← Chapters

အခန်း (၉၁၃-၉၁၄)

Vol. 56 Ch. 913-914

အခန်း (၉၁၃-၉၁၄)

Vol. 56 Ch. 913-914

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၃ ။ ရိုက်ချိုးပစ်မယ်

ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှပစ္စည်းများ အဆိပ်သင့်လူသေစေသည်ဆိုသော အမှုမှန် ပေါ်ပေါက်လာသောအခါ တစ်နိုင်ငံလုံးရှိ အင်တာနက်အသုံးပြုသူများ ဒေါသထွက်ခဲ့ကြသည်။

ထို့နောက် "ပီတာ သေပါစေ"၊ "ဟွမ်လင်းအုပ်စု ဟွာရှက ထွက်သွား" စသည့် စကားလုံးများသည် သတင်းခေါင်းစဉ်များ ဖြစ်လာခဲ့သည်။

ပီတာသည် ဤမျှကြီးမားသောရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ပြီး သူသည် ဟွမ်လင်းအုပ်စု ဟွာရှ ရုံးခွဲ၏ဥက္ကဌဖြစ်နေသဖြင့် သဘာဝကျစွာပင် F နိုင်ငံ ဟွမ်လင်းအုပ်စုရုံးချုပ်နှင့် ကင်းကွာ၍ မရနိုင်ပေ။

ရှောင်လင်းယွီသည် Green Freshအုပ်စုနာမည်ဖြင့် ရဲစခန်းနှင့်ပူးပေါင်းကာ F နိုင်ငံ ဟွမ်လင်းအုပ်စုကို တရားစွဲဆိုခဲ့သည်။ ထို့အပြင် နာမည်ကြီးရှေ့နေများကိုငှားရမ်းကာ ဟွမ်လင်းအုပ်စုရုံးချုပ်ထံမှ လျော်ကြေးငွေ အမြောက်အမြားတောင်းဆိုခဲ့သည်။

ဟွမ်လင်းအုပ်စုသည် ဟွာရှမှတရားစွဲဆိုမှုကို လက်ခံရရှိပြီးနောက် ဟွမ်လင်းအုပ်စု ဆုံးရှုံးမှု ပိုမို မကြီးမားစေရန်အတွက် ဟွာရှအား လျော်ကြေးငွေအမြောက်အမြားပေးရန်၊ Green Freshအုပ်စုနှင့် ဓားစာခံမိသားစုများအပါအဝင် ဟွာရှပြည်သူလူထု တစ်ရပ်လုံးကို တောင်းပန်ရန် မတတ်သာဘဲ သဘောတူလိုက်ရသည်။

.......

"ဒုန်း..."

ဟွမ်လင်းအုပ်စု ရုံးချုပ်၏ဥက္ကဌရုံးခန်းထဲတွင် မစ္စတာ မိုက်ကယ်သည် ဒေါသအကြီးအကျယ် ထွက်နေပြီး ရုံးခန်းထဲရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးနေသည်။

"ပီတာ ဒီခွေးကောင်"

ပီတာကို ဟွာရှရုံးခွဲဥက္ကဌအဖြစ် စေလွှတ်လိုက်ခြင်းက ဤမျှကြီးသောပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည်ဟု မိုက်ကယ် လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဟွာရှကို လျော်ကြေးငွေအမြောက်အမြား ပေးရရုံသာမက ဟွမ်လင်းအုပ်စုကိုပါ ဟွာရှဈေးကွက်မှ မောင်းထုတ်ခံလိုက်ရသည်။

နောင်တွင် ဟွာရှ၌ ဟွမ်လင်းအုပ်စုရှိတော့မည် မဟုတ်ပေ။ ဤအချက်က ဟွမ်လင်းအုပ်စု ရုံးချုပ်ကို ကြီးမားသော ဆုံးရှုံးမှုဖြစ်စေခဲ့သည်။ နှစ်စဉ်ရရှိနေသော ဘီလီယံ ရာပေါင်းများစွာသော ဝင်ငွေများ ပျောက်ကွယ်သွားရပြီဖြစ်သည်။

စဉ်းစားမိသည်နှင့် မိုက်ကယ် ဒေါသမထွက်ဘဲ နေပါ့မလား။

လက်အောက်ငယ်သားသည် မိုက်ကယ်၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်စွာရပ်နေပြီး ခေါင်းကိုငုံ့လျက် ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေးနေနေသည်။ စိတ်ထဲတွင်လည်း ပီတာသည် ရုံးချုပ်ကို ပြဿနာကြီးရှာပေးခဲ့သည်၊ မူလ ဘရူးစ်လောက်တောင် အသုံးမကျဘူးဟု ကျိန်ဆဲနေမိသည်။

မိုက်ကယ် ဒေါသတကြီး အော်ဟစ်ပြီးနောက် မေးလိုက်သည်။

"ပီတာ ထောင်ချောက်ဆင်တဲ့ ကုမ္ပဏီနာမည်က ဘယ်သူလဲ"

လက်အောက်ငယ်သားက အမြန်ဖြေကြားလိုက်သည်။

"Green Freshအုပ်စုပါ"

"Green Freshအုပ်စု..." မိုက်ကယ် မျက်မှောင်ကြုတ်လိုက်ပြီး သံသယဖြင့် ပြောလိုက်သည်။ "ဘာလို့ ဒီနာမည်က ရင်းနှီးနေရတာလဲ"

လက်အောက်ငယ်သား အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ဥက္ကဌ... လွန်ခဲ့တဲ့ ၃ လလောက်တုန်းက မစ္စတာ ဘရူးစ်က ဥက္ကဌကို အစီရင်ခံခဲ့ဖူးပါတယ်။ ဟွမ်လင်းအုပ်စုရဲ့ ဟွာရှဈေးကွက်ကို Green Freshအုပ်စုက အကုန်နီးပါး လုယူသွားလို့ စီးပွားရေး မကောင်းတာပါလို့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဥက္ကဌက သူ့ရှင်းပြချက်ကို နားမထောင်ဘဲ သူ အရည်အချင်းမရှိလို့ဆိုပြီး ဟွာရှရုံးခွဲဥက္ကဌရာထူးကနေ ထုတ်ပယ်လိုက်တာပါ၊ ပြီးတော့ ပီတာကို စေလွှတ်ခဲ့တာပါ"

ပီတာ ဒီလောက်ပြဿနာရှာမယ်မှန်းသိရင် ဘရူးစ်ကိုပဲ ဆက်ထားလိုက်တာ ကောင်းဦးမယ်။ ဒါဆိုရင် ဟွမ်လင်းအုပ်စု ဒီလောက်ဆုံးရှုံးမှု ကြီးမားမှာမဟုတ်သလို နာမည်ပျက်မှာလည်း မဟုတ်ဘူး။

မိုက်ကယ်သည် လက်အောက်ငယ်သား၏အစီရင်ခံစာကို ကြားရသောအခါ မျက်နှာမည်းမှောင်သွားသည်။

သူ အမြဲ လျစ်လျူရှုခဲ့သော Green Freshအုပ်စုက သူတို့ကို ဤမျှကြီးမားသော ထိုးနှက်ချက်ပေးလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

သို့သော် သူ ပို၍ ဒေါသထွက်သည်မှာ ပီတာသည် လူကဲခတ် ညံ့ဖျင်းပြီး ဝေါလ်တာကဲ့သို့ သတ္တိနည်းသူကို ဘေးနားတွင်ခေါ်ထားကာ ကိစ္စများစွာတွင် ပါဝင်ခိုင်းခဲ့ခြင်းဖြစ်သည်။

ဝေါလ်တာသာ ရုတ်တရက် သွားပြီးအဖမ်းမခံခဲ့လျှင် ပီတာ အဖမ်းခံရမည် မဟုတ်သကဲ့သို့ ဟွမ်လင်းအုပ်စုလည်း ဟွာရှမှ မောင်းထုတ်ခံရမည် မဟုတ်ပေ။ ပြီးတော့ ဆုံးရှုံးမှုလည်း ဒီလောက် ကြီးမားမည် မဟုတ်ပေ။

မိုက်ကယ် စဉ်းစားပြီး ပြောလိုက်သည်။

"သွား... Green Freshအုပ်စုရဲ့ အသေးစိတ် အချက်အလက် အားလုံးကို ငါ့ဆီ ယူလာခဲ့"

Green Freshအုပ်စုက သူတို့ကို ဤမျှ ကြီးမားသော ထိုးနှက်ချက်ပေးခဲ့ရာ ဟွမ်လင်းအုပ်စု အနေဖြင့် ဒီအတိုင်းငြိမ်ခံနေမည်မဟုတ်ပေ။

လက်အောက်ငယ်သားက တွန့်ဆုတ်စွာ မေးလိုက်သည်။

"ဥက္ကဌ... ဒီGreen Freshအုပ်စုက အခု ဟွာရှရဲ့ နံပါတ်တစ် အမှတ်တံဆိပ် ဖြစ်နေပါပြီ။ ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်မယ် ဆိုရင်... အဲ..." မဖြစ်နိုင်ဘူး ထင်တယ်၊ ဘာပဲပြောပြော ဟွမ်လင်းအုပ်စုက ဟွာရှကနေ ထွက်ခွာခဲ့ရပြီလေ၊ ဟွာရှမှာ အင်အားမရှိတော့ဘဲ သူတို့ကို ဘယ်လို သွားတိုက်ခိုက်မလဲ။

မိုက်ကယ်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။

"ဟွန့်... Green Freshအုပ်စုက ဟွာရှမှာ ဒီလောက်နာမည်ကြီးနေပြီဆိုမှတော့ သူတို့ ကမ္ဘာ့ဈေးကွက်ကိုလည်း သေချာပေါက် ချဲ့ထွင်လာမှာပဲ။ ဒါကြောင့် ငါတို့ အခုလုပ်ရမှာက ကြိုတင်ပြင်ဆင်ထားဖို့ပဲ။ သူတို့ ခြေလှမ်းစလှမ်းတာနဲ့ ခြေထောက်ကို တခါတည်းရိုက်ချိုးပစ်ရမယ်"

ဟွာရှမှာ သူတို့ ဘာမှ မလုပ်နိုင်ပေမဲ့ ဟွာရှအပြင်ဘက်ရောက်ရင်တော့ မပြောတတ်ဘူးလေ။

လက်အောက်ငယ်သား ချက်ချင်း ပြောလိုက်သည်။

"သဘောပေါက်ပါပြီ၊ ကျွန်တော် ချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်"

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၄ ။ ပါတီဖိတ်ကြားခြင်း

Green Freshအုပ်စု အပြစ်ကင်းစင်ကြောင်း ပေါ်ပေါက်လာပြီးနောက် နိုင်ငံတစ်ဝန်းရှိ ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်များသည် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သို့သော် အဆိပ်သင့်မှုဖြစ်ရပ်ကြောင့် ဖောက်သည်များ၏စိတ်ခံစားချက်ကို အနည်းနှင့်အများ ထိခိုက်စေခဲ့သည်။

ရှောင်လင်းယွီကိုယ်တိုင်ပြောခဲ့သကဲ့သို့ပင် "ငါက သူတို့ကို မသတ်ပေမဲ့ သူတို့က ငါ့ကြောင့် သေဆုံးခဲ့ရတာ" မည်သို့ပင်ဖြစ်စေ ထိုလူများသည် ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှ ပစ္စည်းများကို စားသုံးခဲ့သောကြောင့်သာ ပစ်မှတ်ထားခံရပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးနောက် သူတို့လည်း တစ်နေ့တွင် ပစ်မှတ်ထားခံရပြီး အသတ်ခံရမည်ကို ကြောက်ရွံ့နေကြသည်။

မှန်ပါသည်... ဤကိစ္စ၏ သက်ရောက်မှုသည် သာမန် ပြည်သူလူထု၏ ဝယ်ယူလိုစွမ်းအားအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိသော်လည်း သူဌေးများနှင့် အာဏာရှိသူများအပေါ်တွင်မူ မည်သည့် သက်ရောက်မှုမျှ မရှိပေ။

ယခုတစ်ကြိမ်တွင် ဒုက္ခရောက်သူများမှာ မိသားစုအခြေအနေမကောင်းသော သို့မဟုတ် သာမန် မိသားစုများသာဖြစ်ကြသည်။ ချမ်းသာသော အိမ်များတွင် တစ်ယောက်မျှ ဒုက္ခမရောက်ခဲ့ပေ။

သာမန်လူများ၏ ဝယ်ယူလိုစွမ်းအား ကျဆင်းသွားသောကြောင့် ချမ်းသာသူများအတွက် ဝယ်ယူရန် နေရာလွတ် ပိုမိုရရှိလာသည်။

ထို့ကြောင့် တကယ်တမ်းတွင် စူပါမားကတ်၏စီးပွားရေးသည် ကြီးကြီးမားမား ထိခိုက်ခြင်း မရှိပေ။

ဤအခြေအနေအတွက် ရှောင်လင်းယွီလည်း မတတ်နိုင်ပေ။ အချိန်ကာလက ကုစားသွားရန်သာ စောင့်ဆိုင်းရတော့မည်။

ဟွမ်လင်းအုပ်စု ဟွာရှမှထွက်ခွာသွားပြီးနောက် Green Freshအုပ်စုသည် ဟွာရှ လယ်ယာထွက်ကုန် လုပ်ငန်း၏ ခေါင်းဆောင် အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။ Green Freshအုပ်စု၏ နာမည်ဂုဏ်သတင်းကို ပြည်တွင်း၌ ထပ်မံကြော်ငြာနေစရာ မလိုတော့ပေ။

ပြည်တွင်းတွင် နာမည်ဂုဏ်သတင်းကြော်ငြာရန် မလိုတော့သော်လည်း နိုင်ငံခြားဈေးကွက်သို့ ဝင်ရောက်မည်ဆိုပါက နိုင်ငံခြားဈေးကွက်တွင် နာမည်ဂုဏ်သတင်း ဖွင့်လှစ်ရတော့မည်။

သို့သော် နိုင်ငံခြားဈေးကွက်ချဲ့ထွင်ရာတွင် အတားအဆီးမျိုးစုံနှင့် ကြုံတွေ့ရသည်။

ဟွမ်လင်းအုပ်စုသည် ဟွာရှဈေးကွက်မှထွက်ခွာခဲ့ရသော်လည်း အခြားနိုင်ငံခြားဈေးကွက်များမှ ထွက်ခွာခြင်း မရှိပေ။ သဘာဝကျစွာပင် ထိုဈေးကွက်များ၏ ခေါင်းဆောင်နေရာကို ရယူထားဆဲ ဖြစ်သည်။

ထိုနိုင်ငံများ၏ဈေးကွက်တွင် ဟွမ်လင်းအုပ်စု၏နေရာသည် အလွန်ခိုင်မာပြီး အာဏာရှိ၊ ငွေရှိသော သူဌေးများ၏ စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားသည်။

ထို့ကြောင့် Green Freshအုပ်စု အနေဖြင့် သူတို့ ပါးစပ်ထဲမှ အစာကို လုယူရန်အတွက် ဦးစွာ နည်းလမ်းအချို့ သုံးပြီး လမ်းဖွင့်ရပေမည်။

ဟွမ်လင်းအုပ်စုသည် ဟွာရှ ဈေးကွက်တွင် ပြဿနာ တက်ခဲ့သောကြောင့် ကမ္ဘာ့ဈေးကွက်ရှိ သူတို့၏ ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်စေခဲ့သည်။ ဘာပဲပြောပြော ဟွမ်လင်းအုပ်စုသည် စိတ်နှလုံးသား မဲနက်ပြီး ရက်စက်လွန်းသည်။ ပြိုင်ဘက်ကို တိုက်ခိုက်ရန်အတွက် လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့် လူအသက် တစ်ဒါဇင်ကျော် သတ်ဖြတ်ပစ်လိုက်သည်။ တစ်နေ့တွင် သူတို့က တစ်စုံတစ်ယောက်ကို မျက်စိစပါးမွှေးစူးလာပြီး အဆိပ်ခတ်လိုက်လျှင် မကြောက်စရာ ကောင်းလွန်းဘူးလား။

ဒါပေါ့... ဖြစ်နိုင်ချေကတော့ အတော်လေးနည်းပါးပေသည်။

ဘာပဲပြောပြော ဟွမ်လင်းအုပ်စုသည် သူတို့ နယ်ပယ်ထဲတွင်သာ ခေါင်းဆောင်ဖြစ်ပြီး အာဏာရှိ၊ ငွေရှိသော သူဌေးကြီးများရှေ့တွင်မူ ခေါင်းငုံ့ရမည့်သူများသာဖြစ်သည်။ ထိုလူများကို ရန်စရဲမည် မဟုတ်ပေ။

ထို့ကြောင့် Green Freshအုပ်စုအနေဖြင့် လမ်းဖွင့်လိုပါက ဒေသအသီးသီးရှိ အာဏာရှိ၊ ငွေရှိသော သူဌေးကြီးများမှ စတင်ရပေမည်။

ဤသည်မှာ သာမန်လူများအတွက် မဖြစ်နိုင်သောကိစ္စဖြစ်သော်လည်း ခိုင်မာသော နောက်ခံရှိသည့် ရှောင်လင်းယွီအတွက်မူ အခက်အခဲ မရှိပေ။

ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့သည် Green Freshအမှတ်တံဆိပ်ကို ကမ္ဘာကျော်သွားစေမည့်၊ တစ်ရှိန်ထိုး အောင်မြင်သွားစေမည့် အခွင့်အရေးတစ်ခုဖန်တီးရန် စီစဉ်နေကြသည်။

ထိုအခွင့်အရေးမှာ အထက်တန်းလွှာ ပါတီပွဲတစ်ခု ကျင်းပခြင်းဖြစ်သည်။

ကုန်းထျန်းဟောက်သည် သူ့အထောက်အထားကို အသုံးပြုကာ သူနှင့်ရင်းနှီးသော ကမ္ဘာ့အဆင့် အထက်တန်းလွှာ သူဌေးကြီးများကို ကမ္ဘာ့စီးပွားရေးအခြေအနေဆွေးနွေးရန် ခေါင်းစဉ်တပ်ပြီး F နိုင်ငံရှိ ရဲတိုက်စံအိမ်မှ ဖိတ်စာပေးပို့ကာ ဖိတ်ကြားလိုက်သည်။

ကုန်းထျန်းဟောက်သည် စီးပွားရေးနှင့် ဘဏ္ဍာရေးလောကတွင် သြဇာကြီးမားသူဖြစ်သဖြင့် ဖိတ်စာ ရရှိသူများသည် သဘာဝကျစွာပင် သူ့ကို မျက်နှာသာပေးလိုကြပြီး တက်ရောက်ရန်သဘောတူကြသည်။

သို့သော် ဟွာရှမှ မစ္စတာကုန်းသည် ပုံမှန်အားဖြင့် အလွန်လျှို့ဝှက်စွာနေထိုင်လေ့ရှိကြောင်း သူတို့ သိထားကြသည်။ ယခုတစ်ကြိမ်တွင် ဘာကြောင့် ဒီလောက်အကြီးအကျယ်စီစဉ်ပြီး ကမ္ဘာ့အထက်တန်းလွှာများကို သူ့စံအိမ်ဆီ ဖိတ်ခေါ်ရတာလဲ။

သိချင်စိတ်များနှင့်အတူ လူအများအပြားသည် ပါတီပွဲသို့ တက်ရောက်လာကြသည်။

***

All Chapters