← Chapters

အခန်း (၆၄၆-၆၄၇)

Vol. 39 Ch. 646-647

အခန်း (၆၄၆-၆၄၇)

Vol. 39 Ch. 646-647

Chapter 646

ပစ်လွှတ်ခြင်းစီမံကိန်း ၃

လူအိုကြီးမို စိတ်ရှုပ်ထွေးနေသည်၊၊ ရှင်းဟွာစက်မှုလုပ်ငန်း၏ ဝါရင့်အင်ဂျင်နီယာတစ်ဦးဖြစ်သော်လည်း လူအိုကြီးမိုသည် လင်းရှန်၏ ရူးသွပ်သော အကြံအစည်ကို အံ့သြတုန်လှုပ်နေသည်၊၊

“ဒါက တကယ်ကို ရူးသွပ်တဲ့ အစီအစဉ်ပဲ၊၊ ဒါပေမဲ့ ပြဿနာက...”

“လူအိုကြီးမို… ဒီအစီအစဉ်က တကယ်ပဲ လျှပ်စစ်သံလိုက်အမြောက်လို ဖြစ်သွားမှာလား”

ရှုချင်းက မေးသည်၊၊

လူအိုကြီးမိုက နားမလည်နိုင်ဖြစ်နေသော လူအုပ်ကြီးကို ကြည့်ကာ ရှင်းပြလိုက်သည်၊၊

“မူလသဘောတရားကတော့ ရိုးရှင်းပါတယ်၊၊ တိတ်ဆိတ်မြို့တော်လို အာကာသယာဉ်ကြီးတွေမှာ လျှပ်ကူးပစ္စည်း သံလိုက်ချိတ်ဆက်မှုစနစ်ပါဝင်တယ်၊၊ အဲဒီကိရိယာက သတ်မှတ်ထားတဲ့ နေရာကို ဦးတည်လိုက်ရင် အားကောင်းတဲ့ သံလိုက်စက်ကွင်းကို ထုတ်ပေးနိုင်ပြီး ယာဉ်ရဲ့ အောက်ခြေမှာ ရှိတဲ့ စွမ်းအင်မြင့်သံလိုက်စက်ကွင်းတွေကတစ်ဆင့် တွန်းကန်အားကို ဖြစ်ပေါ်စေတယ်၊၊ အဲဒါကြောင့် အင်ဂျင်အကူအညီမပါဘဲ မြေပြင်အထက် ၅ မီတာကနေ ၂၀ မီတာအထိ ပျံဝဲနေနိုင်တယ်၊၊ အဲဒါက သံလိုက်ရထားတွေရဲ့ မူလသဘောတရားအတိုင်းပါပဲ၊၊ လင်းရှန်ရဲ့ အကြံကတော့ တိတ်ဆိတ်မြို့တော်ရဲ့စနစ်ကို သုံးပြီး အာကာသထဲမှာ သံလိုက်ရထားလမ်းတစ်ခုခင်းမယ့် သဘောပဲ၊၊ အဲဒီအချိန်မှာငါတို့ရထားကို လျှပ်စစ်သံလိုက်အမြောက်လိုမျိုး ပစ်လွှတ်လို့ ရသွားလိမ့်မယ်”

လူအိုကြီးမို၏ ရှင်းပြချက်ကြောင့် လူတိုင်းသည် လင်းရှန်၏ အံ့ဖွယ်အကြံအစည်ကို ချက်ချင်းနားလည်သွားရုံသာမက ဆက်သွယ်ရေးလိုင်းပေါ်ရှိ ရှီတိယွမ်၊ ချီလီ၊ မိုနီကာနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာလည်း သိသိသာသာပြောင်းလဲသွားသည်၊၊

ထိုအချိန်တွင် ယာဉ်တန်းအသီးသီးရှိ နည်းပညာနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများသည်လည်း စုဝေးရောက်ရှိနေကြသည်၊၊ လင်းရှန်၏ ရည်ရွယ်ချက်ကို ကြားလိုက်ရသောအခါ ယာဥ်တန်းတစ်ခုစီ၏ ဆက်သွယ်ရေးလိုင်းများသည် ပွက်လောရိုက်သွားတော့သည်၊၊

“ရထားတွဲတစ်ခုလုံးကို ပစ်လွှတ်မှာလား”

“ဝိုး… ကပ္ပတိန်လင်းရဲ့ ဦးနှောက်ကတော့ တကယ်ကို အံ့မခန်းပဲ”

“အို ဘုရားရေ”

“ဖြစ်နိုင်ခြေရှိပုံပဲ၊၊ ပျံထွက်သွားတာက ပိုပြီးတော့ ဘေးကင်းမလား”

“မင်းဖင်ကြီးကို ဘေးကင်း…. ဟျောင့် မင်းက ပျံဖို့ပဲ စဉ်းစားနေတာလား… ပြန်ဆင်းဖို့ရော စဉ်းစားရဲ့လား… ငါတို့က ရထားတွေလေ… လေယာဉ်ပျံတွေ မဟုတ်ဘူး…. ငါတို့မှာ ပျံသန်းဖို့ အစိတ်အပိုင်းတွေရော အင်ဂျင်တွေရော မရှိဘူး”

“လျှပ်စစ်သံလိုက်ကွိုင်တွေထဲမှာ ခုန်ပျံသွားရမှာကတော့ တကယ်ကို ရင်ခုန်စရာပဲ… အလင်းတန်းတွေနဲ့ အမှောင်ထုကို ဖောက်ထွက်သွားမယ်”

“လခွီး… လာနောက်နေတာလား…. 20 Gs လောက်ရှိတဲ့ ဖိအားနဲ့တင် အပိုင်းပိုင်းပြတ်သွားလိမ့်မယ်၊၊ ဘာကိုအလင်းတန်းနဲ့ ဖောက်ထွက်မှာလဲ”

“ကပ္ပတိန်လင်း ပြောတဲ့အတိုင်းသာ လုပ်နိုင်မယ်ဆိုရင် ဒါက သေချာပေါက် အောင်မြင်လိမ့်မယ်”

“မြန်မြန် မြန်မြန်… ကွန်ပျူတာနဲ့ ဖြစ်နိုင်ခြေကို တွက်ချက်ကြည့်ကြစမ်း”

အများသုံးလိုင်းတွင် ဆူညံပွက်လောရိုက်နေသော်လည်း ကပ္ပတိန်ဆက်သွယ်ရေးလိုင်းမူ တိတ်ဆိတ်နေသည်၊၊

ရှီတိယွမ်သည် ထိုင်မနေနိုင်တော့ဘဲ အလုပ်ရှုပ်နေသော အင်ဂျင်နီယာအဖွဲ့ကို ခဏခဏလှည့်ကြည့်နေသည်၊၊ ချီလီသည်လည်း ထိုနည်းတူပင် ဖြစ်သော်လည်း သူသည် စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ၊၊ ယင်းအစား သူ၏မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်၊၊ လင်းရှန် ထုတ်ပြလိုက်သော အကြံတိုင်းသည် ဆန်းကြယ်လွန်းရုံသာမက သူ့ကို ပါရမီရှင်တစ်ဦး၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အရည်အချင်းကို ခံစားရစေသည်၊၊

ဘုရင်မ မိုနီကာ ယာဉ်ဖက်တွင်လည်း အင်ဂျင်နီယာအဖွဲ့နှင့် ယာဉ်ပေါ်ရှိ Ai စနစ်များသည် လင်းရှန်၏ စီမံကိန်းကို အဆက်မပြတ်တွက်ချက်နေကြသည်၊၊ မိုနီကာသည် အမှတ် ၁ တွဲအတွင်း တိတ်ဆိတ်စွာ ရပ်နေရင်း စားပွဲပေါ်ရှိ ဆက်သွယ်ရေးကိရိယာကို ပြုံးကာ ကြည့်နေသည်၊၊

ခေါင်းဆောင်များသည် လင်းရှန် သူ၏အစီစဥ်ကို အဆုံးထိပြောပြသည်ကို စောင့်ဆိုင်းနေကြသဖြင့် ချက်ချင်း စကားမပြောကြသေးပေ၊၊

ရှပ်၊၊ ရှပ်၊၊ ရှပ်၊၊

အမှတ် ၂၁ တွဲအတွင်းတွင် လင်းရှန်သည် စောင့်ရှောက်သူ ၈၆ လေကြောင်းကာကွယ်ရေးဒုံးကျည်တစ်ခုကို ထုတ်လုပ်နေသည်၊၊ ဤဒုံးကျည်အမျိုးအစားသည် အလျား ၂.၅ မီတာ၊၊ အချင်း ၀.၁၈ မီတာရှိပြီး အလေးချိန် ၁၀၀ ကီလိုဂရမ် ရှိသည်၊၊ ပေါက်ကွဲနိုင်သော ထိပ်ဖူးမှာ ၃၀ ကီလိုဂရမ် ရှိပြီး ဒုံးကျည်အငယ်စား အမျိုးအစားတွင် ပါဝင်သဖြင့် လျင်မြန်စွာ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်၊၊ ထိုဒုံးကျည်ကို ထုတ်လုပ်နေရင်းမှပင် လင်းရှန်သည် ဤရူးသွပ်သော အကြံကို ရရှိခဲ့ခြင်း ဖြစ်သည်၊၊

“အာကာသယာဉ်ကြီးတွေရဲ့ လျှပ်ကူးပစ္စည်း သံလိုက်ချိတ်ဆက်မှုစနစ်တစ်ခုစီက အနည်းဆုံး မီတာ ၂၀၀ အကွာအဝေးအထိ သံလိုက်စက်ကွင်းကို တည်ဆောက်နိုင်တယ်၊၊ ဒီကနေ အဖြူရောင်မြို့အထိက ၈၅ ကီလိုမီတာဆိုတော့ စနစ် ၄၂၅ ခုကို ခင်းလိုက်ရင် ပျံသန်းဖို့ လမ်းကြောင်းတစ်ခုဖြစ်လာလိမ့်မယ်၊၊ ပေါင်းစည်းယာဉ်တန်းရဲ့ တည်ငြိမ်မှုအတွက် ဂရေ့စ်ရဲ့ Aiက ရထားတွဲတစ်ခုလုံးကို စကင်ဖတ်ပြီး သံလိုက်တွန်းကန်ကွိုင်တွေ တပ်ဆင်ရမယ့်နေရာကို တွက်ချက်ပေးလိမ့်မယ်၊၊ ပြီးရင် ကျုပ်က အဲဒါတွေကို ထုတ်လုပ်ပေးမယ်၊၊ ယာဥ်တန်းအဖွဲ့အားလုံးက အင်ဂျင်နီယာတွေကတော့ တပ်ဆင်တဲ့နေရာမှာ ကူညီပေးရလိမ့်မယ်၊၊ ဒီစီမံကိန်းမှာ စိန်ခေါ်မှုသုံးခုရှိတယ်၊၊ ပထမနှစ်ခုကတော့ သီအိုရီအရ ဖြစ်နိုင်ခြေရှိတယ်၊၊”

“တတိယမြောက် အဓိကပြဿနာကတော့ အဲဒီစနစ်ကို ရှာဖွေပြီး လမ်းကြောင်းပစ်လွှတ်မှု လုပ်ဆောင်နိုင်ဖို့ ကျုပ်ကိုယ်တိုင် တိတ်ဆိတ်မြို့တော်ကို သွားဖို့လိုတယ်”

လင်းရှန်သည် အများသုံးလိုင်းမှ ဆူညံနေသော ငြင်းခုံသံများကို နားထောင်ရင်း သူ၏အကြံမှာ ဖြစ်နိုင်ခြေ ရှိ…မရှိကို စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်လည်ဆန်းစစ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်၊၊

သူ စဉ်းစားလေလေ ဤရူးသွပ်သည်ဟု ထင်ရသော စီမံကိန်းသည် အောင်မြင်ရန် အခွင့်အလမ်း အလွန်များပြားသည်ဟု ခံစားရလေဖြစ်သည်၊၊

ပထမအချက်အနေဖြင့် လျှပ်ကူးပစ္စည်း သံလိုက်ချိတ်ဆက်မှုစနစ်သည် လက်ရှိကမ္ဘာ့ပျံသန်းရေးနည်းပညာတွင် အရင်ထဲက သုံးနေသည့် နည်းပညာတစ်ခုဖြစ်သည်၊၊ တိတ်ဆိတ်မြို့တော်၏ စနစ်ခွဲကို အသက်သွင်းနိုင်ပြီး ဂရေ့စ်၏ မြေပြင်စူးစမ်းမှုအတိုင်း လမ်းကြောင်းကို သတ်မှတ်နိုင်ပါက ပထမပြဿနာမှာ ပြေလည်သွားမည် ဖြစ်သည်၊၊

ဒုတိယအချက်ဖြစ်သော နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုမှာလည်း ဂရေ့စ်၏ Aiနှင့် လင်းရှန်၏ ယန္တရားထုတ်လုပ်မှု စွမ်းရည်တို့ကို ပေါင်းစပ်လိုက်လျှင် ဖြစ်နိုင်ခြေရှိသည်၊၊ ထို့ပြင် ပေါင်းစည်းယာဉ်တန်းတွင် အသေးစိတ်ဖြေရှင်းချက်များကို ဖော်ထုတ်ပေးနိုင်မည့် အင်ဂျင်နီယာအဖွဲ့လည်း ရှိနေသဖြင့် ဤပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မည် ဖြစ်သည်၊၊

သို့သော် တတိယပြဿနာကမူ စွန့်စားမှု အလွန်များလှသည်၊၊

သို့သော်လည်း လူသုံးထောင်ကျော်နှင့်အတူ အမှောင်တောအုပ်အတွင်း ရထားလမ်းကို ဖြည်းညှင်းစွာ ခင်းနေရခြင်းနှင့် နှိုင်းယှဉ်ပါက လင်းရှန်သည် လက်ရွေးစင်အဖွဲ့ကို ဦးဆောင်ကာ တိတ်ဆိတ်မြို့တော်သို့ သွားခြင်းက အန္တရာယ်ပိုနည်းသည်၊၊ အခက်အခဲတစ်ခုခုရှိလာလျှင်ပင် ကီကီ၊ မီးတောက်နှင့် ချီလီတို့ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်သူများမှာ အမြန်ထွက်ပြေး လွတ်မြောက်နိုင်ကြသည်၊၊

နောက်ထပ် စဉ်းစားစရာတစ်ခုမှာ အဖြူရောင်မြို့တွင် လူများရှိနေပါက ထိုသူများသည် တိတ်ဆိတ်မြို့တော် သို့မဟုတ် အနီရောင်ကမ္ဘာဖြစ်နိုင်သည်ဟု လင်းရှန် ယုံကြည်သည်၊၊

Chapter 647

ပစ်လွှတ်ခြင်းစီမံကိန်း ၄

ချူယန်ပြောခဲ့ဖူးသည်နှင့် ဆက်စပ်ကြည့်လျှင် အာခီစိုင်းသဲကန္တာရမှ ခြင်္သေ့ငါးရုပ်တုကြီးသည် ပိုင်လုယွမ် နက္ခတ်တာယာကြည့်စခန်းမှ အနီရောင်ကမ္ဘာ၏ လူများက ဖန်တီးခဲ့ခြင်းဖြစ်နိုင်သည်ဟု လင်းရှန် မှန်းဆနိုင်သည်၊၊ ယင်းက အာခီစိုင်းသဲကန္တာရတင်မကဘဲ ဝေမြစ်မှ ထူးဆန်းမှုများ၊ လူအိုကြီးမို၊ ဟူလုရှို့နှင့် တိတ်ဆိတ်မြို့တော်တို့ကို ထိခိုက်စေခဲ့သည့် တွင်းနက်၏ သက်ရောက်မှုများသည်လည်း ဆက်စပ်နေနိုင်သည်ကို ဖော်ပြနေသည်၊၊ ယခုအချိန်တွင် ဂရေ့စ်သည် အဖြူရောင်မြို့၌ လူသားများရှိနေသည့်လက္ခဏာများနှင့်အတူ ထူးဆန်းသော ရုပ်တုကြီးကို တွေ့ရှိထားသဖြင့် အဖြူရောင်မြို့နှင့် တိတ်ဆိတ်မြို့တော်ဝန်းကျင်တွင် လျှို့ဝှက်ချက်များစွာရှိနေမည်ဟု လင်းရှန် သံသယဝင်နေသည်၊၊

ဤနယ်မြေသည် အန္တရာယ်များရှိနေနိုင်သော်လည်း အခွင့်အရေးများလည်း ရှိနေနိုင်သည်ဟု လင်းရှန် တွေးမိသည်၊၊ မည်သို့ပင်ဖြစ်စေ တိတ်ဆိတ်မြို့တော်အတွင်းသို့ ဝင်ရောက်ပြီး မြို့ကြီးတစ်ခုလုံးကို ပြန်လည်လည်ပတ်စေရန်မှာ မဖြစ်နိုင်သော်လည်း ယန္တရားနှလုံးသားကို အသုံးပြုကာ လျှပ်ကူးပစ္စည်း သံလိုက်ချိတ်ဆက်မှုစနစ်ကို ဖြေရှင်းရန်မှာ လင်းရှန်အတွက် မခက်ခဲပေ၊၊

“ကီလိုမီတာ ၁၀၀ ကျော်သွားရင် ဂရေ့စ်ရဲ့ အချက်ပြစနစ်က ပြတ်တောက်သွားလိမ့်မယ်၊၊ ဒါကြောင့် သူ့ကို ပြန်လာဖို့ အမိန့်ပေးထားပြီးပြီ၊၊ သူပြန်လာတဲ့ လမ်းကြောင်းမှာ ဂရေ့စ်က လမ်းကြောင်းကို စကင်ဖတ်နေတုန်း ကျုပ်တို့က ဒီစီမံကိန်းကို အချောသတ်နိုင်အောင် လုပ်ကြမယ်၊၊ အဲဒီနောက်မှာ တိတ်ဆိတ်မြို့တော်ကို သွားမယ့် အဖွဲ့ကို ဖွဲ့စည်းကြမယ်”

ရထားတွဲများအတွင်းတွင် လက်ရှိလုံခြုံနေသည့်အခြေအနေကို မပျက်စီးစေဘဲ ထူးဆန်းသောကုဗတုံး၏ ကာကွယ်မှုရှိနေသရွေ့ သူတို့တွင် ပြင်ဆင်ရန် အချိန်အလုံအလောက် ရှိသည်၊၊

လင်းရှန်အနေဖြင့်မူ နူကလီးယားစွမ်းအင်သုံးခေါင်းတွဲနှစ်ခုကို ဝါးမျိုမှုပြီးစီးအောင် ဤအချိန်အတွင်း လုပ်ဆောင်ရမည် ဖြစ်သည်၊၊ စီမံကိန်းက ချောမွေ့သည်ဖြစ်စေ… မချောမွေ့သည်ဖြစ်စေ စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်း စွမ်းရည်သည် သူအရေးတကြီး လိုအပ်နေသော စွမ်းရည်တစ်ခုဖြစ်သည်ဟု ခံစားနေရသည်၊၊

“လင်းရဲ့ အကြံက ငါသဘောကျတယ်”

လင်းရှန်၏ စကားကို ကြားပြီးနောက် ချီလီက စိတ်အားထက်သန်နေသည်၊၊

“အဓိကစီမံကိန်းတစ်ခုရှိနေသလို လမ်းမှာလည်း မသိသေးတဲ့ အခြေအနေတွေကို စူးစမ်းနိုင်ပြီး တခြားအခွင့်အရေးတွေကိုလည်း ရှာဖွေနိုင်မယ်၊၊ နည်းနည်းတော့ စွန့်စားရာရောက်ပေမဲ့ ဒီငရဲမှာ ပိတ်မိနေပြီး အဖြေရှာနေရတာထက်တော့ ပိုကောင်းပါတယ်၊၊ အသက်ရှင်ဖို့ဆိုရင် သတ္တိရှိရမယ်၊၊ ရာနှုန်းပြည့်စိတ်ချရတဲ့ နည်းဗျူဟာဆိုတာ မရှိဘူး”

နဂါးတောင် ၁ ပေါ်တွင် နန်ကျင်းက ရှီတိယွမ်ကို ကြည့်လိုက်သည်၊၊ “ကျွန်မ သဘောတူတယ်၊၊ အမှောင်ထုထဲကို ဝင်ပြီး မစူးစမ်းကြည့်ဘဲနဲ့ ကျွန်မတို့ စဉ်းစားနေသမျှ နည်းလမ်းတွေက မှားနေနိုင်တယ်”

ရှီတိယွမ် ခေါင်းညိတ်လိုက်သည်၊၊ သူလည်း ဤအကြောင်းပြချက်ကို နားလည်ပေသည်၊၊ အကယ်၍ လင်းရှန်သာ ဂရေ့စ်ကို အဖြူရောင်မြို့သို့ စူးစမ်းရန် မလွှတ်ခဲ့ပါက တွင်းနက်နယ်မြေအတွင်း အချိန်နှေးကွေးမှုနှင့် သတင်းအချက်အလက်ပြောင်းလဲခြင်း သက်ရောက်မှုများရှိနေသည်ကို သိရှိရမည် မဟုတ်ပေ၊၊ အဖြူရောင်မြို့ပြင်တောင်ကြားတွင် ရပ်တန့်နေသော ဧရာမ မြို့တော်ကြီးကိုလည်း တွေ့ရှိရမည် မဟုတ်ပေ၊၊ သူခနစဉ်းစားပြီးနောက် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပြောလိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်ကလည်း ပြဿနာတစ်ခုပဲ၊၊ ငါတို့အားလုံးက သူ့ရဲ့ လျှို့ဝှက်ချက်တွေကို မသိရသေးဘူး၊၊ ငါတို့ သွားကြမယ်ဆိုရင် ဒါကိုလည်း ထည့်စဉ်းစားရမယ်”

“အဓိကပြဿနာက အချက်ပြစနစ်နှောင့်နှေးတာက သက်ရောက်မှုအရမ်းများနေတာပဲ၊၊ အဲဒါကြောင့် ကျုပ်တို့ အဖြူရောင်မြို့ကို သွားရင် ဂရေ့စ်ကို မိလ္လာသန့်စင်စက်ရုံနယ်မြေကို စူးစမ်းခိုင်းမယ်၊၊ ကျုပ်တို့ရဲ့ ပစ်မှတ်ကတော့ တိတ်ဆိတ်မြို့တော်ကို တန်းတန်းမတ်မတ် သွားဖို့ပဲ”

လင်းရှန်က ပြန်ဖြေသည်၊၊

“နောက်တစ်ချက်က ကျွန်မတို့ အမှောင်အမှတ်အသားရသွားရင် ဘယ်လို ပြန်လာမှာလဲ”

မိုနီကာက မေးလိုက်သည်၊၊

လင်းရှန်က အသက်ပြင်းပြင်းရှုကာ ပြတ်သားသောအမူယာဖြင့် ပြောလိုက်သည်၊၊

“ရထားတွဲတွေရဲ့ သံလိုက်ကွိုင်တွေနဲ့ အတွင်းပိုင်းတပ်ဆင်မှုတွေကို ကြိုတင်ပြင်ဆင်ပြီးသွားရင် ကျန်တဲ့ ပြဿနာက ပြင်းထန်တဲ့ သံလိုက်စက်ကွင်းကြားမှာ လူတွေကို ကာကွယ်ဖို့ပဲ၊၊ အမှောင်အမှတ်အသားနဲ့ ပတ်သက်ရင်တော့ အဆိုးဆုံး အခြေအနေကိုပဲ ထည့်တွက်ထားရမယ်၊၊ ဒါကြောင့် စီမံကိန်း အောင်မြင်တာနဲ့ ကျုပ်တို့က ခမ်းနားတဲ့လွတ်မြောက်မှုအတွက် တွင်းနက်ထဲကနေ အမြန်ဆုံး ဖောက်ထွက်ဖို့ အဆင်သင့်ဖြစ်နေရမယ်”

“ခမ်းနားတဲ့လွတ်မြောက်မှု ဟုတ်လား… စိတ်ဝင်စားစရာပဲ” မိုနီကာက ပြုံးကာ မေးလိုက်သည်၊၊

“ကပ္ပတိန်လင်း… ကျွန်မလည်း ရှင့်ရဲ့ စွန့်စားခန်းမှာ ပါလို့ ရမလား”

“ငါလည်း ပါမယ်”

ချီလီကလည်း ဝင်ပြောသည်၊၊

“ဒီလို အခွင့်အရေးမျိုးက အမြဲမရနိုင်ဘူး”

သူလိုက်သွားမည်ဆိုပါက ကျန်ရစ်ခဲ့သော သူ့ယာဥ်တန်းအတွက် ချီလီ ဖိအားများနိုင်သော်လည်း သူ၏ လွတ်လပ်မှုကို မြတ်နိုးသောစိတ်ဓာတ်အရ တွင်းနက်အတွင်း သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရမည့် အတွေ့အကြုံမျိုးကို သူ လက်လွတ်မခံလိုပေ၊၊ သို့သော် အခြေခံအားဖြင့်တော့ ဂျိုကာယာဥ်တန်းသည် သူ့ကို လိုအပ်နေဆဲ ဖြစ်သည်၊၊

“ကောင်းပြီ… ဒါဆို ဆုံးဖြတ်လိုက်ပြီ၊၊ အခု အချိန်က မနက် ၄ နာရီပဲ ရှိသေးတယ်၊၊ ဂရေ့စ်ပြန်လာတာနဲ့ ပထမအဆင့် စီမံကိန်းကို ထုတ်ပြန်ခိုင်းထားတယ်၊၊ အဲဒီနောက်မှာ လူတိုင်းကို အသိပေးမယ်၊၊ အင်ဂျင်နီယာအဖွဲ့ အားလုံး ပါဝင်ပေးကြပါ၊၊ စီမံကိန်းအချောသတ်ပြီးတာနဲ့ ကျုပ်က လိုအပ်တာတွေ ထုတ်လုပ်ပေးမယ်၊၊ စူးစမ်းရေးအဖွဲ့ ထွက်သွားတာနဲ့ ကျန်တဲ့လူတွေက ရထားရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းကို ပြုပြင်ကြမယ်၊၊ အချိန်ကုန်သက်သာအောင် အားလုံးကို တစ်ပြိုင်တည်း လုပ်ကြရအောင်”

“ကောင်းပြီလေ”

ရှီတိယွမ်က လက်ခုပ်တီးလိုက်ကာ “ဒီအတိုင်းလုပ်ကြတာပေါ့”

အနန္တ ရထားဖက်တွင်မူ ယာဥ်တန်းခေါင်းဆောင်အားလုံးက လင်းရှန်၏ ရဲတင်းသော စီမံကိန်းကို သဘောတူလိုက်ကြသဖြင့် ရထားတွဲအတွင်းရှိ လူများသည် ထူးဆန်းသော ခံစားချက်ကို ခံစားနေကြရသည်၊၊

ကီကီ၊ ချန်ဆီရွှမ်၊ ရှားရှားတို့က ပြုံးနေကြသော်လည်း တာလို့နှင့် ရှုချင်းတို့ကတော့ တည်ကြည်ပြတ်သားသော အမူအရာဖြင့် ရှိနေကြသည်၊၊ လီယီ၊ လော့ယန်၊ လျန်လေးနှင့် လူအိုကြီးမိုတို့အပြင် အသစ်ရောက်လာသူများမှာမူ ဝေခွဲမရဖြစ်နေကြသော်လည်း ကန့်ကွက်ခြင်းမရှိဘဲ အလေးအနက်စဉ်းစားနေကြသည်၊၊

လုရှင်းချန်ကမူ အသစ်အဆန်းကို စမ်းသပ်ချင်နေသည့် ဂုဏ်ယူသော မျက်နှာထား ရှိနေသည်၊၊

“ကောင်းကင်ကြီးကို ဘာလို့ကြောက်နေရမှာလဲ… မီးရှို့ပစ်လိုက်ရင် ပြီးတာပဲ မဟုတ်လား”

လုရှင်းချန်သည် ဒရာမာဆန်သော စကားလုံးကြီးများကို ဆက်ပြောနေသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ၏စကားများက လူတိုင်းကို ခွန်အားတစ်ခုဖြစ်လာစေသည်၊၊

လုရှင်းချန်၏ စကားကို ကြားသောအခါ လင်းရှန် အသာအယာပြုံးလိုက်မိသည်၊၊ ထိတ်လန့်စိတ်ပျက်နေကြရာမှ ယခုကဲ့သို့ အမှောင်ထုထဲသို့ ခြေလှမ်းလှမ်းရန် သတ္တိရှိလာခြင်းက သူတို့အတွက် အမှန်တကယ် လိုအပ်သော အရာပင် ဖြစ်သည်၊၊

“လင်းရှန်” ချန်ဆီရွှမ်က သူ့ကို ကြည့်လိုက်သည်၊၊

All Chapters