← Chapters

အခန်း (၆၅၄-၆၅၅)

Vol. 39 Ch. 654-655

အခန်း (၆၅၄-၆၅၅)

Vol. 39 Ch. 654-655

Chapter 654

ထူးဆန်းသောအသိုက် ၁

ဂျစ်— ဂျစ်—

သူတို့ စတင်လှုပ်ရှားလိုက်သည်နှင့် အချက်ပြလှိုင်းများက ထစ်လာသည်။ ကီကီနှင့် မီးတောက်တို့သည် ရှေ့နှင့်နောက်တွင်သာ ရှိနေသော်လည်း ဆက်သွယ်ရေးလှိုင်းများမှာ ဆူညံသံများဖြင့် ပြည့်နှက်နေသည်။ လင်းရှန်သည် သူ၏ ဝတ်စုံအတွင်း၌ အသက်ရှူနှုန်းကို ထိန်းထားပြီး စိတ်ကို တင်းထားလိုက်သည်။

သူတို့ အမှောင်ထုထဲသို့ တိုးဝင်လာသည်နှင့်အမျှ လမ်းမပေါ်ရှိ လူအုပ်ကြီးက တဖြည်းဖြည်းများပြားလာသည်။

ထိုလူများအားလုံးသည် မြို့လယ်ခေါင်ဘက်သို့ ဦးတည်နေကြခြင်းကို လင်းရှန် သတိပြုမိသွားသည်။ ထိုအချက်ကို သိလိုက်သည်နှင့် သူက ရပ်တန့်ကာ အဖြူရောင်မြို့ မြေပုံကို ထုတ်ကြည့်လိုက်သည်။ အမှန်ပင် သူတို့အားလုံးသည် မြို့လယ်ခေါင်သို့ စုရုံးနေကြခြင်း ဖြစ်၏။

တောင်ပေါ်မြို့ဖြစ်သော အဖြူရောင်မြို့သည် မြောက်မှတောင်သို့ ကျဉ်းမြောင်းကာ အရှေ့မှအနောက်သို့ ကျယ်ပြန့်သော ပုံစံရှိသည်။ မြို့လယ်ခေါင်မှလွဲ၍ ကျန်အဆောက်အအုံ အများစုမှာ ဟောင်းနွမ်းပြီး နိမ့်ပါးကြသည်။

အပေါ်စီးမှ ကြည့်လျှင် မြို့သည် တောင်တန်းများကြားရှိ မျက်လုံးတစ်လုံးနှင့် တူနေပြီး အဖြူရောင်မြို့ ရထားဘူတာသည် အရှေ့ဘက်ဆင်ခြေဖုံးတွင် တည်ရှိသည်။

သို့သော် တစ်ခုခုမှားယွင်းနေသလို ခံစားနေရသည်။

ယခင်က ဂရေ့စ် လာရောက်ကင်းထောက်စဉ်က ဘာပြဿနာမှ မရှိခဲ့ပေ။ သူတို့သည် မြောက်ဘက်ရှိ မိလ္လာစက်ရုံကို ရှောင်ကွင်းကာ အခြားလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ယခုမူ လင်းရှန်သည် တစ်ခုခုကို စိတ်ထင့်နေမိသည်။

“အားလုံးပဲ” မိုနီကာက သူ့နောက်ကနေ ပြေးရင်း ပြောလိုက်သည်။

“အသံတွေက ပိုပိုနီးလာပြီ၊၊ ဒါ မကောင်းဘူး”

လင်းရှန်သည် လမ်းမပေါ်သို့ ငုံ့ကြည့်လိုက်ရာ ခြောက်ကပ်နေသော အလောင်းများစွာက သူတို့ကို မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက အမိန့်ပေးလိုက်၏။

“အထဲဝင်ကြ၊၊ အဲဒီအကောင်တွေ ငါတို့ကို မမြင်စေနဲ့”

ဘုန်း—

သူ စကားမဆုံးခင်မှာပင် နန်ကျင်းသည် အမိုးနိမ့်တစ်ခုပေါ်မှ ခုန်ချလိုက်ပြီး အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးထပ်မှတစ်ဆင့် အတွင်းသို့ ပျောက်ကွယ်သွားသည်။

ပြတင်းပေါက်များမှာ ပျက်စီးကုန်ပြီ ဖြစ်ရာ ငါးရိုးများသဖွယ် ဘောင်များသာ ကျန်တော့သည်။ အဖွဲ့သားများလည်း နောက်ကနေ အမြန်လိုက်ပါကာ စင်္ကြံလမ်းထဲသို့ ဝင်လိုက်ကြသည်။

ရှပ် ရှပ် ရှပ်—

တိတ်ဆိတ်နေသော စင်္ကြံလမ်းထဲတွင် ခပ်သွက်သွက်ခြေသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှာ မှောင်အတိကျနေ၏။ ညကြည့်မှန်ဘီလူးနှင့် မီးရောင်များအောက်တွင် ကြမ်းပြင်ပေါ်ရှိ အုတ်ကျိုးအုတ်ပဲ့များကို မြင်နေရသည်။ ၎င်းသည် ဆယ်ထပ်ခန့်ရှိသော တိုက်ခန်းဟောင်းတစ်ခုဖြစ်ပုံရသည်။ ဆွေးမြည့်နေသော တံခါးများပေါ်ရှိ အခန်းနံပါတ်များကိုပင် မနည်းဖတ်နေရသည်။ သူတို့၏ ခြေသံများက တိုက်အတွင်း၌ ပဲ့တင်ထပ်နေ၏။

“ဂရေ့စ်… ရှေ့ကနေ ကင်းထောက်သွား”

အပြင်က အခြေအနေက အရမ်းထူးဆန်းနေသည်။ လူအရေအတွက်ကလည်း ပိုများလာသည်။ အားဖေးနှင့် မိုနီကာတို့ နှစ်ယောက်လုံးက အန္တရာယ်ကို အာရုံရနေသောကြောင့် လင်းရှန်က ဂရေ့စ်ကို အပြင်သို့ လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး ကျန်အဖွဲ့သားများက အဆောက်အအုံထဲမှ အခြေအနေကို စောင့်ကြည့်ရန် ပြင်လိုက်သည်။

[နားလည်ပါပြီ၊၊ ဂရေ့စ်ကို ယုံကြည်လိုက်ပါ]

တောက်— တောက်— တောက်—

ခဏအတွင်းမှာပင် ဂရေ့စ်သည် ပြေးထွက်သွားသည်။ သူမ၏ ခြေထောက်ခွာသံများက မှောင်မည်းနေသော စင်္ကြံလမ်းထဲတွင် ပျောက်ကွယ်သွားပြီး လမ်းမပေါ်သို့ ရောက်ရှိသွားသည်။

လင်းရှန်နှင့် အခြားသူများသည် အခန်းတစ်ခုထဲသို့ ဝင်လိုက်ကြသည်။ ဟောင်းနွမ်းနေသော လုံခြုံရေးတံခါးမှာ သံချေးတက်နေပြီ ဖြစ်ရာ အသာတွန်းလိုက်ရုံဖြင့် ဝုန်းခနဲ ပြုတ်ကျသွားသည်။

လင်းရှန်သည် သတ္တုတံခါးတစ်ခုကို ချက်ချင်း ထုတ်လုပ်ကာ အဝင်ဝကို ပိတ်လိုက်သည်။

“ခနလောက် စောင့်ကြည့်မယ်ပြီး အခြေအနေကို အရင်သုံးသပ်ရမယ်”

နန်ကျင်းက ခေါင်းညိတ်ပြကာ ရှောင်ချင်းကို အချက်ပြလိုက်သည်။ ရှောင်ချင်းက ဓားကိုဆွဲထုတ်ကာ အခန်းများထဲသို့ လှည့်ပတ်စစ်ဆေးသည်။

ထိုအတောအတွင်း လင်းရှန်သည် အလင်းပိတ်ဆို့ရန် သတ္တုပြတင်းပေါက်ချပ်များကို ပြုလုပ်ကာ ပိတ်ဆို့လိုက်သည်။ ထို့နောက်မှ ဧည့်ခန်းတွင် မီးအိမ်တစ်လုံးကို ထွန်းလိုက်သည်။

မီးရောင်အောက်တွင် ဖုန်မှုန့်များနှင့် ပြာများ ဖုံးလွှမ်းနေသော ဆိုဖာ၊ စားပွဲ၊ တီဗွီစင်နှင့် သစ်သားကြမ်းပြင်တို့ကို မြင်တွေ့ရသည်။

“ခုနက ကြောက်စရာကြီး… လူတွေက ဘယ်ကနေ ဒီလောက်တောင် ထွက်လာမှန်း မသိဘူး၊၊ တုန့်ပြန်ဖို့တောင် အချိန်မရလိုက်ဘူး”

ကီကီက စကားပြောရင်း စာအုပ်စင်တစ်ခုကို အသာအယာ ထိလိုက်ရာ ၎င်းမှာ ချက်ချင်းပင် ပြိုကျပျက်စီးသွားပြီး ဖုန်တောထဲ နစ်မြုပ်သွားသည်။

ချီလီက အခန်းထဲကို ဝေ့ဝဲကြည့်ကာ လင်းရှန်ကို မေးလိုက်သည်။

“အဲဒီတော့... မင်းက အဲဒီလူတွေကို အမှတ်အသားမရှိလို့ မတိုက်ခဲ့တာလား”

လင်းရှန်က ဂရေ့စ်ဆီမှ လာသည့် အချက်အလက်များကို ကြည့်ရင်း ပြန်ဖြေလိုက်၏။

“သူတို့က အလောင်းတွေဆိုတာ ထင်ရှားနေတာပဲ”

“ဖုတ်ကောင်တွေက ကျုပ်တို့ကို အမှတ်အသား မလုပ်ဘူး... ဒါပေမဲ့ မြေအောက်လှိုဏ်ခေါင်းထဲက ကောင်ကတော့...”

“တစ်ခုခုတော့ မှားနေတယ်”

လုရှင်းချန်က လက်တစ်ဖက်ကို မြှောက်ကာ အအေးဓာတ်ကို လွင့်ပြယ်သွားအောင် နွေးထွေးသော အလင်းရောင်တစ်ခုကို ဖန်တီးလိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။

“ငါတို့ လူသားတွေက... အလင်းရောင်ရှိတဲ့နေရာကို နှစ်သက်ကြသေးတာပဲ”

ချန်ဆီရွှမ်နှင့် ရှောင်ချင်းတို့က အခန်းများကို စစ်ဆေးပြီး ပြန်ရောက်လာကြသည်။

“လင်းရှန်.. ဟိုအသားစိုင်တွေလို ပုံစံတွေက... အမှတ် ၉ မြေအောက်မြို့တော်အောက်မှာ တွေ့ခဲ့တာနဲ့ မတူဘူးလား”

လင်းရှန် ခေါင်းညိတ်လိုက်သည်။

“အဲဒါကို ငါ စိုးရိမ်နေတာပဲ… ဒီမြို့ထဲမှာ ကြီးမားတဲ့ အရာတစ်ခုခုရှိနေနိုင်တယ်”

ကီကီက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ ဂရေ့စ်က လွန်ခဲ့တဲ့ နာရီပိုင်းမှာ ဘာမှမတွေ့ခဲ့ဘူးလေ၊၊ ဒါကြီးက ဘယ်လိုလုပ်ရောက်လာတာလဲ”

“ငါတို့ ရထားဘူတာနဲ့ ၈ ကီလိုမီတာလောက် လိုသေးတယ်” နန်ကျင်းက မှတ်ချက်ပေးသည်။

“လမ်းတွေ ပိတ်နေရင် တောင်ကို ပတ်သွားမလား… ဒါမှမဟုတ် ကီကီရဲ့ ပျံသန်းနိုင်စွမ်းကို သုံးမလား”

“ကပ္ပတိန်လင်း”

သူမ လှမ်းခေါ်သော်လည်း လင်းရှန် ပြန်မဖြေပေ။

ထို့နောက် လင်းရှန်က ရုတ်တရက် ပြောလိုက်သည်။

“အားဖေး ပြောတာ မှန်တယ်… ငါတို့ အပေါ်ကနေ ပျံမသွားမိတာ တော်သေးတယ်”

ဂရေ့စ်ဆီမှ ရုပ်သံမှတ်တမ်း ရောက်ရှိလာသည်။ အကွာအဝေးနီးသောကြောင့် အချိန်နှောင့်နှေးမှု သိပ်မရှိပေ။ လင်းရှန်က ထိုဗီဒီယိုကို အခြားသူများကို မျှဝေပြလိုက်သည်။

“အပြင်မှာ... အားလုံးက ထူးဆန်းတဲ့ သတ္တဝါတွေချည်းပဲ”

[လက်ရှိတွင် ယုရှုလမ်းမအတိုင်း အရှေ့ဘက်သို့ ဦးတည်နေသည်၊၊ လျှပ်စစ်ကြိုးများတွင် အလောင်းဒါဇင်ပေါင်းများစွာ တွဲလောင်းကျနေတယ်၊၊ လူသားပုံသဏ္ဌာန်များစွာကလည်း ကျွန်မကို စောင့်ကြည့်နေကြတယ်၊၊ ဇီဝစကင်နာတွင် သက်ရှိလက္ခဏာ မတွေ့ရပါ]

ဗီဒီယိုထဲတွင် အလောင်းများသည် ရုပ်သေးရုပ်များကဲ့သို့ တွဲလောင်းကျနေသည်။ ဂရေ့စ်၏ ရှေ့တွင် ကလေးငယ်ပုံစံ လူသားအချို့က သူမကို စိုက်ကြည့်နေကြ၏။ သူမ ရှေ့တိုးလာသောအခါ ထိုအကောင်များသည် ကားများအောက်နှင့် အရိပ်များထဲသို့ အမြန်ပုန်းကွယ်သွားကြသည်။

ခြောက်ခြားဖွယ် မှောင်မည်းနေသော လမ်းမပေါ်တွင် ဂရေ့စ်၏ အသံမှာ အေးစက်တည်ငြိမ်နေဆဲ ဖြစ်သည်။

ဗီဒီယိုကို ကြည့်ရင်း လင်းရှန်၏ စိတ်ထဲတွင် တင်းကျပ်လာသည်။

“ရှေ့မှာ အလင်းရောင် အရင်းအမြစ်တွေ ရှိမလားဆိုတာ စကင်ဖတ်ကြည့်…. တိုက်ခိုက်ခံရရင် ချက်ချင်း ပြန်တိုက်”

[နားလည်ပါပြီ]

ပျက်စီးနေသော တိုက်ခန်းထဲတွင် အဖွဲ့သားများသည် ဗီဒီယိုကို ကြည့်ရင်း မျက်မှောင်ကြုတ်နေကြသည်။

“သူတို့က လူနဲ့တူပေမယ့်... လူတွေမဟုတ်ဘူး”

ချန်ဆီရွှမ်က စိုးရိမ်တကြီး ပြောလိုက်သည်။ အကယ်၍ ထူးဆန်းသော သတ္တဝါများကို တွေ့ရလျှင် ရင်ဆိုင်ရသည်မှာ ပိုလွယ်ကူပေလိမ့်မည်။ သို့သော် ယခုမူ တွင်းနက်ထဲက မြို့တစ်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပြီး တွေ့ရသမျှမှာ လူသားများကို အတုယူထားသည့် တစ္ဆေတစ်ပိုင်း သတ္တဝါများသာ ဖြစ်နေသည်။

အားဖေးသည် တိတ်ဆိတ်စွာ ရပ်နေရင်း တိုက်ခန်းထဲကို ကြည့်နေသည်။ ရံဖန်ရံခါ တံခါးဘက်သို့ လှည့်ကြည့်ပြီး မျက်နှာဖြူဖျော့နေ၏။ သူသည် အောက်ထပ်မှ ခြေသံများကို ကြားနေရသလို ခံစားနေရသည်။

လင်းရှန် ပြုလုပ်ထားသော သတ္တုတံခါးကြောင့် အခန်းထဲတွင် မှောင်အတိကျနေသည်။ လူတိုင်းက ဂရေ့စ်ပို့ပေးသည့် အချက်အလက်များကိုသာ အာရုံစိုက်နေကြသည်။

အဖြူရောင်မြို့၏ အရိပ်ဖုံးနေသော လမ်းမများပေါ်တွင် ငွေနက်ရောင်စက်ရုပ်သည် ကားများနှင့် အုတ်ပုံများကို ကျော်ဖြတ်ကာ အသံမထွက်ဘဲ လျင်မြန်စွာ ရွေ့လျားနေသည်။

သို့သော် သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးက သူမကို စောင့်ကြည့်နေကြသည်။

ခြောက်ခြားဖွယ် ကောင်းသော တင်းမာမှုများက လေထုထဲတွင် ပြည့်နှက်နေသည်။ လမ်းမကြီးမှာ လူသူကင်းမဲ့နေသလို ရှိသော်လည်း တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုနှင့် ပြည့်နှက်နေသလို ခံစားရသည်။

အပေါ်ဘက်ရှိ ကြိုးများတွင် တွဲလောင်းကျနေသော အလောင်းများကို သူမ၏ စနစ်က ထောက်လှမ်းမိသည်။ လမ်းမပေါ်ရှိ အနီညိုရောင် အသားစိုင်များမှာ ပို၍ ထူထပ်လာသည်။ ဂရေ့စ်သည် အန္တရာယ်ကို သတိပြုမိသဖြင့် အဆောက်အအုံပေါ်သို့ တက်ကာ ခေါင်မိုးပေါ်မှတစ်ဆင့် ဖြတ်ကျော်သွားသည်။

သူမ၏ ရေဒါတွင် အဆောက်အအုံများကို အသားစိုင်များက ရစ်ပတ်ထားသည်ကို တွေ့ရသည်။ မကြာမီတွင် ကွန်ကရစ်မျက်နှာပြင်များ ပျောက်ကွယ်သွားပြီး နံရံများ၊ လမ်းများနှင့် ခေါင်မိုးများအားလုံးမှာ အသားစိုင်များအဖြစ် ပြောင်းလဲသွားသည်။

မြို့လယ်ခေါင်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်သို့ ရောက်သောအခါ ဂရေ့စ်၏ ညကြည့်စနစ်ထဲတွင် သေခြင်းတရား ဖုံးလွှမ်းနေသော မြို့ကြီးကို မြင်လိုက်ရသည်။

လမ်းမများပေါ်တွင် အသားစိုင်များ ထပ်နေပြီး အဆောက်အအုံများပေါ်တွင် စေးကပ်သော အမြှေးပါးများက ပုပ်သိုးနေသော အရေပြားများကဲ့သို့ ရွေ့လျားနေသည်။ ထိုအရာအားလုံး၏ အလယ်ဗဟိုတွင် အားကစားကွင်း အရွယ်အစားခန့်ရှိသော ကြီးမားသည့် အသားစိုင်အသိုက်ကြီး ရှိနေသည်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင်သွေးကြောများက ခုန်လှုပ်နေသည်။ ခရမ်းရောင် သွေးကြောမျှင်များက သစ်မြစ်များကဲ့သို့ ပျံ့နှံ့နေ၏။ ထိုအသိုက်အမြုံကြီးသည် မီးတောင်တစ်ခုကဲ့သို့ ပွင့်ထွက်လာပြီး ထောင်ပေါင်းများစွာသော အာရုံခံလက်တံများကို ထုတ်လွှတ်နေသည်။ လူသေလောင်းများကို ထိုအထဲသို့ ထည့်သွင်းကာ ခြေဖျက်ပစ်နေသည်။

ထိုအသိုက်၏ အပေါ်ဘက်တွင် ရူးသွပ်မှုဖွယ် လည်ပတ်နေသော ဇီဝစက်ယန္တရားကြီးတစ်ခု ပျံဝဲနေသည်။ ၎င်းသည် ပုံပျက်ပန်းပျက်သတ္တဝါများကို ထုတ်လုပ်နေပြီး ထိုသတ္တဝါများသည် အောက်ရှိ အသားစိုင်အလွှာပေါ်သို့ ပြုတ်ကျကာ တွားသွားနေကြသည်။

အင်္ဂါအစိတ်အပိုင်းများ လွဲမှားနေခြင်း၊ ခေါင်းများ ပြောင်းပြန်ဖြစ်နေခြင်း၊ အဆစ်များ ကွေးကောက်နေခြင်း... သို့သော် ထိုအရာများသည် လမ်းလျှောက်နေကြသည်၊ တွားသွားနေကြသည်... ထို့ပြင် တီးတိုးရေရွတ်နေကြသည်။

ထို့နောက်တွင် အလောင်းများနှင့် ထိုသတ္တဝါများကို ပေါင်းစပ်ပစ်လိုက်သည်။ အနက်ရောင်မြူခိုးများက သူတို့အတွင်းသို့ စီးဝင်သွားပြီး သန္ဓေပြောင်းမှုကို မြန်ဆန်စေသည်၊၊ ကျောရိုးများ၊ လက်သည်းများ၊ ချပ်ကာများနှင့် အစွယ်များ ပေါ်ထွက်လာသည်။

ခေါင်းသုံးလုံးပါ ပင့်ကူသတ္တဝါ၊ အဖြူရောင် သတ္တဝါများ၊ အနက်ရောင် သတ္တဝါကြီးများနှင့် ပြောင်းပြန်တွားသွားနေသော ထူးဆန်းသည့် သတ္တဝါများ...

Chapter 655

ထူးဆန်းသောအသိုက် ၂

တစ်ခုချင်းစီသည် လူသားအကြွင်းအကျန်များမှတစ်ဆင့် ရုပ်ဆိုးသောပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရိပ်များထဲသို့ တိုးဝင်သွားကြသည်။

မျက်လုံး‌များ သန္ဓေပြောင်းသွားကာ ဘောလုံးပုံဖြစ်လာသည်၊၊ လက်မောင်းများ တွန့်လိမ်လာသည်၊၊ အရိုးများ ကျိုးကြေကုန်သည်၊၊ အသားစိုင်များ အရည်ပျော်ကုန်သည်—

၎င်းသည် ပို၍ပင် ဆာလောင်လာပုံရသည်။

ထိုအသားစိုင် အသိုက်ကြီးသည် စနစ်တကျထုတ်လုပ်နေခြင်း မဟုတ်ဘဲ ထိန်းချုပ်မှုကင်းမဲ့နေသော AI တစ်ခုက ရူးသွပ်ဖွယ်ရာရလဒ်များကို အဆက်မပြတ် ထုတ်ပေးနေသကဲ့သို့ ရှိနေသည်။

အသိုက်၏ အဝမှ အနက်ရောင်မီးခိုးငွေ့များစွာ ထွက်ပေါ်နေပြီး စက်ယန္တရားကြီးတစ်ခု လည်ပတ်နေသည့်နှယ် အသံများထွက်ပေါ်နေသည်။ မြို့တစ်ပြင်လုံးရှိ အနက်ရောင်သွေးကြောစနစ်က လူသေလောင်းများကို တစ်ခုပြီးတစ်ခု ဝါးမျိုနေသည်။

အကွာအဝေးတစ်ခုမှနေ၍ ဂရေ့စ်သည် အချက်အလက်များ ပို့ရန် ကြိုးစားသော်လည်း နှောင့်ယှက်မှုများက ပြင်းထန်လွန်းနေသည်။ ရုပ်သံမှတ်တမ်းများမှာ ဝေဝါးကာ ထစ်ကုန်သည်။

လင်းရှန်နှင့် အခြားသူများအတွက်မူ မြို့လယ်ခေါင်၏ မြင်ကွင်းသည် ငရဲခန်းသို့ ရောက်သွားသကဲ့သို့ပင် ရှိနေပြီး တစ်ကိုယ်လုံး ကြက်သီးထကုန်ကြသည်။

ဟူး—

ပိတ်ဆို့ထားသော တိုက်ခန်းထဲတွင် အဖွဲ့သားများသည် အသက်ပြင်းပြင်းရှူလိုက်ကြသည်။ သူတို့သည် ဂရေ့စ်၏ မြင်ကွင်းနှင့် ချိတ်ဆက်ထားသော စနစ်မြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြသည်။

စက္ကန့်အနည်းငယ်အကြာတွင် ကီကီက အံ့အားသင့်စွာ ပြောလိုက်သည်။

“သေစမ်း… အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက ဒီလိုမျိုး ဖြစ်လာတာလား”

“အဲဒီသတ္တဝါတွေက ဘာလို့ လူနဲ့တူနေတာလဲလို့ ငါ အမြဲတမ်း တွေးနေခဲ့တာ... တကယ်တော့ လူသေလောင်းတွေကို ပေါင်းစပ်ထားတာကိုး” ချီလီက မှင်သက်နေသည်။

“ဒီအရာတွေက ဘယ်က ရောက်လာတာလဲ၊၊ တခြားဂြိုဟ်ကလား”

နန်ကျင်း၏ မျက်ခွံများ တုန်ရင်နေသည်။

“ဒါက... သတ္တဝါတွေထုတ်တဲ့ စက်ရုံလိုပဲ”

“ဒီလိုအရာမျိုး တစ်ခုထက်မကရှိနိုင်တယ်၊၊ တွင်းနက်နယ်မြေတိုင်းမှာ ရှိနေလိမ့်မယ်လို့ ငါထင်တယ်၊၊ အမှောင်ထုရောက်လာတိုင်း ဘာလို့ သတ္တဝါတွေ ထွက်လာလဲဆိုတာ အခုမှ သိတော့တယ်”

ချန်ဆီရွှမ်က လေးပင်စွာ ပြောလိုက်သည်။

မီးတောက်က ဘာမှမပြောဘဲ ဗီဒီယိုထဲက အသိုက်ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

“အဲဒီလို အရာတွေကို ဖျက်ဆီးလိုက်ရင် ကမ္ဘာပျက်ကပ်က ရပ်သွားနိုင်မလား”

တိတ်ဆိတ်နေသော ရှောင်ချင်းက လူတိုင်းကို ဆွံ့အသွားစေမည့် မေးခွန်းကို ရုတ်တရက် မေးလိုက်သည်။

“အဲဒီလောက် မရိုးရှင်းဘူး”

လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့ သတိမထားမိဘူးလား၊၊ အခု ပေါင်းစပ်နေတာတွေက အဆင့် C ဒါမှမဟုတ် အဆင့် B သတ္တဝါတွေပဲ ရှိသေးတယ်”

“အဆင့် A တွေ၊ သန္ဓေပြောင်း သတ္တဝါတွေနဲ့ အဆင့် S တွေကရော ဘယ်လိုမျိုး ဖြစ်လာတာလဲ”

“ပြီးတော့ ကီလိုမီတာဒါဇင်ပေါင်းများစွာ ကြီးတဲ့ သတ္တဝါကြီးတွေ၊ မီးတောင်တွေ၊ သမုဒ္ဒရာတွေနဲ့ ကောင်းကင်ကို သိမ်းပိုက်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက ဘေးဒုက္ခတွေက ဒီလိုမျိုးဖြစ်လာတာ မဟုတ်ဘူး”

မိုနီကာက ခေါင်းညိတ်သည်။

“ဒီသတ္တဝါတွေကြားမှာ စနစ်တစ်ခုခုတော့ရှိနေရမယ်”

“ဘာစနစ်လဲ” ချီလီက မေးသည်။

“လူသားတွေနဲ့ ကမ္ဘာပေါ်က သက်ရှိတွေလိုပဲပေါ့၊၊ ပိုးမွှားတွေ၊ တိရစ္ဆာန်တွေနဲ့ ကျွန်မတို့ လူသားတွေကြားမှာ အဆင့်အတန်းတွေ၊ အရင်းအမြစ်တွေနဲ့ တာဝန်တွေ ခွဲခြားထားသလိုမျိုးပေါ့၊၊ အဲဒါက ထင်ရှားနေတာပဲ မဟုတ်လား”

မိုနီကာက အေးဆေးစွာ ရှင်းပြလိုက်သည်။

“ဒါတွေကို ဆွေးနွေးနေဖို့ အချိန်မဟုတ်သေးဘူးလို့ ငါထင်တယ်” လင်းရှန်က ကြားဖြတ်ပြောလိုက်သည်။

သူသည် တဂျစ်ဂျစ်ထစ်နေသည့် ဗီဒီယိုကို ကြည့်ရင်း မျက်နှာတင်းမာနေသည်။

“သူတို့ လာနေကြပြီ…. အရပ်မျက်နှာပေါင်းစုံကပဲ”

တိုက်ခန်းအပြင်ဘက်တွင် အသံများ ပိုကျယ်လာသည်၊၊ တွားသွားသံများ၊ မှောင်မည်းသော လမ်းကြားများထဲမှ တီသံများနှင့် အော်ဟစ်သံများက ပဲ့တင်ထပ်နေသည်။ အဖွဲ့သားအားလုံး အသက်ရှူအောင့်ကာ အားဖေးကို ကြည့်လိုက်ကြသည်။

တစ်ခုကတော့ သေချာသည်၊၊ အကယ်၍ တစ်စုံတစ်ယောက် အမှတ်အသားလုပ်ခံရလျှင် သတ္တဝါများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရပေလိမ့်မည်။

ယခုမူ ထိုအသိုက်ကို မြင်လိုက်ရသဖြင့် ဘာကြောင့် အမှောင်သတ္တဝါများ ဘာလို့မကုန်ဆုံးသွားရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြပြီ ဖြစ်သည်။

၁၁:၀၄၊၊

လင်းရှန်သည် ၅၉ စက္ကန့်တွင် ရပ်တန့်သွားသော အချိန်မှတ်စက်ကို စိုက်ကြည့်နေသည်၊၊ ခဏတာအတွင်း အချိန်ကြီး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

၁၁:၀၅၊၊

ရုတ်တရက် အသံများ အားလုံး ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် ဂရေ့စ်၏ အသံ ထွက်ပေါ်လာ၏။

[ပစ်မှတ် ပျောက်ဆုံးသွားပါပြီ၊၊ အချက်အလက်များ ရယူ၍ မရတော့ပါ၊၊ အဲ့အရာက ဟင်းလင်းပြင်မူမမှန်မှုကြောင့် ဖြစ်ပေါ်လာသော အမြင်အာရုံမှားယွင်းမှု ဖြစ်နိုင်ပါသည်]

လင်းရှန်၏ နှလုံးခုန်နှုန်း မြန်သွားသည်။

ဘာဖြစ်သွားတာလဲ… ဘာလို့ အားလုံး ရုတ်တရက် ပျောက်သွားတာလဲ… သူတို့ အမှောင်ညထဲမှာ ရှိနေသေးတာ မဟုတ်ဘူးလား။

သူက ဂရေ့စ်ကို ထိုနေရာကို ပြန်လည်စစ်ဆေးရန် အမြန်အမိန့်ပေးလိုက်သည်။ အမှန်ပင် အသိုက်ကြီးသာမက လမ်းမပေါ်ရှိ အလောင်းများနှင့် အသားစိုင်များအားလုံးပါ အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

အဖွဲ့သားများ အားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

“ဘာဖြစ်သွားတာလဲ… ထင်ယောင်ထင်မှားဖြစ်တာလား”

“ထူးဆန်းတယ်... အားဖေးကလည်း သူတို့ရဲ့ အော်ရာကို မခံစားရတော့ဘူးလို့ ပြောနေတယ်”

“အမှောင်ညထဲမှာ ပျောက်သွားတာလား”

ကီကီက ဇဝေဇဝါဖြင့် မေးသည်။

“ညဘက်ကျမှ သူတို့ ထွက်လာရမှာ မဟုတ်ဘူးလား”

ရုတ်တရက် အပြောင်းအလဲက သူတို့ သိထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

လင်းရှန်တွင် မေးခွန်းများစွာ ရှိနေသော်လည်း ထိုသတ္တဝါများ ပျောက်ကွယ်သွားခြင်းမှာ သတင်းကောင်းပင်ဖြစ်သည်။ ဂရေ့စ်သည် အမှတ်အသားမခံရနိုင်သလို တိုက်ခိုက်ခြင်းလည်း မခံရသောကြောင့် သူမကို အသိုက်ရှိခဲ့သည့် နေရာသို့ သွားရောက်စစ်ဆေးရန် လင်းရှန်က ညွှန်ကြားလိုက်သည်။

ဂရေ့စ်သည် အမိုးများပေါ်မှတစ်ဆင့် လျင်မြန်စွာ ပြေးသွားပြီး လမ်းမပေါ်သို့ ခုန်ချကာ အသိုက်ရှိခဲ့သည့် နေရာသို့ ရောက်ရှိသွားသည်။

မကြာမီတွင် မြို့ရင်ပြင်ကို အလယ်ကနေ ခွဲထုတ်ထားသည့် ကြီးမားသော ကျင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ပျက်စီးခြင်းမရှိပေ။ ပို၍ ထူးဆန်းသည်မှာ သွေးအိုင်များကြားတွင် စွန့်ပစ်ထားသော အသက်ရှင်ကျန်ရစ်သူများ၏ သံချပ်ကာယာဉ်အသစ်များကို တွေ့ရခြင်းပင် ဖြစ်သည်။

ဂရေ့စ်သည် အချက်အလက်များကို စုဆောင်းရင်း လင်းရှန်၏ နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေသည်။

ထိုစဉ် လေထုကို ထိုးခွဲလာသည့် ပြင်းထန်သောအသံနှင့်အတူ အနက်ရောင် သံမဏိလှံတစ်စင်းသည် ဂရေ့စ်ဆီသို့ လျှပ်စီးကဲ့သို့ ပျံသန်းလာသည်။

ချွင်—

ဂရေ့စ်သည် သူမ၏ လက်ကို မြှောက်ကာ ထိုလှံကို ဖမ်းယူလိုက်သည်။

[ရန်သူကို ထောက်လှမ်းမိသည်၊၊ တိုက်ခိုက်ရေးစနစ် စတင်သည်]

လှံများစွာ ထပ်မံရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် အနီးရှိ ကားနှစ်စီးသည် မမြင်ရသော စွမ်းအားတစ်ခုဖြင့် ဆွဲငင်ခံရသလို ဂရေ့စ်ဆီသို့ ရောက်လာပြီး သူမကို ညှပ်ပစ်ရန် ကြိုးစားလိုက်သည်။

သူမ လေထဲသို့ ခုန်တက်လိုက်ပြီး လက်မှ ပလာစမာလျှပ်စစ်တန်းဖြင့် ကားတစ်စီးကို နှစ်ခြမ်းခွဲပစ်ကာ လှံများကိုလည်း အရည်ပျော်စေခဲ့သည်။

သို့သော် ရုတ်တရက် သူမ၏ နောက်တွင် လူတစ်ယောက် ပေါ်လာသည်။ ထိုသူ၏ စွမ်းအားဝတ်စုံမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။ ထိုသူသည် အရိပ်တစ်ခုကဲ့သို့ ရှေ့သို့ ပြေးလာပြီး ဂရေ့စ်၏ လည်ပင်းကို ကိုင်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။

ဘုန်း—

တိုက်ခိုက်သူက သူမကို ထိန်းချုပ်နိုင်ပြီဟု ထင်လိုက်သော်လည်း ဂရေ့စ်သည် သူမ၏ ဦးခေါင်းကို လှည့်ကာ စကင်ဖတ်လိုက်ပြီး ခြေထောက်နှစ်ဖက်ဖြင့် မြေပြင်ကို ကန်ကာ ရုန်းထွက်လိုက်သည်။ အနက်ရောင်အရိပ်သည် သူမ၏ ခွန်အားကြောင့် လက်ကောက်ဝတ် နာကျင်သွားသဖြင့် လွှတ်လိုက်ရပြီး သူမ၏ ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

ဂရေ့စ်က အသာအယာ ရှောင်တိမ်းလိုက်ပြီး ထိုသူ၏ လက်မောင်းကို ဖမ်းကာ မြေပြင်ပေါ်သို့ ပြန်လှဲချလိုက်သည်။

သို့သော် သူမ ဆက်လက်မတိုက်ခိုက်နိုင်ခင်မှာပင် မြေပြင်ရှိ ကွန်ကရစ်များသည် ပုံမှန်မဟုတ်ဘဲ မြင့်တက်လာပြီး သူမကို လွင့်စင်သွားစေသည်။ ကားတစ်စီးကလည်း သူမထံသို့ တိုးဝင်လာသဖြင့် ထရပ်ကားကြီးတစ်စီးနှင့် ညှပ်မိသွားသည်။

တိုက်ခိုက်သူက မတ်တပ်ရပ်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“အတော်ကောင်းတဲ့ စက်ရုပ်ပဲ… ဒါ အနီရောင်ကမ္ဘာက ထုတ်တဲ့ အလွိုင်းယူနစ်ဖြစ်ရမယ်… ဒါမျိုးက တွေ့ရခဲတယ်”

ဆံပင်တိုတိုနှင့် အနက်ရောင်စွမ်းအားဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျောတွင် ဓားတိုနှစ်လက်ပါရှိသည်။ သူမ၏ ခန္ဓာကိုယ်သည် မျိုးဗီဇပြောင်းလဲမှုကြောင့် သန်မာနေပုံရသည်။ ဝတ်စုံပေါ်တွင် အနီရောင်တံဆိပ်တစ်ခုပါရှိသည်။

သူမသည် ဆက်သွယ်ရေးစက်ဖြင့် စကားပြောနေသည်။ ထိုစဉ် အပေါ်ဘက်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာ၏။

“လန်... အာရုံမများနဲ့”

အမျိုးသားတစ်ဦးသည် ကောင်းကင်မှ ပျံဆင်းလာသည်။ သူသည် ကိုယ်လုံးပြည့် စွမ်းအားဝတ်စုံကို ဝတ်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ပါရှိသည်။

သူက လက်ကို မြှောက်လိုက်ရာ မြေပြင်ပေါ်ရှိ အုတ်ခဲများနှင့် သံတိုသံစများမှာ လေထဲသို့ မြင့်တက်လာပြီး ချွန်ထက်သော လှံများအဖြစ် ပြောင်းလဲကာ ဂရေ့စ်ကို ညှပ်ထားသည့် ကားဆီသို့ ပစ်လွှတ်လိုက်သည်။

ဘုန်း—

ကားသည် အစိတ်စိတ်အမွှာမွှာပေါက်ကွဲသွားသည်။ ထိုအပျက်အစီးများကြားမှ သတ္တုကိုယ်ထည်နှင့် စက်ရုပ်သည် ခုန်ထွက်လာပြီး အဖြူရောင်မြို့ ရထားဘူတာဘက်သို့ ဦးတည်ပြေးသွားသည်။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား”

ကိုယ်လုံးပြည့်စွမ်းအားဝတ်စုံနှင့် အမျိုးသားသည် ကီကီကဲ့သို့ပင် ပျံသန်းနိုင်စွမ်း ရှိပုံရပြီး သူမနောက်သို့ လိုက်ပါသွားသည်။ သူ၏ စွမ်းအားဖြင့် ဂရေ့စ်ကို ဖမ်းဆီးရန် ကြိုးစားသော်လည်း ဂရေ့စ်၏ ခွန်အားက ပို၍ ပြင်းထန်နေသည်။ ထို့ကြောင့် သူက အနီရောင်ဆာမူရိုင်းဓားကို ဆွဲထုတ်လိုက်သည်။

၎င်းကို မြင်သောအခါ တိုင်ရီလန်က ပြောလိုက်သည်။

“ရူဂျိ … မလုပ်နဲ့… အဲဒါက တန်ဖိုးကြီးကွမ်တမ်ဦးနှောက်ပဲ၊၊ ရှင်းဂျီဆီကို အကောင်းအတိုင်းပြန်ယူသွားတာ ပိုကောင်းတယ်”

“ရှီဇီ လိုက်သွား”

“နားလည်ပြီ”

အနီးရှိ လမ်းကြားတစ်ခုမှ ပျံသန်းနိုင်သော ဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ဦး ထွက်လာပြီး ဂေရ့စ်နောက်သို့ လိုက်သွားသည်။ သူမက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အစိမ်းရင့်ရောင် စွမ်းအင်နယ်ပယ်က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

သူမက ထပ်ပြောလိုက်၏။

“ဒီစက်ရုပ်မှာ ဝိညာဉ်လှိုင်းစွမ်းအင်တွေ ရှိနေတယ်၊၊ ဒါက အားကောင်းတဲ့ စွမ်းအားရှင်တစ်ယောက်ဆီက လာတာပဲ”

“ဒါဆိုရင် ဒါက အနီရောင်ကမ္ဘာရဲ့ အထက်တန်းလွှာတွေ ပိုင်တာ သေချာပြီ”

ထိုစကားကို ကြားသောအခါ ရူဂျိသည် ဓားကို ပြန်သိမ်းလိုက်ပြီး သူ၏ စွမ်းအားကို အသုံးပြုကာ အုတ်ခဲများနှင့် အပျက်အစီးများဖြင့် ဂရေ့စ်ကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

သူတို့ သုံးယောက် ဂရေ့စ်နောက်သို့ လိုက်နေစဉ် ရှီဇီက နောက်ဘက်ရှိ မှောင်မည်းသော လမ်းကြားဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျက်နှာ ပျက်သွားသည်။

“သူတို့ လာနေပြီ… အရမ်းမြန်တယ်”

All Chapters