပြောမှာဆိုရင် ကျူးကျွင်းက ကျန်းရှောင်ဆီကို သွားတွေ့မှာ ဖြစ်ရမည်။
နှစ်သစ်ကူးခါနီးဖြစ်သဖြင့် ဘတ်စ်ကားပေါ်တွင် လူတော်တော် များနေသည်။ အားနေသော ထိုင်ခုံ တစ်ခုံသာ ရှိသည်။ စုန့်ပိုင်က ကျန်းနျန်ကို ထိုထိုင်ခုံတွင် ထိုင်နိုင်အောင် ကူညီပေးခဲ့သည်။ သူမဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ရှိပြီး သူမသည် မနက်စာ မစားလာခဲ့ပုံရသဖြင့် ရိက္ခာခြောက်များကို စားနေသည်။
ဘတ်စ်ကားပေါ်တွင် အေးလှသည်၊ အထူးသဖြင့် ကားစထွက်သောအခါ ပြတင်းပေါက် အက်ကွဲကြောင်းများမှ လေများ တိုးဝင်လာသည်။
ကျန်းနျန်သည် ကားပေါ်ထိုင်လိုက်သည်နှင့် အိပ်ချင်လာပြီး ထိုင်ခုံကို မှီကာ ငိုက်မြည်းနေမိသည်။ အိပ်ပျော်နေစဉ်အတွင်း သူမသည် မသိစိတ်ဖြင့် သူမ၏ အနွေးထည်ကို ပို၍ တင်းတင်း ဆုပ်ကိုင်ထားမိသည်။ စုန့်ပိုင်သည် အပေါ်က လက်ကိုင်ကွင်းကို ဆုပ်ကိုင်ထားရင်း ကျန်းနျန်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဝါဂွမ်းအင်္ကျီကို ချွတ်ပြီး ကျန်းနျန်ကို ခြုံပေးလိုက်သည်။
ပြတင်းပေါက်နားတွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျန်းနျန်ကို ကြည့်လိုက်ပြီးမှ ဆွယ်တာအင်္ကျီပါး တစ်ထည်တည်းသာ ဝတ်ထားသော စုန့်ပိုင်ကို အံ့အားသင့်စွာ မော့ကြည့်ကာ မေးလိုက်သည်။ "ကောင်လေး... မအေးဘူးလား။"
စုန့်ပိုင် ပြုံးလိုက်သည်။ "မအေးပါဘူး။"
သက်လတ်ပိုင်းအရွယ် အမျိုးသမီး - …
ဒါကတော့ တကယ်ပဲ၊ သူမတောင် ကြည့်ရင်းနဲ့ အေးလာပြီ။
ဘရိတ်အုပ်သံ အကျယ်ကြီးနှင့် ဆူညံသံများကြောင့် ဘတ်စ်ကား ဂိတ်ရောက်သောအခါ ကျန်းနျန် နိုးလာခဲ့သည်။ သူမ မျက်စိဖွင့်လိုက်သောအခါ စစ်စိမ်းရောင် တစ်ခုကို မြင်လိုက်ရသည်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ လုယွီ ပြန်လာပြီဟု ထင်လိုက်ခြင်း ဖြစ်သည်။ သူမ ပျော်ရွှင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သော်လည်း စုန့်ပိုင်ကိုသာ မြင်လိုက်ရသည်။ စုန့်ပိုင် ပြုံးပြလိုက်သည်။ "မရီး... ကျွန်တော်တို့ ရောက်ပြီ။"
ကျန်းနျန်သည် သူမ၏ မျက်ဝန်းထဲရှိ စိတ်ပျက်မှုကို ဖုံးကွယ်ရန် မျက်လွှာကို အမြန် ချလိုက်သည်။ သူမ ထရပ်လိုက်ပြီး စုန့်ပိုင်ကို သူ၏ အင်္ကျီ ပြန်ပေးလိုက်သည်။ ဆွယ်တာပါးတစ်ထည်တည်းနှင့် စုန့်ပိုင်ကို ကြည့်ကာ သူမ အနည်းငယ် အားနာသွားသည်။ "ရှင် ကျွန်မကို ခြုံပေးစရာ မလိုပါဘူး၊ အအေးမိရင် မကောင်းဘူးလေ။"
စုန့်ပိုင်က အင်္ကျီကို ယူဝတ်လိုက်ရင်း ပြောလိုက်သည်။ "ကျွန်တော်က ခံနိုင်ရည် ရှိတာမလို့ အအေးဒဏ်ကို ခံနိုင်ပါတယ်။"
သူတို့နှစ်ဦးက ကျန်းနျန်ကို အစိုးရပန်းထိုးဆိုင်သို့ လိုက်ပို့ပေးသည်။ ကျူးကျွင်းက ကျန်းရှောင်ကို ဝင်တွေ့ပြီး ခဏစကားပြောကာ ထွက်သွားသည်။ မထွက်သွားမီ စုန့်ပိုင် ပြောလိုက်သည်။ "မရီး... ခဏနေရင် ကျွန်တော်တို့ လာကြိုပါ့မယ်။"
ကျန်းနျန်က မလိုပါဘူးဟု ပြောချင်သော်လည်း သူတို့နှစ်ယောက် ထွက်သွားနှင့်ပြီ ဖြစ်သည်။
သူမသည် မျက်မှောင်ကြုတ်ကာ ကျူးကျွင်းမှတစ်ဆင့် ကျန်းရှောင်ဆီသို့ အကြည့်လွှဲလိုက်သည်။ "ကျူးကျွင်းက နင့်ဆီ လာတွေ့တာ မဟုတ်ဘူးလား။"
ကျန်းရှောင်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်သဖြင့် ဗိုက်ကလေး အနည်းငယ် ထွက်နေသည်ကို မြင်နေရသည်။ သူမက ပြုံးပြီး ပြောလိုက်သည်။ "ဘာတွေ့စရာ ရှိလို့လဲ။ နှစ်သစ်ကူးပြီးရင် ကျွန်မ သူ့နောက်ကနေ တပ်ရင်းဆီ လိုက်သွားတော့မှာပဲ။ နေ့တိုင်း တွေ့နေဖို့ မလိုပါဘူး။"
ကျန်းနျန် ဘာမှ မပြောတော့ဘဲ ပန်းထိုးကို ထုတ်ပြလိုက်သည်။ လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့လည်း ရောက်လာကြသည်။ သူတို့ ကျန်းနျန်ကို မြင်သောအခါ ပျော်ရွှင်စွာ စကားပြောကြသည်။ ခဏအကြာတွင် ဖန့်ရင် ရောက်လာသဖြင့် ကျိုက်ဖေးဖေးက ကျန်းနျန်ကို ပြောလိုက်သည်။ "အထဲအရင် သွားရအောင်။"
ကျန်းရှောင်ကလည်း ကောင်တာမှာ သေသေသပ်သပ် ထိုင်နေသည်။
ပြီးခဲ့သည့်အကြိမ် ပြဿနာဖြစ်ပြီးကတည်းက ဖန့်ရင်သည် သူတို့ သုံးယောက်ကို ပြဿနာ ထပ်မရှာတော့ပေ၊ သို့သော် ဆက်ဆံရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
ယနေ့သည် ပန်းထိုးပေးအပ်ရမည့် နောက်ဆုံးရက် ဖြစ်သည်။ ဖန့်ရင်နှင့်အတူ ဒါရိုက်တာဝမ်ပါ ရောက်လာသည်။
ဒါရိုက်တာဝမ်သည် စားပွဲပေါ်က ဓာတ်ပုံတစ်ပုံနှင့် တူလှသော ပန်းထိုးလက်ရာကို ကြည့်လိုက်သည်။ လူကြီး၏ အမူအရာရော၊ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းများပါ အသက်ဝင်လှသည်။ ဒါရိုက်တာဝမ်မှာ မနေနိုင်ဘဲ ပန်းထိုးကို ကြည့်ကာ ချီးကျူးမိသည်။ "ကျန်းနျန်... မင်းရဲ့ ပန်းထိုးပညာကို ငါ တကယ် ချီးကျူးမိတယ်။"
ဖန့်ရင်က ဘေးတွင် ရပ်နေပြီး စကားတစ်ခွန်းမှ မပြောရဲပေ။
ဒါရိုက်တာဝမ်က ပြောလိုက်သည်။ "ရဲဘော်တန့် မနက်ဖြန် လာလိမ့်မယ်၊ သူမလည်း ဒီပန်းထိုးကို မြင်ရင် တကယ် ကျေနပ်မှာပါ။"
ကျန်းနျန်က နှိမ့်ချစွာ ပြုံးပြပြီး ဖန့်ရင်ကို တစ်ချက် ကြည့်လိုက်သည်။ ပြီးခဲ့သည့်အကြိမ် ကိစ္စပြီးနောက် ဖန့်ရင်သည် ကျန်းနျန်ကို ရင်ထဲကနေ ကြောက်နေရှာသည်။ သူမ ကျန်းနျန်နှင့် အကြည့်ချင်း ဆုံသောအခါ အနေရခက်စွာဖြင့် အကြည့်လွှဲလိုက်သည်။
ပန်းထိုးလက်ရာမှာ ပြီးပြည့်စုံစွာ ပြီးစီးသွားသည်။ ဒါရိုက်တာဝမ်က ကျန်းနျန်ကို ပန်းထိုးတာဝန် အသစ်တစ်ခု ထပ်ပေးချင်သော်လည်း ကျန်းနျန်က ငြင်းပယ်လိုက်သည်။
ဖန့်ရင်မှာ ခဏတာ ကြောင်သွားပြီး ကျန်းနျန်ကို စိုးရိမ်တကြီး ကြည့်ကာ ပြဿနာ မရှာပါရန် မျက်လုံးများဖြင့် အသနားခံနေသည်။
ကျန်းနျန် - ....
ဒါရိုက်တာဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ။ ငါ့ကို ပြောပါဦး။"
ကျန်းနျန် ပြောလိုက်သည်။ "ကျွန်မ မကြာခင် တုန်းရှီမြို့ကို သွားဖို့ ရှိလို့ပါ၊ အခုလောလောဆယ် ပန်းထိုးဖို့ အချိန်မရှိဘူး။ ကျွန်မ တုန်းရှီမြို့ကနေ ပြန်လာမှပဲ ဆက်လုပ်ပါ့မယ်။"
ထိုစကားကို ကြားမှ ဒါရိုက်တာဝမ်နှင့် ဖန့်ရင်တို့ သက်ပြင်းချနိုင်ကြသည်။
ကျန်းနျန် အရှေ့မြို့တော်သို့ သွားရန် အမှန်တကယ် စီစဉ်ထားသည်။ အကယ်၍ လုယွီသာ အချိန်မီ ပြန်မလာနိုင်လျှင် သူမကိုယ်တိုင် သွားပြီး တပ်ရင်းမှူးစုန့်ကို သူ၏ ယခင်ဘဝက ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် ကူညီပေးမည်ဖြစ်သည်။
ကျန်းနျန်သည် စုန့်ပိုင်တို့ကို မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဘတ်စ်ကားဂိတ်သို့ တစ်ယောက်တည်းသွားပြီး နေ့လယ်ကားနှင့် ပြန်ရန် ပြင်သည်။ အစိုးရပိုင် စားသောက်ဆိုင်နားမှ ဖြတ်သွားစဉ် ကျူးကျွင်းက ထမင်းဘူး သုံးဘူး ဝယ်နေသည်ကို မြင်လိုက်ရသည်။ ကျန်းနျန် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ အကြောင်းရင်း တစ်ခုခုကြောင့် ဒီမနက် ဘတ်စ်ကားဂိတ်မှာ စုန့်ပိုင်နဲ့ ကျူးကျွင်းတို့ကို တွေ့ကတည်းက တစ်ခုခု မှားနေပြီဟု သူမ ခံစားနေရသည်။
သူမ ကျူးကျွင်းကို လှမ်းမခေါ်ဘဲ နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့သည်။
ကျူးကျွင်းမှာ စစ်သားတစ်ယောက် ဖြစ်သဖြင့် သာမန်လူများထက် အာရုံခံနိုင်စွမ်း ကောင်းလှသည်။ ကျန်းနျန် အနားသို့ အကပ်မရဲဘဲ အဝေးကနေသာ စောင့်ကြည့်နေသည်။ နောက်ဆုံး မြို့ပြဆေးရုံသို့ ရောက်သွားသည်ကို မြင်သောအခါ ကျန်းနျန် ရုတ်တရက် သတိဝင်လာသည်။ သူမ၏ နှလုံးခုန်နှုန်းများ မြန်လာခဲါသည်။ သူမ၏ ပထမဆုံး အတွေးမှာ လုယွီ အထဲမှာ ရှိနေတာလား ဆိုသည်ပင်။
ကျူးကျွင်း၏ ပုံရိပ် ဆေးရုံထဲသို့ ပျောက်ကွယ်သွားပြီးနောက် ကျန်းနျန် ပြေးဝင်သွားလိုက်သည်။
မြို့ပြဆေးရုံတွင် လူများ စည်ကားနေသဖြင့် ကျန်းနျန် တစ်ထပ်ပြီးတစ်ထပ် လိုက်ရှာသည်။ သူမ၏ ခံစားချက်ကို ဖော်ပြရခက်လှသည်၊ သူမ၏ ခြေလက်များ တုန်ယင်နေသည်။ တတိယထပ်သို့ ရောက်သောအခါ သူမသည် လူနာခန်းများကို တစ်ခန်းချင်း စစ်ဆေးသည်။ စတုတ္ထမြောက် အခန်း၏ သစ်သားတံခါးကို သူမ လက်တင်လိုက်စဉ် စုန့်ပိုင်၏ အသံကို ကြားလိုက်ရသည်။
"မရီး အဆင်ပြေပါတယ်၊ သူမက မင်းကိုပဲ စိတ်ပူနေတာ။"
"လက်ထောက်တပ်ရင်းမှူးလု... ခင်ဗျား ကျန်းမာရေး ပြန်ကောင်းဖို့ပဲ အာရုံစိုက်ပါ။ လက်ထောက်တပ်ရင်းမှူးစုန့်နဲ့ ကျွန်တော်တို့ပဲ မရီးကို ပန်းထိုးဆိုင်အထိ လိုက်ပို့ပေးခဲ့တာပါ။"
"သူမ အဆင်ပြေနေရင် ပြီးတာပါပဲ။"
၎င်းမှာ လုယွီ၏ အသံပင်။
နှစ်ဝက်ခန့် ကြာပြီးနောက် သူ၏အသံကို ဖုန်းထဲမှမဟုတ်ဘဲ တံခါးတစ်ချပ် နောက်ကွယ်ကနေ ကြားလိုက်ရခြင်း ဖြစ်သည်။
ကျန်းနျန်၏ အသက်ရှူသံများ တုန်ယင်သွားပြီး လူနာခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ အပြင်ဘက်ဆုံး ကုတင်ပေါ်တွင် လဲလျောင်းနေသော လုယွီပင်။ သူသည် စစ်ယူနီဖောင်းကို ချွတ်ထားပြီး သူမ ထိုးပေးထားသည့် ပြောင်းဖူးပန်းအပြာရောင်ဆွယ်တာကို ဝတ်ထားသည်။ သူမ မြင်ရသော ရှုထောင့်အရ လုယွီ၏ ဘေးတိုက်ပုံစံကို မြင်ရပြီး သူ တော်တော်လေး ပိန်သွားသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ သူ၏ မျက်နှာသွင်ပြင်များမှာ အရင်ကထက် ပို၍ ပေါ်လွင်နေသည်။
သူ့ကို စောင်ခြုံပေးထားသဖြင့် သူ ဘယ်နေရာမှာ ဒဏ်ရာရထားသည်ကို ကျန်းနျန် မသိပေ။
တံခါးဖွင့်သံ ကြားသောအခါ လူနာခန်းထဲက လူများမှာ သူနာပြုဟု ထင်ကာ မော့ကြည့်ကြသည်။ ကျူးကျွင်းက မော့ကြည့်လိုက်ပြီးနောက် ချက်ချင်း ကြောင်သွားခဲ့သည်။ "မရီး။"
သူမ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။
ထို "မရီး" ဟူသော ခေါ်သံကြောင့် လူနာခန်းထဲက လူတိုင်း လှည့်ကြည့်ခဲ့ကြသည်။
လုယွီက မျက်မှောင် အနည်းငယ် ကြုတ်ကာ လှည့်ကြည့်လိုက်ရာ ဝင်လာသော ကျန်းနျန်ကို မြင်သွားသည်။ သူ၏ မျက်နှာထား ခဏတာ ပြောင်းလဲသွားပြီး လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ စကားပြောရန် ခက်ခဲသွားသည်။
ကျန်းနျန် ကုတင်ဘေးသို့ လျှောက်သွားပြီး သူ့ကို ငုံ့ကြည့်လိုက်ရာ သူမ၏ တောက်ပသော မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာခဲ့သည်။ "ရှင် ပြန်ရောက်နေတာကို ကျွန်မကို ဘာလို့ မပြောတာလဲ။"
လုယွီသည် ကုတင်ပေါ်တွင် တံတောင်ဖြင့် အားပြုကာ ထိုင်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ သူ၏ ခွန်အားအားလုံးကို ကုန်ခမ်းစေပုံရသည်။ သူ၏ နဖူးပေါ်တွင် ချွေးစများ ထွက်လာပြီး မျက်နှာမှာ အရင်ကထက် ပိုဆိုးနေသည်။ ကျန်းနျန်မှာ လန့်သွားပြီး သူ၏ လက်မောင်းကို လှမ်းကိုင်လိုက်ရာ လုယွီက သူမ၏ လက်ကောက်ဝတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ သူ၏ နက်ရှိုင်းသော အသံမှာ အနည်းငယ် အက်ကွဲနေသည်။ "စိတ်မပူပါနဲ့၊ ကျွန်တော် အဆင်ပြေပါတယ်။"