← Chapters

အခန်း (၆၄၂-၆၄၃)

Vol. 39 Ch. 642-643

အခန်း (၆၄၂-၆၄၃)

Vol. 39 Ch. 642-643

Chapter 642

တိတ်ဆိတ်မြို့တော် ၆

တင်းကျန်းရီ ခေါင်းခါလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်၊၊

“လုံးဝကြီးတော့ မဟုတ်သေးဘူး… အခုလို အချိန်ပြောင်းလဲမှု အကျိုးသက်ရောက်မှုတွေက အများကြီးတိုးလာတယ်ဆိုရင် တွင်းနက်ရဲ့ အလယ်ဗဟိုနဲ့ နီးလေလေ အချိန်စီးဆင်းမှုက နှေးသွားပြီး အပြင်ဘက် ဧရိယာတွေမှာတော့ အကျိုးသက်ရောက်မှု နည်းနိုင်တယ်”

“ဒါပေမဲ့ ဒါက အရမ်းကို ထူးဆန်းလွန်းတယ်”

“ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်”

လင်းရှန်၏ မျက်မှောင်သည် အလေးအနက် ကြုတ်ထားပြီး ဂရေ့စ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဂရေ့စ်… အဖြူရောင်မြို့ရဲ့ မူလရထားဘူတာ ရထားလမ်းတွေကို အမြန်ဆုံး ကင်းထောက်ပြီးရင် ပြန်ခဲ့တော့”

[ဂရေ့စ် လက်ခံရရှိပါပြီ၊ အခု အဖြူရောင်မြို့ဧရိယာထဲကို ဝင်ဖို့ ပြင်ဆင်နေပါတယ်]

“ရှင်က ရထားလမ်းခင်းဖို့ အစီအစဉ်ကို ပြင်ဆင်နေတုန်းပဲလား”

ကီကီက လင်းရှန်ကို မေးလိုက်သည်။

“ပိုကောင်းတဲ့ အစီအစဉ်မရှိသေးဘူး”

လင်းရှန်က ပြတ်သားစွာ ပြောလိုက်သည်၊၊

“ဂရေ့စ်ရဲ့ ကင်းထောက်မြေပုံက မူလဒေသရဲ့ မြေပုံနဲ့ အခြေခံအားဖြင့် တူညီနေတယ်… အခု အဖြူရောင်မြို့ရဲ့ တည်နေရာကိုလည်း အတည်ပြုပြီးပြီဆိုတော့ ဦးတည်ချက်နဲ့ တည်နေရာမှန်တာ သေချာတယ်”

လင်းရှန်က ဆက်သွယ်ရေးကိရိယာကို ထုတ်ကာ တောင်တန်းဒေသ၏ မြေပုံကို ဖွင့်လိုက်သည်၊၊

“ဒီလို ကြည့်ရအောင်… ငါတို့ ရှေ့ပိုင်းတစ်ခုလုံးကို ပြန်ဖွဲ့စည်းဖို့ လိုအပ်တယ်… နည်းလမ်းနှစ်မျိုးသုံးမယ်… လူတွေကို စုစည်းဖို့အတွက် တွဲအချို့ကို စွန့်လွှတ်မယ်…. ပြီးတော့ လူအချို့ကို ထရပ်ကားတွေ သုံးခိုင်းပြီး ရထားရဲ့ ပစ်အားနဲ့ အကာအကွယ်ပေးမယ်… ဒီလိုလုပ်ရင် ရထားရဲ့ အရှည်ကို အများကြီးလျှော့ချနိုင်ပြီး ရထားလမ်းပြဿနာအပေါ် ဖိအားတွေကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်လိမ့်မယ်”

“ဒါပေမဲ့ ဒါက ရထားတွဲအရှည်ပြဿနာကိုပဲ ဖြေရှင်းနိုင်မယ်… ရေနဲ့တွေ့ရင် တံတားဆောက်ရမယ်၊ တောင်တွေကို တွေ့ရင် လမ်းဖောက်ရဦးမယ်… ကျွန်မတို့ စွမ်းအားရှင်တွေအပြင် ယာဉ်တန်းရဲ့ အင်ဂျင်နီယာအဖွဲ့တွေနဲ့ ဆောက်လုပ်ရေးစက်ယန္တရားတွေ အကုန်လုံးကို ထုတ်သုံးဖို့လိုလိမ့်မယ်”

ချန်ဆီရွှမ်က ထောက်ပြသည်၊၊

လင်းရှန်လည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်၊၊

“ဒါကြောင့် ငါတို့ အစွမ်းကုန် ကြိုးစားရမှာပဲ… ဂရေ့စ်ရဲ့ ကင်းထောက်ပြီး ပြန်လာတာကိုလည်း စောင့်ရဦးမယ်… အဖြူရောင်မြို့ရဲ့ ရထားလမ်းတွေက သုံးမရတော့ဘူးဆိုရင်တော့… ငါတို့က “သေတ္တာဆွဲခြင်း” နည်းလမ်းပဲ သုံးရတော့မယ်”

“သေတ္တာဆွဲခြင်း” ဆိုသည်မှာ လင်းရှန်နှင့် အခြားယာဉ်တန်းများ အရင်က ဆွေးနွေးခဲ့ဖူးသည့် အရိုးရှင်းဆုံး အစီအစဉ်ဖြစ်ပြီး ဘုရင်မ မိုနီကာနှင့် နဂါးတောင် (၁) ကဲ့သို့ မြေမျက်နှာပြင်မရွေး သွားနိုင်သည့် ရထားတွဲများကို အသုံးပြုကာ လင်းရှန်က လူများတင်ဆောင်ရန် သံလမ်းတပ် ရထားတွဲအချို့ကို ယာယီထုတ်လုပ်ပြီး ရှေ့သို့ ဆွဲသွားခြင်း ဖြစ်သည်၊ အခြားရထားတွဲအားလုံးကို စွန့်လွှတ်ရမည့်… လုံးဝခက်ခဲသော အခြေနေတွင် သုံးမည့် နည်းလမ်းပင် ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရေးစနစ်တွေကို အရင်ပြင်ဆင်ထားကြပါ”

လင်းရှန်သည် ဝါးမျိုနေရင်း အခြားသူများနှင့် ဆက်သွယ်နေစဉ် ဂရေ့စ်၏ အသံသည် ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။

[ကျွန်မ အဖြူရောင်မြို့ ဧရိယာထဲကို ဝင်ရောက်လာပါပြီ၊၊ ကျွန်မရဲ့ အာရုံခံစနစ်တွေက ဒီမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်း သက်ရောက်မှုကို တွေ့ရှိရပါတယ်၊၊ စုံစမ်းဖို့အတွက် ချဉ်းကပ်နေပါတယ်]

[ဂျစ်... ဂျစ်... မြို့လယ်ဧရိယာနားကို ချဉ်းကပ်နေပါတယ်၊ ဘာသက်ရှိမှ မတွေ့ရပါဘူး]

[ဂျစ်... ဂျစ်… ကျွန်မ အခု မိလ္လာသန့်စင်စက်ရုံဟောင်းတစ်ခုရဲ့ အပေါ်မှာ ရောက်နေပါတယ်၊၊ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့ရပါတယ်၊ အဲ့ဒါက အမြင့် ၁၃ မီတာလောက်ရှိတဲ့ လူလုပ်ရုပ်တု တစ်ခုပါ၊၊ ပုံစံကြည့်ရတာတော့ မူလ Lion City ရဲ့ အထိမ်းအမှတ် ရုပ်တုဖြစ်တဲ့ ခြင်္သေ့ငါး (ခြင်္သေ့ခေါင်း ငါးအမြီး) ရုပ်တုကြီးနဲ့ တူပါတယ်…ဒါပေမဲ့ သူ့ပတ်ဝန်းကျင်မှာ အားကောင်းတဲ့ လျှပ်စစ်သံလိုက် နှောင့်ယှက်မှုတွေနဲ့ အလင်းပုံပျက်မှုတွေ ရှိနေပါတယ်၊၊ ရှင်ပြောဖူးတဲ့ အာခီစိုင်းစွန့်ပစ်နယ်မြေက တားမြစ်ပစ္စည်းနဲ့ တူနေပါတယ်… အချက်အလက်ပေးပို့မှု အကန့်အသတ်ကြောင့် ကျွန်မ ရရှိတဲ့ ပုံရိပ်ကို ပြန်ပို့ပေးလိုက်ပါတယ်]

ဂရေ့စ် ပြန်ပို့လိုက်သော အချက်အလက်ကို လူတိုင်း ကြားလိုက်ရပြီးနောက် မိနစ်အနည်းငယ် အကြာတွင် ဝေဝါးနေသည့် ပုံရိပ်တစ်ခုသည် ဆက်သွယ်ရေးကိရိယာမျက်နှာပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။

၎င်းသည် အနီအောက်ရောင်ခြည် ညကြည့်စနစ်ဖြင့် ရိုက်ကူးထားသော ပုံရိပ်တစ်ခု ဖြစ်ပြီး ပျက်စီးနေသော မြို့ပျက်ကြီး၏ ညအချိန် စက်ရုံတစ်ခုပေါ်တွင် ထူးဆန်းစွာ လွင့်မျောနေသော ခြင်္သေ့ခေါင်းငါးအမြီးရုပ်တုကြီးတစ်ခုကို တွေ့လိုက်ရသည်၊၊ ပုံပေါ်ရှိ ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် အဖြူရောင်လှိုင်းအနှောင့်အယှက်များဖြင့် ပြည့်နှက်နေသည်၊၊ ရှင်းရှင်းလင်းလင်းမရှိသော်လည်း လင်းရှန်သည် ထိုထူးဆန်းသော ရုပ်တုကြီးကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားသည်၊၊ ၎င်းသည် အာခီစိုင်းသဲကန္တာရတွင် သူတို့ တွေ့ခဲ့ရသော အရာပင်ဖြစ်သည်။

“ဒီအရာက အာခီစိုင်းသဲကန္တာရမှာ ရှိခဲ့တာ မဟုတ်ဘူးလား… ဒီကို ဘယ်လိုပြန်ရောက်လာတာလဲ”

ချူယန် ပြောခဲ့သည့် အနီရောင်ကမ္ဘာ၏ လှုပ်ရှားမှုကြောင့် ဤအရာသည် သူတို့နှင့်အတူပါလာခဲ့ခြင်းများလား။

[ဂျစ်... ဂျစ်... အန္တရာယ်ရှိတဲ့ ပစ်မှတ်ကို တွေ့ရှိပါတယ်၊၊ အကွာအဝေး မီတာ ၇၀၀]

မကြာမီ ဒုတိယမြောက် ဝေဝါးသော ဓာတ်ပုံတစ်ပုံ ပြန်ရောက်လာပြီး လင်းရှန်နှင့် ကီကီတို့သည် ညကြည့်စနစ်၏ ပုံရိပ်ထဲတွင် ထိုမိလ္လာသန့်စင်စက်ရုံ၏ ပျက်စီးနေသော တံခါးဝတွင် လူသားပုံသဏ္ဌာန်အရိပ်တစ်ခု မထင်မှတ်ဘဲ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။

ကီကီသည် ပုံကို ချက်ချင်း ချဲ့ကြည့်လိုက်ရာ လှိုင်းအနှောင့်အယှက်များ ကြားတွင် ထိုအမည်းရောင်အရိပ်သည် ထူးဆန်းသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ထူးဆန်းသော ဦးထုပ်တစ်လုံး ဆောင်းထားသည်ကို တွေ့ရသည်။ ထိုသို့သော ဝတ်စားဆင်ယင်မှုသည် ဖုတ်ကောင် သို့မဟုတ် အမှောင်သတ္တဝါမဟုတ်သည်မှာ ထင်ရှားပေသည်၊၊ သို့သော် အပြည့်အစုံ လက်နက်တပ်ဆင်ထားသော အသက်ရှင်ကျန်ရစ်သူနှင့်လည်း မတူဘဲ တစ်ကိုယ်လုံးကို ရည်ရွယ်ချက်ရှိရှိဖုံးအုပ်ထားသည့်ပုံစံမှာ အလွန်ပင် ထူးဆန်းနေသည်။

“ဒါက... လူတစ်ယောက်လား”

ကီကီ တီးတိုးရေရွတ်လိုက်သည်။

ယခုကဲ့သို့ တွင်းနက်ကြီး ဖုံးလွှမ်းထားသော မြို့ပျက်ကြီးထဲတွင်… အမည်မသိ တားမြစ်ပစ္စည်းရုပ်တုကြီး၏ အောက်တွင် လူတစ်ယောက်ပေါ်လာသည်က စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

ဤထူးဆန်းသော မြင်ကွင်းသည် ကျောချမ်းဖွယ် ခံစားချက်ကို ချက်ချင်း ဖြစ်ပေါ်စေသည်။

အဖြူရောင်မြို့၊ မနက် ၃ နာရီ ၃၅ မိနစ်။

ကမ္ဘာပျက်ကပ်နေ့မှစ၍ တွင်းနက်သည် ဤမြို့ကို ရက်ပေါင်းတစ်ရာတိုင်တိုင် ဝါးမျိုထားခဲ့ပြီဖြစ်သည်။

နေထွက်ခြင်း၊ နေဝင်ခြင်း မရှိဘဲ ထာဝရအမှောင်ညသာ ရှိသည်။ ခဲပုတ်ရောင်တိမ်တိုက်များနှင့် နက်ပြာရောင် ကောင်းကင်သည် ညစ်ထပ်ထပ် အဝတ်စတစ်ခုကဲ့သို့ တောင်ပေါ်မြို့ဟောင်း၏ အဆောက်အဦပျက်များအပေါ်တွင် ချိတ်ဆွဲထားသကဲ့သို့ပင်… တစ်ချိန်က စည်ကားခဲ့သော လမ်းမများနှင့် အဆောက်အဦအလွတ်များသည် ယခုအခါ လမ်းမများဘေးတွင် တိတ်ဆိတ်စွာရှိနေသည်၊၊

လေသည် အပျက်အစီးများကြားမှ တိုးဝှေ့တိုက်ခတ်ရင်း ဖုန်မှုန့်များနှင့် စက္ကူစများကို ညည်းတွားသံပေးကာ လွင့်ပျံနေစေသည်၊၊ လမ်းမီးတိုင်များသည် သံချေးတက်ကာ မီးငြိမ်းနေသည်မှာ ကြာပြီဖြစ်ပြီး ပိန်းပိတ်နေသော အမှောင်ထုထဲတွင် အာကာသဟင်းလင်းပြင်ပြောင်းလဲမှုများကြောင့် မတည်ငြိမ်သော ပုံပျက်မှုများ အမြဲတစေဖြစ်ပေါ်နေသည်၊၊

လမ်းမများပေါ်တွင် စွန့်ပစ်ထားသော ယာဉ်များသည် သံချေးများတက်နေပြီး တံခါးများက လှုပ်ယမ်းနေသည်၊၊ အတွင်းရှိ လူများသည် ရုတ်တရက် အငွေ့ပျံသွားသည်လား… ပြတင်းပေါက် မှန်များကွဲနေသော ဆိုင်ခန်းများထဲတွင် စင်များ ပြိုကျနေပြီး ကုန်ပစ္စည်းများမှာ ဟိုတစ်စ… ဒီတစ်စ ပြန့်ကျဲနေကာ ပလတ်စတစ်များသည် ကြွပ်ဆတ်ကာ ထိလိုက်ရုံဖြင့် ဖုန်မှုန့်အဖြစ် ကြေမွသွားနိုင်ပုံရသည်။

ဝုန်း

စောင်းနေသော တိုက်တစ်ခုသည် ပြိုကျလုနီးပါး ဖြစ်နေပြီး ဝရံတာပေါ်ရှိ အဝတ်အစားများသည် ရာသီဥတုဒဏ်ကြောင့် အရောင်လွင့်နေသည်မှာ ကြာပြီဖြစ်သည်၊၊ ဂရေ့စ်သည် အမြင့်ပိုင်းနေရာတစ်ခုသို့ အသာအယာခုန်တတ်လိုက်သည်၊၊ သူမ၏ လှုပ်ရှားမှု စွမ်းရည်သည် ဆင့်ကဲပြောင်းလဲလာသူ အများစုထက် လုံးဝ သာလွန်နေပြီး ဤထူးဆန်းသော အမှောင်ကမ္ဘာထဲတွင် အမှောင်စွမ်းအင်၏ တိုက်စားခြင်းကို မခံရပေ။

အမြင်အာရုံစနစ်နှင့် ရေဒါစနစ်တို့သည် ရှေ့ရှိ မိလ္လာသန့်စင်စက်ရုံအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားသော အရိပ်ကို အဆက်မပြတ် ခြေရာခံနေသည်။

[အပူအာရုံခံစနစ်က ဖမ်းယူလို့ မရပါဘူး၊၊ လှုပ်ရှားမှု လက္ခဏာများကို စောင့်ကြည့် လေ့လာချက်အရ လူသားဖြစ်နိုင်ခြေ ရှိပါတယ်]

ဂရေ့စ်သည် ရေကန်နက်ဘေးရှိ ရထားစခန်းသို့ ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ပေးပို့လိုက်သော်လည်း အချက်ပြလှိုင်းတွင် အချိန်တိုင်းတာမှုဆိုင်ရာ ကြန့်ကြာမှုများ သိသိသာသာ ရှိနေသည်။

Chapter 643

တိတ်ဆိတ်မြို့တော်

ထိုအချိန်တွင် ဂရေ့စ်သည် ထူးဆန်းသော ထိုအရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

တစ်ချိန်တည်းမှာပင် လင်းရှန်၏ ညွှန်ကြားချက်များ ရောက်ရှိလာသည်။

“အဖြူရောင်မြို့ ရထားဘူတာရဲ့ မြေပြင်အနေအထားကို ကင်းထောက်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့”

[နားလည်ပါပြီ]

ခေါင်မိုးပေါ်တွင် ဆက်သွယ်ရေး အချက်ပြတိုင်အသစ်ကို တပ်ဆင်ပြီးနောက် ဂရေ့စ်သည် တွက်ချက်ထားသော လမ်းကြောင်းအတိုင်း အဖြူရောင်မြို့ ရထားဘူတာဆီသို့ စတင်ဦးတည်လိုက်သည်။ သူမ၏ တာဝန်များတွင် မြေပြင်အနေအထားနှင့် အတားအဆီးများကို မှတ်သားခြင်း၊ ရထားလမ်းများ ကောင်းမွန်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ပါဝင်သည်။

သူမသည် လှုပ်ရှားမှုပုံရိပ်အားလုံးကို လင်းရှန်ထံသို့ အဆက်မပြတ် ပေးပို့နေသည်။

ပေးပို့လာသော ပုံရိပ်များကို မြင်တွေ့ရသောအခါ ကြောက်မက်ဖွယ်ကောင်းပြီး အမှောင်ထုဖုံးလွှမ်းနေသည့် စွန့်ပစ်ထားသော တောင်ပေါ်မြို့ပျက်ကြီးတစ်ခုသည် လင်းရှန်၏ မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။

ဤမြို့သည် ယခင်က ဖြတ်သန်းခဲ့သော မြို့များနှင့် မတူပေ၊၊ ပုံရိပ်ထဲမှ အဖြူရောင်မြို့သည် ကမ္ဘာပျက်ကပ်နေ့အပြီး ရက်ပေါင်း ၁၀၀ ကြာပြီးနောက် ဖြစ်ပေါ်လေ့ရှိသော ပျက်စီးယိုယွင်းမှု အခြေအနေနှင့် မတူဘဲ အနှစ်သုံးဆယ်ခန့် စွန့်ပစ်ထားသကဲ့သို့ ဖြစ်နေသည်၊၊ လူသားများနေထိုင်ခဲ့သည့် အမှတ်အသားအားလုံး ပျက်စီးနေပြီး တစ်ကမ္ဘာလုံး၏ မေ့လျော့ခြင်းခံထားရသကဲ့သို့ မည်သည့် သက်ရှိအရိပ်ယောင်မျှ မရှိပေ။ တစ်ခုတည်းသော အဆောက်အဦ၏ အရိပ်သည် ထူထပ်သော အမည်းရောင်မြူများဖြင့် ဖုံးလွှမ်းနေပြီး လမ်းမများ၊ ဆိုင်းဘုတ်များ၊ ပိုစတာများ သို့မဟုတ် မည်သည့် အရောင်အသွေးရှိသောအရာမဆို အရောင်လွင့်ကွာကျနေကာ ခေတ်ဟောင်ရုပ်ရှင်များထဲမှ အဖြူအမည်းမြို့ကြီးများနှင့် တူနေသည်။

ဂရေ့စ်သည် ခေါင်မိုးများနှင့် လမ်းကြားများကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်၊ သူမကိုယ်ထဲမှ အာရုံကြောသုံးသန်းသည် သူမအား ထူးခြားသော ဖျတ်လတ်မှုနှင့် ပေါက်ကွဲအားကို ပေးစွမ်းထားသည်။ သူမ၏ ကိုယ်အလေးချိန်မှာ တန်ဝက်နီးပါး ရှိသော်လည်း မြူထူထပ်သောမြို့ထဲတွင် ဘဲလေးအကမယ်တစ်ဦးကဲ့သို့ ကျော့ရှင်းသောအမူယာဖြင့် ရွေ့လျားနေသည်။

ဂရေ့စ်၏ စူးစမ်းရှာဖွေရေးရေဒါနှင့် အာရုံခံကိရိယာများသည် တစ်စက္ကန့်လျှင် အကြိမ်ပေါင်းသန်းနဲ့ချီ တွက်ချက်နေပြီး ရုတ်တရက် သူမသည် အဖြူရောင်မြို့ ဘူတာရုံ၏ ဗဟိုရင်ပြင်ဘေးရှိ ခေါင်မိုးတစ်ခုပေါ်တွင် ရပ်တန့်လိုက်သည်၊ ကမ္ဘာပျက်ကပ်နေ့ထဲက ရပ်တန့်နေသော နာရီစင်ကြီးတစ်ခု၏ နောက်တွင် သူမ ရပ်နေခြင်း ဖြစ်သည်။ သူမ၏ ရေဒါသည် ရင်ပြင်ထဲတွင် စွန့်ပစ်ထားသော ယာဉ်များဖြင့် ဖွဲ့စည်းထားသည့် ကာကွယ်ရေးလိုင်းတစ်ခုရှိနေသည်ကို တွေ့ရှိလိုက်သည်။

ပျက်စီးနေပြီး စွန့်ပစ်ထားသော ယာဉ်အစီးရေ နှစ်ဆယ်ခန့်သည် ရင်ပြင်ထဲတွင် ပြန့်ကျဲနေသည်၊၊ အများစုမှာ အဆင့်မြင့် မြေမျက်နှာပြင်မရွေး သွားနိုင်သည့် သံလမ်းတပ်ယာဉ်များနှင့် ကြီးမားသော ထရပ်ကားများ ဖြစ်ကြသည်။ ၎င်းတို့၏ တည်ရှိပုံအရ တစ်ချိန်က ဤနေရာတွင် ကာကွယ်ရေးလိုင်းတစ်ခု တည်ဆောက်ခဲ့ပုံရပြီး ယာဉ်များ၏ ပတ်ပတ်လည်တွင် ခြောက်သွေ့နေသော သွေးကွက်များကို တွေ့ရသည်။

ဤယာဉ်များသည် ဘူတာရုံရှေ့ရှိ ပွင့်လင်းသော ရင်ပြင်ထဲတွင် တိတ်ဆိတ်စွာ ရှိနေကြသည်၊ ပတ်ဝန်းကျင်ရှိ အဆောက်အဦများနှင့် လမ်းမများပေါ်တွင်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခု၏ အကျိုးဆက်များအဖြစ် လက်နက်များနှင့် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျင်းများကို တွေ့ရသည်။ သို့သော် ထူးဆန်းသည်မှာ လူတစ်ယောက်မျှ မရှိခြင်းပင်၊၊ အလောင်းတစ်လောင်းတောင် မတွေ့ရပေ...

ဂရေ့စ်သည် အမြင်အာရုံစကင်ဖတ်ခြင်းနှင့် လှုပ်ရှားမှုရေဒါတို့ဖြင့် စောင့်ကြည့်သော်လည်း ဤနေရာတွင် သက်ရှိအရိပ်ယောင်တစ်ခုမှမတွေ့ရပေ။ သူမသည် မြင့်မားသော အဆောက်အဦပေါ်မှ တိုက်ရိုက်ခုန်ချလိုက်ပြီး မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်လိုက်သည်၊၊ ထို့နောက် လင်းရှန်ထံသို့ ပေးပို့ရန်အတွက် အသုံးဝင်သော အချက်အလက်များကို ရှာဖွေရန် ယာဉ်များကို စကင်ဖတ်လိုက်သည်။

[ပစ္စည်းအချို့နဲ့ ယာဉ်ပေါ်က ဆေးခြယ်ထားတဲ့ အမှတ်အသားတွေအရ ဒီနေရာက ယာဉ်တွေဟာ ကံကြမ္မာ-သက်ရှည်ယာဥ်တန်း၊ အာရုဏ်ဦးယာဥ်တန်းယေ အာခီစိုင်းညီနောင်များယာဥ်တန်း၊ လေပြင်းယာဥ်တန်း... တွေနဲ့ သက်ဆိုင်ပါတယ်၊ တခြားယာဥ်တန်းတွေကိုတော့ မသိရသေးပါဘူး]

[အသက်ရှင်ကျန်ရစ်သူ အရေအတွက် - ၀၊ အလောင်း ရှာဖွေတွေ့ရှိမှု - ၀]

[တိုက်ပွဲဖြစ်ပွားချိန်မှာ လွန်ခဲ့တဲ့ ၁၃ နာရီကနေ ၁၅ နာရီအတွင်း ဖြစ်ပါတယ်၊ အချိန်ပြောင်းလဲမှု နှုန်းထားကို တွက်ချက်ကြည့်ရင်… မနေ့က ညနေ ၅ နာရီ ၃၅ မိနစ် ဝန်းကျင် ဖြစ်နိုင်ပါတယ်၊၊ အဲ့ဒီအချိန်က တွင်းနက်ရဲ့ ဝါးမျိုမှုခံရတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်]

ဟူလုရှို့၏ အဖွဲ့ကို အဖြူရောင်မြို့တွင် တွေ့ရလိမ့်မည်ဟု လင်းရှန် မမျှော်လင့်ထားခဲ့ပေ။ ပေးပို့လာသော အချက်အလက်များကို ကြည့်ခြင်းအားဖြင့် သူတို့ တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားသည်၊၊ သို့သော် ထူးဆန်းသည်မှာ အနည်းဆုံး ယာဉ်အစီးရေတစ်ရာကျော်ပါဝင်သော အဖွဲ့ထဲမှ ယာဉ်အစီးရေနှစ်ဆယ်ခန့်သာ ရင်ပြင်တွင် ရှိနေပြီး အလောင်းတစ်လောင်းမျှ မတွေ့ရခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။

ဂရေ့စ်သည် အဖြူရောင်မြို့ ရထားဘူတာရင်ပြင်မှ လျင်မြန်စွာ ပြေးထွက်သွားပြီး နောက်ဘက်ရှိ ရထားဘူတာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

အဖြူရောင်မြို့၏ ရထားလမ်းများသည် မြို့အစွန်ကို ဖြတ်ကျော်ကာ တောင်ကြားလမ်းများအတိုင်း ဝေးကွာသော တောင်တန်းများဆီသို့ ကွေ့ကောက်သွားကြသည်။ ဂရေ့စ်သည် ရထားလမ်းပေါ်သို့ တက်လိုက်ပြီး စကင်ဖတ်ကြည့်သောအခါ ရထားဘူတာ၏ သံမဏိအဆောက်အဦများနှင့် ရထားလမ်းများမှာ သံချေးတက်ကာ ပြိုကျပျက်စီးနေသည်ကို တွေ့ရသည်။ လမ်းဖောင်ဒေးရှင်းအချို့နေရာများက အက်ကွဲနေသဖြင့် အခြေအနေမှာ မျှော်လင့်ထားသည်ထက် ပို၍ဆိုးရွားနေသည်။

[ရထားလမ်း အခြေအနေ မကောင်းပါဘူး၊၊ ၃၀ ရာခိုင်နှုန်းကျော်ကို ထပ်မံပြုပြင်ဖို့ လိုအပ်ပါတယ်.. မဟုတ်ရင် ရထားတွေအတွက် ကြီးမားတဲ့ ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်]

သတင်းဆိုးများ တစ်ခုပြီးတစ်ခုရောက်လာသဖြင့် အနန္တရထား၏ တွဲအမှတ် ၂၁ အတွင်းရှိ လေထုမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး လူတိုင်းသည် ဂရေ့စ် ပေးပို့မည့် အချက်အလက်များကို စောင့်မျှော်နေကြသည်။ လက်ရှိ အခြေအနေများအရ ကီလိုမီတာ ၁၀၀ ကျော်တွင် ရထားလမ်းပြဿနာများ ရှိနေပြီး ထိုပြဿနာများအပြင် ထူးဆန်းစွာ လွင့်မျောနေသော ခြင်္သေ့ငါးရုပ်တုကြီးကလည်း လူတိုင်းကို ကျောချမ်းစေသည်။

[ဂရေ့စ်ရဲ့ အကဲဖြတ်ချက်အရ ပြဿနာရှိနေတဲ့ နေရာပေါင်း ၁၉၅ ခုကျော်ကို ရထားလမ်းခင်းစက်တွေနဲ့ ပြုပြင်လို့ မရနိုင်ပါဘူး၊၊ ပိုပြီး ဖြစ်နိုင်ခြေရှိတဲ့ အခြားနည်းလမ်းတွေကို အကြံပြုပါတယ်]

လူတိုင်း၏ အကြည့်မှာ လင်းရှန်ထံသို့ ရောက်ရှိလာကြသည်၊၊ အားလုံးသည် တောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ဖိအားများကို ခံစားနေရသည်။

လင်းရှန် ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်မှာပင် ဂရေ့စ်၏ အသံသည် ထပ်မံ ထွက်ပေါ်လာသည်။

[ဂျစ်... ဂျစ်... ကျွန်မရဲ့ ရေဒါက အဖြူရောင်မြို့ရထားဘူတာတည်နေရာရဲ့ မိုးကုတ်စက်ဝိုင်းဆုံမှတ်ထောင့် ဝ၄၃ ဒီဂရီ၊ ၁၅ ကီလိုမီတာကျော်အကွာဝေးမှာ အလွန်ကြီးမားတဲ့ လူလုပ်ယန္တရားဖွဲ့စည်းပုံတစ်ခုရှိနေတာကို ပြနေပါတယ်]

ဂရေ့စ်သည် ချက်ချင်းပင် ရထားလမ်းအတိုင်း အဖြူရောင်မြို့ပြင်ရှိ တောင်ကြားဒေသဆီသို့ လျင်မြန်စွာ ပြေးသွားသည်။ သူမ ပိုနီးကပ်သွားသည်နှင့်အမျှ ရေဒါစနစ်တွင် တိကျသော တုံ့ပြန်မှုများကို ရရှိလာပြီး ညကြည့်စနစ်တွင် ကောင်းကင်မြို့ကြီးတစ်ခုကဲ့သို့ ကြီးမားလှသော ယန္တရားဖွဲ့စည်းပုံကြီးကို မြင်တွေ့လိုက်ရသည်။

မင်ရည်ကဲ့သို့ နက်မှောင်နေသော အမှောင်ထုသည် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

အစပိုင်းတွင် ၎င်းသည် မိုးကုပ်စက်ဝိုင်းပေါ်ရှိ အရိပ်တစ်ခုအလားဖြစ်ပြီး ၎င်း၏ ကြီးမားသော ပုံသဏ္ဌာန်မှာ တောင်တန်းတစ်ခုကဲ့သို့ ဝေဝါးနေသည်၊၊ ဂရေ့စ် ပိုနီးကပ်စွာ ချဉ်းကပ်သွားချိန်တွင်မှ ထိုလေးထောင့်ပုံသဏ္ဌာန်အရာ၏ ပုံရိပ်အမှန်ကို တွေ့မြင်လိုက်ရသည်၊၊

၎င်းသည် သေဆုံးပြီး ပြိုလဲနေသော မြို့ကြီးတစ်မြို့နှင့် တူနေသည်၊၊

ကီလိုမီတာပေါင်းများစွာ ရှည်လျားသော မိုးပျံမြို့တော်ကြီး၏ ဧရာမ အစိတ်အပိုင်းကြီးကဲ့သို့ပင်…မိုးမျှော်တိုက်များကဲ့သို့ စီတန်းထားသော အင်ဂျင်နှစ်တန်းသည် ညအမှောင်ထဲတွင် နက်ရှိုင်းသော တွင်းနက်ကြီးများကဲ့သို့ ပေါ်နေပြီး ထိုမိုးပျံမြို့တော်၏ ဘေးတွင် ဧရာမ အာကာသစခန်းများနှင့် တူသော ကွင်းပုံသဏ္ဌာန် လွင့်မျောအဆောက်အဦလေးခု ရှိနေသည်။ ဤရွှေ့လျားမြို့တော်ကြီးသည် တောင်ကြားကို ဖြတ်ကျော်ကာ တည်ရှိနေပြီး ကောင်းကင်ကိုပင် ဖုံးကွယ်ထားသည်။ အကယ်၍ ၎င်း၏ လူလုပ်အဆောက်အဦပုံသဏ္ဌာန်များသာ အထင်ရှားမရှိပါက တောင်ထိပ်များဟုပင် ထင်မှတ်မှားနိုင်စရာရှိသည်။

၎င်းတွင် ပျံသန်းရေးအင်ဂျင်စနစ်များရှိသော်လည်း ၎င်း၏ အောက်ခြေတွင် တောင်ကြားထဲ၌ နက်ရှိုင်းစွာ မြုပ်ဝင်နေသော ကြီးမားသောဘီးနှစ်တန်းရှိနေပြီး တစ်ခုစီသည် အိမ်တစ်လုံးစာမျှ ကြီးမားနေကာ လူသားတို့၏ စက်မှုပညာဖန်တီးနိုင်စွမ်း၏ ထည်ဝါမှုကို ပြသနေသည်။

သို့သော် ဤရွှေ့လျားမြို့တော်ကြီးသည် အမှောင်ထုထဲ၌ လုံးဝ ဖုံးအုပ်ခံထားနေသည်၊၊ အင်ဂျင်သံများ၊ ရှာဖွေရေးမီးများ သို့မဟုတ် အအေးဒဏ်ကြောင့် ကျုံ့ဝင်နေသော သတ္တုအသံပင် မကြားရပေ။ အထပ်ထပ်ဆင့်ထားသော သင်္ဘောကဲ့သို့ အဆောက်အဦများတွင် တောက်ပသော မီးရောင်များရှိနေရမည့်အစား အမှောင်ထုသာ ဖုံးလွှမ်းနေသည်။ မြို့တော်၏ ကိုယ်ထည် ဘေးဘက်တွင်တော့ အရိပ်များထဲ၌ ကြီးမားသောစာလုံးသုံးလုံးရှိနေသည်၊၊

တိတ်ဆိတ်မြို့တော်…

All Chapters