← Chapters

အခန်း (၆၃၈-၆၃၉)

Vol. 39 Ch. 638-639

အခန်း (၆၃၈-၆၃၉)

Vol. 39 Ch. 638-639

Chapter 638

တိတ်ဆိတ်မြို့တော် ၁

ကန္တရဓားပြများလက်မှ ကယ်တင်ခံရပြီီးနောက် အနန္တရထားပေါ်တွင် လူအိုကြီးမိုနှင့် မိသားစုသည် နေထိုင်စရာရရှိခဲ့ကြသည်၊၊ ပိုအဆင်ပြေစေရန်အတွက် လူအိုကြီးမိုသည် လျန်လေးနှင့် အခြားအင်ဂျင်နီယာအဖွဲ့ဝင်များရှိရာတွဲသို့ တိုက်ရိုက်ပြောင်းရွှေ့နေထိုင်ပြီး စွန်းယုကျန်းကမူ ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ လီယီ၏ နေထိုင်ရာတွဲသို့ သွားလိုက်သည်၊၊

အလုပ်ရှုပ်နေသဖြင့် လင်းရှန်သည် လူအိုကြီးမိုတို့အဖွဲ့ကို အသေးစိတ်မမေးမြန်းနိုင်သေးသလို တာဝန်များလည်း မပေးရသေးပေ၊၊ သို့သော် လူအိုကြီးမိုသည် ပွင့်လင်းသောစရိုက်ရှိပြီး အားမနာတမ်းပြောဆိုတတ်သူဖြစ်သည်၊၊ ရှင်းဟွာစက်မှုလုပ်ငန်း၏ ဝါရင့်အင်ဂျင်နီယာတစ်ဦးပီပီ လျန်လေးနှင့် လော့ယန်တို့ထက်သာလွန်သော ယန္တရားကျွမ်းကျင်မှုများကို အသုံးချကာ ရထားပြုပြင်ရေးအဖွဲ့တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်လာခဲ့သည်၊၊

လူနေတွဲအတွင်း၌ စွန်းယုကျန်းသည် ချန်ဆီရွှမ် စီစဉ်ပေးထားသော အခန်းလေးကို ကြည့်ရင်း ကျေးဇူးတင်စိတ်ဖြင့် မျက်ရည်ဝဲနေမိသည်၊၊ ဤအမှောင်တောအုပ်အတွင်း၌ အသက်ရှင်သန်နိုင်ရေးမှာ အရေးကြီးဆုံးဖြစ်ကြောင်း သူမ ကောင်းကောင်းသိထားသည်၊၊

ကန္တရဓားပြတွေနဲ့ပဲဖြစ်ဖြစ်… ဒီအမှောင်ထုထဲမှာပဲဖြစ်ဖြစ် ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတုန်းက နောက်တစ်မိနစ်မှာ သေမလား… ရှင်မလားတောင် မသိခဲ့ဘူး… ဒါပေမဲ့ အခုချိန်မှာတော့ ငါ အသက်ရှင်နိုင်တော့မယ်လို့ ယုံကြည်တယ်…

သူမတို့အား လက်ခံပေးခဲ့သည့်အတွက် လင်းရှန်ကို အလွန်ကျေးဇူးတင်နေမိသည်၊၊ ထို့ကြောင့် ပြင်းထန်သောတိုက်ပွဲအပြီးတွင် သူမသည် ရှုချင်းနှင့် လီယီတို့နောက်သို့ တက်ကြွစွာလိုက်ပါပြီး ခဲယမ်းမီးကျောက်နှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးနေသည်၊၊

သို့သော် ရှုချင်းက သူမအား ကပ္ပတိန်လင်းသည် တာဝန်များကို ခွဲဝေပြီးဖြစ်ကာ ခဲယမ်းနှင့် ထောက်ပံ့ရေးအဖွဲ့များကိုလည်း စုဖွဲ့ပြီးဖြစ်ကြောင်း ပြောသည်၊၊ ထို့ကြောင့် စွန်းယုကျန်းသည် လင်းရှန်ထံသို့ ချက်ချင်းသွားရောက်ကာ သူမအတွက် တာဝန်တစ်ခု ပေးအပ်ရန် တောင်းဆိုခဲ့သည်၊၊

လင်းရှန်သည် ဂရေ့စ်အတွက် ဆက်သွယ်ရေးကိရိယာများပြုလုပ်နေစဉ် စွန်းယုကျန်းကို မြင်သောအခါ သူမသည် ချန်ဆီရွှမ်နှင့် တင်းကျန်းရီတို့ကို ခေါ်ဆောင်ကာ ကင်းထောက်ပျံသန်းခြင်းပြုလုပ်ခဲ့သည်ကို သတိရသွားပြီး ပြောလိုက်သည်၊၊

“ဒီနောက်ပိုင်းမှာ ဆရာမချန်တို့ရဲ့ ကင်းထောက်အဖွဲ့ထဲမှာ ပါဝင်လိုက်ပါ… မင်းရဲ့ ပျံသန်းနိုင်စွမ်းက ငါတို့အတွက် အရမ်းအသုံးဝင်တယ်”

“ဟုတ်ကဲ့”

စွန်းယုကျန်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများတောက်ပသွားပြီး ခေါင်းကို အဆက်မပြတ်ငြိမ့်ကာ ချန်ဆီရွှမ်ကို ရှာရန် အမြန်ထွက်သွားသည်၊၊

လင်းရှန်သည် သူမ၏ကျောပြင်ကို ကြည့်ရင်း စွန်းယုကျန်းအတွက် သူ၏ အသိအမှတ်ပြုခြင်းက အရေးကြီးနေကြောင်း သိသဖြင့် အားနာမနေဘဲ သူမ၏စွမ်းအားအရေးပါပုံကို တိုက်ရိုက်ညွှန်ပြခဲ့ခြင်းဖြစ်သည်၊၊ ကလေးနှစ်ယောက်ကို ခေါ်ဆောင်လာသူဖြစ်ရာ တစ်ခုခုပြန်မလုပ်ပေးနိုင်လျှင် သူမ စိတ်မလုံဖြစ်နေမည်ကို လင်းရှန် သိနေသည်၊၊

အခြားတစ်ဖက်ရှိ အမှတ် ၁၃ တွဲတွင် မာရှောင်ထန်း၊ သူ၏နှမ မာရှောင်လီနှင့် အမှတ် ၁၀ တွဲမှ ကလေးတစ်စုသည် ရှုချင်းတို့အဖွဲ့အတွက် ကောက်ယူရရှိသော ကျည်ခွံများကို ဝိုင်းဝန်းသယ်ဆောင်ပေးနေကြသည်၊၊ သုံးစွဲ၍ရသော ကျည်ခွံများကို ခဲယမ်းအဖြစ် ပြန်လည်ထုတ်ပိုးမည်ဖြစ်ပြီး သုံးမရသည်များကိုမူ လင်းရှန်က ဝါးမျိုပြီး ထုတ်လုပ်ရန် သီးသန့်ဖယ်ထားမည်ဖြစ်သည်၊၊

မာရှောင်ထန်းသည် ငယ်ရွယ်သော်လည်း ကီလိုဂရမ် ၅၀-၆၀ ခန့်ရှိသော ခဲယမ်းသေတ္တာကို အလွယ်တကူ သယ်ဆောင်နိုင်ကာ တက်ကြွစွာ အလုပ်လုပ်နေသည်၊၊ ခဲယမ်းလိုအပ်ချက် မြင့်မားနေသဖြင့် အမှတ် ၁၃ တွဲအတွင်း၌ လူများဖြင့် ပြည့်နှက်နေသည်၊၊

ဒိုင်းးးး

ရုတ်တရက် ကျည်ဆန်ပေါက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာသည်၊၊ လူတိုင်း လုပ်လက်စအလုပ်များကို ရပ်တန့်ပြီး စိုးရိမ်တကြီး ပြေးသွားကြသည်၊၊

တာလို့နှင့် ရှုချင်းတို့ ပြေးလာသောအခါ ကျည်ဆန်ကို ကိုင်ထားပြီး သွေးထွက်နေသော မာရှောင်ထန်းကို တွေ့လိုက်ရသည်၊၊ သူက ရှုချင်းနှင့် တာလို့ကို ကြည့်ကာ ပျာပျာသလဲပြောလိုက်သည်၊၊

“အန်တီရှုချင်း… ဒီ... ဒီကျည်ဆန်က ပေါက်ကွဲသွားလို့ပါ”

သူ၏ညီမလေးကို နောက်တွင် ကာကွယ်ထားပြီး သွေးထွက်နေသော လက်ချောင်းများမှ နာကျင်မှုကို မပြဘဲ အမှားလုပ်မိသည့်အတွက် နောင်တရကာ စိုးရိမ်နေသည့်ပုံ ပေါက်နေသည်၊၊

“မကြောက်နဲ့ ကလေး… ဘာမှမဖြစ်ဘူး”

ရှုချင်းက မာရှောင်ထန်း၏ လက်ကိုကိုင်ကာ မြောင်လုကို အမြန်လှမ်းခေါ်လိုက်သည်၊၊

“မြောင်လု… ပတ်တီးယူခဲ့ဦး”

“ဟုတ်ကဲ့” မြောင်လုက ချက်ချင်း လှုပ်ရှားလိုက်သည်၊၊

ကလေး စိုးရိမ်လွန်နေမည်စိုးသဖြင့် တာလို့က နူးညံ့စွာ မေးလိုက်သည်၊၊

“ကလေး… ဒီကျည်ဆန်က ဘယ်လိုဖြစ်ပြီး ပေါက်ကွဲသွားတာလဲ”

“ဒီအတိုင်း ပေါက်ကွဲသွားတာပါ”

နောက်မှ ရှောင်လီက သူမအစ်ကို အပြစ်တင်ခံရမည်စိုးသဖြင့် ကြောက်ကြောက်လန့်လန့်ဖြင့် ဝင်ဖြေသည်၊၊

“အစ်ကိုက အရမ်းသတိထားပြီး တစ်တောင့်ချင်း ကောက်နေတာပါ”

“ဟုတ်တယ်… ကျနော်က...”

ရှင်းပြရန် အလျင်လိုနေသော မာရှောင်ထန်းသည် ၇.၆၂ ရိုင်ဖယ်ကျည်ဆန်တစ်တောင့်ကို စိုးရိမ်တကြီး ထပ်မံကောက်ယူလိုက်စဉ် လက်ဖျားမှ သတိပြုမိရန်ခက်ခဲသော လျှပ်စီးကြောင်းတစ်ခုထွက်ပေါ်လာပြီး ကျည်ဆန်ကို ဖောက်ထွက်သွားကာ ကျယ်လောင်သော အသံနှင့်အတူ ထပ်မံပေါက်ကွဲသွားပြန်သည်၊၊

ပတ်ဝန်းကျင်ရှိလူများအားလုံး နောက်သို့ အလန့်တကြားဆုတ်သွားကြသည်၊၊ ရှုချင်းက မာရှောင်ထန်း၏ သွေးထွက်နေသော လက်များကို ဆွဲကိုင်ကာ စိုးရိမ်တကြီးပြောလိုက်သည်၊၊

“ဒီကျည်ဆန်တွေကို ထပ်မကိုင်နဲ့တော့… မြန်မြန် ဆေးကုသဆောင်ကို သွား”

ရှုချင်းက မြောင်လုအား မာရှောင်ထန်းကို ခေါ်သွားရန် ခိုင်းလိုက်ပြီးနောက် အံ့အားသင့်နေသော တာလို့ကို ကြည့်ကာ ပြောလိုက်သည်၊၊

“ဒါက စွမ်းအားတစ်မျိုးဖြစ်ပုံရတယ်”

“မြန်မြန်… ကပ္ပတိန်လင်းကို သွားအကြောင်းကြား”

…

ထိုအချိန်တွင် လင်းရှန်သည် စီလန်မြို့တွင် စကင်ဖတ်ခဲ့သော ဖီးနစ်၏ နည်းပညာကို အသုံးပြုကာ စွမ်းအင်မြင့်လီသီယမ်ဘက်ထရီများ တပ်ဆင်ထားသည့် အသေးစားအချက်ပြကိရိယာ ၁၀၀ ကို ပြုလုပ်ပြီးစီးသွားပြီဖြစ်သည်၊၊

သူသည် သတ္တုသေတ္တာတစ်လုံးကို ထုတ်လုပ်ပြီး PX-05 စက်ရုပ်များတွင် ချိတ်ဆွဲလိုက်သည်၊၊ ကီကီက တာဝန်ပေးချက်များကို ထည့်သွင်းပြီးနောက် ဂရေ့စ်၏ ကင်းထောက်တာဝန်ကို စတင်ရန် ပြင်ဆင်နေကြသည်၊၊

ချန်ဆီရွှမ်နှင့် ကီကီအပါအဝင် လူတစ်စုသည် ကင်းထောက်တာဝန်ယူမည့် စက်ရုပ်ကို ကြည့်ရင်း နောက်မှ လိုက်ပါလာကြသည်၊၊ အကယ်၍ ထူးဆန်းသည့် သတ္တဝါများကို သတိပေးမိပါက တိုက်ပွဲဝင်ရန်အတွက်လည်း လူတိုင်း ပြင်ဆင်ထားကြသည်၊၊

ဂရေ့စ်က ရထားပေါ်မှ အေးဆေးစွာ ဆင်းလာရင်း လင်းရှန်ကို ပြောသည်၊၊

[ရှင် ဖန်တီးနိုင်တဲ့ အနိမ့်ဆုံးဂြိုဟ်ပတ်လမ်းစံနှုန်းအတိုင်း မြေပြင်အနေအထားကို စစ်ဆေးပေးပါ့မယ်… ရှင်ပေးတဲ့ အမိန့်တွေကိုလည်း အချက်ပြကိရိယာကနေတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ လိုက်နာပါမယ်]

“တကယ်လို့ ထူးဆန်းတဲ့ သတ္တဝါကို သတိပေးမိသွားရင် လုံခြုံတဲ့နေရာတစ်ခုရှာပြီး အမိန့်ကို စောင့်ပါ”

[နားလည်ပါပြီ]

ဂရေ့စ်က ကြည်လင်သော အမျိုးသမီးအသံဖြင့် ပြန်ဖြေသည်၊၊

[စခန်းဆီကို ဘေးအန္တရာယ်တွေ သယ်မလာပါဘူး၊၊ ဒါပေမဲ့ အဲဒီ ရုပ်ဆိုးတဲ့ အကောင်တွေက ကျွန်မရဲ့ ပလူတိုနီယမ်-၂၃၈ နူကလီးယား ဘက်ထရီတွေနဲ့ အာရုံခံအစိတ်အပိုင်းတွေကို စိတ်မဝင်စားဖို့တော့ မျှော်လင့်ရတာပဲ]

လင်းရှန်သည် ဂရေ့စ်က ဤကဲ့သို့ ပြန်ပြောလိမ့်မည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွားရသည်၊၊

[ဒါက ရှင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေဖို့ ပြောတဲ့ စက်ရုပ်ပြက်လုံးတစ်ခုပါ]

“ကောင်းပြီ… ကျေးဇူးတင်ပါတယ်”

လင်းရှန်က အားတင်းကာ ပြုံးပြလိုက်သည်၊၊

[ရပါတယ်၊၊ ကျွန်မ လေ့လာထားတဲ့ လူသားတွေရဲ့ ပုံစံအရ ဆက်သွယ်ပြောဆိုရာမှာ ပိုပြီး သက်တောင့်သက်သာ ရှိစေဖို့ ကျွန်မကို သီးခြားစရိုက် ဒါမှမဟုတ် အသံတစ်ခုခုပြောင်းလဲသတ်မှတ်ခိုင်းလို့ ရပါတယ်]

“ဝိုး… ယောကျ်ားလေးအသံ ဒါမှမဟုတ် မိန်းကလေးအသံ ပြောင်းလို့ရတာလား”

ကီကီက စိတ်ဝင်တစား မေးလိုက်သည်၊၊

“မလိုပါဘူး… ဒီအတိုင်းပဲ ကောင်းပါတယ်”

လင်းရှန်က ချက်ချင်းပြောလိုက်သည်၊၊ သူသည် ယခုအချိန်တွင် ထိုသို့လုပ်ရန် စိတ်မပါပေ၊၊ Ai ဦးနှောက်စက်ရုပ်ကို အသုံးချနေရသော်လည်း ပြန်မလာနိုင်ခြေရှိသော ကင်းထောက်တာဝန်ကို ပေးအပ်နေရခြင်းဖြစ်သည်၊၊

လင်းရှန် အနည်းငယ် နှမြောနေသည်၊၊ မူလက ထိုစက်ရုပ်ကို ရထားပေါ်ရှိ စီမံကိန်းပြဿနာများကို ဖြေရှင်းဖို့အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်၊၊

သို့သော် လက်ရှိအခြေအနေတွင် တွင်းနက်မှ လွတ်မြောက်ရန်ထက် ဘာမှပိုအရေးကြီးပေ၊၊ ဤစီမံကိန်းသည် သူစဉ်းစားနိုင်သမျှထဲတွင် အစိတ်ချရဆုံးဖြစ်သဖြင့် ကြိုးစားကြည့်ရမည်သာဖြစ်သည်၊၊

[လက်ခံရရှိပါပြီ၊ အခု ဆောင်ရွက်မယ့်တာဝန်က အဖြူရောင်မြို့ ရထားလမ်းကြောင်းကို ကင်းထောက်ရှာဖွေဖို့ဖြစ်ပါတယ်၊၊ လက်ရှိအချိန်က ၂၃:၁၅ ဖြစ်ပြီး အချက်ပြကိရိယာတွေ တပ်ဆင်ပြီးတာနဲ့ ၅ မိနစ်တစ်ကြိမ် သတင်းအချက်အလက်တွေ ပေးပို့ပါမယ်]

“ကောင်းပြီ”

ထို့နောက် ဂရေ့စ်သည် လှည့်ထွက်သွားပြီး အမှောင်ထုထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်၊၊

ထိုအချိန်တွင် အနန္တရထားပေါ်ရှိ လက်နက်အားလုံးကို အဆင်သင့်ပြင်ထားကြပြီး တစ်စုံတစ်ခုထူးခြားပါက ချက်ချင်း ပစ်ခတ်နိုင်ရန် ပြင်ထားကြသည်၊၊

ဂရေ့စ် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်အထိ လင်းရှန် စိုးရိမ်တကြီး ကြည့်နေမိသည်၊၊

တီ~

ငါးမိနစ်အကြာတွင် အချက်ပြက လင်းရှန်၏ ဆက်သွယ်ရေးကိရိယာသို့ ရောက်ရှိလာသည်၊၊ မြူဖုံးနေသော အမှောင်မြေပုံပေါ်တွင် ရထား၏ တည်နေရာကို အခြေခံထားသော ပထမဆုံးအနီရောင်မီးလေး လင်းလာသည်ကို မြင်မှ လင်းရှန် သက်ပြင်းချနိုင်သည်၊၊

Chapter 639

တိတ်ဆိတ်မြို့တော် ၂

“ရပြီ” ကီကီက ဆက်သွယ်ရေးစက်ကို ကိုင်ထားရင်း ပြောသည်၊၊

“မျက်စိနဲ့ မမြင်ရပေမဲ့ အချက်ပြမှုကတော့ တကယ်ကို ချောမွေ့နေတယ်”

“အချက်ပြကိရိယာတွေအားလုံးကို ၁ ကီလိုမီတာ အကွာအဝေးမှာ ပုံသေတပ်ဆင်ထားတယ်… ဒီအကွာအဝေးကတော့ အတော်လေး စိတ်ချရပါတယ်” လင်းရှန်က ပြောသည်၊၊

ဘေးတွင် Meteor-3 ရိုင်ဖယ်ကို ကိုင်ထားပြီး တောအုပ်ထဲသို့ စောင့်ကြည့်နေသော ချန်ဆီရွှမ်ကလည်း ပြောသည်၊၊

“ထူးခြားတဲ့ အသံတွေ မကြားရသေးဘူး”

“သူ့ကို အရမ်းကြီး မမျှော်လင့်ထားကြနဲ့ဦး”

လင်းရှန်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ရင်း ပြောသည်၊၊

“လမ်းကြောင်းရှာတွေ့ဖို့ရယ်… အဲဒီလမ်းက သွားလို့ရမရဆိုတာရယ် ရှိသေးတယ်… ပြီးတော့ အမှောင်တောအုပ်ထဲမှာ ချောက်ကြီးတွေရှိရင် လမ်းခင်းစက်နဲ့ မရဘူး… ကိုယ်တိုင်သွားလုပ်ရမှာ”

လင်းရှန်တွင် ထုတ်လုပ်နိုင်စွမ်းရှိသဖြင့် တံတားအသေးစားလေးများကို ကီကီနှင့် အင်ဂျင်နီယာအဖွဲ့တို့က ပူးပေါင်းဖြေရှင်းနိုင်သော်လည်း လူအင်အားအမြောက်အမြားလိုအပ်လာလျှင်မူ ဂရေ့စ်၏ လမ်းကြောင်းရှာဖွေမှုမှာ အဓိပ္ပာယ်မရှိသလို ဖြစ်သွားမည်ဖြစ်သည်၊၊

“ဂရေ့စ်သာ အဖြူရောင်မြို့ကို ရောက်သွားရင် အနည်းဆုံးတော့ ကျွန်မတို့ ကမ္ဘာမြေပေါ်မှာ ရှိနေသေးတယ်ဆိုတာ သက်သေပြနိုင်မှာပဲလို့ ကျွန်မတွေးမိတယ်”

ချန်ဆီရွှမ်က ညကောင်းကင်ကို ကြည့်ရင်း အားပေးစကား ပြောလိုကာသည်၊၊

“ကပ္ပတိန်လင်း”

ထိုစဉ် ရှုချင်း၏ အသံမှာ အင်တာကွန်းမှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

…

အမှတ် ၄ တွဲရှိ ဆေးကုသဆောင်တွင် လင်းရှန်၊ ချန်ဆီရွှမ်နှင့် အခြားလူများသည် မာရှောင်ထန်းကို ဝန်းရံနေကြသည်၊၊ လူအိုကြီးမိုနှင့် စွန်းယုကျန်းတို့လည်း အပြေးအလွှား ရောက်လာကြပြီး ရှောင်လီသည် ဆေးကုသစက်၏ ဖန်အကာကွယ်ပေါ်တွင် လက်တင်ကာ သူမ၏အစ်ကိုကို လက်လှမ်းပြနေသည်၊၊

“အစ်ကိုက ဖျားနေတာလား”

“ရှောင်ထန်း ဘာမှမဖြစ်ပါဘူး… စိတ်မပူနဲ့ သမီး”

စွန်းယုကျန်းက ရှောင်လီကို ဆွဲခေါ်လိုက်သည်၊၊

ထိုစဉ် ရှုချင်းက ပေါက်ကွဲသွားသော ကျည်ခွံတစ်ခုကို ကောက်ယူပြီး လင်းရှန်ကို ပေးလိုက်ရင်း ပြောသည်၊၊

“ဒါက စွမ်းအားတစ်ခုဖြစ်နိုင်တယ်… ရှောင်ထန်းက အဲဒါကို မထိန်းချုပ်နိုင်သေးပုံရတယ်”

“အိုး… ဘယ်လိုစွမ်းအားမျိုးလဲ… ကျည်ဆန်ကို ပေါက်ကွဲစေတာလား”

ကီကီက အံ့ဩတကြီး ရေရွတ်သည်၊၊

“ရှောင်ထန်းလား” လူအိုကြီးမိုက ကျည်ခွံနှင့် မြေးဖြစ်သူကို ကြည့်ကာ အံ့အားသင့်နေသည်၊၊

“မဖြစ်နိုင်တာ… ရှောင်ထန်းက တခြားကလေးတွေလိုပဲ ဗီဇပြောင်းလဲမှုကြောင့် ခွန်အားတိုးလာတာပဲ ရှိတာ… စွမ်းအားရှင်ဖြစ်လာမယ့်လက္ခဏာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး”

စွန်းယုကျန်းကလည်း ခေါင်းငြိမ့်ပြသည်၊၊

“မှားနေတာများလား”

“မမှားနိုင်ပါဘူး”

ထိုစဉ် စကားနည်းသော တာလို့က ဝင်ပြောသည်၊၊

“သူ ကျည်ဆန်ကို ကိုင်လိုက်တုန်းက သူ့လက်ချောင်းတွေကနေ လျှပ်စီးကြောင်းထွက်လာတာ ကျွန်တော် ကိုယ်တိုင်မြင်လိုက်တယ်”

သူက လင်းရှန်ကို ကြည့်ပြီး ဆက်ပြောသည်၊၊

“အဲဒါက အစ်ကိုလင်း အရင်က သုံးခဲ့တဲ့ လျှပ်စစ်စွမ်းအားနဲ့ အရမ်းတူတယ်”

လင်းရှန်၏ မျက်လုံးများ တောက်ပသွားသည်၊၊

“လျှပ်စစ်စွမ်းအားလား”

လူအုပ်ထဲမှ ရှားရှားက အားကျသောအမူယာဖြင့် မျက်လုံးများ ပြူးသွားသည်၊၊

“မဖြစ်နိုင်တာ… အဲဒီလို လျှပ်စစ်လွှတ်နိုင်တဲ့ စွမ်းအားမျိုးရှိတာလား”

“စမ်းသပ်ကြည့်ရင် သိရမှာပေါ့”

ထိုအချိန်တွင် မာရှောင်ထန်း၏ လက်ချောင်းဒဏ်ရာသည် ဆေးကုသစက်ကြောင့် ပျောက်ကင်းသွားပြီဖြစ်သော်လည်း အနည်းငယ် နီရဲနေသေးသည်၊၊ လင်းရှန်က စက်ကိုဖွင့်ပြီး မာရှောင်ထန်းကို ဆွဲထူလိုက်ကာ ပြောလိုက်သည်၊၊

“ရှောင်ထန်း… ခုနကလိုပဲ ငါ့ဆီကို လျှပ်စစ်လွှတ်ကြည့်စမ်း… စိတ်မလှုပ်ရှားနဲ့”

“ကျနော် စိတ်မလှုပ်ရှားပါဘူး… ဒါပေမဲ့... ဦးကို ထိခိုက်မိမှာ ကြောက်လို့ပါ”

စွန်းယုကျန်းက လင်းရှန်ကို ကြည့်ကာ အမြန်ပြောသည်၊၊

“ကပ္ပတိန်လင်း… ကျွန်မကိုပဲ အရင်စမ်းခိုင်းကြည့်ပါလား”

“လျှပ်စီးကြောင်းလား” လင်းရှန်က အနည်းငယ် ပြုံးလိုက်သည်၊၊

“စိတ်မပူပါနဲ့… ငါ့မှာလည်း လျှပ်စစ်စွမ်းအား ရှိပါတယ်”

လင်းရှန်အတွက်မူ လျှပ်စစ်စီးကြောင်းများကို ထိန်းချုပ်ခြင်းမှာ သူ၏ ကျွမ်းကျင်မှုတစ်ခုဖြစ်သည်၊၊

မာရှောင်ထန်းက လင်းရှန်ကို ကြောက်ရွံ့စွာ ကြည့်ပြီးနောက် သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်ကာ လင်းရှန်၏ လက်ချောင်းကို ထိလိုက်သည်၊၊

လင်းရှန်က အားပေးလိုက်သည်၊၊

“ကြိုးစားကြည့်ပါ… သာမန် လျှပ်စစ်ရှော့ခ်လောက်နဲ့တော့ ငါ့ကို မထိခိုက်နိုင်ပါဘူး”

သူ့စကားဆုံးသည်နှင့် မာရှောင်ထန်း၏ လက်ထိပ်မှ ပြင်းထန်သော လျှပ်စီးကြောင်းတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာရာ လင်းရှန်၏ လက်ဖျားတစ်ခုလုံး ထုံကျင်သွားပြီး AT Field အကာကွယ်ကို အလိုအလျောက် ထုတ်သုံးလုနီးပါးဖြစ်သွားသည်၊၊ ခဏချင်းမှာပင် လင်းရှန်သည် လက်ချောင်းမှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်၊၊

“မင်းရဲ့ စွမ်းအားက တကယ်ကိုအားကောင်းတာပဲ”

လူတိုင်းရှေ့တွင် လင်းရှန်သည် လက်ကို ပြန်ရုပ်လိုက်ပြီး လက်ဖျားကို လေမှုတ်ကာ စွန်းယုကျန်းကို ပြောလိုက်သည်၊၊

“ဒါက လျှပ်စစ်စွမ်းအားတစ်မျိုးဖြစ်ပုံရတယ်… ဒါပေမဲ့ အသေးစိတ်ကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမယ်”

ပြောပြီးနောက် သူသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ လှည့်ကြည့်လိုက်သည်၊၊

“မီးတောက် ဘယ်မှာလဲ”

“ဪ၊ သူက...”

တာလို့က ခေါင်းကုတ်ရင်း ပြောရန် ပြင်စဉ် လင်းရှန်က ကြားဖြတ်ပြောလိုက်သည်၊၊

“သူ့ကို မီးတောက်ဆီ အပ်လိုက်ပါ… အားတဲ့အချိန်ကျရင် ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ မီးတောက်ဆီမှာ သွားသင်ခိုင်းလိုက်ပါ… ဒီစွမ်းအားက တကယ်ကို အစွမ်းထက်လာနိုင်တယ်”

“တကယ်လား”

မာရှောင်ထန်းက မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးသွားသည်၊၊

လူအိုကြီးမိုနှင့် စွန်းယုကျန်းတို့သည်လည်း အံ့အားသင့်နေကြသည်၊၊ ကမ္ဘာပျက်ကပ်စတင်ပြီး အချိန်အတော်ကြာမှ စွမ်းအားရှင်အဖြစ် ယခုမှ နိုးထလာရသည့်အကြောင်းရင်းကို တွေးနေကြသည်၊၊

သို့သော် လင်းရှန်၏ အမြင်တွင်မူ ၎င်းမှာ ကောင်းသောအချက်ဖြစ်သည်၊၊ တိုက်ပွဲအပြီးတွင် သွေးကပ်ဘေးပန်းနှင့် အမှောင်စွမ်းအားများ၏ လွှမ်းမိုးမှုကြောင့် ရထားပေါ်ရှိ လူတိုင်းသည် ဆင့်ကဲပြောင်းလဲမှု အကျိုးကျေးဇူးများကို ရရှိနေကြသည်၊၊ တစ်စုံတစ်ဦးက ဆင့်ကဲပြောင်းလဲပြီး စွမ်းအားရှင်ဖြစ်လာခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ… တင်းကျန်းရီက သက်သေပင်ဖြစ်သည်၊၊

“ဝါး… မိုက်လိုက်တာ… အစ်ကိုက စွမ်းအားရှင် ဖြစ်သွားပြီ”

မာရှောင်လီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်၊၊

မကြာမီပင် မာရှောင်ထန်း စွမ်းအားရှင်ဖြစ်လာသည့်သတင်းမှာ အနန္တရထားတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အခြားရထားတန်းများဆီသို့ပင် ရောက်ရှိသွားသည်၊၊ ထိုအခါမှ လင်းရှန်သည် သူ့၏ ရထားတွင် အသစ်နိုးထလာသော စွမ်းအားရှင် ၅ ဦး၊ ၆ ဦးခန့် ရှိနေကြောင်း သိလိုက်ရသည်၊၊ ထို့အပြင် စွမ်းအားရှင်ဟောင်းများနှင့် မျိုးရိုးဗီဇပြောင်းလဲထားသူများသည်လည်း သိသာထင်ရှားသော တိုးတက်မှုများ ရှိနေကြသည်၊၊ သူထင်ထားသည်ထက် ပိုများနေပေသည်၊၊ ထိုအရာများသည် တွင်းနက်ထဲသို့ ရောက်ရှိနေခြင်းနှင့် ပတ်သက်နေကြောင်း လူအတော်များများ ခံစားမိနေကြသည်၊၊

ထိုအထဲတွင် တာလို့၊ ရှုချင်း၊ ချန်ဆီရွှမ်၊ လုချန်၊ မြောင်လုနှင့် အခြားလူများလည်း ပါဝင်ကာ ၎င်းတို့၏ စွမ်းအားများမှာ လျင်မြန်စွာ တိုးတက်နေသည်၊၊ ရှုချင်းသည် သေနတ်လက်ကိုင်ကို မရည်ရွယ်ဘဲ ညှစ်မိရာမှ သူမ၏ အရေပြားနှင့် အရိုးများမှာ သံမဏိကိုပင် ချိုးဖျက်နိုင်လောက်အောင် သန်မာလာသည်ကို သိလိုက်ရသည်၊၊

ဆင့်ကဲပြောင်းလဲမှုနှင့် စွမ်းအားတိုးတက်မှုကြောင့် ရရှိလာသော ပျော်ရွှင်မှုများက အမှောင်ည၏ ဖိအားကို အနည်းငယ်ပြေလျော့စေသည်၊၊ လူအများသည် လုံခြုံရေးကို အချိန်အတော်ကြာ တင်းကျပ်ထားပြီးနောက် စိတ်သက်သာရာရလာကြသည်၊၊ ယာဥ်တန်းခေါင်းဆောင်များကလည်း နောက်ထပ်ဖြစ်ပေါ်လာနိုင်သော အခြေအနေများအတွက် ပြင်ဆင်နိုင်ရန် အဖွဲ့ဝင်များကို အလှည့်ကျ အနားယူစေကြသည်၊၊

သို့သော် လင်းရှန်တွင် အနားယူရန် အစီအစဉ်မရှိပေ၊၊ အကြောင်းမှာ ထူးဆန်းသော ကုဗတုံးက စွမ်းအင်ပြောင်းလဲပေးနေဆဲဖြစ်သောကြောင့်ဖြစ်သည်၊၊

[ယန္တရားမဟုတ်သော စွမ်းအင်များကို အသွင်ပြောင်းပြီးပါပြီ၊၊ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်]

စွမ်းအင်များ အလုံအလောက်ဖြည့်တင်းပြီးနောက် လင်းရှန်သည် ကျန်ရှိနေသော ရထားတွဲများကို ဆက်ပြီးဝါးမျိုရန် ပြင်ဆင်လိုက်သည်၊၊ နူကလီးယားစွမ်းအင်သုံး ရထားတွဲနှစ်တွဲသည်လည်း ဖြေရှင်းရန် စောင့်နေသည်၊၊ ဤအခြေနေမျိုးတွင် အိပ်စက်နေရန် အချိန်မရှိပေ၊၊ အိပ်ပျော်နေစဉ်အတွင်း စခန်းတစ်ခုလုံး ပေါက်ကွဲသွားနိုင်သည်၊၊

ဂရေ့စ်ပြောသည်မှာ မှန်ပေသည်… လင်းရှန်တွင် စိုးရိမ်ပူပန်မှုများစွာ ရှိနေသည်၊၊ မကြာသေးမီက သူ ကောင်းမွန်စွာမအိပ်ရသေးဘဲ ဝါးမျိုခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများသာ ပြုလုပ်နေရသည်၊၊

သူသည် စွမ်းအားတိုးတက်ရေးနှင့် လုံခြုံမှုတို့ကို အမြဲတမ်း တောင့်တနေခဲ့သည်၊၊

ရထားပေါ်တွင် ချန်ဆီရွှမ်၊ တာလို့၊ ရှုချင်း၊ လော့ယန်၊ လီယီနှင့် အခြားလူများ ရှိနေသဖြင့် လင်းရှန် အနည်းငယ် စိတ်သက်သာရာရသည်၊၊ အင်ဂျင်နီယာအဖွဲ့တွင် ဝါရင့်အင်ဂျင်နီယာဟောင်း လူအိုကြီးမိုပါဝင်လာခြင်းကြောင့် ရထားပြဿနာအတော်များများကို တိုက်ရိုက်ဖြေရှင်းနိုင်လာကာ ဂရေ့စ်၏ အကူအညီဖြင့် လင်းရှန်၏ အင်အားများကို သက်သာစေသည်၊၊

အဓိကအချက်က တွင်းနက်မှ အသက်ရှင်လျက် လွတ်မြောက်ရန်သာဖြစ်သည်၊၊

All Chapters