အခန်း (၁၁၉)
Vol. 12 Ch. 119
လုယွီသည် တံခါးဝမှ ပျောက်ကွယ်သွားသော ကျန်းနျန်ကို ကြည့်နေရင်းမှ သူ၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကြုတ်လာပြီး မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ကျိုးကျီက တစ်ခုခု မှားနေသည်ကို သတိထားမိသွားပြီး မေးလိုက်သည်။ "ခုနက အင်္ကျီလဲတာ ဒဏ်ရာကို သွားထိခိုက်သွားလို့လား။"
ချန်ယောင်က ကုတင်ပေါ်က ဆင်းကာ အပြင်သို့ လှမ်းအော်လိုက်သည်။ "ဆရာဝန်။"
ဤအခန်းမှာ အထူးခန်း ဖြစ်သဖြင့် သူနာပြုတစ်ဦး အမြဲ စောင့်ကြည့်နေသည်။ ချန်ယောင်၏ အော်သံကြောင့် သူနာပြုက ဆရာဝန်ကို အမြန်သွားခေါ်ပေးသည်။ ဆရာဝန်က လုယွီ၏ ဒဏ်ရာကို စစ်ဆေးပြီးနောက် သက်ပြင်းချကာ ပြောလ်ုက်သည်။ "ရဲဘော်... အခုအချိန်မှာ လုံးဝ မလှုပ်ရှားသင့်သေးဘူး၊ အားမစိုက်ပါနဲ့။ ချုပ်ရိုးတွေ ပြန်ပွင့်တော့မယ်။"
ဆရာဝန်က သူနာပြုကို ဆေးနှင့် ပတ်တီးများ ယူလာခိုင်းပြီး လုယွီ၏ ဒဏ်ရာကို အသစ်ပြန်လဲပေးခဲ့သည်။
ဆရာဝန် ထွက်သွားပြီးနောက် လုယွီက ချန်ယောင်နှင့် ကျိုးကျီကို မှာလိုက်သည်။ "ဒါကို ငါ့မရီးကို မပြောကြနဲ့နော်။"
သူတို့လည်း နားလည်ကြသည်။ "နားလည်ပါပြီ။"
ချန်ယောင် ပြောလိုက်သည်။ "ဒါပေမဲ့ မင်း လုံးဝ မလှုပ်ရှားနဲ့တော့။ ရက်အနည်းငယ်လောက် သေချာ နားနားနေနေ နေဖို့ လိုတယ်။"
"အင်း။"
ကျန်းနျန် ပန်းထိုးဆိုင်သို့ ပြန်ရောက်သောအခါ ကျန်းရှောင်က သူမ၏ ဗိုက်ကလေးကို ပွတ်သပ်ရင်း ကလေးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
ကျန်းနျန်ကို မြင်သောအခါ သူမက ဝမ်းသာအားရ ထရပ်လိုက်သည်။ "အစ်မကျန်း ဘာလို့ ရောက်လာတာလဲ။"
ကျန်းနျန် ပြောလိုက်သည်။ "လုယွီ ဆေးရုံတက်နေရလို့၊ ကျွန်မ သူ့ကို ပြုစုရင်း သူ့အဝတ်အစားတွေ လာလျှော်တာ။"
ထိုစဉ် ကျန်းနျန်၏ အသံကို ကြားသဖြင့် ဖန့်ရင်က အခန်းထဲမှ ထွက်လာပြီး ကျန်းနျန်၏ အိတ်ကို မြင်သဖြင့် ပြုံးလျက် ပြောလိုက်သည်။ "ဒါဆိုရင် အဆောင်မှာပဲ သွားလျှော်လိုက်လေ၊ အဲဒီမှာ ရေနွေးရှိတယ်။"
ကျန်းရှောင် - ....
အခန်းထဲမှ လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေး - ...
ကျန်းနျန်သည် ဖန့်ရင်၏ ယဉ်ကျေးပျူငှာမှုမှာ သူမ ထွက်သွားမည်ကို စိုးရိမ်နေ၍ ဖြစ်ကြောင်း သိသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာဖန့်။"
ကျန်းရှောင်ဆီက အဆောင်သော့ယူပြီး ထွက်လာစဉ် အဆောင်မှ အဒေါ်ကြီးတစ်ဦးနှင့် ဆုံခဲ့သည်။ အဒေါ်ကြီးက ပြုံးပြီး နှုတ်ဆက်ခဲ့သည်။ "အို... ကျန်းနျန် မဟုတ်လား။"
ကျန်းနျန်လည်း ပြန်ပြုံးပြလိုက်သည်။ "အဒေါ်၊ ကျွန်မပါပဲ။"
အဒေါ်ကြီးက ပြောလိုက်သည်။ "မတွေ့တာ ကြာပြီပဲ၊ အဆောင်မှာ မနေတော့ဘူးလား။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်မ မနေတော့ဘူး။"
စကားခဏပြောပြီးနောက် ကျန်းနျန် အခန်းထဲဝင်ကာ ကုတင်အောက်က ကြွေဇလုံကို ယူပြီး ရေချိုးခန်းထဲ အဝတ်သွားလျှော်ခဲ့သည်။ လုယွီ၏ ဆွယ်တာ အောက်နားလေးမှာ သွေးစွန်းနေပြီး ဘောင်းဘီမှာလည်း နှင်းတွေ ပေနေသည်။ ကျန်းနျန် လက်များ တုန်ယင်လာပြီး လုယွီ၏ ဒဏ်ရာအကြောင်းကို မစဉ်းစားမိအောင် ကြိုးစားရင်း ဆပ်ပြာနှင့် ပြောင်အောင် တိုက်လျှော်လိုက်သည်။
"ငါ့ကို မထိနဲ့။"
ရေချိုးခန်းအပြင်ဘက်က ရန်ဖြစ်သံကြားသဖြင့် ကျန်းနျန် လုပ်လက်စအလုပ်ကို ရပ်ပြီး လှည့်ကြည့်လိုက်သည်။
အပြင်တွင် ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရပ်နေကြသည်။ ယောင်္ကျားက ရေနွေးအိုး ကိုင်ထားပြီး မိန်းမက ကြွေဇလုံ ကိုင်ထားသည်။
သူတို့က စက်ရုံအလုပ်သမားတွေနှင့် တူသည်။ ထိုလူက မျက်မှန်နှင့် ပညာတတ်ပုံပေါက်သော်လည်း စကားပြောပုံမှာ ရိုင်းစိုင်းလှသည်။ "ငါ့ကို မထိစေချင်ရင် ဘယ်သူ့ကို ထိစေချင်လို့လဲ။"
"မင်းက ဝူဟောင်ကို ထိစေချင်လို့လား။ ဟမ်။"
ထိုလူက အမျိုးသမီး၏ လက်မောင်းကို ဆွဲလိုက်သောအခါ အမျိုးသမီးက စိတ်တိုပြီး ကြွေဇလုံကို ပစ်ချလိုက်သဖြင့် ဆူညံသံ ထွက်လာခဲ့သည်။
"ကျောက်လင်၊ ရှင် ရူးနေတာလား။"
"ဘယ်သူက ရူးနေတာလဲ စွင်းယွမ်။ ငါက မင်းကို မကျေနပ်အောင် ထားလို့ တခြားယောက်ျား လိုက်ရှာနေတာလား။"
"ရှင် စကားပြောတာ တော်တော် ညစ်ပတ်တာပဲ။"
စွင်းယွမ်က ဆက်နားမထောင်နိုင်တော့ဘဲ ကျောက်လင်ကို ပါးရိုက်ကာ ထွက်ပြေးသွားသည်။
ကျောက်လင်လည်း နောက်က လိုက်သွားတော့သည်။
ကျန်းနျန်ကတော့ ဘေးကနေ ကြည့်နေရင်း 'စွင်းယွမ်' ဆိုသည့် အမည်ကို ကြားလိုက်ရသဖြင့် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ဆောင်းတွင်းအဝတ်အစားများက လျှော်ရခက်သဖြင့် ကျန်းနျန်၏ လက်များ နီရဲနေပြီဖြစ်သည်။ လျှော်ပြီးနောက် အဆောင်ထဲ၌ ကြိုးတန်းကာ လှန်းလိုက်ပြီး ကြမ်းပြင်မှာ ရေမခဲအောင် အောက်ကနေ ဇလုံနှစ်လုံး ခံထားလိုက်သည်။
နေ့လယ်စာ စားချိန်နီးပြီဖြစ်၍ ကျန်းနျန်က စတိုးဆိုင်တွင် ဂျုံမှုန့် ခြောက်ပေါင်၊ အသားတစ်ပေါင်နှင့် ခေါက်ဆွဲလုပ်ရန် လိုအပ်သည်များကို သွားဝယ်လိုက်သည်။ လမ်းတွင် စွင်းယွမ်က ဘယ်သူလဲဆိုတာ ရုတ်တရက် သတိရသွားခဲ့သည်။
သူမက စွင်းယင်၏ ဖအေတူ မအေကွဲ အစ်မပင်။
စာအုပ်ထဲတွင် စွင်းယင်၏ အဖေ၌ ဇနီးနှစ်ယောက်ရှိပြီး စွင်းယွမ်က ပထမဇနီး၏ သမီးဖြစ်သည်။ နောက်ပိုင်းတွင် ဖခင်စွင်းက ဒုတိယဇနီးကို လက်ထပ်ခဲ့ပြီး စွင်းယင် ဟူသည့် သမီးတစ်ယောက်ရလာသည်။ စွင်းယွမ်သည် သူမ၏ အဖေနှင့်အတူ နေထိုင်ခဲ့ပြီး စွင်းယင်နှင့် ဆက်ဆံရေး မကောင်းပေ။ စွင်းယင်၏ အမေသည် စွင်းယွမ်ကို မနှစ်သက်သော်လည်း ဖခင်ဖြစ်သူက စွင်းယွမ်ကို ပိုချစ်သည်။
စာအုပ်ထဲတွင် စွင်းယွမ်အကြောင်း အများကြီးမပါသော်လည်း မှတ်မိစရာ အချက်တစ်ခုမှာ သူမ လင်မယားကွာရှင်းပြီးနောက် အိမ်သို့ ပြန်လာချိန်ဖြစ်သည်။ စွင်းယင်၏ အမေက သူမကို အမြဲတမ်း နှိပ်စက်သဖြင့် စွင်းယွမ်က စွင်းယင်အမေကို လှေကားပေါ်မှ တွန်းချလုနီးပါး ဖြစ်သွားခဲ့သည်။ အိမ်တွင်း ငြိမ်းချမ်းရေးအတွက် ဖခင်ဖြစ်သူက စွင်းယွမ်ကို တခြားနေရာသို့ ပို့လိုက်ရသည်။
ကျန်းနျန် ဤဇာတ်ကွက်ကို ဖတ်စဉ်က မင်းသမီး၏ အမေသည် တော်တော် ယုတ်မာသည်ဟု တွေးခဲ့မိသည်။
အဆောင်ပြန်ရောက်သောအခါ ကျန်းနျန်က ဂျုံနယ်ပြီး အသားများကို ခေါက်ဆွဲဆော့စ်အတွက် လှီးဖြတ်လိုက်သည်။ မွှေးကြိုင်သော အနံ့က ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပျံ့လွင့်သွားခဲ့သည်။ လူများ နေ့လယ်စာအတွက် ပြန်လာချိန်တွင် ဤအနံ့ကိုရပြီးနောက် ဘယ်သူ အသားချက်နေတာလဲဟု အံ့သြနေကြသည်။
မြို့ပြတွင် နေထိုင်ကြသော်လည်း အသားစားရန်အတွက် ပိုလျှံသော ငွေကြေး လူတိုင်းတွင် မရှိကြပေ။
သူတို့၏ လစာများကို အိမ်သို့ ပြန်ပို့ကာ မိသားစုများကို ထောက်ပံ့နေကြရသည်။ မိသားစုကြီးကို တစ်ဦးတည်း လုပ်ကျွေးနေရသဖြင့် အသားစားခြင်းမှာ ဇိမ်ခံမှုတစ်ခု ဖြစ်နေကာ ဝလင်စွာ စားရရန်ပင် ခက်ခဲလှသည်။ အသားနံ့ကို ရသောအခါ လူတိုင်း သွားရည်ကျမိကြသည်။
ပြတင်းပေါက်မှ ဖြတ်သွားသူတိုင်း ထိုအနံ့ကို အားရပါးရ ရှူရှိုက်နေကြသည်။
ယနေ့ နေ့လယ်စာချက်ရမယ့်အလှည့်က လုရှောင်ချင်း ဖြစ်သည်။ သူမသည် ဟင်းနံ့မွှေးမွှေးလေးကို ရလိုက်သည်နှင့် အဆောင်ဆီသို့ အပြေးလေး ပြန်လာခဲ့ရာ ကျန်းနျန် တစ်ယောက် အစုံသုပ် လုပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ ဗိုက်ဆာလွန်း၍ ငိုချင်စိတ် ပေါက်သွားရသည်။ သူမသည် ကျန်းနျန်၏ဘေးသို့ အတင်းတိုးကပ်သွားပြီး ခေါက်ဆွဲနံ့ကို အားရပါးရ ရှူရှိုက်ရင်း ပြောလိုက်သည်။"ကျွန်မတို့အတွက်ရော ပါသေးရဲ့လား။"
ကျန်းနျန်က ပြုံးလိုက်သည်။ "မပါဘူး။"
လုရှောင်ချင်း - ....
လုရှောင်ချင်းမှာ ကျန်းနျန်ဘေးသို့ တိုးကပ်လာရာ ကျန်းနျန် ရယ်မောလျက် ပြောလိုက်သည်။ "ပါပါတယ်၊ အားလုံးအတွက် ပါတယ်။"
လုရှောင်ချင်းလည်း ချက်ချင်း ပြုံးပျော်သွားတော့သည်။
ကျန်းနျန်သည် အလူမီနီယမ် ထမင်းဘူး သုံးဘူးကို ခေါက်ဆွဲများ အပြည့်ထည့်လိုက်သည်။ လုယွီ အစားကြီးမှန်း သူမ သိသလို ချန်ယောင်နှင့် ကျိုးကျီတို့လည်း အစားကောင်းကောင်း စားလိမ့်မည်ဟု တွေးလိုက်သည်။ ကျန်သည်များကို ကျန်းရှောင်နှင့် အခြားသူတို့အတွက် ချန်ထားခဲ့လိုက်သည်။ အဆောင်တွင် လုရှောင်ချင်းနှင့်အတူ စားပြီးနောက် ထိုဘူးများကို ယူကာ ဆေးရုံသို့ ထွက်လာခဲ့သည်။
ကျန်းနျန် အဆောင်တံခါးဝမှ ထွက်လာသည်နှင့် ကြွေခွက်တစ်ခွက်သည် လွင့်ပျံလာပြီး သူမခြေရင်းတွင် လိမ့်ကာ ရပ်သွားခဲ့သည်။
ကျန်းနျန် - ....
"ကျောက်လင် ရှင် ဘာဖြစ်နေတာလဲ။"
ကျောက်လင်နှင့် စွင်းယွမ်တို့သည် အဆောင်ဝင်ပေါက်တွင် ထပ်၍ရန်ဖြစ်နေကြပြန်သည်။ အဆောင်တန်းလျားများမှ လူများမှာ ဟင်းချက်နေရင်း ဝရုန်းသုန်းကား ထွက်ကြည့်နေကြသည်။ စင်္ကြံလမ်းတစ်ခုလုံး ဟင်းနံ့များ၊ တိုးတိုးတိုးတိုး ပြောသံများနှင့် ဆူညံသော ရန်ဖြစ်သံများဖြင့် စည်ကားနေသည်။
သို့သော် စိတ်ရှုပ်စရာ ကိစ္စများလည်း အများအပြား ရှိသည်။
လုရှောင်ချင်းက အဆောင်တံခါးကို ခတ်လိုက်ပြီး ကျန်းနျန်ကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးပြောလိုက်သည်။ "ဒီနှစ်ယောက်က သုံးရက်တစ်ခါ ရန်ဖြစ်ပြီး ငါးရက်တစ်ခါ ပွဲကြီးပွဲကောင်း ဖြစ်နေတာ။ အရမ်းစိတ်ရှုပ်ဖို့ ကောင်းတယ်။"
ကျန်းနျန် မေးလိုက်သည်။ "သူတို့ ဘယ်တုန်းက ပြောင်းလာတာလဲ။"
ဘေးခန်းမှာ အရင်က အလွတ်ဖြစ်နေကြောင်း သူမ မှတ်မိသည်။
လုရှောင်ချင်း ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်လက ပြောင်းလာတာ။ အမျိုးသမီးရဲ့ အဖေက ဒီနေရာရအောင် စီစဉ်ပေးတာလို့ ကြားတယ်။ အောက်ထပ်ကလူတွေပြောတာတော့ စွင်းယွမ်ရဲ့ အဖေက ဒါရိုက်တာတစ်ဦးဖြစ်ပြီး တော်တော် ချမ်းသာတယ်လို့ ပြောကြတယ်။"
သူမက ရန်ဖြစ်နေသော စုံတွဲကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ကျန်းနျန်၊ စွင်းယွမ်က ကျောက်လင်မှာ ဘာတွေ ကောင်းကွက်ကို မြင်လို့လဲ မသိဘူး။ သူမက လှလည်းလှတယ်၊ အိမ်ကလည်း ချမ်းသာတယ်၊ ဘာလို့ အဲဒီ ငရူးကျောက်လင်ကို ရွေးခဲ့တာလဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ငါလည်း မသိဘူး။"
သူမ သိရင်တောင် ပြော၍ မဖြစ်ပေ။
ဇာတ်လမ်းအရ စွင်းယွမ်သည် သူမ၏ လက်ရှိအိမ်ထောင်ရေးကို မကြိုက်ပေ။ ကျောက်လင်က သူမနောက်သို့ လိုက်သဖြင့် သူမ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် ကျောက်လင်နှင့် ကွာရှင်းပြီး စွင်းမိသားစုထံ ပြန်သွားကာ စွင်းယင်၏ မိခင်နှင့် ထိပ်တိုက်တွေ့လိမ့်မည်။
ကျန်းနျန် ဆေးရုံသို့ ရောက်သောအခါ ဝင်ပေါက်တွင် စစ်ဂျစ်ကားတစ်စီး ရပ်ထားသည်ကို တွေ့ရသဖြင့် စုန့်ပိုင်နှင့် ကျူးကျွင်း ရောက်လာသည်ဟု ထင်လိုက်သည်။ သူမ ဆေးရုံတံခါးကို ဖွင့်ဝင်သွားစဉ် စစ်ဝတ်စုံဝတ်ထားသော အမျိုးသားအချို့နှင့် ဆုံလိုက်ရသည်။ ခေါင်းဆောင်ဖြစ်သူမှာ တပ်ရင်းမှူးစုန့်ထက် အသက်ကြီးပုံရပြီး ဆံပင်ဖြူအချို့ ရှိနေသည်။ သူ့နောက်တွင် သက်တော်စောင့်များနှင့် လုယွီနှင့် ရွယ်တူ စစ်သားနှစ်ဦး ပါလာသည်။
ကျန်းနျန်က ဘေးသို့ ဖယ်ပေးရာ သူမနှင့် အနီးဆုံး စစ်သားတစ်ဦးက ခေါင်းညိတ်နှုတ်ဆက်ခဲ့သည်။ "ကျေးဇူးတင်ပါတယ်။"
ကျန်းနျန်က ခေါင်းငုံ့ကာ အသာပြောလိုက်သည်။ "ရပါတယ်။"
သူမသည် တတိယထပ်သို့ တက်သွားပြီး လူနာဆောင်တံခါးကို ဖွင့်လိုက်သည်။ အတွင်းမှ စကားသံများ ရပ်သွားပြီး ချန်ယောင်နှင့် ကျိုးကျီတို့က နှုတ်ဆက်ခဲ့ကြသည်။ "မရီး..."
ကျန်းနျန်က ခပ်ဖွဖွ ပြုံးလိုင်သည်။ "အင်း။"
လုယွီသည် ကုတင်ခေါင်းရင်းကို မှီထားပြီး သူ၏ နက်မှောင်သော မျက်ဝန်းများက ကျန်းနျန်၏ မျက်နှာပေါ်တွင် ခေတ္တမျှ ရပ်တန့်နေပြီးမှ မေးလိုက်သည်။ "လျှော်လို့ ပြီးပြီလား။"
ကျန်းနျန်က ခေါင်းညိတ်လိုက်သည်။ "အင်း အားလုံးအတွက် အစုံသုပ်ခေါက်ဆွဲ လုပ်လာတယ်။"
သူမက လုယွီကို တစ်ဘူးပေးပြီး ကျန်သည်များကို ချန်ယောင်နှင့် ကျိုးကျီကို ပေးလိုက်သည်။ အစုံသုပ်ဆိုသည်ကို ကြားသည်နှင့် သူတို့နှစ်ယောက်လုံး တက်ကြွသွားကြသည်။ ချန်ယောင်က လက်ဒဏ်ရာကြောင့် မလှုပ်နိုင်သဖြင့် ကျိုးကျီက ဘူးဖွင့်ပေးရသည်။ ကျိုးကျီမှာလည်း ခြေထောက်ဒဏ်ရာကြောင့် ကုတင်ပေါ်မှ မဆင်းနိုင်ပေ။
မွှေးကြိုင်သော အသားနံ့ကို ရသဖြင့် သူတို့ မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။"မရီး၊ မရီးရဲ့ အစုံသုပ်အနံ့က တကယ့်ကို အမိုက်စားပဲ။"
ချန်ယောင် ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ ခုနကတင် မရီးရဲ့ လက်ရာကို မြည်းစမ်းချင်တယ်လို့ ပြောနေတာ။ အခုတော့ နေ့လယ်စာ စားရပြီပေါ့။"
ကျန်းနျန်က ပြုံးလိုက်သည်။ "ညစာအတွက် တခြားတစ်ခုခု လုပ်ပေးမယ်။"
လုယွီက ထမင်းဘူးကို ဖွင့်ပြီး ကျန်းနျန်ကို ပြောလိုက်သည်။ "ဒီမှာ ထိုင်။"
မနက်က လုယွီ၏ စနောက်သော လက်များကို သတိရကာ ကျန်းနျန်က တမင်တကာ ခပ်လှမ်းလှမ်းတွင် သွားထိုင်လိုက်သည်။ သူမ၏ အပြုအမူလေးကို လုယွီ သတိပြုမိသွားပြီး မျက်မှောင်ကြုတ်မှု အနည်းငယ် မြင့်တက်သွားခဲ့သည်။ သူက သူမ၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ မျက်ဝန်းထဲတွင် အရွှန်းဖောက်ဟန်ဖြင့် မေးလိုက်သည်။ "ပင်ပန်းနေလား။"
ကျန်းနျန်က ခေါင်းအသာခါလိုင်သည်။ "မပင်ပန်းပါဘူး။"
လုယွီက ထမင်းဘူးကို စောင်ပေါ်တင်ပြီး စားပွဲပေါ်မှ လိမ္မော်သီးတစ်လုံးကို ယူကာ ကျန်းနျန်အတွက် အခွံနွှာပေးခဲ့သည်။ "မင်း စားပြီးပြီလား။"
"အင်း အဆောင်မှာ စားခဲ့တယ်။"
ကျန်းနျန်က လိမ္မော်သီးတစ်ခြမ်းကို ယူစားလိုက်ရာ ချိုချဉ်အရသာက လျှာပေါ်တွင် ပျံ့နှံ့သွားသည်။ အမျိုးသား သုံးယောက် ခေါက်ဆွဲစားနေသော အသံမှာ အခန်းထဲတွင် ပျံ့နှံ့နေသည်။ ကျိုးကျီက ပြောလိုက်သည်။ "မရီး ကျွန်တော် ဒီလောက် အရသာရှိတဲ့ ခေါက်ဆွဲတစ်ခါမှ မစားဖူးဘူး။"
ချန်ယောင်ကလည်း ခေါင်းညိတ်ထောက်ခံခဲ့သည်။ "ကျွန်တော်လည်း အတူတူပဲ။"
သူ ထိုငို့ပြောပြီးနောက် အားရပါးရ ငုံ့စားနေသည်။
ကျန်းနျန် ပြုံးလိုက်မိသည်။ စားပွဲပေါ်ရှိ တန်ဖိုးကြီး သစ်သီးမျိုးစုံကို မြင်သဖြင့် ခုနက စစ်သားများမှာ လုယွီ၏ အခန်းသို့ လာခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်မိသည်။ လိမ္မော်သီး တစ်လုံးကုန်ပြီးနောက် သူမ အသက်ရှူ မဝသေးမီ လုယွီက နောက်တစ်လုံး ထပ်ကမ်းပေးခဲ့သည်။
ကျန်းနျန် - ...
သူမ ခေါင်းခါလိုက်သည်။ "အေးလွန်းတယ်။"
သူမ ရာသီလာတော့မည်ဖြစ်ရာ အေးသောအရာများ စားမိလျှင် ဗိုက်နာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
စားပြီးနောက် ကျန်းနျန်သည် ထမင်းဘူးများကို ဆေးရန် ရေချိုးခန်းသို့ ယူသွားခဲ့သည်။ အထွက်တွင် စွင်းယွမ်နှင့် တခြားအမျိုးသမီးတစ်ဦးနှင့် ဆုံသည်။ ထိုအမျိုးသမီးက ပြောလိုက်သည်။ "မင်း တကယ်ပဲ ဒီကလေးကို ဖျက်ချချင်တာလား။"
စွင်းယွမ်က ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ပြောလိုက်သည်။ "ကျောက်လင်နဲ့ ဆက်မနေချင်တော့ဘူး။"
ထိုအမျိုးသမီးက ပြောလိုက်သည်။ "ကိုယ်ဝန်ဖျက်ဖို့ ထောက်ခံစာ လိုတယ်လေ။ ဘယ်ကနေ ရမှာလဲ..." သူမ စကားမဆုံးသေးခင် စွင်းယွမ်က ကြားဖြတ်ပြောလိုက်သည်။ "အဖေ့ဆီကနေ အကူအညီ တောင်းမယ်။"
သူတို့ ထွက်သွားပြီးနောက် ကျန်းနျန် နောက်လှည့်ကြည့်လိုက်သည်။
လင်မယား ဆက်ဆံရေး မကောင်းလျှင် ကလေးများသာ အနစ်နာဆုံး ဖြစ်ရသည်။ လျိုကျန့်ယဲ့နှင့် လုကျစ်ကျွင်းတို့က သာဓကပင်။
ကျန်းနျန်သည် လူနာဆောင်သို့ ပြန်လာသောအခါ ယခုတစ်ခေါက်တွင် ကုတင်ပေါ်၌ မထိုင်တော့ဘဲ ကုတင်ဘေးရှိ ခုံပုလေးပေါ်တွင်သာ ထိုင်လိုက်သည်။ သူမသည် မနေ့ညက မနက်လေးနာရီ ကားကို အမြဲစိုးရိမ်နေခဲ့ရသဖြင့် ကောင်းကောင်းမအိပ်ခဲ့ရပေ။ ယခု ချန်ယောင်နှင့် အခြားသူများ စကားပြောနေသည်ကို ခုံပေါ်တွင်ထိုင်ရင်း နားထောင်နေရင်းဖြင့် သူမ စတင်ငိုက်မြည်းလာတော့သည်။
လုယွီက သူမ မျက်လုံးလေးတွေ မှေးကျလာသည်ကို သတိပြုမိပြီး ပြောလိုက်သည်။ "ဒီမှာ ခဏလောက် အိပ်လိုက်ပါ။"
ကျန်းနျန် ခေါင်းညိတ်ပြီး လက်မောင်းနှစ်ဖက်ကို ကုတင်ပေါ် တင်ကာ အိပ်ပျော်သွားတော့သည်။ အိပ်မက်ကမ္ဘာထဲတွင် သူမ ပါးပြင်ပေါ်၌ ယားကျိကျိ ဖြစ်နေသဖြင့် တိုးတိုးလေး ညည်းတွားကာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရာ လုယွီကို ကျောပေးမိသလို ဖြစ်သွားသည်။
လုယွီ - ....
ထိုလူက အောက်သို့ ငုံ့ကြည့်ပြီး ကျန်းနျန်ကို သူ၏ အင်္ကျီဖြင့် ခြုံပေးလိုက်သည်။ ထို့နောက် သူမ၏ လက်ချောင်းလေးတွေထဲသို့ သူ၏ လက်ချောင်းရှည်ကြီးများကို အသာအယာ ထိုးသွင်းကာ ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ လက်ဖဝါးတွင် ချွေးစို့နေသော်လည်း လွှတ်မပေးချင်ပေ။
ချန်ယောင်နှင့် ကျိုးကျီတို့က စကားလာပြောသော်လည်း သူက စိတ်မပါ့တပါပဲ ပြန်ထူးနေသည်။
အိပ်ပျော်နေသော ကောင်မလေးက ရုတ်တရက် ထပ်လှည့်လိုက်ရာ ကုတင်ပေါ်မှ လိမ့်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ လုယွီက သူမ၏ လက်မောင်းလေးကို မြဲမြဲဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမ၏ အိပ်ရာထဲက ကိုယ်နေဟန်ထားမှာ ဆိုးရွားလှကြောင်း သူ သိထားသည်မှာ ကြာပြီဖြစ်သည်။
ချန်ယောင်က လှည့်ကြည့်ပြီး မေးလိုက်သည်။ "လုယွီ မင်း ဘာကို ရယ်နေတာလဲ။"
လုယွီ ပြောလိုက်သည်။ "ဘာမှမဟုတ်ဘူး။"
ကျိုးကျီက မှတ်ချက်ချလိုက်သည်။ "မရီးက အိပ်ပျော်နေလိုက်တာ။ ငါတို့သာဆိုရင် အသံနည်းနည်းကြားတာနဲ့ နိုးပြီ။"
လုယွီ - "အင်း။"
လွန်ခဲ့သော ခြောက်လပတ်လုံး သူသည် အမြဲတမ်း စိတ်လှုပ်ရှား တင်းမာနေရသဖြင့် ကောင်းကောင်း မအိပ်ခဲ့ရပေ။ စိတ်အေးချမ်းရသော အခိုက်အတန့်တိုင်းတွင် ကျန်းနျန်ကိုသာ သူ အများဆုံး သတိရနေခဲ့သည်။
ကျန်းနျန်သည် ကောင်းကောင်း အိပ်မပျော်ခဲ့ဘဲ ညနေပိုင်းတွင် နိုးလာသောအခါ သူမ၏ ဘယ်ဘက်ပါးပြင်တွင် နီမြန်းသော အမှတ်တစ်ခု ထင်ကျန်နေသည်။ သူမ၏ မျက်တောင်လေးတွေက ရှည်လျားပြီး တဖျပ်ဖျပ် ခတ်နေသည်။ လုယွီက သူမ၏ ဆံပင်ကို ဖွချင်သော စိတ်ကို ထိန်းချုပ်ပြီး မေးလိုက်သည်။ "ကောင်းကောင်း အိပ်ပျော်ရဲ့လား။"
"အင်း..." ကျန်းနျန် သမ်းဝေရင်း ပြန်ဖြေလိုက်သည်။
ချန်ယောင်က စလိုက်သည်။ "မရီး အိပ်မက်ထဲမှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတာလား။"
ကျိုးကျီကလည်း ဘေးကနေ ရယ်ခဲ့သည်။
ကျန်းနျန် - ???
သူမသည် သူမ၏ လက်မောင်းနှင့် ခြေထောက်များ ထုံကျင်နေသည်မှအပ ဘာကိုမှ မသိလိုက်ပေ။ သူမသည် အကြောဆန့်ရန် ထရပ်လိုက်စဉ် လုယွီက သူမကို ပြုံးပြုံးပြီး ကြည့်နေသည်အား တွေ့လိုက်ရသည်။
ကျန်းနျန် - ....
ကောင်းပြီ၊ သူမရဲ့ အိပ်ရာထဲက အမူအကျင့်ဆိုးက ထပ်ပြီး ပေါ်သွားပြန်ပြီ။