အခန်း (၉၀၅-၉၀၆)
Vol. 56 Ch. 905-906
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၀၅ ။ ကြောက်လွန်း၍ ရူးသွားတော့မည့် မစ္စတာ ဝေါလ်တာ
ဝေါလ်တာသည် ကုမ္ပဏီရှိ ပီတာ၏ရုံးခန်းတွင် အဲကွန်းစက် ရုတ်တရက် ပြုတ်ကျလာမှုကြောင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့သည်။
သူ အိမ်သို့ တန်းပြေးသွားသည်။ အပြင်းအထန်ပြေးလွှားခဲ့ရသောကြောင့် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများ အနည်းငယ်ငြိမ်သက်သွားသည်။
သူ နဖူးမှချွေးများကိုသုတ်လိုက်ပြီး ကိုယ့်ဘာသာပြောလိုက်သည်။
"ဟွာရှမှာ တကယ် သရဲရှိတာပဲ၊ တကယ် ကြောက်စရာ ကောင်းလိုက်တာ"
သူ့အလိုလို ရွေ့ပြီးပြုတ်ကျသော ခွက်၊ သူ့အလိုလိုပြုတ်ကျသော ဖိုင်တွဲများနှင့် ရုတ်တရက် ပြုတ်ကျသော အဲကွန်းစက်တို့သည် မျက်မြင်ကိုယ်တွေ့ မဟုတ်ပါက ယုံနိုင်စရာမရှိပေ။
ဝေါလ်တာ ရင်ဘတ်ကို ပုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
"တိုက်ဆိုင်မှု... အကုန် တိုက်ဆိုင်မှုတွေပါ၊ ကိုယ့်ကိုယ်ကိုယ် ပြန်မခြောက်နဲ့"
ထို့နောက် သူသည် ရေတစ်ခွက် ငှဲ့သောက်ပြီး စိတ်ကိုအေးချမ်းအောင်လုပ်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အသက်အရွယ် ကြီးရင့်သော အသံတစ်ခု အခန်းထဲတွင် ထွက်ပေါ်လာသည်။
"ငါ့အသက် ပြန်ပေး... ငါ့အသက် ပြန်ပေး..."
လေထုသည် ရုတ်တရက် ထူးဆန်းပြီး တိတ်ဆိတ် ကြောက်မက်ဖွယ် ကောင်းလာသည်။
"ခွမ်း..."
ဝေါလ်တာ၏လက်ထဲမှခွက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ ကြောက်လန့်တကြား ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးနောက် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ... ထွက်ခဲ့စမ်း... သရဲခြောက်သလို လုပ်မနေနဲ့"
ခေတ်သစ်လူသားတစ်ဦးအတွက် အခန်းထဲတွင် အသံထွက်ပေါ်လာခြင်းသည် ထူးဆန်းသော ကိစ္စ မဟုတ်ပေ။ နည်းပညာပစ္စည်းအနည်းငယ်အသုံးပြုလိုက်ရုံဖြင့် လုပ်ဆောင်နိုင်သည်။
သို့သော် ဝေါလ်တာသည် ယနေ့ ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုများကြောင့် လန့်ဖျပ်နေသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အသံအနည်းငယ် ကြားလိုက်ရုံဖြင့် အမွေးများ ထောင်ထလာပြီး ကြောက်ရွံ့ထိတ်လန့်ကာ ဂနာမငြိမ်ဖြစ်နေသည်။
အထူးသဖြင့် ထိုအသံသည် အိုမင်းပြီး မကျေမနပ်ဖြစ်နေသော အသံမျိုးဖြစ်နေသည်။
သူ့အသံ ဆုံးသွားသည်နှင့် အခန်းထဲတွင် အသံထပ်ထွက်လာပြန်သည်။ ပတ်ဝန်းကျင်တွင် မကျေနပ်ချက် အငွေ့အသက်များ လွှမ်းခြုံနေသကဲ့သို့ ခံစားရပြီး အသံသည် ရှည်လျားကာ ဝမ်းနည်းဖွယ် ကောင်းနေသည်။
အိုမင်းသော အသံက ပြောသည်။
"ငါက... ဘယ်သူလဲ ဟုတ်လား။ ငါက မင်းတို့ နိုင်ငံခြားသားတွေသတ်လို့ သေသွားတဲ့ လူလေ။ ငါ မကျေနပ်ဘူး... ငါ နာကြည်းတယ်... ဒါကြောင့် ငါ လက်စားချေမယ်"
အသံဆုံးသည်နှင့် ဝေါလ်တာ ထောင့်တစ်နေရာသို့ တိုးဝင်ကာ ခေါင်းကို အုပ်လျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။ မျက်လုံးများက ပတ်ဝန်းကျင်ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေပြီး သတိထားနေသည်။
ထို့နောက် သူ့ရှေ့တွင် ဖြူဖပ်ဖြူရော်ဖြစ်နေသော၊ အိုမင်းပြီး တွန့်လိမ်နေသော လက်တစ်စုံ ပေါ်လာသည်။ ထိုလက်များက သူ့လည်ပင်းကို ညှစ်ရန် ရည်ရွယ်နေပုံရသည်။ တစ်ချိန်တည်းမှာပင် မျက်နှာဖြူဖပ်ဖြူရော်နှင့် မျက်လုံးများ ပြူးကျယ်နေသော အဘိုးအိုတစ်ဦး၏မျက်နှာ ပေါ်လာသော်လည်း ကိုယ်ခန္ဓာကို မမြင်ရပေ။
"အား..." ဝေါလ်တာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "မင်းက ဘာကောင်လဲ၊ မြန်မြန် ထွက်သွား၊ မြန်မြန် ထွက်သွား" လက်နှစ်ဖက်ကို ရမ်းခါနေသည်။
အိမ်ဖော်သည် သခင်ဖြစ်သူ၏အော်ဟစ်သံကို ကြားသဖြင့် အပြေးရောက်လာသည်။ သခင်ဖြစ်သူက လေထဲကို ကြည့်ပြီး အော်ဟစ်နေသည်၊ မျက်နှာထား ကြောက်ရွံ့နေသည်၊ လက်နှစ်ဖက် ရမ်းခါနေသည်ကို တွေ့လိုက်ရသည်။
အိမ်ဖော်က အာမေဋိတ်သံ ပြုလိုက်သည်။
"ဘုရားရေ... ဆရာ ဘာဖြစ်တာလဲ"
ထို့နောက် သူမ ရှေ့တိုးသွားပြီး ဝေါလ်တာကို ခေါ်လိုက်သည်။ "ဆရာ..."
ရလဒ်အနေဖြင့် ဝေါလ်တာက လက်သီးဖြင့်ထိုးလိုက်ရာ အိမ်ဖော် လဲကျသွားသည်။
"အား..." အိမ်ဖော်၏စူးရှသောအော်သံသည် တိုက်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
လက်သီးတစ်ချက်ထိုးရုံနှင့် မပြီးဘဲ ဝေါလ်တာသည် အိမ်ဖော်ကို ဆက်လက်ထိုးကြိတ်နေသဖြင့် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။
အိမ်နီးချင်းများ အသံကြားသဖြင့် လာကြည့်ကြရာ အခြေအနေကို မြင်တွေ့လိုက်ရပြီး သက်တော်စောင့်များကို ဝေါလ်တာအား ဆွဲဖယ်ခိုင်းလိုက်သည်။
ဝေါလ်တာသည် ဝင်ပူးခံထားရသကဲ့သို့ တွေ့သမျှလူကို လိုက်ကိုက်နေသည်။ သက်တော်စောင့်များက သန်မာသဖြင့် ဝေါလ်တာကို လက်သီးဖြင့် နှစ်ချက်ထိုးလိုက်သည်။
ထိုလက်သီးနှစ်ချက်က ဝေါလ်တာကို သတိဝင်လာစေသည်။
သူ သတိဝင်လာသောအခါ မြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားသည်။
"ဘာဖြစ်သွားတာလဲ"
ခဏမျှ လူတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။
ခဏအကြာတွင် အိမ်နီးချင်းက ခေါင်းခါလိုက်ပြီး စေတနာဖြင့် ပြောပြလိုက်သည်။
"ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော်တို့ ရောက်လာတော့ ခင်ဗျားက ခင်ဗျားအိမ်ဖော်ကို အတင်းထိုးကြိတ်နေတာ။ ကျွန်တော့် သက်တော်စောင့်တွေသာ မဆွဲလိုက်ရင် ဘာဖြစ်သွားမလဲ မသိဘူး"
ပြောရင်းနှင့် သူက ကြမ်းပြင်ပေါ်တွင် မျက်နှာတစ်ပြင်လုံးရောင်ရမ်းကာ လဲကျနေသော အိမ်ဖော်ကို လက်ညှိုးထိုးပြလိုက်သည်။
ဝေါလ်တာ "..."
အိမ်ဖော်သည် ကိုယ်ကို ကျုံ့ထားပြီး ကြောက်ရွံ့စွာ အော်ပြောလိုက်သည်။
"လူသတ်နေတယ်၊ ရှင်တို့ကို တရားစွဲမယ်၊ ရှင်တို့ကို တရားစွဲမယ်"
သူမသည် အိမ်ဖော်ဖြစ်သော်လည်း လူ့အခွင့်အရေးရှိသည်။ အကြောင်းရင်းမရှိဘဲ အရိုက်ခံရသဖြင့် ကြောက်ရွံ့ပြီး ဝမ်းနည်းကာ မကျေမနပ်ဖြစ်နေသည်။
ဝေါလ်တာ ကြားလိုက်ရသောအခါ မျက်နှာပျက်သွားသည်။ ထို့နောက် သူက ခေါင်းငုံ့ခံကာ တောင်းပန်လိုက်သည်။ ကောင်းကောင်းမွန်မွန် ပြောဆိုညှိနှိုင်းပြီးနောက်မှ အိမ်ဖော်က လက်လျော့လိုက်သည်။ သို့သော် လျော်ကြေးငွေရရှိပြီးနောက် သူမ ဆက်မလုပ်တော့ကြောင်း ပြောဆိုလိုက်သည်။
စောစောကမြင်ကွင်းသည် သူမအတွက် အမှတ်တရဆိုးကြီးဖြစ်နေသည်။ သခင်ဖြစ်သူ၏ ရူးသွပ်မှု၊ ရုတ်တရက် ဒေါသထွက်မှုနှင့် နာကျင်မှုတို့ကို သူမ မှတ်မိနေသည်။
ဝေါလ်တာ ဘယ်အချိန် ထပ်ရူးဦးမလဲ သူမ မသိပေ။ နောက်တစ်ကြိမ်တွင် အိမ်နီးချင်း လာကယ်နိုင်လောက်အောင် ကံကောင်းပါ့မလား မသိနိုင်ပေ။
ထို့ကြောင့် သူမ မလောင်းရဲပေ။ သူမ၏အသက်ကို မလောင်းရဲပေ။
ဝေါလ်တာအနေဖြင့် အိမ်ဖော်က လျော်ကြေးငွေလက်ခံပြီး တရားမစွဲတော့ဘူးဆိုကတည်းက ဝမ်းသာနေပြီဖြစ်ရာ သူမ ဆက်မလုပ်တော့ဘူးဆိုသည်ကို သေချာပေါက် မကျေမနပ်ဖြစ်မည် မဟုတ်ပေ။
အိမ်ဖော်ကို ပိုက်ဆံရှင်းပေးပြီးနောက် အိမ်ဖော်သည် ပစ္စည်းများ သိမ်းဆည်းကာ ဝေါလ်တာ၏တိုက်ခန်းမှ အမြန်ထွက်ခွာသွားသည်။ အိမ်နီးချင်းလည်း သက်တော်စောင့်များကိုခေါ်ကာ ပြန်သွားသည်။
ထို့နောက် တိုက်ခန်းထဲတွင် ဝေါလ်တာတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
လူသူကင်းမဲ့နေသော တိုက်ခန်းကိုကြည့်ပြီး စောစောက ထူးဆန်းသော အဖြစ်အပျက်ကို ပြန်စဉ်းစားမိရာ ဝေါလ်တာတစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်လာသည်။
ထို့နောက် သူသည် အခန်းထဲသို့ဝင်ကာ ပစ္စည်းအချို့ အလျင်အမြန် သိမ်းဆည်းပြီး အိတ်ငယ်တစ်လုံး လွယ်ကာ အိမ်မှ ချက်ချင်း ထွက်ခွာသွားသည်။ အဆင့်မြင့်ဟိုတယ်တစ်ခုသို့ သွားရောက် တည်းခိုလိုက်သည်။
ဟိုတယ်တွင် အခန်းယူသောအခါ ဝန်ထမ်းများက သူ့ပုံစံကိုကြည့်ပြီး လူဆိုးများလားဟု သံသယဝင်ကာ အကြိမ်ကြိမ်စစ်ဆေးပြီးမှ အခန်းပေးလိုက်သည်။
ဝေါလ်တာသည် ဟိုတယ်အခန်းထဲသို့ ရောက်သောအခါ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ထူးခြားမှု မရှိသည်ကိုတွေ့ရမှ စိတ်ငြိမ်သွားသည်။
ထို့ကြောင့် ဟိုတယ်က လုံခြုံသည်ဟု သူ ယူဆလိုက်သည်။
ထို့နောက် သူသည် ရှုပ်ပွနေသော အဝတ်အစားများနှင့် အဝတ်အစားပေါ်တွင် ပေကျံနေသော အိမ်ဖော်၏သွေးစများကိုကြည့်ကာ ရေချိုးပြီး တစ်ရေးလောက် အိပ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူ အလုပ်များလွန်း၍ ဖြစ်မည်ဟု တွေးလိုက်သည်။ ထို့အပြင် ပီတာနှင့်အတူ မကောင်းမှုများ ပြုလုပ်ထားသဖြင့် စိတ်လိပ်ပြာ မလုံဖြစ်ကာ ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု ယူဆလိုက်သည်။
ရေချိုးခန်းထဲဝင်ပြီး ရေပန်းဖွင့်လိုက်သောအခါ အစပိုင်းတွင် ထူးခြားမှု မရှိဘဲ ရေအေးနှင့် ရေနွေး မျှတနေသည်။
သို့သော် မျက်လုံးမှိတ်ပြီး ရေချိုးနေစဉ် တဖြည်းဖြည်း ထူးဆန်းလာသည်။
ရေက ဘာလို့ သွေးညှီနံ့ ရနေတာလဲ။
သူ မျက်လုံးဖွင့် ကြည့်လိုက်သောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "အား..."
ဒါ ရေမှ မဟုတ်တာ၊ သွေးတွေပဲ။
ဝေါလ်တာသည် အဝတ်အစားပင် မဝတ်ဘဲ ရေချိုးခန်းထဲမှ ကြောက်လန့်တကြား ပြေးထွက်လာပြီး အော်ဟစ်လိုက်သည်။ "ဝန်ထမ်း... ဝန်ထမ်း..."
သို့သော် အခန်းထဲတွင် အော်ဟစ်နေရုံဖြင့် အပြင်လူက ဘယ်လိုလုပ်ကြားနိုင်ပါ့မလဲ။
ဝန်ထမ်း ရောက်မလာဘဲ ရင်းနှီးသလိုလို စိမ်းသက်သလိုလို မျက်နှာတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ထိုမျက်နှာသည် စောစောက သူ့တိုက်ခန်းတွင် ရုတ်တရက် ပေါ်လာသော မျက်နှာပင် ဖြစ်သည်။
"အား..."
ကြောက်လန့်တကြား အော်ဟစ်သံသည် ဟိုတယ်တစ်ခုလုံးကို ဖောက်ထွက်မတတ် ပျံ့လွင့်သွားတော့သည်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၀၆ ။ အပြစ်ဝန်ခံခြင်း
မြို့တော်ရဲစခန်း အချုပ်ခန်း...
အပြင်ဘက်မှ ရဲများသည် ကြောက်လန့်တကြားဖြစ်နေသော ဝေါလ်တာကိုကြည့်ကာ သံသယ ဝင်နေကြသည်။
"ဒီဝေါလ်တာ ရူးသွားတာများလား"
"ရူးတာ မဟုတ်လောက်ဘူး၊ လန့်သွားတာဖြစ်မယ်"
"ဟ... လန့်သွားတယ် ဟုတ်လား။ ကြည့်ရတာ မကောင်းမှုတွေ တော်တော်လုပ်ထားပုံရတယ်။ ယောက်ျားရင့်မာကြီးက ဒီလောက်ထိလန့်နေရတယ်လို့။ သူ ကြောက်လွန်းလို့ ရူးသွားမလားပဲ"
ကြောက်လွန်းလို့ ရူးသွားတယ်ဆိုရင်တော့ ဒီအမှုအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာဦးမှာပဲ။
ဘာပဲပြောပြော ကြောက်လွန်းလို့ ရူးသွားတဲ့ အရူးတစ်ယောက်ရဲ့စကားတွေက သက်သေအဖြစ် ယူလို့ မရဘူးလေ။
သို့သော် ဝေါလ်တာ ရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်က အခြေအနေမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်သော်လည်း စိတ်ကမူ ကြည်လင်နေသည်ဟု သတ်မှတ်နိုင်သည်။
ရဲအရာရှိတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သူ အခု စိတ်ကြည်လင်သည်ဖြစ်စေ၊ မကြည်လင်သည်ဖြစ်စေ ဆရာဝန်ခေါ်ပြတာ ပိုကောင်းမယ်ထင်တယ်"
အခြားရဲအရာရှိတစ်ဦးကလည်း ထောက်ခံသည်။
"ငါလည်း ဆရာဝန်ခေါ်ပြသင့်တယ် ထင်တယ်။ လိုအပ်ရင် စိတ်ရောဂါကုဆရာဝန်ပါ ခေါ်သင့်တယ်။ မဟုတ်ရင် သူ့အခြေအနေကြည့်ရတာ ဒီအတိုင်းဆက်သွားရင် တကယ်ရူးသွားနိုင်တယ်"
ရဲအရာရှိ နှစ်ဦး ဆွေးနွေးနေစဉ် အချုပ်ခန်းထဲတွင် ဝေါလ်တာသည် နံရံကိုမှီကာ အလွန်ကြောက်ရွံ့ထိတ်လန့်နေသည်။
သူ ခေါင်းကို အုပ်ထားရင်း တီးတိုးရေရွတ်နေသည်။
"ငါ မင်းတို့ ပြောတဲ့အတိုင်း လုပ်ပြီးပြီလေ၊ ငါ့ကို လွှတ်ပေးကြပါတော့၊ ငါ့ကို လွှတ်ပေးကြပါတော့"
ဒီအတိုင်း ဆက်သွားရင် သူ လုံးဝ ရူးသွားလိမ့်မယ်။
ရှောင်လဲ့ထုန်နှင့် ရှောင်လင်သည် ထိုအချိန်တွင် ကိုယ်ဖျောက်လျက် ဝေါလ်တာ ရှေ့၌ ရပ်နေကြသည်။
ရှောင်လင်သည် ရှောင်လဲ့ထုန်ကို လေးစားအားကျသော အမူအရာဖြင့်ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုကြီး... အစ်ကိုကြီးက တကယ် တော်တာပဲ၊ ဝေါလ်တာကို လာအဖမ်းခံအောင် လုပ်နိုင်တယ်"
ရှောင်လဲ့ထုန်က မျက်နှာထား တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟဟ... ဒါက ပညာစမ်းရုံ သက်သက်ပါ" သို့သော် ရှောင်လင်၏ချီးကျူးမှုကိုခံရသဖြင့် မျက်နှာတွင် ဂုဏ်ယူသောအရိပ်အယောင်များ ပေါ်နေသည်။
ရှောင်လင်က ဝေါလ်တာကို တစ်ချက်ကြည့်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။
"ဒါပေမဲ့ အစ်ကိုကြီး... ဘာဖြစ်လို့ ဟိုလူယုတ်မာ ပီတာကို ကိုယ်တိုင် လာအဖမ်းခံအောင် မလုပ်တာလဲ"
"ဝေါလ်တာက သတ္တိနည်းတယ်။ ငါတို့ နည်းနည်းခြောက်လိုက်တာနဲ့ ကြည့်ပါဦး၊ ငှက်ဖျားတက်သလို တုန်နေပြီ။ ဒီလိုလူမျိုးက အသုံးချဖို့ အလွယ်ဆုံးပဲ။ ပြီးတော့ တို့ကို ထောင်ချောက်ဆင်တဲ့ကိစ္စမှာ ဝေါလ်တာက ခေါင်းဆောင်မဟုတ်ပေမဲ့ အဓိကကြံရာပါပဲ။ အတွင်းရေးတွေ အများကြီး သူ သိတယ်။ ပြီးတော့ သူက ပီတာရဲ့လက်ရုံး၊ လူယုံလေ။ သူ လာအဖမ်းခံတာက ယုံကြည်လက်ခံနိုင်စရာ ပိုကောင်းတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ပီတာကတော့ ကောက်ကျစ်စဉ်းလဲတယ်။ ငါတို့ ရုံးခန်းထဲမှာ သူတို့နှစ်ယောက်လုံးကို ခြောက်လှန့်တုန်းက မမြင်ဘူးလား။ ဝေါလ်တာက အဲကွန်းစက် ပြုတ်ကျတာနဲ့ ကြောက်လန့်တကြားဖြစ်သွားပေမဲ့ ပီတာကတော့ တည်ငြိမ်နေသေးတယ်။ အရေးကြီးတဲ့ အချိန်မှာ ဝေါလ်တာ လျှောက်ပြောမိမှာ စိုးလို့တောင် လိုက်ခေါ်ခိုင်းသေးတယ်။ ဒီလိုလူမျိုးက တော်ရုံ ခြောက်ရင်လည်း ရူးသွားမယ်၊ မဟုတ်ရင် စိတ်ဓာတ်မာကျောနေမယ်။ ဒါကြောင့် သူ့ကို လာအဖမ်းခံခိုင်းဖို့ဆိုတာ နည်းနည်းခက်ခဲပြီး အချိန်ယူရလိမ့်မယ်။ ငါတို့အမေ့ကို ရဲစခန်းမှာ အကြာကြီး နေလို့ မဖြစ်ဘူးလေ။
အချိန်ကြာလေ ပီတာတို့က သဲလွန်စတွေကို ဖျောက်ဖျက်နိုင်လေ ဖြစ်မယ်။ ဒါကြောင့် ဝေါလ်တာက အသင့်တော်ဆုံးပဲ"
ရှောင်လင် နားထောင်ပြီးနောက် သဘောပေါက်သွားသည်။
"ဒီကိစ္စကို လူယုတ်မာ ပီတာနဲ့ ဟွမ်လင်းအုပ်စုဆီ လွှဲချနိုင်ရင် မားမားက ရဲစခန်းကနေ အမြန်ဆုံး ပြန်ထွက်လာနိုင်မှာပေါ့" ရှောင်လဲ့ထုန်က စဉ်းစားပြီး ပြောလိုက်သည်။ "ဒီဝေါလ်တာ လာအဖမ်းခံမှတော့ ပီတာလည်း ပြေးလို့လွတ်မှာမဟုတ်တော့ပါဘူး"
ရှောင်လင် ခေါင်းညိတ်လိုက်သည်။
"ဪ... ဒီလိုကိုး"
ရှောင်လဲ့ထုန်က ပြောသည်။
"ကဲ... မားမားဆီ သွားကြည့်ရအောင်"
ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား အချုပ်ခန်းထဲမှ ပျောက်ကွယ်သွားကြသည်။
***