အခန်း (၁၂၀)
Vol. 12 Ch. 120
လုယွီက သူ၏ အင်္ကျီအိတ်ထဲမှ လိမ္မော်သီး သုံးလုံးကို ထုတ်ကာ ကျန်းနျန်ကို ကမ်းပေးခဲ့သည်။ "ဒါတွေက နွေးနေတုန်းပဲ။"
ကျန်းနျန် အံ့သြသွားပြီး လုယွီလက်ထဲက လိမ္မော်သီးများကို ကြည့်လိုက်သည်။ ကျိုးကျီက ပြောသည်။ "လုယွီက မင်းအတွက် သူ့အင်္ကျီထဲ ထည့်ပြီး နွေးအောင် လုပ်ထားပေးတာ။ မင်းတို့နှစ်ယောက် ဆက်ဆံရေးက တကယ့်ကို ကောင်းတာပဲ၊ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတယ်။ ငါနဲ့ ငါ့မရီး ဆက်ဆံရေးထက်တောင် ပိုကောင်းသေးတယ်။"
ကျန်းနျန် - ....
သူမနှင့် လုယွီကြားတွင် ပြောမပြနိုင်သော လျှို့ဝှက်ချက်များ ရှိနေသည်။
လိမ္မော်သီးစားပြီးနောက် ကျန်းနျန်သည် ထမင်းဘူးများကို ယူကာ ထရပ်လိုက်သည်။ "ကျွန်မ ညစာသွားချက်ဦးမယ်၊ ပြီးရင် ယူလာပေးမယ်။"
လုယွီ ပြောလိုက်သည်။ "ဒီည မလာနဲ့တော့။ ဆေးရုံက ကန်တင်းကနေ မှာစားလို့ရတယ်။"
ကျန်းနျန်က သူ သူမကို စိတ်ပူနေမှန်း သိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "အင်း။"
အပြန်လမ်းတွင် သူမသည် ဟင်းသီးဟင်းရွက်အချို့ ဝယ်ခဲ့ပြီး မနက်ဖြန်အတွက် အစားအသောက် ပိုပြင်ဆင်ရန် စိတ်ကူးထားသည်။ အဆောင်သို့ ပြန်ရောက်သောအခါ ဂျုံမှုန့်ကို မေ့ခဲ့သည်။ အထဲမှ တံခါးပွင့်လာပြီး ကျိုက်ဖေးဖေးက ခေါင်းပြူကြည့်ကာ မေးလိုက်သည်။ "အိုး ပြန်လာပြီလား။"
"အထဲဝင်လေ။" သူမ တံခါးကို ပိုကျယ်ကျယ်ဖွင့်လိုက်သည်။
ကျန်းနျန် အထဲဝင်ခဲ့ရာ ကျိုက်ဖေးဖေးက ပြောင်းဖူးမှုန့် ဂျုံနယ်နေသည်။ ကျန်းနျန် ယူလာသော ဟင်းသီးဟင်းရွက်များကို မြင်သော် သူမ ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့ မင်းရဲ့ လက်ရာကို ပထမဆုံးအကြိမ် မြည်းစမ်းရတာပဲ။ အစုံသုပ်ခေါက်ဆွဲက တကယ့်ကို အရသာရှိတယ်။"
ကျန်းနျန်က ပြုံးလိုက်သည်။ "နောက်လည်း ကျွန်မရဲ့ တခြားလက်ရာတွေကို ပြဦးမှာပေါ့။"
ကျိုက်ဖေးဖေးက ဟင်းသီးဟင်းရွက်များ လှီးပေးနေစဉ် ကျန်းနျန်က ပြောင်းဖူးမုန့်ပန်ကိတ်များစွာ ပြုလုပ်လိုက်သည်။ ကျိုက်ဖေးဖေး ပြောလိုက်သည်။ "ဒါရိုက်တာကော မနေ့ညက ဖုန်းဆက်တယ်။"
ကျန်းနျန်က ခေါင်းလှည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"
ကျိုက်ဖေးဖေး - "ဒါရိုက်တာဝမ်က မင်းအကြောင်း လာမေးတယ်လို့ ပြောတယ်။ မင်းက ပန်းထိုးအလုပ်တွေ ခဏနားမယ်လို့ ပြောထားတော့ မင်း အလုပ်ထွက်မှာကို စိုးရိမ်ပြီး ဒါရိုက်တာကောကို ဖျောင်းဖျခိုင်းတာနေမှာ။"
ကျန်းနျန် - ....
သူမ၌ အမှန်တကယ်ပင် ထိုကဲ့သို့ အစီအစဉ်များ ရှိနေသည်။
အကယ်၍ လုယွီသည် တခြားနေရာသို့ ပြောင်းရွှေ့ရန် အမိန့်ရရှိလျှင် သူမလည်း လိုက်သွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ပန်းထိုးအလုပ်ကို ဆက်လုပ်ဖြစ်လျှင်ပင် တခြားမြို့ရှိ နိုင်ငံပိုင် ပန်းထိုးဆိုင်တွင်သာ လုပ်ဖြစ်ပေလိမ့်မည်။ သို့သော် ဤအရာက အစ်မကျိုက်နှင့် အစ်မလုတို့အပေါ် ထိခိုက်မှု ရှိမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဖန့်ရင်က သူတို့ကို ပိုကောင်းကောင်း ဆက်ဆံလာနိုင်သည်။ သူတို့ပါ အလုပ်ထွက်သွားလျှင် ဖန့်ရင်၏ ရာထူးမှာ အန္တရာယ်ရှိသွားနိုင်သောကြောင့် ဖြစ်သည်။
သို့သော် အစ်မကျိုက်နှင့် အစ်မလုတို့မှာ ဤအလုပ်ဖြင့် မိသားစုကို ထောက်ပံ့နေရသဖြင့် အလွယ်တကူ အလုပ်ထွက်မည် မဟုတ်ပေ။
ဟင်းချက်နေစဉ် ဘေးခန်းမှ ရန်ဖြစ်သံကို ထပ်ကြားလိုက်ရပြန်သည်။ ယခုတစ်ခေါက်တွင် လူအများအပြား ပါဝင်နေပြီး အချို့က ရန်ဖြစ်ကာ အချို့က ဖျန်ဖြေနေကြသည်။
ကျန်းနျန် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
သူမက ကျိုက်ဖေးဖေးကို မေးလိုက်သည်။ "အစ်မကျိုက် သူတို့ ညဘက်မှာလည်း အဲဒီလိုပဲ ရန်ဖြစ်ကြတာလား။"
ကျိုက်ဖေးဖေးကလည်း စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။ "ဒါပေါ့ သူတို့ ပြောင်းလာကတည်းက တစ်ရက်မှ မရပ်ဖူးဘူး။ လွန်ခဲ့တဲ့ နှစ်လလုံးလုံး သူတို့ ဘာကြောင့် ရန်ဖြစ်တယ်ဆိုတာ ငါ အကုန်ကြားရတယ်။"
ကျန်းနျန်က စိတ်ဝင်တစား မေးမြန်းရာ ကျိုက်ဖေးဖေး ရယ်မောလိုက်သည်။"နင် စိတ်ဝင်စားမယ်ဆိုတာ ငါ သိတယ်။"
ကျန်းနျန် ပြုံးလိုက်သည်။
ကျိုက်ဖေးဖေး ဆက်ပြောခဲ့သည်။ "ကျောက်လင်က စွင်းယွမ်ရဲ့ မိသားစု နောက်ခံကြောင့် နောက်ကလိုက်ခဲ့တာ။ သူတို့က ဝူဟောင်အကြောင်းကို ခဏခဏ ပြောကြတယ်။ ဝူဟောင်က စွင်းယွမ်တို့နဲ့ တစ်ရပ်ကွက်တည်းသားဖြစ်ပြီး ကျောက်လင်ထက် အခြေအနေ ပိုကောင်းတယ်။ သူတို့က စက်ရုံတစ်ခုတည်းမှာ အလုပ်လုပ်ကြတာ။ ကျောက်လင်က သဝန်တိုပြီး စွင်းယွမ်က ဝူဟောင်နဲ့ စကားပြောတာကို မကြည့်နိုင်ဘူး။ စကားနည်းနည်းပြောမိတာနဲ့တင် သူက စွင်းယွမ်ကို အပြစ်ရှာတော့တာပဲ။ အဲဒီလိုလူမျိုးက သံသယ သိပ်များတာ။"
လက်စသတ်တော့ ဒီလိုကိုး။
ကျောက်လင်၏ ပြုမူပုံမှာ သူ၏ သိမ်ငယ်စိတ်ကြောင့် ဖြစ်မည်ဟု ကျန်းနျန် တွေးမိသည်။
သူ၏ မိသားစုနောက်ခံက စွင်းယွမ်လောက် မကောင်းသလို စွင်းယွမ်ကလည်း လှပပြီး ဝူဟောင်ကဲ့သို့ လူမျိုးက သူမဘေးတွင် ရှိနေသည်။ ကျောက်လင်က မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ကာ စွင်းယွမ်ကို အပြစ်ရှာတော့သည်။ သူတို့၏ အဆောင်ကိုပင် စွင်းယွမ်ဖခင်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ စွင်းယွမ်သည် ကျောက်လင်နှင့် လက်ထပ်ခဲ့သည်ကို နောင်တရနေပေလိမ့်မည်။ စွင်းယင်၏ မိခင် လက်မှ လွတ်ရန် လက်ထပ်မှုကို ရွေးချယ်ခဲ့သော်လည်း ကျောက်လင်ကဲ့သို့ လူနှင့်သာ ဆုံခဲ့ရသည်။
ညစာ စားပြီးနောက် လုရှောင်ချင်းတို့ ပြန်ရောက်လာသည်။
ဘေးခန်းက လူများ ထွက်သွားသဖြင့် မီးလင်းနေသော်လည်း တိတ်ဆိတ်နေသည်။
ကျန်းရှောင်သည် ကိုယ်ဝန်ရှိနေသဖြင့် ကျန်းနျန်က သူမ၏ မငြိမ်မသက် အိပ်တတ်သော အမူအကျင့်ကြောင့် လုရှောင်ချင်းနှင့် အတူအိပ်ပြီး ကျန်းရှောင်က အစ်မကျိုက်နှင့် အတူအိပ်သည်။
လုရှောင်ချင်းက ကျန်းနျန်၏ လက်မောင်းကို တို့ကာ ပြောလိုက်သည်။ "ငြိမ်ငြိမ်နေနော်... ကျွန်မ မနက်ဖြန် နေထွက်တာ ကြည့်ချင်လို့။"
ကျန်းနျန် - ....
သူမ နေ့လယ်က အိပ်ခဲ့သဖြင့် ယခု အိပ်မပျော်ဘဲ မျက်နှာကျက်ကို ငေးကြည့်နေမိသည်။ အိပ်ပျော်ခါနီးတွင် ဘေးခန်းမှ ဝုန်းကနဲ အသံကြီးကြောင့် လန့်နိုးသွားခဲ့သည်။
ကျန်းနျန် - ....
သူမ တကယ်ကို စိတ်ကုန်သွားပြီ။
ထပ်အိပ်ရန် ကြိုးစားစဉ် လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့လည်း နိုးလာကြသည်။ ကျိုက်ဖေးဖေးက သမ်းဝေရင်း ပြောလိုက်သည်။ "ရန်ဖြစ်နေကြပြန်ပြီ ထင်တယ်။"
လုရှောင်ချင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ "ကျွန်မ သူတို့ကို တော်လှန်ရေးကော်မတီကို တိုင်ပစ်ချင်တယ်။"
ကျန်းနျန် မျက်လုံးမှိတ်ကာ ပြန်အိပ်ရန် ကြိုးစားနေစဉ် ဘေးခန်းမှ တံခါးဖွင့်သံ ကြားရပြီးနောက် သူတို့ အဆောင်တံခါးကို လာခေါက်သံ ကြားလိုက်ရသည်။ အမျိုးသမီးတစ်ဦး၏ အားနည်းသော အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ "ကယ်ပါ... ကယ်ကြပါဦး။"
ကျန်းနျန် ချက်ချင်း ထရပ်လိုက်သည်။
သူမ ဖိနပ်စီးကာ တံခါးဖွင့်ကြည့်လိုက်သောအခါ စွင်းယွမ်သည် တံခါးဘောင်ကို မှီကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ကို တွေ့ရသည်။ သူမ၏ လက်တစ်ဖက်က ဗိုက်ကို ဖိထားပြီး သူမအောက်တွင် သွေးကွက်ကြီး ရှိနေကာ သွေးလမ်းကြောင်းက ဘေးခန်းမှ သူတို့အခန်းအထိ တန်းနေသည်။ ကျန်းနျန် ကြောက်လန့်တကြား တုန်ရီသွားမိသည်။ ကျိုက်ဖေးဖေးက အမြန်ထလာပြီး အရေးတကြီး ပြောလိုက်သည်။ "သူမ ကိုယ်ဝန် ပျက်ကျနေပြီ။ ဆေးရုံ အမြန်ပို့ရမယ်။"
စွင်းယွမ်က ကျန်းနျန်၏ ဘောင်းဘီကို အားနည်းစွာ ဆုပ်ကိုင်ထားပြီး မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ "ကယ်ပါ..."
ကျန်းနျန်က သူမကို မရန် ငုံ့လိုက်သည်။ "ကျွန်မတို့ ဆေးရုံပို့ပေးပါ့မယ်။"
ကျန်းရှောင်လည်း လိုက်ချင်ပေမယ့် ကျိုက်ဖေးဖေးက သူမ၏ ကလေးကို ထိခိုက်မည်စိုးသဖြင့် အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေရန် တားမြစ်လိုက်သည်။ လုရှောင်ချင်းက အင်္ကျီဝတ်ကာ ကျန်းနျန်ကိုလည်း တစ်ထည်ပေးပြီး သုံးယောက်သား စွင်းယွမ်ကို ကူညီခဲ့ကြသည်။ လုရှောင်ချင်းက စွင်းယွမ်ကို ကျောပိုးကာ ဆေးရုံသို့ ပြေးခဲ့ပြီး ကျိုက်ဖေးဖေးနှင့် ကျန်းနျန်က ဘေးမှ ကူမပေးကြသည်။
အဆောင်မှ ဆေးရုံအထိ ခရီးက မနီးပေ။ တစ်ယောက်တည်း လမ်းလျှောက်လျှင် နာရီဝက် ကြာသဖြင့် လူတစ်ယောက်ကို ကျောပိုးထားရသည်မှာ ပို၍ပင် ပင်ပန်းလှသည်။ ထို့ကြောင့် လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့ တစ်လှည့်စီ ပိုးကြသည်။ ကျန်းနျန်က သေးငယ်သဖြင့် စွင်းယွမ်ကို လွတ်ကျမည်စိုး၍ သူမကို မပိုးခိုင်းပေ။ ဆေးရုံရောက်သော် ကျိုက်ဖေးဖေးက အော်ခေါ်ခဲ့သည်။ "သူနာပြု သူနာပြု။ ဒီမှာ သွေးတွေ ဆင်းနေလို့။"
သူနာပြုများက စွင်းယွမ်ကို အရေးပေါ်ခန်းထဲသို့ ခေါ်သွားကြသည်။ ဆရာဝန်က မိသားစုဝင်များကို အကြောင်းကြားရန် ပြောသဖြင့် လုရှောင်ချင်း အဆောင်သို့ ပြန်ပြေးသော်လည်း ကျောက်လင်ကို မတွေ့ရပေ။ ထို့ကြောင့် ကျန်းနျန်တို့ကပဲ အားလုံးကို စီစဉ်ပေးရသည်။ နောက်ဆုံးတွင် ဆရာဝန် ထွက်လာပြီး လူနာသည် ဗိုက်ကို ပြင်းထန်စွာ ထိခိုက်မိသဖြင့် ကိုယ်ဝန် ပျက်ကျသွားကြောင်း၊ ခင်ပွန်းဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်နိုင်ကြောင်း ပြောသည်။ ထို့ကြောင့် အမျိုးသမီးအဖွဲ့ချုပ်နှင့် တော်လှန်ရေးကော်မတီသို့ အကြောင်းကြားလိုက်ကြသည်။
ကျန်းနျန်သည် ခုနက ကြားလိုက်ရသော ဝုန်းကနဲ အသံကြီးကို ပြန်သတိရလိုက်သည်။
စွင်းယွမ်က မိမိကိုယ်ကို ထိခိုက်အောင် လုပ်ခြင်းလား သို့မဟုတ် ကျောက်လင်က လုပ်ခြင်းလားဆိုသည်ကို သူမ မသိပေ။
စွင်းယွမ် သတိမရသေးမီ အမျိုးသမီးအဖွဲ့ချုပ်က အရင်ရောက်လာပြီး သူတို့၏ အမည်များကို မေးမြန်းခဲ့သည်။ သူတို့သည် နိုင်ငံပိုင် ပန်းထိုးဆိုင်မှ ဖြစ်ကြောင်းနှင့် စွင်းယွမ်နှင့် တစ်ဆောင်တည်း နေသူများဖြစ်ကြောင်း သိရသဖြင့် ကျောက်လင်နှင့် စွင်းယွမ်တို့၏ ဆက်ဆံရေး၊ ဘာကြောင့် ရန်ဖြစ်ကြသည် စသည်တို့ကို အသေးစိတ် မေးမြန်းကြသည်။
ကျန်းနျန်မှာ ထိုနေရာတွင် နှစ်ရက်သာ ရှိသေးသဖြင့် များများစားစား မသိပေ။
ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့ကပဲ မေးမြန်းမှုများကို ဖြေကြားပေးကြသည်။ မကြာမီ တော်လှန်ရေးကော်မတီလည်း ရောက်လာပြီး အခြေအနေကို စုံစမ်းကြသည်။ သူတို့ သန်းခေါင်ကျော်မှ ပြန်သွားကြသည်။ လုရှောင်ချင်းက စိတ်တိုတိုဖြင့် ကျိန်ဆဲခဲ့သည်။ "ဘာလို့ ငါက ဒီလို စိတ်ရှုပ်စရာတွေနဲ့ ကြုံနေရတာလဲ။"
ကျိုက်ဖေးဖေးလည်း စိတ်ညစ်နေသည်။
စွင်းယွမ်ကို တတိယထပ်ရှိ လူနာဆောင်သို့ ပြောင်းလိုက်သည်။ နှစ်သစ်ကူး နီးပြီဖြစ်ရာ ဆေးရုံတွင် လူများစည်ကားနေပြီး ညဘက်တွင်ပင် ချောင်းဆိုးသံများကို စင်္ကြံလမ်းတွင် ကြားနေရသည်။ သူတို့ စွင်းယွမ်ကို တစ်ယောက်တည်း ထားခဲ့၍ မရသော်လည်း ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့က မနက်ဖြန် အလုပ်သွားရမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းနျန်က သူတို့ကို ပြန်ခိုင်းပြီး သူမပဲ စောင့်ပေးလိုက်သည်။
လူနာသုံးယောက်ရှိသော အခန်းတွင် ကျန်းနျန်သည် ခုံတန်းရှည်ပေါ်၌ ထိုင်ကာ စွင်းယွမ်၏ ဖြူရော်နေသော မျက်နှာကို ကြည့်နေမိသည်။ ယခု တိတ်ဆိတ်သွားမှ သူမ၏ ခြေထောက်များမှာ ပြေးလွှားခဲ့ရသဖြင့်လည်းကောင်း၊ ကြောက်လန့်ခဲ့သဖြင့်လည်းကောင်း တုန်ရီနေသည်ကို သတိပြုမိလိုက်သည်။ သူမ၏ ဘဝတွင် ဤကဲ့သို့ သွေးပျက်ဖွယ် မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးပေ။
သူမ၏ လက်များမှာ စေးကပ်နေသည်။ ငုံ့ကြည့်လိုက်သော် သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လက်များသာမက ဘောင်းဘီတွင်လည်း စွင်းယွမ် ဆွဲကိုင်ခဲ့သဖြင့် သွေးစွန်းနေသည်။
ကျန်းနျန် - ....
သူမ ကြောက်စိတ်ကို ထိန်းကာ လက်ဆေးရန် ရေချိုးခန်းသို့ သွားခဲ့သည်။ ကျဉ်းမြောင်းသော စင်္ကြံလမ်းတွင် မီးလုံးဟောင်းများ လင်းနေပြီး တိတ်ဆိတ်နေကာ လူနာဆောင် တံခါးများမှာ ပိတ်ထားကာ ရံဖန်ရံခါ ချောင်းဆိုးသံများသာ ကြားရသည်။
ကျန်းနျန်သည် လက်ထဲက သွေးများကို ကြည့်ရင်း ထိတ်လန့်စရာ ရုပ်ရှင်များကို မတွေးဘဲ မနေနိုင်ဖြစ်နေသည်။
သရဲဆေးရုံ…
ကြောက်စရာ စင်္ကြံလမ်း…
သူမသည် အားလုံးက အတုအယောင်များသာ ဖြစ်သည်ဟု မိမိကိုယ်ကို အားပေးကာ လှေကားရင်းကို ဖြတ်လျှောက်ခဲ့သည်။ ဤခေတ်က လက်ရန်းများကို အစိမ်းနှင့် အဖြူ ဆေးသုတ်ထားသည်။ လမ်းတစ်လျှောက်ရှိ စတုတ္ထမြောက် လူနာဆောင်မှာ လုယွီ ရှိသော အခန်းဖြစ်သည်။ လုယွီ အထဲတွင် ရှိနေသည်ဟု တွေးမိမှ သူမ စိတ်အနည်းငယ် အေးသွားသည်။
သူမသည် စင်္ကြံလမ်းအဆုံးရှိ ရေချိုးခန်းသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ရေချိုးခန်းနှင့် အမျိုးသား၊ အမျိုးသမီး အိမ်သာနှစ်ခုမှာ ဘေးချင်းယှဉ်လျက် ရှိနေသည်။ သူမသည် ထိတ်လန့်စရာ သရဲကားများကို မတွေးမိအောင် ကြိုးစားရင်း ရေဘုံဘိုင်ကို ဖွင့်လိုက်ရာ ရေကျသံမှာ တိတ်ဆိတ်ငြိမ်သက်နေသော ရေချိုးခန်းထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
ထိုအသံက ပို၍ ပို၍ ကြောက်စရာ ကောင်းလာသည်။
"အဟွတ်... အဟွတ်..."
ဘေးအခန်းက အဘိုးအို၏ ချောင်းဆိုးသံကြောင့် ကျန်းနျန် ကြက်သီးဖြန်းဖြန်း ထသွားသည်။ တစ်စုံတစ်ယောက်က သူမ ပခုံးကို လာထိပြီး အေးစက်စက် လာမေးတော့မည်ဟု သူမ ခံစားနေရသည်။ "မင်း အဝါရောင် စက္ကူ လိုချင်လား၊ အဖြူရောင် စက္ကူ လိုချင်လား..."
"ငါ ဘယ်ဟာမှ မလိုချင်ဘူး။"
ကျန်းနျန် လက်ကို ပြီးအောင် မဆေးတော့ဘဲ သူမ၏ ပုံရိပ်သေးသေးလေးက လှစ်ခနဲ ပြေးသွားခဲ့သည်။
လုယွီ၏ လူနာဆောင်မှာ ရေချိုးခန်းနှင့် ကပ်လျက်ဖြစ်သည်။ စင်္ကြံလမ်းမှာ တိတ်ဆိတ်နေသော်လည်း ကျန်းနျန်၏ အသံကို လုယွီ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ကျန်းနျန်၏ အသံကို ကြားသည်နှင့် လုယွီသည် ဒဏ်ရာကိုပင် ဂရုမစိုက်ဘဲ ကုတင်ပေါ်မှ ဆင်းကာ တံခါးကို အမြန်ဖွင့်လိုက်သည်။ သူ သွေးစွန်းနေသော လက်များဖြင့် ပြေးသွားသော ပုံရိပ်ကို မြင်လိုက်ရသည်။
လုယွီ၏ မျက်နှာမှာ မှောင်ကျသွားပြီး ဒဏ်ရာကို ဖိကာ နောက်မှ အမြန်လိုက်သွားခဲ့သည်။
ကျန်းနျန် ဘာကြောင့် ညကြီး ဆေးရုံရောက်နေသည်ကို သူ မသိပေ။ သူမ လှေကားတစ်ဖက်က လူနာဆောင်ထဲ ဝင်သွားသည်ကို မြင်သဖြင့် သူ လိုက်ဝင်သွားရာ သူမသည် ခုံပေါ်တွင် ထိုင်ကာ ကုတင်ဘေးကို ဖက်၍ တစ်ကိုယ်လုံး တုန်ရီနေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ။"
လုယွီ၏ အသံနက်ကြီးကြောင့် ကျန်းနျန် လန့်သွားခဲ့သည်။
သူမသည် ဘာကိုမှ သတိမထားမိသေးမီမှာပင် သန်မာသော လက်မောင်းကြီးက သူမကို ဆွဲမလိုက်ပြီး လုယွီ၏ နွေးထွေးခိုင်မာသော ရင်ခွင်ထဲသို့ ရောက်သွားတော့သည်။ သူ၏ လက်တစ်ဖက်က သူမခါးကို ဖက်ထားပြီး ကျန်လက်တစ်ဖက်က ကျောကို အသာအယာ ပုတ်ပေးကာ ပြောလိုက်သည်။ "ပြောပါဦး ခုနက ဘာဖြစ်တာလဲ။"
လုယွီက သူမကို တင်းတင်းဖက်ထားသဖြင့် ကြောက်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ သူမ စိတ်ကို ပြန်စုစည်းကာ တိုးတိုးလေး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး... မှောင်နေလို့ ကြောက်သွားတာပါ။"
လုယွီက သူမကို လွှတ်ပေးပြီး သေချာစစ်ဆေးခဲ့သည်။ လက်နှင့် ဘောင်းဘီတွင် သွေးများ ပေနေသည်မှအပ သူမတွင် ဒဏ်ရာမရှိပေ။ ကျန်းနျန် အမြန်ရှင်းပြလိုက်သည်။ "ဒါ ကျွန်မသွေး မဟုတ်ဘူး။ စွင်းယွမ်ရဲ့ သွေးတွေ။ သူမက ကျွန်မတို့ အဆောင်ဘေးခန်းမှာ နေတာလေ၊ ဒီည ကိစ္စတစ်ခု ဖြစ်သွားတာနဲ့ အစ်မကျိုက်၊ အစ်မလုနဲ့ ကျွန်မတို့ သူမကို ဆေးရုံ ပို့ပေးခဲ့တာ။"
လုယွီက ကုတင်ပေါ်က စွင်းယွမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ဘာမှမပြောဘဲ ကျန်းနျန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ "လက်ဆေးဖို့ ကိုယ် ကူညီပေးမယ်။"
သူမအပေါ်တွင် သွေးများ ပေနေသည်ကို သူ မကြည့်ရက်ပေ။
လုယွီ အတူရှိနေသဖြင့် ကျန်းနျန် ကြောက်စိတ်ပြေသွားသော်လည်း သူ၏ ဒဏ်ရာကို သတိရသဖြင့် သူမက ပြန်တွဲပေးလိုက်သည်။ "ကျွန်မ တွဲပေးပါ့မယ်။"
သူတို့ လက်ချင်းချိတ်ကာ ထွက်လာစဉ် ချန်ယောင် ထွက်လာပြီး လုယွီ ဒဏ်ရာကို ဖိကာ ကျန်းနျန်လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်သော် ကြောင်သွားသည်။ "မရီး... ခုနက ပြေးသွားတာ မရီးလား။"
ကျန်းနျန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်သည်။ "အနှောင့်အယှက်ပေးမိသွားရင် တောင်းပန်ပါတယ်။"
ချန်ယောင် ပြောလိုက်သည်။ "အဲ့လို မဖြစ်ပါဘူး။"
သူ အနားကပ်လာကာ ဒဏ်ရာမရှိသော လက်ဖြင့် လုယွီကို လာတွဲပေးရင်း ပြောလိုက်သည်။"မင်း လမ်းမလျှောက်သင့်ဘူးလေ။ ကုတင်ပေါ် ပြန်သွားအိပ်ပါ။"
လုယွီက သူ၏လက်ကို ဖယ်ထုတ်လိုက်သည်။"ငါ အဆင်ပြေတယ်။ မင်း ပြန်သွားတော့။"
"ဒါပေမဲ့..."
"တစ်ခုခုဖြစ်ရင် ငါ လှမ်းခေါ်လိုက်မယ်။"
လုယွီက ဇွတ်လုပ်နေသဖြင့် ချန်ယောင်လည်း မငြင်းသာပေ။ သူက ကျန်းနျန်၏ လက်နှင့် ဘောင်းဘီမှ သွေးများကို မြင်သော် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။"မရီး... ဒဏ်ရာရထားတာလား။"
ကျန်းနျန်က ခေါင်းခါလိုက်သည်။ "ကျွန်မဟာ မဟုတ်ဘူး အဆောင်ဘေးခန်းက လူကို ဆေးရုံပို့ပေးရင်း ပေလာတာ။"
ကျန်းနျန်က လုယွီကို တွဲပေးချင်သော်လည်း လုယွီက သူမလက်ကို မြဲမြဲဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။
သူမ မော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ရှင် ပြန်သွားအိပ်ပါတော့။ ချန်ယောင်ပဲ ကျွန်မကို လက်ကူဆေးပေးပါစေ။"
"မလိုဘူး။"
လုယွီက ချန်ယောင်ကို အခန်းထဲ ပြန်ခိုင်းပြီး ကျန်းနျန်ကို သူကိုယ်တိုင် ရေချိုးခန်းသို့ ခေါ်သွားခဲ့သည်။ ခုနက ကြောက်စရာကောင်းသော နေရာမှာ လုယွီ ဘေးမှာ ရှိနေသဖြင့် လုံခြုံစိတ်ချရသော နေရာအဖြစ် ပြောင်းလဲသွားသည်။ ရေချိုးခန်းထဲက မှိန်ပျပျမီးရောင်အောက်တွင် သူတို့နှစ်ဦး၏ အရိပ်မှာ နံရံပေါ်တွင် ထင်ဟပ်နေသည်။ တစ်ယောက်မှာ အရပ်ရှည်နေပြီး တစ်ယောက်ကတော့ အရပ်ပုနေလေသည်။
ရေကျသံက တိတ်ဆိတ်နေသော အခန်းထဲတွင် ကြားနေရသည်။
ကျန်းနျန် လက်ဆေးပြီး ခေါင်းမော့လိုက်စဉ် နံရံပေါ်က အရိပ်နှစ်ခုမှာ တစ်ခုတည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူမ၏ ကျောပြင်က လုယွီ၏ နွေးထွေးသော ခန္ဓာကိုယ်ကြီးနှင့် ထိကပ်သွားခဲ့သည်။ သူ၏ ကြမ်းလှသော လက်ချောင်းများက သူမ၏ မေးစေ့ကို ဆွဲမလိုက်သဖြင့် သူမ၏ လည်ပင်းလေးမှာ အပေါ်သို့ မော့တက်သွားရသည်။
သူ၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိကပ်လိုက်သည်။
သူ၏ ထူးခြားသော ရနံ့က ပြင်းထန်သော လေပြင်းတစ်ခုကဲ့သို့ သူမ၏ အာရုံများကို လွှမ်းမိုးသွားသည်။ သူမခါးကို ဖက်ထားသော လက်မောင်းက ပိုတင်းကြပ်လာခဲ့သည်။
"အင်း..."
ကျန်းနျန်၏ မျက်တောင်လေးများ တဖျပ်ဖျပ် ခတ်နေပြီး အသက်ရှူရ ခက်ခဲလာသည်။
လုယွီသည် သူမကို အချိန်အတော်ကြာ နမ်းရှိုက်ပြီးမှ လွှတ်ပေးလိုက်သည်။ သူ၏ လက်ချောင်းများက သူမ၏ နီရဲနေသော နှုတ်ခမ်းလွှာများကို အသာအယာ ပွတ်သပ်ပေးခဲ့သည်။
သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းကာ ပြင်းပြသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ "မင်းကို လွမ်းနေတာ။"
သူ၏ အသံမှာ ဩရှရှနှင့် ကြမ်းတမ်းနေသည်။
သူ့ကြည့်ရသည်မှာ ပူလောင်နေသော မီးခဲများကို မြိုချထားပြီး သူ၏ အကြည့်များမှ အပူရှိန်များ ထုတ်လွှတ်နေသကဲ့သို့ပင်။