← Chapters

အခန်း (၉၁၁-၉၁၂)

Vol. 56 Ch. 911-912

အခန်း (၉၁၁-၉၁၂)

Vol. 56 Ch. 911-912

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၁ ။ မိုးခေါ်လေခေါ် စွမ်းရည်

ရှောင်လဲ့ထုန်၏ ကူးပြောင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း အတွေ့အကြုံများကို နားထောင်ပြီးနောက် ဇနီးမောင်နှံနှစ်ဦး အလွန်တုန်လှုပ်သွားကြသည်။

ယခင်က ကုန်းထျန်းဟောက်သည် ရှောင်လဲ့ထုန်ပြောပြသည်ကို တစ်ကြိမ်နားထောင်ဖူးပြီး အလွန်တုန်လှုပ်ခဲ့သော်လည်း ထပ်မံကြားရသည့်အခါတွင်လည်း တုန်လှုပ်နေဆဲဖြစ်သည်။

ဇနီးမောင်နှံနှစ်ဦးသည် အချိန်အတော်ကြာအောင် သတိမဝင်နိုင်ဘဲ အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြသည်။

ရှောင်လင်းယွီ သတိဝင်လာသောအခါ ရှောင်လဲ့ထုန်ကိုကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

သူမ ပြန်ပေးဆပ်နိုင်မည်ဟု ထင်မှတ်ထားသော သားလေးသည် ယခုအခါ နတ်ဘုရားတစ်ပါးဖြစ်နေပြီ၊ ဒဏ္ဍာရီလာ နတ်ဘုရားမျိုးဖြစ်နေသည်။

နောင်တွင် တစ်ကမ္ဘာလုံး၌ မောက်မာစွာ လျှောက်သွားနိုင်ပေတော့မည်။

အင်း... တကယ်တမ်းကျတော့ သူတို့ သာမန်လူအနေနဲ့တောင် ဒီကမ္ဘာပေါ်မှာ သူတို့ရဲ့အဆင့်အတန်းက မောက်မာစွာ လျှောက်သွားလို့ ရနေတာပါပဲ။ ဒါပေမဲ့ ဒီမောက်မာမှုက ဒီကမ္ဘာပေါ်က စွမ်းရည်နဲ့ အရည်အချင်းအပေါ် မူတည်တာပေါ့။

အားကြီးသူက အနိုင်ရတယ်၊ အားနည်းသူက အသားစားခံရတယ်။

ဒါက ဘယ်ခေတ်၊ ဘယ်အချိန်အခါမဆို အကျုံးဝင်တယ်။

ရှောင်လဲ့ထုန်သည် မိဘများ တုန်လှုပ်ပြီး သတိမဝင်နိုင်ဖြစ်နေသည်ကိုကြည့်ကာ မယုံကြည်နိုင် ဖြစ်နေကြသည်ကို တွေ့ရသဖြင့် လေးနက်စွာ ပြောလိုက်သည်။

"ပါပါး၊ မားမား... သား သက်သေပြလိုက်ပါမယ်"

ပြောပြောဆိုဆိုနှင့် သူ တံခါးဝသို့ လျှောက်သွားပြီး လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် အပြင်ဘက်တွင် တိမ်ကင်းစင်ပြီး သာယာနေသော ကောင်းကင်သည် ချက်ချင်း မည်းမှောင်လာပြီး မိုးချုန်းသံများထွက်ပေါ်လာကာ ခဏအကြာတွင် မိုးသည်းထန်စွာ ရွာသွန်းလာသည်။

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်သည် ရှောင်လဲ့ထုန်၏ မိုးခေါ်လေခေါ် စွမ်းရည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့သြသွားကြသည်။

သူတို့သည် သိပ္ပံပညာ သင်ကြားကြီးပြင်းလာသူများဖြစ်ကြသဖြင့် မိုးချုန်းခြင်း၊ မိုးရွာခြင်း မည်သို့ ဖြစ်ပေါ်လာသည်ကို ကောင်းစွာသိကြသည်။ ထိုအရာသည် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။

သို့သော် ယခုအခါ သိပ္ပံပညာဖြင့် ရှင်းပြနိုင်သည်ဟု ယူဆထားသော သဘာဝဖြစ်စဉ်ကို လူတစ်ယောက်က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ဤထိန်းချုပ်မှုသည် ရိုးရှင်းသော ထိန်းချုပ်မှု သက်သက်သာဖြစ်ပြီး မည်သည့် ဓာတုဗေဒ၊ ရူပဗေဒ နည်းလမ်းကိုမျှ အသုံးမပြုထားပေ။

ကုန်းထျန်းဟောက်သည် ခဏမျှ တုန်လှုပ်နေပြီးနောက် တံတွေးမြိုချလိုက်ကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။

"ထုန်ထုန်... သားက တန်ခိုးစွမ်းအားသုံးပြီး မိုးရွာအောင် လုပ်လိုက်တာလား"

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်၊ ဒီလို မိုးရွာအောင်လုပ်တဲ့ တန်ခိုးစွမ်းအားက သားတို့ ကျင့်ကြံခြင်းလောကမှာ အဆင့်နိမ့် တန်ခိုးစွမ်းအားတစ်ခုပါပဲ"

"ဒါက အဆင့်နိမ့် တန်ခိုးစွမ်းအား ဟုတ်လား" ရှောင်လင်းယွီ အလွန်အံ့သြသွားသည်။ သူမသည် လောကကြီးအကြောင်းမသိသော တောသူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

တကယ်တမ်းတွင် ရှောင်လဲ့ထုန်၏စွမ်းရည်သည် သူတို့ကို အလွန်တုန်လှုပ်စေခဲ့သည်၊ အံ့အားသင့်စေခဲ့သည်၊ မယုံကြည်နိုင် ဖြစ်စေခဲ့သည်။

သူတို့သည် သားဖြစ်သူ၏ရှေ့တွင် လောကကြီးအကြောင်း ဘာမှမသိသော တောသားများကဲ့သို့ ဖြစ်နေသည်။

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။

"အင်း... ဒါတွေက အဆင့်နိမ့် တန်ခိုးစွမ်းအားတွေပါပဲ။ ကျင့်ကြံသူဖြစ်လာပြီဆိုတာနဲ့ ဒီတန်ခိုးစွမ်းအားက မရှိမဖြစ် လိုအပ်တာ။ မဟုတ်ရင် ကျင့်ကြံသူမဟုတ်တော့ဘူး"

ဤနေရာသို့ ရောက်သောအခါ သူ အပြင်ဘက်တွင် ရွာသွန်းနေသော မိုးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒီတန်ခိုးစွမ်းအားကို သား နှစ်နှစ်သား အရွယ်တုန်းက တတ်မြောက်ခဲ့တာ"

သူ့အတွက် မည်သည့် တန်ခိုးစွမ်းအားမဆို လွယ်ကူသည်။

သူ့ဆရာပြောသကဲ့သို့ပင် သူ့ပါရမီသည် ကျင့်ကြံခြင်း လောကတွင် အကောင်းဆုံးဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာမှတစ်ယောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းတစ်ခုလုံးက သူ နတ်ဘုရားဖြစ်လာပြီး ထျန်းရှန်ဂိုဏ်းတစ်ခုလုံးကို ဂုဏ်တက်စေမည်ဟု မျှော်လင့်ထားကြသည်။

သို့သော် သူသည် စိတ်နတ်ဆိုးကြောင့် နှစ်ပေါင်း နှစ်ထောင်ကြာအောင်ရပ်တန့်နေပြီး နတ်ဘုရား မဖြစ်နိုင်ခဲ့သည်ကို မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

ထို့ကြောင့် ဂိုဏ်းတစ်ခုလုံး၏အင်အားကိုသုံးပြီး သူ့စိတ်နတ်ဆိုးကို ဖြေရှင်းပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ရှောင်လင်းယွီသည် ရှောင်လဲ့ထုန် နှစ်နှစ်သား အရွယ်ကတည်းက ဤတန်ခိုးစွမ်းအားကို တတ်မြောက်ခဲ့ကြောင်း ကြားသိလိုက်ရသောအခါ ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။

"ငါ့သားက တကယ် အတော်ဆုံးပဲ"

ရှောင်လဲ့ထုန် မျက်နှာရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

"သားဆရာက ပြောတယ်၊ သားက ပါရမီကောင်းပေမဲ့ ကစားရတာမက်လွန်းလို့ ဘာသင်သင် ပြီးပြည့်စုံအောင် မသင်ဘူးတဲ့"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။

"ကစားတာက ကလေးသဘာဝပဲလေ။ အဲဒီတုန်းက သားက နှစ်နှစ်ပဲ ရှိသေးတာ၊ သေချာပေါက် ကစားချင်မှာပေါ့။ ဒါပေမဲ့ သားဆရာက သားကိုကောင်းစေချင်လို့ ပြောတာနေမှာပါ"

ရှောင်လဲ့ထုန်ကို ပြုစုပျိုးထောင်ပေးခဲ့သော ထျန်းရှန်ဂိုဏ်းမှ လူတိုင်းကို ရှောင်လင်းယွီ ကျေးဇူးတင်နေမိသည်။

သူတို့၏ ချစ်ခင်ကြင်နာမှုကြောင့်သာ သူသည် မိခင်အရင်း၏ စွန့်ပစ်ခြင်းခံရသည့် အရိပ်မည်းထဲသို့ မကျရောက်ဘဲ ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ခဲ့ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"အင်း... အဲဒီအချိန်တုန်းက သား တော်တော်မလိမ္မာခဲ့ဘူးလို့ ပြန်တွေးမိတယ်"

"မဟုတ်ဘူး၊ မဟုတ်ဘူး" ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "မားမားတို့ရဲ့ ထုန်ထုန်က တော်တော် လိမ္မာနေပါပြီ" ထုန်ထုန်၏ဆရာ၊ ဆရာဘိုးဘိုးများလည်း ထိုသို့တွေးထင်ကြမည်ဟု ယုံကြည်သည်။

ရှောင်လဲ့ထုန်သည် အပြင်ဘက်တွင် ရွာသွန်းနေသော မိုးကို ခဏကြည့်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးချက်ချင်းတိတ်သွားပြီး ကောင်းကင်ကပြန်လည်သာယာလာသည်။

မိုးရွာထားသောကြောင့် လေထု ပိုမိုလတ်ဆတ်လာသည်ဟု ခံစားရသည်။

ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ ဇနီးမောင်နှံသည် သားဖြစ်သူ၏ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် မိုးလေဝသ ပြောင်းလဲသွားသည်ကိုကြည့်ပြီး တုန်လှုပ်ခြင်း မရှိတော့သော်လည်း ရင်ထဲတွင် မငြိမ်သက်သေးပေ။

သားက နတ်ဘုရားဖြစ်နေပြီး စွမ်းရည်ကြီးမားလွန်းသဖြင့် မိဘများအနေဖြင့် ဖိအားများသည်ဟု ခံစားရသည်။

ယခင်က သူတို့သည် ကလေးနှစ်ယောက်ကို ကာကွယ်ပေးနေသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တရား ပေါ်ပေါက်လာသောအခါ ဤကလေးနှစ်ယောက်ကသာ သူတို့ လူကြီးများကို အမြဲ ကာကွယ်ပေးနေခဲ့ကြောင်း နားလည်လိုက်ရသည်။

လေးယောက်သား တံခါးဝတွင် ခဏကြာရပ်နေပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာကြသည်။

ရှောင်လင်းယွီသည် သားဖြစ်သူ၏ တစ်ကိုယ်ကောင်းဆန်မှုကို သံသယမဝင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သား၏စွမ်းရည်သည် ရှောင်လင်ထက် ပိုကြီးမားသောကြောင့်ဖြစ်သည်။

ထို့အပြင် ရှောင်လဲ့ထုန်ကိုယ်တိုင်ကလည်း ရှောင်လင်သည် သူ ဆွဲထုတ်လိုက်သော ဓားစာခံသာဖြစ်ကြောင်း ပြောခဲ့သည်။

ဒါဆိုရင်...

နေပါဦး... ရှောင်လင်းယွီ ချက်ချင်း သတိဝင်လာသည်။

သူမ စိုးရိမ်တကြီး မေးလိုက်သည်။

"ရှောင်ထုန်... သားတို့ ပြောဖူးတယ် မဟုတ်လား၊ ကျင့်ကြံသူတွေက သာမန်လူတွေကို တိုက်ခိုက်လို့ မရဘူး၊ မဟုတ်ရင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာခံရမယ်ဆို။ အခု သားက ဝေါလ်တာကို ခြောက်လှန့်လိုက်တော့ ကောင်းကင်ဘုံက သားကို အပြစ်ပေးမလား၊ တခုခု ဖြစ်မလား"

လျန်ဖျောင့်ရွှယ် တန်ခိုးစွမ်းအားသုံးပြီး ပြန်ကန်မှုခံလိုက်ရသည့် အဖြစ်အပျက်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသည်။ သူမသားကို ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။

ရှောင်လဲ့ထုန် ခေါင်းခါလိုက်သည်။

"မားမား... စိတ်မပူပါနဲ့၊ သား ဘာမှ မဖြစ်ပါဘူး။ သား ပြောပြီးပြီလေ၊ သား သာမန်လူကို တန်ခိုးစွမ်းအား မသုံးပါဘူးလို့။ သားတို့က မျက်လှည့်နည်းလမ်း သုံးလိုက်ရုံပါ၊ ပြီးတော့ ဝေါလ်တာ ရင်ထဲက ကြောက်ရွံ့မှုကို နှိုးဆွပြီး သူ့ကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ"

ထိုသာမန်လူများအတွက် တန်ခိုးစွမ်းအား သုံးစရာမလိုသလို ထိုလူများသည် တန်ဖိုးလည်း မရှိပေ။

သူသည် ဤခေတ်၏ သိပ္ပံနည်းကျ နည်းလမ်းများနှင့် စိတ်ပညာကို အသုံးပြုပြီး ဝေါလ်တာကို လွယ်လွယ်ကူကူ ကိုင်တွယ်လိုက်ခြင်းဖြစ်သည်။

ရှောင်လင်းယွီ သံသယဖြင့် ရှောင်လင်ကို တစ်ချက်ကြည့်၊ ရှောင်လဲ့ထုန်ကို တစ်ချက်ကြည့်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

"တကယ်လား"

ကလေးနှစ်ယောက် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

"သေချာပေါက်ပေါ့"

ထို့နောက် ရှောင်လဲ့ထုန်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"အဲဒီ လူမိုက်လေးတွေအတွက် ဒီအရှင်က တန်ခိုးစွမ်းအား သုံးစရာတောင် မလိုဘူး" ဒီအရှင်လို့တောင် ပြောထွက်လာတယ်။

ရှောင်လင်းယွီသည် ကလေးနှစ်ယောက်၏ မျက်နှာတွင် ထူးခြားမှု မရှိ၊ လိမ်ညာနေသည့်ပုံ မရှိသည်ကို တွေ့ရသဖြင့် ယုံကြည်လိုက်ရတော့သည်။

"ကောင်းပြီလေ... မားမား သားတို့ကို ယုံလိုက်ပါ့မယ်"

ရှောင်လင်းယွီ မေ့နေသည်မှာ ယခင်က ဤကလေးနှစ်ယောက်သည် သူမရှေ့တွင် အမြဲတမ်း ကလေးလိမ္မာလေးများဖြစ်ခဲ့ကြသည် ဆိုတာပင်။

နတ်ဘုရားတစ်ပါး၊ နေရာလွတ်ဝိညာဉ်တစ်ယောက်တို့သည် သူမရှေ့တွင် ကလေးလိမ္မာလေးများအဖြစ် ဟန်ဆောင်နေကြပြီး မည်သည့် သဲလွန်စမျှမပေါ်ခဲ့ခြင်းကို ထောက်ရှုပါက ဤကလေးနှစ်ယောက်တွင် သရုပ်ဆောင် ပါရမီရှိနေသည်မှာ သေချာသည်။

မှန်ပါသည်... မိခင်တစ်ယောက်အတွက် ကိုယ့်သားသမီးက အကောင်းဆုံးဖြစ်ပြီး သူတို့ ဘာပြောပြော ယုံကြည်တတ်ကြသည်။

ကိုယ့်သားသမီးကို ယုံကြည်မှတော့ ဝေါလ်တာကို သရဲခြောက်သည့်ကိစ္စကို ရှောင်လင်းယွီ ဆက်ပြီး စစ်ဆေးနေတော့မည် မဟုတ်ပေ။

ဤကလေးနှစ်ယောက်က သူမအတွက် လုပ်ပေးခြင်းဖြစ်ကြောင်း သိထားရုံနှင့် လုံလောက်ပါပြီ။

ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့၏ လျှို့ဝှက်ချက် ပေါ်ပေါက်သွားပြီးနောက် မိသားစုတစ်ခုလုံး အဖုအထစ် မရှိတော့ဘဲ ပျော်ရွှင်စွာနေထိုင်ကြသည်။

သို့သော် ရှောင်လဲ့ထုန်၏ဇာစ်မြစ်သည် ကြီးမားလွန်းပြီး မျက်စိကျစရာဖြစ်နေသဖြင့် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့သည် ယခင်ကကဲ့သို့ပင် မိဘများကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။ မိဘများကို ထုန်ထုန်အား ဉာဏ်ကောင်းသော သာမန်ကလေးတစ်ယောက်အဖြစ်သာ ဆက်လက်သတ်မှတ်ထားစေချင်သည်။

ရှောင်လဲ့ထုန်သည် မိဘများ၏ဆန္ဒကို လိုက်လျောသည်။ ရှောင်လင်ကမူ ပို၍ပင် ကန့်ကွက်စရာ မရှိပေ။

ထို့ကြောင့် မိသားစု လေးယောက်တွင် ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိသွားကြသည်။

......

သားအမိနှစ်ယောက် အဖုအထစ်ရှင်းသွားပြီးနောက် ရှောင်လင်းယွီသည် ရဲစခန်းမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိသည်။

အမှု ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ရဲစခန်းမှ တရားဝင် Weiboအကောင့်ဖြင့် Green Freshအုပ်စု၏ အပြစ်ကင်းစင်ကြောင်း ကြေညာပေးမည်ဖြစ်ကြောင်း ပြောကြားလာသည်။

ထို့နောက် ပီတာတို့၏ ပြစ်မှုကျူးလွန်ပုံကို ရှောင်လင်းယွီ သိရှိသွားသည်။ တကယ်တမ်းတွင် ပြစ်မှုကျူးလွန်ပုံသည် မရှုပ်ထွေးလှပေ။ သို့သော် လူကို ဒေါသထွက်စေသည်မှာ ထိုလူများ၏ ရက်စက်ယုတ်မာမှုနှင့် လူ့အသက်ကို တန်ဖိုးမထားမှုပင် ဖြစ်သည်။

ဝေါလ်တာ လာရောက်အဖမ်းခံပြီးနောက် ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှ ပစ္စည်းများစားပြီး အဆိပ်သင့်သေဆုံးခဲ့ရသော အမှုပေါင်းတစ်ဒါဇင်ကျော်သည်လည်း တစ်ပြိုင်နက် ဖြေရှင်းပြီး ဖြစ်သွားသည်။

တကယ်တမ်းတွင် ပီတာသည် ထောင်ယွမ်ရွာ Green Freshစူပါမားကတ်သို့ ဈေးဝယ်လာသော ဖောက်သည်များ၏ လိုအပ်ချက် အခြေအနေကို လူလွှတ်စုံစမ်းစေခဲ့သည်။

စူပါမားကတ်သို့ ဈေးလာဝယ်သူ အများစုသည် ချမ်းသာကြွယ်ဝသူများ ဖြစ်ကြသည်။ ထိုလူများကို ပီတာက ဦးစွာဖယ်ထုတ်လိုက်သည်။

ထို့နောက် သူသည် တကယ့် လိုအပ်ချက်ရှိသော ဖောက်သည်များကို ရှာဖွေခဲ့သည်။ ဥပမာ - အိမ်တွင် လူမမာ ရှိသူများ၊ ကျန်းမာရေး မကောင်းသော သက်ကြီးရွယ်အိုများ စသည်တို့ဖြစ်သည်။

စိစစ်ရွေးချယ်ပြီးနောက် အလွန်သိတတ်သော သားသမီးများနှင့် အလွန်မိုက်မဲသော သားသမီးများရှိသည့် မိသားစုများ၊ ဆင်းရဲသော မိသားစုများကို ရွေးချယ်လိုက်သည်။

အလွန်သိတတ်သော သားသမီးများရှိသည့် မိသားစုများသည် စူပါမားကတ်သို့ သွားရောက်ကာ ဟင်းသီးဟင်းရွက်များ ဝယ်ယူပြီး မိဘများကို လုပ်ကျွေးပြုစုကြသည်။

ဥပမာ - ရှန်ဟိုင်းမှ လောင်ယွီဆိုလျှင် လူမိုက်ဖြစ်သော်လည်း ပိုက်ဆံသိပ်မရှိပေ။ သို့သော် အဘွားအပေါ် အလွန်သိတတ်သည်။ အဘွား ကျန်းမာရေးမကောင်းသဖြင့် ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှပစ္စည်းများသည် ရောဂါပျောက်ကင်းစေသည်၊ နာကျင်မှု သက်သာစေသည်ဟု ကြားသိရသောအခါ နေ့တိုင်းတန်းစီပြီး အဘွားအတွက် ဝယ်ယူပြုစုခဲ့သည်။

သို့သော် အဘွား ကျန်းမာရေးကောင်းမွန်လာသည်ကို မြင်နေရစဉ်မှာပင် တစ်ရက်တွင် ဟင်းသီးဟင်းရွက်စားပြီးနောက် သေဆုံးသွားခဲ့သည်။ ဟင်းသီးဟင်းရွက်များကို ကြက်၊ ဘဲ ကျွေးကြည့်ရာ စားပြီးသည်နှင့် သေဆုံးသွားကြသဖြင့် စူပါမားကတ်မှ ဝယ်ယူလာသော ပစ္စည်းများတွင် အဆိပ်ပါနေကြောင်း ထင်ရှားနေသည်။

သဘာဝကျစွာပင် သူ စူပါမားကတ်သို့ သွားရောက် ရန်ရှာတော့သည်။

သူသည် အဘွား သေဆုံးသွားသောကြောင့် ဝမ်းနည်းပူဆွေးကာ ပိုက်ဆံမလိုချင်ဘဲ အသက်လျော်ကြေးသာ လိုချင်သဖြင့် လူစုပြီး စူပါမားကတ်သို့ သွားရောက်ရန်ရှာခြင်းဖြစ်သည်။

ထိုနည်းတူစွာပင် သူနှင့် အခြေအနေတူသော မိသားစုအများအပြားရှိနေသည်။

မိုက်မဲသော သားသမီးများရှိသည့် မိသားစုများမှာမူ ဆွေမျိုးများ သေဆုံးသွားသော်လည်း ဝမ်းနည်းဟန်ဆောင်ကာ လူစုပြီး စူပါမားကတ်သို့ သွားရောက် ရန်ရှာကြသည်။ လျော်ကြေးငွေ တောင်းကြသည်။ အဆမတန် တောင်းဆိုကြသည်။

လူအသက် ပါဝင်ပတ်သက်နေခြင်း၊ ဒေသအသီးသီးတွင် တစ်ပြိုင်နက်ဖြစ်ပွားနေခြင်း၊ အင်တာနက် အသုံးပြုသူများ စိတ်ဝင်စားခြင်း၊ နောက်ကွယ်မှ မြှောက်ပေးသူများ ရှိနေခြင်း တို့ကြောင့် အချိန်တိုအတွင်း ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှ ပစ္စည်းများသည် လူကို အဆိပ်သင့် သေစေသည်ဆိုသော သတင်းသည် ရေပန်းစားလာခဲ့သည်။

အဆိပ်ခတ်နည်းလမ်းမှာ ပို၍ပင် ရိုးရှင်းသည်။

သူတို့သည် ပစ်မှတ်ထားသော သူများကို ရွေးချယ်ပြီးနောက် ထိုအဆိပ်များကို ဆေးထိုးအပ်ဖြင့် စားစရာများထဲသို့ ထိုးထည့်လိုက်ရုံသာဖြစ်သည်။

မှန်ပါသည်... ဤပြစ်မှုကျူးလွန်သူများကို ပီတာက သေချာ စိစစ်ရွေးချယ်ထားခြင်းဖြစ်သည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၂ ။ ရူးကုန်ကြတာပဲ

ပီတာ ရွေးချယ် စေလွှတ်လိုက်သော ပြစ်မှုကျူးလွန်သူများသည် သေဆုံးသူများနှင့် အလွန်ရင်းနှီးသူများဖြစ်ကြပြီး သေဆုံးသူများက လုံးဝ သံသယမဝင်သူများဖြစ်ကြသည်။

ထိုလူများသည် ပြစ်မှုကျူးလွန်ပြီးသည်နှင့် ချက်ချင်း လူရှေ့မှ ပျောက်ကွယ်သွားကြသည်။

ဤသည်မှာ ပီတာပြောခဲ့သော 'ထိုလူများကို ကောင်းစွာ စီစဉ်ထားသည်' ဆိုသော စကားပင်။

တကယ်တမ်းတွင် ဒေသအသီးသီးမှ ရဲများသည် ကျွမ်းကျင် စုံစမ်းစစ်ဆေးရေးသမားများဖြစ်ကြသဖြင့် ပျောက်ဆုံးနေသော ထိုလူများကို သေချာပေါက် သံသယဝင်ခဲ့ကြသည်။

သို့သော် ပီတာသည် ကြိုတင် ပြင်ဆင်မှုများ ကောင်းစွာပြုလုပ်ထားသဖြင့် ထိုလူများကို ချက်ချင်း ရှာဖွေ၍ မတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ဤအမှုသည် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခဲ့ပြီး အမှုမှန် မပေါ်ပေါက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဝေါလ်တာ လာရောက်အဖမ်းခံပြီး သူ သိသမျှ အရာအားလုံးကို ရှင်းလင်းစွာ ဝန်ခံလိုက်မှသာ အဆိပ်ခတ်သူများ၏လားရာကို ရှင်းရှင်းလင်းလင်း သိရှိခဲ့ရသည်။

သူတို့ကို အံ့သြစေသည်မှာ ပီတာသည် ငွေအမြောက်အမြား သုံးစွဲခဲ့ပြီး အစီအစဉ်ကို စေ့စပ်သေချာစွာ ရေးဆွဲခဲ့ခြင်းပင်။ သူသည် ထိုလူများကို နိုင်ငံခြားသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ပြီး ဟွာရှ ရဲများ ရှာမတွေ့နိုင်အောင် လုပ်ဆောင်ခဲ့သည်။ ရှာတွေ့ခဲ့လျှင်ပင် ထိုလူများသည် နိုင်ငံခြားသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ပြည်နှင်ဒဏ်ပေး၍ ပြန်လည်ခေါ်ဆောင်ရန်မှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဖြတ်သန်းရမည်ဖြစ်ရာ အချိန်ကြာမြင့်ပေလိမ့်မည်။

ဤအချိန် ကြန့်ကြာနေစဉ်အတွင်း ပီတာ သို့မဟုတ် ဟွမ်လင်းအုပ်စုသည် နိုင်ငံခြားသို့ ပို့ဆောင်ခံထားရသော ထိုဟွာရှသားများကို တားဆီးပိတ်ပင်မှုများ ပြုလုပ်နိုင်သည်။

ဟွာရှရဲများသည် နိုင်ငံခြားတွင် အလုပ်လုပ်ရာ၌ အခက်အခဲများရှိနိုင်သော်လည်း သူတို့ ဒေသခံများအတွက်မူ အခက်အခဲ မရှိနိုင်ပေ။

ဟွာရှရဲများ လူသတ်သမားကို ရှာမတွေ့သရွေ့ သူတို့သည် ပီတာ သို့မဟုတ် ဟွမ်လင်းအုပ်စုကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သို့သော် ပီတာတို့ လုံးဝထင်မှတ်မထားသည်မှာ ပီတာ၏လက်ရုံး ဝေါလ်တာသည် ရဲစခန်းသို့ လာရောက် အဖမ်းခံပြီး သူတို့ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းပင်။

မလိုလားအပ်သော ပြဿနာများမဖြစ်ပွားစေရန်နှင့် ဟွမ်လင်းအုပ်စု ဥက္ကဌ ပီတာ သတင်းရပြီး ထွက်ပြေးမည်ကို တားဆီးရန်အတွက် ဝေါလ်တာ အဖမ်းခံပြီးသည်နှင့် ရဲအင်အားအများအပြားကို စေလွှတ်ကာ ပီတာ၏အိမ်သို့ သွားရောက်ဖမ်းဆီးစေခဲ့သည်။

ထိုအချိန်တွင် ပီတာသည် သတင်းရရှိပြီး ထွက်ခွာရန် ပြင်ဆင်နေသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ရှောင်လင်းယွီသည် ဖြစ်စဉ်အားလုံးကို သိရှိရသောအခါ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သူမ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

"သူ တကယ်ရူးနေပြီပဲ"

စီးပွားရေးပြိုင်ဘက်ဆိုပါက တစ်ဖက်လူကို တိုက်ခိုက်ရန်အတွက် ယုတ်မာသော နည်းလမ်းများကို အသုံးပြုတတ်ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် ဤပီတာ ဆိုသူမှာမူ တကယ် ရူးသွပ်နေခြင်းဖြစ်သည်။

ဟွာရှမြေပေါ်တွင် လက်တစ်ဖက်လှုပ်ရှားလိုက်ရုံဖြင့် လူအသက် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ဟွာရှဖောက်သည်များကို ပြန်လည် ရယူရန်၊ Green Freshအုပ်စုကို ဖိနှိပ်ရန်၊ Green Freshအုပ်စု၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးရန်အတွက် အပြစ်မဲ့သော လူ့အသက် တစ်ဒါဇင်ကျော်ကို ဒုက္ခပေးခဲ့သည်။

ရှောင်လင်းယွီသည် ပြန်လည်မွေးဖွားလာပြီးနောက် ဒုတိယအကြိမ်မြောက် ဒီလောက်ဒေါသတကြီးထွက်ပြခြင်းဖြစ်သည်။ ပထမအကြိမ်မှာ ကုန်းထျန်းဟောက် ကားတိုက်မှု ဖြစ်ပွားစဉ်က ချင်မိသားစု လက်ချက်မှန်း သိရှိလိုက်ရချိန်ကဖြစ်သည်။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏ကျောကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မဆိုးပါနဲ့ကွာ၊ ဒေါသထွက်ရင် ကျန်းမာရေး ထိခိုက်တတ်တယ်။ အခု ပီတာနဲ့ သူ့လက်အောက်ငယ်သားတွေ အဖမ်းခံလိုက်ရပြီ၊ သူတို့ကို စောင့်ကြိုနေတာက ဥပဒေရဲ့အပြစ်ဒဏ်ပါပဲ။ ဒါ သူတို့ရဲ့ ဝဋ်ကြွေးပဲ"

ရှောင်လင်းယွီ စိတ်မကောင်း ဖြစ်နေဆဲပင်။

"ကျွန်မက သူတို့ကို မသတ်ပေမဲ့ သူတို့က ကျွန်မကြောင့် သေသွားရတာ။ အဲဒီ အပြစ်မဲ့တဲ့ လူ ၁၂ ယောက်က ငါတို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုစားမိလို့ အသတ်ခံလိုက်ရတာ"

အတိုချုပ် ပြောရရင် အဲဒီလူ ၁၂ ယောက်က သူမကြောင့် သွယ်ဝိုက်ပြီး သေဆုံးသွားရတာ။

စဉ်းစားမိသည်နှင့် ရှောင်လင်းယွီ ရင်ထဲတွင် အပြစ်ရှိသလို ခံစားရပြီး စိတ်မကောင်း ဖြစ်နေမိသည်။

ကုန်းထျန်းဟောက် သက်ပြင်းချလိုက်ပြီး "ယွီအာ... ဒါ မင်းအပြစ် မဟုတ်ပါဘူး။ ကိုယ်တို့က နတ်ဘုရားတွေမှ မဟုတ်တာ၊ ရှေ့ဖြစ်ဟောနိုင်စွမ်း မရှိဘူးလေ။ ပီတာလို ရူးသွပ်နေတဲ့ တိရစ္ဆာန်က လူအသက်တွေအများကြီး သတ်လိမ့်မယ်လို့ ကိုယ်တို့ ဘယ်လို ကြိုသိနိုင်မလဲ"

ဪ... ပြောရရင် သူတို့က နတ်ဘုရားမဟုတ်ပေမဲ့ သားက နတ်ဘုရားလေ။ သားတောင် မသိတာ သူတို့ ဘယ်လို သိနိုင်မှာလဲ။

ဟဟ... တကယ်တော့ သူတို့ ရှောင်လဲ့ထုန်ကို အထင်လွဲနေခြင်းဖြစ်သည်။

ရှောင်လဲ့ထုန်သည် နတ်ဘုရားဖြစ်သော်လည်း ဗေဒင်ပညာ မသင်ကြားခဲ့ဖူးပေ။ ထို့ကြောင့် ရှေ့ဖြစ်ဟောနိုင်စွမ်းရှိရန်အတွက် အချိန်ယူလေ့ကျင့်ရဦးမည်ဖြစ်သည်။

ပြီးတော့ ဒီကိစ္စတွေက ကံတရားနဲ့ သက်ဆိုင်နေတာလေ။

ကုန်းထျန်းဟောက်က ဆက်ပြောသည်။

"ဒါဆိုရင် ဒီလိုလုပ်ရအောင်။ အဲဒီ ဓားစာခံမိသားစုတွေကို လျော်ကြေးငွေတချို့ ပေးလိုက်ကြမယ်လေ။ မိုက်မဲတဲ့ သားသမီးတွေရှိတဲ့ မိသားစုတွေအတွက်ကတော့ သေဆုံးသူ နာမည်နဲ့ အလှူလုပ်ပေးလိုက်မယ်၊ ဘယ်လိုလဲ"

ရှောင်လင်းယွီ စဉ်းစားပြီးနောက် မကန့်ကွက်ဘဲ ပြောလိုက်သည်။

"အင်း... ကောင်းသားပဲ"

***

All Chapters